သူတို့ ဘာကို ဖြည်ထုတ်ချင်နေတာလဲ ?

ဒီရက်ပိုင်း ရိုဟင်ဂျာပြန်လည်လက်ခံရေးနဲ့ပတ်သတ်ပီး ပြည်တွင်းမှာ ဟော့နေတဲ့ဖြစ်စဉ်ကတော့ DVB စကားဝိုင်းပါ ။

အဲ့ဒီစကားဝိုင်းမှာ ဆရာမကြီးတယောက်က ” လ၀ကငယ်စာရင်းအခိုင်အမာရှိရက်နဲ့ ဖျောက်ထားလို့ စိတ်ကောင်းလေးတွေမွေးကြပါ ” လို့ ထောက်လိုက်တာကနေ ရေရေလည်လည် ဟော့သွားပါတယ် ။

မနေ့က အဲ့ဒီစကားဝိုင်းဗီဒီယိုတခုမှာ ထပ်တွေ့တာက လူကယ်ပြန်၀န်ကြီးဌာနက ညွှန်မှူး ဒေါက်တာအောင်သူရိန်ကလည်း ” လ၀ကငယ်စာရင်းရှိရင် ; နံပါတ်ပြောနိုင်ရင် ” ဆိုပီး စကားသံထွက်လာပါတယ် ။

ဒီကိစ္စဟာ ရိုဟင်ဂျာတွေအတွက်တော့ မက်စရာဘာမှမရှိပေမဲ့ နိုင်ငံတကာရာဇ၀တ်မှုရှု့ထောင့်က စဉ်းစားစရာ တချက်ရှိပါတယ် ။

ရိုဟင်ဂျာတွေရဲ့ စာရွက်စာတမ်းတွေ ပျောက်ပျက်မှုဟာ သာမန်ပြေးရင်း လွှားရင်း ကျပျောက်တာမဟုတ်ပါဘူး ။ တမင်တကာကို သိမ်းယူဖျက်ဆီးခံလိုက်ရတာပါ ။ အထူးသဖြင့် ၂၀၁၇ ဩဂုတ်ဖြစ်စဉ်အတွင်း ရိုဟင်ဂျာတွေပိုင်သမျှ ပုဂ္ဂိုလ်ရေးစာရွက်စာတမ်း အိမ်ခြံမြေဂရံတွေကို သိမ်းယူပီးဖျက်ဆီးတာပါ ။ ရိုဟင်ဂျာတွေကို မသတ်ခင်လေးမှာတင် ; မောင်းထုတ်ခါနီးလေးမှာတင် ” စာရွက်စာတမ်းအထောက်အထားတွေရှိရင် ထုတ်ပေးစမ်း ” လို့တကူးတကတောင်းယူပီး ဖျက်ဆီးတာပါ ။

ဒီကိစ္စကို ICC ရုံးတော်ကလည်း သူ့အမှုတွဲတွေမှာ သေချာထည့်ရေးထားပါတယ် ။ တူလာတိုလီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ လူတွေကို မသတ်ခင် ရှိတဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်းလိုက်ပီး သတ်လို့လည်း ပီးရော အလောင်းတွေကို မီးရှို့ ရာမှာ အဲ့ဒီစာရွက်စာတမ်းတွေကိုပါ တပါတည်း‌ရောပီး မီးရှို့ပစ်ခဲ့ကြောင်း ICC အမှုတွဲမှာ သေချာထည့်ရေးထားပါတယ် ။

ICC အမှုတွဲမှာ ထည့်ရေးရတာက အကြောင်းရှိပါတယ် ။ ဒီလို လူတွေရဲ့ စာရွက်စာတမ်းအထောက်အထားတွေကို ဖျောက်ဖျက်မှုဟာ သာမန်ကာလျှံကာဖြစ်စဉ်တခုမဟုတ်ပဲ သီးသန့်နိုင်ငံတကာရာဇ၀တ်မှုတခု အဖြစ်သတ်မှတ်ထားလို့ပါ ။ ဒါကို identity cleansing လို့ ခေါ်ပါတယ် ။

ဒီလို ဖြစ်စဉ်မျိုး ကိုဆိုဗိုမှာလည်း ဖြစ်ခဲ့ပီး ဖြစ်ဖြစ်ချင်း ကနဦးတုန့်ပြန်မှုအနေနဲ့ နိုင်ငံတကာဘက်က လုပ်ခဲ့ရတာက ထွက်ပြေးကိုဆိုဗားအလ်ဘေးနီးယန်းဒုက္ခသည်တွေကို register လုပ်ရာမှာ ဆွေမျိုးအသိုင်းအဝိုင်းချိတ်ဆက်မှု နဲ့ မူရင်းဒေသအသေးစိတ်ကိုပါ ထည့်သွင်းပေးခဲ့ရတာပါ ။ ဒုက္ခသည်တွေကို အထောက်အပံ့ပစ္စည်းဝေငှဖို့ သပ်သပ် register လုပ်တာမကတော့ပဲ သူ့ရဲ့ identity ကိုပါ တပါတည်း ပြန်လည်တည်ဆောက်ပေးထားတာပါ ။ ဘကုန်းဘက်က ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း UN က ကိုဆိုဗိုတုန်းက ပုံစံအတိုင်း register လုပ်ပေးထားပါတယ် ။
* ဒါက identity cleansing ဖြစ်ခဲ့ကြောင်း ကမ္ဘာက သိထားတယ်ဆိုတဲ့ အနေအထားပါ ။ *

ဒီနေ့ လ၀က ငယ်‌မွေးနံပါတ်ကိစ္စ ပြည်တွင်းစကားဝိုင်းမှာ အသံထုတ်လာတာ တိုက်ဆိုင်မှုသပ်သပ် မကလောက်ပါဘူး ။

အထူးသဖြင့် ညွှန်မှူးအဆင့်က ထုတ်ပြောတယ်ဆိုတာ ဘာကို ဖြည်ထုတ်ချင်တာလဲ ?
ညွှန်မှူးဆိုတာ ၀န်ထမ်းပါ – ၀န်ထမ်းဆိုတာ နိုင်ငံရေးရာထူးယူထားသူမဟုတ်တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာကို ပြောခွင့်မရှိပါဘူး ။ အလွန်ဆုံးပြောခွင့်ရရင် အချက်အလက်ကိုပဲ ပြောခွင့်ရှိပါတယ် ။ ဒါတောင်မှ သူ့အထက်က မီးစိမ်းပြထားမှပါ ။

” အခု ရိုဟင်ဂျာ‌တွေရဲ့ ငယ်မွေးနံပါတ်တွေရှိပါတယ် ” လို့ ထွက်ပြောလာတာဟာ ဆိုင်ရာ၀န်ကြီးဌာနအနေနဲ့ identity cleansing ဆိုတဲ့ နိုင်ငံတကာရာဇ၀တ်မှုနဲ့ ညိသွားမှာ ကြောက်လို့ ဖြည်ထုတ်တာလည်း ဖြစ်နိုင်ပါတယ် ။

ရိုဟင်ဂျာတွေအတွက်ကတော့ မြန်မာပြည်ကဘယ်ကဒ် ဘယ်နံပါတ်ကမှ ရင်ခုံစရာ မရှိ‌တော့ပါဘူး ။
မြန်မာပြည်ကအာဏာပိုင်‌တွေသာ သူတို့လုပ်ထားတဲ့ ရာဇ၀တ်မှုတွေအတွက် သူတို့ဖာသာ ‌ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတာပါ ။
ကိုယ့်လူတွေ မြင်တတ်ဖို့လိုပါတယ် ။

kyawhlaoo ရေးသည်