Genocide ဝေါဟာရ၊ Genocide ဥပဒေရဲ့ ပဲကိုင်ရှင်
Dr.Raphael Lemkin

အပိုင်း (၁)

အိုင်းစတိုင်းလို့ပြောရင် လူအတော်များများသိကြတယ်။
၂၀ ရာစုရဲ့ Genius ကြီး၊ ရူပဗေဒသီအိုရီတွေနဲ့ ခေတ်ကို ပြောင်းစေသူကြီး၊ ဒါဆို Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။ အထူးသဖြင့် လူသားသမိုင်းကို အိုင်စတိုင်းလိုပဲ ပြောင်းလဲပစ်ခဲ့တဲ့ Genius တိုင်းဟာ နာမည်ကြီးသလားပေါ့။
No ,
Genius တိုင်းဟာ နာမည်မကြီးဘူး။ ဒါပေမဲ့ ဆင်ပိန်ကျွဲလောက်သဘောနဲ့ သာမန်လူထက်တော့ နာမည်ကြီးတယ် နေရာပေးခံရတယ်ပေါ့။ ဒါပေမဲ့ရဲ့ ဒါပေမဲ့ဗျာလူသားသမိုင်းကို အိုင်စတိုင်းလို ပြောင်းလဲစေခဲ့ပြီး အိုင်စတိုင်းထက်တောင် အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်လွှားပြီး လူသူသိပ်မသိရတဲ့ Genius တွေရှိသဗျ။ ကျွန်တော် အဲလိုလူတစ်ယောက်အကြောင်းရေးကြည့်မယ်။ အဲဒီလူဟာ နိုဘဲလ်ဆုပေးဖို့ နာမည်စာရင်းထဲမှာ ၉ ကြိမ်ပါခဲ့တယ်။ ဒါပေမဲ့ ၁ ကြိမ်မှ မရခဲ့ဘူး။ သူသေဆုံးတော့ သူ့ဈာပန မှာ လူ ၇ ယောက်ပဲ ရှိခဲ့တယ်။
ကဲ သူ ဘယ်သူလဲ?
နောက်ခံမြင်ကွင်း တစ်ခုကနေ စရအောင်။
ဒုတိယကမ္ဘာစစ်ကြီးပြီးစ ဥရောပတိုက်မှာ နာဇီဂျာမန်တွေကို စစ်အတွင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ပေးအရေးယူဖို့ နုရင်ဘတ်ခုံရုံးကို မဟာမိတ်တွေက ဖွင့်လှစ်ခဲ့တယ်။ နာဇီတွေ ကျူးလွန်တဲ့ပြစ်မှုတွေဟာ များပြားပြီး ကြီးမားလွန်းတော့ လူသမိုင်းမှာ မကြုံစဖူးလို ဖြစ်နေတယ်။ ခုံရုံးအနေနဲ့လည်း သူတို့လုပ်ငန်းအတွက် ဥပဒေပညာရှင်တွေ အများအပြားကို ခေါ်ယူခန့်ထားရတယ်။ အဲဒီ ဥပဒေပညာရှင်တွေထဲက တယောက်ဟာ ခုံရုံးအတွက် အလုပ်လုပ်သလောက် ခုံရုံးနဲ့အတိုက်အခံအဖြစ်ဆုံး ဖြစ်နေတယ်။
သူက “ခုံရုံးဟာ နာဇီတွေကို တရားစီရင်ဖို့ လုံလောက်တဲ့ဥပဒေကို စွဲကိုင်မကျင့်သုံးနိုင်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားကြီးမားတဲ့ နာဇီတွေရဲ့ ရာဇဝတ်မှုတွေကိုစီရင်ဖို့ လုံလောက်တဲ့ ဥပဒေမရှိဘူး ဖြစ်နေတယ်” စသဖြင့် ခုံရုံးဟာ စွမ်းဆောင်ရည်ချို့တဲ့ပုံမျိုး ပြောနေတယ်။
သူက ခုံရုံးအနေနဲ့ နာဇီတွေကို စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နေတာဟာ မလုံလောက်ဘူး။ နာဇီတွေဟာ စစ်ရာဇဝတ်မှုမကသော ထို့ထက်ကြီးမားတဲ့ပုံစံနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ နာဇီတွေရဲ့ ရာဇဝတ်မှုတွေကို သီးသန့်အမည်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ဥပဒေပြဌာန်းပြီး အရေးယူရမှာ ဖြစ်ကြောင်း၊ သို့မှသာ နာဇီတွေကဲ့သို့ နောက်ထပ်ကျူးလွန်မှုမျိုးကို တားဆီးနိုင်မှာဖြစ်ကြောင်း တတွင်တွင်အော်နေတော့တယ်။
သူဟာ ဥရောပမြေမှာ ဒီစကားတွေကိုအော်တာ အခုဟာက ဒုတိယအကြိမ်မြောက်ဖြစ်တယ်။ ပထမအကြိမ် သူဒီလိုအော်ခဲ့တာလည်းရှိတယ်။ အဲဒီတုန်းက ပထမကမ္ဘာစစ်အပြီးမှာ အော်ခဲ့တာပါ။ သူထောက်ပြတဲ့ကိစ္စက ဂျာမနီ တော့ မဟုတ်ဘူး။ တူရကီကိစ္စပါ။
ပထမကမ္ဘာစစ်အတွင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အာမေနီးယန်းလူမျိုးတွေအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သတ်ပြီးတော့ အော်ခဲ့တာပါ။
OK သူဟာ အာမေနီးယန်း တယောက်လား?
NO မဟုတ်ပါ။
သူဟာ ပိုလန်ဖွား ဂျူးလူမျိုး တယောက်ပါ။
သူ့နာမည်က Raphael Lemkin
ပိုလန်ပြည်ရဲ့ တောရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပြီး၊ သူ့အမေကိုယ်တိုင်က သူ့ကို စာသင်ပေးခဲ့တယ်။ သူဟာ ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်တတ်မြောက်ပြီး နောက်ထပ် ၃ မျိုးလောက်ကို ဖတ်နိုင်တယ်။ ဥပဒေဘွဲ့ရလည်း ဟုတ်တယ်။
တစ်ရက် သူ့ဘဝ အပြောင်းအလဲစတယ်၊ သတင်းစာတစ်စောင်ကနေ သတင်းတစ်ပုဒ်ပါလာပါတယ်။ သတင်းက ပထမကမ္ဘာစစ်ပြီးစ ဂျာမနီမှာဖြစ်တာပါ။ စစ်အတွင်းတုန်းက တူရကီပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူကိုအာမေနီးယန်း လူငယ်တစ်ယောက်က သေနတ်နဲ့ပစ်သတ်လိုက်တဲ့သတင်းပါ။..
အာမေနီးယန်းလူငယ်ကို တရားစီရင်ဖို့ ဖမ်းဆီးထားပါတယ်။ Raphael က ဒီသတင်းကို စိတ်ဝင်စားပါတယ်။ ဒီတရားစီရင်မှုကို မလွတ်တမ်း စောင့်ကြည့်နေခဲ့ပါတယ်။ အာမေနီးယန်းလူငယ်ဟာ ကိုယ်တိုင်လျှောက်လှဲချက်ပေးပါတယ်။ သူဟာ လူသတ်မှုကို ဝန်ခံပါတယ်။ ဒါပေမဲ့ ဘာကြောင့်သတ်ရလဲဆိုတဲ့ အကြောင်းပြချက်ကို ရှည်လျားစွာပေးပါတယ်။
တူရကီ ပြည်ထဲရေးဝန်ကြီးဟာ ပထမကမ္ဘာစစ်အတွင်း အာမေနီးယန်း လူမျိုး ၈ သိန်းကျော်ကို သတ်ဖြတ်ရာမှာ အဓိကအမိန့်ပေးခဲ့သူမို့ပါတဲ့။ အာမေးနီးယန်းလူငယ်ရဲ့ လျှောက်လှဲချက်ဟာ ကြောက်စရာ တုန်လှုပ်စရာ သနားစရာ ပေါင်းစုံပါဝင်တဲ့ အမှန်အကန် အချက်အလက်တွေပါ။ အာမေး နီးယန်းအမျိုးသမီးတွေကို တူရကီလုံထိန်းတွေက အစုလိုက်အပြုံလိုက် မုဒိန်းကျင့်ခဲ့တာ၊ ကလေးတွေကို စစ်ဖိနပ်နဲ့ နင်းချေသတ်ဖြတ်တာ၊ လမ်းပေါ်မှာ အငတ်ဘေးနဲ့အာမေနီးယန်းတွေ အုပ်စုလိုက်သေကုန်တာ စသဖြင့် စသဖြင့် အာမေနီးယန်းလူငယ်ဟာ ဖြီးဖြန်းနေတာ မဟုတ်ပါဘူး၊
သူပြောတဲ့အချက်တွေဟာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့၊ စစ်အတွင်း တူရကီက အမေရိကန်သံအမတ်ရဲ့ ပြောကြားချက်၊ သတင်းပေးပို့ချက် ဓါတ်ပုံတွေ စသဖြင့်အထောက်အထားအခိုင်အမာတွေပါဝင်ပါတယ်။ ဒါနဲ့ပဲ တရားရုံးရဲ့စီရင်ချက် ရောက်လာပါတယ်။ အာမေနီးယန်း လူငယ်ဟာအပြစ်ရှိတယ် သေဒဏ်ပေါ့ဗျာ။
ဒါပေမဲ့ဗျာ…. လူ၈သိန်းကို သတ်ဖြတ်ခဲ့တဲ့ တူရကီပြည်ထဲရေးဝန်ဟောင်းကတော့ အပြစ်ရှိတယ်လို့ စီရင်ချမှတ်ပြီး သေဒဏ်အပေးမခံခဲ့ရပါဘူး။ အာမေနီးယန်း လူငယ်သတ်လိုက်လို့သာသေသွားတယ်။ တူရကီပြည်ထဲရေးဝန်ကြီးဟောင်းနဲ့ သူ့အပေါင်းအပါ ရာဇဝတ်ကောင်တွေဟာ ဘာတရားစီရင်မှုမှမခံရဘဲ အပြင်မှာ အေးအေးဆေးဆေး နေထိုင်ခွင့်ရကြပါတယ်။
Raphael အတွက် မေးခွန်းတွေ တသီကြီးထွက်လာပါတယ်။ ဘာ့ကြောင့်လဲ?
လူတစ်ယောက်ကိုသတ်တဲ့ အာမေနီးယန်းလူငယ်ကို သေဒဏ်စီရင်နိုင်ခွင့်ရှိပြီး လူ၈သိန်းကိုသတ်ခဲ့တဲ့ တူရကီအာဏာပိုင်တွေကတော့ လွတ်နေတာ ဘာ့ကြောင့်လဲဆိုတဲ့မေးခွန်းကတော့ အဓိကပါ။ လူ ၁ ယောက်ကိုသတ် တာအတွက် သေဒဏ် လူ ၈ သိန်းကို သတ်တာအတွက် တရားစီရင်မှုနဲ့ ပြစ်ဒဏ်မရှိ….


Why?
Raphael ဟာ သူရဲ့ဆရာ ဥပဒေ Prof ဆီသွားပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်။ သူ့ဆရာပြန်ဖြေတဲ့အဖြေကတော့ တူရကီပြည်ထဲရေးဝန်ဟာ “သူ့ခြံထဲမှာ မွေးထားတဲ့သိုးတွေကို ရိုက်ရိုက်သတ်သတ် ကြိုက်တာ လုပ်ခွင့်ရှိတာမို့” ဥပဒေအရ ဘာမှအရေးယူခွင့်မရှိပါတဲ့။ ဆိုလိုချင်တာက တူရကီနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ထဲမှာနေတဲ့ အာမေးနီးယန်းလူမျိုးတွေကို တူရကီပြည်ထဲရေးဝန်ဟာ ကြိုက်တာလုပ်ခွင့်ရှိတယ်။ အဲ့ဒါကို အရေးယူနိုင်တဲ့ ဥပဒေမရှိဘူးဆိုတာပါပဲ။ အချုပ်အချာအာဏာပိုင်တဲ့နိုင်ငံတစ်ခုက အာဏာပိုင်အစိုးရက သူ့ပိုင်နက်အတွင်းမှာရှိတဲ့ လူသားတွေကိုကြိုက်ရာလုပ်ပိုင်ခွင့်ရှိတယ်။ ဒီအတွက် ဘာရာဇဝတ်မှုမှ မမြောက်တဲ့သဘောသက်ရောက်နေပါတယ်။ ဒီလိုကိစ္စကို အရေးယူနိုင်မယ့်ဥပဒေပြဌာန်းချက် မရှိဘူးဆိုတဲ့ အနေအထားပါ။ Raphael ဟာခနဲဖြစ်သွားပါတယ်။ အာမေးနီးယန်းတွေဟာ သိုးတွေမဟုတ်ပါဘူး။ လူသားမျိုးနွယ်တွေပါ။ လူသားမျိုးနွယ်ဝင် ၈ သိန်းကို သတ်ဖြတ်တဲ့အပေါ် အရေးယူနိုင်တဲ့ဥပဒေမရှိဘူးဆိုတာဟာ ဘုရား၊ဘုရား လူတွေဟာ တိရစ္ဆာန်ထက်တောင် နိမ့်ကျနေပါရောလား။ တိရစ္ဆာန်တွေရဲ့ jungle law အရ အားကြီးသူကစားစတမ်း ဒါပေမဲ့တစ်ခါစားဖို့ တစ်ကြိမ်ပဲသတ်တယ်။ လူတွေက အချင်းချင်း ၈ သိန်း၊ လူတွေရဲ့ ကျင့်သုံးမှုဟာ တိရိစ္ဆာန်တွေရဲ့ jungle law ထက် နိမ့်ကျနေပြီလား၊ ဒါဟာ မဖြစ်သင့်၊ ဒါအတွက် ငါတိုက်ပွဲဝင်မယ်၊ စသဖြင့် Raphael ဆုံးဖြတ်ချက်ချပါတယ်။
ဒီနောက်မှာတော့ Raphael ဟာ ဥရောပတိုက်မှာကျင်းပတဲ့ ဥပဒေ ကွန်ဖရင့်တွေမှာ သူ့ရဲ့ presentation တွေနဲ့ထိုးဖောက်ပါတော့တယ်။
Raphael ရဲ့ ဒီထိုးဖောက်မှုဟာ post ရဲ့အစပိုင်းမှာ ရေးခဲ့တဲ့ Raphael ပထမအကြိမ် တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ Raphael ဟာ ခွက်ခွက်လန်အောင်ရှုံးပါတယ်။
အင်းးးးး တကယ်တော့ Raphael ရဲ့ အရှုံးလို့ပြောရုံနဲ့ မလုံလောက်ဘူးဗျ။ ဒါဟာ မနုဿလူသားထုရဲ့ အရှုံးဗျ။ ဒီအရှုံးရဲ့ဒဏ်ကို လူသားထုဟာ သွေးတွေ၊ အလောင်းတွေ၊ အရိုးတောင်လိုပုံတဲ့ ပေးဆပ်မှုတွေနဲ့ ပေးဆပ်ရတော့ တာပဲဗျာ။
OK ဒီပထမ အကြိမ်တိုက်ပွဲမှာ Raphael ဘာတွေထိုးဖောက်ခဲ့သလဲ ဘာလို့ရှုံးခဲ့သလဲဆိုတာတွေကို နားလည်ဖို့၊ အဲဒီခေတ်က နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးနောက်ခံကို ကြည့်ကြည့်ကြစို့ရဲ့။
Raphael ရဲ့ ပထမအကြိမ်တိုက်ပွဲဟာ ပထမကမ္ဘာစစ်အပြီးကာလမှာပါ။ ဒီကာလရဲ့ နိုင်ငံတကာစင်မြင့်ကတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးပါ။ Raphael ရဲ့ ရည်ရွယ်ချက်က ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေဟာ (national level) နိုင်ငံတော်အဆင့် အာဏာကိုစွဲကိုင်ပြီး ကျူးလွန်ခဲ့ကြတယ်။ ပြီးတော့ ဒီအာဏာနဲ့ပဲ သူတို့ကို အရေးယူမရအောင် ပြန်ကာထားကြပြန်တယ်။ ဒါဆို ဒီလူတွေကို အရေးယူဖို့ အာဏာဟာနိုင်ငံတစ်ခုချင်းစီရဲ့ national level ထက်ပိုမြင့်သော အပြည်ပြည်ဆိုင်ရာအဆင့်ရှိတဲ့ တစ်နည်း international level အဆင့်ရှိသော အဖွဲ့ကနေ ထွက်ပေါ်လာရမယ်။
Raphael မျှော်လင့်တဲ့ international level ဆိုတာကတော့ အဲ့ဒီ နိုင်ငံပေါင်းချုပ်အသင်းကြီး ဆိုတာပါပဲ။ ဒါပေမဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးဟာ Raphael မျှော်လင့်သလို အာဏာပြောပလောက်အောင်မရှိတဲ့ စက္ကူကျားဖြစ်နေတာပါ။ အဖွဲ့ဝင်တွေဟာ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားအတွက်သာ ဦးတည်ချက်ထား အလုပ်လုပ်နေကြတာဖြစ်ပါတယ်။
– စစ်နိုင်သော်လည်းချွတ်ခြုံကျနေတဲ့ ဗြိတိန်၊ ပြင်သစ်၊ အီတလီ
– တော်လှန်ရေးနဲ့ မွစာကျဲနေတဲ့ရုရှား
– စစ်ရှုံးပြီး ဖရိုဖရဲဖြစ်နေတဲ့ ဂျာမနီ၊ တူရကီ စတဲ့နိုင်ငံတွေနဲ့ ဥရောပဟာ ယိုင်နဲ့နဲ့ အခြေအနေနဲ့ ရှိနေတာပါ။
စစ်လည်းနိုင် စီးပွားလည်းတောင့်တဲ့ အမေရိကန်ကတော့ သမုဒ္ဒရာ ၂ ခု ကြားမှာ အေးဆေးပဲနေတော့မယ်ဆိုပြီး ဥရောပနိုင်ငံရေးနဲ့ မပတ်သတ်ပဲနေတဲ့ကာလပါ။ စစ်ရှုံးနိုင်ငံတွေကို စီမံခန့်ခွဲခွင့်ရတဲ့ စစ်နိုင်တဲ့ နိုင်ငံတွေဟာ စစ်ရှုံးဂျာမနီ နဲ့ တူရကီဆီက အဆီအသားမျိုချဖို့ပဲ စီမံခန့်ခွဲကြပါတယ်။ စစ်အတွင်းမှာ ဘယ်နိုင်ငံက ဘယ်လိုရာဇဝတ်မှုတွေ မတရားမှုတွေကျူးလွန်သလဲဆိုတာတွေကို ဘယ်သူကမှစိတ်မဝင်စားကြပါဘူး။
ဗြိတိန်ကတော့ တူရကီက အာမေနီးယန်းကိစ္စကို ကိုင်တွယ်ဖို့ကြိုးပမ်းကြည့်ပေမယ့် အခြေအနေ မဟန်ပုံရတော့ ဆက်မလုပ်တော့ပါဘူး။ ဒီလိုနဲ့ အာမေးနီးယန်း ၈သိန်းကို သတ်ဖြတ်ခဲ့တဲ့ကိစ္စကြီးဟာ ရုပ်ဆိုးပန်းဆိုးနဲ့ ဥရောပဥပဒေလောကကို လှောင်ပြောင်နေပါတယ်။ လူ ၈သိန်းကို သွေးအေးအေးနဲ့သတ်ဖို့ အားပေးစီမံလုပ်ဆောင်ခဲ့ကြတဲ့ တူရကီပြည်ထဲရေးဌာနက အာဏာပိုင်တွေဟာလည်း လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်အသက်မွေးပြီး အေးဆေးနေထိုင်နေကြပါတယ်။
အဲဒီခေတ်ကာလရဲ့ နိုင်ငံရေးသမားအများစုကလည်း စစ်ပွဲအတွင်း လူသန်းချီသေခဲ့တာကွ၊ ၈ သိန်းလောက် ထည့်ပြောမနေပါနဲ့ ဆိုတာမျိုးပါ။ စစ်ပွဲအပြီး စစ်နိုင်တဲ့နိုင်ငံတွေက မောက်မာတဲ့စိတ်ရှိသလောက် စစ်ရှုံးနိုင်ငံတွေကလဲ နာကျည်းစိတ်နဲ့ အမျိုးသားရေးအစွန်းရောက်စိတ်တွေနဲ့ အတွင်းကြိတ် လောင်ကျွမ်းနေကြတာပါ။ နိုင်ငံပေါင်းချုပ်အသင်းကြီးဆိုတာလဲ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးနိုင်ငံတွေအပေါ် နိုင်ငံချင်းအလိုက် အမြတ်ထုတ်ဖို့ဖြစ်နေတာကလွဲရင် တစ်နိုင်ငံချင်းစီရဲ့ ပြည်တွင်းအရေးအရာကို ကိုယ်ကျိုးစီးပွားမရှိရင် စိတ်မဝင်စားတဲ့အတွက် နိုင်ငံတခုချင်းစီမှာရှိတဲ့ လူနည်းစုလူမျိုးနွယ်တွေရဲ့ နစ်နာမှုတွေကို ဖော်ထုတ်ဖို့၊ အဲဒီနစ်နာမှုတွေအတွက် နိုင်ငံပေါင်းချုပ်အသင်းကြီးက ဥပဒေစာချုပ် တစုံတရာနဲ့ ကုစားပေးဖို့ဆိုတာက မဖြစ်နိုင်တဲ့ အခြေအနေပါ။
ဒီလိုနောက်ခံတွေကြားမှာ Raphael ဟာ တိုက်ပွဲဝင်ရပါတော့တယ်။ Raphael ဟာ ဥပဒေသမားတယောက်က်ပီပီ၊ တူရကီတွေက အာမေးနီးယန်းတွေကို ကျူးလွန်တဲ့ကိစ္စမျိုးအတွက် ကိုင်တွယ်ဖို့ နိုင်ငံတကာဥပဒေတစ်ရပ် ပြဌာန်းရေး တိုက်ပွဲဝင်ပါတယ်။
ဥပမာ – ကမ္ဘာပေါ်မှာ ပင်လယ်ဓါးပြမှုဟာ နိုင်ငံတကာရာဇဝတ်မှုပါ။ ဆိုလိုချင်တာက အစိုးရတစ်ရပ်ကဖြစ်စေ တစ်စုံတစ်ယောက်ကဖြစ်စေ ပင်လယ်ဓါးပြမှုလုပ်ရင် ကျန်တဲ့နိုင်ငံတွေကပေါင်းပြီး ကျူးလွန်တဲ့သူကို ဝိုင်းပြီး အရေးယူခွင့် ရှိပါတယ်။ ကျူးလွန်တဲ့နိုင်ငံရဲ့ အချုပ်အချာအာဏာကို ထည့်တွက်စရာ မလိုပါဘူး။
Raphael ထောက်ပြတာက ပင်လယ်ကူးသင်္ဘောမှာပါတဲ့ ကုန်ပစ္စည်းတွေထက် လူ့အသက်တွေက တန်ဖိုးကြီးပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေပြဌာန်းပေးပါလို့ သူကတောင်းဆိုပါတယ်။ Raphael ရဲ့ တင်ပြချက်တွေဟာ ချေပ ခံရတယ်၊ ငြင်းဆိုခံရတယ်၊ အလှောင်ခံရတယ်၊ လျစ်လျူရှုခံရပါတယ်။ နောက်ပြီး Raphael ရဲ့တင်ပြချက်တွေကို လူတွေက မယုံနိုင်သလိုလဲဖြစ်နေကြပါတယ်။ အထောက်အထားအစုံအလင်နဲ့ ပြသတာတောင် လူတွေအဲလောက်အများကြီး အသက်ခံရတယ်ဆိုတာ ချဲ့ကားလွန်းတာပါကွာဆိုတဲ့ ကိုယ့်စိတ်ကိုယ်ပြန်လိမ်တဲ့ psycho effect ကလဲရှိနေပါသေးတယ်။
တချို့ကတော့ စစ်အတွင်းပဲကွာ ဒီလောက်တော့ သေမပေါ့ဆိုတဲ့ ပေါ့ပျက်ပျက်သဘောမျိုးနဲ့ တုံ့ပြန်ကြပါတယ်။ ဒီတုံ့ပြန်ချက်ကို Raphael က အာမေးနီးယန်းသတ်ဖြတ်မှုဟာ စစ်ဖြစ်ပွားခြင်းမရှိတဲ့ ဒေသတွေ စစ်နဲ့လုံးဝပတ်သတ်စရာမရှိတဲ့ဒေသတွေမှာ စစ်နဲ့ဘာမှမဆိုင်တဲ့ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ သတ်ဖြတ်ခံရတဲ့ အထောက်အထားတွေနဲ့ ပြန်ချေပပါတယ်။
နောက်ထပ်ပြဿနာတခုက အသုံးအနှုန်း terminology ပြဿနာပါ။ ဟုတ်ပြီ။ လူသားတွေရဲ့လက်ချက်နဲ့ လူသား အများကြီးသေသွားတယ် သိန်းချီတယ်။ စစ်ပွဲနဲ့လဲတိုက်ရိုက်မပတ်သတ်ဘူး။ ကဲ အဲဒါကို မင်းဘယ်လိုခေါ်မလဲ။
homicide – လူသတ်မှု
No
အများကြီးသတ်တာကွာ။
massacre- ဒါလည်း မပြည့်စုံသေးဘူး။
ဖြစ်ခဲ့တာတွေက လူသတ်မှု အမျိုးအစားချည်း မဟုတ်ဘူး။
annihilation-အပြီးတိုင် ချေမှုန်းဖျက်ဆီးတာ။
ဒါကလဲ လူလား ပစ္စည်းလား။ ခေါင်းအတော်စားရပါတယ်။
နောက်ထပ်အများကြီး terminology တွေ ရှိပါသေးတယ်။
ခက်တာက အဖြစ်အပျက် တစ်ခုလုံးကို ပုံဖော်နိုင်ခြင်းမရှိတာပါ။
အော်တိုမန်=တူရကီပြည်ထဲရေးက အာမေးနီးယန်းတွေအပေါ် ကျူးလွန်ခဲ့တာက သတ်ဖြတ်ခြင်းတစ်ခုတည်း မကပါဘူး။ အိမ်တွေကနေ နှင်ထုတ်တာ၊ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းပစ်တာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ၊ ငတ်သေအောင်ထားတာ၊ အစုလိုက်အပြုံလိုက်သတ်ပစ်တာ စသဖြင့် စသဖြင့် အစုံအစုံ ကျူးလွန်ကြတာပါ။


ကျူးလွန်ရခြင်းရဲ့ intention ကရော ဘာလဲ။ အာမေးနီးယန်းလူမျိုးတွေကို ပျောက်ကွယ်သွားစေချင်တာပါ။ လူသားမျိုးနွယ်စုတစ်ရပ်ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားစေချင်တာပါ။
ဒါဆို Crimes against humanity=မနုဿလူသားဖြစ်တည်မှုကို (အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျောက်ဖျက်ဖျက်ဆီးလိုသောရည်ရွယ်ချက်ရှိရှိဖြင့်)ကျူးလွန်သည့်ရာဇဝတ်မှု (အစုအထွေး)များ….
ဟားးး……
မဆိုးဘူးပေါ့၊ ဒါပေမဲ့ ဒီ terminology က ရှည်တယ်၊ကျစ်လစ်မှုမရှိသလိုဖြစ်နေတယ်၊ အပြင်လူတစ်ယောက် နားလည်အောင် တိုတိုတုတ်တုတ်နဲ့ ထင်းခနဲ ရှင်းခနဲတော့ဖြစ်မနေဘူး။ ကဲ terminology တွေ ခနခေါက်ထားပြီး Raphael ရဲ့ တိုက်ပွဲဘာဖြစ် သွားလဲ ဆက်ကြည့်ကြစို့ရဲ့။
Raphael ဟာ အလျှောက်ကောင်းလို့ အထောင်းခံရပါတော့တယ်။ Raphael ဟာ တူရကီ အာမေနီးယန်းကိစ္စကို ဥပမာ အပေးကောင်းလွန်းလို့ တူရကီရာဇဝတ်ကောင်တွေကို နေထိုင်ခွင့်ပေးထားတဲ့ ဂျာမနီအစိုးရက မျက်မုန်းကျိုးလာပါတယ်။ ဂျာမနီအစိုးရက ပိုလန်အစိုးရကို Raphael နဲ့ပတ်သတ်ပြီး ဖိအားပေးပါတော့တယ်။ ဒီလိုနဲ့ ပိုလန်အစိုးရရှေ့နေလေး Raphael ဟာ အလုပ်ပြုတ်ပါတော့တယ်။
တရားစီရင်ရေးကနေ ဥပဒေပြုရေးနယ်ပယ်၊ ဥပဒေပြုရေးကနေ သံခင်းတမန်ခင်း နိုင်ငံရေးနယ်ပယ်ထိ ထိုးဖောက်ပြောပေမယ့် သူ့ပြောကြားချက် စာတမ်းတင်သွင်းတာတွေဟာ နိုင်ငံတစ်ခုချင်းစီရဲ့ အမျိုးသားရေး အတ္တအားနဲ့ယှဉ်လိုက်ရင် ကျောက်တောင်ကို ကြက်ဥနဲ့ပေါက်သလောက်ပဲ အရာထင်ပါတယ်။
ဒါပေမဲ့ Raphale ဟာ လက်မလျှော့ပါဘူး။ Crimes against humanity နဲ့ပတ်သတ်လို့ လေ့လာဆဲ ရေးသားဆဲ presentation တွေ လုပ်မြဲပါပဲ။ လက်ခံတာ မခံတာတွေ သူစိတ်မဝင်စားပါဘူး။ ပိုလန်နဲ့ အိမ်နီးချင်း ဆိုဗိယက် အစိုးရရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလဲ အနီးကပ်လေ့လာနေခဲ့ပါတယ်။
ဒီလိုနဲ့ အချိန်ဟာ ဂျာမနီမှာ ဟစ်တလာအာဏာရလာချိန် ရောက်လာပါတော့တယ်။ Raphael ဟာ ဟစ်တလာရဲ့ မိုင်ကမ့် စာအုပ်ကိုဖတ်ပြီး အနာဂတ်မှာ ဟစ်တလာဘာတွေ လုပ်လာလိမ့်မလဲဆိုတာကို ထိတ်လန့်တကြီးနဲ့ ကြို မြင်ခဲ့ပါတယ်။ ဒီတခါ target ကတော့ အာမေးနီးယန်းတွေ မဟုတ်ဘူး။ Raphael အပါအဝင် ဂျူးလူမျိုးတွေပါလားဆိုတာကိုလဲ Raphael ကြိုမြင်ခဲ့ပါတယ်။ ကြိုမြင်ခဲ့လို့လဲ Raphael ဟာ ဂျာမနီက ပိုလန်ကို ကျူးကျော်တဲ့အခါ ပိုလန်ကနေခွာပြီး ကြားနေနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်အတွက် ကြိုးပမ်းပါတယ်။ Raphael ရဲ့ဦးတည်ရာဟာ အမေရိကန်ပါပဲ။ Raphael ဟာ အမေရိကန်ကို တိုက်ရိုက်မသွားခင် ဆွီဒင်မှာ အရင်ခိုလှုံခွင့်တောင်းခံပါတယ်။
ပိုလန်ကနေ ဆွီဒင်ကိုအသွား ဆိုဗိယက် အသိမ်းပိုက်ခံ နယ်မြေတွေကိုဖြတ်သွားရင်း ကြုံလာတဲ့ဂျူးတိုင်းကို Raphael က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့စကားကို နားမထောင်ကြပါဘူး၊ စစ်ဖြစ်တာပဲ ဒုက္ခတော့ ရောက်မှာပေါ့ကွာ။ မင်းလို အစိုးရိမ်လွန်ပြီး အဝေးကြီးကိုထွက်ပြေးစရာ မလိုပါဘူးဆိုတဲ့ တုန့်ပြန်မှုနဲ့ပဲ တွေ့ခဲ့ရပါတယ်။ နောက်ဆုံး Raphael ရဲ့ မိဘညီအကိုအရင်းတွေကတောင် Raphael စကားကို နားမထောင်ကြပါဘူး။
ဒီလိုနဲ့ Raphael ဟာ ဆွီဒင်မှာ ခိုလှုံခွင့်တောင်းခံပြီး စောင့်နေရပါတယ်၊ ဒီစောင့်နေစဉ်ကာလမှာ Raphael ဟာ အလွန်အရေးပါတဲ့ စာအုပ်တစ်အုပ်ကို ပြုစုနိုင်ခဲ့ပါတယ်။ စာအုပ်ကတော့ နာဇီဂျာမန်တွေဟာ သူတို့သိမ်းပိုက်ရတဲ့ နယ်မြေတွေမှာ ဂျူးအပါအဝင် လူနည်းစုတွေကို နှိပ်ကွပ်ဖို့ ဥပဒေတွေ ထုတ်ပြန်ခဲ့ပါတယ်၊ အဲဒီထုတ်ပြန်တဲ့ဥပဒေတွေကို ပေါင်းချုပ်လုပ်ပြီး ရေးထားတာပါ၊ နာဇီဥပဒေ reference စာအုပ်ပေါ့ဗျာ။
Raphael ဟာ ဆွီဒင်မှာ ခိုလှုံခွင့်ရပြီးတော့ ဆွီဒင်ကတဆင့် အမေရိကန်ကို ခရီးဆက်ပါတော့တယ်။ Raphael ဟာ US မြေပေါ်ကိုရောက်တော့ သူ့ရဲ့တိုက်ပွဲကိုဆက်ပါတယ်။ ဒါပေမဲ့ ပုံစံပြောင်းလိုက်ပါတယ်။ အမေရိကန်တွေအနေနဲ့တော့ Raphael လို ဘာသာစကား ၁၀မျိုးလောက်တတ်ပြီး ဥပဒေမှာ လန်ထွက်အောင်တော်တဲ့သူတယောက်ကို လက်လွတ်ဘယ်ခံလိမ့်မလဲ၊ အစိုးရဌာနတစ်ခုမှာ အကြံပေးအနေနဲ့ နေရာကောင်းပေးပြီး ခန့်ထားလိုက်တာပေါ့။


ဒီတော့ အကြံပေးကြီး Raphale ဟာ ဥရောပတိုက်က နာဇီတွေရဲ့ခြေလှမ်းကို အမေရိကန်တွေသိလာအောင် သတိထားမိလာအောင် action တစုံတရာယူအောင် ပြောဆိုခွင့်ရသလိုရှိလာပါတယ်။ ဒါပေမဲ့ အမေရိကန်တွေဟာ လူလည်တွေပါ။ သူတို့ဟာ သူတို့ရဲ့ ရည်မှန်းချက်အကျိုးစီးပွားအတွက်ပဲ Raphael ဆီက အကြံဥာဏ်တွေ လိုချင်ကြတာဖြစ်ပြီး Raphael ပြောတာတွေထဲက စစ်ထုတ်ယူပြီးမှ အလုပ်လုပ်ကြတာပါ။ Raphael ကတော့ အမေရိကန်အရာရှိ တယောက်တွေ့တိုင်း တစ်ယောက်မှ အလွတ်မခံပဲ ပြောပါတယ်။ နားပူဆာတိုက်လွန်းတော့လဲ အမေရိကန်တွေက Raphael ကို အမေရိကန်ဒုသမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံ စကားပြောခွင့်ပေးပြီး၊ အမေရိကန် သမ္မတကြီး ရုစဗဲ့ဆီကို တိုက်ရိုက် စာတစောင်ရေးခွင့်ပေးပါတယ်။အချိန်အတော်နှောင်းမှ Rapheal ဟာ ရုစဗဲ့ဆီက ပြန်စာတစောင် လက်ခံရရှိပါတယ်။ “Raphael ပြောတာတွေကို မှတ်သားထားကြောင်း သို့သော် လောလောဆယ်ဘာမှ လုပ်စရာမရှိကြောင်းပါ”တဲ့။ Raphael စိတ်ဓါတ်ကျ သွားပါတယ်။ US အစိုးရဘက်က “လောလောဆယ် ဘာမှလုပ်စရာမလိုကြောင်း” ပေမယ့် နာဇီဂျာမန်တွေကတော့ လောလောဆယ် လုပ်စရာရှိတာတွေကို ဖြတ်ဖြတ် လတ်လတ် လုပ်ဆောင်နေပါပြီ။
သိန်းချီတဲ့ ဂျူးတွေကို ကန့်သတ်ရပ်ကွက်တွေမှာ ချုပ်ထားပြီး အစာရေစာကို limit နဲ့ ပေးသယ်တာမျိုး၊ ဂျူးဆိုင်တွေ ဖျက်သိမ်း၊ ဂျူးတွေကို တံဆိပ်ကပ် စတာတွေကနေ သန်စွမ်းတဲ့ဂျူးတွေကို စစ်လက်နက်စက်ရုံတွေမှာ အင်အားသုံး
ခိုင်းစေ၊ ခိုင်းမရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါသည်တွေကို ကိုယ့်ဟာကို ကျင်းတူးခိုင်းပြီး လက်မရွံ့တပ်တွေနဲ့ပစ်သတ် စသဖြင့် သတင်းတချို့ဟာ ဝေ့ပြီး တက်လာပါတယ်။
နာဇီတွေအနေနဲ့ ဒီအလုပ်တွေကို လျှို့ဝှက်ပြီးဘယ်လောက်လုပ်လုပ် စွန့်စားပြီး ဂျူးဟန်ဆောင်ပြီး စခန်းထဲကို အသေခံဝင်ပြီး၊ ကင်မရာအသေးလေးတွေနဲ့သတင်းပို့တဲ့ လူစွမ်းကောင်းအချို့ကြောင့် ဒီသတင်းတွေ ထွက်လာတာပါ။ (နာဇီတွေလုပ်ရပ်ရဲ့ အစအဆုံးရုပ်လုံးကတော့ စစ်ကြီးပြီးမှ ပေါ်လာတာပါ။)
Raphael ဟာ အပူမီးကြွလာပါတယ်။ သူကပူသလောက် အမေရိကန် တွေကတော့ အေးဆေးပါ။ ကြားနေရေးဝါဒီ အမေရိကန်နိုင်ငံရေးသမားတွေကို Raphael ထိုးမဖောက်နိုင်ပါဘူး။ ဒီတော့ Raphael ဟာ သူထိုးဖောက်နိုင်မယ့် သူတွေဘက်ကို လှည့်ရပါတယ်။ အဲ့ဒီလူတွေကတော့ အမေရိကန် ပြည်သူတွေပါပဲ။ Raphael ဟာ အမေရိကန်ပြည်သူတွေရဲ့ လူထုဟောပြောပွဲတွေ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သူ့ရဲ့အချက်အလက်တွေကို ဝင်ရောက်ဆွေးနွေးပါတယ်။
နိုင်ငံရေးသမားတွေက ပြောရခက်သလောက် ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက Raphael ကို လက်ခံကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိပါတယ်။ ပြဿနာကလည်း အသစ်မဟုတ်ပါဘူး၊ အဟောင်းပါ။ Terminology ပြသနာပါ။ သာမန်လူထုနားလည်လွယ်အောင်၊ အဓိပ္ပါယ်လည်းထိမိအောင်၊ တိုတိုတုတ်တုတ်ဖြစ်ပြီး၊ နားထောင်ရသူရင်ထဲ နင့်ခနဲ ဖြစ်စေတဲ့ Terminology မျိုး ဖြစ်ရမှာပါ။
Raphael ဟာ ဘာသာစကား ၁၀မျိုးကျော်လောက်ကျွမ်းကျင်သူပါ။ ဒီအချက်ဟာ သူ့ကို အများကြီးအထောက်အပံ့ ပေးပါတယ်၊ ဒီလိုနဲ့ သူဟာ အသုံး အနှုန်းတစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ မူလ အင်္ဂလိပ်စာမှာမရှိသေးတဲ့ အသုံးအနှုန်းတခုပါ။ ဂရိနဲ့ လက်တင် words နှစ်ခုကိုပေါင်းစပ်ပြီး သူထွင်လိုက်တဲ့ terminology က Raphael ရဲ့ သမိုင်းကိုသာမက လူသားတွေရဲ့သမိုင်းကို အကြီးအကျယ် ပြောင်းလဲသွားစေပါတော့တယ်။
အိုင်းစတိုင်းရဲ့ E=mc2(ထပ်ကိန်းတင်မရလို့နားလည်ပေးပါ) လိုပဲ လူ့သမိုင်းကို အပြောင်းအလဲဖြစ်သွားစေပါတော့တယ်။

Genocide ဝေါဟာရ၊ Genocide ဥပဒေရဲ့ ပဲကိုင်ရှင်
Dr.Raphael Lemkin

အပိုင်း (၂)

လူသားဆိုတာ Homo sapiens၊ လူသားရဲ့ Genus နဲ့ specie ပေါ့ဗျာ။ နောက်ပြီးကျနော်တို့သိတဲ့ bacteriocidal , fungicidal အဲဒီစာလုံး တွေမှာပါတဲ့ cidal ဆိုတာ သတ်တာပေါ့ဗျာ။ Raphael က Genus ဆိုတဲ့စာလုံးနဲ့ Cidal ကို ပေါင်းပြီး Terminology အသစ်တစ်ခု ထွက်လိုက်တယ်ဗျ။ (ဂရိ word “Genos”= tribe or race နဲ့ လက်တင် word “Caedere” ကို ပေါင်းပြီးတီထွင်လိုက်တယ်လို့ပြောရင် ပိုတိကျမယ်ဗျ။) Genocide တဲ့ဗျာ။
စတင်ကြားရတဲ့ လူတစ်ယောက်ဟာ ဒီ word ကြောင့် စိတ်နှလုံးကို ဆွဲညှစ်လိုက်သလို ခံစားရတယ်လို့ပြောတယ်။
Genocide ရဲ့ အဓိပ္ပါယ်ကဘာလဲ? ဒီစာလုံးရဲ့ ဖြတ်သန်းမှု ခရီးစဉ်တွေ၊ သူ့ရဲ့ လူ့သမိုင်းအပေါ် အကျိုးသက်ရောက်မှုတွေဟာ ကြီးလွန်းလှပါတယ်။ ဒါပေမဲ့ သာမန်လူတွေအဖို့ သတိမမူမိလောက်အောင်ကို ဒီစာလုံးက မုန်တိုင်းရဲ့ဗဟို တစ်ခုလိုငြိမ်သက်နေတတ်ပါတယ်။ ဒါပေမဲ့ သူလှုပ်ပြီဆိုရင်တော့ နိုင်ငံတွေ ပြိုကွဲတတ်တယ်။ ပထဝီ သတ်မှတ်ချက်တွေ ပြောင်းလဲတတ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေရာမှာ Raphael Lemkin ဆိုတဲ့ လူတစ်ယောက်အကြောင်းရေးရာကနေ Genocide ဆိုတဲ့ စကားလုံးကိုရှင်းဖို့ လိုလာပါပြီ။ ဒါဟာ ကျွန်တော်လို သာမန်လူတယောက်ရဲ့ အရည်အချင်းနဲ့ မထိုက်တန်ပေမယ့် post ရဲ့ လိုအပ်ချက်အရ ရေးရခြင်းဖြစ်ပါတယ်။
Genocide နဲ့ ပတ်သက်ပြီး
၁။ ဒီစကားလုံးရဲ့ ဖြတ်သန်းခဲ့ရမှု
၂။ ဒီစကားလုံးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ
၃။ ဒီစကားလုံးဟာ ဘယ်လောက်ထိ လူသားသမိုင်း ကမ္ဘာ့သမိုင်းမှာ သက်ရောက်မှုရှိသလဲ
ဆိုတာတွေကိုတော့ ရှင်းမှရမှာပါ။

၁။ genocide ဆိုတဲ့ စကားလုံးရဲ့ ဖြတ်သန်းခဲ့ရမှု
– genocide ဆိုတဲ့ စကားလုံးကို ၁၉၄၄ ခုနှစ်မှာ Raphael Lemkin က စတင်တီထွင် သုံးစွဲခဲ့တယ်။ သုံးစွဲစွဲချင်း လူတွေဟာလက်ခံပြီး ဆက်လက်သုံးစွဲကြတယ်။
– အဘိဓါန်ပြုစုရေး တာဝန်ယူထားတဲ့ တက္ကသိုလ်အသီးသီးကလည်း ဒီစကားလုံးကို english word တခုအဖြစ်လက်ခံပြီး အဘိဓါန်တွေမှာ ထည့်သွင်းပေးခဲ့ကြတယ်။
– ဒုတိယကမ္ဘာစစ်အပြီးဖွဲ့ခဲ့တဲ့ နျူရင်ဘတ် စစ်ခုံရုံးရဲ့စီရင်ချက်အချို့မှာ ဒီစကားလုံးကို သာမန်အင်္ဂလိပ်စကားလုံး တစ်လုံးအနေနဲ့ သုံးစွဲခဲ့တယ်။
– ၁၉၄၈ ဒီဇင်ဘာ ၉ မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက Genocide နဲ့ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး Genocide ဟာ ဥပဒေအရ အဓိပ္ပါယ်သက်ရောက်တဲ့ စကားလုံးတစ်လုံးဖြစ်လာခဲ့တယ်။
(ဒီအဆင့်တိုင်း အဆင့်တိုင်းမှာရှိတဲ့ Raphael ရဲ့ အားထုတ်မှုတွေကြောင့် သူ့ကို Genius လို့ ကျွန်တော်က ယူဆတာပါ။)
၁၉၄၈ နောက်ပိုင်းမှာ နိုင်ငံအသီးသီးက genocide တားဆီးရေးအတွက် ဥပဒေပြဋ္ဌာန်းတာတွေ၊ ၁၉၉၀ ပြည့်နှစ်ကျော်မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဖွဲ့ပြီး genocide ဆိုတဲ့ နာမည်တပ်ပြီး တရားစွဲတာတွေ၊ ဒီလို steps တွေလဲ ရှိပါသေးတယ်။
(Genocide ဖြစ်စဉ် အဆင့် ၇ ဆင့် အကြောင်း ဖတ်လိုလျင် Link)

၂။ Genocide ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ
(ကျွန်တော့်အရည်အချင်းနဲ့ မလုံလောက်နိုင်တဲ့ခေါင်းစဉ်မို့ မရေးမဖြစ်လို့သာရေးရတယ် နားလည်ပေးကြပါ။)
Genocide ကို မြန်မာလို ဘာသာပြန်ကြတာအတွေ့များတာကတော့ “လူမျိုးတုန်းသတ်ဖြတ်မှု”ပါ။ တိုက်ရိုက်လုံးကောက်အဓိပ္ပါယ်နဲ့ ဘာသာပြန်ထားတဲ့သဘောပါ။ မှားလားဆိုတော့ မမှားပါဘူး။ ဒါပေမဲ့ မပြည့်စုံပါဘူး၊ “လူမျိုးတုန်း ”ဆိုတဲ့ဟာက သိပ်ပြဿနာမရှိပေမယ့် “သတ်ဖြတ်မှု” ဆိုတာက အတော်လေးကို မပြည့်မစုံ ရှိလှပါတယ်။ အလွယ်ဆုံးနားလည်အောင် ပြောရရင် “သတ်ဖြတ်မှု” လို့ပြောတာက genocide က ဆိုလိုချင်တဲ့ ဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်းတစ်ရပ်ကိုပဲ ဖော်ပြနိုင်စွမ်းရှိပါတယ်။
genocide က ဆိုလိုချင်တဲ့ ဖြစ်စဉ်ဟာ သတ်ဖြတ်မှုတစ်ခုတည်းကို သာမကပဲ လူအဖွဲ့အစည်းတခုကို ထွက်ပြေးရအောင်လုပ်တာ အငတ်ထားတာ ဆေးကုခွင့်မပေးတာ စသဖြင့် စသဖြင့် အမျိုးမျိုးသောလုပ်ရပ်တွေပါဝင်ပါတယ်။
ဒီနေရာမှာ လူ့အဖွဲ့အစည်းတစ်ခုဆိုတာ လူမျိုးတစ်မျိုးလည်းဖြစ်နိုင် သလိုဘာသာရေးအုပ်စုတစု ဒါမှမဟုတ် လူတန်းစားအစုအဝေးတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ apple ဆိုတဲ့စကားလုံးကို စဉ်းစားကြည့်ရအောင်။ apple ဆိုတာ အသီးတစ်မျိုးပေါ့ဗျာ။ (သူ့မှာသတ်မှတ်ထားတဲ့ characteristic တော့ ရှိတာပေါ့)။ ဒါပေမဲ့ apple လို့ တစ်လုံးတည်းက descriptive purpose ရည်ရွယ်ချက်သာ ရှိပြီးတော့ စားဖို့၊ ဘုရားတင်ဖို့၊ ပုပ်သွားစေဖို့ဆိုတဲ့ နောက်ဆက်တွဲအဓိပ္ပါယ်ကို မပေးပါဘူး။
genocide ဆိုတဲ့ စကားလုံးကတော့ သူ့တစ်လုံးတည်းကနေတင်ကို ပေးတဲ့အဓိပ္ပါယ်က genocide လို့ပြောလိုက်တာနဲ့ အဲဒါရဲ့နောက်မှာ genocide အကျူးလွန်ခံရတဲ့ လူ့အဖွဲ့အစည်းကို အထိရောက်ဆုံးနည်းနဲ့ ကာကွယ်ပေးဖို့နဲ့ genocide ကျူးလွန်သူကို အရေးယူအပြစ်ပေးဖို့ ကခွဲမရအောင် တွဲပါပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ genocide ကို စတင်တီထွင်သုံးစွဲတဲ့ Raphael ကိုယ်တိုင်က အဲဒီရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာဖြစ်ပြီး အဲလိုအရေးယူဖို့ကိုလဲ ကုလသမဂ္ဂမှာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရှိပြီးသားမို့ပါ။ ရိုးရှင်းတဲ့ အတွေးလေးတွေးကြည့်မယ်။ လူတစ်ယောက် အသက်ရှင်ဖို့ စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေးက မရှိမဖြစ်ပါ။ အဲဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်(လူမျိုးတစ်မျိုး)ရှင်သန်ရပ်တည်ဖို့ကလည်း စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေးက မရှိမဖြစ်အပြင် နောက်မျိုးဆက် ဆက်လက်ဖြစ်ပေါ်ရှင်သန်ဖို့ မျိုးပွားခွင့်ပညာလက်ဆင့် ကမ်းခွင့်ကပါ ထပ်ပါလာပါတယ်။ ဒါဆို လူမျိုးတစ်ရပ် ရှင်သန်ရပ်တည်ဖို့ စား၊ ဝတ်၊နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ မျိုးဆက်ပွားခွင့်နဲ့တင် လုံလောက်ပြီလား။ မလုံလောက်သေးဘူး။ လူမျိုးတစ်မျိုးရဲ့ ဘာသာစကား၊ ထုံးတမ်းဓလေ့စသဖြင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေပါ ထပ်ပေါင်းရသေးသဗျ။ ဒီတော့ လူမျိုး တစ်မျိုးရဲ့ ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တွေကို မရရှိစေရန်၊ လျော့နည်းစေရန်၊ ယိုယွင်းစေရန် လုပ်ဆောင်မှုတွေဟာ genocide အောက်မှာ အကျုံးဝင်လာပါတယ်။
ဒါဆို လယ်ယာလုပ်ကိုင်ခွင့်မပေးတာ (လယ်သိမ်းတာ၊ လယ်ယာပစ္စည်းတွေကို သိမ်းဆည်းပစ်တာ) genocide အထမြောက်တယ်ပေါ့။ (လယ်လုပ်မရတော့ စားဖို့အစာ မရတော့ဘူးလေ။) ဟ… ဒါဆို လယ်တွေသိမ်းနေတာ genocide ပေါ့။ မဟုတ်သေးဘူးဗျ၊ genocide ဆိုတာ အဲဒီလို action တွေအပြင် intention တခုပါမှ။ ဘာ intention လဲဆိုတော့ “မနုသလူသားအဖွဲ့အစည်းတစ်ရပ် (အမျိုးအနွယ်စုတစ်စု)ကို အလုံးစုံဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးဖျောက်ဖျက်လိုသော” ရည်ရွယ်ချက်ပေါ့ဗျာ။
ဆေးတက္ကသိုလ် part 1 forensic မှာ သင်ရတဲ့ homicide=လူသတ်မှုမှာပါတဲ့ “သေစေလိုသောရည်ရွယ်ချက်ဖြင့်”ဆိုတဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိပါတယ်၊ မရှိဘူးဆိုတာကို ဘာနဲ့ဆုံးဖြတ်မလဲ။ အသေးစိတ်တွေရှိပေမယ့် အကုန်မရေးတော့ဘဲ ထင်သာမြင်သာနိုင်တဲ့ အချက်တချို့ကိုသာ ရေးပါတော့မယ်။
ပစ်မှတ်အဖြစ်သတ်မှတ်ခံထားရတဲ့ လူမျိုးစုကို နှိမ်ပေါက်နဲ့ မလိုလားတဲ့နာမည်နဲ့ တံဆိပ်ကပ်တာ၊ ဥပမာ သူတို့ရဲ့မူလနာမည်ကိုမခေါ်ဘဲ ဖားပြုပ်ကောင်တွေ၊ ပိုးဟပ်တွေ၊ ဝက်တပိုင်းကောင်တွေ၊ ငမဲကောင်တွေ၊ ဘီလူးလိုရုပ်ဆိုးကောင်တွေ အစရှိသဖြင့်ပေါ့ဗျာ။ ဒီလိုနှိမ်ပေါက်နဲ့ခေါ်ဖို့ကို လမ်းဘေးလက်ဘက်ရည်ဆိုင်မှာ အာပေါင်အာရင်းနဲ့ လှုံ့ဆော်နေရာကနေ နိုင်ငံတော်အဆင့်ပိုင် ရေဒီယိုရုပ်မြင်သံကြားကနေ လှုံ့ဆော်တာ၊ ခေါ်ဝေါ်တာထိ ပါဝင်ပါတယ်။ လူ့သဘာဝအရ လူတစ်ယောက်အသက်ခံရတာကို ဘယ်သူမှ အကြောင်းမဲ့ ဝမ်းသာမနေပါဘူး။ ဝမ်းမနည်းဘူးဆိုရင်တောင် အနည်းဆုံး တုန်လှုပ်မိမှာပါ။ “ဟာ…ဥပဒေစိုးမိုးရေးက အတော်ပျက်နေပါလား ငါတို့တောင်လုံခြုံပါ့မလား” ဆိုတဲ့ခံစားမှုမျိုးကတော့ တစ်ချက်တော့ ဝင်လာမိမှာပါ။
အဲဒီလို လူ့သဘာဝနဲ့ဆန့်ကျင်ပြီး ဟာ…အဲ့ဝက်တပိုင်းကောင်တွေ အသတ်ခံရတာ ဝမ်းသာတယ်၊ ချသာချ ဟေး…ဟား… နဲ့ လူအုပ်စုဖွဲ့ပြီး ထောက်ခံ မှုတွေရှိလာရင် နိုင်ငံတွင်းမှာရှိတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အစိုးရကလွန်ကျူးနေတာကို မြင်ပါလျက်နဲ့ နှုတ်ဆိတ်နေတာ သို့မဟုတ် ဗြောင်ဖြစ်စေကြိတ်ပုန်းဖြစ်စေ အားပေးထောက်ခံတာ။
ဒါတွေဟာ genocide မှာပါတဲ့ intention ရှိနေပြီဆိုတာရဲ့ warning sighs တွေထဲကတချို့ပါပဲ။ ဒါဆို genocide ကို ဘယ်လို နည်းလမ်းတွေနဲ့ ကျူးလွန်ကြသလဲ။ ကျွန်တော်တို့မျက်စိထဲ ပြေးမြင်တာက နာဇီတွေက လူတွေကိုစခန်းထဲထည့် ဓါတ်ငွေ့တွေလွှတ် အလောင်းတွေကိုမီးရှို့စသဖြင့်ပေါ့။
ဟုတ်ပါတယ် ဒါက လူသိများတဲ့ နာဇီတွေရဲ့ နည်းလမ်းတွေပေါ့။ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ကျွန်တော်အပေါ်မှာ ရေးပြီးသားပါ။ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မျိုးဆက်ပွားခွင့်နဲ ယဉ်ကျေးမှုတွေကို ယိုယွင်း အောင် ပျောက်ပျက်အောင်လုပ်တဲ့နည်းတွေ အများကြီး အများကြီး ရှိပါတယ်။
အရိုးရှင်းဆုံး
intention + လယ်သိမ်းတာ
intention + ငါးဖမ်းခွင့်မပေးတာ
intention+ စပါးတွေကို သိမ်းယူသွားတာ
intention+ အတင်းအကြပ် သားဆက်ခြားစေတာ
intention+ အစုလိုက်အပြုံလိုက်ကိုဖြစ်စေ တစ်ယောက်ချင်းကို ဖြစ်စေ သတ်ဖြတ်တာ… စသဖြင့် စသဖြင့် အစုံအလင်အပါပဲ။
ဟုတ်ကဲ့ genocide ရဲ့ အဓိပ္ပါယ်ကို ဒီလောက်နဲ့ပဲ ရပ်ကြစို့လားဗျာ။ (genocide ဖြစ်စဉ်ကို စိတ်ဝင်စားသူတွေအဖို့ 8 stages of genocide ဆိုပြီး စနစ်တကျရေးသားထားတဲ့ စာတမ်းတွေမှာ ဆက်လေ့လာစေချင်ပါတယ်။)

၃။ Genocide က ဘယ်လောက်အထိ လူသားသမိုင်း မှာ သက်ရောက်မှုရှိသလဲ


ဒါကို ဘာနဲ့တိုင်းတာမလဲဆိုတော့ genocide က ပြဌာန်းထားတဲ့ ကျူးလွန်သူကို အရေးယူရေးနဲ့ အကျူးလွန်ခံရသူကိုကာကွယ်ပေးရေးဆိုတဲ့ အချက်တွေက ဖြစ်ပျက်နေတဲ့ ပထဝီနိုင်ငံရေးအပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှု ရှိသလဲ၊ သက်ရောက်မှုက ဘယ်လောက်ထိတာရှည်ခံသလဲ ဆိုတာတွေနဲ့တိုင်းတာရမှာပါ။
ဒီအတွက် ဥပမာအနေနဲ့ ၂၀ရာစု အဆုံးသတ်ခါနီးမှာ ဖြစ်ခဲ့တဲ့ Kosovo ခွဲထွက်ရေးကိစ္စကို ကြည့်ရအောင်ပါ။ ဘာလို့ ကျွန်တော် Kosovo ကို ရွေးရသလဲ ဆိုတော့ Kosovo ကိစ္စဟာ genocide awareness အရှိဆုံးအချိန်မှာ ဖြစ်ပျက် ခဲ့လို့ပါ။ ၁၉၉၈ ခုနှစ် information analysis လုပ်ရတဲ့ CIA အရာရှိဟာ ဓါတ်ပုံတစ်ပုံကို ကြည့်နေပါတယ်။ ဓါတ်ပုံကတော့ မှောင်မည်းလှတဲ့ ကောင်းကင်ကိုနောက်ခံထားလို့ တလက်လက်နဲ့တောက်ပနေတဲ့ ကြယ်စုလေးတွေကို မြင်နေရသလိုပါပဲ။ ဒါပေမဲ့ ဒီဓါတ်ပုံက ကောင်းကင်ကြီးကို ရိုက်ထားတာမဟုတ်ဘဲ၊ ကောင်းကင်ထဲက ဂြိုဟ်တုကနေ ကမ္ဘာမြေပြင်ကို ပြန်ရိုက်ထားတာပါ။ ကမ္ဘာမေပြင်ရဲ့ ဘယ်နေရာလဲဆိုတော့ ဥရောပတိုက် ဆားဗီးယားနိုင်ငံရဲ့တောင်ပိုင်း ကိုဆိုဗိုဒေသလေးကိုပါ။
မည်းမှောင်နေတာကတော့ ကိုဆိုဗိုဒေသရဲ့ တောအုပ်တွေဖြစ်ပြီး တလက်လက်နဲ့ တောက်ပနေတာတွေကတော့ တောအုပ်ထဲမှာဖိုထားတဲ့ မီးဖိုလေးတွေပါ။ ဘယ်သူတွေက မီးဖိုထားလဲဆိုတော့ ဆာဘ်လူမျိုးပုလိပ်တွေနဲ့ ပြည်သူ့
စစ်တွေက လိုက်သတ်နေလို့ ထွက်ပြေးပုန်းအောင်းနေရတဲ့ ကိုဆိုဗိုအလ်ဘေးနီးယန်းတွေက ဖိုထားတာပါ။ CIA အရာရှိအနေနဲ့ ဒီလိုဓါတ်ပုံများစွာကို ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ခဏခဏမြင်ဖူးပါတယ်။ အဲဒီတုန်းကတော့ ဆားဗီးယားနိုင်ငံရဲ့ကပ်ရပ် အိမ်နီးချင်းဘော့စ်နီးယားနိုင်ငံအတွင်းမှာပါ။ အဲဒီတုန်းက မီးဖိုလေးတွေဖိုခဲ့ရသူတွေကတော့ ဘော့စ်နီးယန်းလူမျိုးတွေပါ။
အဲဒီဘော့စ်နီးယန်းတွေကို အမဲလိုက်သလို လိုက်ပြီးသတ်ဖြတ်ခဲ့သူတွေကလည်းဆာ့ဘ်လူမျိုးပုလိပ်တွေနဲ့ ပြည်သူ့စစ်တွေပါပဲ။ ဆားဗီးယားနိုင်ငံသမ္မတ မီလိုစီဗစ်ဟာ ဘော့စ်နီးယားမှာ အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေ၊ မုဒိန်းကျင့်စခန်းတွေ ချွေးတပ်စခန်းတွေ တည်ဆောက်ပြီး ဆာဘ်လူမျိုးမဟုတ်သူတွေကို မျိုးဖြုတ်သုတ်သင်လျက် ကြီးမြတ်လေသော မဟာဆားဗီးယားနိုင်ငံတော်ကိုတည်ထောင်ဖို့ ကြံရွယ်ခဲ့သူပါ။
သူ့ရဲ့ အကြံအစည်တွေဟာ ဘော့စ်နီးယားမှာ မအောင်မမြင်နဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ပြောလို့ရပေမယ့် ဆာဘ်လူမျိုး မဟုတ်သူ ၃သိန်းနီးပါးလောက်ကိုတော့ မျိုးဖြုတ်ပစ်နိုင်ခဲ့ပါတယ်။ မီလိုဆီဗစ်အနေနဲ့ ဆာဘ်လက်နက်ကိုင်တွေအား လုံး ဘောစ်နီးယားကနေထွက်ခွာဖို့ အမေရိကန်ဦးဆောင်တဲ့ NATO အဖွဲ့နဲ့ သဘောတူခဲ့ရပါတယ်။ ဒါပေမဲ့ လူသိန်းချီသတ်ဖြတ်ခဲ့တဲ့ မီလိုဆီဗစ်အနေနဲ့ တရားစွဲခံရခြင်း အပြစ်ဒဏ်ချမှတ်ခံရခြင်း တစုံတရာမရှိဘဲ ဆားဗီးယားနိုင်ငံတော်ရဲ့သမ္မတ အဖြစ်ဆက်လက်တည်ရှိဆဲ ဖြစ်ပါတယ်။ ဒီတော့ မီလိုဆီဗစ်ရဲ့ မဟာဆားဗီးယား အိပ်မက်ဟာ ဆက်လက်မက်လို့ကောင်းဆဲပါပဲ။
ဒီတခါ သူ့အိပ်မက်ကို အကောင်အထည်ဖော်မယ့်နေရာကတော့ ဆားဗီးယားနိုင်ငံတောင်ပိုင်းက ကိုဆိုဗိုဒေသလေးပါပဲ။ ဒီဒေသမှာ ၁၂ ရာစုကတည်းက အခြေချနေထိုင်လာခဲ့တဲ့ အလ်ဘေးနီးယန်းလူမျိုးတွေနဲ့ ဆာဘ်လူမျိုးတွေဟာ ရန်စောင်နေခဲ့ကြတာပါ။ ဘော့စ်နီးယားတုန်းက NATO အဖွဲ့ကို အလျော့ပေးခဲ့ရတဲ့အတွက် မဟာဆားဘီးယားခေါင်းဆောင် မီလိုဆီဗစ်အဖို့ ကျဆင်းခဲ့ရတဲ့ သိက္ခာတွေကိုပြန်ဆည်ဖို့ ကိုဆိုဗိုဟာ နေရာကောင်းပါပဲ။ မီလိုဆီဗစ်ရဲ့ လုပ်ရပ်တွေကတော့…
– ကိုဆိုဗိုမှာရှိတဲ့ အလ်ဘေးနီးယန်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တယ်။
– အစိုးရဝန်ထမ်းတွေထဲက အလ်ဘေးနီးယန်းလူမျိုးတွေကို အလုပ်ထုတ်ပစ်လိုက်တယ်။
– အလ်ဘေးနီးယန်းကျောင်းသားတွေကို ကျောင်းထုတ်ပစ်လိုက်တယ်။ အလ်ဘေးနီးယန်းတွေက ဆန္ဒပြသပိတ်မှောက်လုပ်တော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပစ်လိုက်တယ်။
မဟာဆားဗီးယားခေါင်းဆောင် သမ္မတကြီးမီလိုဆီဗစ်ဟာ ဆာဘ်လူမျိုးတွေရဲ့အလည်မှာ အမျိုးသားရေးကယ်တင်ရှင်ကြီးအဖြစ် ဂုဏ်တက်လာပါပြီ။
အလ်ဘေးနီးယန်းတွေရဲ့ တုန့်ပြန်မှုကတော့ KLA ခေါ် Kosovo Liberation Army ပါပဲ။ ရသမျှပိုက်ဆံစု နီးစပ်ရာကနေ လက်နက်ဝယ်ပြီး ဆာဘ် စစ်တပ်နဲ့ ရဲစခန်းတွေကို ခြုံခိုတိုက်တာတွေ ဝင်စီးတာတွေ လုပ်တော့တာပါပဲ။ ဒါဟာ မီလိုဆီဗစ်လိုချင်တဲ့အကွက်ပါပဲ။ KLA ကိုအကြောင်းပြပြီး ဆာဘ်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာ အလ်ဘေးနီးယန်းတွေကို အကြမ်းဖက်လို့ တံဆိပ်ကပ်ခွင့်ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မောင်းထုတ်ခွင့် လိုင်စင်ရတဲ့သဘောပါ။ မီလိုဆီဗစ်အတွက် အားသာချက်က ကိုဆိုဗိုဟာ ဆားဗီးယားအချုပ်အခြာအာဏာပိုင်နက် အတွင်းကနယ်မြေဖြစ်ပြီး KLA ဟာလဲ အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းသွင်းခံထားတဲ့ အဖွဲ့ဖြစ်နေတာပါပဲ။
မီလိုဆီဗစ်ရဲ့ လက်ချက်နဲ့ ဘောစ်နီးယားမှာဖြစ်ခဲ့တာတွေကို Kosovo မှာ ပြန်မြင်လာရတဲ့ CIA အငယ်တန်းနဲ့ အလတ်တန်း အရာရှိတွေဟာ အထောက်အထား အစုံအလင်နဲ့ အစီရင်ခံစာတွေ တင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစုံတရာ action ယူလာလိမ့်မယ်လို့တော့ မျှော်လင့်ချက်သိပ်မထားခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘော့စ်နီးယားမှာတုန်းကလဲ သူတို့ ဒီလိုအစီရင်ခံစာတွေ တင်ဖူးပေါင်းများလှပါပြီ။ အမေရိကန်အစိုးရကတော့ မလွဲမရှောင်သာမှပဲ action ယူခဲ့တာပါ။
(ဆာ့ဘ်တွေဟာ ဘော့စ်နီးယားမှာရှိတဲ့ ကုလသမဂ္ဂ အစောင့်အရှောက် နယ်မြေကို ဝင်တိုက်ပြီး UN ငြိမ်းချမ်းရေးတပ်တွေကို ဓါးစာခံဖမ်းပြီး အစောင့်အရှောက်နယ်မြေထဲမှာရှိတဲ့ အရပ်သား ၇၀၀၀ လောက်ကို သတ်ပစ်တာတောင် ရက်အတော်ကြာမှ အမေရိကန်အစိုးရက စစ်ရေးအရ တိုက်ရိုက်ဝင်ဗြင်းဖို့စဉ်းစားခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။)
ဒါပေမဲ့ Kosovo ကတက်လာတဲ့ အစီရင်ခံစာတွေကို US အစိုးရ တုန့်ပြန်ပုံအတော်လေးတက်ကြွနေပါတယ်။ KLA အဖွဲ့ကို အမေရိကန် အစိုးရအနေနဲ့ အကြမ်းဖက်စာရင်းသွင်းထားပေမဲ့ CIA ကို KLA နဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းထားပါတယ်။ တခြား ဥရောပထောက်လှန်းရေးအဖွဲ့တွေကတော့ KLA ကို လေ့ကျင့်ပေးတာ ဆက်သွယ်ရေးစနစ် တည်ဆောက်ပေးတာတွေ လုပ်နေပါပြီ။ ကိုဆိုဗိုအလ်ဘေးနီးယန်းကိုယ်စားလှယ်က မီလိုဆီဗစ်နဲ့ ဆွေးနွေးပွဲမှာ ဆာ့ဘ်တွေအနေနဲ့ ညှာတာဖို့၊ ချင့်ချိန်ဖို့ မပြောတော့ဘဲ “ဆက်မိုက်ရင်တော့ ဆားဗီးယားနိုင်ငံချိနဲ့သွားဖို့သာပြင်ထား” လို့ သတိပေးစကားပြောတဲ့အနေအထား ရောက်နေပါပြီ။
ဒီလို ဆာ့ဘ်လူမျိုးကြီးဝါဒီ မီလိုဆီဗစ်ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး ဝိုင်းဗြင်းဖို့ဖြစ်လာစေတာရဲ့ နောက်ကွယ်မှာတော့ “Genocide ဆိုတဲ့ ဥပဒေ ကြောင်းအရလှုပ်ရှားမှု” က တည်ရှိနေတာပါ။
ဘယ်သူတွေက လှုပ်ရှားတယ်၊ ဘယ်လိုပါဝင်တယ် ဆိုတာကတော့ လူသိမများလှပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုလှုပ်ရှားသူတွေဟာ နိုင်ငံရေးသမားတွေလို လူရှေ့သူရှေ့ထွက်ပြီး မိန့်ခွန်းခြွေတာ မီဒီယာတွေမှာ နာမည်ကြီးအောင် လုပ်တာမျိုး မရှိရုံမျှမက အဲဒီလိုလူသိမှာကိုတောင် မကြိုက်လှသူတွေပါ။ အမေရိကန်နိုင်ငံခြားရေးဌာန စစ်ရာဇဝတ်မှုဥပဒေချုပ်၊ နောက်ပြီး အမေရိကန်သမ္မတကိုယ်တိုင်က genocide လို့ သုံးစွဲပြောဆိုမှုဟာ နောက်ကွယ်မှာ genocideနဲ့ချိတ်ဆက်ပြီး ဥပဒေအရ လှုပ်ရှားမှုတွေရှိကြောင်း ထင်ရှားစေပါတယ်

“ဝိုင်းဗျင်းခြင်း”


အမေရိကန်ဦးဆောင်တဲ့ NATO တောင်းဆိုတာတွေက
– Kosovo မှာ ရှိတဲ့ ဆာ့ဘ်လက်နက်ကိုင်တွေ ထွက်ခွာ၊
– အလ်ဘေးနီးယန်းတွေကို အုပ်ချုပ်ခွင့်အာဏာ ပြန်ပေး၊
– Kosovo မှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၅,၀၀၀ တပ်စွဲခွင့်ပေး၊
မီလိုဆီဗစ်ကတော့ ဒီအချက်တွေဟာ ဆားဗီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုထိပါးလို့ လက်မခံနိုင်ဘူး အကြောင်းပြန်ပါတယ်။
NATO က Kosovo မှာရှိတဲ့ ဆာ့ဘ်လက်နက်ကိုင်တွေနဲ့ ပတ်သတ်တာတွေကို အမြင့်ပေ ၁၅၀၀၀ အထက်ကနေ ဗုံးကြဲပါတော့တယ်။ ဆာ့ဘ်တွေဘက်က တုန့်ပြန်မှုက ရှိသမျှအလ်ဘေးနီးယန်းတွေကို အိမ်တွေကနေမောင်းထုတ်၊ အလ်ဘေးနီးယန်း အမျိုးသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတုန့်ပြန်ပါတယ်။
NATO ဘက်က ဗုံးကြဲလေယာဉ်ကို အစင်းရေ ၁၀၀၀ ထိ တိုးမြှင့်သုံးစွဲ အနီးကပ်ပစ်နိုင်တဲ့ Helicopter Gunship တွေပါ ထပ်ပေါင်းပါတယ်။ ပစ်မှတ်တွေကိုလဲ Kosovo ဒေသတစ်ခုတည်းကိုပဲ ကန့်သတ်ချက်မထားတော့ဘဲ ဆားဗီးယားတစ်နိုင်ငံလုံးကို ထည့်သွင်းစေတယ်။ ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်ကိုလဲ ဗုံးစာကျွေးပါတယ်။ ဆားဘီးယားတပ်မတော်အတွက် ဆက်သွယ်ရေး signal တွေ တဆင့်ခံပို့ပေးနေတဲ့ တရုတ်သံရုံးကိုလဲ ဗုံးကြဲပါတယ်။ (နောက်မှ မြေပုံမှားလို့ မှားပစ်မိကြောင်း တောင်းပန်ပါတယ်။)
လူမျိုးကြီးဝါဒီ မီလိုဆီဗစ်ကို ထောက်ခံနေဆဲ ဆာ့ဘ်လူမျိုးတွေကို ဦးကျိုးစေဖို့ စစ်ဘက်ပစ်မှတ်သာမက အရပ်ဘက်ပစ်မှတ်တချို့ကိုပါ တိုက်ခိုက်ပါတယ်။ ဥပမာ-ဆားဘီးယား အသံလွှင့်ဌာနနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေကိုပါ။ ဆာဘ်တွေအနေနဲ့ မနက်ခင်း ကော်ဖီဖျော်သောက်ဖို့တောင် ခက်ခဲသွားပြီးတစ်နိုင်ငံလုံး အမှောင်ထဲ အအေးထဲမှာ ငုပ်တုပ်ထိုင်ရတဲ့အဖြစ်ရောက်သွားပါတယ်။
ရလဒ်တွေကတော့ ဆာ့ဘ်တပ်မတော်ဟာ မီလိုဆီဗစ်အတွက် စစ်တိုက်မပေးနိုင်ကြောင်းဖြစ်လာပြီး တပ်ပြေးတွေလဲ အလွန်များသွားတာပါ။ NATO က ၇၈ ရက်ကြာအောင် ဗုံးကြဲပြီးတဲ့အခါမှာတော့ ဆာ့ဘ်လက်နက်ကိုင်တွေဟာ Kosovo ကနေ ထွက်ခွာရပါတော့တယ်။ အဲဒီအချိန်က စလို့ Kosovo ဟာ သီးခြားလွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နယ်မြေအဖြစ် အမေရိကန်နဲ့ ဥရောပက အသိအမှတ်ပြုလိုက်ကြပါတယ်။
မီလိုဆီဗစ်ကိုတော့ နောက်တက်လာတဲ့ ဆားဗီးယားအစိုးကကိုယ်တိုင်ကဖမ်းဆီးပြီး (ယူဂိုဆလားဘီးယားအတွက် သီးသန့်ဖွဲ့တဲ့)အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့လိုက်ပါတယ်။ ဆားဘီးယားကို ဗုံးကြဲဖို့အတွက် NATO ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်တောင်မယူခဲ့ပါဘူး။ ဖြစ်စဉ်ဟာ ကျွန်တော်ရေးသလောက် အစဉ်မချောလှပါဘူး။ အသေးစိတ်သိလိုသူများ ရှာဖွေပြီး ဖတ်ရှုစေလိုပါတယ်။ ကျွန်တော်ကတော့ Raphael Lemkin အကြောင်းပဲဆက်ရေးပါတော့မယ်။
၁၉၄၅၊ မေလမှာ ဂျာမနီဟာ ခြွင်းချက်မရှိ လက်နက်ချပြီး ဥရောပ စစ်မျက်နှာမှာ စစ်ကြီးဟာ အဆုံးသတ်သွားပါတယ်။ ကမ္ဘာစစ်ပွဲကြီးတစ်ခုအပြီးမှာ ကျန်ရစ်ခဲ့တဲ့ ထုံးစံအတိုင်း အလောင်းတွေ သွေးညှီနံ့တွေနဲ့ ဥရောပမြေဟာ နံဟောင်ပုပ်အဲ့နေပါတယ်။ ဒီအလောင်းတွေ သွေးတွေထဲကမှ အနံစော်ဆုံး အပုပ်အဲ့ဆုံး အနံ့တွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို အော့နလုံးအနာဆုံး ဖြစ်စေခဲ့ပါတယ်။ အဲဒီအနံ့က ပြင်းထန်ကြီးမားတဲ့ လူသိန်းချီသေခဲ့တဲ့တိုက်ပွဲကြီးတွေဖြစ်ခဲ့ရာကနေ ထွက်ပေါ်လာနေတာ မဟုတ်ပါဘူး။
ရှေ့တန်းစစ်မြေပြင်တွေနဲ့ ဝေးကွာတဲ့နေရာမှာရှိတဲ့ သံဆူးကြိုးကာစခန်းတွေကနေ ထွက်ပေါ်လာနေတာပါ။ ဒီစခန်းတွေထဲကိုဝင်ကြည့်မယ် ဆိုရင်တော့ သိန်းချီတဲ့ ယောက်ျား၊ မိန်းမ၊ ဂေး၊ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး၊ အဘိုးအဘွား အစုံအလင်ဟာ အရိုးပေါ်အရေတင် ပိန်ခြုံးလျက် မသေရုံတမယ် ရှိနေကြပြီး အဲလိုပိန်ချုံးနေတဲ့ အရွယ်စုံ လူသေအလောင်းတွေဟာလည်း ပုံအောလျက် တချို့လဲ တဝက်တပျက်လောင်ကျွမ်းထားတဲ့ အလောင်းတွေ တချို့လည်း ပြာကျအောင် မီးရှို့ထားတာတွေ၊ မိုးထိအောင် မြင့်မတက် ထိုးထောင်နေတဲ့ မီးရှို့ စက်ရုံခေါင်းတိုင်တွေ၊ အစုလိုက်အပြုံလိုက် လူသေမြှုပ်ထားတဲ့ ကျင်းကြီးတွေ၊ အရှင်လတ်လတ် ဦးနှောက်၊ ရင်ဘတ်၊ ဗိုက် ခွဲစိတ်ခံထားရပြီး မသေမရှင် ဖြစ်နေသူတွေ၊ သေနေသူတွေ၊ မြင်ရရုံနဲ့ရူးသွားနိုင်စေတဲ့ နာဇီဂျာမန်တွေရဲ့ သေမင်းတမန်စခန်းတွေပါ။
ရှေ့တန်းစစ်မြေပြင်မှာ ဂျာမန်တွေနဲ့ သူတင်ကိုယ်တင် ဖိုက်လာတဲ့ မဟာမိတ်စစ်သည်တွေပါ ဒီမြင်ကွင်းတွေကိုမြင်ပြီး shock ရကုန်ပါတယ်။ ဒီလောက်ရက်စက်ကြသလား။ အသွေးနဲ့အသားနဲ့ လူလူချင်း ဒီလိုလုပ်ကြတယ်ဆိုတာ တကယ်ပေါ့။ သမိုင်းစာအုပ်တွေမှာသင်ရတဲ့ မွန်ဂိုစစ်ဘုရင် ဂျင်ဂျစ်ခန်က လူသန်းချီသတ်ပစ်တယ်ဆိုတာ ပုံပြင်လိုဖတ်ခဲ့ကြတာ။ ခုငါတို့ရှေ့တင် မျက်ဝါးထင်ထင် ပါလား။ ပိုဆိုးတာက စစ်တိုက်နေတဲ့ရှေ့တန်းမှာမဟုတ်ဘဲ၊ နောက်တန်းမှာ သွေးအေးအေးနဲ့ ဒီလိုတွေ လုပ်နိုင်ကြတယ်ပေါ့။
တက်ခေါက်တဲ့သူက ခေါက်… ငိုတဲ့သူက ငို… shock ရတဲ့သူက အူကြောင်ကျားနဲ့ ဖြစ်နေကြပါတယ်။
အကြမ်းဖျင်းစာရင်းချုပ်လိုက်ရင် နာဇီဂျာမန်တွေရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး ၆ သန်းနဲ့ ဂျူးမဟုတ်သူ ၅ သန်း သတ်ဖြတ်ခံလိုက်ရပါပြီ။ ဒီလုပ်ရပ်ကြီးကို ဘယ်လိုနာမည်ပေးမလဲ? ၁၉၄၄ ခုနှစ်တုန်းကတည်းက Raphael Lemkin က Genocide ဆိုပြီး နာမည်ပေးပြီးသားပါ။
Raphael အတွက်အလွန်ဝမ်းနည်းစရာကောင်းတာက သူရဲ့မိဘအပါအဝင် ဆွေမျိုးအရင်းအချာ ၄၉ ယောက်ပါ နာဇီတွေရဲ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရှာတာပါ။ ဒါတွေကို Raphael ဘယ်လိုတုန့်ပြန်မလဲ။ Raphael ရဲ့တုန့်ပြန်မှုကို မပြောခင် စစ်အတွင်းအဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး ဘယ်သူတွေက ဘယ်လိုတုန့်ပြန်သလဲအရင်ပြောကြမယ်။ ဒါမှ relative သဘောနဲ့ parallel thinking ရမှာပါ။

“ဆိုဗီယက်ရုရှားရဲ့တုန့်ပြန်မှု”


အနောက်ဥရောပ မဟာမိတ်တပ်တွေအဖို့ နာဇီတွေရဲ့ ငရဲခန်းတွေဟာ စစ်ကြီးပြီးခါနီးမှ ပြူးတူပြဲတဲ စတွေ့ခဲ့ရသော်လည်း အရှေ့ဘက်စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့ရတဲ့ ဆိုဗီယက် red army အဖို့တော့ သိပ်မဆန်းလှဘူးလို့ ပြောရ မှာပါ။ ဆိုဗီယက်ကိုဝင်တိုက်တဲ့ ဂျာမန်တပ်တွေရဲ့ ခံယူချက်ကလဲ ရှင်းပါတယ်။ ရုရှားဆိုတာ ဂျာမန်တွေကို အလုပ်အကျွေးပြုဖို့ ဖြစ်လာရတဲ့ အရိုင်းအစိုင်းတွေဖြစ်ပြီး ဒီစစ်ပွဲကြီးဆင်နွှဲပြီး ရုရှားတွေကို အပိုးကျိုးအောင် လုပ်နေရတယ်လို့ ခံယူထားကြတာပါ။ ဥပမာ-ဆောင်းတွင်းမှာအေးခဲနေလို့ အချမ်းပြေစေရန် ပတ်ချာလည် မှာရှိတဲ့ ရုရှားရွာတွေကို မီးတိုက်ပစ်လိုက်တယ်ဆိုတာ ဂျာမန်တပ်တွေရဲ့ လုပ်ရိုးလုပ်စဉ်လိုတောင်ဖြစ်နေပါတယ်။ တခြားရက်စက်မှုတွေဆိုတာ ထူးပြောနေစရာမရှိပါဘူး။
ဒီတော့ ရုရှားတွေ အနိုင်ပြန်ရလာတဲ့အခါ ဖမ်းမိလာတဲ့ နာဇီတွေကို ဘယ်ရုရှားကမှ အထူးတလည် တရားရုံးတင်မနေပါဘူး။ ထောက်လှမ်းရေး စစ်ချက်ယူပြီး စစ်ရေးနိုင်ငံရေးမှာ အသုံးမလိုတော့ဘူးထင်ရင် နေရာတင်ပဲ သတ်ပစ်လိုက်တာပါ။ မသတ်ဘူးဆိုရင်လဲ ရုရှားအရှေ့ခြမ်း ဆိုက်ဘေးရီယား(၁၂ ရာသီနှင်းခဲဒေသ)ပို့ပြီး အသက်အန္တရာယ်ရှိတဲ့ မိုင်းတူးတဲ့ အလုပ်တွေကို ခိုင်းပါတော့တယ်။ မသေမချင်းခိုင်းတာပါ။ ဆိုဗီယက်တပ်တွေ ဂျာမနီရဲ့ အရှေ့ပိုင်းကို ဝင်တိုက်တဲ့အခါမှာတော့ အရပ်သားဂျာမန်တွေဟာ စစ်ဒဏ်ကို ပက်ပက်စက်စက်ခံရပါတယ်။ ဂျာမန် အမျိုးသမီးတွေဟာ လူရာချီပါတဲ့ ရုရှားတပ်ခွဲတွေရဲ့ မုဒိန်းသားကောင်တွေအဖြစ် သက်ဆင်းခဲ့ရပါတယ်။
ဆိုဗီယက်ခေါင်းဆောင်ပိုင်းကလဲ ဒီလောက်မဟာလူမျိုးကြီးချင်တဲ့ ဂျာမန်တွေကို ဒီလိုဦးချိုးပစ်ပစေဆိုတဲ့သဘောနဲ့ လွှတ်ထားပေးလိုက်တာ သားကောင်ဖြစ်ရသူ ဂျာမန်အမျိုးသမီးပေါင်း ၂သန်းကျော်သွားပါတယ်။ ရုရှားတွေရဲ့ တုန့်ပြန်မှုကို revenge လို့ပဲ နာမည်ပေးရမှာပါ။

“အနောက်ဥရောပ+ အမေရိကန် ရဲ့ တုန့်ပြန်မှု”
(ရုရှားက ဒီအဖွဲ့မှာလဲပါဝင်ပါတယ်)
သူတို့ကတော့ နာဇီတွေကို punishment ပေးဖို့ ရည်ရွယ်တာပါ။ revenge မဟုတ်ပါဘူး။ ဒီအတွက် နျူရင်ဘတ်စစ်ခုံရုံးကို ဖွဲ့ပါတယ်။ Raphael ဟာ ဒီခုံရုံးမှာ ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခံရပါတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ပြီလား…? နျူရင်ဘတ်ခုံရုံးမှာ နာဇီတွေကို အဓိက စွဲချက်တင်တာကတော့…
– နိုင်ငံတကာနယ်နိမိတ်တွေကို ဖြတ်ကျော်စစ်ပွဲတွေဆင်နွှဲပြီး သူတစ်ပါးနိုင်ငံတွေကို ကျူးကျော်တာ။
– သိမ်းပိုက်ခံ နယ်မြေတွေမှာစစ်ရာဇဝတ်မှုတွေကျူးလွန်တာ။
ဒီစွဲချက်တွေနဲ့တင် နာဇီတွေကို သေဒဏ်ဆယ်ပြန်ပေးလို့ရနေပါပြီ။
ဒါပေမဲ့ Raphael Lemkin ဆိုတဲ့ လူတစ်ယောက်ကတော့ ဒီစွဲချက်တွေဟာ မလုံလောက်ဘူး။ နျူရင်ဘတ်စစ်ခုံရုံးဟာ နာဇီတွေကို အရေးယူဖို့ လုံလောက်တဲ့ ဥပဒေအင်အားချို့တဲ့နေတယ် စသဖြင့် အဆက်မပြတ်ထောက်ပြ နေပါတယ်။ ဟုတ်ကဲ့ Raphael Lemkin ဆိုတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ သာမန်လူ သာမန်ရှေ့နေပေါက်စလေးမဟုတ်တော့ပါဘူး။ နျူရင်ဘတ်စစ်ခုံရုံးအတွက် အကြံပေးအရာရှိအဖြစ်ခန့်အပ်ခံထားရသော ယေးလ်ဥပဒေတက္ကသိုလ်က ကထိကပါ။
နာဇီတွေရဲ့ လက်ချက်နဲ့ အရင်းအချာ မိသားစု ၄၉ ယောက် ဆုံးရှုံးခဲ့တဲ့ လူတစ်ယောက်ပါ။ ဒါဆို သူက နာဇီတွေကို revenge လုပ်ချင်နေတာလား။
မဟုတ်ပါဘူး…?
ဒါဆိုလဲ လက်ရှိစွဲချက်တွေနဲ့တင် နာဇီတွေကို သေဒဏ် punishment ၁၀ ဆ ပေးလို့ရနေပြီလေ၊ ကျေနပ်တော့ပေါ့။ ဒါလည်းမကပါဘူး…။
Raphael လိုချင်တာက နာဇီတွေရဲ့ ပြစ်ချက်တွေကို genocide နဲ့
စွဲချက်တင်ပြီး အပြစ်ပေး။ နောက်နောင်လဲ နာဇီတွေလို ပြစ်မှုကျူးလွန်သူတွေအတွက် စံပြစီရင်ချက်ဖြစ်စေဖို့ပါ။ လက်ရှိစွဲချက်တွေအရ နာဇီတွေဟာ စစ်ပြုပြီး သူများနိုင်ငံကိုသိမ်းပိုက်လို့စစ်ကာလအတွင်းရာဇဝတ်မှု ကျူးလွန်လို့သာ စွဲချက်တင်ခံနေရတဲ့သဘောပါ။
Raphael ဆိုလိုချင်တဲ့ genocide နဲ့ စွဲချက်ဆိုတာ ဒုတိယကမ္ဘာစစ် မစခင်ကတည်းက နာဇီတွေဟာ ဂျူးလူမျိုးတွေကို ဒုတိယတန်းစားနိုင်ငံသား အဖြစ်နှိမ့်ချခွဲခြားတံဆိပ်ကပ် စသဖြင့် (ရှေ့မှာကျွန်တော်ရေးခဲ့တဲ့) warning signs တွေကစပြီးတော့ စွဲချက်တင်စေချင်တာပါ။ ဒီအတွက် Raphael ဟာ ရုံးတော်မှာ ရှေ့နေတွေကို နားပူဆာတိုက်ဆုံးခုံရုံးကို မထောက်မညာ ဝေဖန်နေတဲ့ အကြံပေး ဖြစ်လို့နေပါတယ်။ ခုံရုံးက ရှေ့နေတချို့ကဆို Raphael ကို “ခင်ဗျားက နာဇီတွေကိုသေဒဏ်ပေးဖို့ အဓိကမထားဘဲ၊ genocide နဲ့စွဲချက်တင်ဖို့ပဲ အဓိကထားနေ သလား” လို့ ပြန်မေးတဲ့အထိပါပဲ။
ဒီလို အငေါ်တူးတာတွေရှိပေမဲ့လည်း အမှုတချို့မှာ genocide ဆိုတဲ့ စကားလုံးကို descriptive purpose အနေနဲ့ စတင်သုံးစွဲပါတယ်။ Raphael လိုချင်တဲ့ Legal term တခုအနေနဲ့ သုံးစွဲတာတော့မရှိပါဘူး။ နာဇီတရားခံက ထောင်ချီရှိပါတယ်(နာဇီတရားခံအားလုံးကို နျူရင်ဘတ်ခုံရုံးတစ်ခုတည်းမှာပဲ စီရင်ခဲ့တာတော့ မဟုတ်ပါဘူး။)
ကျူးလွန်တဲ့အမှုတွေက တပုံတခေါင်းကြီး။ စီရင်ချက်တခုချဖို့ အချိန်စွဲ စစ်ရင်း နာဇီတွေကို အသက်ရှည်ခွင့်ပေးနေသလိုလဲ ဖြစ်လို့လဲမရ။ ဒီကြားထဲ Raphael Lemkin ဆိုတဲ့လူက genocide နဲ့စွဲချက်တင်ဖို့လာပြောနေ။ ဒါဆို ဘယ်မလဲ genocide နဲ့ပတ်သတ်ပြီး ရေးထားတဲ့ Law, Law, Law, genocide နဲ့ပတ်သတ်တဲ့ Law ။ ဒီ law က ခုချိန်ထိ Raphael Lemkin ဆိုတဲ့လူတစ်ယောက်က ရေးထားတာပဲရှိသေးတာ။ ဘယ်အချုပ်အခြာအာဏာပိုင်တဲ့ အဖွဲ့အစည်းကမှ မပြဋ္ဌာန်းရသေးဘူး။ ဒီ Law ကိုပြဋ္ဌာန်းဖို့က နိုင်ငံတကာ level အာဏာနဲ့ပြဋ္ဌာန်းမှ တကယ်အလုပ်လုပ်လို့ရမှာ။ ဒါဆို Raphael အဖို့ နျူရင်ဘတ်ခုံရုံးကခွာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ level အဖြစ်ဖွဲ့စည်းထားတဲ့ United Nations ကုလ သမဂ္ဂသို့ ချီတက်ပါလေတော့တယ်။

Genocide ဝေါဟာရ၊ Genocide ဥပဒေရဲ့ ပဲကိုင်ရှင်
Dr.Raphael Lemkin

နိဂုံး

“ဒုတိယအကြိမ်တိုက်ပွဲ”
၁၉၄၆ ခုနှစ်နှောင်းပိုင်းမှာ Raphael ဟာ သွေးတိုးကြောင့် ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်တက်ချင်းရက်မှာပဲ အမေရိကန်နိုင်ငံနယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပတော့မယ့်အကြောင်း စကြားရပါတယ်။ Raphael ဟာ ချက်ချင်းပဲ ဥရောပကနေ အမေရိကန် နယူးယောက်ကို ပြန်ချီတက်ပါတော့တယ်။ သူလိုချင်တဲ့ နိုင်ငံတကာ level ရဲ့ အမြင့်ဆုံးညီလာခံမှာ genocide law နဲ့ပတ်သတ်လို့ ထိုးဖောက်ခွင့်ကို သူလက်လွှတ်ခံလို့ ဘယ်ဖြစ်မလဲ။
ဒီနောက်ပိုင်းမှာတော့ ညီလာခံခန်းမဆောင်မှာ သံတမန်တွေ ကိုယ်စားလှယ်တွေကို ရေရေလည်လည် ဦးနှောက်စားမည့် ချက်ကျလက်ကျ ဆွေးနွေးချက်တွေနဲ့ ချောင်ပိတ်မယ့် လူတစ်ယောက်ကို မမြင်ချင်မှအဆုံး တွေ့နေရတော့တာပါပဲ။ တွန့်ကျေနေတဲ့ ကုတ်အင်္ကျီ၊ ခေါက်ပွနေတဲ့ဘောင်းဘီ၊ ဆေးရောင်တွေ အဖတ်လိုက် အဖတ်လိုက်ကွာကျနေလို့ ဖြူတကွက် မဲတကွက် ဖြစ်နေတဲ့ ရှူးဖိနပ်၊ စာရွက်စာတမ်းတွေ၊ မှတ်စုတွေ၊ မှတ်တမ်းတွေကို အိပ်ကပ်ထဲမှာ ထိုးထိုးထောင်ထောင် ထည့်ထားပြီး ညီလာခံခန်းမဆောင် စားပွဲရုံနေရာတကာပတ်သွားနေတဲ့ Raphael ဟာ ဘယ်သံတမန်ကို တွေ့လိုက်မလဲ တွေ့လိုက်တာနဲ့ လက်စွဲပြီး genocide နဲ့ ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းဖို့လိုကြောင်း စာရွက်စာတမ်းတွေ ဥပဒေအထောက်အထားတွေ တစ်ရွက်ပြီးတစ်ရွက် အိတ်ကပ်ထဲက ဆွဲထုတ်ပြီး သူရှင်းပြပါတော့တယ်။ သံတမန်ဖတ်ဖို့လဲ လိုအပ်တဲ့စာတမ်းတွေ ညွှန်ပါဦးမယ်။
ဒီလိုလုပ်ဖို့ စိတ်အားထက်သန်လွန်းပြီး ထမင်းမေ့ဟင်းမေ့ ဖြစ်ရတာလဲ။ အကြိမ်ကြိမ် ထမင်းမေ့ဟင်းမေ့ဆိုတာ တင်စားပြောတာမဟုတ်ဘူး။ တကယ်ကိုမစားမသောက် မမောမပမ်းပြောရင်းနဲ့ ဘိုင်းခနဲ ပစ်လဲသွားတာလဲ အကြိမ်ကြိမ်ပါ။ သံတမန် ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ကိုယ့်တိုင်းပြည်က ပေးအပ်လိုက်တဲ့ရည်မှန်းချက်က ရှိပြီးသားပါ။ ညီလာခံတက်ရတဲ့အပြင် ဘေးပန်းဆွေးနွေးပွဲတွေ ကလဲ အများအပြားပါ။ ဒီလို ညီလာခံမျိုးမှာ အချိန်ဆိုတာ အလွန်တန်ဖိုးကြီးပါတယ်။ သူတို့ရဲ့ရှားပါးလှတဲ့အချိန်တွေကို လာလာဖဲ့ထုတ်နေတဲ့ Raphael ဟာ ကိုယ်စား လှယ်တော်များအတွက် အနှောင့်အယှက်ကြီးဖြစ်လို့နေပါတယ်။
ဘယ်နိုင်ငံမှလည်းကိုယ်စားပြုတာမဟုတ်၊ ဘယ်အဖွဲ့စည်းကမှလဲ စေလွှတ်တာမဟုတ်၊ သူ့ဖာသာတစ်ယောက်တည်းလာပြီး တကိုယ်တော်ကျဲနေတဲ့ Raphael ကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အမြင့်ဆုံး UN General Assembly မှာ ဘယ်သူကများအရေးစိုက်ပါ့မလဲ။ ဘယ်သူကများသူ့စကားတွေကို လက်ခံပြီး genocide နဲ့ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ law ပြဌာန်းပေးပါ့မလဲ။
Raphael ရဲ့ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂမှာ တကိုယ်တော်တိုက်ပွဲဝင်တဲ့ ယခုဒုတိယအကြိမ်တိုက်ပွဲဟာ ပထမကမ္ဘာစစ်အပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးမှာတိုက်ခဲ့တဲ့ ပထမအကြိမ်တိုက်ပွဲလိုပဲ အရေးနိမ့်သွားလေမလား။ Raphael ရဲ့ ကမ္ဘာ့မင်းပရိသတ်အလယ်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့ တိုက်ပွဲဝင်မှုဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာတွေကို လတ်လတ်ဆတ်ဆတ်ကြီးခံစားထားရတဲ့ ကမ္ဘာ့ကိုယ်စားလှယ်တော်ကြီးများဟာ Raphael ရဲ့ ဇွတ်တရွတ်နိုင်တာတချို့ကို ငြိုငြင်ကြပေမယ့် သူ့ရဲ့စကားတွေဟာ သွေးထွက်အောင်မက အလောင်းသန်းနဲ့ချီ တောင်လိုပုံပြီး မှန်တယ်လို့ သက်သေရှိခဲ့ပြီကိုး….။
ဒီတော့ Raphael ပေးတဲ့ စာရွက်စာတမ်းတွေကို သူတို့ဖတ်ကြပါတယ် ဆွေးနွေးကြပါတယ်။ ဒီလိုနဲ့ Raphael Lemkin ဆိုတဲ့ ငွေမရှိ အာဏာမရှိ အသိုင်းအဝိုင်းမရှိ နောက်ခံဘာမှမရှိတဲ့ တကိုယ်တော်ရှေ့နေရဲ့ Genocide နဲ့ပတ်သတ်ပြီးဥပဒေပြဌာန်းဖို့ကိစ္စဟာ ကုလသမဂ္ဂအထွေထွေညီလာခံ စင်မြင့်ပေါ်သို့ရောက်ရှိလာခဲ့ပါပြီ။
၁၉၄၆ခုနှစ် ဒီဇင်ဘာ ၁၁ မှာ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက Genocide ဟာ တားဆီးရမယ့် နိုင်ငံတကာရာဇဝတ်မှုရယ်လို့ resolution ထွက်လာပါတယ်။ UN General Assembly ရဲ့ formal statement တစ်ခုနဲ့ Genocide ဟာ နိုင်ငံရေးပါဝါ သန္ဓေစတည်လာပါတယ်။ Assembly လဲပြီးရော Raphael ဟာ မောလွန်းပမ်းလွန်းလို့ အိပ်ချလိုက်တာ ၂ ရက်တိုင်တိုင်ကြာပါသတဲ့။ ဒါဆို Raphael ရဲ့တိုက်ပွဲဟာ အောင်သွားပြီလား၊ ခြေတစ်လှမ်းရှေ့ တိုးသွားတယ်လို့တော့ ပြောလို့ရပါတယ်။ ဆက်လျှောက်စရာတွေ အများကြီးကျန်နေပါသေးတယ်။ resolution ဟာ law မဟုတ်သေးပါဘူး။ law အဆင့်ထိရောက် အောင် ဥပဒေကြမ်းအရင်ရေးပြီး နောက်တစ်ကြိမ် General Assembly မှာ အတည်ပြုရမှာပါ။ ဒါဆိုနောက်တစ်ပွဲပေါ့။
Genocide နဲ့ပတ်သတ်လို့ ဥပဒေကြမ်းရေးဖို့ UN က ကော်မတီ တစ်ရပ်ဖွဲ့ပါတယ်။ ဒီကော်မတီက ဥပဒေကြမ်းရေးတဲ့နေရာမှာ Raphael အနေနဲ့ သူ သတ်မှတ်ထားတဲ့ criteria တွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းရပါတယ်။ ဒါပေမဲ့ ရှေ့က resolution ကိုရေးရာမှ Raphael ကိုယ်တိုင်ဝင်ရောက်ကူညီခွင့်ကို UN အထွေထွေအတွင်းရေးမှူးချုပ်က ခွင့်ပြုလို့ ဒီ resolution နဲ့ဆက်စပ်ပြီး law ရေးတဲ့ကိစ္စမှာ Raphael ဟာ သိပ်ဖိစရာ မလိုတော့ပါဘူး။ အမှုစကားနဲ့ပြောရရင် လမ်းကြောင်းပွင့်သွားပြီမို့ သိပ်မခက်ခဲလှတော့ဘူးပေါ့။ ဥပဒေကြမ်းကို ဥပဒေရေးဆွဲရေးကော်မတီက အတည်ပြုတင်သွင်း၊ တင်သွင်းလာတဲ့ ဥပဒေကြမ်းကို General Assembly က မဲ ၃ပုံ၂ပုံနဲ့ ထောက်ခံရင် Genocide ဟာ အပြည်ပြည်ဆိုင်ရာ law တစ်ခုဖြစ်လာတော့မှာပါ။ Raphael အနေနဲ့ လိုအပ်တဲ့ထောက်ခံမဲရဖို့ သွားလိုက်ရတဲ့ခရီးတွေ လွန်းပျံမတတ်၊ ရေးလိုက်ရတဲ့စာတွေရုံးခန်းအပြည့်၊ ဒီအချိန်မှာ သူဟာ အလုပ်မရှိတော့ပါဘူး။ ငတ်တလှည့်ပြတ် တလှည့်နဲ့ ဒီအလုပ်ကို လုပ်နေရှာတာပါ။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ နောက်တစ်ကြိမ် General Assembly ရောက်လို့လာပါပြီ။ Raphael ဟာ ညီလာခံအပြင်မှာ “ငါ genocide အကြောင်း ဇွတ်လိုက်မပြောဖြစ်အောင် သတိနဲ့ထိန်းမယ်၊ မဲပေးတာကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်မယ်” စသဖြင့် အောင်စာရင်းကြည့်ခါနီးကျောင်းသားလို ဖြစ်နေပါတယ်။
ဒီလိုနဲ့ General Assembly မှာ မဲခွဲပါတယ်။ Raphael ဟာ အောင်ပါတယ် ဂုဏ်ထူးမက ရာပြည့်နဲ့အောင်ပါတယ်။ General Assembly က genocide နဲ့ ပတ်သတ်တဲ့ Convention ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ နာမည်ကတော့ The Convention on the Prevention and Punishment of the Crime of Genocide တဲ့ဗျာ။
၁၉၄၈ ဒီဇင်ဘာ ၉ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။ အင်း…. တကယ်တော့ ဒါဟာ Raphael ရဲ့အောင်ပွဲသက်သက် မဟုတ်ဘူးဗျ။ မနုဿလူသားထုရဲ့အောင်ပွဲပဲဗျ။ အမေရိကန်နိုင်ငံကို ခြေဗလာ လက်ဗလာနဲ့ ခိုလှုံခွင့်တောင်းခံလာ တဲ့သူ နိုင်ငံရေးနောက်ခံအသိုင်းအဝိုင်း နောက်ခံတစိုးတစိမှမရှိတဲ့သူ၊ ဥစ္စာဓနဆိုလို့ မူးလို့ရှူစရာမရှိတဲ့သူ Dr.Raphael Lemkin ဟာ ကမ္ဘာ့အပြည်ပြည်အထောင်ထောင်သော သံတမန်တို့ရဲ့တွေ့ဆုံဆွေးနွေးရာ General Assembly မှာ သူ့ရည်မှန်းချက်ကို ထုဆစ်နိုင်ခဲ့ပါပြီ။ ဒါဆို Raphael အနေနဲ့ ဂုဏ်ယူသင့်ပြီ လက်မထောင်သင့်ပြီ၊ ဝံ့ကြွားသင့်ပြီမဟုတ်လား။ ကြီးမားတဲ့အောင်မြင်မှုကြီးအတွက် Raphael ဟာ ရင်ကော့နေပါပြီလား?
General Assembly ခန်းမဆောင်ရဲ့ ချောင်ကျကျတနေရာမှာ Raphael ဟာ ရှိုက်ကြီးတငင်ငိုကြွေးလို့နေပါတော့တယ်။ အောင်မြင်မှုရဲ့ဗိသုကာရှင်ကို သတင်းထောက်တွေက တွေ့ဆုံဖို့ ချဉ်းကပ်လာရာမှာတော့ Raphael ဟာ တစ်ယောက်တည်းနေပါရစေလို့ တောင်းဆိုရှာပါတယ်။ အားရပါးရငိုနေရှာတဲ့ Raphael ဟာ ဝမ်းသာလွန်းလို့ ငိုတာလဲပါသလို၊ သန်းချီသတ်ဖြတ်ခံရတဲ့ လူတွေရဲ့ အလောင်းတွေ အရိုးတွေ အလဟဿမဖြစ်တော့ဘူး။ အကျိုးရလဒ်တစ်ခုတော့ ဆောင်ကျဉ်းနိုင်ခဲ့ပြီဆိုတဲ့ အသိတစ်ခုနဲ့ငိုနေတာပါ ရောပြွမ်းနေတဲ့ ခံစားချက်တွေဟာ မျက်ရည်အနေနဲ့ စီးဆင်းလာတာပါ ဒီနောက်မှာတော့ Raphael ဟာ ပင်ပန်းမှုကြောင့်ပုံလဲကျသွားခဲ့ပြီး ဆေးရုံ ၂ ပတ်လောက်တက်ယူလိုက်ရပါတယ်။
ဆေးရုံက အဆင်းမှာ Raphael ဟာ သူ့တိုက်ပွဲကိုဆက်ပြန်ပါတယ်။ ဟ… တိုက်ပွဲမပြီးသေးဘူးလား? ဟုတ်ကဲ့မပြီးသေးပါဘူး…။
Genocide ဟာ ခုမှ ဥပဒေကြောင်းအရ ခြေလှမ်းတစ်လှမ်းကို စတင်လှမ်းခွင့်ရလိုက်တဲ့သဘောပါ မိုင် ၁၀၀၀ ခရီးရဲ့ ပထမခြေလှမ်းပေါ့ဗျာ။ UN က genocide နဲ့ပတ်သတ်တဲ့ convention ကို ပြဋ္ဌာန်းခဲ့ပါပြီ။ ဒီလို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ genocide ကို တားဆီးဖို့နဲ့ ကျူးလွန်သူကို အပြစ်ပေးဖို့ တစ်နိုင်ငံချင်းစီ ဥပဒေတွေ ထပ်မံပြဋ္ဌာန်းပြီး လိုက်နာရမှာပါ။ မူအားဖြင့်တော့ အားလုံးစုံညီပြီး သဘောတူညီချက်တခုရမှတော့ တစ်နိုင်ငံချင်းစီ အလိုက် ပြဋ္ဌာန်းဖို့က အလိုလိုဖြစ်လာရမယ့်ကိစ္စပါ။ ဒါပေမဲ့ပေါ့ဗျာ…။
နိုင်ငံတစ်ခုချင်းစီမှာ ကိုယ်ကျိုးစီးပွားဆိုတာရှိတယ်။ မတူညီတဲ့ သမိုင်းဖြတ်သန်းမှုတွေရှိတယ်။ ဒီထက်အရေးကြီးတဲ့ ပြဋ္ဌာန်းစရာ ဥပဒေတွေက အပုံကြီး။ ဒါ့အပြင် အရေးအကြီးဆုံးက အမေရိကန်ကတစ်ဖက် ဆိုဗိယက်ကတစ်ဖက်နဲ့အုပ်စုဖွဲ့ပြီးအားပြိုင်စပြုနေစဉ်မှာ ဒီလိုဘောင်ကျယ်ပြီး ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပြန်ထိစေနိုင်တဲ့ ဥပဒေမျိုးပြဋ္ဌာန်းဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးပါ။
ဒါပေမဲ့ Raphael ကတော့ မျှော်ပါတယ်။ အထူးသဖြင့် နိုင်ငံတစ်ခုကို အတော်မျှော်လင့်ပါတယ်။ ဒီမိုကရေစီရင့်ကျက်ခိုင်မာလေသော ကမ္ဘာစစ်ကြီးနှစ်ခုလုံးကို အနိုင်တိုက်ပြီး စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ super power ဖြစ်လာသော အမေရိကန်ပြည်ထောင်စုကိုပါ။ အမေရိကန်သာ genocide တားဆီးရေးနဲ့ အပြစ်ပေးရေး law ကိုပြဌာန်းခဲ့ရင် အတော်ကြီးကို effective ဖြစ်လာမှာပါ။


သို့သော်လည်း အမေရိကန် နိုင်ငံရေးသမားတွေ လွှတ်တော်အမတ်တွေကတော့ ဒီဥပဒေကိုသာပြဋ္ဌာန်းလိုက်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာကိုတောင် ပြန်ခွေအောင်လုပ်လိုက်နိုင်တယ်။ စစ်အေးအားပြိုင်ပွဲမှာ ကိုယ့်ခြေထောက်ကိုယ် ကြိုးချည်တာမျိုး မလုပ်နိုင်ပေါင်။ အမေရိကန်ပြည်တွင်းမှာရှိတဲ့ လူဖြူလူမဲပြဿနာနဲ့ ဒီ law နဲ့သာချိတ်မိရင် ပြဿနာတွေ အကြီးကြီးတက်ကုန်မယ် စသဖြင့်ကန့်ကွက်ပြောဆိုကြပါတယ်။
တချို့ အမေရိကန်နိုင်ငံရေးသမားတွေဟာ “ဟာကွာ ဘယ်ကရောက် လာမှန်းမသိတဲ့ ခိုလှုံခွင့်တောင်းခံထားတဲ့ သူတစ်ယောက်ပြောတိုင်း ငါတို့က ဥပဒေပြဋ္ဌာန်းပေးကြေးလား”ဆိုပြီးကစ်ပါတယ်။ Raphael အတွက် အထိုးနှက်ခံရဆုံး အပိုင်းကတော့ အိုက်စင်ဟောင်ဝါ သမ္မတဖြစ်လာတဲ့အခါပါပဲ အိုက်ဟာ ဒုတိယကမ္ဘာစစ်တုန်းက ဥရောပမှာရှိတဲ့မဟာမိတ်တပ်ပေါင်းစုရဲ့ နံပါတ် ၁ စစ်ခေါင်းဆောင်ပါ။ နာဇီတွေရဲ့ လုပ်ရပ်ကိုလဲကောင်းကောင်းသိတဲ့သူပါ။ ဒါပေမဲ့ အိုက်က genocide law ကို အပြတ်ပယ်ချ လိုက်ပါတယ်။ ဒါဆို Raphael စိတ်ဓါတ်ကျပြီလား။ No ပါ…။
Raphael ဟာ အမေရိကန်ပြည်ထောင်စုကိုသာမက အခြားကမ္ဘာ့နိုင်ငံတွေကိုလဲ စာရေးသားဆက်သွယ်ပြီး ဥပဒေပြဋ္ဌာန်းဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ဟောပြောပွဲတွေ စာရေးသားဆက်သွယ်မှုတွေ အဆက်မပြတ် လုပ်နေဆဲ စည်းရုံးနေဆဲ တိုက်ပွဲဝင်နေဆဲပါ။ Raphael တိုက်ပွဲဝင်ပုံက ကြမ်းပါတယ်။ ဥပမာ အမေရိကန်လွှတ်တော် အမတ်တယောက်ဆီစာရေးတဲ့ပုံက….

သို့
ဦး. . . . . .
. . . . . . .ပြည်နယ် အမတ်မင်း
ဒီလိုပူပြင်းတဲ့လမှာ အလုပ်သဘောနဲ့ စာရေးရတာ အားနာပါတယ်။ ဒါပေမဲ့ အောဇ်ဝစ်အကျဉ်းစခန်းက မီးရှို့ခန်းတွေက ဒီထက်ပိုပူမှာ ခင်ဗျားလဲ အသိပါ။ ဒီတော့ genocide တားဆီးရေးနဲ့ . . . . . . . . . . . . . . . စသဖြင့်ပါ။
လုံးဝအားမနာပါဘူး။ ပိဿလေးနဲ့ နဘေးနှက်တာချည်းပါပဲ။ Raphael ဟာ ဒီအလုပ်တွေကို အားတုန်း၊ အချိန်ပိုတုန်းလုပ်တာ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ထိပ်သီးတွေ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ် ကိုင်နေရတာ အချိန်ပြည့်ပါ။ ဒါပေမဲ့ Raphael ရဲ့ ဝင်ငွေက No ပါ။ အဖွဲ့အစည်းတချို့က မဖြစ်ညစ်ကျယ် ထောက်ပံ့တာလေးနဲ့ မသေရုံတမယ်စားပြီးလုပ်နေတာပါ။ သူရေးတဲ့ စာအုပ်တချို့ကို ပုံနှိပ်ဖို့ကမ်းလှမ်းပေမဲ့ လေးလံလှတဲ့ ဥပဒေအကြောင်းအရာတွေနဲ့ genocide သမိုင်းအသေးစိတ်တွေမို့ ထုတ်ဝေသူတွေက ရောင်းမစွံနိုင်ဘူးလို့ ငြင်းကြပါတယ်။
Raphael ဟာ အပေါင်းအသင်းလဲ သိပ်မရှိလှပါဘူး။ လူမှုရေးသဘောလည်းနားမလည်ဘဲ Genocide အပေါ်မှာပဲ အာရုံနှစ်ပြီး အလုပ်လုပ်နေတာပါ။ လူတွေ့တိုင်းလဲ ဒါပဲပြောနေတဲ့စက်ရုပ်လိုပါပဲ။ ဥပတိခန့်ခန့် ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့ ဥပဒေပညာရှင် Raphael သာ ကမ်းလှမ်းမယ်ဆိုရင် မဆွတ်ခင်ကတည်းက ညွတ်ချင်နေတဲ့ မိန်းမတွေလဲ ရှိပါတယ်။ Raphaelဟာ ဒါတွေကို အာရုံမထားနိုင်လောက်အောင် အလုပ်ထဲပဲ နစ်နေတဲ့သူပါ။
ဒီလိုနဲ့ ၁၉၅၉ခု သြဂုတ်လ ၂၈ ရက်ကို ရောက်လာခဲ့ပါတယ်။ ၁၉၅၉ ခု၊ သြဂုတ်လ ၂၈ ရက်မှာ Dr.Raphael Lemkin ဟာ သူအလုပ်လုပ်နေကျ ရုံးခန်းလေးထဲမှာ ရှိနေပါတယ်။ တွန့်ကျေနေတဲ့ သူ့ကုတ် အင်္ကျီကနေ ထိုးထိုးထောင်ထွက်နေတဲ့ စာရွက်စာတမ်းတွေ တခန်းလုံးပြည့်ပွစာကျဲနေတဲ့ အပြည်ပြည်ဆိုင်ရာက ပေးစာပြန်စာတွေ၊ ဥပဒေစာအုပ်တွေနဲ့ Raphael ဟာ ထုံးစံအတိုင်း အလုပ်အရမ်းရှုပ်နေတဲ့ပုံစံပါပဲ။
သို့သော် ပုံစံကပုံစံပါ ပကတိကတော့ Raphael ရဲ့ ဝိညဉ်ဟာ သူ့ရဲ့ ခန္ဓာကိုစွန့်ခွာသွားခဲ့ရှာပါပြီ။ ဟုတ်ကဲ့ Dr.Raphael Lemkin ဟာ ကွယ်လွန်သေဆုံးသွားခဲ့ပါပြီ။
၁၉၅၉ သြဂုတ်လ ၂၈ မှာပါ။ မနုဿလူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမဖက် ဇွဲနပဲနဲ့ အလုပ်လုပ်ခဲ့သော Dr.Raphael Lemkin ကွယ်လွန်သွားခဲ့ပါပြီ။


ယေးလ်ဥပဒေတက္ကသိုလ်မှာ ကထိကအဆင့်ရှိသူ၊ ဥပဒေနဲ့ ပတ်သတ်လို့ Dr. အဆင့်ရှိသူ၊ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရဲ့ အမြင့်ဆုံးကိုတက်ပြီး တကိုယ်တော်ကြဲ နိုင်ပွဲထူခဲ့သူ… သူသေဆုံးသွားတော့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိပါသလဲ။
ခြူးတစ်ပြားတောင် မရှိပါဘူး။ တင်စားပြောတာ မဟုတ်ပါ တကယ်ပဲ ပိုက်ဆံတစ်ပြားမှကို မရှိတာပါ။ ဒီလောက်ထိ လူသားထုအတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့ သူအတွက် မနုဿလူသားထုကြီးတစ်ရပ်လုံး ကြိမ်အုံးပူမီးကြွ၍ Dr.Raphael Lemkin အတွက် ဝမ်းနည်းကြပြီး ဈာပနကို စည်ကားသိုက်မြိုက်စွာ…..
No…. No…. မဟုတ်ပါဘူး….။
Raphael ရဲ့ ဈာပနဟာ လိုက်ပို့သူတောင် ၇ ယောက်ပဲ ရှိခဲ့ရှာပါတယ်။ ဝမ်းနည်းဖို့ကောင်းလေစွ။ Raphael ရဲ့အလုပ်လုပ်ရင်းသေဆုံးသွားတဲ့ အနေအထားကလဲ မင်းတို့လူသားတွေ genocide တားဆီးဖို့ လုပ်စရာတွေ အများကြီးလိုနေသေးတယ်နော်လို့ ပြောနေသလိုပါပဲလား။ ဒါပေမဲ့ ဘယ်သူကများ နားထောင်လေမလဲ။
Raphael ထွန်းညှိသွားတဲ့ ဥပဒေမီးရှူးတိုင်ဟာလဲ၊ မငြိမ်းပေမဲ့ အလင်း လျော့ခဲ့လေပြီလားတော့မသိ၊ ၁၉၄၈ UN မှာ Genocide တားဆီးရေး convention ကြီးရှိလျက်နဲ့ ကမ္ဘာကြီးမှာ genocide တွေ ဆက်ဖြစ်ခဲ့ပါတယ်။ လူသန်း ၅၀ အသက်ပျောက်ခဲ့ရပြီး၊ နောက်ထပ် လူသန်း ၅၀ ထွက်ပြေးခဲ့ရတဲ့ genocide ဖြစ်စဉ်ပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ဒါဆို Raphael လုပ်သမျှ သဲထဲရေသွန်ပေါ့….။
ဟား…… အဲဒီလိုဘယ်ဟုတ်ပါ့မလဲ…။
ကျွန်တော်ရေးထားတဲ့ kosovo ဖြစ်စဉ်ကိုသာ ပြန်ဖတ်ကြည့်လေ။
ဒါဆို Raphael ထွန်းညှိခဲ့တဲ့ ဥပဒေမီးရှုးတန်ဆောင်ကို ဆက်လက် ထွန်းညှိသူတွေ ရှိတယ်ပေါ့။ ဒါပေါ့ဗျာ။ Raphael နောက်ပိုင်း ဆက်လက်တိုက်ပွဲဝင်သူတွေထဲမှာ အမေရိကန် လွှတ်တော်အမတ်တွေ အဆင့်မြင့်အရာရှိကြီးတွေ CIA လူတချို့တောင်ပါခဲ့ကြတယ်ဗျ။ အဲ…ကန့်လန့်တိုက်သူတွေလည်းရှိတာပေါ့ဗျာ။ ၁၉၈၆ ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ genocide တားဆီး ရေးနဲ့ ကျူးလွန်သူကိုအရေးယူဖို့ ဥပဒေပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၄၈ ခုနှစ် UN General Assembly မှာ Raphael ကိုယ်တိုင်မွေးဖွားပေးခဲ့တဲ့ genocide ကာကွယ်တားဆီးရေးနဲ့ ကျူးလွန်သူကို အပြစ်ပေးရေး ဥပဒေဟာ ၁၉၉၀ ပြည့်နှစ်အလွန်မှာ ဗလထွက်ခါစ လူပျိုပေါက်လေးလို သန်စွမ်း လာခဲ့ပါတယ်။ သူရဲ့ အားကောင်းစဗလနဲ့ ရာဇဝတ်ကောင် မီလိုဆီဗစ်နဲ့ အပေါင်းအပါတွေကို အလဲလဲအကွဲကွဲဖြစ်အောင် ထိုးနှက်နိုင်ခဲ့ပါတယ်။ အချုပ်အခြာအာဏာဆိုတဲ့ဒိုင်းနဲ့ ကာကွယ်ဖို့ကြိုးစားလဲ အဲဒီဒိုင်းကိုပါ ကွဲထွက်သွားအောင် လက်သံပြောင်ခဲ့ပါတယ်။
၂၀ ရာစု အစပိုင်းမှာဖြစ်ခဲ့တဲ့ အာမေနီးယန်းတွေကို တူရကီပြည်ထဲရေးက genocide လုပ်တုန်းက လူသားထုဟာ ဒီဖြစ်စဉ်ကို ဘယ်လိုနာမည်တပ်ရကောင်းမှန်းတောင် မသိကြပါဘူး။ ၂၀ ရာစု အဆုံးသတ်ခါနီး ၁၉၉၀ ပြည့်လွန် နှစ်တွေမှာတော့ လူသားထုဟာ genocide ဖြစ်စဉ်တရပ်ကို စတင်ဖြစ်ပွားစဉ်မှာပဲ ကြိုတင်သိရှိနိုင်ခဲ့ပြီး ကြီးထွားမလာအောင် တားဆီးနိုင်ခဲ့ပါတယ်။
၂၁ ရာစုမှာတော့ Genocide Watch လို အဖွဲ့အစည်းတွေ International Criminal Court လို နိုင်ငံတခုချင်းစီရဲ့ အချုပ်အခြာအာဏာ ထက်ပိုပြင်းတဲ့ တရားစီရင်ရေးအာဏာရှိတဲ့ တရားရုံးတော်တွေ ပေါ်ပေါက်လာခဲ့ပါပြီ။ လူသားသမိုင်းဟာ ပြောင်းခဲ့ပါပြီ။ ဒါဟာ Dr.Raphael Lemkin ရဲ့ ဥာဏ်ပညာအားထုတ်မှု၊ ဇွဲထက်သန်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတို့ကြောင့်ပါပဲ။ Dr. ရဲ့ ဒီကြိုးပမ်းမှုအတွက် ကောင်းသောအစား ရပါစေသတည်း။
ကျွန်တော် documentary တွေ အတော်ကြည့်ဖြစ်တယ်။ ဒီထဲကမှ စိတ်ကိုနစ်နစ်နဲနဲ ထိခိုက်စေတဲ့ documentary တစ်ခုရှိတယ်။ BBC က ရိုက်ကူးထားတဲ့ Auswitch, The Nazi’s Final Solution to the Jewish Problem ဆိုတာပါ။ Auswitch အကျဉ်းစခန်းအကြောင်း အဓိကရိုက်ကူးထားပြီး နာဇီတွေရဲ့ ကမ္ဘာစစ်မတိုင်ခင် ဂျူးတွေအပေါ် နှိမ့်ချဆက်ဆံမှုတွေကနေစပြီး နောက်ဆုံးစစ်ကြီးပြီးတဲ့အထိ ရိုက်ကူးထားတာပါ။ documentary တစ်ခုလုံးဟာ စိတ်သက်သာစရာ တစ်စက်မှ မရှိပါဘူး။ ရင်ဆို့စရာ ဝမ်းနည်းစရာ ကြောက်မက်ဖွယ်ရာတွေနဲ့ချည်းပြည့်နေတာပါ။ မကြည့်တော့ဘူးကွာလို့ ထပိတ်မိတာလည်း ခဏခဏပါ။ ဒါလည်းမကြာခင် ပြန်ကြည့်မိတာပါပဲ။


အသတ်ဖြတ်ခံရခါနီး ဂျူးအမျိုးသမီးတွေကို ကလေးတွေနဲ့ခွဲခွာတဲ့ မြင်ကွင်း၊ ဒီကလေးတွေကိုလည်း နာဇီဆရာဝန်တွေက လူသားစမ်းသပ်ကောင်အဖြစ် အသုံးချဖို့ရည်ရွယ်ထားတဲ့ အကြောင်းတွေပါလာတော့ ကျွန်တော်မျက်ရည် တောင်ကျမိပါတယ်။ ဒီ post တွေကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ။ Dr.Raphael Lemkin ဆိုတဲ့လူတယောက်ရဲ့ လူသားထုအပေါ်ပြုခဲ့တဲ့ကျေးဇူးကို ပြန်လည်အောက်မေ့ရာမှာ အုတ်တစ်ချပ်သဲတပွင့် ဖြစ်စေဖို့ရာပါ။ လူ့သမိုင်းစကတည်းက စစ်နဲ့သတ်ဖြတ်မှုတွေ မကင်းခဲ့ကြပါဘူး။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်စမြဲပါ။ ဒီလိုလုပ်ရပ်တွေကြောင့် ကမ္ဘာပေါ်ကနေ လူသားမျိုးနွယ်တွေ ပျောက်ကွယ်သွားခဲ့တာ နည်းလှမှာမဟုတ်ပါဘူး။
“အဲဒီလူမျိုးတွေပျောက်သွားတော့ကော ဘာဖြစ်လဲကွ။ ကိုယ့်ထမင်းကိုယ်စားနေရ ပြီးတာပဲမဟုတ်လား။ ငါတို့လူမျိုး ဘာမှမဖြစ်ရင် ပြီးတာပဲဟေ့”လို့ အတ္တအခြေခံ အသိခေါက်ခက်နဲ့ ပြန်ပက်သူလဲ ရှိနိုင်ပါတယ်။
နည်းနည်းလောက်စဉ်းစားကြည့်ရအောင် ဟစ်တလာသတ်ဖြတ်ခဲ့တဲ့ ဂျူးကလေးတွေထဲမှာ အိုင်စတိုင်းလို genius ဘယ်နှစ်ယောက်ပါသွားမလဲ။ အဲဒီကလေးတွေထဲမှာ အိုင်းစတိုင်းမဖြေရှင်းနိုင်ခဲ့တဲ့ သီအိုရီတွေကို ရှင်းထုတ်မယ့် ကလေးတစ်ယောက်လောက် မပါနိုင်ဘူးလား။ တကယ်လို့ပါသွားခဲ့ရင် လူ့သိပ္ပံပညာ တိုးတက်မှုဟာ နှစ်ဘယ်လောက် နောက်ဆုတ်သွားပြီလဲ အိုင်းစတိုင်းစခဲ့တဲ့ ရူပဗေဒသီအိုရီအချို့ဆို ခုထိ ဘယ်သူမှ ဆုံးအောင်မတွက်နိုင်သေးဘူး။ ဟစ်တလာ သတ်ခဲ့တဲ့ဂျစ်ပစီကလေးတွေထဲမှာ အနုပညာ ဂီတထွန်းပေါက်မဲ့ကလေး ဘယ်နှစ်ယောက်ပါသွားမလဲ။ ပါသွားခဲ့ရင် လူ့ယဉ်ကျေးမှုဟာနှစ်ဘယ်လောက် နောက်ပြန်ဆုတ်သွားခဲ့သလဲ။ ဘယ်သူမှ တွက်ချက်မရတော့ဘူး။ ဒီလိုနဲ့ မျိုးဖြုတ်ခံရတဲ့ red indian တွေ၊ မာယာလူမျိုးတွေထဲမှာကော လူသားတိုးတက်မှုကို ရှေ့တိုးစေမယ့်ကလေး ဘယ်နှစ်ယောက်လောက် ပါသွားပြီလဲ။ ဒါဆို နှစ်ပေါင်းထောင်ချီအတွင်း သတ်ဖြတ်လာခဲ့တဲ့ စစ်ပွဲတွေ genocide ဖြစ်စဉ်တွေဟာ မနုဿလူသားတိုးတက်ရေးကို ဘယ်လောက်ထိ နောက်ပြန်ဆွဲစေခဲ့ပြီလဲ။
လူ့သမိုင်းသာနှစ်ထောင်ရှိလာခဲ့တယ်။ ဒီလိုသတ်ဖြတ်မှုတွေ ဖျက်ဆီးမှုတွေကို တားရကောင်းမှန်း အရေးယူရကောင်းမှန်း မသိခဲ့ကြဘူး။ အဲဒီလို မသိရုံမက ဒီလိုသတ်ဖြတ်မှု၊ ရိုင်းစိုင်းမှု၊ ယုတ်မာမှုတွေဟာ “နိုင်ငံတော်အတွက်”၊ “အချုပ်အခြာအာဏာအတွက်” လုပ်တာမို့ လိုအပ်လို့ လုပ်တာ ဘာမှတွန့်ဆုတ်နေစရာ မလိုဘူးဆိုတဲ့ သဘောတွေအထိ ခံယူကြတယ်။ မျက်မွေးတထောက်စာသာရှိတဲ့ တစ်မျိုးသားရေးအတ္တအတွက် မျက်စိ တဆုံးစာမကသော လူသားမျိုးနွယ်တစ်ခုလုံးရဲ့အနာဂတ်ကို ဖျက်ဆီးကြတယ်။
ဒီလို တစ်မျိုးသားကောင်းစားရေး ဝါဒတွေ အရှိန်ကောင်းနေဆဲမှာ Dr.Raphael Lemkin ဟာ လူသားမျိုးနွယ်အားလုံးအတွက် ကိုယ်ကျိုးမဖက် တိုက်ပွဲဝင်ခဲ့သူပါ။ သူ့ကျေးဇူးကို ကျွန်တော်တို့အောက်မေ့ရပါမယ်။ အလေး ထားရပါမယ်။ ဒါမှသာ ကျွန်တော်တို့ဟာ လူပီသရာရောက်ပါလိမ့်မယ်။

ကျော်လှဦး ရေးသည်။