အပိုင်း (၁)

ရွံရှာစက်ဆုပ်
——————


3rd year တုန်းက အိမ်ပြန်ရောက်တာနဲ့လွယ်အိတ်ချပြီး TV ဖွင့်။ Auswitch : Nazi’s Final Solution to the Jewish Problem ဆိုတာကြည့်။ တစ်ရက်ကို ၁၅ မိနစ်စာလောက်ဖြည်းဖြည်းချင်းကြည့်တယ်။ နာဇီတွေအာဏာရခါစအချိန် ဂျူးတွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ်လျှော့ချတဲ့ နျူရင်ဘတ်ဥပဒေတွေထုတ်ပြန်တာကနေ အော့ခ်ျဝဇ်အကျဉ်း စခန်းကို ဆိုဗီယက်တပ်တွေဝင်သိမ်းပြီး အကျဉ်းသားတွေ လွတ်မြောက်တဲ့အထိ ကြည့်ဖြစ်တယ်။ ဇာတ်ကွက်တွေကတော့ အစုံအလင်ပဲ။
စိတ်ထဲ စွဲစွဲထင်ထင်ဖြစ်နေတဲ့ အခန်းတွေကတော့အများကြီးပေါ့။ ဥပမာ ဂျာမန်တွေက ဆိုဗီယက်ကိုဝင်သိမ်းပြီး အရှေ့ဥရောပတစ်ခုလုံးဟာ နာဇီလက် အောက်ကျရောက်သွားချိန်မှာ အဲဒီဒေသက ဂျူးတွေခံစားရတဲ့ဒုက္ခကိုကြည့်ပြီး အတော်လန့်မိတယ်။ ဂျာမန်တွေက မြို့တစ်မြို့ကို ဝင်သိမ်းလိုက်မယ်။ ပြီးရင်ဂျူးတွေကို ဖမ်းဖို့လုပ်ပြီ။ ကျွန်တော်တုန်လှုပ်မိတာက အဲဒီမြို့ခံတွေကိုယ်တိုင်က နာဇီတွေနဲ့ ပူးပေါင်းပြီး ဂျူးတွေကို နှိပ်စက်တာဗျ။
တကယ်တော့ ဂျာမန်တွေက သူတို့မြို့ကို မတရားကျူးကျော်သိမ်းပိုက်တာလေ။ သူတို့က မုန်းရင်းမုန်း ဂျာမန်တွေကိုပဲမုန်းရမှာလေ။ အခုတော့သူတို့က ဂျာမန်တွေနဲ့ပေါင်းပြီး ဂျူးတွေကို နှိပ်စက်နေပါရောလား။ လူ့စိတ်ဗျ။ အဲဒါ အားကြီးသူကိုဖားယားပြီး အားနည်းသူကိုဖိထောင်းတဲ့ လူတွေရဲ့ သာရာကပ်တဲ့စိတ်ဗျ။ ကျွန်တော်တအားရွံမိတယ်။
ဂျူးတွေကို ဒေသခံတွေကိုယ်တိုင်က ရိုက်ပုတ်နေတာကိုကြည့်ပြီး ရွံလွန်းလို့။ ဘာကိုရွံတာလဲဆိုတော့ လူဖြစ်ရတာကိုရွံတာ။
ဂျူးဖြစ်ခြင်း၊ ဂျာမန်ဖြစ်ခြင်း စသဖြင့် လူမျိုးတစ်မျိုး ဘာသာဝင်တစ်ခုခု ကိုရွံတာမဟုတ်ဘူး။ ပုခုံးနှစ်ဖက်ကြားခေါင်းထွက်ပြီး ခြေလှမ်းမတ်မတ်လျှောက် လက်မကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချတတ်တဲ့ Homo sapiens ဆိုရင်ကို ရွံတာ။ ကိုယ့်ဘာသာကိုယ်လဲရွံတယ်။ အတော်ကျက်သရေမရှိတဲ့ “လူ”ဆိုတဲ့ သတ္တဝါပါလား။
ခွေးတွေ ဘယ်တော့မှ အချင်းချင်းဂျင်နိုဆိုဒ်မလုပ်ဘူး။ ကျားတွေအချင်းချင်း သတ်ကုန်လို့ ကျားမျိုးပြုတ်တယ်ဆိုတယ်ဆိုတာရှိလား? မရှိဘူး။ အကုန်လုံးလူကချည့်ပဲလုပ်တာ။ ဒီလိုရွံတဲ့စိတ်တွေဝင်လာပြီဆို ဘယ်သူနဲ့မှစကားမပြောချင်တော့ဘူး။ တစ်ယောက်တည်းပဲထိုင်ပြီးတနုံ့နုံ့နဲ့စဉ်းစားတယ်။ လူတွေဘာလို့ ဒီလိုအချင်းချင်း ရက်ရက်စက်စက်လုပ်ကြတာလဲ။
ဘာသာမတူလို့၊ လူမျိုးမတူလို့ဆိုတာက အပေါ်ယံဆန်လွန်းတယ်။ ဘာသာမတူ လူမျိုးမတူဘဲ စုပေါင်းနေထိုင်ပြီး ဂျင်နိုဆိုဒ်မဖြစ်တဲ့ လူ့အဖွဲ့အစည်း တွေလည်းအများကြီး။ ဘာသာတူသူအချင်းချင်း လူမျိုးတူသူအချင်းချင်း ဂျင်နိုဆိုဒ်
လုပ်တာတွေလည်းရှိတယ်။
ဒီမှာတင် ဒါမျိုးတွေကို ဆက်စူးစမ်းချင်စိတ်ပေါ်လာတယ်။

စူးစမ်းလျှာရှည်
——————–
အဲ့မှာတင် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေနဲ့ အပြိုင်ဂျင်နိုဆိုဒ်လုပ်နေ တဲ့နောက်ထပ်အဖွဲ့အစည်းတစ်ခုရှိနေပါရောလား။ ဆိုဗီယက်တွေဗျ။ နာဇီတွေရဲ့ ဟိုလိုကော့စ်က လူသိများသလောက်ဆိုဗီယက်တွေရဲ့ ဂျင်နိုဆိုဒ်က လူသိမများလှဘူး။ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်တွေအနိုင်ပြန်ရလာတဲ့အချိန်ကျတော့ ဆိုဗီယက်ခေါင်းဆောင် စတာလင်ဟာ တိုင်းပြည်တွင်းက လူမျိုးစုငယ်တွေအပေါ် ပစ်မှတ်ထားချေမှုန်းတော့တယ်။ အဓိက ခံလိုက်ရတဲ့ လူ့အဖွဲ့အစည်းတွေကတော့ –
ကော့ကေးဆပ်တောင်တန်းမှာနေထိုင်တဲ့ ချေချင်းလူမျိုး၊ ကာလ်မစ် လူမျိုးနဲ့ ကရိုင်းမီးယားကျွန်းဆွယ်က တာတာလူမျိုးတွေ။ စတာလင်ရဲ့ NKVD ပုလိပ်တပ်ဖွဲ့ဟာ ကော့ကေးဆပ်တောင်တန်းကို ဖြန့်ခွဲဝင်ရောက်လာပြီး သာမန်စစ်ရေးလေ့ကျင့်ဖို့နေရာယူသလိုနဲ့ မြို့ရွာအားလုံး မှာ ဖြန့်ကျက်နေရာယူထားလိုက်တယ်။ ဒေသခံတွေဟာ ဘာမှမသိတော့ အေးအေးဆေးဆေးပဲပေါ့။
နောက်ရက်လင်းအားကြီးချိန်မှ အိမ်တံခါးတွေကို ဆောင့်ကန်ဖွင့်ခံ လိုက်ရပြီး တံခါးဝမှာ မရှင်းဂန်းကိုင်ထားတဲ့ NKVD တပ်သားတွေကိုမြင်လိုက်မှ ဒေသခံလူမျိုးစုငယ်တွေဟာ အခြေအနေကို သဘောပေါက်လိုက်တယ်။ အော်ဟစ် အကူအညီတောင်းဖို့မကြိုးစားနဲ့၊ ကူမယ့်သူမရှိဘူး။ ဘေးကအိမ်တိုင်းဟာလည်း ဒီလိုအဝိုင်းခံရပြီးသားပဲ။
“၁၅ မိနစ်အချိန်ရမယ်။ အထုပ်အပိုးပြင် ဆိုင်ဘေးရီးယားကို သွားရမယ်” ဒါဟာ NKVD ရဲ့အမိန့်။ [တချို့လူမျိုးစုတွေက ဆိုင်ဘေးရီးယားကိုအပို့ခံရပြီး တချို့က ကာဇက်စတန်ကို အပို့ခံရပါတယ်။]


ငြင်းဆန်ဖို့ကြိုးစားသူ၊ အချိန်ဆွဲဖို့ကြိုးစားသူအားလုံး NKVD ရဲ့ မရှင်းဂန်းအောက်မှာ အသက်ပျောက်သွားတယ်။ လူတစ်ထောင်ကျော်လောက်ကို ချက်ချင်းပစ်သတ်လိုက်တာထိရှိတယ်။ ဒီလိုနဲ့ ရရာအထုပ်ဆွဲပိုက်ထားတဲ့ လူမျိုးစုငယ်တွေဟာဘူတာရုံတွေကို တန်းစီချီတက်ရတယ်။ ချီတက်တာနှေးတဲ့ သက်ကြီးရွယ်အိုတွေဟာလမ်းတင် ပစ်သတ်ခံလိုက်ရတယ်။ ဘူတာရုံမှာတော့ တိရစ္ဆာန်တင်တဲ့ တွဲရထားတွေဆိုက် ထားတယ်။ အဲဒီတွဲတွေထဲကိုပြွတ်သိပ်ကြပ်ညပ်ပြီးလူတွေကိုထိုးထည့်တယ်။ တွဲပေါ်မှာ ထိုင်စရာမပြောနဲ့ ရှုးပေါက်အီးပါလုပ်ဖို့တောင် ခွက်တစ်ခု မပါဘူး။ ရထားကြမ်းခင်းတစ်ခုကို ခွာထားတဲ့နေရာလေးဟာ အီးပါဖို့။ လမ်းမှာ အေးခဲနေလို့၊ အသက်ရှူကြပ်လို့သေတဲ့လူတွေဟာ ခွေးသေကောင်ကိုလွှင့်ပစ်သလိုလွှင့်ပစ်ခံရတယ်။
ဆိုင်ဘေးရီးယားကိုရောက်တော့ လူသုံးပုံတစ်ပုံသေသွားပြီ။ စားစရာမရှိ အမိုးအကာမရှိတဲ့ ဆိုင်ဘေးရီးယား နှင်းပြင်ကြီးထဲမှာ ပေါင်မုန့်တစ်ဖဲ့လာ ကျွေးမယ့် ဆိုဗီယက်အာဏာပိုင်တွေကို ကျေးဇူးရှင်ကို မျှော်သလိုမျှော်ရတယ်။ ဆိုဗီယက်အာဏာပိုင်တွေကတော့ ပေါင်မုန့်တစ်ဖဲ့စီယူလာမယ်။ ပေါင်မုန့်နဲ့အတူ ပေါက်တူးတွေဂေါ်ပြားတွေယူလာမယ်။ ကဲ…ဆိုရှယ်လစ်စီးပွားရေးစနစ် ကြီးတည်ဆောက်ရေးအတွက် လူမျိုးစုငယ်တွေအနေနဲ့ ပေါင်မုန့်တစ်ဖဲ့ ရေတစ် ခွက်နဲ့ လုပ်အားပေးပေတော့။ ဒီလိုနည်းနဲ့ ဆိုဗီယက်တွေဟာ လူမျိုးစုငယ်တွေကိုအနိုင်ကျင့်ခဲ့တယ်။
အဲဒီအချိန်နဲ့တပြိုင်နက်တည်း အသုတ်လိုက်အသုတ်လိုက်သောရုရှား လူမျိုးတွေဟာ လူမျိုးစုငယ်တွေရဲ့ မူရင်းဒေသတွေကိုဝင်ရောက်လာခဲ့တယ်။ အဲဒီ ရုရှားတွေအတွက်တော့ နေစရာအိမ်ကအဆင်သင့်။ လမ်း၊ ကျောင်း၊ ဆေးရုံ၊ အားလုံးရယ်ဒီဖြစ်ပြီးသားဒေသတစ်ခုကို လက်ဝယ်ပိုင်ရပြီပေါ့။ Transmigration လို့ခေါ်တယ်။
ဒါတွေဟာ စတာလင်ရဲ့ deportation လို့ခေါ်တဲ့ ဂျင်နိုဆိုဒ်ရာဇဝတ် မှုများထဲက တစ်ခုပေါ့။ စတာလင်အနေနဲ့ အဲဒီလိုလုပ်ချင်ရာလုပ်နေတာကို ကမ္ဘာကြီးက ဘာများအရေးယူနိုင်မလဲ? အရေးယူဖို့နေနေသာသာ ဖက်ဆစ်ဂျာမန်တွေကိုနှိမ်နင်း ပေးလေသော ဆိုဗီယက်မဟာမိတ်ခေါင်းဆောင်ကြီးအဖြစ် ချီးကျူးခံနေရချိန်လေ။ စတာလင့်လက်ထဲက လူနည်းစုတွေရဲ့ဘဝဟာ ကူရာမဲ့ကယ်ရာမဲ့နဲ့ ဘယ်သူမှ အသိအမှတ်ပြုမခံရတဲ့အချိန်။
နောက်နှစ်ပေါင်း ၅၀ ကျော်ကြာမှ စတာလင်ရဲ့ deportation ကို ဂျင်နိုဆိုဒ်ရာဇဝတ်မှုရယ်လို့ ဥရောပကောင်စီက သတ်မှတ်ခဲ့တယ်။ နောက်ကျ လိုက်လေခြင်း။ လူ့အသတ်ပေါင်းများစွာနဲ့ရင်းရသောနောက်ကျမှု။ အဲဒီမှာတင် သတိထားမိတာတစ်ခုကဘာလဲဆိုတော့ ဂျာမန်လူ့အဖွဲ့ အစည်းနဲ့ ဆိုဗီယက်လူ့အဖွဲ့စည်းတို့ရဲ့ ဘုံတူညီချက်။ နာဇီဂျာမန်တွေနဲ့ ဆိုဗီယက်တွေဟာ မဟာရန်သူတော်တွေဖြစ်ကြပေမယ့် တူနေတာတစ်ခုက ၂ ခုလုံးဟာ ပြင်းထန်ရက်စက်တဲ့ အာဏာရှင်စနစ်တွေအောက်က လူ့အဖွဲ့ အစည်းတွေဖြစ်နေပါရောလား။
အင်အားကြီးသူက လုပ်ချင်ရာလုပ်ခွင့်ရှိတယ်လို့ အသွန်သင်ခံရတဲ့ လူ့အဖွဲ့အစည်းတွေပါလား။ အာဏာဟာ သေနတ်ပြောင်းဝကလာတယ်လို့ကြွေးကြော်ဆောင်ရွက်တဲ့သူတွေ အုပ်ချုပ်သွားတဲ့နိုင်ငံတွေပေါ့။
ဟာ…! ဒါဆို ဂျင်နိုဆိုဒ်ရာဇဝတ်မှုဟာ ဘယ်လိုလူ့အဖွဲ့အစည်းတွေ မှာဖြစ်သလဲဆိုတာရဲ့ လမ်းစများလား…?

အပိုင်း (၂)

ချင်ပန်ဇီရဲ့ လိုဘဖြည့်ရုံအသိဥာဏ်
——————————————


ရှေ့မှာရေးတာကိုပြန်ကောက်ရရင် တိရိစ္ဆာန်တွေဟာ အချင်းချင်း မျိုးဖြုတ်သတ်တာမျိုးမလုပ်ဘူး။ လူတွေက လုပ်တတ်တယ်။ အဲ…! Tanzania နိုင်ငံက တောထဲမှာတော့ ချင်ပန်ဇီတွေဟာ သူတို့အချင်းချင်း ဟိုဘက်တောကအုပ်စုနဲ့ ဒီဘက်တောကအုပ်စု စစ်ဖြစ်တာမျိုးတောင်ရှိသတဲ့။ စစ်ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့တစ်ဖက် အငြိုးအတေးထားပြီးသတ်ဖြတ်တာတွေ၊ ချင်ပန်ဇီမတွေကို မုဒိန်းကျင့်တာတွေ၊ ချင်ပန်ဇီပေါက်စတွေကို အပြန်အလှန်ပြန်ပေးဆွဲတာတွေ လုပ်ကြရောတဲ့။
evolution ဆင့်ကဲဖြစ်စဉ်အရ လူနဲ့နီးစပ်လာပြီး ဥာဏ်လေးကောင်း လာပြီဆိုတာနဲ့ မတော်တရော်တွေ တတ်လာတယ်လို့တောင် ပြောရမလိုဖြစ်နေပြီ။ တကယ်တော့ ချင်ပန်ဇီတွေရဲ့အသိဥာဏ်က ကိုယ့်လိုဘဖြည့်ရုံသပ်သပ် အသိ ဥာဏ်ပါ။ တိရိစ္ဆာန်တစ်ကောင်ချင်းစီမှာရှိတဲ့ ငါစားရရေး ငါ့အတွက်မိတ်လိုက် ဖော်ရရေးဆိုတာကို အုပ်စုဖွဲ့ပြီးပူးပေါင်းဆောင်ရွက်တတ်လာတဲ့ ဥာဏ်မျိုးပေါ့။ ဒါဆို လူတွေကရော အဲလိုအသိဥာဏ်လောက်နဲ့ လုပ်ချင်ရာလုပ်
နေတာဆိုတာက ဟာ…! ငါတို့အသိဥာဏ်က ချင်ပန်ဇီအဆင့်မှာပဲရှိနေသေးတာလား…?
လူ့အသိဥာဏ်ဆိုတာ ကိုယ်လိုချင်တာကိုရအောင်ယူခြင်း၊ လုပ်ချင်တာ ကို ဖြစ်အောင်လုပ်တတ်ခြင်းဆိုတဲ့ လိုဘဖြည့်ရုံအသိဥာဏ်ထက်တော့ ပိုရမှာပေါ့။ ဘာတွေပိုရမလဲဆိုတော့ အရှက်တရားနဲ့ အကြောက်တရားပေါ့ဗျာ။ လုပ် သင့်တယ်၊ မလုပ်သင့်ဘူးလို့ဆုံးဖြတ်ရာမှာ အရှက်တရားနဲ့ထိန်းချုပ်တယ်။ မြင်အောင်ပြောရရင် ကျင့်ဝတ် = ethic ။ လုပ်ရမယ်၊ မလုပ်ရဘူးကိုဆုံးဖြတ်ရာမှာ အကြောက်တရားနဲ့ ထိန်းချုပ်တယ်။ လွယ်အောင်ပြောရရင် ဥပဒေ = Law >> ဖောက်ဖျက်ရင် အရေးယူ ခံရမယ်ဆိုတဲ့ အကြောက်တရား။
အဲလိုထိန်းချုပ်တာတွေမပါရင် နည်းပညာတွေ ဘယ်လောက်တတ် တတ်၊ ကျွမ်းကျင်မှုတွေဘယ်လောက်ရှိရှိ၊ အသိဥာဏ်က ချင်ပန်ဇီတွေလို တစ်ဘို့ တည်းကြည့်တဲ့ တစ်ကြောင်းစွဲအနေအထားဖြစ်နေရောပေါ့။ ဒါဆို ဆိုဗီယက်တွေ နည်းပညာဘယ်လောက်ဖွံ့ဖြိုးဖွံ့ဖြိုး၊ နာဇီဂျာမန် တွေ သိပ္ပံပညာဘယ်လောက်ပဲတော်တော် ကိုယ့်လိုဘဖြည့်ရုံသပ်သပ် အသိ ဥာဏ်ပါလား။ အဲဒီလိုဘဖြည့်ရုံအသိသပ်သပ်နဲ့ ဂျင်နိုဆိုဒ်တွေလုပ်ခဲ့တာပေါ့။ တကယ်တော့ ဂျာမန်လူ့အဖွဲ့အစည်းမှာရော၊ ရုရှားလူ့အဖွဲ့အစည်းမှာပါ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းဖို့သွန်သင်တဲ့ ပညာရှိတွေအများကြီး ရှိပါတယ်။ ဥပမာ – ရုရှားမှာဆို စာရေးဆရာကြီး တော်စတွိုင်းဟာ အဲလိုပုဂ္ဂိုလ်။

ပြောင်းပြန်အသုံးချ
————————
ဒါပေမဲ့ နာဇီအာဏာပိုင်တွေနဲ့ ဆိုဗီယက်အာဏာပိုင်တွေဟာ အကြောက်တရားအပေါ်အခြေခံပြီး ဥပဒေနဲ့ ထိန်းချုပ်မှုတွေကို ပြောင်းပြန်အသုံးချလိုက်တယ်။ မကောင်းတဲ့အသိဥာဏ်ကို ထိန်းချုပ်ဖို့ပြဌာန်းတဲ့ဥပဒေဟာ မကောင်းမှုကိုလုပ်ကို လုပ်ရမယ်လို့တွန်းအားပေးတဲ့ အရာဖြစ်လာတယ်။ မြင်အောင်ပြောရရင်တော့ မတရားတဲ့ဥပဒေတွေကိုပြဌာန်းလိုက်တာပါပဲ။ ဂျူးတွေဟာ သွေးမသန့်သူတွေ သွေးနှောတွေ ဒုတိယတန်းစား နိုင်ငံ သားတွေလို့သတ်မှတ်တဲ့ နျူရင်ဘတ်ဥပဒေတွေထုတ်ပြန်အပြီးမှာတော့ တရား ဥပဒေဟာ မတရားဥပဒေဖြစ်ခဲ့ပြီ။


ဒါဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ လမ်းကြောင်းပေါ်ကို ထင်ထင်ရှားရှား တက်လိုက်တာပဲ (ချင်ပန်ဇီတွေမှာ ဥပဒေမရှိလို့ လုပ်ချင်ရာလုပ်တယ်။ လူတွေ ကတော့ ဥပဒေကို မတရားသဖြင့်အသုံးချပြီး လုပ်ချင်ရာလုပ်တယ်။) ဒါပေမဲ့ ခွဲခြားဖိနှိပ်တဲ့ မတရားဥပဒေတွေကိုပြဌာန်းလိုက်တိုင်း လူထုတစ်ရပ်လုံးရဲ့ မူလအခံမှာရှိနေတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်စည်းမှုတွေဟာ တန်းပြီးပျောက်ကွယ် မသွားသေးဘူးရယ်။ ဥပမာ-နာဇီတွေကို ဆန့်ကျင်တဲ့ ဂျာမန်ပညာတတ်တွေရှိသေးတယ်။ ဂျူးတွေအပေါ်မှာ လူမျိုးရေးမုန်းတီးစိတ် ရှိနိုင်သော်လည်းပဲ အဲဒီဂျာမန်ပညာတတ် တွေဟာ ဟစ်တလာရဲ့လမ်းစဉ်ကို အပြည့်အဝထောက်ခံနေတာမျိုးမဟုတ်ဘူး။
အဲဒီပညာတတ်တွေကို အသံမထွက်နိုင်အောင်၊ လူ့အဖွဲ့အစည်းက ဖယ်ကျဉ်သွားအောင် နာဇီတွေဟာစနစ်တကျလုပ်ခဲ့တယ်။ နာဇီတွေကိုဆန့်ကျင် တဲ့ ဂျာမန်သတင်းစာဆရာတွေ၊ ပညာတတ်တွေဟာ သံဆူးကြိုးကာစခန်းတွေ ထဲကို ရောက်ကုန်တယ်။ နာဇီတွေကိုထောက်ခံတဲ့ ပညာတတ်တွေဟာ ရာထူးတွေတိုးရတယ်။ ပညာရေးအခွင့်အလမ်းတွေပိုရတယ်။ “သွေးနှောတွေကို နှိပ်ကွပ်ပေးတာဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုတာပဲ။ ဒီလိုလုပ်ပေးတဲ့သူတွေကို နိုင်ငံတော်က ပြန်လည်စောင့်ရှောက်တယ်”ဆိုတာက နာဇီတွေအတွက်လျှို့ဝှက်ညွှန်ကြားချက် မဟုတ်တော့ဘူး။ ဒါဟာ လူ့အဖွဲ့အစည်းမှာရှိတဲ့ စောင့်စည်းအပ်တဲ့ကျင့်ဝတ်တွေကို ကိုယ်ကျိုးစီးပွားနဲ့ ချိတ်ဆက်ပြီးဖျက်ဆီးပစ်တာပဲ။

အပိုင်း (၃)

လူတွေကိုအုပ်စုလိုက်ကိုင်တွယ်ခြင်း
——————————————-


ဒါကတော့ အတော်ရှုပ်ထွေးတဲ့အပိုင်းဗျ။ အာဏာပိုင်နဲ့ လူထုကြားမှာ အပြန်အလှန်သက်ရောက်မှုရှိတဲ့ ကိစ္စဗျ။
ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်တဲ့ အာဏာပိုင်တွေဟာ လက်နက်အားကိုးပြီးတက်လာတဲ့ စစ်အာဏာရှင်တွေလည်းဖြစ်နိုင်သလို တော်လှန်ရေး ကနေတဆင့် အာဏာရလာတဲ့ အာဏာရှင်တွေလည်းဖြစ်နိုင်တယ်။ အဲ…! ရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရတောင်ဖြစ်နိုင်သေးသဗျာ။ ဟစ်တလာဟာ ရွေးကောက်ပွဲကနေတက်လာတဲ့အာဏာရှင်ဗျ။ (မဲလိမ်တာရယ်၊ ရွေးကောက်ပွဲမှာ လက်နက်ကိုင်အဖွဲ့သုံးပြီး ခြိမ်းခြောက်မဲယူတာ တွေတော့ နာဇီတွေဟာ လုပ်ခဲ့တယ်။) ဒီတော့ ဟစ်တလာကို ရွေးကောက်လိုက်တဲ့ ဂျာမန်လူထု ကိုယ်တိုင် ကလည်း အနည်းနဲ့အများတော့ လူမျိုးရေးမုန်းတီးစိတ် ရှိပြီးသားပဲ။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ဆိုတာလူမျိုးရေးမုန်းတီးစိတ်ရှိရုံနဲ့တင် ကျူးလွန်ဖြစ်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ဘူးဗျ။
လူမျိုးရေးမုန်းတီးစိတ်ကို အခြေခံထားပြီး တရားဥပဒေယိုယွင်းခြင်း၊ မတရားဥပဒေပြဌာန်းကျင့်သုံးခြင်း၊ ငွေကုန်ကြေးကျခံ စည်းရုံးလှုံ့ဆော်ခြင်း ကနေ သတ်ဖြတ်ဖို့နေရာအဆောက်အဦတည်ဆောက်ခြင်း၊ လက်မရွံ့တပ်ဖွဲ့ ဖွဲ့စည်းခြင်းတွေထိ အချိန်ယူ အကွက်ချလုပ်ပြီး အကောင်အထည်ဖော်လို့ ဖြစ်လာရတဲ့ ရာဇဝတ်မှုကြီးဗျ။ ဘယ်လောက်ထိအချိန်ယူရလဲဆိုတော့ တခါတရံ ဆယ်စု နှစ်အထိ အချိန်ယူရတယ်ဗျ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်တဲ့ အာဏာပိုင်တွေဟာ သူတို့ရဲ့ အာဏာလက်မလွှတ်ရရေးအတွက် လူထုကို သူတို့ဘက်မှာရှိနေအောင်ကိုင်တွယ်နေ လေ့ရှိတယ်။ အဲဒီလို ကိုင်တွယ်ဖို့အတွက် ထပ်ပြီးအသုံးပြုတဲ့လက်နက်ကတော့ “အကြောက်တရား” ပဲဗျ။
လူထုတစ်ရပ်လုံးဟာ အာဏာပိုင်တွေကို တုန်လှုပ်ခြောက်ခြားနေပြီးငါတို့ရဲ့အုပ်ချုပ်သူအဖြစ် ဒီလူတွေက လွဲလို့ ကမ္ဘာပေါ်မှာ နောက်ထပ်ရွေးချယ်စရာ မရှိတော့ဘူးလို့ထင်လာရအောင်ကို ကိုင်တွယ်ထားလိုက်တာမျိုးဗျို့။ “အကြောက်တရား”အပြင် နောက်ထပ်သုံးတဲ့လက်နက်တစ်ခုကတော့  “ခြိမ်းခြောက်မှု”။ ဘယ်လူမျိုးစုကတော့ နိုင်ငံတော်ရဲ့ရန်သူ၊ အချုပ်အခြာအာဏာ ဟာ ထိပါးခံနေရပြီ စသဖြင့် အဆက်မပြတ်ခြိမ်းခြောက်ထားမယ်။ ဥပမာ- ဟစ်တလာက ဂျူးတွေကို လက်ညိုးထိုးပြပြီးခြိမ်းခြောက်တာမျိုး။
မူလကတည်းက လူမျိုးရေးမုန်းတီးမှုရှိပြီးသားလူထုဆိုရင် မိမိတို့ကိုယ်တိုင် အာဏာပိုင်တွေရဲ့နှိပ်ကွပ်ခြင်းကိုခံနေရပါလျက် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို ထောက်ခံအားပေးမိတဲ့သူတွေအဖြစ် ဝပ်ဆင်းသွားလေ့ရှိပါတယ်။ လူထု တစ်ရပ်လုံးက ဂျင်နိုဆိုဒ်ရာဇဝတ်မှုမှာ တိုက်ရိုက်ပါဝင်တာမဟုတ်ပါဘူး။ ဥပမာ-ဂျာမန်အများစုဟာ ဒုတိယကမ္ဘာစစ်ပြီးမှသာလျှင် ဂျူး ၆ သန်းကျော်ကို ဟစ်တလာသတ်ပစ်ခဲ့ကြောင်းကိုသိတာပါ။ ဂျာမန်တွေဟာ ဂျူးတွေကိုမုန်းတယ်။ ဒါ့ကြောင့် ဟစ်တလာကိုထောက်ခံတယ်။ ဒါပေမဲ့ အဲလောက်ရက် ရက်စက်စက်ကြီးလုပ်လိမ့်မယ်လို့ မသိကြဘူး။ သို့သော်လည်းပဲ ဂျာမန်လူ့အဖွဲ့ အစည်းဟာ ဟိုလိုကော့စ်လုပ်တဲ့ လူ့အဖွဲ့အစည်းအဖြစ် သမိုင်းတွင်သွားခဲ့ပါပြီ။ ဘီလူးကို ပုခုံးထမ်းတင်မိတဲ့ လူထုဟာ ဘီလူးရဲ့ဂုတ်ခွစီးခြင်းကိုခံလိုက်ရတဲ့ပုံစံမျိုးပါ။

ဘယ်လိုတွေကိုင်တွယ်သလဲ
————————————-
အဝေးကြီးမကြည့်နဲ့။ သာအေးကျောပြင်ပေါ်က အရှိုးရာတွေပဲ ကြည့်လို့ ပြောရမယ်ဗျ။ လူထုဟာ ဘယ်လောက်ထိတင်းကျပ်ပြင်းထန်စွာကိုင်တွယ်နှိပ်ကွပ်ခံရတယ်ဆိုတာကတော့ မြန်မာပြည်သူတွေကိုယ်တိုင်က အသိဆုံးပဲ။ ဆန့်ကျင်တဲ့ စကားတစ်ခွန်းမဟလိုက်နဲ့။ ထလရ နားထဲတန်းရောက် ပြီးသား။ အချိန်မဆိုင်းပဲ လာကုပ်သွားမယ်။ တိုင်းပြည်ရဲ့ ရှိသမျှသော အဖွဲ့ အစည်းတိုင်းမှာ သတင်းပေးတွေက ထိုးဖောက်နေရာယူထားမယ်။ ဒါကို intelligence state = ထောက်လှမ်းရေးနိုင်ငံတော်လို့ခေါ်တယ်။
လွတ်လပ်စွာပြောရေးဆိုခွင့်ကို လူထုကြားကျင့်သုံးဖို့နေနေသာသာ သာမန်ကျောင်းသားတွေချည်း သီးသန့်စကားပြောတာမျိုးတောင် မလိုလားလို့ သမဂ္ဂအဆောက်အဦကို အာဏာသိမ်းခါစ စောစောစီးစီး ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖြိုချ ထားလိုက်တယ်။ အဆောက်အဦးကိုဖြိုချပြီးပြောတဲ့ “ဓါးဓါးချင်း၊ လှံလှံချင်း”ဆိုတဲ့ မိန့်ခွန်းဟာ အာဏာရှင်ကြီးဒေါသထွက်လို့ပြောတယ်ဆိုတာထက်ပိုတယ်။ အဓိက,ကတော့ လူထုရင်ထဲကို အကြောက်တရားသွပ်သွင်းဖို့အတွက် စိတ် ပညာအရစနစ်တကျ တွက်ချက်ပြီးပြောတဲ့ မိန့်ခွန်းမျိုးပါ။
ဒီနောက်မှာတော့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား လှုပ်ရှားမှုအားလုံးဟာ ပြင်းထန်ရက်စက်စွာဖြိုခွဲခံရပြီး တောက်လျှောက်သွေးမြေကျ ခဲ့တယ်။ တချို့နေရာတွေမှာ ညှိနှိုင်းဖြေရှင်းလို့ရနိုင်ပါလျက်နဲ့ သေချာကို ကျည်ဆန်
ကိုပဲရွေးသုံးခဲ့တယ်။ လူထုကို အကြောက်တရားနဲ့ အုပ်စုလိုက်ကိုင်တွယ်တာပါ။ တာဝန်ကျေ စပါးပေးသွင်းရခြင်းနဲ့ ပုတ်လှန်၊ ကျီလှန်စစ်ဆင်ရေး တွေဟာ လီနင်နဲ့စတာလင်ခေတ် လယ်သမားတွေကိုနှိပ်ကွပ်တာနဲ့ ပုံစံတူတယ်။ ၁၉၆၂ အာဏာသိမ်းပြီးခါစမှာ တော်လှန်ရေးကောင်စီကို ဆန့်ကျင်တဲ့ ပညာတတ် တွေဟာ မတရားဖိအားပေးခံရပြီး အလုပ်ထွက်တဲ့သူထွက်၊ ပြုတ်တဲ့သူပြုတ်၊ နိုင်ငံ ခြားရောက်သူရောက်ဖြစ်ကုန်တယ်။ တော်လှန်ရေးကောင်စီကို ထောက်ခံတဲ့ ပညာတတ်တွေဟာ နေရာရတယ်။ [နေရာရတာမှ မျိုးရိုးစဉ်ဆက်လိုက်ကိုရတဲ့ ပညာ တတ်မိသားစု အသိုင်းအဝိုင်းကြီးတွေဖြစ်လာကြတယ်။]
စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေဟာ မတန်တဆနိမ့်ပါးတဲ့လခနဲ့ အလုပ်လုပ်ရတဲ့ အနေအထားတွေဖြစ်လာတယ်။ ကုန်သည်လူတန်းစားကိုဖြိုခွဲပြီး အာဏာသိမ်းကောင်စီနဲ့ နီးစပ်သူတွေဟာ ကုန်သွယ်ရေးကိုလက်ဝါးစီးအုပ်တယ်။  ပြည်သူပိုင်သိမ်းခြင်းဟာ အကျိုးမဲ့တဲ့အလုပ်ပါလို့ ကိုယ်တိုင်လုပ်ခဲ့ဖူးပြီး ဒုက္ခရောက်နေရတဲ့ စတာလင်ခေတ်လွန်ဆိုဗီယက်က သတိပေးပေမယ့် စတာလင် ခေတ်ကလိုကိုင်တွယ်မှုမျိုးကို လုပ်ချင်နေခဲ့တဲ့ မြန်မာအာဏာပိုင်တွေဟာ လုပ်ဖြစ်အောင်ကိုလုပ်ခဲ့တယ်။
လူတန်းစားတစ်လွှာချင်းစီကို သူ့ပုံစံနဲ့သူ ကိုင်တွယ်သွားပုံတွေဟာ နာဇီနဲ့ စတာလင်ခေတ်ဆိုဗီယက်တွေလုပ်ခဲ့တဲ့ ပုံစံတွေပါပဲ။ အဲဒီကိုင်တွယ်မှု ပုံစံတွေဟာ ယနေ့ခေတ်အထိ အထိုင်မပြောင်းသေးဘူးလို့ ပြောလို့ရပါတယ်။ ၁၉၈၈ လူထုအုံကြွမှုမှာလည်း “စစ်တပ်ဆိုတာပစ်ရင်မှန်အောင်ပစ်တယ်” ဆိုတဲ့မိန့်ခွန်းဟာလည်း “ဓါးဓါးချင်း၊ လှံလှံချင်း” ဆိုတဲ့မိန့်ခွန်းလိုပဲ။ လူအုပ်စု စိတ်ပညာအရ တွက်ချက်ပြီးပြောတဲ့ မိန့်ခွန်းမျိုးပါ။
ဒါပေမဲ့ မြန်မာလူထုရဲ့ နာကျည်းမှုစိတ်အနေအထားဟာ သူတို့တွက် ချက်မှုထက်ပိုလွန်သွားခဲ့ပါပြီ။ စစ်တပ်က ဆန္ဒပြသူတွေကိုဖြိုခွဲရာမှာ ခြေလျင်တိုက်ပွဲ တစ်ခုကို တိုက်ခိုက်သလို ပစ်ခတ်ဖြိုခွဲခဲ့တယ်။ အဲဒီနောက်မှာတော့ မြန်မာလူထုဟာ ၁၉၈၈ မတိုင်ခင်ကထက် အကြောက်တရားအောက်မှာ ဝပ်ဆင်းသွားပါတော့တယ်။

သက်ရောက်မှု
——————-
ဒီလို အကြောက်တရားကြောင့် ဝပ်ဆင်းသွားခြင်းဟာ ဘယ်လိုသက် ရောက်မှုရှိလဲ? အဓိကသက်ရောက်မှုကတော့ လူတွေကို တိရစ္ဆာန်တွေလို အုပ်စုလိုက် ကိုင်တွယ်စီမံခွင့်ရသွားတဲ့ အာဏာပိုင်တွေအနေနဲ့ သူတို့လုပ်ချင်တဲ့ ခွဲခြားဖိနှိပ်ရေးမူဝါဒတွေကို ပြန်လှန်စစ်ကြောမယ့်သူမရှိတဲ့ အခြေအနေကို ဖန်တီးယူ နိုင်ခဲ့တာပါ။ အာဏာပိုင်တွေဟာ ခွဲခြားဖိနှိပ်ရေးမူဝါဒတွေကို အရှိန်မြှင့် အကောင် အထည်ဖော်ရင်း သူတို့ကိုယ်သူတို့ တိုင်းပြည်ပြည်ချစ်ပုဂ္ဂိုလ်များအဖြစ်လည်း ပုံဖော်ခွင့်ရခဲ့ပါပြီ။

အပိုင်း (၄)

အထိရောက်ဆုံးသောသင်ကြားမှု
————————————–


လူထုဟာ မတရားမှု အနိုင်ကျင့်မှုတွေကို ရှိသမျှအစွမ်းကို အားကုန် ထုတ်သုံးပြီးရုန်းကန် တော်လှန်ခဲ့တယ်။ ဒါပေမဲ့ ရက်ရက်စက်စက်ဖြိုခွဲခံရပြီး နောက်မှာတော့ အားကုန်သွားခဲ့ပြီ။ ကိုယ့်အိမ်ရှေ့ကလမ်းပေါ်မှာတင် ထောင်နဲ့ချီတဲ့လူတွေကို ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ပြီး ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတွေဟာ တစုံတရာ အရေးယူခြင်းမခံရဘဲ လွတ်လပ်နေရုံမျှမက တိုင်းပြည်ရဲ့အာဏာကိုပါ စွဲကိုင်ထားနိုင်သူတွေဖြစ်လာခဲ့ကြပြီ။ အဲဒီရာဇဝတ်ကောင်တွေရဲ့ပါးစပ်က အမြဲမပြတ်ကြွေးကြော်နေလေ့ ရှိတာကတော့ “တိုင်းပြည်ချောက်ထဲကျခါနီးမို့ ကယ်တင်လိုက်ရတယ်။ တိုင်းပြည် ရဲ့ အချုပ်အခြာအာဏာ ကျဆုံးလုနီးပါးဖြစ်နေတဲ့အတွက် ကယ်တင်လိုက်ရတယ်” ဆိုတာတွေပါ။
ဒါမျိုးကြွေးကြော်မှုတွေကို နေ့စဉ် ရုပ်သံ၊ ဗီဒီယို၊ သတင်းစာတွေကတဆင့် ထုတ်လွှင့်နေခဲ့ပြီး အဲဒီထုတ်လွှင့်နေမှုတွေကို အနှစ်ချုပ်လိုက်မယ် ဆိုရင်တော့ “လက်နက်အင်အားကြီးသူဟာ အချုပ်အခြာအာဏာကိုပိုင်ဆိုင် ခွင့်ရှိပြီး အချုပ်အခြာအာဏာကိုကိုင်စွဲထားသူဟာ ဘာမဆိုလုပ်ခွင့်ရှိတယ်” ဆိုတာပါပဲ။
လက်ထဲမှာအာဏာရှိသူဟာ လူထောင်ချီကို သတ်ဖြတ်ပစ်လည်း တရားဥပဒေအရ အရေးယူမခံရဘူး။ အချုပ်အခြာအာဏာနဲ့ ဘာကိုမဆို ကာကွယ်ထားလို့ရတယ် သင်ကြားနေခြင်းပါ။ ပြည်သူလူထုတစ်ရပ်လုံးခမျာ မတရားမှု အနိုင်ကျင့်မှုတွေကို မလိုလားသော်လည်း၊ မနှစ်သက်သော်လည်း အောင့်ခါနမ်းရတဲ့ ဘဝတွေကိုပဲ ရလာခဲ့တယ်။ မတွန်းလှန်နိုင်တဲ့အခါမှာ လိုက်လျောညီထွေနေဖို့ ပဲဖြစ်လာရတဲ့သဘောပါ။
လမ်းဘေးက ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးဟာ စည်ပင်ရဲ့ မတရားအနိုင်ကျင့်မှုကိုခံရသလို တက္ကသိုလ်ကပါမောက္ခဟာလည်း သူ့လောက်ပညာ မတတ်တဲ့ အာဏာပိုင်ရှေ့မှာ ခေါင်းငုံ့နေရပြီ။ လူ့အဖွဲ့အစည်းရဲ့ အလွှာတိုင်း အလွှာတိုင်းဟာ လက်နက်အင်အားကြီးသူကသာလျှင် အနိုင်ရတယ်ဆိုတာကို နေ့စဉ်ဘဝမှာ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တွေ့ကြုံရတယ်။
အတွေ့အကြုံဟာ ဆရာကောင်းဆိုတဲ့အတိုင်း လူတိုင်းလူတိုင်းဟာ “အင်အားရှိရင်မတရားလုပ်လည်းဘာမှမဖြစ်၊ အင်အားရှိသူဟာ ဘာမဆိုလုပ်ခွင့် ရှိတယ်”လို့ နေ့စဉ်နဲ့အမျှ သင်ယူနေကြရပြီ။ ကိုယ်တိုင်မတရားမှုကို မကြိုက်လို့ ဆန့်ကျင်တော်လှန်ခဲ့ပေမယ့် အခြေအနေရ လက်ခံတဲ့အနေအထားဖြစ်လာပြီ။
ကြပ်တည်းတဲ့ခေတ်အခြေအနေအရ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားခြင်းဟာ လုပ်ခွင့်ရှိတယ်။ လုပ်လို့ရတယ်ဆိုတဲ့ ခံယူချက်ဟာ လူတန်းစားအလွှာတိုင်းမှာ နေရာယူလာပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ကျင့်ဝတ် သိက္ခာမဲ့သောအဖွဲ့အစည်းအဖြစ် တစ်စတစ်စ ပုံသွင်းနေတဲ့ကာလပေါ့ဗျာ။ မတရားဖိနှိပ်မှုကို ဆန့်ကျင်သူတွေဟာ ဒုက္ခရောက်ရတာမို့ မိမိတို့ရဲ့ သားသမီးများကိုလည်း “အာဏာပိုင်အဖွဲ့အစည်းကိုတော့ ဘယ်တော့မှ မဆန့် ကျင်လေနဲ့၊ ဒုက္ခရောက်သွားလိမ့်မယ်” လို့ပဲ ပြောကြားနေရပြီ။

မချစ်သော်လည်း အောင့်ခါနမ်းခြင်းမှသည် ယုယပိုက်ထွေးခြင်းဆီသို့
————————————————————————
အဲဒီလို မတရားမှုကို ခေါင်းငုံ့ခံဖို့ပဲ သင်ကြားလာလိုက်တာ မျိုးဆက် ၄ ဆက်လောက်ရှိလာသောအခါ အဲဒီလူ့အဖွဲ့အစည်းဟာ “အင်အားကြီးသူက အင်အားငယ်သူကို ကြိုက်သလောက်အနိုင်ကျင့်ခွင့်ရှိတယ်၊ ဒါဟာ မွေးရာပါ အခွင့် အရေးပဲ”လို့ ယူဆလာကြပြီ။ အဆင့်ဆင့် ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေနဲ့သာ နေ့စဉ်လည်ပတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာရပြီ။ မတရားမှုတွေကို ဆန့်ကျင်တော်လှန်ခြင်း၊ ရှုံးနိမ့်ရခြင်း၊ မနိုင်၍ သည်းခံ ရခြင်းမှသည် မတရားမှုတွေကို ခုံမင်နှစ်သက်သော လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ဒီလို ပြောင်းလဲသွားခြင်းဟာ ရုတ်တရက် ပြောင်းလဲသွား တာမဟုတ်ပဲ မျိုးဆက်နဲ့ချီပြီး တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခြင်းဖြစ်တဲ့အတွက် တော်တန်ရုံနဲ့ သတိမူမိဖို့ မလွယ်တော့ဘူး။ ပြုပြင်ဖို့ဆိုတာ သာတောင် ခက်ခဲသွားပြီ။

အသုံးချခံလူထု
——————-
အာဏာပိုင်တွေအတွက်ကတော့ ဒီလိုလူ့အဖွဲ့အစည်းမျိုးကို အင်မတန်မှ သဘောကျတာပေါ့ဗျာ။ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို လူတွေက မသိကြတော့ဘူး။ လူရှေ့သူရှေ့မှာပဲ လူထောင်ချီကို သတ်ဖြတ်ပစ်ခဲ့လည်း သူတို့ကို အရေးယူမယ့်သူမရှိဘူး။ လက်ထဲမှာအာဏာရှိရင် ရာဇဝတ်ဘေးပြေးလွတ်တယ်ဆိုတဲ့ မောက်မာ စိတ်တွေ ကြီးသထက်ကြီးလာချိန်ပေါ့။ အဲဒီမောက်မာတဲ့စိတ်ကိုအခြေခံပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးတွေကို ဆက်လက်ကျူးလွန်ကြတော့တာပေါ့ဗျာ။
“တစ်နိုင်ငံလုံးကိုတောင် ငြိမ်ဝပ်ပိပြားသွားအောင်လုပ်နိုင်တဲ့ ငါတို့ဟာ လူနည်းစုတွေကို ဘာကြောင့်မျိုးမဖြုတ်နိုင်ရမှာလဲ”ဆိုတဲ့မာနတွေ တလူလူ တက်လာတာပေါ့ဗျာ။ ဒီအချိန်မှာ အာဏာပိုင်တွေ ဆက်လုပ်တဲ့အလုပ်တွေကတော့
၁။ ပစ်မှတ်ရှာဖွေခြင်း
၂။ အကြောင်းပြချက် ရှာဖွေခြင်း
၃။ နည်းလမ်းရှာဖွေခြင်း
၎။ ကျူးလွန်ခြင်း
တို့ပါပဲ။
အဆင့်တိုင်းအဆင့်တိုင်းမှာ အာဏာပိုင်တွေဟာ သူတို့နင်းခြေဖိနှိပ်ကိုင်တွယ်ထားတဲ့လူထုကို ရှေ့ထုတ်သုံးပြီး သူတို့လုပ်တဲ့ ဂျင်နိုဆိုဒ်ရာဇဝတ် မှုကြီးဟာ လူထုဆန္ဒနဲ့အညီ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပုံဖော်လေ့ရှိပါတယ်။

အပိုင်း (၅)

ဂျင်နိုဆိုဒ်ရာဇဝတ်မှု၏ထူးခြားချက်
—————————————


ဂျင်နိုဆိုဒ်ရာဇဝတ်မှုဟာ လူမျိုးစုတစ်စုက နောက်လူမျိုးစုတစ်စုကို မုန်းတီးနေရုံသပ်သပ်နဲ့ ဖြစ်လာတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အထွတ်အထိပ်အချုပ်အခြာအာဏာကိုစွဲကိုင်ထားသူ တွေကိုယ်တိုင်က ငွေကြေး၊ လူအင်အား၊ အချိန်အကုန်အကျခံပြီး စနစ်တကျ စီမံကိန်းဆွဲပြီး ကျူးလွန်လို့ဖြစ်လာရတဲ့ ရာဇဝတ်မှုပါ။ ဒါဆို အာဏာပိုင်တွေက ကျူးလွန်တာပဲ။ သာမန်ပြည်သူလူထုရဲ့အခန်းကဏ္ဍက ရှိမှမရှိဘဲလို့ ပြောလို့ ရသလား? အဲလိုတော့ ပြောမရဘူး။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တိုက်ရိုက်ကျူးလွန် သူတွေဟာ အာဏာပိုင်တွေဖြစ်သော်လည်း အဲဒီအာဏာပိုင်တွေဟာ ဂျင်နိုဆိုဒ် လုပ်ဖို့ သာမန်လူထုရဲ့ အားပေးထောက်ခံမှုကိုတော့ လိုကိုလိုအပ်တယ်။ အနည်း ဆုံးအဆင့် သာမန်လူထုရဲ့ စိတ်ထဲကနေကြိတ်ပြီးထောက်ခံနေမှုကိုတော့ လိုအပ်တယ်။
ပါးစပ်က ထုတ်မပြောသော်လည်း “ကောင်းတယ်။ အဲဒီလူမျိုးတွေကို နှိပ်ကွပ်နေတာမှန်တယ်” လို့ စိတ်ထဲကနေ ကြိတ်ကြည်နူးပြီး လိုလားနေတာမျိုး သာမန်ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေဖို့လိုအပ်တယ်။ ဒါဟာ ဂျင်နိုဆိုဒ် ရာဇဝတ်မှုမှာ ပြည်သူလူထုပါဝင်မှုပုံစံရဲ့ အနိမ့်ဆုံးအဆင့်ပဲ။ ဒီလိုပါဝင်မှုမျိုးဖြစ်ပေါ်လာရေးအတွက် ရှေ့မှာရေးခဲ့တဲ့ နင်းခြေဖိနှိပ် ကိုင်တွယ်ခံထားရတဲ့လူထုဟာ ရေခံမြေခံကောင်းပဲ။ အကြောက်တရားနဲ့ဖိနှိပ်ပြီး လွတ်လပ်စွာပြောရေးဆိုခွင့်မရှိတဲ့ လူ့အဖွဲ့အစည်းဟာ အာဏာပိုင်တွေရဲ့ အသုံးချခံဖြစ်ဖို့ ပိုလွယ်ကူပါတယ်။

ထကြွသောင်းကျန်းခြင်းမဟုတ်သော ထောက်ပြပြောဆိုခြင်း
—————————————————————-
ဒီမိုကရေစီရင့်ကျက်ခိုင်မာပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ကာလကြာ ရှည်စွာကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းမှာတော့ အာဏာပိုင်တွေလုပ်သမျှကို လူထုတစ်ရပ်လုံးက တစ်လုံးတစည်းတည်း ထောက်ခံတယ်ဆိုတာမျိုးက အင်မတန်
မှရှားပါတယ်။ အဲလိုလူ့အဖွဲ့အစည်းမှာတော့ တစ်စုမဟုတ်တစ်စုက အာဏာပိုင်တွေကို “မင်းတို့လုပ်တာရာဇဝတ်မှုနော်။ တစ်ချိန်ချိန်မှာ ဥပဒေအရ အရေးယူခံရမှာနော်” လို့ တစ်ပြည်လုံးကြားအောင် အသံပြဲပြဲနဲ့ အော်နေပါလိမ့်မယ်။ အာဏာပိုင်တွေဟာ ပြည်သူလူထုတစ်ရပ်လုံးကို ငြိပ်ဝပ်ပိပြားသွား အောင် လုပ်လို့မရတဲ့အတွက် ဒီမိုကရေစီရင့်ကျက်ခိုင်မာတဲ့ လူ့အဖွဲ့အစည်းမှာ ဂျင်နိုဆိုဒ်ဖြစ်ဖို့ဆိုတာ အတော်ခဲယဉ်းသွားပါတယ်။ ဥပမာ-အမေရိကန်ပြည် ထောင်စုမှာဖြစ်ခဲ့တဲ့ လူဖြူလူမည်းပြဿနာကို ကြည့်ရအောင်ပါ။ လူမည်းတွေဟာ လူဖြူတွေနဲ့အတူ ဘက်စ်ကားအတူစီးခွင့်မရှိ။ လူဖြူ တက်တဲ့ဘုရားကျောင်းကို လူမည်းတက်ခွင့်မရှိ။ လူဖြူတွေထိုင်တဲ့ဆိုင်မှာ လူမည်း
တွေထိုင်ခွင့်မရှိဆိုတဲ့အထိကို ခွဲခြားဖိနှိပ်မှုတွေက ပြင်းထန်ပါတယ်။ ဒါတွေဟာ ၁၉၇၀ ပတ်ချာလည်နှစ်တွေအထိကို ဖြစ်ခဲ့တာပါ။ ဆန်းစစ်ကြည့်ရင် လူဖြူလူမဲခွဲခြားမှုဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့
အဆင့် ၁၀ အနက်က အဆင့် ၆ ဖြစ်တဲ့ polarization အဆင့်ထိကိုရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ဂျင်နိုဆိုဒ်ရဲ့အပြင်း ထန်ဆုံး အဆင့်ဖြစ်တဲ့ extermination အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ အဆင့်ကို ရောက်မသွား ခဲ့ပါဘူး။
အဲလိုမကောင်းတဲ့အဆင့် တွေကို တက်မသွားဘဲ လူဖြူလူမဲပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီး ကျွန်တော်တို့မျက်စိရှေ့မှာတင် လူမဲသွေးပါတဲ့ အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလိုဖြေရှင်းနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းထဲကတခုကတော့ အမေရိကန်ပြည်သူတွေရဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်ပါပဲ။ လူမည်းတွေအပေါ်ဒီလို ခွဲခြားဖိနှိပ်ခြင်းတွေဟာ “ရာဇဝတ်မှု မြောက်တဲ့လုပ်ရပ်တွေဖြစ်ကြောင်း၊ တရာမျှတမှုမရှိတဲ့ကိစ္စဖြစ်ကြောင်း” ထောက်ပြပြောဆိုတဲ့ အမေရိကန်လူဖြူ သတင်းစာဆရာတွေ၊ ဂျာနယ်လစ်တွေ၊ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေရဲ့ စကားသံတွေ ဆောင်းပါးတွေဟာ ဂျင်နိုဆိုဒ် ရာဇဝတ်မှုကို တားဆီးခဲ့ပါတယ်။

ကိုယ့်ထမင်းကိုယ်စားပြီး တပါးအလုပ်ဝင်လုပ်ပေးသူများကြောင့်
———————————————————————
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်တိုင်လည်း လူဖြူဖြစ်ပါလျက် လူမည်း တွေအတွက် တိုက်ပွဲဝင်ပေးတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုကို စူပါ ပါဝါနိုင်ငံအဖြစ် ဆက်လက်တည့်တံ့အောင်မြင်စေခဲ့တာပါ။ အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဖက် ဆိုဗီယက်လူ့အဖွဲ့အစည်းမှာတော့ အာဏာရှင်စတာလင်ရဲ့ deportation ကို ဆန့်ကျင်ထောက်ပြတဲ့သူ မရှိခဲ့ပါဘူး။ ဒါကြောင့် ဂျင်နိုဆိုဒ်ရဲ့အပြင်းထန်ဆုံးအဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး လူမျိုးစုတိုင်းရဲ့ရင်ထဲမှာ နာကျည်းမှုဒဏ်ရာတွေ ကိန်းအောင်းခဲ့ရပါတယ်။
“လူများစုဖြစ်တဲ့ ရုရှားတွေကိုယ်တိုင်လည်း အာဏာရှင်တွေရဲ့ နှိပ်ကွပ်မှုခံနေရတာပဲ” လို့ မျှချေချလို့မရပါဘူး။ လူနည်းစုတွေရဲ့ ပြင်းပြနာကြည်းဖွယ်ရာစိတ်ဒဏ်ရာဟာ အခါအခွင့်သင့်ချိန်မှာ ဆိုဗီယက်ပြည်ထောင်စု ကနေ ခွဲထွက်ဖို့ ဖြစ်သွားခဲ့ပါတယ်။ စူပါပါဝါ ဆိုဗီယက်ရုရှားဟာ အစိတ်အမွှာအမွှာ ပြိုကွဲထွက်သွားပါတော့တယ်။ “မကောင်းမှုကို လုပ်တဲ့သူတွေကြောင့် လူ့အသိုင်းအဝိုင်းပျက်စီးသွား တာမဟုတ်ဘူး။ အဲဒီမကောင်းမှုလုပ်နေတာကို မတားဆီးဘဲ မဆိုင်သလိုနေ တဲ့သူတွေကြောင့်သာ လူ့အသိုင်းအဝိုင်းပျက်စီးရတယ်” ဆိုတဲ့စကားကိုပဲ ထပ်ပြီးအမှတ်ရစရာပါ။

 

အပိုင်း (၆)

လူထုတစ်ရပ်လုံးကို လက်ခုပ်ထဲကရေလို လုပ်နိုင်ပြီးတဲ့နောက်မှာတော့ အာဏာပိုင်တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်ရာမှာ အဆင့်ဆင့်အသုံးချပါ တော့တယ်။

အဆင့် – ၁ = ပစ်မှတ်ရှာဖွေခြင်း
—————————————-
တကယ်တော့ အာဏာပိုင်တွေရဲ့ စိတ်ကူးစိတ်သန်းထဲမှာ သူတို့နဲ့ ဘာသာမတူ လူမျိုးမတူသူအားလုံးဟာ ပစ်မှတ်ပါပဲ။ ဂျင်နိုဆိုဒ်ဖြစ်ပွားပုံအဆင့် ၁၀ ဆင့်အနက်က ပထမ အဆင့်ဖြစ်တဲ့ classification=အမျိုးအစားခွဲခြားခြင်းနဲ့ ဒုတိယအဆင့်ဖြစ်တဲ့ symbolization = တံဆိပ်ကပ်ခြင်းတွေဟာ သာမန်လူသားသဘာဝတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့သဘာဝတွေမဟုတ်လို့ ကြီးထွားကျယ်ပြန့်မလာအောင်ထိန်းချုပ်ထားရပါတယ်။
ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်တဲ့ အာဏာပိုင်တွေကတော့ သူတို့နဲ့လူမျိုးမတူ၊ ဘာသာမတူတဲ့ လူမျိုးစုတွေအားလုံးအပေါ်မှာ အတန်းအစားခွဲခြား ခြင်းနဲ့ တံဆိပ်ကပ်ခြင်းတွေကို ကြီးထွားသည်ထက်ကြီးထွားအောင် လုပ်ထားလေ့ရှိပါတယ်။ အဲလိုအာဏာပိုင်တွေအုပ်ချုပ်တဲ့တိုင်းပြည်မှာ လူနည်းစုဘာသာ ဝင်တွေ လူမျိုးစုငယ်တွေဟာ နေရာတိုင်းနေရာတိုင်းမှာ အနည်းနဲ့အများ ခွဲခြား ဆက်ဆံခြင်းကို ခံနေရလေ့ရှိပါ။ အဲလို ခွဲခြားဆက်ဆံခံနေရတဲ့ လူနည်းစုထဲမှာမှ အင်အားအနည်းဆုံး လို့ အာဏာပိုင်တွေကယူဆထားတဲ့ လူမျိုးစုဟာ ဂျင်နိုဆိုဒ်ရဲ့ အပြင်းထန်ဆုံး အဆင့်အဖြစ်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ငရဲခန်းတွေနဲ့ ကြုံတွေ့ရတာပါ။ ကျန်တဲ့လူမျိုးစုငယ်တွေကတော့ အာဏာပိုင်တွေက သွေးတိုးစမ်းပြီး လုပ်လို့ရသလောက်လုပ်တာကိုခံနေရင်းနဲ့ dehumanization လူအဖြစ်မှ တဆင့်နိမ့်သူများအဖြစ် သတ်မှတ်ဆက်ဆံခံနေရတာမျိုးတွေ၊ polarization ထောင့်စွန်းတစ်ဖက်ကို တွန်းပို့ဂျောင်ပိတ်ခံနေရတာမျိုးတွေ တွေ့ကြုံခံစားနေရလေ့ရှိပါတယ်။

သတင်းစကားဆင့်ဆိုခြင်း
——————————-
အတန်းအစားခွဲခြားခြင်းနဲ့ တံဆိပ်ကပ်ခြင်းတွေအပြီးမှာတော့ ပစ်မှတ်ထားခံရတဲ့ လူမျိုးစုနဲ့ပတ်သတ်ပြီး အမုန်းတရားဟောတဲ့အဖွဲ့တွေကို အာဏာပိုင် တွေကိုယ်တိုင်က လွှတ်ပေးထားတာ၊ တိုက်ရိုက်အားပေးအားမြှောက်လုပ်တာ တွေ ဆက်ဖြစ်လာပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူလူထုကို အဲဒီလို သွေးထိုးပေးရုံနဲ့ ဂျင်နိုဆိုဒ်ဖြစ်မလာသေးပါဘူး။ “အဲဒီလူမျိုးစုကို တိုအစိုးရကိုယ်တိုင်က ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်ဟေ့” ဆိုတဲ့ သတင်းစကားကို ထပ်ပြီးခိုင်ခိုင်မာမာ လူထု ကြားအမြင်ရှင်းသွားအောင်ထပ်လုပ်ရလေ့ရှိပါတယ်။
ဥပမာ အားဖြင့် -အရင်က မှတ်ပုံတင်လုပ်ဖို့သွားရင် မှတ်ပုံတင်ရုံးမှာပဲသွေးနှောလို့ ခွဲခြားခံရမယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်လုပ်ဖို့ ပစ်မှတ်အဖြစ်သတ်မှတ်ထားပြီဆိုရင် တော့ အဲလိုခွဲခြားမှုတွေကို လူထုကြားမှာတင် ပေါ်တင်ကျင့်သုံးတာမျိုး အစိုးရ ကိုယ်တိုင်က လုပ်လာမယ်။ ကျောင်းတွေမှာ ဆိုင်းဘုတ်ထောင်ထားမယ် “သွေးနှောတွေကို မှတ်ပုံတင် လုပ်မပေးပါ” ဒါဟာ ဂျင်နိုဆိုဒ်ရဲ့ polarization အဆင့်ကို အကောင် အထည်ဖော်တာပါ။
ဒီလို ကျောင်း၊ ဈေးလိုနေရာတွေမှာ ခွဲခြားဖိနှိပ်တဲ့မူဝါဒကျင့်သုံး ကြောင်းကြေငြာခြင်းဟာ သာမန်လူထုကြီးကို ရှင်းလင်းတဲ့ သတင်းစကားကို ပေးလိုက်ခြင်းပါပဲ။ ဘာသတင်းစကားလဲဆိုတော့ “အဲဒီလူမျိုးကို အဲဒီလူ့အဖွဲ့ အစည်းကို ဂျင်နိုဆိုဒ်လုပ်ဖို့ ပစ်မှတ်ထားတယ်ဟေ့” ဆိုတဲ့သတင်းစကားပါပဲ။ ဒီအချိန်မှာ သာမန်လူထုကြားထဲကနေပြီးတော့ “မင်းတို့ အဲလိုခွဲခြားတာတော့ မကောင်းပါဘူးကွာ” လို့ ခိုင်ခိုင်မာမာထွက်ပြောတဲ့သူတွေရှိတယ်ဆိုရင် အာဏာ ပိုင်တွေအနေနဲ့ ရှေ့ဆက်တက်ဖို့ ခက်သွားလေ့ရှိပါတယ်။ အကြောက်တရားနဲ့ တောက်လျှောက်နင်းချေခံထားရတဲ့ လူထုမျိုးဆိုရင်တော့ အဲလိုထွက်ပြောပေးလေ့မရှိပါဘူး။ အမုန်းတရားကို အခြေခံပြီး စိတ်ထဲကနေ ဒီလိုခွဲခြားဖိနှိပ်မှုတွေကို ကြိတ်ကြည်နူးနေတာမျိုး အဲဒီထက် ပြင်းထန်တဲ့သူတွေဆိုရင် ပေါ်တင်ထောက်ခံတာမျိုးပါ လုပ်လေ့ရှိပါတယ်။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုမှာ polarization အဆင့်ဟာ turning point ပါပဲ။ ဒီ point မှာ ဆိုင်ရာလူထုကြီးထဲကသူတချို့က ဝင်ရောက်ထောက်ပြပြောဆိုလိုက်ရင် နောက်ပြန်ဆုတ်နိုင်သေးပါတယ်။ အဲလိုထောက်ပြတဲ့သူတွေမရှိဘူးဆိုရင်တော့ ရှေ့ဆက်တိုးလို့ ဆိုး သထက်ဆိုးတဲ့ ငရဲခန်းတွေလာပါတော့တယ်။ အာဏာရှင်စနစ်နဲ့ ဖိနှိပ်ခံရတဲ့ လူ့အဖွဲ့အစည်းမှာတော့ အဲလို ထောက်ပြပြောဆိုမည့်သူတွေ ပေါ်မလာနိုင်ပါဘူး။ ပေါ်လာခဲ့ရင်လည်း သူတို့အသက် အန္တရာယ်လုံခြုံရေးထိခိုက်တာကနေ ဘဝတက်လမ်းပိတ်တာမျိုး၊ မိတ်ပျက်တာ မျိုးဖြစ်လေ့ရှိတဲ့အတွက် ဘယ်သူကမှ အမုန်းခံပြီးထောက်ပြပြောဆိုတာမျိုး လုပ် လေ့မရှိတော့ပါဘူး။ အဲဒီအစား ရေစုံမျှောလိုက်တဲ့သူ၊ ခွင့်သာခိုက်မှာအမြတ်ဝင်ထုတ်သူတွေပဲ ပေါ်လာလေ့ရှိပါတယ်။

အပိုင်း (၇)

အဆင့် – ၂ = အကြောင်းပြချက်ရှာဖွေခြင်း
————————————————-


တကယ့်အစစ်အမှန်အကြောင်းရင်းကတော့ လူမျိုးစုငယ်တွေကို အနိုင်ကျင့်ချင်တဲ့စိတ်ပါပဲ။
ဒါပေမဲ့ သာမန်လူထုကြီးကို လှုံ့ဆော်ရာမှာ အာဏာပိုင်တွေအနေနဲ့ “လူမျိုးစုငယ်တွေကို အနိုင်ကျင့်ကြစို့ဟေ့” လို့ သွားအော်လို့မရပါဘူး။ သာမန် လူထုဆိုတာ နေ့စဉ် ကိုယ့်စားဝတ်နေရေးကိစ္စကိုသာ ဦးစားပေးတာပါ။ အဲဒီလိုသာမန်လူထုကြီးကိုလှုံ့ဆော်ရာမှာ “တို့တိုင်းပြည်ရဲ့ စီးပွားရေးကို အဲဒီလူမျိုးတွေက လက်ဝါးကြီးအုပ်ထားတယ်ဟေ့” လို့ စတင်လှုံ့ဆော်လေ့ရှိပါတယ်။ အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက်မှာဆင်းရဲကြပ်တည်းနေရတဲ့ သာမန်လူထုရဲ့ဒေါသကို လူနည်းစုတွေအပေါ်လမ်းကြောင်းဖောက်ပေးတဲ့ ဒီ လှုံ့ဆော်သံဟာ ရာစုနှစ်နဲ့ချီပြီး မရိုးနိုင်သေးဘဲ ထိရောက်နေပါသေးတယ်။
အာဏာရှင်တွေမွေးထားတဲ့ ခရိုနီလူတန်းစားမှာ လူမျိုးစုံ၊ ဘာသာစုံ ပါလေ့ရှိပြီး အဲဒီထဲကမှ ပစ်မှတ်ထားတဲ့အုပ်စုနဲ့ လူမျိုးဘာသာတူတဲ့ ခရိုနီကို အပေါ်ကလှုံ့ဆော်သံနဲ့ အချိန်ကိုက်ပွဲထုတ်ပြီး လူထုရှေ့မှာ လှုံ့ဆော်တဲ့ စကားမှန်ကြောင်း သက်သေထူပါသေးတယ်။ ဟစ်တလာကိုယ်တိုင်သည်ပင်လျှင် ဂျူးသွေးပါတဲ့သူဌေးတွေနဲ့ မကင်းရာမကင်းကြောင်း ဖြစ်ခဲ့ပါသေးတယ်။

နောက်ထပ် အကြောင်းပြချက်တစ်ခု
—————————————–
လူထုကို စားဝတ်နေရေးနဲ့ချိတ်ဆက်ပြီး လှုံ့ဆော်အပြီးမှာတော့ နောက်ထပ် အကြောင်းပြချက်က – “အဲဒီလူမျိုးတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်။ တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ၊ သာသနာဟာ အန္တရာယ် ကျရောက်နေပြီ” ဆိုတာပါပဲ။ ဒါမျိုးအကြောင်းပြချက်ကကျတော့ ပြည်တွင်းက သာမန်လူထုလောက် ကို ရည်ရွယ်တာမျိုးမကတော့ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ သတင်းစကား လှမ်းပါးတဲ့သဘောပါ။ အာဏာရှင်လက်သပ်မွေးထားတဲ့ ပညာရှင်တွေ လုံခြုံရေးဆိုင်ရာအကြံပေးတွေကို နိုင်ငံတကာဆွေးနွေးပွဲတွေမှာ ဒီလို အကြောင်းပြချက် အမှားတွေနဲ့ ဝင်ရောက်ဆွေးနွေးခိုင်းထားပြီး ပေါက်ရောက်သွားရင် အမြတ်၊ ပြည်ပက သမာသတ်ကျတဲ့ပညာရှင်က တန်ပြန်ချေပ ဆွေးနွေးရင် – “တို့တိုင်းပြည်ရဲ့လုံခြုံရေးကို ပြည်တွင်းကဒီလူမျိုးတွေနဲ့ ပြည်ပကဟိုကောင်တွေပေါင်းပြီး ဖျက်ဆီးနေပြီ။ နိုင်ငံတော်ဟာ အန္တရာယ်ကျရောက် တော့မယ်၊ အချိန်မှီ သုတ်သင်ရှင်းလင်းတာတွေမလုပ်ရင် တိုင်းပြည်နဲ့လူမျိုး ပျက်စီးရတော့မယ်” လို့ ထပ်ဆင့်ဝါဒဖြန့်ပါလိမ့်မယ်။ အာဏာရှင်လက်အောက် သာမန်လူထုဆိုတာ တစ်ပင်ထက် နှစ်ပင် လိမ်တဲ့နိုင်ငံရေးကို နားလည်နိုင်စွမ်းမရှိပါဘူး။ လွတ်လပ်တဲ့နိုင်ငံက ပညာရှင် တွေရဲ့ နိုင်ငံရေးအကန့်အသတ်မရှိဘဲ မညှာမတာထောက်ပြပြောဆိုတတ်တဲ့ သဘာဝကိုလည်း နားမလည်ပါဘူး။ “ဒီလိုပြင်းပြင်းထန်ထန်ထောက်ပြ ပြောဆိုခြင်းသည်” တို့နိုင်ငံကို ဖျက်ဆီးချင်လို့ပဲလို့သာ သာမန်လူထုအနေနဲ့ နားလည် သွားလေ့ရှိပါတယ်။

သိမ်းကြုံးအပြစ်ပေးခြင်း = collective punishment
————————————————————–


ဒီနောက်မှာတော့ ပြည်တွင်းပြည်ပ အကြမ်းဖက်အဖျက်သမားများ ရန်ကိုကာကွယ်ဖို့ သုတ်သင်ရှင်းလင်းမှုတွေ လုပ်ရတော့မယ်။ အဲဒီအတွက် ပစ်မှတ်ထားခံရတဲ့ လူမျိုးစုတစ်စုလုံးကို သိမ်းကြုံးအပြစ်ပေးလို့ရတယ်။ ဒီလိုလုပ်တာဟာ တရားတယ်လို့ သာမန်လူထုကြီးကိုယ်တိုင်က ယူဆသွားပါပြီ။ ဒီအချိန်မှာတော့ အာဏာပိုင်တွေရဲ့ မူရင်းအကြောင်းပြချက်ဖြစ်တဲ့ “အနိုင်ကျင့်ကြစို့ဟေ့” ဆိုတာကို အော်စရာမလိုတော့ဘဲ လက်တွေ့အကောင် အထည်ဖော်လို့ရပါပြီ။ အပြစ်ပေးအရေးယူခြင်းသဘောတရားအရ အမှန်တကယ် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်ပေါက်မှသာလျှင် ကျူးလွန်တဲ့ပုဂ္ဂိုလ်ကို အပြစ်ပေးလို့ရပါ တယ်။ လူတစ်ဦးချင်းစီဟာ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်ပဲ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်လုပ်တဲ့အခါမှာ မမှန်ကန်တဲ့ အကြောင်းပြချက်တွေပြပြီး လူမျိုး စုတစ်စုလုံးကို သိမ်းကြုံးအပြစ်ပေးတာမျိုးတွေလုပ်လေ့ရှိပါတယ်။
ဥပမာ-စတာလင်ဟာ ချေချင်းတွေ၊ တာတာတွေ၊ ကာလ်မစ်ခ်တွေကို ရက်ရက်စက်စက် ဆိုင်ဘေးရီးယားကိုပို့ပြီး သတ်ဖြတ်ခြင်းအတွက် အကြောင်းပြတာက “ဒီလူမျိုးစုတွေဟာ ဆိုဗီယက်ကိုဆန့်ကျင်ပြီး နာဇီတွေနဲ့ ပူးပေါင်းဆောင် ရွက်လို့ပါ” တဲ့။ လက်တွေ့မှာတော့ ချေချင်းတွေထဲမှာ နာဇီနဲ့ ပူးပေါင်းဆောင်ရွက် သူဟာ ရာဂဏန်းသာရှိပါတယ်။ ဒါပေမဲ့ ချေချင်းလူမျိုး ၄ သိန်းကျော်လုံးကို အပြစ်ပေးခဲ့ပြီး ချေချင်း ၁ သိန်းခွဲလောက် သေဆုံးခဲ့ရပါတယ်။ ကာလ်မစ်ခ်တွေဆိုရင် ဆိုဗီယက်တပ်နီတော်ထဲမှာကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင် နေကြတာပါ။ တချို့ဆိုရင် စတာလင်ဂရက်တိုက်ပွဲမှာ သတ္တိပြောင်ပြောင်နဲ့ တိုက်ပွဲဝင်ခဲ့လို့ ဆိုဗီယက်သူရဲကောင်းတံဆိပ်ရတဲ့သူတွေတောင်ရှိပါတယ်။ ဒါပေမဲ့ ကာလ်မစ်ခ်အားလုံး ဆိုင်ဘေးရီးယားအပို့ခံရတော့ တပ်နီတော်ထဲက ကာလ်မစ်ခ်စစ်သားတွေလည်း လက်နက်ဖြုတ်သိမ်းခံရပြီး ဆိုင်ဘေးရီးယား လိုက်သွားရ ပါတယ်။
စတာလင်ရဲ့ ပစ်မှတ်ထားတဲ့ လူမျိုးစုအားလုံးကို သိမ်းကြုံးအပြစ် ပေးခြင်းဟာ ဆိုဗီယက်နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် သစ္စာဖောက်တွေကို ရှင်းလင်းတာလို့ အကြောင်းပြချက်နဲ့ လုပ်ခဲ့တာပါ။ တပ်နီတော်ထဲက ကာလ်မစ်ခ် စစ်ပြန်တယောက်ရဲ့ “အပြစ်မရှိတဲ့ လူတစ်ယောက်ကို မှားယွင်းပြီးအပြစ်ဒဏ် ပေးမိတာဟာ ဆိုးဝါးတဲ့ကိစ္စပါ။ အပြစ်မရှိမှန်းသိသိနဲ့ လူတစ်ယောက်ကို အပြစ် ဒဏ်ပေးတာဆိုရင်တော့ တအားဆိုးဝါးတဲ့ ကိစ္စပေါ့။ အဲ…လူမျိုးစုတစ်စုလုံးကို သိမ်းကြုံးအပြစ်ဒဏ်ပေးတာမျိုးကတော့ ဘယ်လောက်ဆိုးဝါးကြောင်းပြောဖို့ စကားလုံးတောင် ရှာမရတော့ပါဘူးဗျာ” ဆိုတဲ့စကားကိုပဲ ပြန်ပြောပါရစေတော့။

အပိုင်း (၈)

အဆင့် ၃ = နည်းလမ်းရှာဖွေခြင်း
—————————————


အာဏာပိုင်တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို အကောင်အထည် ဖော်နေချိန်အတွင်း သာမန်ပြည်သူလူထုရှေ့မှာ နိုင်ငံတကာဖိအားကို အရေး အရာမသွင်း ထီမထင်ဟန်လုပ်ပြရင်း သူတို့ကိုယ်သူတို့ အမျိုးသားရေးသူရဲကောင်း ကြီးတွေသဖွယ် ပုံဖော်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အတွင်းဝိုင်းအစည်းအဝေးပွဲတွေမှာတော့ နိုင်ငံတကာရဲ့ ဖိအားနဲ့ တုန့်ပြန်မှုကို နေ့စဉ်ဆန်းစစ်နေလေ့ရှိပြီး လိုအပ်ရင်လိုအပ်သလို ရာဇဝတ်မှုရဲ့အရှိန်ကို အတိုးအလျှော့ ကစားလေ့ရှိပါတယ်။ နိုင်ငံတကာရဲ့ဖိအား လုံးဝမသက်ရောက်တဲ့ အချိန်ကျရင် ပစ်မှတ်ထားတဲ့ လူမျိုးစုငယ်တွေဟာ အစုလိုက်အပြုံလိုက်သုတ်သင်သတ်ဖြတ်မှုကို နှစ်ပေါက်အောင်ထိခံရလေ့ရှိပါတယ်။
ဥပမာ-အာမေးနီးယန်းတွေကို အော်တိုမန်အာဏာပိုင်တွေက ဂျင်နိုဆိုဒ်လုပ်တာဟာ ပထမကမ္ဘာစစ်ကာလအတွင်းမှာပါ။ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အစိုးရတွေဟာ စစ်ကြီးအပေါ်ကိုသာအာရုံစိုက်နေတာမို့ အာမေးနီးယန်းတွေဟာ လှိမ့်ပိန့်နေအောင်ကို ခံလိုက်ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူးတွေကိုလုပ်တာတွေ၊ ဆိုဗီယက်တွေက လူနည်းစုတွေအပေါ်လုပ်တာတွေဟာလည်း နိုင်ငံတကာအာရုံထားမှုကို မရခဲ့ပါဘူး။ အဲလို နိုင်ငံတကာရဲ့အာရုံမထားမှုဟာ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင် တွေအတွက်ကတော့ အတိုင်းထက်အလွန် သဘောကျစရာပေါ့ဗျာ။
အာဏာပိုင်တွေရဲ့ နည်းလမ်းရှာဖွေခြင်းဆိုတာလဲ အဲလိုနိုင်ငံတကာက အာရုံစိုက်မလာအောင်၊ နိုင်ငံတကာရဲ့အာရုံကို ထွေပြားသွားအောင်လုပ်ခြင်းပါပဲ။ အဲဒီလိုလုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ စစ်ပါပဲ။

စစ်ပွဲပုံရိပ်ကိုအကာအကွယ်ယူရောင်ပြန်တော်လွှတ်၍
————————————————————


ရိုးရိုးလေးစဉ်းစားကြည့်ပေါ့ဗျာ။ နေရင်းထိုင်ရင်း လူနည်းစုတွေကို အစုလိုက်အပြုံလိုက်ထသတ်တာ ထက် စစ်ဖြစ်လို့လူတွေအများကြီးသေကုန်တာပါလို့ အကြောင်းပြပြီး သတ်ရ တာက ရာဇဝတ်ကောင်တွေအတွက် ပိုအဆင်ပြေတာပေါ့ဗျာ။ ဒီမှာတင် အော်တိုမန်တူရကီ၊ ဂျာမနီ၊ ဆိုဗီယက်တို့လို အင်အား ကြီးနိုင်ငံတွေက ကမ္ဘာစစ်ကြီးတွေရဲ့ပုံရိပ်ကို အကာအကွယ်ယူပြီး ဂျင်နိုဆိုဒ် လုပ်သလို သူတို့လောက် အင်အားမတောင့်တင်းတဲ့ နိုင်ငံတွေကလည်း ဒေသ ဆိုင်ရာစစ်ပွဲတွေကို အကာအကွယ်ယူပြီး ဂျင်နိုဆိုဒ်လုပ်လေ့ရှိပါတယ်။ ဒီဘက်ခေတ်အနေအထားအရ ကမ္ဘာစစ်တွေထဖြစ်ဖို့ကလည်း မရှိတော့ပါဘူး။ နိုင်ငံအချင်းချင်းကြား အငြင်းပွားစရာပြဿနာတွေကို ဖြေရှင်းပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ခုံရုံးတွေအများကြီးရှိနေတာမို့ အင်အားချင်းတူတဲ့ နိုင်ငံ အချင်းချင်း စစ်ထဖြစ်ဖို့ကလည်း မရှိသလောက်ပါပဲ။
ဒီတော့ ဖြစ်စရာစစ်က “ပြည်တွင်းစစ်” ပဲကျန်ပါတော့တယ်။ ပြည်တွင်း က လူနည်းစုတွေကိုနှိပ်ကွပ်ဖို့ ပြည်တွင်းစစ်မီးကို တမင်တကာမီးမွှေးတဲ့ အနေ အထားတွေကို ဖြစ်လာပါတော့တယ်။ ဘော့စ်နီးယားပြည်တွင်းစစ်၊ ဆားဘီးယားကိုဆိုဗိုပြည်တွင်းစစ်၊ ရဝမ်ဒါပြည်တွင်းစစ်၊ ကမ္ဘောဒီယားပြည်တွင်းစစ်တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုနဲ့ နှီးနွယ်တဲ့ ပြည်တွင်းစစ်တွေပါပဲ။ နိုင်ငံတကာအနေနဲ့ အဲဒီဖြစ်စဉ်တွေကို သာမန် စစ်ပွဲတွေအဖြစ်ယူဆမိလို့ ရာဇဝတ်ကောင်တွေဟာသန်းနဲ့ချီတဲ့ လူတွေကို သတ်ဖြတ်ခွင့် ရသွားခဲ့ပါတယ်။

အပိုင်း (၉)

ပြည်တွင်းစစ်? ဂျင်နိုဆိုဒ်နှင့် သာမန်လူထု
—————————————————


ပြည်တွင်းစစ်တတစ်ခုမှာ ပြတ်ပြတ်သားသား အနိုင်ရတဲ့ဘက်ဆိုတာ ရှားပါတယ်။ ကြာလေလေ နှစ်ဖက်လုံး နစ်နာလေလေပါပဲ။ ဒါ့ကြောင့် ဖြေရှင်း လိုတဲ့ အစိုးရဆိုရင် ခပ်မြန်မြန်ပွဲဖြတ်လေ့ရှိပြီး ပွဲဆက်ရှည်နေရင်လည်း စစ်ဘောင် ကျယ်မလာအောင် level တစ်ခုမှာထိန်းထားလေ့ရှိပါတယ်။ အဲလိုထိန်းမထားဘဲ ရှိသမျှ အားကုန်ထုတ်တိုက်ရင် ရှေရှည်ကျ တိုင်းပြည်စစ်စရိတ်ထောင်းတာပဲ အဖတ်တင်ပါတယ်။ [ဥပမာ-ထိုင်းဟာ နိုင်ငံတောင်ပိုင်းက သူပုန်တွေကို ကိုင်တွယ်ရာမှာ level တစ်ခုနဲ့ပဲ ထိန်းပြီးကိုင်တွယ်ပါတယ်။ သမားရိုးကျ စစ်ပွဲတစ်ခုကိုတိုက်သလို မတိုက်ပါဘူး။ အဲလိုတိုက်ရင်လည်း တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်မယ်။ လူတွေ အများကြီးသေမယ်။ သူပုန်တွေအများကြီးကို သတ်ကောင်းသတ်နိုင်မယ်။ ဒါပေမဲ့ စစ်ပွဲကပြတ်မှာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံပဲ စစ်စားရိတ်ထောင်းပြီးမွဲသွားမှာကို အစဉ်အဆက်သောထိုင်းအစိုးရတွေက သိပါတယ်။ အာဏာသိမ်းတဲ့ ထိုင်း စစ်ဗိုလ်ချုပ်တွေတောင် ဒီအချက်ကိုနားလည်ပါတယ်။]
နစ်နာနေရက်သားနဲ့ ပြည်တွင်းစစ်ကို မကြာကြာအောင် ဆွဲဆန့်နေတာ၊ စစ်ဘောင် မကျယ်ကျယ်လာအောင် လုပ်နေတာဆိုရင်တော့ နောက်ကွယ်မှာ တခြားသော ရည်မှန်းချက်တွေရှိလို့ဆိုတာ သေချာပါတယ်။ ဒီလိုနောက်ကွယ်က ရည်မှန်းချက်တွေထဲမှာ ပြည်တွင်းစစ်ဟာ စစ်တပ် က အရာရှိကြီးတွေအတွက် အကျင့်ပြတ်ခြစားဖို့ ဂွင်တွေဖန်တီးပေးနေတယ် ဆိုတာလောက်ကိုတော့ သာမန်ပြည်သူတွေက ရိပ်မိပါတယ်။ ဒီမိုကရေစီစနစ်အောက်မှာဆိုရင်တော့ ထိရောက်တဲ့ စာရင်းစစ်ဌာနရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မီဒီယာအားကိုပေါင်းလိုက်ရင် စစ်တပ်တစ်ခုလုံးဟာ အကျင့်ပျက်ခြစားမှုကို ဒီလို နှစ်ပေါင်းကြာချီ စနစ်တကျ အုပ်စုဖွဲ့ပြီး လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒီလို ဝါးတီးဂွင်ဖန်ဖို့ ပြည်တွင်းစစ်တစ်ခုကို ဟီးလေးဆွဲပြီးတိုက်နေဖို့လည်း မလွယ်တော့ပါဘူး။ နိုင်ရင်နိုင် မနိုင်ရင်ရပ်ဆိုတာမျိုး ဖြစ်ကိုဖြစ်လာမှာပါ။ စစ်စရိတ်ပွန်းတာကို ကိန်းဂဏန်းအချက်အလက်နဲ့ မြင်ရတာကိုးဗျ။
စစ်တပ်က ဝါးတီးဂွင်ဖန်နေတာကို စာရင်းအင်းနဲ့ တိတိကျကျ မီဒီယာမှာ မြင်နေရရင် သာမန်ပြည်သူလူထုကြီးက ငုပ်တုပ်ထိုင်ကြည့်မနေနိုင်ပါဘူး။ လူထုအခွင့်အရေးနစ်နာနေပြီး တိုင်းပြည်မွဲပြာကျစေတဲ့ ပြည်တွင်းစစ်ကို ရပ်ဆိုင်း ဖို့ ပြည်သူလူထုကိုယ်တိုင်က ရှေ့ထွက်တောင်းဆိုလာကြမှာပါ။ အဲလို စစ်ရပ်ဆိုင်းရေးကို တောင်းဆိုလာကြတာနဲ့တပြိုင်နက် စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ခံရပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးစုတွေဟာ အတိုင်း အတာတစ်ခုထိ သက်သာခွင့်ရလာကြမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိုင်းပြည်တွင်းမှာရှိတဲ့ လူများစုလူထုကြီးနဲ့ လူနည်းစုဝင် လူမျိုးစုတွေအကြား “အတိုင်းအတာတခုထိ” ရင်ဘတ်ခြင်း နီးစပ်စေပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှု ဖြစ်ပွား ဖို့ကို “အတန်ငယ်” အလှမ်းဝေးသွားစေပါလိမ့်မယ်။
ဥပမာအနေနဲ့ ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၄၀ ကျော်လောက်ဖြစ်နေသော်လည်း အဲဒီနိုင်ငံတွေကို ဂျင်နိုဆိုဒ်ရာဇဝတ်နိုင်ငံ တွေအဖြစ် တံဆိပ်ကပ်မခံရတာဟာ ထိုင်းနဲ့ဖိလစ်ပိုင်မှာ ဒီမိုကရေစီမူဘောင် အခြေခံတချို့ ရှင်သန်နေလို့ပါ။ အဲဒါနဲ့ဆန့်ကျင်ဘက် အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ မှာတော့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်းကြာရှည်လာရုံမက စစ်ဘောင်ဟာလည်း ကျယ်သထက် ကျယ်လာပါတယ်။ စာရင်းစစ်ချုပ်ဟာလည်း ဒီမိုကရေစီနိုင်ငံတွေ မှာလို လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်မရှိရုံမက မီဒီယာလွတ်လပ်ခွင့်ကလည်းပိုဆိုးနေပါသေးတယ်။ လက်ရှိအခြေအနေအရ စာရင်းစစ်ချုပ် ဝင်ရောက်စစ်ဆေးခွင့်မရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးပါ။ အဲဒီလုပ်ငန်းတွေကို ဘယ်သူ၊ ဘယ်အဖွဲ့ တွေကပိုင်လဲဆိုတာလည်း လူတိုင်းသိတဲ့ကိစ္စပါ။ ဒါဆို ပြည်တွင်းစစ်ဖြစ်နေတာ အကျင့်ပျက်ခြစားမှုကြောင့်ပေါ့။ ဂျင်နိုဆိုဒ်နဲ့ဘာဆိုင်လဲ? ဆိုတဲ့မေးခွန်းထွက်လာပါတယ်။ ပြည်တွင်း စစ်ဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ဂျင်နိုဆိုဒ်
————————————–

အော့ခ်ျဝဇ် အကျဉ်းစခန်းအကြောင်းကို ကြည့်ရအောင်ပါ။
တော်တော်များများက အော့ခ်ျဝဇ်ကို လူသတ်စခန်းကြီသပ်သပ်လို့ ထင်နေကြတာပါ။ အမှန်လည်း လူ ၁ သန်းကျော် အသက်ပျောက်ခဲ့ရတဲ့စခန်းပါ။ ဒါပေမဲ့ လူသတ်စခန်းချည်းသပ်သပ်မဟုတ်ပါဘူး။ စခန်းထဲမှာ သိုလှောင်ရုံတွေ၊ လူနေအိမ်ယာတွေ၊ နာဇီဝန်ထမ်းတွေအပန်းဖြေဖို့ အရက်ဘားတွေ၊ အလုပ်ရုံတွေနဲ့ အဲ…ပြည့်တန်ဆာရုံတောင် ရှိသေးသဗျာ။ ဖမ်းဆီးလာတဲ့လူတွေ ဆီကပစ္စည်းတွေကို သိမ်းယူဖို့နဲ့ ထုပ်ပိုးဖို့ဌာနလည်း သီးသန့်ရှိတယ်။ အဲဒီဌာနလက်အောက်မှာမှ ငွေကြေးဌာနခွဲ လက်ဝတ်လက်စားဌာနခွဲ အမှတ်တရပစ္စည်းဌာနခွဲ စသဖြင့် ခွဲထားသေးတယ်။ ဒီဌာနခွဲတွေဟာ အကျင့်ပျက်ခြစားမှုတအားဖြစ်တဲ့နေရာတွေပေါ့။ ငွေကြေးဌာနခွဲက နာဇီဝန်ထမ်းဆိုရင် ကမ္ဘာပေါ်မှာသူမကိုင်ဘူးတဲ့ပိုက်ဆံမရှိဘူးလို့ ဆိုသဗျ။ သူကိုင်ရတဲ့ပိုက်ဆံထဲ ကနေ သူအတွက်လည်း ယူလို့ရသမျှ ကဲ့ယူထားသေးသတဲ့။ လက်ဝတ်လက်စားဌာနခွဲမှာလည်းဒီအတိုင်းပဲတဲ့ဗျာ။
ကျွန်တော်လည်း အစက အောက်ခြေဝန်ထမ်းတွေ စိတ်မထိန်းနိုင်လို့ ယူတာပဲလို့ထင်နေတာ။ ဘယ်ကမလဲဗျာ။ ရတဲ့ပိုက်ဆံတွေထဲက တချို့ကို နိုင်ငံတော် ဘဏ္ဍာသွင်းပြီး တချို့ကို အဆင့်ဆင့်ဝေခွဲယူကြတာဗျ။ ဘယ်အဆင့်ထိ ရောက်တယ်ထင်လဲဗျ။
ဂတ်စတာပိုခေါင်းဆောင် ဟင်းမလားအဆင့်ထိ ဒီလိုယူတဲ့အထဲမှာပါနေပါရောလား။ လက်ဝတ်လက်စားတွေထဲက အဖိုးတန်တဲ့ ဟာတွေဆိုရင် လည်း ရာထူးကြီးငယ်အလိုက် ယူကြတာချည်းပဲ။ ဒီလို ရတနာတွေဟာ နာဇီ အရာရှိကြီးတွေအဖို့ ချိုမြိန်တဲ့ အသီးအပွင့်တွေပေါ့။ အကျင့်ပျက်ခြစားတာကိုရပ်ဖို့ စစ်ဆေးရေးလွှတ်လည်း ခဏပဲ။ လာတုန်းရပ်ထားတယ်။ ပြီးရင် ပြန်ခိုးကြတာပဲ။ ဟစ်တလာရဲ့ အနီးကပ် ဟင်းမလားကိုယ်တိုင်က ခိုးနေမှကိုးဗျာ။
နာဇီတွေထဲမှာလည်း အော့ခ်ျဝဇ်မှာ တာဝန်ထမ်းဆောင်ခွင့်ရရေး လာဘ်ပေးလာဘ်ယူတွေ ဖြစ်လာတာပေါ့ဗျာ။ ရှေ့တန်းမှာ သေတာထက်စာရင် အော့ခ်ျဝဇ်မှာ ဇိမ်နဲ့ဂျူးတွေကိုသတ်ဖြတ်ညှဉ်းဆဲရင်း ခိုးရဝှက်ရတာကို သွားရည် ယိုနေတဲ့သူတွေ ပေါ်လာတာပေါ့ဗျာ။ နာဇီတွေတင် ခိုးတာလားဆိုတော့ မဟုတ်သေးဘူး။ မောင်းထုတ်ခံရတဲ့ ချေချင်း၊ တာတာ၊ ကာလ်မစ်ခ်တွေရဲ့ ပိုင်ဆိုင်မှု တွေထဲက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ဆိုဗီယက်အာဏာပိုင်တွေက ရယူစံစားကြတာပေါ့ဗျာ။
ဆားဘီးယားနိုင်ငံမှာဆိုရင်လည်း ကိုဆိုဗိုနဲ့ဘော့စ်နီးယားမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်လို့ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားတဲ့အချိန် မှာ ဆားဘီးယားနိုင်ငံဟာ ဓါတ်ဆီပြတ်လပ်သွားပြီး မောင်းမရတဲ့ကားတွေကို ပစ်ထားလိုက်တာ ၂ မိုင်လောက်ရှည်တဲ့ ကားတန်းကြီးဖြစ်သွားပါရော။ ဆားဘီး ယားမှာ အဲဒီအချိန်တုန်းက ဓါတ်ဆီဟာ ရွှေထက်တောင်တန်ဖိုးကြီးသတဲ့။ တင်စားပြောတာမဟုတ်ပါ။ အမှန်တကယ်ဈေးနှုန်းကိုက အဲသလိုဖြစ်သွားတာ။ ဓါတ်ဆီ မှောင်ခိုသွင်းပြီး ဈေးကြီးနဲ့ရောင်းစားနိုင်တဲ့ကောင်ဟာ သူဌေးပဲ။
အဲ…ဆားဘီးယားနိုင်ငံရဲ့ အကြီးဆုံးဓါတ်ဆီမှောင်ခိုကုန်သည်ဟာ ဘယ်သူများဖြစ်မယ်ထင်သလဲ?  ဆားဘီးယားနိုင်ငံရဲ့သမ္မတကြီး မီလိုဆီဗစ် ကိုယ်တိုင်ဖြစ်နေပါ ရောလား! သူ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်လို့ စီးပွားရေးပိတ်ဆို့ခံရပြီး ဒုက္ခရောက်နေတဲ့ပြည်သူကို အဲသလို ဂုပ်သွေးပြန်စုပ်တာ။ မီလိုဆီဗစ်ပါးစပ်ကတော့ ဆာဘ် လူမျိုးတွေကိုချစ်ကြောင်း တစ်လုံးမလျှော့ဘူး။ အကျင့်ပျက်ခြစား ဝါးတီးဖွင့်တာ လည်း တစက်လေးမှမလျှော့ဘူး။
ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဟာ အကျင့်ပျက်ခြစားမှုနဲ့ နီးနီးကပ်ကပ်ကို ဆက်နွယ်လေ့ရှိတယ်။ သူတို့ခိုးတာဝှက်တာကို လူမသိအောင် နိုင်ငံတော်လုံခြုံရေးအတွက် အစစ်ဆေးမခံနိုင်ဘူးဆိုတဲ့ပုံစံလည်း တောက်လျှောက်ဖန်တီး ထားလေ့ရှိတယ်။
ဒီမိုကရေစီထွန်းကားပြီး transparency ရှိရှိ အလုပ်လုပ်တတ်တဲ့ လူ့အဖွဲ့အစည်းမှာတော့ ဂျင်နိုဆိုဒ်ဖြစ်ဖို့ ခက်လေ့ရှိပေမယ့် အမြဲတမ်း လုံခြုံရေး အကြောင်းပြပြီး အရာရာမှာလျှို့ဝှက်တတ်လွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဂျင်နိုဆိုဒ်ဖြစ်ဖို့ လွယ်လာတယ်ဆိုတာရဲ့ ဥပမာတွေပါ။

အပိုင်း (၁၀)

ပဋိပက္ခနှင့် ရောင်ပြန်တော်လွှတ်၍
——————————————


အာဏာပိုင်တွေအနေနဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို ကျူးလွန်ရာမှာ စစ်ပွဲပုံရိပ်ကိုဗန်းပြပီး ကျူးလွန်လေ့ရှိသလို နောက်ထပ်နည်းလမ်းတစ်ခုကတော့ ပဋိ ပက္ခပါပဲ။ လူမှုအသိုင်းအဝိုင်းတွေကြားပဋိပက္ခ (communal violence)
ဖြစ်နေတယ်လို့ ကြေငြာချက်ထုတ်ပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို အကောင်အထည် ဖော်တာပါ။ ပစ်မှတ်ထားခံရတဲ့ လူမျိုးစုနဲ့ပတ်သတ်လို့ အတန်းအစားခွဲခြားခြင်းနဲ့ တံဆိပ်ကပ်ခြင်းတွေကို တောက်လျှောက်ကြီးထွားကျယ်ပြန့်လာအောင် အာဏာပိုင်တွေကိုယ်တိုင်လုပ်ထားတဲ့အတွက် လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခဖြစ်ဖို့က လည်း လွယ်ပါတယ်။
ဓါတ်ဆီအသင့် မီးခြစ်အသင့်အနေအထားလို့ ပြောရမှာပါ။ ခြစ်လိုက် တာနဲ့ ဝုန်းခနဲထတောက်တော့မှာပါ။ လောင်စာထပ်ဖြည့်တဲ့အနေနဲ့ အမုန်း တရားဟောတဲ့သူတွေကို လွှတ်ထားတာ၊ အားပေးအားမြှောက်လုပ်ထားတာတွေ အပြင် ပစ်မှတ်ထားတဲ့ လူမျိုးစုကို ထောင့်စွန်းတဖက်ကို တွန်းပို့ဂျောင်ပိတ်ထား လိုက်ပြန်ပါတယ်။ ပြီးရင်တော့ မီးခြစ်ခြစ်လိုက်ပါလိမ့်မယ်။ မတော်တဆ ဖြစ်စဉ်တစ်ခု ကနေစတင်တဲ့ပုံနဲ့ violence တွေစတင်ပါလိမ့်မယ်။ တကယ်တော့ မတော်တဆ လုံးဝမဟုတ်တဲ့ စနစ်တကျ ကြိုတင်စီစဉ် အကွက်ရိုက်လုပ်တာပါ။ ဒါပေမဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ လူတွေကိုထိန်းမရတော့ဘူး။ အားလုံး ဝရုန်းသုန်း ကားဖြစ်ကုန်ပြီလို့ပဲ ပါပါလိမ့်မယ်။
အမှန်မှာက အဲလို ဗရမ်းဗတာမျိုးမဟုတ်ဘဲ ဒီဖြစ်စဉ်ကို မစတင်ခင် ကတည်းက အာဏာပိုင်တွေဟာ “ဘယ်နှစ်ရက်အတွင်း အပြီးလုပ်မယ်၊ ဘယ်မြို့ရဲ့ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းထိလုပ်မယ်” ဆိုတာကို စစ်ဆင်ရေး စီမံချက်ဆွဲသလို ဆွဲပြီးသားပါ။
နိုင်ငံတကာ တုန့်ပြန်မှုအခြေအနေအရ လိုအပ်ရင်လိုအပ်သလို အရှိန် အတိုးအလျှော့လုပ်ဖို့ plan – A ၊ plan – B ဆိုတာလည်း ဆွဲပြီးသားပါ။ ရဝမ်ဒါမှာ UN တပ်တွေထွက်သွားရင် ပြည်သူ့စစ်တွေကို အစွမ်းကုန်ထုတ်သုံးဖို့ စီမံချက်၊ UN တပ်တွေ မထွက်ခွာရင် စစ်တပ်က ပြည်သူ့စစ်တွေကို တချို့နေရာတွေမှာ လိုက်ထိန်းပေးဖို့စီမံချက် ၂ မျိုးလုပ်ထားပါတယ်။ လက်တွေ့မှာတော့ UN တပ်တွေထွက်ခွာသွားတဲ့အတွက် သတ်ဖြတ်ပွဲဟာ အရှိန်မြင့်သွားပြီး ၃ လလောက်အတွင်း လူ ၁ သန်းနီးပါး အသတ်ခံ လိုက်ရပါတယ်။
တကယ်လို့ UN တပ်တွေသာ ဆက်ရှိနေရင် ဒီလောက် အသတ်ခံရဖို့ မရှိပါဘူး။ တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက် ဓါးထမ်းပြီး၊ မီးတုတ်ကိုင်ပြီး လူသတ်မီးရှို့နေတဲ့ ဟူတူပြည်သူ့စစ်တွေကို သာမန်လူရမ်းကားတွေလို့ထင်ထားမိတာ အမှားကြီးမှားခဲ့ပါတယ်။ ဒီပြည်သူ့စစ်တွေဟာ တွတ်ဆီ တွေကိုတင်မကဘဲ တွတ်ဆီတွေကို အကာအကွယ်ပေးတဲ့ ဟူတူတွေကိုလည်း မညှာပါဘူး။ ပစ်မှတ်ထားတဲ့ တွတ်ဆီနဲ့ဆက်စပ်ပတ်သတ်သမျှဟာ ချေမှုန်းခံရ ပါတယ်။ လူသတ်ပွဲမဖြစ်ခင်ကတည်းက အစိုးရကိုယ်တိုင် သစ်ခုတ်ဓါးတွေကို သိန်းချီဝယ်ယူထားပြီး စနစ်တကျ ဖြန့်ဝေပေးလိုက်တာပါ။ အားလုံးဟာ ကြိုတင် လက်ဝါးရိုက် အကွက်ချလုပ်တာပါ။ အများသူငါ ထင်သလို လူတွေအချင်းချင်းမုန်းလွန်းလို့ တစ်အုပ်စုနဲ့ တစ်အုပ်စု ထသတ်ကုန်ကြတယ်ဆိုတာမျိုး၊ ထိန်းမနိုင်သိမ်းမရဖြစ်ကုန်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။

အဆင့် – ၄ = ကျူးလွန်ခြင်း
——————————-
အသေးစိတ်ရေးမနေတော့ပါဘူး။ ဂျင်နိုဆိုဒ်ရဲ့ အပြင်းထန်ဆုံး အဆင့်ဖြစ်တဲ့ အစုလိုက်အပြုံလိုက်သုတ်သင်သတ်ဖြတ်ခြင်းပါပဲ။ နာဇီတွေက ဓါတ်ငွေ့ ခန်းတွေကို သုံးတယ်။ ဆိုဗီယက်တွေက ရထားထဲမှာ ကြပ်ညပ်၊ ငတ်ပြတ် အေးခဲ ပြီး သေသွားစေတဲ့နည်းကိုသုံးတယ်။ ရဝမ်ဒါမှာ ပေါင်းခုတ်၊ သစ်ခုတ်ဓါးတွေနဲ့ လိုက်ခုတ်တယ်။ ဘော့စ်နီး ယားနဲ့ ကိုဆိုဗိုမှာ သေနတ်နဲ့ပစ်သတ်တယ်။ လူသတ်နည်းတွေ အစုံအလင်ပါပဲ။ ဒါပေမဲ့ တစ်ခုတော့ ခိုင်ခိုင်မာမာ သိထားဖို့လိုပါတယ်။ ဂျင်နိုဆိုဒ်ဆိုတာ ဓါတ်ငွေခန်းတွေ လူသတ်ကွင်းတွေမှာ စတင်တာ မဟုတ်ပါဘူး။

ရေခံမြေခံကောင်း
——————–


လူ့အဖွဲ့အစည်းတွေကြား ရင်ဘတ်ချင်းဟလာတဲ့အချိန်မှာ ဘုမသိ ဘမသိ သာမန်လူထုကို အမုန်းတရား မှိုင်းတိုက်တာကနေ ဂျင်နိုဆိုဒ်စတင်တာပါ။ သာမန် နေတဓူဝကြားနေရပြီး ရိုးသလောက်တောင်ရှိနေတဲ့ အတွေး အမြင်ပိတ်စေတဲ့ ဝါဒဖြန့်ချီမှုတွေနဲ့ အကြောက်တရားအောက်ပြားပြားဝပ်နေတဲ့လူ့အဖွဲ့အစည်းဟာ ဂျင်နိုဆိုဒ်ဖြစ်ဖို့ ရေခံမြေခံကောင်းပါပဲ။ တန်ပြန်နိုင်ဖို့က တစ်ခုပဲရှိပါတယ်။ ရင်ဘတ်ကိုကျယ်ကျယ်ဖွင့်ထားဖို့ပါပဲ။
ဥပမာ – ကျွန်တော်က အင်ဂျင်နီယာ။ ဒါ့ကြောင့် HIV နဲ့ AIDS အကြောင်းသိစရာမလိုဘူး။ ကျွန်တော်လည်း လယ်သမား။ ဒါ့ကြောင့် HIV နဲ့ AIDS အကြောင်း သိစရာမလိုဘူး။ စသဖြင့်ပြောလို့မရပါဘူး။ HIV နဲ့ AIDS အကြောင်းကို ဆရာဝန်တစ်ယောက်လို သိစရာမလိုသော်လည်း ကိုယ့်ကို ကူးစက်မလာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာလောက်တော့ ဘယ်သူမဆို သိထားဖို့လိုပါတယ်။ Genocide ဆိုတာလည်း လူ့အဖွဲ့အစည်းလိုက် ကူးစက်ခံရတဲ့ ရောဂါဆိုးပါပဲ။ ဂျင်နိုဆ်ုဒ်ဖြစ်လာရင် ခံရတဲ့လူမျိုးစုလည်း နစ်နာသလို ကျူးလွန်တဲ့လူမျိုးစုလည်း မသက်သာပါဘူး။ ကျူးလွန်ခံလိုက်ရတဲ့လူမျိုးစုဟာ မျိုးဆက်တစ်ဆက်စာနစ်နာသွားပြီး ကျူးလွန်တဲ့လူမျိုးဟာ မျိုးဆက်ပေါင်းများစွာ နစ်နာ ပါတယ်။
လက်တစ်ဆုပ်စာသော အာဏာပိုင်တွေနဲ့ သူတို့အသိုင်းအဝိုင်းက လုပ်တဲ့ရာဇဝတ်မှုအတွက် လူမျိုးတစ်မျိုးလုံးဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန် တဲ့လူမျိုးလို့ တံဆိပ်ကပ်ခံရတာမို့ ဘုမသိဘမသိ လူထုဟာနစ်နာပါတယ်။
အာဏာပိုင်တွေဖိနှိပ်တာကိုလည်းခံရ၊ အဲဒီအာဏာပိုင်တွေကျူးလွန်တဲ့ ရာဇဝတ်မှုအတွက်လည်း ခေါင်းခံရနဲ့အသုံးချခံလူထုကြီးဟာ မိအေးအကြိမ်ကြိမ်နာတာမျိုး တွေဖြစ်သွားလေ့ရှိပါတယ်။

အပိုင်း (၁၁)

မထိရောက်သော သတိပေးစကား
—————————————–


ဒါပေမဲ့ ဂျင်နိုဆိုဒ်နဲ့ပတ်သတ်တဲ့ သတိပေးစကားတွေဟာ ဖြစ်နေစဉ် အတွင်းမှာ ထိရောက်လေ့မရှိပါဘူး။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ “ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါ” ဆိုတဲ့ သတိပေးစကားတောင် မလိုက်နာတဲ့သူတွေအများကြီးပါ။ ကိုယ့်အတွက်အသက်အန္တရာယ်ရှိလို့ပြောတဲ့ သတိပေးစကားတောင် မလိုက်နာတဲ့သူတွေ အများကြီးပါ။
ကိုယ့်အသက်အန္တရာယ်မဟုတ်ဘဲ ကိုယ်မုန်းတဲ့ လူမျိုးတွေရဲ့ အသက် အန္တရာယ်အတွက် သတိပေးစကားပြောတာမျိုးကို စိတ်မဝင်စားကြတာ၊ လျစ်လျူ ရှုတာဟာ ဖြစ်တတ်တဲ့သဘောလို့တောင် ပြောရမှာပါ။ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့သူအချင်းချင်းကို လူလို့မမြင်တော့ဘဲ လူ့အဆင့်အောက် နိမ့်ကျသူတွေလို့မြင်အောင် dehumanization အဆင့်ကို အကောင်အထည်ဖော်ပြီးသား။ အဖွဲ့အစည်းမှာ ဂျင်နိုဆိုဒ်နဲ့ပတ်သတ်တဲ့ သတိပေးစကားတွေဟာ ထိရောက်မှုမရှိတော့တဲ့အပြင် အဲလိုသတိပေးစကားပြောသူတွေဟာ လူအများရဲ့ မုန်းတီးခြင်းကိုတောင် ခံရလေ့ရှိပါတယ်။

ဒါပေမဲ့ မပြောလို့မဖြစ်ပါဘူး
———————————
မပြောရင် ဘုမသိဘမသိနဲ့ ပြည်သူတွေဟာ အသုံးချခံရပါတယ်။ သာမန် ပြည်သူတွေမပြောနဲ့ ပညာတတ်လူတန်းစားတောင် မလွတ်တန်းအသုံးချခံဘဝကိုရောက်သွားတတ်ပါတယ်။ ဥပမာ-Sonnestein Clinic နာဇီတွေဟာ အာရိယန်ဂျာမန်သွေးကို အလွန်အင်မတန်မှ သန့်စင်မွန်မြတ်တယ်လို့ ခံယူကြပါတယ်။ တခြားလူမျိုးတွေနဲ့ သွေးနှောတာမပြောနဲ့ ဂျာမန်လူမျိုးထဲမှာတောင် သွေးညစ်သွေးပုပ်လို့ သတ်မှတ်ထား သူတွေ မရှိစေချင်ပါဘူး။ နာဇီတွေဟာ ၁၉၃၉ မှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ် အင်္ဂါချို့တဲ့သူတွေ၊ မွေးရာပါရောဂါရှိတဲ့သူတွေကို ဂျာမန်မျိုးဆက်ကိုဖျက်ဆီးမယ့် သူတွေလို့ သတ်မှတ်လိုက်ပါတယ်။
ဒီမှာတင်ပဲ အဲလိုရောဂါရှိတဲ့သူတွေဟာ ဂျာမန်လူမျိုးများပင်ဖြစ်လင့် ကစား သုတ်သင်ရမယ့်စာရင်းထဲ ပါကုန်ပါတယ်။ ဒါကို အကောင်အထည်ဖော် ပေးရသူတွေကတော့ ဂျာမန်ဆရာဝန်တွေပါ။ ဘာမှအပြစ်မရှိတဲ့ မွေးရာပါ ရောဂါသည် ဂျာမန်ကလေးတွေနဲ့ စိတ်ရောဂါသည်တွေဟာ carbon monoxide ဓါတ်ငွေ့လွှတ်ပြီး အသတ်ခံရပါတယ်။ ဒါကို Nazi’s Euthanasia Programme လို့ခေါ်ပါတယ်။ အပေါ်က Sonnestein ဆေးရုံမှာ အဲလိုလူ ၁ သောင်းကျော် သတ်ဖြတ် ခံရပါတယ်။ ဂျာမန်ဆရာဝန်တွေလက်နဲ့ ဂျာမန်လူမျိုးတွေ အသတ်ခံရတာပါ။ တအားကို လူမျိုးရေးသွေးသန့်ချင်စိတ်နဲ့ လုပ်ကြတာပါ။ [Sonnestein လိုဆေးရုံ မျိုး ဂျာမနီမှာ ၆ ခုရှိခဲ့ပါတယ်။]
အဲလို အချင်းချင်းတောင် လူမဆန်ဘဲ ရက်ရက်စက်စက်လုပ်တဲ့စိတ်ဟာ ရင်ဘတ်ကျယ်ကျယ်ဖွင့်မထားတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒကနေ အရင်း တည်လာတာပါ။ ပညာမတတ်လို့ပါလို့ပြောရအောင်လည်း ဂျာမနီတလွှားက ဒိတ်ဒိတ်ကြဲ Prof. တွေကိုယ်တိုင် ဦးဆောင်လုပ်တာပါ။ ဂျာမနီသာ ဒုတိယကမ္ဘာစစ်နိုင်သွားခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ မတွေးရဲစရာပါ။ ဒီမှာတင် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်တဲ့ လူ့အဖွဲ့ အစည်းနိုင်ငံနဲ့လူမျိုးတွေကို ဦးချိုးထားရမယ်။ မဟုတ်ရင် တစ်ကမ္ဘာလုံး ဒုက္ခ ရောက်သွားလိမ့်မယ်ဆိုတဲ့ အနေအထားဖြစ်လာပါတယ်။

နောက်ထပ်ဥပမာ တစ်ခု
—————————–


၁၉၉၈ ခုနှစ် ကိုဆိုဗိုဒေသမှာ ဆာဘ်တပ်မတော်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေလုပ်လို့ အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေက ဆားဘီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ခဲ့ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့အတူ တောင်းဆိုချက်လည်းပါလာပါတယ်။ ဆားဘီးယားသမ္မတ မီလိုဆီဗစ်အနေနဲ့ ကိုဆိုဗိုဒေသကို မူလအတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်သတ်မှတ်မယ်ဆိုရင် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ပြန်လည်ပယ်ဖျက်ပေးမယ်ဆိုတဲ့ တောင်းဆိုချက်ပါ။
ဒါကို မီလိုဆီဗစ်က ဘယ်လိုတုန့်ပြန်သလဲဆိုတော့ “ဆားဘီးယားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အချုပ်အခြာအာဏာကိုထိပါးတဲ့ အမေရိကန်နဲ့ အပေါင်းအပါတွေကို ဆန့်ကျင်ကြောင်း” ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပါတယ်။ ဆာဘ်လူမျိုး ၉၅ % က မီလိုဆီဗစ်ဝါဒဖြန့်တဲ့အတိုင်း ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ မီလိုဆီဗစ်က “ငါတို့ရဲ့ အမျိုးသားရေးစည်းလုံးညီညွတ်မှုကို မြင်ရပြီး အင်အားကြီးနိုင်ငံတွေနောက်ဆုတ်သွားလိမ့်မယ်” လို့ တွေးတာပါ။
ဂျင်နိုဆိုဒ်ပညာရပ်ဆိုင်ရာရှုထောင့်အရ အစုလိုက်အပြုံ လိုက်သတ်ဖြတ်တဲ့ရာဇဝတ်မှုတွေကို သာမန်ပြည်သူလူထုကိုယ်တိုင်က ထောက်ခံအားပေးနေခြင်း သည်ပင်လျှင် ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ ဝိသေသလက္ခဏာဖြစ်ကြောင်း သတ်မှတ် ထားတဲ့အတွက် ဆားဘီးယားနိုင်ငံအပေါ် ပြတ်ပြတ်သားသား အရေးယူဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားခဲ့ကြပါတယ်။ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ စစ်ရေးအရ စွက်ဖက်ခံရ မှုဟာ ဥရောပမှာ အလယ်အလတ်စီးပွားရေးအင်အားရှိတဲ့ ဆားဘီးယားနိုင်ငံကို ချည့်နဲ့သွားစေခဲ့ပြီး နိုင်ငံပြန်လည်တည်ထောင်ရေးအတွက် ဒေါ်လာ ၄သန်းကို တောင် မျက်နှာအောက်ချချေးရတဲ့ဘဝ ရောက်သွားစေပါတယ်။
အဲဒီအချိန်မှပဲ ဆာဘ်ပြည်သူတွေဟာ ဖြုန်းခနဲ သတိဝင်လာပြီး သူတို့အားလုံးဟာ မီလိုဆီဗစ်ရဲ့မှိုင်းကို မိနေကြသူတွေဖြစ်ကြောင်း သဘောပေါက် လာကြတာပါ။ ရွေးကောက်ပွဲမှာ မီလိုဆီဗစ်ကို ဖြုတ်ချလိုက်ပြီး [ယူဂိုဆလား ဘီးယားအတွက် သီးသန့်ဖွဲ့တဲ့] အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတော်ကို လွှဲပေးလိုက်ပါတယ်။မီလိုဆီဗစ်ဟာ တရားခံတယောက်အနေနဲ့ တရားရုံးတော်ကို ဆိုက် ရောက်လာမှပဲ ကမ္ဘာ့ဘဏ်က ဆားဘီးယား ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့ ဒေါ်လာ ၄ သန်းကို ထုတ်ချေးပေးပါတယ်။ ဆာဘ်ပြည်သူတွေဟာဂျင်နိုဆိုဒ်ရာဇဝတ်မှုနဲ့ပတ်သတ်တဲ့ အသိနောက်ကျတဲ့အတွက်ပေးဆပ်ခဲ့ရတာပါ။

နိဂုံး

မထင်မှတ်ပဲရေးဖြစ်ခြင်း
—————————-


ဒီ post တွေကို စိတ်ထဲမှာ စာစီထားဖြစ်တာကြာပါပြီ။ မရေးဖြစ်အောင် လက်ကို တောက်လျှောက်ထိန်းနေခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်ကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ဖို့ သေချာသလောက်ဖြစ်သွားချိန်မှာတော့ လက်တွေက ကီးဘုတ်ပေါ်ကို အလိုလိုရောက်သွားခဲ့ပြီး စာရေးနေပါတော့တယ်။ ဘရိတ်အုပ်လို့ မရ တော့ပါဘူး။ ဒီလိုနဲ့ ရေးဖြစ်သွားတာပါ။

စက်ဆုပ်ရွံရှာခြင်းမှသည် စာနာခြင်းသို့
———————————————-
အပိုင်း ၁ မှာ နာဇီတွေနဲ့ပူးပေါင်းပြီး ဂျူးတွေကိုနှိပ်ကွပ်တဲ့ ဂျာမန် အသိမ်းပိုက်ခံဒေသက သာမန်ပြည်သူလူထုရဲ့ သာရာကပ်တဲ့စိတ်ကို စက်ဆုပ်ရွံ ရှာခဲ့ကြောင်းရေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်နဲ့ပတ်သတ်တဲ့ လူထုရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းတုန့်ပြန် မှုတွေကို လေ့လာပြီးတဲ့အခါမှာတော့ အဲဒီ စက်ဆုပ်ရွံရှာစိတ်အစား ဘုမသိ ဘမသိ သာမန်လူထုရဲ့ အသိဥာဏ်ဂျပ်ပိတ်မှုကို စာနာမိလာပါတယ်။ မြန်မာပြည်တနှံတလွှား မဟုတ်တောင် ဟိုစပ်စပ် သည်စပ်စပ် ရောက်ရင် ဒေသခံတွေနဲ့ စကားပြောကြည့်ပါတဲ့အခါ လူမျိုးရေးအရ၊ ဘာသာရေးအရ ရန်လို နေတဲ့သူ ရှားပါတယ်။ အဲ ! ကိုယ့်ရဲ့ နေ့စဉ်စားဝတ်နေရေးကလွဲလို့ ကျန်တာ ဘာမှမသိတဲ့လူတွေကတော့ ရာနှုန်းပြည့်ပါပဲ။ တောနယ်တွေမှာဆို နေ့စဉ် ထမင်း တစ်လုပ်ရှာစားဖို့နဲ့ပဲ နေကုန်သွားကြသူတွေက အများစုပါ။ အဲဒီလိုလူတွေကို အာဏာပိုင်တွေကသာ သွေးခင်းတဲ့လမ်းဖွင့်ပေးလိုက်ရင်…။ ဟားးး ! မတွေးဝံ့စရာတွေပါလား…!  ဖြစ်လာလိမ့်မယ်မကပါဘူး။ မတွေးဝံ့စရာတွေဖြစ်ကိုဖြစ်ခဲ့ပါပြီ။

အကိုက်အခဲပျောက်ဆေး အကြိမ်ကြိမ်ပေး၍
—————————————————-
ဒီလို မတွေးဝံ့စရာတွေဖြစ်ခြင်းကို ကုသဖို့အတွက် ပွဲဦးထွက်ထုတ်သုံး တဲ့ဆေးကတော့ “ဘာသာပေါင်းစုံချစ်ကြည်ရေး” ပါ။ အကိုက်အခဲပျောက်ဆေးသဘောပေါ့။ ရေရှည် ဒါကြီးကိုချည့်ပဲ ထပ်ခါထပ်ခါထုတ်သုံးတော့ ဘာပုံစံပေါက်လာလဲဆိုတော့ မြန်မာပြည်မှာပဲ ဘာသာတစ်ခုနဲ့တစ်ခုက မုန်းနေသလိုလို၊ ရန်တွေဖြစ်နေသလိုလို။ ကျွန်တော်မန်းလေးမှာမွေး၊ မန္တလေးမှာကြီးလာတဲ့သူပါ။ မြန်မာပြည်မှာ ဘာသာတစ်ခုနဲ့တစ်ခု ဘာဆိုဘာပြသနာမှမရှိ။ အားလုံး ကိုယ့်ဖာသာ အေးဆေး နေကြတာ ကျွန်တော်တို့အသိဆုံးပါ။

ဒါဆို ရောဂါအမည်မှန်က ဘာလဲ ?
—————————————-


ဒီအဖြေရဖို့ လိုက်ရှာနေတဲ့သူက ကျွန်တော်တစ်ယောက်တည်းမဟုတ် ပါဘူး။ ဒါပေမဲ့ အဖြေမှန်တွေ့တဲ့သူ၊ တွေ့တဲ့အတိုင်းပြောရဲသူ၊ ပြောတဲ့အတိုင်း တာဝန်ခံရဲတဲ့သူက ရှားပါတယ်။ ဒီထဲမှာမှ ထူးထူးခြားခြား ထွက်ပြောလာသူတစ်ယောက်ရှိပါတယ်။ အဲဒီတစ်ယောက်က မြန်မာပြည်ကဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို ICC = အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးကို ၂၀၁၈ ခုနှစ်အတွင်း ရောက်စေ ရမယ်လို့ အာမခံပါတယ်။ ကျွန်တော်လည်း သူ့ပြောစကားကို အစက မယုံ့တယုံပါ။ ဒီပုဂ္ဂိုလ်ဟာ နာမည်ကြီးစင်ပေါ်က နိုင်ငံရေးသမားလည်းမဟုတ်။ ဆုတွေတသီကြီးရပြီး နေရာတကာ မိန့်ခွန်းခြွေပြနေတဲ့သူလည်းမဟုတ်။ ပုံစံကလည်း သူလိုကိုယ်လို။ အံမယ် အမေရိကန်မှာနေတယ်သာပြောတာ ကွမ်းကဝါးသေး။ ဘာလူမျိုးလဲလို့ စုံစမ်းကြည့်တော့ သံတွဲသား၊ ရခိုင်သွေးပါတဲ့သူ။ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့တောင် ဆွေမကင်းမျိုးမကင်း။
ဘယ်နှဲ့…! ဘာတွေလဲဟ…?

သူပြောတဲ့ Genocide အကြောင်း လေ့လာကြည့်မယ်ကွာ
——————————————————————
ဒါနဲ့ Genocide Convention ရဲ့ဖခင် Dr.Raphael Lemkin အကြောင်း သိလာတယ်။ Dr.Lemkin ဟာ ဂျူးလူမျိုး၊ အစ္စ ရေးနိုင်ငံတည်ထောင်ဖို့ ထောက်ခံတဲ့ ဇိုင်ယွန်ဝါဒီ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဟိုလိုကော့စ်ရဲ့မြင်ကွင်းကို ထောက် ပြပြီး Genocide Convention အတွက် ကမ္ဘာ့ကိုယ်စားလှယ်သံတမန်တွေရဲ့ ထောက်ခံမှုကိုရှာရာမှာ သူရဲ့နိုင်ငံရေး ခံယူချက်ဖြစ်တဲ့ ဇိုင်ယွန်ဝါဒကို နောက် ပို့ လိုက်တယ်။
Dr.Lemkin ဟာ အစ္စရေးနိုင်ငံ အကြောင်း တစ်လုံးတစ်ပါဒမျှ ထည့်မပြောခဲ့ဘူး။ ဂျူး ၆ သန်း အသတ်ခံရတဲ့အတွက် သနားဂရုဏာသက်သောအားဖြင့် အစ္စရေးနိုင်ငံတည်ဆောက် ပေးပါလို့ မတောင်းဆိုဘူး။ သူတောင်းဆိုတာက မနုသလူသားထုတစ်ရပ်လုံးကောင်းကျိုးအတွက် Genocide Convention ကို ပြဌာန်းပေးပါလို့တောင်းဆိုတာ။ Dr.Lemkin ရဲ့မျှတမှုကိုသိတဲ့အတွက် Genocide Convention ကိုအာရပ်နိုင်ငံတွေကလည်း အားတက်သရောထောက်ခံတယ်။ ဘယ်လောက်ထိ ထောက်ခံလည်းဆိုတော့ Dr.Lemkin ရဲ့ သီအိုရီပိုင်းအရသတ်မှတ်တဲ့ Cultural Genocide ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတယ်။
လူတန်းစားကွဲပြားမှုအရ အစုလိုက်အပြုံလိုက်သတ်တာတွေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာဖျက်ဆီးမှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် Genocide Convention မှာထည့်သွင်းဖို့ အာရပ်နိုင်ငံတွေက ထောက်ခံတယ်။ ဒါပေမဲ့ ဆိုဗီယက်အုပ်စုကရော အနောက်အုပ်စုကပါ အဲလိုကျယ်ကျယ် ပြန့်ပြန့်ထည့်သွင်းတာကို မထောက်ခံဘူး။ အနောက်အုပ်စုကဆိုရင် လူ့အခွင့်အရေးကြေငြာစာတမ်းမှာ ထည့်ပေးပါ့မယ်လို့ချွေးသိပ်ခဲ့ပြီး အခုထိ ထည့်မပေး သေးပါဘူး။ မြင်စေချင်တာက ဂျင်နိုဆိုဒ်ကိစ္စဟာ လူမျိုးရေး၊ ဘာသာရေးဘောင် လောက်နဲ့ အကန့်ခံထားရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဂျူးတစ်ယောက်တင်သွင်းတဲ့ ဥပဒေကို အာရပ်တွေက ဝိုင်းထောက်ခံချိန်ဟာ ၁၉၄၆-၄၈ အာရပ်-အစ္စရေး ပြဿနာအကြီးအကျယ်တက်နေချိန်ပါ။ ဒါပေမဲ့လည်း အာရပ်တွေက ထောက်ခံ တာပါပဲ။
ဂျင်နိုဆိုဒ်ကိစ္စသည် ရာဇဝတ်မှုတိုက်ဖျက်ရေးကိစ္စပါ။ လူမျိုးရေး ဘာသာရေးကိစ္စ မဟုတ်ပါဘူး။

အရေးယူခြင်း
—————-
ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို အရေးယူရာမှာ individual accountability and individual punishment ဆိုတဲ့မူနဲ့ အရေးယူပါတယ်။ မြင်အောင်ပြောရရင် မီလိုဆီဗစ်ကို ဂျင်နိုဆိုဒ်ရာဇဝတ်မှုနဲ့ အပြည် ပြည်ဆိုင်ရာခုံရုံးကို တင်ပါတယ်။ ဒါပေမဲ့ မီလိုဆီဗစ်ရဲ့ပါတီကိုတောင် မဖျက်သိမ်းခိုင်းပါဘူး။ မီလိုဆီဗစ်ရဲ့ပါတီဟာ အခုထိဆားဘီးယားမှာ ရွေးကောက် ပွဲတွေဝင်တုန်း၊ ပါလီမန်မှာနေရာအနည်းငယ်တောင်ရနေသေးပါတယ်။
အဲ…! ပါတီထဲက ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်တဲ့ လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီကိုတော့ ခုံရုံးကိုတင်ပါတယ်။ တိုက်ရိုက်ကျူးလွန်သူကနေ စီမံကိန်းကျ ငွေကြေးထောက်ပံ့သူ၊ ဖုံးကွယ်ပေးသူအပါအဝင် ဝါဒဖြန့်လှုံ့ဆော်သူအထိ ကျယ်ကျယ်ပြန့်ပြန့်အရေးယူပေမယ့် ဝါးလုံးသိမ်းရိုက် အရေးယူတာ မျိုးတော့ မဟုတ်ပါဘူး။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုအတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်သာ အရေးယူပါတယ်။ ဒါပေမဲ့ ခက်တာတစ်ခုက ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဟာ အချုပ်အခြာအာဏာကို လက်ထဲထည့်ထားနိုင်သူတွေပါ။ ဒီမှာတင် သူတိုကို အရေးယူဖို့ လုပ်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်းဝါဒဖြန့်ပါတယ်။
ဘုမသိဘမသိလူထုဟာ သူတို့စကားကိုနားယောင်ပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို အားပေးထောက်ခံတဲ့ လူထုပုံစံဝင်သွားရင်တော့ ဂျင်နိုဆိုဒ်လုပ် တတ်တဲ့လူမျိုးဆိုတဲ့တံဆိပ်က မလွဲမသွေအကပ်ခံရမှာပါ။ အဲဒီအချိန်ကျရင် ဆုံးရှုံးနစ်နာမှုတွေ တအားကြီးပါတယ်။ ဒါတွေကို မဖြစ်
စေချင်လို့ ဒီစာတွေကိုရေးပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်
ပြီးပါပြီ

Kyaw Hla Oo