မြန်မာပြည်မှာ Facebook ဖေ့စ်ဘုတ်သုံးစွဲပြီး အမုန်းတရားပွားများအောင် သတင်းတွေ ရေးသားဖြန့်ချိနေကြတဲ့အတွက် မီးလောင်ရာလေပင့်သလိုဖြစ်နေပြီလို့ ဝါရှင်တန်ပို့စ်သတင်းစာက မနေ့က ရေးသားလိုက်ပါတယ်။

ဖေ့စ်ဘုတ်ဟာ မြန်မာပြည်မှာ အဓိက သတင်းဖြန့်ချိရေးစနစ် ဖြစ်နေပြီး ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းတွေကို သာမန်အရပ်သားတွေကသာမက တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစိုးရပြောခွင့်ရသူ ကိုယ်တိုင်က ဖြန့်ချိဝေငှနေကြကြောင်းလည်း ဝါရှင်တန်ပို့စ် သတင်းစာရဲ့ အင်တာနက်ဝက်ဆိုဒ်က ဆောင်းပါးမှာ ရေးသားထားပါတယ်။

ဥပမာအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်ကို တင်ပြရာမှာ မွတ်စလင် တချို့က သူတို့အိမ်သူတို့ မီးရှို့ပြီး စစ်တပ်ကို အပြစ်ပုံချကြောင်း ဖေါ်ပြထားသလို အဲဒီသတင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရသူ ဦးဇော်ဌေးက သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ထပ်ဆင့်ဝေငှခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖေ့ဘုတ်ပြောခွင့်ရသူတစ်ဦးက မြန်မာပြည်မှာ ဖေ့စ်ဘုတ်ကနေ အမုန်းတရား ရေးသားနေကြတာကို စောင့်ကြည့်ဖို့အတွက် မြန်မာဘာသာစကား တတ်ကျွမ်းတဲ့အဖွဲ့တစ်ခုဖွဲ့စည်းပြီး ကိုင်တွယ်ဖြေရှင်းနေကြောင်းနဲ့ အဆင့်အတန်းနိမ့်ကျတဲ့ အရေးအသားမျိုးကို ဖေ့စ်ဘုတ်သုံးစွဲသူတွေရဲ့ ထောက်ပြအကြောင်းကြားချက်တွေအရ အရေးယူနေကြောင်း ပြောပါတယ်။ မှားယွင်းတဲ့ သတင်းအချက်အလက် ရေးသားတင်ပြယုံမျှနဲ့ ဖေ့စ်ဘုတ်ပေါ်ကနေ ဖယ်ရှားခြင်းမပြုပေမယ့် လူတဖက်သားကို ထိခိုက်နစ်နာစေပြီး ခြိမ်းခြောက်မှုမျိုးပါဝင်တဲ့ အရေးအသားတွေကိုတော့ ဖယ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာမွတ်စလင်ဆန့်ကျင်ရေးကို လူမှုမီဒီယာသုံးစွဲပြီး ထိပ်တန်းက ဖြန့်ချိရေးသားနေတဲ့ သံဃာတစ်ပါးကတော့ အရှင်ဝီရသူဖြစ်ပြီး လူသေအလောင်းတွေကို မွတ်စလင်တွေ သတ်ဖြတ်ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေအဖြစ် ဖေါ်ပြခဲ့ပေမယ့် ရိုဟင်ဂျာတွေဒုက္ခရောက်ပုံကိုတော့ ဆရာတော်ရဲ့ ဖေ့စ်ဘုတ်မှာ တခါမှဖေါ်ပြခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ အရှင်ဝီရသူကို အရေးယူပိတ်ပင်ခဲ့ဘူးကြောင်းလည်း ဖေ့စ်ဘုတ်အရာရှိက ပြောပါတယ်။

တခြားအစွန်းရောက် အမျိုးသားရေးသံဃာတချို့ကလည်း ဖေ့စ်ဘုတ်ကို နောက်လိုက်နောက်ပါ များပြားလာအောင် လူစုတဲ့ပစ္စည်းအဖြစ် အသုံးချနေကြတယ်လို့ ဆိုပါတယ်။ အရှင် ဦးသုစိတ္တဆိုတဲ့ ဆရာတော်ဟာ အမေရိကန်သံရုံး ဆန္ဒပြပွဲအတွက် ဖေ့စ်ဘုတ်ကနေ လူစုခဲ့ကြောင်းနဲ့ ရွှေတိဂုံဘုရားမှာ ဈေးလာရောင်းတဲ့ မွတ်စလင်တွေကို ရန်ပြုခြိမ်းခြောက်ဖို့ လှုံ့ဆော်ခဲ့ကြောင်း၊ ဒါ့အပြင် အရှင် သုစိတ္တဟာ မွတ်စလင်တွေထွက်ပြေးကြတဲ့အတွက် ဝမ်းသာကြောင်းနဲ့ ဘင်္ဂါလီတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံးလူတွေဖြစ်ကြောင်း ရေးသားခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ်က ဖေါ်ပြပါတယ်။

တဆက်တည်းမှာပဲ အင်တာနက် ဖေ့စ်ဘုတ်ကနေ မဖွယ်မရာရေးသားမှုတွေကို အစိုးရကိုယ်တိုင် မသက်မသာဖြစ်နေပြီး မကြာခင်ကတင် အင်တာနက်သုံးစွဲမှုတွေကို ကြီးကြပ်စစ်ဆေးဖို့ ဥပဒေပြဌာန်းခဲ့ကြောင်းလည်း အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဖေ့စ်ဘုတ် ဒု ဥက္ထဌတစ်ဦးက မြန်မာပြည်မှာ ဖေ့စ်ဘုတ်ကနေ အမုန်းတရားပွားများအောင် ရေးသားမှုတွေကို ဖယ်ရှားဖို့အတွက် လက်တွေ့မှာ အခက်အခဲရှိနေပါတယ်။ မြန်မာလို ရေးသားထားတာတွေကို ချက်ခြင်း နားမလည်တဲ့အတွက် ထပ်မံအချိန်ယူစစ်ဆေးပြီးမှ အရေးယူနေရပါတယ်၊ ဒါဟာ ရေရှည်ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခုအဖြစ် မျှော်လင့်ထားပါတယ်လို့ ဝါရှင်တန်ပို့စ်ကို ဖြေကြားခဲ့ကြောင်း သိရပါတယ်။

Source : https://www.facebook.com/rfaburmese/photos/