ဒီနေ့ ကျနော်တို့ အားကိုးနေရတဲ့ ICC ခုံရုံးတွေ ; Ad hoc ခုံရုံးတွေ စွဲကိုင်နေတဲ့ နောက်ခံမူဝါဒကတော့ universal jurisdiction ပဲ ။
universal jurisdiction ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ လုံး၀ဥသုံချွင်းချက်မရှိသော တရားစီရင်ရေးအာဏာ ။ ဆိုလိုချင်တာက တိုင်းပြည်တခုရဲ့ အချုပ်အခြာအာဏာကဖြစ်စေ ; နိုင်ငံရေးအပေးအယူကဖြစ်စေ ဒီတရားစီရင်ရေးအာဏာအပေါ် ချွင်းချက်နဲ့ ကင်းလွတ်ခွင့် ပေးလို့မရပါဘူး ။ ဒီတရားစီရင်ရေးအာဏာဟာ အချုပ်အခြာအာဏာရဲ့ အထက်မှာ ရှိပါတယ် ။

တိုင်းပြည်တခုရဲ့ အထွဠ်အခေါင် အချုပ်အခြာအာဏာထက်တောင် လေးနက်ပါတဲ့ လုံး၀ဥသုံချွင်းချက်မရှိတရားစီရင်ပိုင်ခွင့်ဆိုတဲ့ အသုံးအနှုန်း universal jurisdiction ရဲ့ မူလ အသုံးအနှုန်းကတော့ universal repression ဆိုတဲ့ အသုံးအနှုန်းပါ ။ universal repression ကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ အလုံးစုံလွှမ်းမိုးသော ကြပ်မတ်ထိန်းသိမ်းမှု ။

ဒီ universal repression ဆိုတဲ့ အသုံးအနှုန်းကို စတင်သုံးစွဲသူကတော့ Dr . Raphael Lemkin ပါပဲ ။

၁၉၃၃ မက်ဒရစ်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဥပဒေများဆိုင်ရာကွန်ဖရင့်မှာ Dr . Lemkin က ဒီအသုံးအနှုန်းကို စတင်မိတ်ဆက်ခဲ့တာပါ ။

ပယ်ချခံရလေသော အသုံးအနှုန်း
——————————————
Dr . Lemkin က ပထမကမ္ဘာစစ်အတွင်း အော်တိုမန်ပြည်ထဲရေးဌာနက အာမေးနီးယန်းတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လူမျိုးစုအလိုက်ပစ်မှတ်ထားပီး ဇီ၀ရှင်သန်ရပ်တည်မှုကို ဖျက်ဆီးခြင်းနဲ့ လူ့အဖွဲ့ စည်းလိုက် ပစ်မှတ်ထားပီး ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဖျက်ဆီးမှုတွေကို တားဆီးဖို့အတွက် universal repression ဆိုတဲ့ အလုံးစုံလွှမ်းမိုးသော ကြပ်မတ်ထိန်းသိမ်းမှု ဟာ အပြည်ပြည်ဆိုင်ရာမူဝါဒတရပ်ဖြစ်သင့်တယ် ။ Dr . Lemkin ဆိုလိုချင်တာက နောက်ထပ်ကမ္ဘာပေါ်က လူသားမျိူးနွယ်တွေ ( အထူးသဖြင့်လူနည်းစုတွေ ) ဟာ အာမေးနီးယန်းတွေလိုတိုက်ခိုက်ခံရပီး ထိခိုက်ခံစားရမှုတွေ ဖြစ်ပေါ်လာရင် ဘယ်ဒေသ ဘယ်အချိန်မှာ ကျူးလွန်သူက ဘယ်လိုအဆင့်အတန်းပဲဖြစ်ပါစေ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေက အလုံးစုံလွှမ်းမိုးသော အင်အားနဲ့ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ကျော်လွန်သက်ရောက်ပီး ကြပ်မတ်ထိန်းသိမ်းဖို့ ( ရက်စက်မှုတွေ ဆက်မဖြစ်ဖို့ ) အားထုတ်ကြိုး‌ပမ်းရမယ် ဆိုတဲ့ သဘောပါ ။ [ အဲ့ဒီခေတ်အခါက Genocide ဆိုတဲ့ စကားလုံးကို မတီထွင်ရသေးလို့ အကြောင်းအရာတွေကို ရှည်ရှည်လျားလျား ရေးပြရတာပါ ]

အလုံးစုံလွှမ်းမိုးသော ကြပ်မတ်ထိန်းသိမ်းမှု အတွက် တရားစီရင်ရေးတင်မကပဲ သံခင်းတမန်ခင်းနည်းတွေကိုလည်း အသုံးပြုဖို့ Dr . Lemkin က တိုက်တွန်းခဲ့ပါတယ် ။

ဒါပေမဲ့ သူ့ရဲ့ တိုက်တွန်းခဲ့မှုတွေဟာ အရာမထင်ခဲ့ပါဘူး ။

” ခင်ဗျားပြောတာတွေက ဖြစ်ခေါင့်ဖြစ်ခဲကိစ္စတွေမို့ ဥပဒေပြဌာန်းစရာမလိုသလို မူဝါဒချမှတ်စရာလည်း မလိုဘူး ” လို့ အကြိမ်ကြိမ် တုန့်ပြန် ပယ်ချခံခဲ့ရပါတယ် ။

အသက် ၁၁ သန်းထပ်ရင်းရသောအသုံးအနှုန်း
———————————————————-
Genocide ဆိုတဲ့ အသုံးအနှုန်းကို တီထွင်ခဲ့ပီး ဒုတိယကမ္ဘာစစ်အပီး Genocide convention ကို ပြဌာန်းနိုင်ပီးတဲ့ နောက်မှာတော့ နောက်ထပ်မျိုးဖြုတ်သတ်ဖြတ်မှုတွေ ဖြစ်ပွားလာခဲ့ရင်တော့ ဘယ်အချိန် ဘယ်နေရာ ဘယ်သူဘယ်အဆင့်က ကျူးလွန်သည်ဖြစ်ပါ‌စေ လုံး၀ဥသုံချွင်းချက်မရှိသော တရားစီရင်ရေးအာဏာကို စွဲကိုင်ပီး အပြစ်ပေးအရေးယူရမယ် လို့ မူဝါဒချမှတ်နိုင်ခဲ့ပါတယ် ။ ဒီအချိန်မှာတော့ ဘယ်သူကမှ ” ခင်ဗျားပြောတာတွေက ဖြစ်ခေါင့်ဖြစ်ခဲကိစ္စကြီးပါဗျာ ” လို့ မပြောရဲတော့ပါဘူး ။ သူတို့ရှေ့မှာတင် နာဇီတွေလက်ချက်နဲ့ လူ ၁၁ သန်း အသက်ပျောက်ခဲ့ရတာကိုး ။ အော့ခ်ျ၀ဇ်မှာတင် လူ ၁ သန်း ၁ သိန်း ‌အသတ်ခံခဲ့ရပီး ဒါဟာ ဥရောပစစ်မျက်နှာမှာ ဗြိတိန် + အမေရိကန်စစ်သား အကျအဆုံးထက် ပိုများနေတော့တာကိုး ။

universal jurisdiction ဆိုတဲ့ လုံး၀ဥသုံချွင်းချက်မရှိသော တရားစီရင်ရေးအာဏာဟာ စွဲကိုင်ကျင့်သုံးအပ်သော ကိရိယာပါလားဆိုတဲ့ အသိ ကမ္ဘာ့လူသားတွေရဲ့ ဦးနှောက်မှာ လက်ခံလာဖို့ ဆယ်စုနှစ် ၂ ခုခန့်‌စောင့်စား ခဲ့ရပီး လူ့အသက် ၁၁ သန်း ရင်းခဲ့ရပါတယ် ။

ဒီအသုံးအနှုန်းဟာ အချုပ်အခြာအာဏာထက် ပိုမိုလေးနက် ပြင်းထန်သော သဘော ; သမိုင်း နဲ့ ပေးဆပ်မှုရှိနေပါတယ် ။ မြင်အောင်ပြောရရင် မြန်မာနိုင်ငံလွတ်လပ်ရေးရပီး မြန်မာတွေလက်ထဲ အချုပ်အခြာအာဏာရောက်လာဖို့ မြန်မာ ၁ သန်း သေမပေးခဲ့ရပါဘူး ။ universal jurisdiction ဆိုတဲ့ အသုံးအနှုန်းကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာဖို့ လူ ၁၁ သန်း မျိုးဖြုတ်အသတ်ခံခဲ့ရပါတယ် ။

အခု ကျနော်တို့ ရန်သူတွေကို ထု‌နေတာ အဲ့ဒီ universal jurisdiction ဆိုတဲ့ လက်နက်ကိရိယာနဲ့ပါ ။ ရန်သူ‌တွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့တောင် သူတို့ကိုယ်သူတို့ ကာလို့မရ‌တော့ ပါဘူး ။ ကာရင် အဲ့ဒီ အချုပ်အခြာအာဏာပါ ကွဲထွက်သွားအောင် အထုခံရမှာပါ ။

ကိုယ်ကိုင်ထားတဲ့ လက်နက်ရဲ့ စွမ်းအားနဲ့ တန်ဖိုးကို သိထားကြပါ – ကိုယ့်လူတို့ ။

( ဗလီ ပြန်ဖွင့်ပေးတာလောက်နဲ့ ဖြီးပြမနေနဲ့ လို့ ပြောချင်တာဟေ့ ။ ပညာရှင် ဆန်ဆန် ပြောရတာ တအားလက်ညောင်းတယ် )

kyawhlaoo ရေးသည်