ဂျင်နိုဆိုဒ်အာဏာရှင်အား ဖြုတ်ချခြင်း နိဂုံး

 

ဂျင်နိုဆိုဒ်အာဏာရှင်အား ဖြုတ်ချခြင်း နိဂုံး

ကမ္ဘာကို မြန်မာက ဦးဆောင်တယ်
———————————————
ဒီမိုကရေစီတိုက်ပွဲမှာ မြန်မာပြည်သူတွေဟာ ကမ္ဘာပေါ်မှာ ရှေ့ထွက်ဦးဆောင်ခဲ့တဲ့သူတွေပါ !
ဟုတ်ပါတယ် – ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပီး အရှေ့ဥရောပနိုင်ငံတွေမှာ ရောင်စုံတော်လှန်ရေးတွေပေါ်လာတာတောင် ၁၉၈၉ မှ ဖြစ်လာတာမို့ မြန်မာထက် ၁ နှစ်နောက်ကျပါတယ် ။ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေချိန်ဟာ ကမ္ဘာနဲ့ရင်ဘောင်တန်းရုံမက ကမ္ဘာ့ရှေ့မှာ ဦးဆောင်ရှိခဲ့ပါတယ် ။ ၈၈ ဒီမိုကရေစီအရေးအခင်းရဲ့ အားသာချက်က မြန်မာပြည်သူတရပ်လုံး ( ဗမာ အပါအဝင် လူနည်းစုတွေ + ဘာသာပေါင်းစုံ + လူတန်းစားပေါင်းစုံ ) က ဒီမိုကရေစီသန့်သန့်လေးတောင်းဆိုကြတာပါ ။ ဘယ်လူမျိုးစုကမှ ဗဟိုအစိုးရအားနည်းချိန်မှာ ခွဲထွက်မယ်လို့ အသံထုတ်ခဲ့တာမရှိပါဘူး ။ ဒါဟာ ဆိုဗီယက်ပြိုကွဲခြင်း ; ယူဂိုဆလားဘီးယားပြိုကွဲခြင်းတို့နဲ့ အကြီးအကျယ်ကွာဟတဲ့ အချက်ဖြစ်ပီး မြန်မာလူထုရဲ့ ဉာဏ်ကျယ်မှုလို့တောင် ပြောရမှာပါ ။

ပြည်သူလူထုက ဉာဏ်ကျယ်သလောက်
————————————————–
လူထုက ဉာဏ်ကျယ်သလောက် အာဏာရှင်တွေနဲ့ အတိုက်အခံဆိုသူတွေက ဉာဏ်တိမ်လွန်းပါတယ် ။ စစ်အာဏာရှင်ကတော့ အာဏာရှင်ဇရိုက်အတိုင်း လူ ၁ သောင်းခွဲလောက်ကို ပစ်ခတ်သတ်ဖြတ်ပီး နှစ် ၂၀ လောက်ခွေးဇာတ်ခင်းသွားပါတယ် ။

စွပ်စွဲလိုခြင်းမဟုတ်ပေမဲ့ – အဲ့ဒီစစ်အာဏာရှင်တွေရဲ့ ခွေးဇာတ်မှာ ပူးပေါင်းပါဝင်ခဲ့သူတွေကတော့ မြန်မာအတိုက်အခံနိုင်ငံရေးသမားဆိုသူတွေပါ – ” လူ ၁ သောင်းခွဲခန့် ပစ်ခတ်သတ်ဖြတ်ပီး အာဏာယူခဲ့ကာ ; ကရင်နယ်မြေမှာ နိုင်ငံတကာရာဇဝတ်မှုပေါင်းစုံကျူးလွန်ခဲ့တဲ့ စစ်အစိုးရ ” ကို နိုင်ငံတကာတရားစီရင်မှုယန္တယားနဲ့ အရေးယူဖို့ ထိထိရောက်ရောက် အားမထုတ်နိုင်ခဲ့ပါဘူး ။

စစ်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းရေးဆိုတဲ့ မရေရာမသေချာတဲ့ နိုင်ငံရေးလမ်းကြောင်းတခုနဲ့ ရေစုံမျှောလိုက်ရင်း မြန်မာပြည်ရဲ့ကံကြမ္မာဘယ်သောင်ဘယ်ကမ်းဆိုက်မယ်ဆိုတာ မရေရာမသေချာဖြစ်နေခဲ့ရတာ အခုထိပါပဲ ။ စစ်အာဏာရှင်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို တဖက်သတ်အသာစီးရတဲ့ ဥပဒေလက်နက်မျိုးကို တည်ဆောက်ပီး တိုင်းပြည်ကို pseudodemocracy = ရွှေရည်စိမ်ဒီမိုကရေစီနဲ့ အကန့်အသတ်မရှိအုပ်ချုပ်ဖို့ ပြင်ဆင်သွားနိုင်ပါပီ ။ ဘယ်သူတက်တက် – ဘယ်သူအစိုးရဖြစ်ဖြစ် အာဏာရှင်စနစ်က တရားဝင်ရှင်သန်ခွင့်ရသွားခဲ့ချေပီလား !

ဘယ်ရမလဲ !
——————-
၂၀၁၈ ခုနှစ်မှာ သမိုင်းအသစ်ရေးခဲ့ပါပီ – မြန်မာပြည်က အာဏာရှင်တွေဟာ ရိုးရိုးအာဏာရှင်တွေမဟုတ် ; ဂျင်နိုဆိုဒ်အာဏာရှင်တွေဖြစ်ကြောင်း အခိုင်အမာ တံဆိပ်ကပ်နိုင်ခဲ့ပါပီ ။

၈၈ အရေးအခင်းအပီး နှစ်ပေါင်း ၃၀ ခန့် အိယောင်ဝါးလိုက်နေတဲ့ မြန်မာ့နိုင်ငံရေးကို အဆုံးသတ်ဖို့ အချက်ပေးအမြောက်သံ ဖောက်တော့မှာပါ ။ သိပ်မကြာခင်ကာလမှ နိုင်ငံတကာရာဇဝတ်တရားရုံးတော်ကနေ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို သမ္မာန်စာထုတ်ဆင့်ပါလိမ့်မယ် – သမ္မာန်စာနဲ့ ဖမ်းဝရမ်းဟာ ICC လုပ်ထုံးလုပ်နည်း အရ အဆင့်အတူတူပဲမို့ ဖမ်းဝရမ်းထွက်လာခြင်းဟာလည်း ဆက်တိုက်ဖြစ်လာပါလိမ့်မယ် ။ ဖမ်းဝရမ်းကို လက်တွေ့အကောင်အထည်ဖော်မဲ့ executive power တွေကိုလည်း အသင့်တည်ဆောက်ပီးပါပီ ။ တရားခံတွေကို အချိန်အတိုအတွင်း အမြန်ဆုံးဖမ်းရမှာဖြစ်ကြောင်း ဗိုလ်ဌေးကိုယ်တိုင်က ၂၀၁၈ စက်တင်ဘာကတည်းက ပြောပီးသားပါ ။

ဒီမိုကရေစီအရေးတော်ပုံမှာ ကမ္ဘာကို မြန်မာက ဦးဆောင်နိုင်ခဲ့ပေမဲ့ ပန်းဝင်အလွန်နောက်ကျနေပါတယ် – အခုအချိန်ဟာ အဆုံးသတ်တိုက်ပွဲနွှဲပီး ပန်းဝင်ရမဲ့အချိန်ပါ ။

အာဏာကိစ္စစိတ်မဝင်စား
———————————-
ဘယ်သူဘယ်ဝါ ဘယ်ပါတီ အာဏာရရေး ကျနော်တို့စိတ်မဝင်စားပါဘူး ။ ဘယ်သူအာဏာရရ တန်းတူညီမျှအခွင့်အရေးနဲ့ လူနည်းစုအခွင့်အရေးကာကွယ်စောင့်ရှောက်မှုဥပဒေတွေပြဌာန်းဖို့ပဲ စိတ်ဝင်စားပါတယ် ။

ဒီအတွက် လက်နက်ကိုင်အဖွဲ့အစည်းက အသာစီးရယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဖျက်ကိုဖျက်သိမ်းရမှာပါ ။ ICC ရဲ့ ဖမ်းဝရမ်းနဲ့ အတူ ဂျင်နိုဆိုဒ်အာဏာရှင်တွေရဲ့ ကံကြမ္မာကို နှောင်းတည်းလိုက်ပါပီ ။ ဒီအချိန်မှာ မြန်မာပြည်သူလူထုအနေနဲ့ ခွင့်သာခိုက်မှာ ရုန်းကန်ကြဖို့လိုပါတယ် ။ မရုန်းကန်ရင်တော့ ကျန်တဲ့လူမျိုးစုတွေက ၁၉၈၈ တုန်းကလို ဂျင်နိုဆိုဒ်အာဏာရှင်စနစ်အောက် ခေါင်းငုံ့ခံနေတော့မှာ မဟုတ်ပါဘူး – ဖြစ်တဲ့နည်းနဲ့ ခွဲထွက်သွားကြပါလိမ့်မယ် ။

ကျနော်တို့ဟာ မေတ္တာတရားဆိုတဲ့ အခြေခံနဲ့ ချည်းကပ်ပါတယ် ။ လူမျိုးစုအလိုက် ; လူ့အဖွဲ့အစည်းအလိုက် တိုးတက်တာကိုလိုလားပါတယ် – ကူညီဖို့လည်း အသင့်ပါ ။ မြန်မာပြည်သူလူထုကိုယ်တိုင်လည်း အာဏာရှင်စနစ်ကို ချေမှုန်းရာမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုတိုက်ဖျက်ရေးနဲ့ ချိတ်ဆက်ဆောင်ရွက်တတ်ဖို့လိုပါတယ် ။

အမှန်တော့ ဆာဘ်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုထက် မြန်မာကျောင်းသားလှုပ်ရှားမှုသမိုင်းက ပိုပီး အစဉ်အလာရှိပါတယ် ။ ကိုယ်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာကို နိုင်ငံတကာရာဇဝတ်မှုတိုက်ဖျက်ရေးလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ခြင်းဖြင့် မြန်မာပြည်သူလူထုတရပ်လုံးအတွက် အကျိုးရှိမဲ့ကာလကို ရောက်တော့မှာဖြစ်ကြောင်း သတင်းကောင်းပေးလိုတဲ့အတွက် ဒီစာကိုရေးရခြင်းဖြစ်ပါတယ် ။

ပြီးပါပြီ

kyawhlaoo ရေးသည်

အမတ်

လွှတ်တော်နိုင်ငံရေး ဖြစ်ထွန်းလာရင်- ကိုယ်စားပြု အမတ်ဆိုတာ လိုလာမှာပါပဲ-
လူထုဟာ အမတ်ကို ရွေးချယ်တတ်ဘို့ လိုပါတယ်။
ကိုယ်ပြောချင်တဲ့ စကားကို –
(၁) လွှတ်တော်ထဲမှာ ပြောမယ့်သူ-(၂) ပြောရဲသူ (၃) တိုတုတ်ရှင်းလင်းစွာ ပြောတတ်သူ (၄) မိမိ မဲဆန္ဒရှင်များရဲ့ ခံစားချက်နဲ့ ဖြစ်လိုစိတ်ကို သိနိုင်အားရှိသူ (၅) သက်ဆိုင်ရာ ဥပဒေများကို နှံ့စပ်ပြီး ဥပဒေဘောင်တွင်းမှာ ယုတ္တိကျကျထောက်ပြတတ်သူ (၆) အချိန်အခါ အလျှောက် တွေဝေနေခြင်း မရှိသူ- (၇) ကပ်ဖားယပ်ဖားမဟုတ် ဖြောင့်မတ်တည်ကြည်သူ (၈) လူထုအတွက် ကိုယ်စားပြု အမတ် တစ်ကယ်လုပ်ချင်သူ- တို့ကို ရွေးချယ်သင့်ပါတယ်။

မရွေးချယ် အပ်- မဲမပေးအပ်သော သူများမှာ-
(၁) အမတ်လုပ်ချင်လွန်းလို့ ဘယ်လိုဖြစ်ဖြစ် အမတ်ဖြစ်ပြီးရော ကတိအလွယ်ပေးတတ်သူ (၂) ဝေ့လည်ကြောင်ပတ် စကားပြောတတ်သူ (၃) မဲဆန္ဒရှင်များက ဖေါ်ပြောမှ သိတတ်သူ (ကိုယ်ပိုင်အမျှော်အမြင်နည်းသူ) (၄) အပေါ်ဖားအောက်ပိ စိတ်ရှိသူ- စတဲ့ လူတွေကို ရှောင်ရပါမယ်။
ပါတီတစ်ခုအတွင်းမှ အမတ်လောင်း ဖြစ်သော်- ပါတီရဲ့ မူနဲ့ အဲ့ဒီပါတီရဲ့ လုပ်ပိုင်ခွင့် ပါတီမှ ဆုံးဖြတ်ခွင့်ရှိသူထဲမှ အများစုရဲ့ သဘောထားကို လေ့လာရပါမယ်။ တစ်ခါတစ်ရံ အမတ်လောင်းတစ်ဦးဟာ အလွန်တော်နေပေမယ့်- သူ့ပါတီရဲ့ မူ ကြောင့် လူထုအတွက် ဘာမှ မလုပ်ပေးနိုင်တာများလည်း ရှိပါတယ်။ (ပါတီရဲ့ မူကို ကျော်ဖြတ်နိုင်သူကတော့ တစ်ကယ့် သူရဲကောင်းပါ- အဲ့လို လူမျိုးကို ပါတီ မကြည့်ဘဲ မဲပေးသင့်ပါတယ်။ အမတ်ဖြစ်သင့်ပါတယ်။)
ဒေသ တစ်ခုချင်းက မဲဆန္ဒရှင်များ အနေနဲ့- မိမိရဲ့ ဆန္ဒကို တစ်ကယ့် အခက်အခဲ အချိန်မှာ ဘယ်အမတ်တွေက ကိုယ့်အတွက် ကိုယ်စားပြု ပြောဆို လုပ်ဆောင်ပေးမလဲ ဆင်ခြင်သင့်ပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ အမတ်များကို ကြည့်ပါ။ ဥပမာ မင်္ဂလာဒုံမြို့နယ်က အမတ်က မင်္ဂလာဒုံလူထုအတွက် ကိုယ်စားပြုပြီး ဘာတွေ လုပ်ပေးခဲ့သလဲ၊ ဘာတွေများ လွှတ်တော်ထဲမှာ ပြောပေးခဲ့သလဲ။ အလားတူ တာမွေမြို့နယ်၊ ဒဂုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်-၊ စသည်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ မြို့နယ်၊ ဒေသ အမတ်တွေ စဉ်းစားသင့်ပါတယ်။
ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ်လူထုတစ်ရပ်၊ ကိုယ့်အသိုင်းအ၀ိုင်း အတွက် ဘာမှ အသုံးမကျတဲ့ အမတ်များကို (ပါတီကြောင့် ဆိုတဲ့ အစွဲကြောင့်) ဆက်လက် မဲ မပေးသင့်ပါ။ အော် သူဆိုရင်တော့ ငါတို့အတွက် တစ်ခုခုတော့ ပြောဆို လုပ်ကိုင်ပေးမှာပဲ ဆိုတဲ့ အမတ်လောင်းများ ပေါ်လာရင် အဲ့ဒီ အမတ်ကို လေ့လာပါ။ တစ်ကယ် သတ္တိရှိရဲ့လား၊ တစ်ကယ်လုပ်နိုင်စွမ်းရှိရဲ့လား-၊ တစ်ကယ် ကိုယ်ကျိုးစွန့်ရဲ့လား- (လူဆိုတာ ၁၀၀% စိတ်တိုင်းကျ မဟုတ်နိုင်ပေမယ့် ရာနှုန်းအများ အားသားချက် ရှိရင်) အဲ့ဒီ အမတ်လောင်းများကို မိမိမြို့နယ် မိမိဒေသ အတွက် လက်လွတ်ဆုံးရှုံး မခံသင့်ပါ။
မဲဆန္ဒရှင်များ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ကြပါစေ။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement