ရာဇဝတ်ဘေး ပြေးမလွတ်စေရ


၁၉၉၂ ခုနှစ်ဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အင်မတန်မှ ခက်ခဲကြမ်းတမ်းတဲ့နှစ်ပါပဲ။ စစ်ပွဲစတင်တဲ့ ၁၉၉၂ ဧပြီက စပြီး ၇ လအတွင်း ဘော့စ်နီးယန်းမွစ်ဆလင်မ် တစ်သိန်းလောက် အသက်ပျောက်ခဲ့ပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်မသွားရလေအောင် ရုန်းကန်တိုက်ပွဲဝင်ကြရပါတယ်။
၁၉၉၂ သြဂုတ်လကစပြီး US က စီနီယာဘုရှ် အစိုးရအဖွဲ့ဟာလည်း ရုန်းကန်နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲပြိုင်ဘက် ကလင်တန် ဟာ ဘော့စ်နီးယားကိစ္စကို စီနီယာဘုရှ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒကျရှုံးပွဲ အဖြစ် ထိုးနှက်မဲဆွယ်နေလို့ပါပဲ။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ယှဉ်ပြီး မီဒီယာတွေက ထုတ်လွှင့်နေတာရယ်၊ ကလင်တန်က မဲဆွယ်ပွဲတွေမှာ ထိုးနှက်နေတာရယ်ပေါင်းလိုက်ရင် ဘုရှ်အစိုးရ အဖွဲ့ရဲ့ အာဏာကုလားထိုင်ဟာ လှုပ်သည်ထက်လှုပ်လာပါတယ်။
ဘုရှ်အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာလွှဲခဲပစ်ထားမရ တော့ဘဲ တခုခုတော့ လုပ်ပြရတော့မှာပါ။ ဘုရှ်အစိုးရအဖွဲ့ တင်လိုက်တဲ့ လမ်း ကြောင်းက “ရာဇဝတ်ကောင်များကို အရေးယူရေး” ဆိုတဲ့လမ်းကြောင်းပါ။ ဒီမှာတင် ဝက်စ်တန်တို့လို CIA အရာရှိတွေဟာ သူတို့လုပ်ချင်တဲ့ အလုပ်ကို အတိုင်းအတာတခုထိ စလုပ်ခွင့်ရလာပါတယ်။ ဒီအချိန်မှာတော့ ဝက်စ်တန်တို့ရဲ့ အစီရင်ခံစာတွေကို ချောင်မထိုးတော့ တဲ့အပြင် တာဝန်တစ်ခုပါ ထပ်ပေးလိုက်ပါတယ်။
တာဝန်ကတော့ ရာဇဝတ်မှုတွေနဲ့ ပတ်သတ် လို့ ခိုင်ခိုင်မာမာသက်သေအထောက်အထားတွေရှာပြီး စနစ်တကျအုပ်စုခွဲမှတ်တမ်းတင်ပေးပါတဲ့။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံထားတဲ့ ကျင်းတွေ၊ အကျဉ်းစခန်း တွေ၊ မီးလောင်သွားတဲ့ရွာတွေ၊ မုဒိန်းစခန်းတွေနဲ့ပတ်သတ်ပြီး အသေးစိတ် ဇယားဆွဲစာရင်းပြုစုရပါတယ်။ ကျူးလွန်တဲ့ ဆာဘ်အရာရှိရဲ့နာမည်၊ ကိုယ်ရေးမှတ်တမ်းနဲ့ သူကွပ်ကဲ တဲ့ လက်အောက်ခံတပ်ရဲ့ အကြောင်းအရာတွေ၊ လုပ်ရပ်တွေဟာ CIA မှတ်တမ်း ထဲမှာ စနစ်တကျနဲ့ စာရင်းဝင်ပါတယ်။ CIA က ဘယ်လိုလုပ် ဒါတွေသိလဲလို့တော့ မမေးပါနဲ့။ ကျွန်တော် download ဆွဲလို့ရတဲ့ မြေပြင်က CIA အရာရှိရဲ့ အစီရင်ခံစာမှာဆိုရင် ဆာဘ်တပ်တွင်းက ရဲဘော်လစာမလောက်လို့ တပ်ထဲပြဿနာရှာတာက အစ တပ်ခွဲနံပါတ်၊ ရဲဘော်ကိုယ်ပိုင်နံပါတ်အတိအကျနဲ့ ပါပါတယ်။ ဒါက အထောက်အထား စုတဲ့အပိုင်းပါ။ ဝက်စ်တန်တို့အနေနဲ့ ဒီလို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေရလာဖို့ US အစိုးရ အဖွဲ့တွင်းမှာ အဆင့်တိုင်းအဆင့်တိုင်း ထိုးဖောက်လှုပ်ရှားသူတွေရှိပါတယ်။ (နောက်အပိုင်းမှာ ဒီအကြောင်းရေးထားပါတယ်။)

————————

ခုထိဘာမှဖြစ်မလာသေးဘူးလား၊ ကြာလိုက်တာ၊ စသဖြင့်ညည်းညူနေသူတွေမြင်စေဖို့ပါ။ မီလိုဆီဗစ်ကို ဖမ်းဆီးပြီး ခုံရုံးတင်တာက ၂၀၀၁ ခုနှစ်မှပါ။ ဒါပေမဲ့ ရာဇဝတ်မှုတွေကို စုံစမ်းထောက်လှမ်း စာရင်းပြုစုနေတာကတော့ ၁၉၉၂ ကတည်းကပါ။ ဆယ်စုနှစ် တစ်စုစာ အချိန်ယူခဲ့ရပါတယ်။
အဓိက ကတော့ အဲဒီအချိန်တုန်းက ဂျင်နိုဆိုဒ်ကို လက်တွေ့ကိုင်တွယ် ဖြေရှင်းဖို့ ကမ္ဘာ့လူသားထုကြီးကိုယ်တိုင် အတွေ့အကြုံနုနယ်ခဲ့လို့ပါ။ ခုခေတ်လို ICC ရုံးတော်တောင် မတည်ထောင်ရသေးချိန်ပေါ့။ မတရားမှုတွေ၊ တဖက်သတ် အနိုင်ကျင့်မှုတွေကို လုပ်ချင်သလောက် လုပ်ပြီး ငါတို့လုပ်တာ ဘယ်သူမှမသိဘူး၊ စီရင်မှုကနေလွတ်လိမ့်မယ်လို့ ထင်နေ တဲ့ကောင်တွေလည်း ကြပ်ကြပ်သတိထားပါ။ဆယ်စုနှစ် တစ်စုစာကြာခဲ့တာတောင် ရာဇဝတ်မှုဆိုတာ ဆွေးရိုးထုံးစံ မရှိခဲ့ဘူး။

ထိုးဖောက်လှုပ်ရှားသူများ

မစ္စတာဟူပါ ဆိုတာ US နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ဥရောပရုံးမှာ လက်ထောက်ဒါရိုက်တာပါ။ ဘော့စ်နီးယားမှာ ရာဇဝတ်မှုကြီးတွေ ဖြစ်လာချိန်မှ သူဟာ နိုင်ငံခြားရေးဌာန ကနေဒါရုံးရဲ့ ဒါရိုက်တာအဖြစ် ရာထူးတိုးသွားပါတယ်။ ဒါပေမဲ့လည်းသူဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာမလွှဲရက်ဘဲ ညနေရုံးဆင်းချိန်တွေပြီးတိုင်း ဝင်ရောက်ကူညီနေလေ့ရှိပါတယ်။ ဟူပါအနေနဲ့ အဲဒီလိုကူညီပေးဖို့ မေတ္တာရပ်ခံသူကတော့ ဘဲလ်ဂရိတ်ကနေ မကြာခင်ကမှ ပြန်ရောက် လာတဲ့ သံအမတ်ကြီးဟောင်း ဇိုင်မာမန် ပါ။ ဇိုင်မာမန်ဆိုတာ “ခရိုအေးရှားမှာ ဆိုးလှပီထင်တာလား? ဘော့စ်နီးယားမှာဖြစ်လာခဲ့ရင် အဲဒါထက်ပိုဆိုးလိမ့်မယ်”လို့သတိစကားဆိုခဲ့တဲ့ သံအမတ်ကြီးလေဗျာ။ (မသိသူများ အပိုင်း – ၂ ကိုပြန်ဖတ်ပါ။)
သူတို့အနေနဲ့ ပိုက်ဆံတပြားမှမရဘဲ၊ ကိုယ့်ရုံးလုပ်ငန်းနဲ့မဆိုင်ဘဲ ဒီလိုဝင်လုပ်ပေးနေရတဲ့ရည်ရွယ်ချက်ကတော့ ဘော့စ်နီးယားမှာ US အစိုးရအဖွဲ့ကိုယ်တိုင်ကြားဝင်စွက်ဖက်လာစေဖို့ပါ။ ၁၉၉၂ စက်တင်ဘာမှာ ဟူပါနဲ့ သူ့ဘော်ဒါ ဂျွန်ဆင်တို့ဟာ US နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘော့စ်နီးယားကိစ္စကို နာရီဝက်ကျော်လောက် ဆွေးနွေးခွင့် ရကြပါတယ်။ ဆွေးနွေးပွဲမှာတော့ စီနီယာဘုရှ်ရဲ့ လက်ရှိမူဝါဒဟာ အသုံးမဝင်ပုံနဲ့ မူဝါဒသစ်ချမှတ်ဖို့လိုနေကြောင်း အဓိကထားဆွေးနွေးခဲ့ကြပြီး တလက်စတည်း မူဝါဒအသစ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို အစီရင်ခံစာရေးတင်ဖို့ပါ ညွှန်ကြားချက်ရလာခဲ့ပါတယ်။
ဟူပါနဲ့ ဂျွန်ဆင်န်ဟာ အဲလိုအချက်အလက်တွေကို တောက်လျှောက်စုဆောင်းကိုင်တွယ်နေတဲ့သူတွေမို့ အချိန်သိပ်မယူရဘဲ ၂၇ မျက်နှာပါ အစီရင်ခံစာကို တင်နိုင်ခဲ့ပါတယ်။ နောက်လ နိုဝင်ဘာမှာတော့ ၂ နာရီခွဲကြာတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အပြီးမှာ US နိုင်ငံခြားရေးဝန်ကြီးက “ကျုပ်တို့ရဲ့မူဝါဒအဟောင်းက မြောင်းထဲရောက်နေတာပဲ” လို့ဝန်ခံလိုက်ပါတော့တယ်။ ဒါဆို US အစိုးရက တိုက်ရိုက် ဝင်ကိုင်တော့မလား?
ခက်တော့ခက်ပါသေးတယ်။ အဓိက,က ဘာအကြောင်းပြချက်နဲ့ ဝင်ကိုင်မလဲဆိုတာပါ။ ဘော့စ်နီးယားမှာ မတော်မတရားတဲ့ အဖြစ်အပျက်ကြီးတွေဖြစ်နေတာဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါ US နဲ့ ဘာဆိုင်လဲဆိုတဲ့ မေးခွန်းကို အရင်ဖြေရမှာပါ။ ဒီအတွက်အဖြေကတော့ ဘော့စ်နီးယားမှာဖြစ်နေတာတွေက တော်ရုံတန်ရုံဖြစ် နေတာတွေ မဟုတ်ဘူးဗျို့။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးပါဗျို့ ဆိုတာပါ။ အဲဒီအဖြေကို ပေးနိုင်ဖို့အတွက် ရာဇဝတ်မှုတွေကို ခိုင်ခိုင်မာမာသက်သေပြနိုင်ဖို့နဲ့အမှုတွဲတည်ဆောက်ဖို့က ပထမဦးစားပေးဖြစ်လာပါတယ်။ ဒီမှာတင် ဟူပါနဲ့ ဂျွန်ဆင်န်တို့အုပ်စုဟာ CIA က ဝက်စ်တန်တို့နဲ့ လက်ဝါးချင်း ရိုက်ရပါတယ်။
ဝက်စ်တန်တို့က ဖြစ်စဉ်တွေကို တောက်လျှောက် မှတ်တမ်းတင် အထောက်အထားယူနေတာဟုတ်တယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ဆိုတဲ့ အမှုတွဲအဖြစ် မှတ်တမ်းတင်နေတာမဟုတ်ဘူး။ ထောက်လှမ်းရေးအစီရင်ခံစာအဖြစ် မှတ်တမ်း ယူနေတာပါ။ ဂျွန်ဆင်တို့က အဲ့ဒီအထောက်အထားတွေထဲကမှ လိုအပ်တဲ့အပိုင်း ဆွဲထုတ်ပြီး ဂျင်နိုဆိုဒ်အမှုအဖြစ် တည်ဆောက်ပြရမှာ။ ဒီမှာတင် တိုက်ရိုက်ဝင်ဗျင်းတဲ့ကိစ္စမတိုင်ခင် အမှုတွဲတည်ဆောက်ခြင်းက အရင်လာတယ်ဆိုတာ ကိုယ့်လူတွေ မြင်ကြမှာပါ။ ဟုတ်ပီ အမှုတွဲတည်ဆောက်ပြီးပြီ။ ဝင်ဗျင်းလို့ရပီးလား?
ကိုယ့်ဖာသာအမှုတွဲတည်ဆောက်ပြီး ကိုယ့်ဖာသာစီရင်ချက်ချလို့၊ ဝင်ဗျင်းချင်တိုင်း ဗျင်းလို့မရပါဘူး။
အမှုတွဲကို လွတ်လပ်တဲ့ နိုင်ငံတကာ တရားရုံးမှာတင်ပြီး အမှုအရင်ဖွင့် ရပါတယ်။ ဒီတရားရုံးကလည်း CIA ရဲ့အစီရင်ခံစာအရ အမှုစစ်ဆေးသည်လို့ လုပ်လို့မရပါဘူး။ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေး ထားတာကိုပဲ သုံးပါတယ်။ ဒီအတွက် ဂျွန်ဆင်၊ ဝက်စ်တန်နဲ့ ဟူပါတို့စုထားတဲ့ အထောက်အထားတွေကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေလက်ထဲထည့်ပြီး အဲဒီအဖွဲ့တွေကလည်း မြေပြင်ဆင်းပြီး အတည်ပြုချက်ယူရပါတယ်။ (အထောက်အထားတွေကို သိပြီးသား။ ဒါပေမဲ့ လက်တွေ့ကွင်းဆင်းပြီး အတည်ပြုချက် ယူပြရပါတယ်။)
အဲဒီ အတည်ပြုချက်တွေကိုမှ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲရဲ့အစီရင်ခံစာအဖြစ် နိုင်ငံတကာတရားရုံးတော်တွေက သုံးခွင့်ရှိပါတယ်။ အမှုလမ်းကြောင်းပွင့်ပြီး တရားခံကို စီရင်နေပြီဆိုရင်တော့ ဘယ်ကလာတဲ့ အထောက်
အထားဖြစ်ဖြစ် ခိုင်လုံရင်သုံးလို့ရပါပြီ။ အမှုစဖွင့်ဖို့ကတော့ နေရာတိုင်းက အထောက်အထားကိုမသုံးပါဘူး။


ဘော့စ်နီးယားဂျင်နိုဆိုဒ်မှာ အခက်အခဲတစ်ခုက ICC လို ရုံးတော်တွေ အသင့်ရှိမနေတာပါ။ (ဒီအတွက် သီးသန့်ခုံရုံးဖွဲ့ဖို့ နောက်ထပ် အချိန်တွေယူပြီး လုပ်ရပါသေးတယ်။)လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အဖြစ် ပွဲဦးထွက် ထွက်လာ တာက “စစ်ရာဇဝတ်မှုဆိုင်ရာ ဘက်မလိုက်ကော်မရှင်” ပါ။ ဂျင်နိုဆိုဒ်စုံစမ်းရေးလို့တောင် နာမည်တပ်မထားတာကို သတိပြု မိမှာပါ။ ဒီကော်မရှင်ကို ၁၉၉၂ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်းပါတယ်။ US ကိုယ်စားလှယ်ကတော့ ၁၉၉၂ ဒီဇင်ဘာ UN အထွေထွေညီလာခံမှာ “ဘော့စ်နီးယားမှာ genocideရဲ့ အသွင်သဏ္ဍာန်တွေမြင်ရတယ်”လို့ ထည့်ပြောပါတယ်။ ဒါဆိုပွဲပြီးပြီလား?
ပွဲက ခုမှ စတယ်လို့ပြောရမှာပါ။

———————————-

လက်ရှိဗမာပြည်နဲ့ပတ်သတ်လို့ကော ဘယ်အဆင့်ရောက်နေပြီလဲ? အထောက်အထားစုတဲ့အပိုင်းကတော့ ပြည့်စုံသွားပါပြီ။ ဒီအထောက်အထားတွေ ကို လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေက အတည်လည်းပြုပြီးပါပြီ။
(Dr.ယန်း၊ မင်းကြီး ဇာအိဒ်အလ်ဟူစိုင်းန် တို့ကိုယ်တိုင်က genocide လို့ သုံးစွဲခဲ့ပါပြီ။)
ခု ICC ရုံးတော်ရဲ့ တခါးပေါက်ကိုခေါက်လိုက်လို့ ကျွိခနဲ တံခါးပွင့်သွား တဲ့အသံကိုပါ ကြားလိုက်ရပါပြီ။ ဒါက ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို အရေးယူရေးပါ။ ဒီနေရာမှာ အကျူးလွန်ခံရတဲ့ လူမျိုးစုကို အကာအကွယ်ပေးရေး R2P
ကရော ဘယ်အဆင့်လဲပေါ့။ R2P နဲ့ ICC ဟာ ဝိုက်၊ ဖြောင့်၊ ဘယ်၊ ညာ တွဲလက်သီးတွေပါ။ တစ်ချက်တည်း ဘယ်တော့မှ မထိုးဘူး။ တွဲလုံးအနေနဲ့ဝင်ပါတယ်။ ဘယ်အချိန် R2P ဝင်လဲ?
ရာဇဝတ်ကောင်ကို ICC တင်မယ်။ ရာဇဝတ်ကောင်က ပတ်ပြေးမယ်၊ ရှောင်မယ်၊ ရာဇဝတ်မှုတွေကို ဆက်လုပ်မယ်။ ဒီအချိန်မှာ R2P ဝင်လာပါတယ်။ နစ်နာရတဲ့ လူမျိုးစုအတွက် တရားမျှတမှုကို ဥပဒေကြောင်းအရမဖော်ဆောင်နိုင် ကြောင်း ထင်ရှားပေါ်ပေါက်ရင် အင်အားသုံး၍ တရားမျှတမှုကို ဆောင်ကျဉ်းရတဲ့ သဘောပါပဲ။ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရတာက refugee crisis ပါ။ ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ကို ထမ်းပေးထားတဲ့နိုင်ငံနဲ့ ဒုက္ခသည်တွေအပေါ်မှာ တင်ရှိနေတဲ့ burden ဟာ ထည့်ကိုစဉ်းစားရပါတယ်။ R2P ဝင်ပြီးရင်တော့ ICC ကိစ္စကို အပြီးသတ် run လိုက်ရုံပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောက ICC နဲ့ R2P ဟာ course တစ်ခုတည်းပေါ်က sequential processes တွေပါပဲ။

နောက်ကျောဓါးထိုးခံရခြင်း

ဘယ်သူတွေရဲ့နောက်ကျော ဓါးနဲ့အထိုးခံရပါလိမ့်…? ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေပါ။
ဟုတ်ပါတယ်။ ဆာဘ်တွေကို မရှိမဲ့ရှိမဲ့ အင်အားနဲ့ ကျားကုပ်ကျားခဲ ခုခံစစ်ပွဲဆင်နွှဲနေရတဲ့ ဘောစ်နီးယန်းမွစ်ဆလင်မ်တွေဟာ နောက်ကျောကို ဓါးနဲ့ အထိုးခံလိုက်ရပါတယ်။ ထိုးသွားတဲ့ သူတွေကလဲ တခြားသူတွေမဟုတ်ဘဲ ခုခံစစ်ပွဲမှာ မဟာမိတ်အဖြစ်လက်တွဲရင်း ကတုတ်ကျင်းတခုထဲမှာ ရင်ဘောင်တန်းတိုက်နေကြတဲ့ခရိုအတ်တွေကိုယ်တိုင်က လုပ်သွားတာပါ။ ဖြစ်စဉ်ကတော့ . . . . .
ခရိုအတ်တွေဟာ ဆာဘ်တွေနဲ့ ကြိတ်ပုံးဆွေးနွေးပွဲတွေလုပ်နေတာ ၁၉၉၂ နှစ်လယ်ပိုင်းလောက်ကတည်းကပါ။ ဒီအချိန်မှာ ခရိုအေးရှားနိုင်ငံရဲ့ နယ်မြေတွေကို ဆာဘ်တွေက သိမ်းပိုက်ထားချိန်ပါ။ ဒါ့အပြင် ဆာဘ်တွေလက်ချက်နဲ့ ခရိုအတ်တွေ ထွက်ပြေးခဲ့ရတာလည်း ပူပူနွေးနွေးပဲရှိပါသေးတယ်။ ဒါပေမဲ့ ဆာဘ်-ခရိုအတ် လျှို့ဝှက်ဆွေးနွေးပွဲတွေမှာတော့ ဒီအကြောင်းတွေကို ခဏခေါက်ထားလိုက်ပီး ဘော့စ်နီးယားနယ်မြေကို ဆာဘ်နဲ့ ခရိုအတ်တွေ ဘယ်လို ပိုင်းခွဲယူကြမလဲဆိုတာကိုပဲ ဆွေးနွေးကြပါသတဲ့။ ခရိုအတ်တွေရဲ့အမြင်က “လောလောဆယ် ဆာဘ်တွေကို လှန်လို့မရနိုင်သေးမယ့်အတူတူ ဆာဘ်နဲ့ပေါင်းပြီး ဘော့စ်နီးယန်းတွေကို အမဲဖြတ်ကြစို့” ဆိုတာမျိုးပါ။
ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေ ရှေ့တန်းမှာ လက်တွဲတိုက်ပွဲဝင် နေကြတယ်ဆိုတဲ့အချက်ကို ခရိုအတ်တွေဘက်က ထည့်သွင်းစဉ်းစားမနေပါဘူး။ ဆာဘ်-ခရိုအတ်ဆွေးနွေးပွဲတွေဟာ ၁၉၉၃ မှာ သဘောတူညီချက်တွေ ရလာ
ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၃ နှစ်ဦးပိုင်းကစလို့ ဘောစ်နီးယားနိုင်ငံတွင်းက ခရိုအတ်လက်နက်ကိုင်တွေဟာ လက်ကျန်မွစ်ဆလင်မ်နယ်မြေတွေကိုဝင်သိမ်းပါတော့တယ်။

ဆာဘ်တွေကိုတောင် မနဲခုခံနေရတဲ့ ဘောစ်နီးယန်းတွေဟာ ခရိုအတ်တွေနဲ့ စစ်မျက်နှာထပ်ဖွင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် အလျှော့ပေး ညှိနှိုင်းတာတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုမှညှိမရတဲ့ အခြေ အနေကို ရောက်နေပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအနေနဲ့ မတတ်သာတဲ့အဆုံးဆာဘ်တွေဘက်လှည့်ထားတဲ့ သေနတ်ပြောင်းတွေကို ခရိုအတ်တွေဘက်ကိုပါလှည့်လိုက်ရ ပါတော့တယ်။ ဒီလိုနဲ့ ဘော့စ်နီးယန်း-ခရုအတ် စစ်ပွဲဖြစ်လာပါတော့တယ်။
ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ ဆာဘ်တွေ ပေးတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလူးလူးဖြစ်နေပြီး ကျောဘက်မှာတော့ ခရိုအတ်တွေရဲ့ ဓါးဒဏ်ရာနဲ့ သွေးစိမ်းရှင်ရှင်ထွက်နေပါတယ်။ ဒါပေမဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဒူးထောက်ကျမသွားအောင် အံကြိတ် လို့ တင်းခံနေနိုင်ခဲ့ကြပါတယ်။

——————————

၁၉၉၂ နှစ်ကုန်ပိုင်းနဲ့ ၁၉၉၃ နှစ်ဦးပိုင်းမှာ ဆာဘ်ဂျင်နိုဆိုဒ်ရာဇဝတ် ကောင်တွေကို အရေးယူဖို့ ခြေလှမ်းတချို့စလှမ်းတဲ့အချိန်မှာပဲ ခရိုအတ်- ဘော့စ်နီးယန်း စစ်မျက်နှာဖြစ်လာတာပါ။အဖိနှိပ်ခံချင်းအတူတူ တမူးပိုရှူချင်တဲ့ ခရိုအတ်တွေရဲ့ လုပ်ရပ်မျိုးဟာ မြန်မာပြည်မှာတော့ ပုံမှန်လုပ်နေကျ လုပ်ရပ်တောင်ဖြစ်နေပါပြီ။ မြန်မာဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဟာ အဖိနှိပ်ခံအချင်းချင်းကို ရန်တိုက်ပေးတဲ့ အလုပ်ကိုတော့ အင်မတန်ကျွမ်းကျင်ပါတယ်။
ရှမ်း vs တအောင်း
ကချင် vs ရှမ်းနီ
ရှမ်း vs ပအို့ဝ်
ကရင် vs မွန်
ဒါတင်မက
SSA (ရှမ်း) vs RCSS (ရှမ်း) ကရင်ဗုဒ္ဓဘာသာ vs ကရင် ခရစ်ယာန် ရန်တိုက်ပေးထားတာပါ။ နောက်ဆုံးဗျာ ရှိသမျှ ကချင်၊ ကရင်၊ ရှမ်း၊ မွန်တွေကိုယ်တိုင်က နေရင်း ထိုင်ရင်း မွစ်ဆလင်မ်ကို ဘလိုင်းကြီးမုန်းနေအောင်လဲ မြန်မာရာဇဝတ်ကောင် တွေက လုပ်ထားနိုင်သဗျ။ ဒါတွေအားလုံးဟာ လူတွင်ပါလို့ နွားကို ကျားဆွဲခံရ တယ်ဆိုတာ လူနည်းစုတွေဘက်က မမေ့သင့်ပါဘူး။
ခရိုအေးရှားစစ်မျက်နှာ ထပ်ဖွင့်ရတဲ့အတွက် လူနည်းစုခရိုအတ်နဲ့ မွစ်ဆလင်မ်တွေဟာ ဆာဘ်ဂျင်နိုဆိုဒ်ရာဇဝတ်ဒဏ်ကို တနှစ်လောက် ထပ်တိုး လို့ခံစားလိုက်ရပါတယ်။ မြန်မာပြည်မှာတော့ လူနည်းစု အချင်းချင်း လေးငါးခြောက်ပွင့်ဆိုင် ရန်လိုနေတဲ့အတွက် ဗမာဂျင်နိုဆိုဒ်ရာဇဝတ်ဒဏ်ကို ခံစားနေရတာတော့ ရာစုနှစ် တခုရဲ့ ထက်ဝက်မကတော့ဘူးဗျို့။

စုံတကာစေ့တဲ့ ကစားကွက်တွေ

ခရိုအတ်တွေနဲ့ စစ်ဖြစ်ရခြင်းဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အတော့်ကို အထိနာစေပါတယ်။ အထူးသဖြင့် ပတ်ချာလည်ရန်သူ့ပိတ်ဆို့မှုကို ခံနေရတဲ့ မွစ်ဆလင်မ်တွေအဖို့ လက်နက်သယ်ယူရေးလမ်းကြောင်းဟာ ခရိုအေးရှားကတဆင့်လာရတာမို့ ဒီစစ်ပွဲဟာ အဲဒီလမ်းကြောင်းကိုပါ ထိခိုက်လာ စေပါတယ်။ ဒါပေမဲ့ လုံးဝပိတ်သွားတာမျိုးတော့ မဟုတ်ပါဘူး။
ဒါဟာ ဘော့စ်နီးယန်း-ခရိုအတ်စစ်ပွဲရဲ့ ထူးခြားမှုပါ။ နဲနဲ အူကြောင်ကြောင်နိုင်တယ်လို့တောင်ပြောရမှာပါ။ တစ်နေရာမှာ ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ တခြားတနေရာမှာတော့ ကျောချင်းကပ်ပြီး ဘုံရန်သူဆာဘ်တွေကို တိုက်ချင်တိုက်နေရတာမျိုးပါ။
စစ်မျက်နှာဟာလည်း အတိအကျသတ်မှတ်ဖို့ခက်ပါတယ်။ တပြိုင်နက်တည်း ရန်သူဖြစ်လျက် တပြိုင်နက်တည်းမိတ်ဆွေလည်းဖြစ်နေရတာမျိုးပါ။ ဒါပေမဲ့ လစ်ရင်လစ်သလို တစ်ဖက်နဲ့တစ်ဖက် ဆော်ကြတာချည့်ပါပဲ။ အထူးသဖြင့် ခရိုအတ်တွေဘက်က လက်သံပိုပြောင်ပါတယ်။ ဥပမာ-၁၉၉၃ ဧပြီမှာ ခရိုအတ်တွေဟာ ဘော့စ်နီးယားအလယ်ပိုင်းက Ahmici ရွာမှာ မွစ်ဆလင်မ် ရွာသား ၁၀၀ လောက်ကို သတ်ပစ်တာမျိုးပါ။ အံ့အားသင့်စရာကောင်းတာ က အဲဒီလို Ahmici ရွာမှာ လူသတ်ပွဲ ကျင်းပနေချိန်မှာ ခရိုအတ် သမ္မတတွဂ်ျမန်နဲ့ ဘော့စ်နီးယားသမ္မတ အလီဂျာတို့ဟာ လက်နက်တင်ပို့ရေးကိစ္စအတွက် တီဟီရန်မှာ အီရန်သမ္မတနဲ့ဆွေးနွေးနေတာမျိုးပါ။ အီရန်အနေနဲ့ ခရိုအတ်တွေကို လက်နက်ထောက်ပံ့ချင်တာမဟုတ် ပါဘူး။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို ထောက်ပံ့ချင်တာပါ။ အီရန်သမ္မတ ရာဖ်ဆန်ဂျာနီက Ahmici ရွာကလူသတ်ပွဲနဲ့ ပတ်သတ်ပြီး တွဂ်ျမန်ကို ဖိအားပေးပါတယ်။


ခရိုအတ်တွေအနေနဲ့ ဥရောပမှာ လက်နက်ဝယ်ဖို့မဖြစ်နိုင်ချိန်ပါ။ ဒါ့ကြောင့်အီရန်ရဲ့စကားက အတော်အားပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဘော့စ်နီးယား သမ္မတ အလီဂျာကတော့ ခရိုအေးရှားကိုမှီခိုနေရတဲ့ လက်နက်လမ်းကြောင်းကို ချည်းအားကိုး မနေချင်တော့ပါဘူး။ ခရိုအတ်တွေဟာ ရောက်လာတဲ့ ခဲယမ်းနဲ့လက်နက်တွေထဲက ၅၀% ကျော်ကျော်လောက်ကိုလည်း ဖြတ်ယူထားလေ့ ရှိပါတယ်။အလီဂျာအတွက် နောက်ထပ်လမ်းကြောင်းသစ်တွေလိုနေပါပြီ။

————————-

အီရန်အနေနဲ့ ဘော့စ်နီးယားကိစ္စမှာ နေရာရနေတာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေရသူကတော့ အမေရိကန်သမ္မတအသစ်စက်စက် ကလင်တန် ပါ။ ပိုဆိုးတာက ပင်လယ်ကွေ့စစ်ပွဲမှာ ဆက်ဒမ်ကို ဆုံးမပြီးချိန်ရောက်တော့ အမေရိကန်ရဲ့ မဟာမိတ်ဆော်ဒီလိုနိုင်ငံတွေက ဆာဘ်တွေကို ဘယ်အချိန်မှာ ဆုံးမ,မလဲလို့ မေးခွန်းထုတ်လာတာပါ။
၁၉၉၃ နှစ်လည်မှာ ဆော်ဒီထောက်လှမ်းရေးအကြီးအကဲကိုယ်တိုင်ဝါရှင်တန်ကို ရောက်လာပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို လက်နက် ထောက်ပံ့ဖို့ကိစ္စ ဒဲ့လာပြောပါတယ်။ကလင်အနေနဲ့က အီရန်ပုံစံ သွားလုပ်လို့မရပါဘူး။
US က UN ရဲ့ လက်နက်ပိတ်ဆို့မှုဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ပေးနေရသူပါ။ US အစိုးရအဖွဲ့ဟာ ဥပဒေကို ချိုးဖောက်လို့မရပါဘူး။ ချိုးဖောက်ရင် သမ္မတလည်း တရားရုံးတက်ရတဲ့တိုင်းပြည်ပါ။ ဥပဒေကို ချိုးဖောက်
ပြီး ရှေ့ဆက်တိုးလို့မရပေမယ့် ဥပဒေကို ဘေးကနေဝိုက်တက်ပြီး လိုရာရောက်အောင်တော့ သွားလို့ရပါတယ်။ အဲ. . . . လူမသိ သူမသိတော့ သွားရတာပေါ့ဗျာ။
ကလင်တန်အနေနဲ့ အဲလိုလုပ်ဖို့ ခပ်ပြတ်ပြတ်လုပ်တတ်တဲ့သူတစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။ သူကတော့ ရစ်ချက်ဟိုးလ်ဘရုခ် ပါ…။

————————–

အင်အားကြီးနိုင်ငံတွေနဲ့ပတ်သတ်ပြီးစဉ်းစားရင် အမေရိကန်သိမ်းငှက် ရုရှားဝက်ဝံ စသဖြင့် ခြုံငုံစဉ်းစားတတ်သူတွေ ဘာ့ကြောင့်မှားလဲဆိုတာ ဒါမျိုး တွေကြောင့်ပါ။ US သမ္မတအနေနဲ့ လက်နက်ပိတ်ဆို့မှုကို လူသိရှင်ကြားထောက်ခံတယ်။ လက်တွေ့လည်း အကောင်အထည်ဖော်တယ်။ USလွှတ်တော်တွေဘက်က လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ဖို့ကြိုးစားတာတွေကိုလည်း ကလင်တန်ဟာ တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကကျ လက်နက်လျှို့ဝှက်ထာက်ပံ့ဖို့ လူလွှတ်ပြီးခိုင်းတယ်။
အင်အားကြီး နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လက်တွေ့အကောင် အထည်ဖော်မှုတွေကို ဘယ်တော့မှ တဖက်တည်းကမြင်လို့မရပါဘူး။ အဖက်ဖက် ကနေလှည့်ပတ်ပြီး ကြည့်ရှုရပါတယ်။ ရှေ့မျက်နှာစာ တစ်လွှာတည်းကိုကြည့်ပြီး ဆုံးဖြတ်လို့ မရကြောင်းပါဗျား….။

မျိုးမတုန်းဖို့ ရုန်းကန်စို့

နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် စစ်ပွဲ အစပိုင်းကတည်းက ဘော့စ်နီးယားနိုင်ငံကို ရောက်ခဲ့တဲ့ ဟိုးလ်ဘရုခ်ဟာ ဆာဘ် တွေရဲ့ ရက်စက်မှုကို အတွင်းကျကျ သိသူတယောက်လို့ပြောရမှာပါ။ ဘော့စ်နီးယားကနေ ပြန်ရောက်လာလာချင်းပဲ လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ပေးဖို့နဲ့ ဆာဘ်တွေကိုဗုံးကြဲဖို့ စတင်ဆော်သြခဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီတုန်းက စီနီယာဘုရှ်အစိုးရအဖွဲ့က သူ့အကြံပေးချက်ကို လက်မခံခဲ့ပါဘူး။
ကလင်တန်အစိုးရအဖွဲ့မှာတော့ ဟိုးလ်ဘရုခ်ဟာ ရာထူးအဆင့်ဆင့်ရခဲ့ပြီး ကလင်တန်က လက်နက်လမ်းကြောင်း ကိစ္စပြောလာတဲ့အချိန်မှာတော့ ဟိုးလ်ဘရုခ်ဟာ ဂျာမနီဆိုင်ရာ US သံအမတ်ကြီးဖြစ်နေပါပြီ။ (ကလင်တန် လက်ထက်မှာ ဟိုးလ်ဘရုခ်ဟာ ရာထူးတက်တာ တအားမြန်ပါတယ်။)
ဟိုးလ်ဘရုခ်က ခပ်လွယ်လွယ်ပဲ ကြံဆပါတယ်။ ဆိုဗိယက်ပြိုကွဲပြီး နောက်ပိုင်း အရှေ့ဥရောပ ကွန်မြူ နစ်နိုင်ငံဟောင်းတွေမှာ ရုရှားလုပ်လက်နက်တွေ တောင်ပုံရာပုံ ကျန်နေရစ်ခဲ့တာပါ။ အဲဒီလက်နက်တွေကို မှောင်ခိုဝယ်၊ ရဟတ် ယာဉ်နဲ့သယ်ပြီး ဘော့စ်နီးယန်းတွေလက်ထဲ ထည့်ပေးလိုက်ရုံပါပဲ။ ခက်တာက ဗြိတိန်၊ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံတွေက ဘော့စ်နီးယားမှာ စစ်ရှိန်မြင့်လာမှာကို မကြိုက်ကြပါဘူး၊ စစ်မီးပိုလောင်လေ ဒုက္ခသည်တွေ ထွက်ပြေးလေ။ သူတို့နိုင်ငံတွေ မတည်ငြိမ်လေဖြစ်မှာကို စိုးရိမ်နေကြတာပါ။
ဘော့စ်နီးယားမှာ ဗြိတိန်တပ်သား ၆၀၀၀ လောက်ကို UN တပ်အဖြစ်ပို့ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးနေတာဟာ မွစ်ဆလင်မ်တွေကို ချစ်လွန်းလို့မဟုတ်ပါဘူး။ ဒုက္ခသည်တွေ သူတို့တိုင်းပြည်တွေဘက်ပြေးမလာရအောင် ဘော့စ်နီးယားနိုင်ငံတွင်းမှာပဲနေဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဒီတော့ US ရဲ့ အစဉ်အလာမဟာမိတ်တွေ မကြိုက်တဲ့ စစ်ရှိန် မြင့်လာစေမယ့်အလုပ်ကို ဟိုးလ်ဘရုခ်မလုပ်ရဲပါဘူး။ တစ်ဖက်ကလည်း စစ်ရှိန် မြင့်မလာစေဖို့ ဘော့စ်နီးယန်းတွေဟာ လည်စင်းခံနေရမယ်ဆိုတာလည်း အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ ဟိုးလ်ဘရုခ်က နောက်တစ်နည်း ကြံဆပါတယ်။
ဒီနည်းလမ်းက အသစ်တော့မဟုတ်ပါဘူး။ အာဖဂန်ကို ဆိုဗီယက်တွေ ဝင်ကျူးကျော်တုန်းက မူဂျာဟစ်ဒင်န်တွေကို US နဲ့ မွစ်ဆလင်မ်နိုင်ငံတွေ ပူးပေါင်း ပြီးလက်နက်ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ ခုလည်း ဒီနည်းလမ်းကို ပြန်သုံးဖို့ပါ။ မလေး၊ တူရကီ၊ ဆော်ဒီ၊ ပါကစ္စတန်စတဲ့ မွစ် ဆလင်မ်နိုင်ငံတွေကလည်းဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို လက်နက်ထောက်ပံ့ပေးဖို့ လုပ်နေတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်ပုံစံ ခရိုအေးရှားလမ်းကြောင်းကတဆင့်မသွားဘဲ ဘော့စ်နီးယန်းတွေ လက်ထဲကို တိုက်ရိုက်ထည့်ဖို့လုပ်နေတာ။
အဲဒီလို တိုက်ရိုက်ထည့်ပေး ဖို့ကတော့ စွန့်စားမှု၊ ညှိနှိုင်းမှု၊ ရဲဝံ့ ထိုးဖောက်မှုနဲ့၊ နားလည်ပေးမှုတွေ အများကြီးလိုတဲ့ကိစ္စပါ။ ဒီလိုတွေ လုပ်ရာမှာ ဟိုးလ်ဘရုခ် ဘယ်လို ဘယ်ပုံပတ်သတ်တယ်လို့ ကျွန်တော်ရေးလို့ မရပါဘူး။ အဲလိုရေးဖို့ အထောက်အထားလဲမရှိပါဘူး။ ဒါပေမဲ့လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ဆက်စပ်ကြည့်မယ်ဆိုရင်တော့ ဘယ်သူ့လက်ရာပါနိုင်တယ်၊ ဘယ်အဆင့်လောက်က ညွှန်ကြားတယ် ဆိုတာကို ဆဝါးမိလာမှာပါ။
ပထမအဆင့် ရေကြောင်းကမသွားဘဲ လေယာဉ်နဲ့ ထောက်ပံ့ဖို့ လုပ်ရမှာပါ။ လေယာဉ်ကို လူသားချင်းစာနာမှုတံဆိပ်ကပ်လိုက်ရင် ပစ်ချဖို့ မလွယ်ပါဘူး။ ဝင်စစ်ချင်ရင်တောင် လေဆိပ်ရောက်မှပဲ စစ်လို့ရမှာပါ။ အဲဒီလေဆိပ်ဟာ UN တပ်တွေလက်လှမ်းမမှီတဲ့နေရာမှာသာ တည်ဆောက်ထားလိုက်ရင် ဝင်စစ်ဖို့တောင်မလွယ်ပါဘူး။


ဒါပေမဲ့ လေဆိပ်တွေအကုန်နီးပါးမှာ UN တပ်တွေရှိနေပြီး တချို့ လေဆိပ်တွေဆိုရင် ဆာဘ်တွေရဲ့ လက်ထဲမှာရှိနေတာပါ။ ဒါဆို လက်လျှော့ရတော့မလား…? ဘယ်ဟုတ်မလဲဗျာ….။ ရှိပြီးသားလေယာဉ်ကွင်းတွေ သုံးမရရင် လေယာဉ်ကွင်းအသစ်တွေဖောက်ပေါ့။ ဒီလိုနဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တပ်မတော်က လူငယ်စစ်သားလေးတွေဟာ ရှေ့တန်းမှာ ရန်သူနဲ့ မျက်ခြည်မပျက်ရင်ဆိုင်နေတုန်း ကျောဘက်မလှမ်းမကမ်းကျည်လွတ်မြေမှာလည်း လေယာဉ်ကွင်းသစ်တွေဖောက်ရင်း အားကျိုးမာန်တက်ရုန်းကန်ကြပါတော့တယ်။

————————-

ကျွန်တော် ဒီအကြောင်းတွေကို ရှာဖတ်ရင်းနဲ့ မျက်ရည်တွေ အလိုလို ကျခဲ့ရပါတယ်။ ဘော့စ်နီးယန်းလူငယ်လေးတွေဟာ အဖိနှိပ်ခံရသော်ငြားလည်း သူတို့ရဲ့လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်ပြီး ရုန်းကန်ခွင့်ရခဲ့ကြပါတယ်။ ကျွန်တော်တို့ ဗမာပြည်က မွစ်ဆလင်မ်လူငယ်တွေအဖို့ ရုန်းကန်ခွင့် မရခဲ့ကြပါဘူး။ ဟုတ်ကဲ့…ရုန်းကန်ခွင့်မရခဲ့ကြပါဘူး။ ဒါပေမဲ့ အဲ့ဒါဟာ အတိတ်ကကိစ္စဖြစ်သွားခဲ့ပါပြီ။ အခု ပစ္စုပ္ပန်မှာတော့ ကျွန်တော်တို့ဟာ ရုန်းကန်ခွင့်ရနေကြပါပြီ။
ဟုတ်ပါတယ်…။ ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်အတွက် ကျွန်တော်တို့ရုန်းကန်ခွင့်ရနေကြပါပြီ။ ဒါပေမဲ့ ဘော့စ်နီးယန်းလူငယ်တွေလို သေနတ်ကိုင်ပြီး ရုန်းကန်ခွင့်မျိုးတော့ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ သံခင်းတမန်ခင်း ထိုးဖောက်မှုနဲ့ နိုင်ငံတကာဥပဒေတွေကိုစွဲကိုင်ပြီး တိုက်ပွဲဝင်တဲ့ တော်လှန်ရေးပါ။ ဒီတော်လှန်ရေးမှာ အသိပညာပြည့်ဝမှုနဲ့ နိုင်ငံတကာ terms တွေကို နားလည်မှုက အခြေခံအုပ်မြစ်ပါ။ ကျွန်တော်တို့ရဲ့တိုက်ပွဲ ကျွန်တော်တို့ရဲ့တော်လှန်ရေး အောင်မြင်ဖို့ -ရဲဘော်လူငယ်… သင်တို့တစ်ဦးချင်းစီရဲ့ ပညာရည်ပြည့်ဝမှုနဲ့ အားကျိုးမာန်တက် ပါဝင်ပေးပါ။

Cengic မိသားစု

လေယာဉ်ကွင်းတွေဖောက်ဖို့အတွက် အဓိကကြီးကြပ်ညွှန်ကြားတာ ကတော့ ဘော့စ်နီးယားထောက်လှမ်းရေးအဖွဲ့ပါပဲ။ နိုင်ငံတကာပတ်ပြီး လက်နက်ရှာတာ၊ အဆက်အသွယ်ရှာတာ၊ ရလာတဲ့ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် CIA လိုအဖွဲ့တွေနဲ့ ဆက်သွယ်တာ၊ ညှိနှိုင်းတာတွေကို အဓိကလုပ်ရတာ ဘော့စ်နီးယားထောက်လှမ်းရေးပါ။
ဘော့စ်နီးယားထောက်လှမ်းရေးအဖွဲ့မှာ ဒီလိုကိစ္စတွေအတွက် ကျွမ်းကျင်တဲ့ သူတွေရှိပါတယ်။ အဲဒီထဲကမှ Cengic မိသားစုဟာ လုပ်ရည်ကိုင်ရည်ထက်တဲ့ မိသားစုပါ။ Cengic မိသားစုဟာ သူတော်စင်မိသားစုတော့ မဟုတ်ပါဘူး။ ဥရောပရဲတပ်ဖွဲ့တွေကတော့ သူတို့ကို ဘော့စ်နီးယားမာဖီးယားတွေလို့ သတ်မှတ်ထားကြပါတယ်။ ဒါဆို သူတို့ဟာ အဲသလို လူဆိုးကြီးတွေလား…? ကြည့်ရအောင်။
စစ်မဖြစ်ခင်ကတည်းက Cengic မိသားစုဟာ မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းမှာ လူတွင်ကျယ်တွေဖြစ်နေကြပါပြီ။ ခရိုအေးရှားနဲ့ တူရကီမှာ ကုမ္ပဏီတွေထောင်ထားပြီး စီးပွားလုပ်နေကြသူတွေပါ။Cengic မိသားစုက Hasan Cengic ဟာဆိုရင် Islamic Scholar = အစ္စလာမ်ဘာသာရေးပညာရှင် တယောက်ဖြစ်ပြီး အီရန်မှာလည်း ပညာသင်ဖူး သူမို့ ဆွန်နီရော ရှီအာနဲ့ပါ ဝင်ဆန့်သူပါ။
စစ်စဖြစ်ဖြစ်ချင်းမှာ Cengic မိသားစုဟာ Foca မြို့မှာနေထိုင်နေကြ တာပါ။ ဆာဘ်တွေဟာ မြို့ကို ရုတ်ချည်းဝင်တိုက်တဲ့အခါမှာတော့ Cengic မိသားစုဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့နဲ့ ခုခံကြပါတယ်။ Foca မြို့ကျပြီးးတဲ့နောက်မှာ Visoko မြို့ကို ဆုတ်ခွာပြီး ကာကွယ်ရေးတပ်ဖွဲ့ကာ ဆက်ခုခံပါတယ်။ မြို့ကာကွယ်ရေးအခြေခိုင်လာချိန်မှာတော့ Visoko မြို့နားက တောင်ကြားတစ်ခုမှာ လေယာဉ်ကွင်းဖောက်ပြီး လက်နက်လမ်းကြောင်းစဖွင့်ပါတယ်။ လေယာဉ်ကွင်းဟာ ဆာဘ်အမြောက်တစ်ကမ်းစာမှာရှိပေမယ့်လည်း စွန့်စားပြီးဖောက်ခဲ့ကြပါတယ်။
ဘော့စ်နီးယန်း လက်နက်ကိုင်တွေသာမက အမေရိကန်ဆောက်လုပ်ရေးကုမ္ပဏီကိုပါ ငှားရမ်းပြီးဖောက်တာမို့ လေယာဉ်ကွင်းမှာ C-130 လေယာဉ်တွေပါ ဆင်းသက်နိုင်ပါတယ်။ တကယ်တော့ ဘော့စ်နီးယားဝေဟင်ကို NATO ရဲ့ AWAC ထောက်လှမ်းရေးလေယာဉ်တွေက အဆက်မပြတ်ထောက်လှမ်းနေကြတာပါ။ C-130 လေယာဉ်တွေ Visoko မှာအတက်အဆင်းလုပ်နေတာကို မသိမရှိပါဘူး။ ဒါပေမဲ့ AWACပေါ်မှာ US ဝန်ထမ်းတွေရှိနေချိန်မှ C-130 လေယာဉ်တွေဟာ ဘော့စ်နီးယား လေပိုင်နက်ထဲကို ဝင်ထွက်ဆင်းတက် လုပ်ကြပါသတဲ့။
ဒီလိုမျိုးလုပ်တာဟာ ၁၉၉၃ ကနေ ၁၉၉၅ စစ်ပွဲပြီးသည်အထိ သုံးနှစ် သုံးမိုးလုံးလုံး အချိန်ကိုက်လုပ်ခဲ့ကြတာပါ။ ငွေပေးလာဘ်ထိုးရုံသပ်သပ်နဲ့ ဒီလောက်ကြီးလုပ်လို့ရစရာမရှိပါဘူး။ နောက်ကွယ်မှာ နိုင်ငံရေးအရ မီးစိမ်းပြထားတာတွေရှိကိုရှိနေလို့ပါ။ Cengic ဘာတွေလုပ်ခဲ့သလဲဆိုတော့ . . . ၁၉၉၃ နှစ်လည်မှာ လစ်ဗျားက လက်နက်ခဲယမ်း တန် ၁၂၀ ကို သယ်လာနိုင်ခဲ့ပါတယ်။ နိုင်ငံတကာက မွစ်ဆလင်မ် NGO တွေနဲ့ပေါင်းပြီးလည်း လက်နက် ဝယ်ပါတယ်။ ထင်ရှားတဲ့ မွစ်ဆလင်မ် NGO အဖွဲ့တစ်ခုကြားခံနဲ့ လက်နက်ဖိုးတင် ဒေါ်လာသန်း ၃၅၀ ဖိုး ဝယ်နိုင်ခဲ့ပါတယ်။ (ဒီအဖွဲ့ရဲ့ နာမည်ကို ထည့်ရေးရင်မကောင်းလို့ ကျွန်တော်သေချာ ချန်ရေးထားတာပါ။ စိတ်ဝင်စားသူတွေကိုယ့်ဖာသာ ရှာဖွေကြပါ။)
ဘော့စ်နီးယားမှာ တာဝန်လာထမ်းဆောင်တဲ့ UN တပ်တွေဆီကလည်း ဝယ်ပါတယ်။ UN တပ်တွေဆီကနေ လက်နက်ငယ်တွေ အဓိကထားဝယ်ပြီး ဒေါ်လာ ၁၅ သန်းဖိုးရှိပါတယ်။ တချို့မွစ်ဆလင်မ်နိုင်ငံက UN တပ်တွေကလည်း လိုလိုချင်ချင်နဲ့ အလာကားပေးကြတာ တွေလည်းရှိပါတယ်။ ဥပမာ-မော်လ်တာက UN တပ်ရင်းဆိုရင် စိန်ပြောင်းလေးလက် ပဲပါပေမယ့် စိန်ပြောင်းကျည် အလုံး ၄ ထောင်ယူလာတာမျိုးပါ။ ဘော့စ်နီးယားကိုရောက်တော့ အဲ့ဒီကျည်တွေကို ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေလက်ထဲ ထည့်ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် UN တပ်ရင်းဆိုရင် ဘော့စ်နီးယားကို လာခါနီး တပ်ရင်းလေ့ကျင့်ရေး အရန်ကျည်တွေအကုန်လုံးကို ယူလာပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ် တွေလက်ထဲကို ထည့်ပေးလိုက်တာပါ။ မလေး UN တပ်ကဆိုရင် တင့်ဖျက်ဒုံးတွေ ယူလာပေးတာမျိုးပါ။ Cengic တွေဟာ ဘယ်လောက်ထိ အရောင်းအဝယ်တော်လဲဆိုရင် ဆာဘ်တွေလက်ထဲက ခဲယမ်းတွေကိုပါ ဝယ်ယူခဲ့သည်အထိပါ။ စီးပွားရေး ပိတ်ဆို့ခံထားရလို့ ချွတ်ခြုံကျနေတဲ့ ဆားဘီးယားနိုင်ငံအတွင်းက ဆာဘ်စစ်သားတွေဟာလစာ မလောက်မငဖြစ်နေကြတာမို့ ငွေဆိုဘယ်ကရရ ယူမယ်ဆိုတာလည်း ရှိသေးတာကိုးဗျ။

———————

Cengic ဆိုတာ ဘော့စ်နီးယန်းတွေထဲမှာ အလုပ်လုပ်ခဲ့ကြသူတွေထဲက တစ်စုပါပဲ။ သူတို့လို အလုပ်လုပ်ကြတဲ့ တခြားသူတွေလည်း အများကြီးရှိပါ သေးတယ်။ ကျွန်တော်က ဥပမာအနေနဲ့ Cengic ကို ဆွဲထုတ်ပြီးရေးလိုက်တာပါ။
Hasan Cengic ဟာ ပွဲပြီးတော့ ဒုတိယကာကွယ်ရေးဝန်ကြီးရာထူးရ ပါတယ်။ ဒါပေမဲ့ အီရန်နဲ့ နီးစပ်ခဲ့မှုအပေါ် US က မလိုလားတော့ သူဟာ ကာကွယ် ရေးရာထူးကနေ ဖယ်ပေးခဲ့ရပြီး သိပ်အရေးမပါတဲ့နေရာကို အရွှေ့ခံရပါတယ်။ သူ့အနေနဲ့ ဘာမှ စောဒကမတက်ခဲ့ပါဘူး။ တော်လှန်ရေးတုန်းက ငါကဘာကြီးမို့ဆိုတဲ့အချက်နဲ့ မာနမကြီးခဲ့ပါဘူး။ ဘော့စ်နီးယား လူ့အဖွဲ့အစည်းအတွက် သူ့ ပုဂ္ဂိုလ်ရေးခံစားချက်ကို မျိုသိပ်ခဲ့သူပါ။
Hasan Cengic ဟာ “မွစ်ဆလင်မ်သွေးကို မွစ်ဆလင်မ်မဟုတ်သူ မသွင်းသင့်၊ မွစ်ဆလင်မ်မဟုတ်သူရဲ့သွေးကိုလည်း မွစ်ဆလင်မ်တယောက်ကို မသွင်းသင့်လို့” ခပ်ကြောင်ကြောင် ဘာသာရေးခံယူချက်မျိုးရှိတဲ့သူပါ။ဒါပေမဲ့ အရေးအကြောင်းပေါ်လာတော့ အမေရိကန်နဲ့ရော ရှီအာရော ဆွန်နီရော ကတ်သလစ်ခရစ်ယာန်နဲ့ရော နောက်ဆုံး ဆာဘ်နဲ့ပါပေါင်းပြီး အလုပ် လုပ်ခဲ့သူပါ။ အားရင် မုတ်ဆိတ်၊ ဂရာနာ၊ သဘ်လိဂ်၊ ရှီအာ၊ ဆွန်နီ ဘာညာ ဖောင်းထုနေကြသူတွေ နဲနဲလောက်တော့ ပညာယူနိုင်ကြစေဖို့ Cengic အကြောင်း တကူးတက ထည့်ရေးတာပါ။

နိုင်ငံရေးဒီရေ အီ မနေစေဖို့

ဘော့စ်နီးယားမွစ်ဆလင်မ်တွေလက်ထဲကို လက်နက်ခဲယမ်းတချို့ ရောက်လာပါပြီ။ ဒါပေမဲ့ အမြဲတမ်း ချောချောမွေ့မွေ့ ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဥပမာ-ရေကြောင်းကနေ အရဲစွန့်ဝင်လာတဲ့ ပါကစ္စတန်ကုန်တင် သင်္ဘောတွေဆိုရင် US ရေတပ်က တားဆီးတာပါပဲ။
နောက်ပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေလက်ထဲကို ရောက်လာတဲ့ လက်နက်တွေဟာ အပေါ့စား ခြေလျင်တပ်သုံးလက်နက်တွေပဲဖြစ်နေသေးတာ ပါ။ ဥပမာ-မွစ်ဆလင်မ်တွေလက်ထဲမှာ ဆာဘ်တွေလို တင့်ကားအကြီးစားတွေ မရှိဘဲ အဲဒီတင့်ကားကိုဖျက်တဲ့ တင့်ဖျက်ဒုံးပဲရှိတာပါ။ ခံစစ်သုံးလက်နက်မျိုးပဲ မွစ်ဆလင်မ်တွေဆီမှာရှိတဲ့သဘောပါ။ ဒီအချိန်မှာ ဆာဘ်တွေဟာ ဘော့စ်နီးယားအရှေ့ဘက်နယ်စပ်တ လျှောက်လုံးကို ထိန်းချုပ်ထားနိုင်ပြီး ဗဟိုဆားဘီးယားဆီကနေ လက်နက်၊ ခဲယမ်း၊ လောင်စာ၊ လူအင်အားအထိ တံခါးမရှိဓါးမရှိ အခမဲ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရနေပါတယ်။ နေ့စဉ် ဆားဘီးယားနိုင်ငံထဲကနေ လောင်စာသယ်ကား ၂ စင်း၊ စစ်သားအပြည့်တင်ဆောင်ထားတဲ့ truck ကား ၂ စင်း၊ ခဲယမ်းအပြည့်တင်ထားတဲ့ truck ကား ၂ စင်းတို့ဟာ တင့်ကား ၂ စင်း အစောင့်လိုက်ပါလျက် ဘော့စ်နီးယား နိုင်ငံထဲကို ထောက်ပံ့ရေးလာလုပ်နေကြပါတယ်။ နေ့စဉ်လာလုပ်တာပါ။ သူတို့ကို ဘယ်သူကမှ မတားဆီးနိုင်ပါဘူး။ ဒါကြောင့် မွစ်ဆလင်မ်နိုင်ငံတွေရဲ့ ဘော့စ်နီးယန်းတွေကို လျှို့ဝှက်ထောက်ပံ့တဲ့လုပ်ငန်းဟာ ဆာဘ်တွေရဲ့ မျက်နှာပြောင်တိုက် ထောက်ပို့လုပ်ငန်းနဲ့ယှဉ်ရင် စာမဖွဲ့လောက်သေးပါဘူး။ ခုချိန်ထိကတော့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည်အထိပဲ အင်အားရှိပါသေးတယ်။ UN က ချမှတ်ထားတဲ့ လက်နက်ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်မှသာလျှင် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေကို အနိုင်ရသည်အထိ ရင်ဆိုင်လာနိုင်မှာပါ။ UN ရဲ့ဆုံးဖြတ်ချက်ကို အဓိကကူညီ အကောင်အထည်ဖော်ပေး နေတာက အမေရိကန်အစိုးရကိုယ်တိုင်ဖြစ်နေပါတယ်။ ဒီအခြေအနေကို ပြန်လှန်ဖို့ စွမ်းနိုင်သူဟာ အိမ်ဖြူ တော်မှာတောင်မရှိပဲ US ကွန်ဂရက်နဲ့ ဆီးနိတ်ထဲက ဝါရင့်နိုင်ငံရေးသမားကြီးတွေပဲရှိပါတယ်။ US လွှတ်တော်က ဝါရင့်သဘာရင့် အမတ်ကြီးတွေဟာ ၁၉၉၃ ခုနှစ်မှာတက်လာတဲ့ ကလင်တန်အစိုးရကို ဘော့စ်နီးယားကိစ္စနဲ့ပတ်သတ်လို့ ထိထိရောက်ရောက် ကိုင်တွယ်လိမ့်မယ်လို့ ယူဆထားပါတယ်။
သူတို့ယူဆတဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှုဆိုတာ ဘော့စ်နီးယန်း တွေကို လက်နက်ထောက်ပံ့၊ ဆာဘ်တွေကို ဗုံးကြဲပစ်ဆိုတာမျိုးပါ။ ဒါပေမဲ့ကလင်တန်ဟာ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းက ဘော့စ်နီးယားကိစ္စကို အင်နဲ့အားနဲ့ပြောသလောက် သမ္မတလည်းဖြစ်လာရော လေသံကပျော့လာပါတယ်။ US လွှတ်တော်အမတ်တွေဟာ ကလင်တန်အစိုးရကို လွှတ်တော်ကြားနားပွဲတွေမှာ ခေါ်ပြီး ရေရေလည်လည် ကြပ်ပါတော့တယ်။
၁၉၉၃ မတ်လ မှာ US အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ ကလင်တန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာကို “ဘော့စ်နီးယားမှာ genocide ဖြစ်နေတယ်ဆိုတာကို ခင်ဗျားက သံသယဖြစ်နေတာလား”လို့ ဒဲ့မေးပါတယ်။ ခရစ္စတိုဖာကတော့ “မုဒိန်းမှု၊ လူသတ်မှုတွေ အများကြီးဖြစ်နေ တာဟာ genocide သဘောသက်ရောက်မယ်ဆို သက်ရောက်နေနိုင်ပါတယ်” လို့ဝေ့ဝိုက်ဖြေသွားပါတယ်။
၁၉၉၃ ဧပြီမှာတော့ US အောက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီရဲ့ ကြားနာပွဲမှာလည်း ခရစ္စတိုဖာဟာ သွားရောက်ဖြေကြားရပါတယ်။ ဒီပွဲမှာ ဦးဆောင်စစ်မေးသူကတော့ မက်ကလော့စကီးပါ။ မက်ကလော့စကီးဟာ ခရိုအေးရှားစစ်ပွဲကတည်းက ဆာဘ်တွေရဲ့လုပ်ရပ်ကို ရွံရှာနေသူပါ။ ဘော့စ်နီးယားကိုလည်း အကြိမ်ကြိမ်သွားရောက်ခဲ့သူပါ။ သူကတော့ မေးတာ ပိုပီးဒဲ့ကျပါတယ်။ “ဘော့စ်နီးယားမှာ ဖြစ်နေတာ genocide ဟုတ် မဟုတ် Yes or No ပဲ ဖြေပါ။ ဝေ့ဝိုက်ပြီး လျှောက်မပြောပါနဲ့” လို့ မေးတာပါ။ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာကတော့ ထုံးစံအတိုင်းဝေ့ဝိုက်ပြီး ဖြေပါတယ်။
ဒီလို အမေးအဖြေတွေကြောင့် မက်ကလော့စကီးနဲ့ ခရစ္စတိုဖာတို့ဟာနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်မျက်မုန်းကျိုးသည်အထိကို ဖြစ်ကုန်ပါတယ်။ ကလင်တန်အစိုးရအပေါ် ထုချက်တွေက ဒီလောက်နဲ့ ရပ်မသွားသေး ပါဘူး။

ထုဟယ် နှက်ဟယ် တွန်းဟယ်

ကလင်တန်အစိုးရအဖွဲ့ကိုထုတဲ့ နောက်ထပ်ထုချက်တစ်ခုဟာ US နိုင်ငံခြားရေး ဝန်ကြီးဌာနထဲကပဲ ထွက်ပေါ်လာပါတယ်။ လွှတ်တော် ကြားနာပွဲတွေမှာ ဝန်ကြီးက ဆင်ဝှေ့ရန်ရှောင် ဖြေသွားတာတွေကိုကြည့်ပြီး စိတ်လေကုန်တဲ့ နိုင်ငံခြားရေးအရာရှိတွေဟာ “ခေါင်းရှောင် နေတာကို ရပ်ဖို့” အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြပါတယ်။ ဒီအစီရင်ခံစာကို ဥရောပရေးရာ နိုင်ငံခြားရေးအရာရှိတော်တော်များများက ထောက်ခံလက်မှတ် ရေးထိုးပြီးတင်ခဲ့ကြတာပါ။ လွှတ်တော်ထဲမှာလည်း ဆက်လက် လှုပ်ရှားနေသူတွေ ရှိပါသေးတယ်။
အထက်လွှတ်တော်အမတ် ဂျိုးဇက်ဘိုင်ဒန်က “ဥရောပနဲ့ အမေရိကန် အစိုးရ ခေါင်းဆောင်တွေလား။ စည်းလုံးညီညွတ်စွာနဲ့ အတူတ ကွ ပူးပေါင်းဆောင်ရွက် ချင်ယောင်ဆောင်ပြီး အတူတကွ စုပေါင်းခေါင်းရှောင်နေကြတာပါဗျာ” လို့ ဒဲ့ကစ် ပါတယ်။ ဒီနောက်မှာတော့ ဘိုင်ဒန်ဟာ အထက်လွှတ်တော်အမတ် ဒိုးလ်နဲ့ ပေါင်းပြီး လက်နက်ပိတ်ဆို့မှု ပယ်ဖျက်ရေးအဆိုအတွက် လွှတ်တော်တွင်းမှာ တိုက်ပွဲဝင်
ပါတော့တယ်။
ကလင်တန်အစိုးရအနေနဲ့ ယောင်ဝါးဝါး လုပ်လို့မရတော့ပါဘူး။ လက်ဆုပ်လက်ကိုင် တစ်ခုခုလုပ်ပြဖို့လိုလာပါပြီ။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ ကို ထိပ်တန်းခရီးစဉ်အဖြစ် ဥရောပကို စေလွှတ်ပါတယ်။ အဲဒီခရီးစဉ်နဲ့အတူ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအပေါ် လက်နက် ပိတ်ဆို့ထားမှု ပယ်ဖျက်ရေးနဲ့ ဆာဘ်တွေကိုဗုံးကြဲဖို့ သတင်းစကားကိုပါ ပါးလိုက် ပါတယ်။ ဒါပေမဲ့ ဥရောပက နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ လက်နက်ပိတ်ဆို့တာကို ဖွင့်ပေးလိုက်ရင် စစ်ရှိန်ပိုမြင့်လာမယ်။ ဗုံးကြဲလိုက်ရင် ဆာဘ်တွေကို သွားဆွသလိုဖြစ်ပြ၊ီး စစ်ရှိန်ပိုမြင့်လာမယ်။ စစ်ရှိန်မြင့်လေ ကျုပ်တို့နိုင်ငံတွေဘက်ကို ဒုက္ခသည်တွေ ပိုထွက်လာလေ ဖြစ်လိမ့်မယ်ဆိုတဲ့ စကားတွေ ကိုပဲကြားခဲ့ရပါတယ်။ ကလင်တန်အစိုးရအဖွဲ့ကတော့ ဒါမျိုးစကားတွေကို တအားကြိုက်တာပေါ့ဗျာ။ ဒါဆို ဗုံးမကြဲတော့ဘူး။ ဘော့စ်နီးယားနိုင်ငံထဲမှာ UN Safe Zones တွေသတ်မှတ်ပေးလိုက်မယ်။ အဲဒီလိုဆို ဒုက္ခသည်တွေကို ဘော့စ်နီးယားနိုင်ငံ ထဲမှာပဲ ထိန်းပြီးသားဖြစ်သွားမယ်။ ကျုပ်တို့လည်း တစ်ခုခု ကောင်းရာမွန်ရာ လုပ်ပေးတဲ့ အမြင်မျိုးရမယ်။ ဒါက ကလင်တန်အစိုးရရဲ့ တွက်ချက်လုပ်ကိုင်မှု တစ်ခုပါပဲ။
ပြတ်ပြတ်သားသား ဗုံးကြဲရယ့်အနေအထားကနေ Safe Zone လောက် လုပ်ပေးတဲ့အခြေအနေကို ရောက်သွားပါတယ်။ ၁၉၉၃ မေလမှာ ဘော့စ်နီးယား မှာ UN Safe Zones ၆ ခုကိုသတ်မှတ်လိုက်ပါတယ်။ အဲဒီ ၆ ခုကတော့
၁။ ဆရက်ဘရက်နီဆာ
၂။ ဇပ်ပါ
၃။ တူဇ်လာ
၎။ ဘီဟက်
၅။ ဆာရာယေဗို
၆။ ဂိုရာဇ်
တို့ဖြစ်ပါတယ်။

Safe Zones

Safe Zone တွေကို ထိန်းသိမ်းဖို့အတွက် UN ခြေလျင်တပ်တွေကို နေရာယူစေပြီး Safe Zone ကို တိုက်ခိုက်မယ့်ရန်သူတွေကို ချက်ချင်းတုံ့ပြန်နိုင်အောင် NATO လေတပ်ကိုပါ အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ NATO လေတပ်ကို အသုံးပြုဖို့ သော့ ၂ ချက်ကိုဖွင့်ရပါမယ်။ ပထမသော့ကတော့ UN အရပ်သားအရာရှိ ယာဆူရှီအာ့ခါရှီ ဖြစ်ပါတယ်။ သူက ခွင့်ပြုရင်တော့ ဒုတိယသော့ချက်ဖြစ်တဲ့ NATO ဗိုလ်ချုပ်တွေရဲ့ ခွင့်ပြုမိန့်ကို ယူရပါတယ်။ ပြီးရင်တော့ safe zone ကိုလာတိုက်တဲ့ရန်သူကို ဗုံးကြဲနိုင်ပါပြီ။
၁၉၉၂ နှစ်မှာ ဘော့စ်နီးယားအရှေ့ပိုင်းက ဆရက်ဘရက်နီဆာမြို့ကို မွစ်ဆလင်မ်တပ်တွေက တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းနိုင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ ခိုလှုံရာဖြစ်နေတာပါ။ ၁၉၉၃ ခုနှစ်မှာ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်က ဆရက်ဘရက်နီဆာကိုပြန်သိမ်းခါနီးဆဲဆဲမှာပဲ UN က Safe Zone အဖြစ်ကြေငြာလိုက်ပါတယ်။ ဆာဘ် ဗိုလ်ချုပ်ဟာ ပါးစပ်နားရောက်ခါမှ ပုတ်ချခံလိုက်ရလို့ ရေရေလည်လည်ကို ဒေါခီးပြီးဆရက်ဘရက်နီဆာကို ဝိုင်းရံပိတ်ဆို့ထားလိုက်ပါတယ်။ ဝင်တော့မတိုက်ရဲပါဘူး။ ကလင်တန် အစိုးရကတော့ တို့လုပ်ပေးလို့ လူ့အသတ်တွေ အများကြီး ကယ်နိုင်တာဆိုတဲ့ပုံစံ ပြောဆိုပါတယ်။ US လွှတ်တော်အမတ်တွေကတော့ ဒီလို အောက်ကြေးလောက်နဲ့ အလုပ်လုပ်တာမျိုးကို မလိုလားပါဘူး။ မလာဒစ်ကို မြို့ကိုပိတ်ဆို့ခွင့် ဘာလို့ပေးတာလဲ။ ခုချက်ချင်းကို ဗုံးကြဲပစ်ကွာ ဆိုတာမျိုးပါ။ US လွှတ်တော်အမတ်တွေထဲက မက်ကလော့စကီးနဲ့ ဒိုးလ်တို့ကို US အစိုးရအဖွဲ့က “ဗုံးကြဲချင်ကြသူကြီးများ” လို့ ခနဲ့တဲ့တဲ့ ခေါ်လေ့ရှိပါတယ်။ ဟိုပုဂ္ဂိုလ်ကြီးတွေကတော့ ခနဲ့ရုံမကလို့ ဘာနဲ့ပဲထိုးနှက်ထိုးနှက် သူတို့ခံယူချက်နဲ့ ကြိုးပမ်းမှုတွေကို တစ်စက်မှ မလျှော့ပါဘူး။

မက်ကလော့စကီး၏ စီးချင်းထိုးပွဲများ
လွှတ်တော်ကြားနာပွဲတွေမှာ မက်ကလော့စကီးဟာ နိုင်ငံခြားရေးဝန်ကြီးခရစ္စတိုဖာကို ရသမျှ ခေါ်ကြိတ်နေပါတယ်။ ဒီလို ခေါ်ကြိတ်နိုင်အောင်လည်း မက်ကလော့စီးဟာ ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် ခရီးသွားလျက် အချက် အလက်သစ်တွေ ယူလာလေ့ရှိပါတယ်။ မက်ကလော့စကီး – ခင်ဗျားတို့ အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ဒီတစ်ပတ်ဘော့စ်နီးယားမှာ လူဘယ်လောက်ထပ်သေပြန်ပြီ။ အဲဒါ genocide ဟုတ်မဟုတ် yes or no ဖြေပါ။
ခရစ္စတိုဖာ – ခင်ဗျားက ကျွန်တော့်ကို ဥပဒေပညာရှင်တွေဆုံးဖြတ်ရမယ့် ပညာရပ်ပိုင်းဆိုင်ရာကိစ္စကို ဝင်ဆုံးဖြတ်ခိုင်းနေတာလား။ အဲသလို တင်းမာတဲ့ အမေးအဖြေတွေဟာ မက်ကလော့စကီးရဲ့စီးချင်းထိုးပွဲတွေကနေ ထွက်ပေါ်နေပါတယ်။ မက်ကလော့စကီးရဲ့ စီးချင်းထိုးပွဲတွေဟာ လွှတ်တော်ထဲမှာတင်ရပ်မနေပါဘူး။ ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် သွားနေရတဲ့ မက်ကလော့စကီး ဟာသူ့မဲဆန္ဒနယ်ကိုတောင် လှည့်မကြည့်မိတဲ့အဖြစ်ကို ရောက်နေပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲမန်နေဂျာက ဒီကိစ္စကို သတိပေးစကားပြောတော့ မက်ကလော့စကီးက“လူသားသိန်းနဲ့ချီ သတ်ဖြတ်ခံနေရတဲ့ကိစ္စက ရွေးကောက်ပွဲထက် ပိုအရေးကြီး တယ်ကွ” လို့ပြန်ဖြေပါသတဲ့။ မက်ကလော့စကီးရဲ့ ပြိုင်ဘက်ကတော့ ဒီအချက်ကိုအသုံးချထိုးနှက်ပြီး မဲဆွယ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲမှာ မက်ကလော့စကီး ရှုံးနိမ့်သွားပါတယ်။ မက်ကလော့စကီး အမတ်ဘဝက ပြုတ်ပါပြီ။ သူစိတ်ဓါတ်ကျသွားပြီလား။ No ပါ။ မက်ကလော့စကီးရဲ့ တုန့်ပြန်မှုကတော့ “သန်းချီတဲ့လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို့လုပ်ရာမှာ အမတ်နေရာကပြုတ်ပေးရလဲ တန်ပါတယ်” ဆိုတာမျိုးပါ။ မက်ကလော့စကီးရဲ့ စွန်လွှတ်အနစ်နာခံပြီးတိုက်ခဲ့တဲ့ စီးချင်းထိုးပွဲ တွေပါ။

တွဲလက်ကယ်ညီ ရုန်းကြသည်

US အစိုးရအဖွဲ့ကို ဖိအားပေးရာမှာ ထိထိရောက်ရောက် လှုပ်ရှားခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ကို ချန်ထားလို့ မရပါဘူး။ အဲဒီအဖွဲ့အစည်းတွေကတော့ အမေရိကန်ရောက် ဂျူးအဖွဲ့အစည်းတွေနဲ့ မွစ်ဆလင်မ်အဖွဲ့အစည်းတွေပါ။ အစ္စရေး-ပါလက်စတိုင်းပြဿနာကို နောက်မှာပို့ထားပြီး လောလောလတ်လတ် သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ဘော့စ်နီးယားဂျင်နိုဆိုဒ်ကိုဖြေရှင်းဖို့ ဂျူး နဲ့မွစ်ဆလင်မ်တွေဟာ လက်တွဲညီခဲ့ကြပါတယ်။
အီမာမ်မူဂျာဟစ်ဦးဆောင်တဲ့ အမေရိကန်မွစ်ဆလင်မ်အဖွဲ့ဟာ Bosnia Task Force ကိုဖွဲ့စည်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခြင်းနဲ့ US လွှတ်တော်တွင်းထိုးဖောက်မှုတွေကို လုပ်ခဲ့ကြပါတယ်။ အိမ်ဖြူတော်ကို တိုက်ရိုက်ထိတဲ့ (kick) ကစ်ချက်တွေကတော့ ဂျူးအဖွဲ့အစည်းတွေကနေ ထွက်ပေါ်လာတာပါ။ ၁၉၉၃ ဧပြီမှာ ဟိုလိုကော့စ် အထိမ်းအမှတ် ပြတိုက်ဖွင့်ပွဲကို သမ္မတကလင်တန်ကိုယ်တိုင် တက်ရောက်ဖွင့်ပေးပါတယ်။
အဲဒီဖွင့်ပွဲမှာ အမေရိကန်ရောက် ဂျူးခေါင်းဆောင် ဝှိုင်ဇဲလ်က သမ္မတကို ရှေ့တည့်တည့်ထားပြီး စင်ပေါ်ကနေ စကားပြောပါတယ် “သမ္မတကြီးခင်ဗျား။ ကျွန်တော် မပြောဘဲနေလို့မရပါဘူး။ ကျွန်တော် ယူဂိုဆလားဗီးယားကို ရောက်ခဲ့ ပါတယ်။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ ထပ်တူကျတဲ့ ဒီသွေးချောင်းစီးနေမှုကို ရပ်တန့်အောင် တစ်ခုခု လုပ်ကိုလုပ်ရပါမယ်” ဝှိုင်ဇဲလ်ဟာ အော့ခ်ျဝစ်ဇ်စခန်းကနေ မသေရုံတမယ်ဘဝနဲ့ လွတ်မြောက်လာခဲ့သူပါ။ သူဟာ ဆာဘ်တွေရဲ့လုပ်ရပ်နဲ့ နာဇီဟိုလိုကော့စ်ကို နှိုင်းယှဉ်ပြော ရင်း သမ္မတရှေ့မှာတောင် လက်သီးတွေဆုပ်မိလျက် တဆတ်ဆတ် တုန်နေပါ တော့တယ်။
လွှတ်တော်တွင်းက ဖိအား၊ မီဒီယာရဲ့တွန်းအား၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကစ်ချက်တွေနဲ့ ကလင်တန်အစိုးရဟာ ရစရာကိုမရှိတော့ပါဘူး။ အရင်ကလို ဥရောပပြဿနာပဲ။ တို့က ကူညီရုံပဲတတ်နိုင်တယ်လို့ ပြောလို့မရ တော့ပါဘူး။ ဒီမှာတင် US အစိုးရကိုယ်တိုင်ဦးဆောင်ပြီး ဘော့စ်နီးယားစစ်ပွဲကို ရပ်တန့်ဖို့ အားထုတ်ရပါတော့တယ်။ US အစိုးရဟာ လော့ဒ်အိုဝင်ကို ကိုယ်စားလှယ်အဖြစ်စေလွှတ်ပါတယ်။ ဒီတစ်ပွဲမှာတော့ ကာရာဒစ်ဇ်လောက်နဲ့ မတွေ့တော့ဘဲကာရာဒစ်ဇ်ရဲ့ဆရာ မီလိုဆီဗစ်ဆီကို လွှတ်လိုက်ပါတယ်။ လော့ဒ်အိုဝင်နဲ့အတူ လက်နက်တစ်ခုလည်း ထည့်ပေးလိုက်ပါတယ်။
စစ်ပွဲရပ်ဆိုင်းရေး plan ကိုလက်မခံရင် ဆားဘီးယားအပါအဝင်ဆာဘ် တွေအားလုံးကို ဒီထက်တင်းကြပ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်မယ်ဆိုတဲ့လက်နက်ပါ။ မီလိုဆီဗစ်အနေနဲ့ စစ်ရပ်ဆဲရေး plan ကိုလက်ခံဖို့ သူ့လူတွေကို ချက်ပြရပါတယ်။
ဒါ့ကြောင့် US အစိုးရရဲ့ ဗန့်စ်-အိုဝင် Plan လို့လူသိများတဲ့ စစ်ရပ်ဆဲရေး အစီအစဉ်ကို ကာရာဒစ်ဇ်ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီ plan အရ
– ဘော့စ်နီးယားနိုင်ငံကို ခွဲထုတ်ခွင့်မရှိပါဘူး။
– US အပါအဝင်နိုင်ငံတကာက ဘော့စ်နီယားနိုင်ငံအတွင်းကဆာဘ် နယ်မြေတည်ရှိမှုကိုတော့ အသိအမှတ်ပြုမှာပါ။
– ဆာဘ်တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ကိုတော့ လက်လွှတ်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလို လက်မှတ်ရေးထိုးတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့သူကတော့ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်ပါ။ နယ်မြေတချို့ စွန့်လွှတ်ရမယ့်အချက်ကို မလာဒစ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့တပ်တွေကို နောက်ဆုတ်မပေးနိုင်ကြောင်း တင်းခံပြပါတယ်။ မလာဒစ်ကို ကာရာဒစ်ဇ်ရော မီလိုဆီဗစ်ပါ မနိုင်တော့ပါဘူး။ မီလိုဆီဗစ် ကိုယ်မွေးတဲ့မျောက် ကိုယ်မနိုင်တဲ့အနေအထားရောက်သွားပါတယ်။ ဗန့်စ်-အိုဝင် Plan လည်းပျက်သွားပြီး စစ်ပွဲဟာလည်း ဆက်ဖြစ်နေပါတော့တယ်။ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ယန္တယားဟာလည်း ဆက်လက်လည်ပတ်နေဆဲပါ။

ရာဇဝတ်မှုစီရင်ရေး
နိုင်ငံရေးအရ တိုးတက်မှုဟာ တအိအိနဲ့ ရှေ့တိုးနေသလို ရာဇဝတ်ကောင်များကို တရားစီရင်ရေးဟာလည်း တစ်လှမ်းချင်း ရှေ့တိုးလာEိုင်ခဲ့ပါတယ်။ ၁၉၉၃ဖေဖော်ဝါရီမှာ ယူဂိုဆလားဗီးယားမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သတ်ပြီး ကျူးလွန်သူများကို အရေးယူရမယ်ဆိုတဲ့ UN ရဲ့ resolution ထွက်လာပါတယ်။ ဒီ Resolution ကို အကောင်အထည်ဖော်ဖို့ ၁၉၉၃ မေလမှာ (International Criminal Tribunal for Former Yugoslavia) ယူဂိုဆလားဗီးယား ပြည်ထောင်စုဝင်နိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ဖွဲ့စည်းလိုက်ပါတယ်။

ရန်သူ့မျက်နှာတည့်တည့်ကြည့်ပြီး

၁၉၉၃ ခုနှစ်မှာလည်း ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ယန္တယားဟာ ဆက်လက် လည်ပတ်နေဆဲပါပဲ။ ဒါပေမဲ့ ၁၉၉၂ လောက်တော့ အရှိန်မကောင်းတော့ပါ့ဘူး။ ၁၉၉၂ ခုနှစ်အတွင်း ဆာဘ်တွေလက်ချက်နဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်
၁ သိန်းနီးပါး အသက်ပျောက်ခဲ့ရသော်လည်း ၁၉၉၃ ခုနှစ်မှာတော့ သေဆုံးရသူဟာ သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို သတ်မှတ်ရာမှာ သတ်ဖြတ်ခံရသူ အရေအတွက်အရ သတ်မှတ်တာမဟုတ်သလို လူတွေသေနေတာကို တိရစ္ဆာန်တွေကုန်ပစ္စည်းတွေသဖွယ် သောင်းဂဏန်း၊ သိန်းဂဏန်း စသဖြင့် ပြောဆိုနေရတာ ကိုက လွန်လှပါပြီ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တားဆီးဖို့ ဒီထက်အားထုတ်ကြိုးပမ်းဖို့လိုအပ်နေပါပြီ။
ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကတော့ သူတို့မှာရှိတဲ့ အားအင်ကို အစွမ်းကုန်ထုတ်သုံးလျက် ရုန်းကန်ခဲ့ပါတယ်။ ဒီလို ရုန်းကန်မှုကြောင့်ပဲ ၁၉၉၃ နှစ်ကုန်မှာ လူအင်အား ၁ သိန်းနီးပါးရှိတဲ့ ဘော့စ်နီးယားမွစ်ဆလင်မ်တပ်မတော် ပေါ်ပေါက်လာခဲ့ပါပြီ။
အပေါ့စားခြေလျင်လက်နက်တွေပဲ တပ်ဆင်ထားပေမဲ့ ဘော့စ်နီးယား မွစ်ဆလင်မ်တပ်မတော်ဟာ ဆာဘ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နေနိုင်ရုံမက တစ်ခါတရံ ခံစစ်လိုင်းတွေကို တိတ်တဆိတ်ဖြတ်ကျော်ကာ ဆာဘ်တွေရဲ့ နောက်တန်းကစခန်းတွေကို ဝင်တိုက်တာ၊ ထောက်ပို့လမ်းကြောင်းတွေကို ခြုံခိုတာတွေအထိ လုပ်နိုင်လာခဲ့ပါတယ်။ ဒီလိုအနေအထားကို ရောက်ဖို့က လွယ်လွယ်ကူကူနဲ့ ဖြစ်လာခဲ့တာ တော့မဟုတ်ပါဘူး။ ၁၉၉၃ နှစ်စပိုင်းကတည်း ခရိုအတ်တွေနဲ့ တိုက်နေရတဲ့ စစ်မျက်နှာကလည်း ရှိပါသေးတယ်။ ခရိုအတ်နဲ့စစ်ပွဲအစပိုင်းမှာဆိုရင် မွစ်ဆလင်မ်စစ်သား ထောင်ဂဏန်းလောက် ရုတ်တရက် ဖမ်းဆီးခံရပြီး ခရိုအတ်အကျဉ်းစခန်းတွေမှာ နှိပ်စက်ခံရပါတယ်။
(တလောက ICC မှာ အဆိပ်သောက်သတ်သေသွားတဲ့ ခရိုအတ် စစ်ဗိုလ်ချုပ်ဆိုတာ အဲ့ဒီတုန်းက မွစ်ဆလင်မ်စစ်အကျဉ်းသားတွေကို နှိပ်စက်ခဲ့သူပါ။)


ခရိုအတ်နဲ့တိုက်တဲ့ စစ်မျက်နှာမှာ ဘော့စ်နီးယန်းရော ခရိုအတ်နှစ်ဖက်လုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ အရပ်သားတွေကို အပြန်အလှန် သတ်ဖြတ်တာတွေရှိပါတယ်။ ဒီအတွက် စစ်ပွဲပီးတော့ နှစ်ဖက်လုံးကဆိုင်ရာတပ်မှူး
တွေဟာ နိုင်ငံတကာခုံရုံးတင်ခံရပါတယ်။ ခရိုအတ်တွေဘက်က သတ်ဖြတ်တဲ့ အကြိမ်အရေအတွက်နဲ့ ပမာဏပိုများခဲ့တာတော့ အရှိတရားပါ။
ဘော့စ်နီးယန်းမွစ်ဆ လင်မ်တွေအနေနဲ့ စစ်မျက်နှာ နှစ်ဖက်ဖွင့်တိုက်ရင်းနဲ့ လူအင်အား သိန်းချီတဲ့တပ်မတော်တစ်ခုကို တည်ဆောက်ခဲ့ရတာပါ။ လက်နက်ခဲယမ်းလမ်းကြောင်း တွေကိုလည်း အခိုင်အမာတည် ဆောက်နိုင်ခဲ့ပါပြီ။ မွစ်ဆလင်မ်နိုင်ငံတွေနဲ့ လက်တွဲခိုင်ခိုင်ဆုပ်မိ ထားသလို US လွှတ်တော်နဲ့ အိမ်ဖြူတော်က မိတ်ဆွေအချို့ ရဲ့ ထောက်ခံမှုတွေ အခိုင်အမာရရှိနေပါပြီ။ ၁၉၉၃ နှစ်ဆုံးပိုင်းကိုရောက်တော့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေရဲ့ မျက်နှာကိုတည့်တည့်ကြည့်ပြီး “ငါတို့ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကမ္ဘာမြေပြင်ပေါ်ကနေ မပျောက်ကွယ်တော့ဘူးဟေ့” လို့ ရဲရဲရင့်ရင့်ပြောနိုင်တဲ့ အနေအထားကိုရရှိခဲ့ပါပြီ။

Genocide နဲ့ Geopolitics

ဒီလိုနဲ့ အချိန်ဟာ ၁၉၉၃ ကုန်လို့ ၁၉၉၄ ခုနှစ်ကို ရောက်လာခဲ့ပါတယ်။
၁၉၉၂ စစ်ပွဲစတင်တုန်းက ဆာဘ်တွေဟာ နယ်မြေတွေကို တဟုန်ထိုး သိမ်းပိုက် နိုင်သလောက် ၁၉၉၄ မှာတော့ ဆာဘ်တွေရဲ့စစ်ရှိန်ဟာ တန့်သွားခဲ့ပါပြီ။
ဘော့စ်နီးယန်း မွစ်ဆလင်မ်တပ်မတော်ရဲ့ ခုခံမှုတွေဟာလည်း အားကောင်းသည်ထက် အားကောင်းလာပါတယ်။ ဆာဘ်တွေအနေနဲ့ သူတို့ဟာ အထက်စီး က တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ပြသဖို့အတွက် အလွယ်တကူတိုက်ခိုက်လို့ရမယ့်ပစ်မှတ်ကိုရှာနေခဲ့ပါတယ်။
ခက်တာက အဲဒီလိုပစ်မှတ်တွေကို UN က safe zone အဖြစ်စောင့် ရှောက်ကာကွယ်ပေးထားတာပါ။ ဆာဘ်တွေအဖို့ လက်တဆုပ်စာ UN တပ်တွေ ရဲ့ အကာအကွယ်အောက်က safe zone တွေကိုလက်တည့်စမ်းကြည့်ချင်နေပါ တယ်။ ၁၉၉၄ ဖေဖော်ဝါရီမှာ ဆာဘ်တွေဟာ UN safe zone တစ်ခုဖြစ်တဲ့ ဆာရာယေဗိုမြို့ကို အမြောက်နဲ့လှမ်းပစ်ပါတယ်။ လူအများသွားလာနေရာ ဈေးတန်းကို အမြောက်ဆန်ကျပြီး အရပ်သား ၆၈ ယောက်သေသွားပါတယ်။ UN ရဲ့ safe zone ကို ဒဲ့ကြီးအမြောက်နဲ့ပစ်တာဟာ safe zone လုံခြုံရေးတာဝန်ယူထားတဲ့ NATO လေတပ်ကို နားရွက် တံတွေးဆွတ်လိုက်တာမျိုးပါ။
ဒီတခါတော့ သံခင်းတမန်ခင်းစကားလုံးတွေ ထွက်မလာတော့ဘဲ NATO အဖွဲ့ဆီကနေ ရာဇသံထွက်လာပါတယ်။ “ဆာရာယေဗိုမြို့ ပတ်ချာလည်တောင်ကုန်း တွေမှာရှိတဲ့ ဆာဘ်အမြောက်တွေ ၂၄ နာရီအတွင်းဆုတ်ခွာ မဟုတ်ရင် ဗုံးကြဲ ပစ်မယ်” ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်ကတော့ “ငါတို့ဆာဘ်တွေဟာ ရာဇသံကို လက်ခံရိုး မရှိဘူးကွ” လို့ တုန့်ပြန်ပါတယ်။ ဒါပေမဲ့ ဆာဘ်နိုင်ငံရေးသမား တွေကတော့ မော်စကိုမှာ ဒူးထောက်ခစားလျက် တစ်ခုခုတော့ လုပ်ပေးပါဦးလို့ အသနားသွားခံကြပါသတဲ့။
မော်စကိုက ကြေငြာချက်ထွက်လာပါတယ်။ “ဆာရာယေဗိုပတ်ချာ လည်က ဆာဘ်တပ်တွေဆုတ်ခွာပေးပါ။ အဲဒီနေရာတွေမှာ ရုရှားတပ်တွေ UN အလံထောင်ပြီး နေရာယူပေးမယ်။ safe zone ကို စောင့်ရှောက်မယ်” တဲ့ဗျာ။ NATO က တကယ်ဗျင်းတော့မယ်ဆိုတာသိတော့ အချိုဝင်သပ်ပေးတာပေါ့ဗျာ။
ရုရှားရဲ့ ဒီအစဉ်ကို ဗုံးမကြဲချင်တဲ့ ဗြိတိန်ကထောက်ခံခဲ့လို့ US ကလည်း လက်ခံပေးလိုက်ပါတယ်။ ၁၈ လ ကျော်ကျော် အမြောက်ဒဏ်၊ ဝိုင်းရံ ပိတ်ဆို့မှုဒဏ်ကိုခံခဲ့ရတဲ့ ဆာရာယေဗိုမြို့သားတွေဟာ လမ်းပေါ်ကို ပျော်ရွှင်စွာထွက်လာခဲ့ကြပါတယ်။ ဘာပဲပြောပြောစိတ်ထင်တိုင်းအမြောက်နဲ့ထပစ်နေတဲ့အရူးတွေ မရှိတော့ဘူးကိုး။


US ဘက်ကတော့ ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး။ မနေ့တနေ့ကမှ စစ်အေးတိုက်ပွဲမှာရှုံးသွားတဲ့ရုရှားက လူတွင်ကျယ်လာလုပ်နေတာမို့ ဘော့စ်နီးယားကိစ္စကို ပေရှည်မနေတော့ဘဲ ခပ်မြန်မြန်ပွဲဖြတ်ဖို့ စတင်စဉ်းစားလာပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ဗန့်စ်-အိုဝင် Plan ကို ဆာဘ်တွေက ဖျက်လို ဖျက်ဆီးလုပ်ကတည်းက US ဟာ ဆာဘ်တွေနဲ့ညှိမရဘူးဆိုတာကို သဘောပေါက်ခဲ့ပါပြီ။ ဒီပွဲစဉ်ကို အဆုံးသတ်ဖို့ မွစ်ဆလင်မ်တွေဘက်က အသာစီးရလာမှသာ ဖြစ်နိုင်ချေရှိတော့မယ်လို့ တွက်ချက်လာရပါတော့တယ်။
ဒီအတွက် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို အခြားစစ်မျက်နှာတခုနဲ့ ထိုးနှက်နေတဲ့ ခရိုအတ်တွေကို ဖိအားပေးဖို့ရယ်၊ အီရန်-ခရိုအေးရှား-ဘော့စ်နီးယားလက်နက်လမ်းကြောင်းကို ပြန်ဖွင့်ဖို့ရယ်က US အတွက် မဟာဗျူဟာမြောက် အရေးကြီးတဲ့ ကိစ္စဖြစ်လာပါတယ်။ (ဒီလက်နက်လမ်းကြောင်းကို UN Resolutionအရ US တပ်တွေသုံးပြီးပိတ်ဆို့ထားတာပါ။)
ဂျင်နိုဆိုဒ်ရာဇဝတ်မှု တားဆီးရေးဆိုတဲ့ အနေအထားထက်ပိုပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကိစ္စဆိုတဲ့ ပုံစံအထိဖြစ်လာတာပါ။ ဒီလို မဟာဗျူဟာမြောက် ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ရဲရဲဝံ့ဝံ့နဲ့ လိုအပ်ရင် မိုက်မိုက်ကန်းကန်းပါ အလုပ်လုပ်တတ်တဲ့သူတယောက်ကို US အစိုးရက ဘော်လ်ကန် ဒေသကို စေလွှတ်ထားပါတယ်။ အဲဒီလူကတော့ ခရိုအေးရှားနိုင်ငံဆိုင်ရာ US သံအမတ်ကြီး ပီတာဂါးဘရသ်ပါ။

———————

လက်ရှိကိစ္စမှာလည်း တရုတ်နဲ့ အမေရိကန်ပွဲတည်လေလေ မြန်မာက တရုတ်ဘက်ကပ်လေလေ ကျွန်တော်တို့ကတော့ ပျော်လေလေပါပဲ။

သံအမတ်ကြီး၊ စေ့စပ်ညှိနှိုင်းပေးသူကြီး၊
လက်နက်မှောင်ခိုသမားကြီး
ပြီးတော့ တရားခံကြီး


၁၉၉၄ ခုနှစ် မတ်လဟာ ဂါးဘရသ်အတွက်တော့ အတော်အလုပ် များတဲ့လပါ။ ပထမဆုံး ခရိုအေးရှားသမ္မတ တွဂ်ျမန်ဆီသွားပြီး ဒဲ့ကစ်ဖို့လွှတ်လိုက်တဲ့ US အထူးကိုယ်စားလှယ်အဖွဲ့မှာ ဦးဆောင်ပါဝင်ရပါတယ်။ “ဘော့စ်နီးယားမှာ ဖြစ်နေတဲ့ ခရိုအတ်-ဘော့စ်နီးယားစစ်ပွဲကိုရပ်မလား၊ ဆားဘီးယားလို ခရိုအေးရှား နိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ပစ်ရမလား” လို့ ဂါးဘရသ်က ပြောလာချိန်မှာတော့ ခရိုအေးရှားသမ္မတ တွဂ်ျမန်အနေနဲ့ စစ်ပွဲကိုရပ်ဆိုင်းပေးပါ့မယ်ဆိုတဲ့ ကတိပေးရုံကလွဲလို ဘာမှ အထွန့်မတက်ရဲတော့ပါဘူး။
ဒီလိုနဲ့ ၁၉၉၄ မတ်လမှာ ခရိုအတ်နဲ့ ဘော့စ်နီးယန်းတွေဟာ ဝါရှင်တန် မှာ စစ်ရပ်ဆဲရေးသဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဖို့ မဟာမိတ်ပါဖွဲ့ခဲ့ပါတယ်။ မွစ်ဆလင်မ်တွေအတွက် ရန်မီးနှစ်ဖက် ညှပ်ခံ ရတဲ့အနေအထားကနေ လွတ်မြောက်ခဲ့ပါပြီ။ ဂါးဘရသ်အနေနဲ့ နောက်ထပ်မျက်နှာချင်းဆိုင်တွေ့ရသူကတော့ ဘော်လ်ကန်ဒေသဆိုင်ရာ CIA ညွှန်မှူးပါ။ “ညွှန်မှူး…အီရန်ကနေ လက်နက် ခဲယမ်းတင်လာတဲ့ လေယာဉ်တွေ ခရိုအေးရှားကိုလာလိမ့်မယ်။ အဲဒီကိစ္စ ခင်ဗျား မျက်စိမှိတ်ထားပေးပါ” “ဟာ…ဘယ်လို ! အမေရိကန်သံအမတ်ကြီးက အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်ကို အမေရိကန်အစိုးရရဲ့အမိန့်ကို ချိုးဖောက်ဖို့ လာပြောနေတာပါလား” ဂါးဘရသ် ရူးသွားပြီလား…? ဂါးဘရသ် မရူးပါဘူး။ ညွှန်မှူးကလည်း ဂါးဘရသ်မရူးမှန်းသိပါတယ်။ ဒါကြောင့် ဂါးဘရသ်ပြောတာကို ယတိပြတ်ပယ်မချဘဲ အိမ်ဖြူတော်က ဘာပြော မလဲ တီးခေါက်ကြည့်ဦးမယ်လို့ပြန်ဖြေပါသတဲ့။
ဂါးဘရသ်က “အိမ်ဖြူတော်ကို ကိုယ်တိုက်ရိုက်မေးမယ်” လို့ပြန်ပြောပြီး အီရန်လက်နက်လမ်းကြောင်းဖွင့်ပေးဖို့လိုကြောင်း လျှို့ဝှက်အစီရင်ခံစာကို State Department ကိုတင်လိုက်ပါတယ်။ တကယ်တော့ ဂါးဘရသ်ဟာ state department က သူ့လူတွေနဲ့ စည်းဝါးရိုက်ပြီးသားပါ။ ဒါ့ကြောင့်လဲ အစီရင်ခံစာအတွက် ညွှန်ကြားချက်ပြန်ကျမလာခင်မှာဘဲ ခရိုအေးရှားက လက်နက်ကုန်သည်ကို အီရန်ဆီက လက်နက်ခဲယမ်းအော်ဒါတွေ မှာထားလိုက်တော့လို့ သတင်းပါးထားလိုက်ပါတယ်။ ဧပြီလမှာ State Dapartment ကနေ ညွှန်ကြားချက် ရောက်လာပါတယ်။ ညွှန်ကြားချက်မှာရေးထားတာက အီရန်လက်နက်လမ်းကြောင်းနှင့်ပတ်သတ်၍ လောလောဆယ် no instruction ပါတဲ့။ ညွှန်ကြားချက်ကလည်း “မည်သည့် ညွှန်ကြားချက်မှမရှိပါတဲ့” ဘာကြီးလဲပေါ့…? တကယ်တော့ အီရန်လမ်းကြောင်းနဲ့ပတ်သတ်လို့ လောလောဆယ် ဘာမှမလုပ်နဲ့ မျက်စိမှိတ်ပေးလိုက်လို့ပြောတာပါ။ အဲဒီလောလောဆယ်ဆိုတာဟာလည်း ၁၉၉၅ ပွဲပြီးသည်အထိတည်တဲ့ လောလောဆယ်ပါပဲ။ ဂါးဘရသ်ဟာ အဲဒီမီးစိမ်းပြ ညွှန်ကြားလွှာကို ကိုင်ပြီး ခရိုအေးရှားသမ္မတတွဂ်ျမန်ဆီသွားကာ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ သေချာရှင်းပြလိုက်ပါတယ်။
ဒီလိုနဲ့ ၁၉၉၄ မေလမှာ အီရန်က လက်နက်ခဲယမ်းတန် ၆၀ကို မေတ္တာလက်ဆောင်စပို့ပေးပါတယ်၊ ခရိုအေးရှားတစ်ဝက် ဘော့စ်နီးယား တစ်ဝက် ခွဲယူကြပါတယ်။ ဒီနောက်ပိုင်းမှာလည်း အီရန်ဆီက လက်နက်ခဲယမ်းတွေ ဆက်တိုက် ရောက်လာလိုက်တာ ၁၉၉၄ ကနေ ၁၉၉၅ ပွဲပီးသည်အထိ တန်ချိန် ၅၀၀၀ ကျော်ပါသတဲ့။ ပီတာဂါးဘရသ်ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ဒီကိစ္စ ဒီလောက်အဆင် ပြေသွားတာပါ။ ပီတာဂါးဘရသ်အနေနဲ့ သူ့စွမ်းဆောင်ရည်အတွက် တုန့်ပြန်ချီးမြှင့်ခြင်း ခံရပါတယ်။ အဲဒါကတော့ ဘော့စ်နီးယား ပွဲစဉ်တွေအပြီးမှာ US လွှတ်တော်က ဂါးဘရသ်ကို ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ခေါ်ယူမေးမြန်းတာပါပဲ။ တရားခံကြီး ပီတာဂါးဘရသ်ပေါ့ဗျာ။ သူဟာ နောက်ပိုင်းမှာ US လွှတ်တော်အမတ်ကြီးလည်း ဖြစ်သွားပါ သေးတယ်။ စိတ်ဝင်စားရင် သူ့ဖေ့စ်ဘွခ်ပေ့ခ်ျမှာသွားပြီးဒါတွေ ဟုတ်/မဟုတ် မေးလို့ရပါတယ်။

ဂါးဘရသ်နှင့်အပြိုင်

ပီတာဂါးဘရသ်က အီရန်လက်နက်ခဲယမ်းတွေကိုပို့တဲ့ ခရိုအေးရှားလမ်းကြောင်းကိုဖွင့်နေချိန်မှာ ဂါးဘရသ်နဲ့အပြိုင် တူရကီလမ်းကြောင်းကို ဆက်ချဲ့နေသူကတော့ ရစ်ချက်ဟိုးလ်ဘရွခ်ပါ။ ၁၉၉၄ နှစ်ဦးပိုင်းမှာ ဟိုးလ်ဘရွခ်ရယ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိ US ထောက်လှမ်းရေးအရာရှိရယ်၊ ဘော့စ်နီးယားဝန်ကြီးချုပ် ဆလာဂ်ျရယ် သုံးပွင့်ဆိုင်လျှို့ဝှက်ဆွေးနွေးကြပါတယ်။
အဓိက အကြောင်းအရာကတော့ လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ဖို့ US လွှတ်တော်တွေမှာ စလုပ်နေပြီဖြစ်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းတွေ အရ အနည်းဆုံး ၆လ ကြာဦးမှာဖြစ်ကြောင်းနဲ့ တူရကီလမ်းကြောင်းကို ဆက်ချဲ့ဖို့ ပြောကြတာပါ။ ဒီနောက်မှာတော့ တူရကီ အန်ကာရာလေဆိပ်ကနေ တိုက်ရိုက်ပျံတက်လာတဲ့ C-130 လေယာဉ်တွေရဲ့ ဇာတ်လမ်းတွေဖြစ်လာပါတော့တယ်။ ၁၉၉၄ နိုဝင်ဘာမှာတော့ US လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တခုထွက်လာပါတယ်။ ဘော့စ်နီးယန်းတွေဆီပို့တဲ့ လက်နက်တွေကို ကြားဖြတ်တားဆီးနေတဲ့ Adriatic ပင်လယ်တွင်းက US စစ်သင်္ဘောတွေအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ကန့်သတ်လိုက်တဲ့ဥပဒေပါ။ အလွန်အံ့အားသင့်စရာကောင်းတဲ့ ပြဌာန်းချက်ပါ။ US စစ်သင်္ဘောတွေရဲ့ဘဏ္ဍာရေးကို US လွှတ်တော်က ဖြတ်တောက်လိုက်တာပါ။ ဘော့စ်နီးယန်း မွစ်ဆလင်မ်တွေလက်ထဲ လက်နက်ခဲယမ်းတွေ လွတ်လွတ်လပ်လပ်စီးဝင်နိုင် စေဖို့ပါတဲ့။ ဒါဟာ လက်နက်ပိတ်ဆို့ထားမှုကို မပယ်ဖျက်နိုင်သေးခင်မှာ ဘော့စ်နီးယန်းတွေအတွက် အသက်ရှူပေါက်ရစေဖို့ပါ။ ဒီနောက်မှာတော့ ပင်လယ်ပြင်ကဖြစ်ဖြစ် လေကြောင်းကဖြစ်ဖြစ် မွစ်ဆလင်မ်တွေဆီကို ထောက်ပို့လာတဲ့ လေယာဉ်နဲ့သင်္ဘောတွေဟာ အတော်ကြီးလွတ်လွတ် လပ်သွားလာခွင့်ရသွားပါတော့တယ်။
ဒီသင်္ဘောတွေ လေယာဉ်တွေရဲ့အဝင်အထွက်ကို CIA က အစအဆုံးသိနေပေမယ့် တခြားဥရောပထောက်လှမ်းရေးတွေကို သတင်းမျှတာမျိုး မလုပ်တော့ပါဘူး။ ဥပမာ-ခရိုအေးရှားမှာ အီရန်လေယာဉ် အဝင်အထွက် တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်ရှိနေကြောင်း ဥရောပထောက်လှမ်းရေးတွေကမေးရင် CIA က အတည်ပြုမပေးတော့ပါဘူး။

ရေသာတလှည့်
လက်နက်ခဲယမ်းလည်း အတော်အတန်ရှိလာပြီး မဟာမိတ်အဖြစ်လည်းလက်တွဲနိုင်ပြီးနောက်မှာတော့ ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေဟာ ၁၉၉၄ ခုနှစ်အတွင်းမှာ ပူးတွဲစစ်ဆင်ရေးတချို့ လုပ်ကြပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ ခရိုအတ်တွေဟာ စတုရန်းမိုင် ၇၀ လောက်ကို ဆာဘ်တွေလက်ထဲကနေ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ နယ်မြေအားဖြင့်သိပ်မကျယ်ဝန်းပေမယ့် အဲဒီစတုရန်းမိုင် ၇၀ မှာ ခရိုအေးရှားကို ပေါင်မုန့်လှီးဖဲ့သလိုဖဲ့ယူထားတဲ့ ဆာဘ်တပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်း ကြောင်းလည်း ပါဝင်နေတာပါ။ ၁၉၉၁ နှစ်ဆုံးပိုင်းကတည်းက ငြိမ်သက်နေတဲ့ ခရိုအေးရှားစစ်မျက်နှာဟာ ပြန်လည်လူးလွန့်လာခဲ့ပါတယ်။ ခရိုအတ်တွေရဲ့ တန်ပြန်ထိုးစစ်အပြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း ဘက်က ရလိုက်တဲ့ အမြတ်ကတော့ ဆာဘ်တွေရဲ့ မဟာသွေးစည်းညီညွတ်မှုဟာ အက်ကွဲကြောင်းထနေပြီဆိုတာ ထင်ရှားသွားတာပါ။ ဗဟိုဆားဘီးယားက အင်အားသန်းချီတဲ့ အမြဲတမ်းတပ်ဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားစစ်ပွဲတွေမှာ တိုက်ရိုက်ဝင်ပါဖို့မရှိတော့ဘူးဆိုတာ ထင်ရှားသွားပါတယ်။ မီလိုဆီဗစ်ရဲ့ ဗဟိုဆားဘီးယားသည်ပင်လျှင် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေအောက်မှာ တလူးလူးတလှိမ့်လှိမ့်နဲ့ ခံစားနေရပြီဆိုတာ ပေါ်လွင်သွားပါတယ်။

သွေးတိုးစမ်းတဲ့ ဆာဘ်

စစ်ရေးအရ တိတိပပ အသားစီးမရတော့တဲ့အခါ ဆာဘ်တွေဟာလွယ်ကူတဲ့ ပစ်မှတ်တွေကို အချောင်ရမလားဆိုတဲ့စိတ်နဲ့ သွေးတိုးလိုက်စမ်းနေပါတယ်။ ဆာရာယေဗိုကို အမြောက်နဲ့ပစ်တဲ့ ၁၉၉၄ ဖေဖော်ဝါရီလထဲမှာပဲ ဆာဘ်
တွေဟာ နောက်ထပ်သွေးတိုးစမ်းတဲ့အလုပ်ကို လုပ်ပါသေးတယ်။ UNရဲ့ လေကြောင်းမပျံသန်းရဆုံးဖြတ်ချက်ကို အာခံပြီး ဆာဘ်တိုက်လေယာဉ် လေးစင်းဟာ ဘော့စ်နီးယားနိုင်ငံအလယ်ပိုင်းကို ပျံသန်းလာခဲ့ပါတယ်။ NATO က ဆာဘ်တိုက် လေယာဉ်လေစင်းလုံးကို ပစ်ချလိုက်ပါတယ်။ နောက်ထပ် နှစ်လအကြာမှာ ဆာဘ်တွေဟာ တူဇ်လာ safe zone က UN တပ်တွေကို ခြုံခိုတိုက်ပြန်ပါတယ်။ UN တပ်တွေက ဆာဘ်စစ်စခန်းတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်ပါတယ်။

ဂိုရာဇ်တိုက်ခိုက်မှု
အဆိုးဆုံးဖြစ်သွားတာကတော့ နောက်ထပ် safe zone တစ်ခုဖြစ်တဲ့ ဂိုရာဇ်မြို့မှာပါ ။၁၉၉၄ ဧပြီမှာပဲ ဆာဘ်တွေက ဂိုရာဇ် safe zone ကို အမြောက်နဲ့ ပစ်ပါတယ်။ အရပ်သားတွေနေထိုင်ရာရပ်ကွက်နဲ့ ဆေးရုံအပါအဝင် မြို့ကို အမြောက်နဲ့ ကွက်စိပ်ပစ်ခတ်ပြီးတဲ့နောက်မှာတော့ တင့်ကားနှစ်စင်းဦးဆောင်တဲ့ ဆာဘ်စစ်ကြောင်းဟာ မြို့အပေါက်ဝကို ရောက်လာပါတယ်။


UN အနေနဲ့ မတတ်သာတဲ့အဆုံး NATO လေကြောင်းပစ်ကူကိုတောင်းခံ ရပါတယ်။ NATO ရဲ့ F-16 နှစ်စင်းဟာ ဂိုရာဇ်အနီးက ဆာဘ်အမိန့်ပေးဌာနချုပ်ကို ပစ်ခွင်းလိုက်တဲ့အခါမှာတော့ ဆာဘ်တွေဟာ အများထင်မထားတဲ့ အလုပ်ကို လုပ်လိုက်ပါတယ်။ UN တပ်သား ၁၅၀ ကို ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီး ဓါးစားခံ လုပ်လိုက်တာပါ။ US သမ္မတ ကလင်တန်ကတော့ ဒီကိစ္စအလျှော့ပေးလို့မရဘူးဆိုပြီးမိန့်ခွန်းပေးပြီး ဗုံးဆက်ကြဲပါတယ်။ ဆာဘ်တွေအနေနဲ့ ဂိုရာဇ်မြို့ကနေ မဆုတ်ခွာမချင်း ဗုံးကြဲပါတယ်။ ဆာဘ်တပ်တွေအနေနဲ့ ဂိုရာဇ်ကနေ ထွက်ခွာသွားရပါတယ်။ NATO ဘက်ကတော့ UN safe zone တိုင်း၏ ကီလိုမီတာ ၂၀ အတွင်းဆာဘ်လက်နက်ကြီးများ မထားရလို့ ရာဇသံကိုထပ်တင်ပါတယ်။ (ဆာဘ်တွေဟာလူနေရပ်ကွက်တွေကို အမြောက်နဲ့ ပစ်နေမှကိုး။) ဆာဘ်တွေရဲ့ နောက်ထပ် သွေးတိုးစမ်းတိုက်ခိုက်မှုတွေကို အကျဉ်းချုပ်ပြောပြရရင် –
– ၉၄ စက်တင်ဘာမှာ ဆာရာယေဗိုမြို့နားမှာ UN ကားတစ်စင်းကိုဆာဘ်တွေက ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ NATO က ဆာဘ်တင့်ကားတစ်စင်းကို ဗုံးကြဲဖျက်ဆီးပြီးတုန့်ပြန်ပါတယ်။
– ၉၄ နိုဝင်ဘာမှာ ဆာဘ်တွေသိမ်းပိုက်ထားတဲ့ ခရိုအေးရှားနိုင်ငံတွင်းက Udbina လေဆိပ်ကနေ ဘော့စ်နီးယားနိုင်ငံတွင်းက ဘီဟဗ် safe zone ကို တိုက်ခိုက်ပါတယ်။ NATO က အဲဒီလေယာဉ်ကွင်းကို ဗုံးကြဲချပါတယ်။

မြေခွေးအတွေး မြေခွေးအကျင့်
၁၉၉၄ ခုနှစ်ကိုပြန်ချုပ်ရရင် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ စစ်အင်အားအတော်အတန်ရှိလာပြီး ခရိုအတ်တွေနဲ့ပါ လက်တွဲနိုင်လာပြီမို့ ဆာဘ် တွေကို တန်းတူရည်တူနီးပါ ပြန်လည်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။ ဒီမှာတင် ဘော့စ်နီးယားဟာ ပြည်တွင်းစစ်ရဲ့ အသွင်သဏ္ဍာန် ပိုပေါ်လွင်လာပါတယ်။ လူတွေဟာ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ငရဲခန်းတွေထက် တိုက်ပွဲ တွေအကြောင်းကို ပိုပြောလာကြပါတယ်။ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ငရဲခန်းတွေဟာ ၁၉၉၂ နှစ်ကလို အရှိန်အဟုန်ကောင်းကောင်းနဲ့ အလွယ်တကူလည်ပတ်နိုင်ခြင်းမရှိတော့ပေမယ့်လည်း လုံးဝရပ်ဆိုင်းသွားတာမျိုးတော့မဟုတ်ပါဘူး။ ဆာဘ်တွေဟာ ခုချိန်ထိ ဘော့စ်နီးယန်းမြို့တချို့ကို ဝိုင်းရံထားဆဲ၊ အငတ်ဘေးကျအောင် ရိက္ခာပိတ်ဆို့ထားဆဲ၊ အခွင့် ရရင်ရသလို အစုလိုက်အပြုံလိုက် လူသတ်ဆဲပါပဲ။ ဆာဘ်တွေအနေနဲ့ သွေးတိုးစမ်းတိုက်ခိုက်မှုတွေ လုပ်နေတာဟာ တောရမ်းမယ်ဘွဲ့ လျှောက်လုပ်နေတာမဟုတ်ပါဘူး။ သူတို့ဟာ တွက်ချက် ထားတဲ့ ရည်မှန်းချက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်လို့ရမရ စမ်းသပ်နေတာပါ။
သေချာပြန်ကြည့်မယ်ဆိုရင်–
– ဆာဘ်တွေ ဆာရာယေဗိုကို အမြောက်နဲ့ပစ်တယ်။ NATO က ကန့်သတ်ဗုံးကြဲတယ်။
– ဆာဘ်တွေ တူဇ်လာမှာ UN ကို ခြုံခိုတိုက်တယ်။ UN က လက်နက်ကြီးနဲ့ပြန်ပစ်တာလောက်ပဲလုပ်တယ်။
– ဆာဘ်တွေ ဂိုရာဇ်ကိုအမြောက်နဲ့ပစ်ပြီး UN တပ်တွေကို ဓါးစာခံလုပ် တယ်။ NATO က ကန့်သတ်ဗုံးကြဲတယ်။
“US အပါအဝင် အနောက်နိုင်ငံအသိုင်းအဝိုင်းဟာ ငါတို့ဆာဘ်တွေကို အပြီးအပြတ်စစ်ပွဲတစ်ရပ်ဆင်နွှဲချင်တဲ့ အနေအထားမရှိဘူး။ အကန့်အသတ်နဲ့ပဲ ကိုင်တွယ်ချင်တာကိုး။ ဒါဆို ငါတို့ ဆာဘ်တွေဘက်ကသာ တစ်ခုခုကို ပြတ်ပြတ် သားသားလုပ်ပစ်လိုက်ပြီး ရှေ့ကို ခြေဆယ်လှမ်းလောက်တိုးလိုက်ရင် NATO action လာလို့ ငါးလှမ်းလောက်ပြန်ဆုတ်ရရင်တောင်မှ ငါတို့ဘက်က အမြတ်ထွက်နိုင်သေးသကိုး” ဒါဟာ ဆာဘ်တွေရဲ့ မြေခွေးအတွေးပါ။ ဒီအတွေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆာဘ်တွေဟာ အခြေအနေနဲ့အချိန်အခါကို စောင့်ဆိုင်းနေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ၁၉၉၄ ခုနှစ်ကုန်လို့ ၁၉၉၅ ခုနှစ်ထဲကို ချဉ်းနင်းဝင်ရောက်လာပါတယ်။

ဘော့စ်နီးယားဂျင်နိုဆိုဒ် (၁) ဆက်လက်ဖတ်ရှုရန်

ဘော့စ်နီးယားဂျင်နိုဆိုဒ် (၃) ဆက်လက်ဖတ်ရှုရန်