အငြှိုးအတေးနဲ့ လက်စားချေမှု

၁၃၈၉ ခုနှစ် ဥရောပတောင်ပိုင်း kosovo ဒေသ ဘလက်ဘာဒ်ကွင်းပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ အော်တိုမန်တာခ်တွေနဲ့ ဆာဘ်တွေတိုက်ခဲ့ကြတာ။
တာခ်တွေရဲ့အောင်ပွဲနဲ့အတူ kosovo ဒေသဟာ အပြောင်းအလဲတစ်ခု စခဲ့တယ်။ အလ်ဘေးနီးယား နဲ့ ဆားဘီးယား ကြားက မကြာခဏလက်လွှဲပြောင်းပြီး နယ်မြေလုခဲ့ရတဲ့ kosovo ဒေသလေးဟာ တာခ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ် ၅၀၀ လောက် ဝပ်ဆင်းသွားပါတော့တယ်။ ဘော်လ်ကန်ဒေသမှာ ပတ်ချာလည်လူမျိုးစုတွေကို နှိပ်ကွပ်ပြီး ဗဟို လူမျိုးစုအဖြစ်ရပ်တည်နိုင်တဲ့ ဆာဘ်တွေဟာ kosovo မှာဦးကျိုးခဲ့ရတယ်။ ဒီသိက္ခာကျရမှုနဲ့ နာကျဉ်းမှုကို ဆာဘ်တွေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ နှစ် ၆၀၀ ကျော်အထိ လက်ဆင့်ကမ်းလို့ကောင်းတုန်း။
ပဒေသရာဇ်ခေတ်ကစစ်ပွဲတရပ်ရဲ့ နာကျဉ်းမှုဟာ ၂၀ရာစု ကွန်မြူနစ်ခေတ်နဲ့ ကွန်မြူနစ်ခေတ်လွန်ကာလအထိ ရှင်သန်တုန်းပဲ။ kosovo ဒေသအတွင်းမှာအနှိမ်ခံအနေနဲ့နေခဲ့ရတဲ့ အလ်ဘေးနီးယန်းတွေဟာ ဘလက်ဘဒ်တိုက်ပွဲအပြီး မှာတော့ ဆာဘ်တွေနဲ့ ပခုံးချင်းယှဉ်လာခဲ့တယ်။
မြေယာပိုင်ဆိုင်ခွင့်နဲ့ အုပ်ချုပ်မှုကိစ္စတွေမှာ အလ်ဘေးနီးယန်းတွေ နေရာရလာတယ်။ ဆာဘ်တွေအတွက်ကတော့ စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့နာကျည်းမှုဟာ အလ်ဘေးနီးယန်းတွေအပေါ် ရွှံရှာမှုနဲ့ တထပ်တည်းဖြစ်ခဲ့ရပြီ။ ဒီလို ၁၂ ရာစုကအခြေတည်လာတဲ့ ဆာဘ်နဲ့ အလ်ဘေးနီးယန်းတွေရဲ့အမုန်းတရားဟာ ၂၀ ရာစုမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှု အဖြစ်ပေါက်ကွဲထွက် လာခဲ့ပါတော့တယ်။ ဆာဘ်တွေရဲ့ အမြင်က “အလ်ဘေးနီးယန်းတွေဟာ အောက်တန်းစားကျွန်သာသာလူမျိးတွေဖြစ်ပြီး တာခ်တွေရဲ့ကျူးကျော်စစ်ကို အခွင့်ကောင်းယူပြီး kosovo ကို ခိုးဝင်လာတဲ့ကောင်တွေ” အလ်ဘေးနီးယန်းတွေရဲ့အမြင်က “ဆာဘ်တွေဟာ နယ်ချင်းကပ်လျက်လူမျိုးစုငယ်တွေကို အနိုင်ကျင့်တတ်တဲ့သူတွေ၊ တာခ်တွေရောက်လာ လို့သာ တို့တွေသက်သာရာရတယ်၊ ဒါ့ကြောင့် ခွင့်သာခိုက်မှာ ပြန်ဆော်ကြစို့” ဒီလို လိပ်ခဲတည်းတည်းအခြေအနေဟာ အော်တိုမန်အင်ပါယာပြိုကျ ခြင်းနဲ့အတူ လောကငရဲတွေစခဲ့တယ်။ ပထမကမ္ဘာစစ်မှာ အော်တိုမန်တူရကီ စစ်ရှုံးတယ်။ ဆာဘ်တွေဟာ kosovo ဒေသကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။
ဆာဘ်တွေရဲ့ သိမ်းပိုက်မှုကို စစ်နိုင်အင်္ဂလိပ်နဲ့ ပြင်သစ်က အသိအမှတ်ပြု ခဲ့တယ်။ ဒီနောက်မှာတော့ kosovo က အလ်ဘေးနီးယန်းတွေရဲ့ဘဝက ကျားသနားမှ နွားချမ်းသာ အဆင့်ရောက်ခဲ့တယ်။ ဆာဘ်တွေအတွက်ကတော့ မဟာလက်စားချေပွဲကြီးနွှဲရပြီပေါ့လေ။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလဟာ ကိုဆိုဗားအလ် ဘေနီးယန်းတွေအတွက်တော့ ငရဲပဲ။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး ရှိသမျှ နယ်ပယ်မှာ အလ်ဘေးနီးယန်းတွေကို ဖယ်ရှားလိုက်တယ်။
“အလ်ဘေးနီးယန်းတွေ တစ်ယောက်မကျန် kosovo ကထွက်သွား” ဆာဘ်တွေကဒါကို အပြောသပ်သပ်လုပ်တာမဟုတ်ဘူး။

၁၉၃၈ မှာ ဆာဘ်တွေဟာ စစ်ရှုံးတူရကီနဲ့ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်။
“မင်းတို့ တာခ်တွေခေါ်သွင်းလာခဲ့တဲ့ အလ်ဘေးနီးယန်းတွေကို မင်းတို့ပြန်ခေါ်။ ၆ နှစ်အတွင်း အလ်ဘေးနီးယန်း ၄သိန်းလောက်ကို တူရကီပြန်ခေါ်ရမယ်။ ဒါဟာ ကိုဆိုဗားအလ်ဘေးနီးယန်းတွေ ရဲ့ ၇၅% ပဲ။ ဒီပြန်ခေါ်ရေး အစီအစဉ်ကို ၁၉၃၉မှာ စတင် အကောင်အထည်ဖော်မယ်”

1938 – 1389 = 549

နှစ်ပေါင်း ၅၀၀ ကျော်က အခြေစိုက်လာတဲ့ လူသားမျိုးနွယ်တစ်ရပ်ကို မောင်းထုတ်ဖို့စာချုပ်။ ဒီစာချုပ်က တရားဝင် သဘောတူလက်မှတ်ထိုးတဲ့အဆင့် ရောက်ခဲ့တယ်။ ပဒေသရာဇ်ခေတ်က စစ်ပွဲတစ်ရပ်။ လူ့သဘာဝ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့တဲ့ခေတ်ကအဖြစ်။ ဆာဘ်တွေကိုယ်တိုင်လည်း တခြားလူမျိုးစုတွေကို စစ်အနိုင်တိုက်ပြီး သိမ်းပိုက်အခြေချတာတွေရှိပေမဲ့လည်း ဘလက်ဘဒ်စစ်ပွဲအပြီး အလ်ဘေးနီးယန်းအခြေချမှုကိုတော့ နှစ် ၅၀၀ ကြာသည်အထိ ခိုးဝင်မှုလို့ သတ်မှတ်တုန်းပဲ။
နှစ်ပေါင်း ၅၀၀ကျော်ကြာသည်အထိ အလ်ဘေးနီးယန်းတွေဟာ ခိုးဝင် တွေဖြစ်ဆဲပဲ။ ဆာဘ်တွေကိုယ်တိုင်က ခရိုအတ်တွေ မက်ဆီဒိုးနီယန်းတွေကို စစ်ဆင်နွှဲပြီး နယ်မြေတွေသိမ်းပိုက်အခြေချမှုတွေက ကြီးမြတ်လေသော ဆားဘီးယားအင်ပါယာအဖြစ် တရားဝင်ဂုဏ်ယူစရာပေမယ့် ဆာဘ်တွေစစ်ရှုံးလို့ တခြား လူမျိုးတွေရဲ့အခြေချမှုကတော့ ခိုးဝင်မှုပဲဖြစ်နေဆဲပါ။
၁၉၃၈ စာချုပ်ဟာ ၁၉၃၉ မှာစတင်အကောင်အထည်ဖော်ဖို့ရှိ ပေမယ့် ဒုတိယကမ္ဘာစစ်ထဖြစ်လိုက်တော့ လက်တွေ့အကောင်အထည် မပေါ်တော့ဘူးဗျ။ ဒါပေမဲ့လည်း ကမ္ဘာစစ် ၂ ခုကြားကာလအတွင်း ဆာဘ်တွေနှိပ်ကွပ်လို့ အလ်ဘေးနီးယန်း ၁သိန်းခွဲလောက်ဟာ kosovo ကနေ ထွက်ပြေးခဲ့ရပါသတဲ့။
ဘော့စ်နီးယားဂျင်နိုဆိုဒ်နဲ့ ကိုဆိုဗိုဂျင်နိုဆိုဒ်ဟာ တဆက်စပ်တည်း ဖြစ်ခဲ့တာမို့ ရေးပြီးသား ကိုဆိုဗိုအကြောင်းကိုပြန်တင်လိုက်ပါတယ်။ ကိုဆိုဗို အကြောင်းရေးတုန်းက အလ်ဘေးနီးယန်းတွေရဲ့ ရုန်းကန်မှုကို ဗဟိုပြုပြီးရေးခဲ့တဲ့အတွက် ဘော့စ်နီးယားလောက်တော့ ဘောင်မကျယ်ခဲ့ပါဘူး။ ဒါကြောင့် အဆုံးကျရင် ကိုဆိုဗိုနဲ့ပတ်သတ်တဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုကိုပါ ဖြည့်စွက်ရေးပါ့မယ်။

တူညီသောစွပ်စွဲချက်

ကမ္ဘာစစ် ၂ ခုကြားကာလအတွင်းမှာ ဆာဘ်တွေဟာ မူရင်းဆားဗီးယား နိုင်ငံအပြင် ဘော့စ်နီးယား၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီယား၊ မွန်တီနီဂရိုး စတဲနိုင်ငံတွေကိုပါ ဆားဘီးယားအင်ပါယာအဖြစ် သိမ်းပိုက်အုပ်ချုပ် နိုင်ခဲ့ပါတယ်။
ဆာဘ်လူမျိုးတွေဟာ မူရင်းဆားဘီးယားမှာ အဓိကနေထိုင်သလို ဘော့စ်နီးယားနဲ့ ခရိုအေးရှားမှာပါ ပျံ့နှံ့နေထိုင်ပါတယ်။ မွန်တီနီဂရိုးဟာလည်း ဒေသနာမည်သာဖြစ်ပြီး ဆာဘ်လူမျိုးတွေပါပဲ။ ခရိုအေးရှားနဲ့ ဘော့စ်နီးယားမှာတော့ ဆာဘ်တွေဟာ ကျန်တဲ့လူမျိုးစု တွေနဲ့လည်း ရန်တစောင်စောင်ဖြစ်နေဆဲပါ။ အုပ်ချုပ်ခွင့်အာဏာတိုးတောင်းတဲ့ ခရိုအတ်နဲ့ ဘော့စ်နီးယန်းတွေကို ဆာဘ်တွေက နှိပ်ကွပ်အုပ်ချုပ်လျက် မဟာ ဆားဗီးယားအင်ပါယာကို လည်ပတ်ပါတယ်။
မျက်လုံးထဲမြင်အောင်ပြောရရင် ဗမာတွေက မူရင်းတိုင်းဒေသတေအွမှာ အင်နဲ့အားနဲ့နေထိုင်ပြီး ကချင်၊ ရှမ်း၊ ချင်းတွေကို နှိပ်ကွပ်သိမ်းပိုက်လျက် အဲဒီ ပြည်နယ်တွေမှာပါ ပျံ့နှံ့နေထိုင်သလိုပါပဲ။ ဗမာတွေက ကချင်၊ ရှမ်း၊ ချင်းတွေကို ပြည်နယ်အဆင့်နဲ့ လျှော့ချ အုပ်ချုပ်တာကတော့ ဆာဘ်တွေက ကျန်တဲ့လူမျိုးစုတွေကို republic အဆင့်ပေး တာနဲ့ယှဉ်ရင် ဗမာက ဆာဘ်ထက် လူပါးပိုဝတာကို မြင်နိုင်ပါလိမ့်မယ်။ kosovo ဒေသကတော့ မူရင်းဆားဗီးယားနိုင်ငံရဲ့တောင်ပိုင်းမှာရှိပါ တယ်။ kosovo ဒေသနဲ့ နယ်ချင်းကပ်နေတာကတော့ သီးခြားလွတ်လပ်တဲ့ အလ်ဘေးနီးယားနိုင်ငံပါ။
ဆာဘ်တွေကတော့ အလ်ဘေးနီးယန်းတွေဟာ တာခ်တွေအားကိုးနဲ့ kosovo ဒေသကို ခိုးဝင်လာသူတွေလို့ စွပ်စွဲတာပါ။ ရိုဟင်ဂျာတွေဟာ စစ်နိုင်အင်္ဂလိပ်တွေနဲ့အတူ ဘင်္ဂလားကခိုးဝင်လာသူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်တူကျလျက်ရှိခြင်းကတော့ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေရဲ့ နောက်ခံ စိတ်သဘောထားတူညီမှုပါပဲ။

တီးတိုး
ဒုတိယကမ္ဘာကာလအတွင်းမှာ ဂျာမန်တွေဟာ ဆားဗီးယားအင်ပါယာ ကို သိမ်းပိုက်လိုက်ပါတယ်။ မူလအရှင်သခင်ဆာဘ်တွေနေရာမှာ အရှင်သခင် သစ် ဂျာမန်တွေရောက်လို့လာပါတယ်။ ဆာဘ်တွေရဲ့ရန်ဘက် ခရိုအတ်တွေကတော့ နာဇီဂျာမန်တွေနဲ့ ပေါင်းလျက် ဆာဘ်တွေကိုပြန်နှိပ်ကွပ်ပါတယ်။ ဒီနေရာမှာ ဂျာမန်တွေရဲ့လုပ် နည်းလုပ်ဟန်တစ်ခုကို ပြောရပါမယ်။
ဂျာမန်တွေဟာ ဘော်လ်ကန်ဒေသကို သိမ်းပိုက်တာဟာ ခရိုအတ်တွေ ဘော့စ်နီးယန်းတွေကို ဆာဘ်တွေလက်အောက်က လွတ်မြောက်စေဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ စစ်ရေးရည်ရွယ်ချက်သပ်သပ်နဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒေသခံ အနှိပ်ကွပ်ခံ ခရိုအတ်တွေက သူတို့နဲ့ပူးပေါင်းတော့ အသုံးချတဲ့သဘောပါ။


ဆာဘ်တွေဘက်မှာလည်း ဂျာမန်တွေရဲ့ သိမ်းပိုက်မှုကို မုန်းတီးတဲ့သူတွေရှိသလို ရောက်လာတဲ့ဂျာမန်ကိုဖားပြီး အာဏာဆက်မြဲလိုသူတွေ ရှိနေပါတယ်။ အဲသလို ဆာဘ်တွေကိုလည်း ဂျာမန်တွေက နေရာပေးပါတယ်။ ဒီတော့ ဂျာမန်ထောက်ပံ့တဲ့ ခရိုအတ်တွေက နေရာတစ်ခုမှာ ဆာဘ်တွေကိုသတ်နေချိန်မှာ နောက်ထပ်ဂျာမန်ထောက်ပံ့တဲ့ ဆာဘ်တွေက ခရိုအတ်တွေကို နောက်တစ်နေရာမှာ သတ်နေပြန်ပါတယ်။ ဂျာမန်တွေကတော့ “ငါတို့ကို မထိနဲ့ မင်းတို့ဖာသာ အချင်းချင်းသတ်ချင်သလောက်သတ်” ဆိုပြီး နှစ် ဖက်စလုံးကိုအားပေးပါသတဲ့။ ယာလည်းညက်စေ ကြက်လည်းပန်းစေ သဘောမျိုးပါပဲ။
ဒါပေမဲ့ ဂျာမန်တွေကိုလည်းဖက်ဆစ်မို့လို့တော်လှန်ရမယ်။ လူမျိုးရေး မုန်းတီးမှုတွေကိုလည်း ရပ်တန့်ပစ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ လူတစ်ယောက် ရှိခဲ့ပါတယ်။ ဒီလူဟာ ဆာဘ်လူမျိုးတစ်ဦး။ နောက်ပြီး ကွန်မြူ နစ်တစ်ယောက်။
သူ့နာမည်က တီးတိုး…။
အလုပ်သမားသပိတ်တိုက်ပွဲတွေမှာ လက်တွေ့ခေါင်းဆောင်မှုပေးနိုင် ခဲ့တဲ့ တီးတိုးဟာ ဂျာမန်တွေ ကျူးကျော်လာချိန်မှာ လက်နက်ကိုင်အဖွဲ့ငယ်တစ်ခု ကို ဦးဆောင်သူအဆင့်ပဲရှိပါသေးတယ်။ စစ်ကြီးအစပိုင်းမှာ ဂျာမန်တွေဟာ ဆိုဗီယက်နဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ထားတာမို့ ဆာဘ်ကွန်မြူနစ်တွေဟာ အရင်းရှင်အင်္ဂလိပ်နဲ့ပြင်သစ်ကို တိုက်တဲ့ဂျာမန်တွေကို မိတ်ဆွေလို့သဘောထားရမယ်။ ဒါကြောင့် ကျူးကျော်လာတဲ့ဂျာမန်တွေကို တော်လှန်စရာမလိုဘူးလို့ ခံယူကြပါသတဲ့။
တီးတိုးကတော့ နိုင်ငံခြားကိုသိပ်မမျှော်နဲ့ ကိုယ့်အခြေအနေနဲ့ ကိုယ်သုံးသပ်၊ ဂျာမန်တွေကိုတော်လှန်၊ ဒီလိုတော်လှန်တာဟာလည်း မူလဆားဗီးယားအင်ပါယာ ပြန်လည်တည်ထောင်ဖို့မဟုတ်ဘူး။ လူမျိးရေးမုန်းတီးမှုနဲ့ သတ်ဖြတ်ပွဲတွေကိုရပ်တန့်၊ လူမျိုးစုံပါတဲ့လက်နက်ကိုင်အဖွဲ့ကို တည်ထောင်ပြီး ဖက်ဆစ်တွေကိုတော်လှန်။ စစ်ပွဲပြီးရင် လူမျိုးအားလုံးတန်းတူညီမျှ အခွင့်အရေးရတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်လို့ မူဝါဒချမှတ်ပါသတဲ့။
တီးတိုးကို ဆာဘ်လူမျိုးကြီးဝါဒီတွေက သစ္စာဖောက်လို့ စွပ်စွဲကြသလို ဆာဘ်ကွန်မြူနစ်တွေကလည်း လက်တွေ့မကျတဲ့ သောက်ရူးလို့ သတ်မှတ်ကြပါသတဲ့။ တီးတိုးမှာ နောက်လိုက်လက်တဆုပ်စာသာ ရှိပါသတဲ့။ ဂျာမန်တွေဟာ ဆိုဗီယက်ကို ဝင်တိုက်ချိန်မှာတော့ တီးတိုးဟာ ဆိုဗီယက်ဆီက အထောက်အပံ့အချို့ရပြီး အင်အားရှိလာပါတယ်။ နောက်ပြီး တီးတိုးတပ်တွေဟာ လူမျိုးရေးသတ်ဖြတ်ပွဲတွေကို ဆန့်ကျင်တဲ့အတွက် နေရာ ဒေသမရွေး လှုပ်ရှားစစ်ကစားနိုင်ပါတယ်။ တီးတိုးရဲ့ ပျောက်ကြားဦးရေမှာ လူမျိုးအစုံ ဘာသာအစုံပါဝင်လာပြီး အင်အားအတော်တောင့်တင်းလာပါတယ်။ တီးတိုး တပ်ဖွဲ့ဟာ ဥရောပမြေမှာ လက်သံအပြောင်ဆုံး ပျောက်ကြားတပ်ဖြစ်လာပြီး အမေရိကန်နဲ့ အင်္ဂလိပ်ကပါ အသိအမှတ်ပြု အထောက်အပံ့ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့တီးတိုးဟာ လူအင်အားသောင်းချီကို စီမံကွပ်ကဲပြီး တိုက်ပွဲကြီးတွေ တိုက်လာနိုင်ခဲ့ပါတယ်။
စစ်ကြီးပီးခါနီးမှာတော့ ဂျာမန်လက်ထဲကနေ တမြို့ပြီး တမြို့ ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဂျာမန်တွေနဲ့ ပူးပေါင်းခဲ့သူတွေကို ဆာဘ်ခရိုအတ်မရွေး သုတ်သင် ပွဲတွေ လုပ်ခဲ့ပါတယ်။ စစ်ကြီးအပြီးမှာ တီးတိုးဟာ မူလဆားဘီးယား အင်ပါယာကို ဖျက်သိမ်းပြီး ယူဂိုဆလားဗီးယားဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ခဲ့ကာ ကွန်မြူနစ် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ပါတော့တယ်။

တီးတိုးယူဂိုဆလားဘီးယား
ဒီပြည်ထောင်စုမှာRepublic ၆ ခုပါဝင်ပါတယ်
၁။ ဆားဘီးယား
၂။ ဘော့စ်နီးယား
၃။ ခရိုအေးရှား
၎။ ဆလိုဗေးနီးယား
၅။ မက်ဆီဒိုးနီးယား
၆။ မွန်တီနီဂရိုး
ဆားဘီးယားနိုင်ငံထဲမှာမှ kosovo နဲ့ Vojvodina ကို ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရဒေသတွေအဖြစ်သတ်မှတ်ပါတယ်။

နှိုင်းယှဉ်ကြည့်ကြပေါ့ဗျာ

စစ်ကြီးပြီးခါနီး ကိုဆိုဗားအလ်ဘေးနီးယန်းတွေထဲမှာလည်း အုပ်စုနှစ်စု ကွဲထွက်လာပါတယ်။တဖွဲ့က တီးတိုးကို ထောက်ခံတဲ့ကွန်မြူနစ်အုပ်စုဖြစ်ပြီး ဒီအုပ်စုက တီးတိုးယူဂိုဆလားဗီးယားလက်အောက် ဆားဗီးယားနိုင်ငံအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီအုပ်စုထဲမှာကို နောက်ထပ်ကွဲနေ တာရှိပါသေးတယ်။ သူတို့ကတော့ တီးတိုးယူဂိုဆလားဘီးယားမှာပါမယ်။ ဒါပေမဲ့ဆားဘီးယားလက်အောက်ခံကတဆင့်မပါဘဲ တိုက်ရိုက် republic တစ်ခုအဖြစ် ပါချင်တယ်။ နံပါတ် ၇ မြောက် Republic of Kosovo ပေါ့ဗျာ။ ဒါပေမဲ့ ဒီအုပ်စုက အဲဒီအချိန်မှာ အသံသိပ်မထွက်ရဲဘူးဗျ။
အဲဒီကွန်မြူနစ်တွေနဲ့ ဆန့်ကျင်ဖက်အုပ်စုကတော့ kosovo ဒေသကို လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်လိုတဲ့အုပ်စုပါ။ သူတို့ကတော့ ဆာဘ် ဆိုရင် ဘယ်ဆာဘ်မှမယုံဘူး။ တီးတိုးလည်းမယုံဘူး ပြန်ချ ဆိုတဲ့ အုပ်စုမျိုးပါ။
ဒီအုပ်စုက စစ်ကြီးအြ ပီးမှာပဲ လက်နက်ကိုင်ပြီတိုက်တော့တာပဲ။ တီးတိုးကတော့ ဒီပုန်ကန်မှုကို ပြည်ထောင်စုကြီးကို ဖြိုခွဲတာလို့သတ်မှတ်ပြီး ရေရေ လည်လည် နှိမ်နင်းပါတယ်။ ၁၉၅၀ ပြည်နှစ်မှာတော့ ဒီပုန်ကန်မှုဟာ ကျဆုံး သွားပါတယ်။kosovo ဒေသဟာလည်း ယူဂိုးဆလားဗီးယားပြည်ထောင်စုမှာ ဆားဗီးယား republic ရဲ့လက်အောက်ခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ ရပ်တည်နေပါတော့တယ်။

—————————————-

တီးတိုးရဲ့ ဖက်ဆစ်တော်လှန်ရေးနဲ့ ယှဉ်ရင် ဗမာစစ်တပ်ရဲ့ ဖက်ဆစ် တော်လှန်ရေးဆိုတာ သီတင်းကျွတ်ပွဲ ဗျောက်အိုးဖောက်သလောက်ပဲရှိပါတယ်။
တီးတိုးဟာ မြို့တိုင်းရွာတိုင်းကို မည်သည့်နိုင်ငံခြားတပ်ဖွဲ့၏အကူအညီမှမပါဘဲ လွတ်မြောက်စေခဲ့ပြီး ဗမာစစ်တပ်ကတော့ အင်္ဂလိပ်သာမှ အင်္ဂလိပ်နဲ့ ကပ်ပေါင်းခဲ့တာပဲရှိပါတယ်။ တီးတိုးဟာ လူမျိုးရေးသတ်ဖြတ်ပွဲတွေကို ရပ်တန့်စေခဲ့သူဖြစ်ပြီး BIA စစ်တပ်ကတော့ မြစ်ဝကျွန်းပေါ်မှာ ကရင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၁၉၄၂ မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။
တီးတိုးဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုကိုတည်ထောင်ရာမှာ ဒေသတိုင်းမှာ လူမျိုးစုံ ဘာသာစုံ လူထုဆန္ဒခံယူပွဲတွေကို ပြုလုပ်ခဲ့ပြီး ဗမာတွေဟာ ပြည်ထောင်စုကိုတည်ထောင်ရာမှာ လက်တဆုပ်စာ စော်ဘွားတွေနဲ့ စာချုပ် တစ်ခုသာ ချုပ်ဆိုခဲ့ကာ ဒီစာချုပ်ကိုလည်း ကတိဖောက်ဖျက်ခဲ့ပါတယ်။ တီးတိုးဟာ အလ်ဘေးနီးယန်းပုန်ကန်မှုကို ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့ သော်လည်း Kosovo ကိုတော့ သူ့ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်
ပေးအပ်ခဲ့ပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကိုလည်း အုပ်ချုပ်ရေးမှာ ပါဝင်စေခဲ့ပါတယ်။ ဗမာကတော့ ရိုဟင်ဂျာတွေရဲ့ မူဂျာဟစ်ဒ်ပုန်ကန်မှုကို စစ်ရေးအရ ဖြိုခွဲနိုင်စွမ်းမရှိတော့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်မှုနဲ့ သဘောတူညီ ချက်ရယူပြီး လက်နက်စွန့်ဖို့ အကွက်ဖန်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဘက်က ကတိ အတိုင်း လက်နက်စွန့်အပြီးမှာတော့ ဗမာတွေဟာ ကတိကိုဖောက်ဖျက်ပြီး ရိုဟင်ဂျာတွေကို ခိုးဝင်လို့တံဆိပ်ပြန်ကပ်ခဲ့ပါတယ်။

ပြည်ထောင်စုကြီးပြိုကွဲမှာကြောက်လို့

တီးတိုးယူဂိုဆလားဘီးယားလက်အောက်မှာ Republic ၆ခုဟာ ပညာရေး၊ ကျန်းမာရေးမှာအတော်ကြီး လွတ်လွတ်လပ်လပ်စီမံခန့်ခွဲခွင့်ရပြီး စီပွားရေးနဲ့၊ ပြည်ထဲရေး (ရဲလုပ်ငန်း)တွေမှာ အတန်သင့်လွတ်လပ်ခွင့်ရကာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမှာတော့ ဗဟိုဆာဘ်တွေလက်ထဲမှာပဲရှိနေပါတယ်။
ဒါ့အပြင် ပါတီ၊ ပြည်ထောင်စုတပ်မတော်နဲ့၊ ထောက်လှမ်းရေးတွေ မှာလည်း ဆာဘ်တွေကသာ အဓိက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အားလုံးကို ငြိမ်ဝပ်ပိပြားနေအောင် ခေါင်ချုပ်ကနေ ကိုင်ထားသူကတော့ တီးတိုးပါပဲ။
တီးတိုးလက်အောက်မှာ ယူဂိုဆလားဘီးယားဟာ နိုင်ငံရေးအရ တည်ငြိမ်ပြီးစီးပွားရေးအရ တိုးတက်လာခဲ့ကာ စက်မှုဖွံ့ဖြိုးတဲ့ ဥရောပတိုက်မှာတောင် လူနေမှုအဆင့်အတန်း အလတ်တန်းစားနိုင်ငံတခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ kosovo ဒေသဟာလည်း အတော်လေးကိုတည်ငြိမ်ခဲ့ပါတယ်။
ဒါပေမဲ့ ကွန်မြူနစ်စီးပွားရေးစနစ်ရဲ့ထုံးစံအတိုင်း ပျားရည်ဆမ်းကာလ ဆယ်စုနှစ် ကျော်လွန်အပြီးမှာတော့ ကျပ်တည်းမှုနဲ့ တလွဲစီမံခန့်ခွဲမှုတွေဟာ kosovo ဒေသမှာ မကျေလည်မှုတွေကို ပြန်လည်ပေါ်ပေါက်လာစေပါတယ်။ အထူး
သဖြင့် ယူဂိုဆလားဘီးယားပြည်ထောင်စုမှာ ဆားဘီးယားရဲ့ လက်အောက်ခံ အနေနဲ့ ပါဝင်ရလို့ ကိုဆိုဗိုကထွက်တဲ့ကျောက်မီးသွေးနဲ့ သတ္တုသံယံဇာတ တွေဟာ ဆာဘ်တွေဖို့ချည်းပဲဖြစ်နေတယ်လို့ အလ်ဘေးနီးယန်းတွေက ယူဆကြပါတယ်။
၁၉၆၈ မှာ kosovo ကို republic အဆင့်တိုးပေးဖို့ အလ်ဘေးနီး ယန်းတွေက ဆန္ဒပြကြပါတယ်။ ကိုဆိုဗိုဆာဘ်တွေကလည်း တန်ပြန်ဆန္ဒပြ ကြပါတယ်။ တီးတိုးကတော့ ဆန္ဒပြမှုတွေအားလုံးကို ဖြိုခွဲပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့လုပ်ပါတယ်။ တီးတိုးရဲ့ ဆန္ဒပြပွဲတွေကို တုန့်ပြန်မှုက ဆာဘ်ဖြစ်စေ အလ်ဘေးနီးယန်းဖြစ်စေ အားလုံးကို ဖြိုခွဲပြီး မည်သည့်ဆန္ဒပြသူနဲ့မှ မညှိနှိုင်းပါဘူး။ ပွဲပြီးမှသာသူလိုအပ်မယ်ထင်တာကို လုပ်ပေးတဲ့သဘောပါ။ တီးတိုးရဲ့ အနီးကပ်ရဲဘော် ရဲဘက်တွေက “ခေါင်းဆောင်ကြီးရှိတုန်းတောင် ဒီလောက်သောင်းကျန်းနေတာ။ မရှိတော့ရင် ပိုဆိုးမယ်။ ဒါ့ကြောင့် ဆန္ဒပြတဲ့နှစ်ဖွဲ့လုံးနဲ့ သီးခြားစီတွေ့သင့်တယ်” လို့ပြောမိတော့ တီးတိုးက အတော်စိတ်ဆိုးပါသတဲ့။
“နှစ်ပေါင်းများစွာ ဖြစ်တည်လာတဲ့ အငြိုးအတေးတွေကို ငါကုန်အောင် မလုပ်နိုင်ဘူး။ ဒါ့ကြောင့် နှစ်ဖက်လုံးကို ဖိနှိပ်ထားရမယ်။ ငါမရှိတော့လို့ အဲဒီ ကောင်တွေနဲ့ မင်းတို့တိုက်ရိုက်ဆွေးနွေးရင် မဟုတ်တာတွေ အကုန်ဖြစ်တော့မှာ။ ဒီတော့ ငါမသေခင် မင်းတို့အရင် နိုင်ငံရေးကထွက်” လို့ဆုံးဖြတ်ပါသတဲ့။
တီးတိုးအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူ့ရဲ့ အနီးကပ်ရဲဘော် တွေ၊ ပါတီရဲ့ ပထမလိုင်းကသူတွေရဲ့သဘောထားကို စိုးရိမ်လို့ အစုလိုက်အပြုံလိုက် ပါတီကနေ ထွက်ခိုင်းပါသတဲ့။ ဒါဟာ မီလိုဆီဗစ်လို ဂျောင်ကလောင်က လူတွေအဖို့ တက်လမ်းပွင့်သွားစေခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်မှု အဆင့်ဆင့်ရှိပေမယ့် ၁၉၇၄ ပြည်ထောင်စုအဆင့်အခြေခံဥပဒေဟာ သက်ရောက်မှုအရှိဆုံးပါ။
၇၄ ပြည်ထောင်စုအဆင့်အခြေခံဥပဒေအရ Kosovo ဒေသကို ပြည် ထောင်စုအဆင့်သမ္မတရွေးချယ်ရာမှာ မဲပေးခွင့်ပြုပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်တော့မပြုပါဘူး။ တခြား Republic တွေကတော့ မဲပေးခွင့်ကော ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်ပါရပါတယ်။ လိုရင်းအချက် ကတော့ ဆာဘ်ကိုယ်စားလှယ်လောင်းကို ကိုဆိုဗိုက ဆန့်ကျင်ခွင့် ထောက်ခံခွင့် နဲ့ပြန်ကိုင်ပေါ့။
တဖက်ကလည်း ဆာဘ်တွေအဖို့ ကိုဆိုဗိုက ဆာဘီးယားrepublicအတွင်းမှာပဲရှိတော့ လုပ်ပိုင်ခွင့်တချို့နဲ့ ပြန်ညှိပြီး ထောက်ခံမဲရအောင်လုပ်။ ပြည်ထောင်စု level မှာ ဆာဘ်အတွက် အခိုင်အမာခြေကုပ်ထပ်ရတာပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုလုံးကို မဲပေးခွင့်ပေးလိုက်တော့။ ဆားဗီးယား republic ဟာ ၂ မဲတိတိ သူ့ဂွင်ထဲမှာ ညှိလို့ရတဲ့အနေအထားပေါ့။ တခြား republic တွေမှာဒီလိုအခွင့်အရေးမရှိပါဘူး။
စုစုပေါင်း မဲ ၈ ခုမှာ ဆာဘ်က ၁ မဲ + အပေါ်က ၂ မဲနဲ့ မွန်တီနီဂရိုးက ၁ မဲ။ စုစုပေါင်း ၄ မဲ က ဆာဘ်အတွက် ညှိနှိုင်းခွင့်ရပြီး တဖက်ကိုလည်း စီးပွားရေး အခွင့်အလမ်းတချို့ပြန်ပေးစသဖြင့် တီးတိုးက လုပ်ချသွားတာပါ။ ဒါပေမဲ့ ဒီလို
လုပ်တာဟာ ရေရှည်မှာ ပြဿနာတွေထပ်တက်လာမှာကို တီးတိုးအနေနဲ့ကြိုမြင် ခဲ့ပုံရပါတယ်။ သူ့ရဲဘော်တယောက်ဆီစာရေးတော့ “ယူဂိုဆလားဗီးယားဆိုတာ မရှိတော့ဘူး။ ငါမရှိတာနဲ့ အကုန်လုံး လခွမ်းတွေချည့်ဖြစ်ကုန်မှာဟေ့”လို့ ရေးခဲ့ပါသတဲ့။

——————————-

၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့ပြီး ဆယ်နှစ်အကြာခွဲထွက်ခွင့်ကတိနဲ့ ပြည်ထောင်စုဖြစ်လာတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလို ပြည်နယ်တွေရဲ့ တောင်းဆို ချက်အရ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုတာ မရှိခဲ့ပါဘူး။ စစ်အာဏာရှင်စနစ်ရဲ့ တင်းတင်းကြပ်ကြပ်အုပ်ချုပ်မှုသာရှိခဲ့ပြီး “ဒီလို အုပ်ချုပ်လို့လဲ ယူဂိုဆလားဗီးယားလို ပြိုကွဲမသွားတာ” လို့ ဗမာစစ်ဗိုလ်တွေက ဝါဒဖြန့်လေ့ရှိပါတယ်။ တကယ်ပဲ စစ်ဗိုလ်တွေ တော်လို့လား ?
ဒါမှမဟုတ် ဗမာပြည်ဟာ ကမ္ဘာ့မျက်စိမှာ အရေးမပါလှလို့လား ? ခုနောက်ပိုင်းအသံကျယ်လာတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူဓါတ်ငွေ့ပိုက်လိုင်း စတာတွေကို လက်ညိုးထိုးပြပြီး မြန်မာပြည်ဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ထွက်ပေါက်၊ အိန္ဒိယအတွက် အရှေ့တောင်အာရှကုန်းမြေသို့ ဝင်လမ်း စသဖြင့်ပြောဆိုကြပြီး မြန်မာပြည်ဟာ မဟာဗျူဟာကျကြောင်း ပြောဆိုကြတာပါ။
မြန်မာပြည်က ဒီ project တွေက ခုမှစခါစပဲရှိသေးပေမယ့် တခြား တိုင်းပြည်က ဒီလို project တွေဟာဖြင့် လုပ်ကိုင်လည်ပတ်လာ တာ ဆယ်စုနှစ် လေးစုစာလောက် ရှိနေပါပြီ။ မမြင်ဘူး မူးမြစ်ထင်သူတွေအဖို့ သာ ဗမာပြည်ဟာ မဟာ ဗျူဟာကျတယ်လို့ ပြောကြမှာပါ။
တကယ်တော့ ဗမာပြည်ဟာ နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း တွေနဲ့ အဝေးကြီးမှာရှိတဲ့ ဂျောင်ကလောင်က တိုင်းပြည်လေးပါ။ ဗမာစစ်ဗိုလ် တွေကလည်း အဲသလို ဂျောင်ကလောင်ကျတာကို အင်မတန်မှကြိုက်ကြပါတယ်။
ဒါမှလည်း အိမ်ကျယ်လုပ်ခွင့်ရေရှည်ရသကိုး။ ဒီလိုနဲ့ ဗမာစစ်ဗိုလ်တွေ လုပ်ချင်ရာလုပ်ခွင့်ဟာ သက်ဆိုးရှည်နေတာပါ။ စစ်ဗိုလ်တွေတော်လို့ ပြည်ထောင်စုမပြိုကွဲတာ မဟုတ်ပါဘူး။ နောက်တချက်က “ပြည်ထောင်စု ပြိုကွဲတာကကော ဘာဖြစ်သလဲ”
– ဗမာတွေလည်း ဆင်းရဲမွဲတေ
– လူနည်းစုတွေလည်း ဒုက္ခထဲမှာမျော
– LDC အဖြစ် ဆယ်စုနှစ် ၃စုရပ်တည်
– ကင်ဆာအဖြစ်များဆုံး
– ကျန်းမာရေးစောင့်ရှောက်မှုအနိမ့်ဆုံး
– မွေးကင်းစကလေးသေဆုံးမှု အများဆုံး
– အာဟာရချို့တဲ့ ကလေးအများဆုံး
– ပညာရေးအနိမ့်ကျဆုံး
ဒီ ဒုက္ခတွေက ပြည်ထောင်စု တည်မြဲဖို့ပေးဆပ်ရတာတွေလား ?
ရှင်းရှင်းလေးသိထားဖို့က လူရှိမှ နိုင်ငံဆိုတာဖြစ်လာတာပါ။ လူဟာ နိုင်ငံအတွက်အနစ်နာခံတယ်ဆိုတာမှန်ပေမယ့် မျိုးဆက်တစ်ဆက်ကအနစ်နာခံလိုက်ရင် နောက်မျိုးဆက်တွေက အေးချမ်းသာယာလေမှ ဒီအနစ်နာခံမှုက အဓိပ္ပါယ်ရှိပါလိမ့်မယ်။ တောင်ကိုရီးယား၊ ဂျပန်တွေလည်း ဒီလိုအနစ်နာခံပြီး တိုးတက်လာ တာပါ။ ရှိသမျှလူမျိုးအားလုံး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နာပြီးရင်နစ်နာတွေတာကတော့ ပြည်ထောင်စုကြီးအတွက်မကလို့ ဘာကြီးအတွက်ဖြစ်နေနေ အဓိပ္ပါယ်မရှိပါဘူး။
လူတွေက စုတ်ပြတ်မွဲတေ၊ လူသန်းချီနိုင်ငံခြားထွက်ကျွန်ခံ၊ ပြည့်တန်ဆာလုပ်ပြီးမှ ပြည်ထောင်စုနေရတာဟာ ဆိုရင်ဖြင့် အဓိပ္ပါယ်မရှိတဲ့ကိစ္စကြီးပါ။ဒါ့ကြောင့် “ပြည်ထောင်စုကြီး ပြိုကွဲမှာကြောက်လို့” ဆိုတာ အဓိပ္ပါယ် မရှိတဲံ ကျွန်ဇာတ်သွင်းရေး ဝါဒဖြန့်လုံးကြီးပါပဲ။

ဖြဲခြောက်လို့နောက်မတွန့်

ကြိုးရှည်လှန်ခံရတဲ့ နွားမကြီးခမျာ နို့ညှစ်ခါနီးတိုင်း ချည်တိုင်ကို ပြန်ဆွဲ ခေါ်ခံရသလို ၇၄ ဥပဒေနဲ့ မဲညှစ်ခါနီးတိုင်း ဆွဲခေါ်ခံရမယ့် အဖြစ်မျိုးရောက် သွားတဲ့ အလ်ဘေးနီးယန်းတွေအဖြစ်ပါ။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ လွတ်လွတ်လပ်လပ်မြက်စားခွင့် ရသလိုမျိုး စီးပွားရေးအခွင့်တချို့ရတဲ့အပေါ်မှာ သာမန်အလ်ဘေးနီးယန်းအများစု ကတော့ စီးပွားရေးပြေလည်ပြီးရောသဘောထားကြပါတယ်။
ဒီလိုနဲ့ ၁၉၈၀ မှာ တီးတိုးကွယ်လွန်သွားပါတယ်။ တီတိုးကွယ်လွန်သလို ကွန်မြူနစ်စီးပွားရေးစနစ်ဟာ ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်စပြုနေပါပြီ။ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားတို့လို စီးပွားရေးကောင်းတဲ့ republic တွေအဖို့ ကတော့ ဗဟိုပြည်ထောင်စုအတွက် အခွန်ဆောင်နေရတာဟာ ဆာဘ်တွေကို အလုပ်အကျွေးပြုနေရုံသပ်သပ်ပဲလို့ ယူဆကြပြီး ကွန်မြူနစ်စီးပွားရေးစနစ်ကနေ ရုန်းထွက်ပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့ European Council မှာဝင်ပါဖို့ အရိပ် အယောင်ပြလာကြပါတယ်။ ဆာဘ်အာဏာပိုင်တွေအဖို့ကလည်း ကွန်မြူနစ်စနစ်ကို သာမန်ဆာဘ် ပြည်သူတွေကိုယ်တိုင် စိတ်ပျက်မှုနဲ့ လူထုထောက်ခံမှုကျဆင်းလာတာကို အာရုံလွှဲထားဖို့ ဆာဘ်လူမျိုးကြီးဝါဒကို လွှတ်ပေးစပြုလာပါတယ်။ တီးတိုးလက်ထက်ကလို အပြင်းအထန်နှိပ်ကွပ်တာမျိုးမလုပ်ဘဲ မျက်စိမှိတ်ပေးထားလိုက်ပါတယ်။ ဒီလိုဝါဒဖြန့်မှုတွေကို ဆာဘ်ထောက်လှမ်းရေးရဲ့နောက်ခံနဲ့ လုပ်ကြတာပါ။
ဆာဘ်တွေဟာပြည်ထောင်စုကြီးကို အနစ်နာခံ ထိန်းသိမ်းစောင့်ရှောက်နေရပြီး ကျန်လူမျိုးတွေက ခွဲထွက်ဖို့ တကဲကဲလုပ်နေကြောင်း၊ ပြည်ထောင်စု ဖြိုခွဲသူမှန်သမျှ ချေမှုန်းရမှာဖြစ်ကြောင်း ဝါဒဖြန့်ချက်တွေက မီးခဲပြာဖုံးလူမျိုးရေး တင်းမာမှုတွေ လေတစ်ချက်ဟပ်လိုက်သလိုပါပဲ။ ဒီထဲမှာ ရဲခနဲဖြစ်အသွားဆုံး မီးခဲကတော့ Kosovo ပါပဲ။ ဆာဘ်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ကိုဆိုဗားအလ်ဘေးနီးယန်း တချို့ဟာ လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ခဲ့ကြပါတယ်။ လူထုကိုနိုင်ငံရေး အတွေးအခေါ်ရှင်သန်နေစေဖို့ သတင်းစာလျှို့ဝှက်ထုတ်တာကနေ radio အသံ လွှင့်ဌာနတစ်ခုကို တည်ထောင်တာအထိ လုပ်နိုင်ခဲ့ကြပါတယ်။


အထင်ရှားဆုံး လျှို့ဝှက်အဖွဲ့အစည်းကတော့ People’s Movement of Kosovo ဆိုတဲ့ အဖွဲ့ပါ။ အတိုကောက် LPK လို့ခေါ်ပါတယ်။ ဒီအဖွဲ့ဟာအဝေးရောက်အလ်ဘေးနီးယန်းတချို့နဲ့ ဖွဲ့စည်းထားတာ့ဖြစ်ပြီး လူအမျိုးမျိုး အထွေထွေပါပါတယ်။ ဒီထဲက တချို့က လက်နက်ကိုင်တော်လှန်ရေးအထိ စဉ်းစားထားကြသူတွေပါ။ ဆာဘ်တွေဘက်ကလည်း လက်သွက်ပါတယ်။ ပြည်ပရောက် အလ်ဘေးနီးယန်းတက်ကြွသူတွေကိုပါလိုက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဂျာမနီမှာနေတဲ့ ကိုဆိုဗားအလ်ဘေးနီးယန်း activist ၃ ယောက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဆာဘ်တွေပေးချင်တဲ့ message က “ငါတို့က နေရာတိုင်းကို လက်လှမ်းမှီတယ်” ဆိုတဲ့အကြောက်တရား ဖြစ်ပေမယ့် activist တွေထဲမှာတော့ လက်နက်ကိုင်တော်လှန်ရေး လိုကိုလိုအပ်လာလိမ့်မယ်ဆိုတဲ့ ခံယူချက်ခိုင်မာသွားသူတွေဖြစ်ပေါ်လာပါတယ်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပေါ့ဗျာ။

မကောင်းဆိုးဝါး ထိုမိစ္ဆာ

စီးပွားကြပ်တည်းမှုကြောင့် ကိုဆိုဗိုဒေသက ဆာဘ်တွေဟာ ဆားဗီးယားနိုင်ငံအတွင်းကို အများအပြားရွှေ့ပြောင်းကြပါတယ်။ ဘာပဲပြောပြော ဗဟိုဆားဗီး ယားဟာ ကိုဆိုဗိုထက်စာရင် အလုပ်အကိုင်အခွင့်အလမ်းပိုများတယ်လေ။
ကိုဆိုဗားအလ်ဗေးနီးယန်းတွေအဖို့ကတော့ ဆားဘီးယားနိုင်ငံအတွင်း ကို ဝင်လို့လဲမရ၊ အိမ်နီးချင်းအလ်ဘေးနီယားနိုင်ငံကလည်း တကယ့်ကို မော်စီတုန်းစတိုင် ကွန်မြူနစ်ဂေါက်ကြောင်ငမွဲနိုင်ငံဆိုတော့ ကိုဆိုဗိုဒေသမှာပဲ ပိတ်မိနေပါတော့တယ်။
ဒီလိုဖြစ်နေတာဟာ ဆယ်စုနှစ် သုံးစုစာလောက်ရှိလာတော့ ကိုဆိုဗိုဒေသမှာ ဆာဘ်နဲ့ အလ်ဘေးနီးယန်း လူဦးရေအချိုးအစားကွာဟမှုက ကြီးမား သထက်ကြီးမားလာပါတယ်။ ဆာဘ်တွေရဲ့မဟုတ်မဟပ်ဝါဒဖြန့်မှုတွေမှာတော့ အသုံးအနှုန်းတခုထပ်တိုးလာပါတယ်။ “သားပေါက်နှုန်းမြန်တဲ့ အလ်ဘေးနီးယန်းတွေ” တဲ့။
တီးတိုးကွယ်လွန်ချိန် ၁၉၈၀ ကနေ လွှတ်ပေးလိုက်တဲ့ မဟုတ်မဟပ် အရေးအသားတွေဟာ ကိုဆိုဗိုဒေသမှာတော့ လူမျိုးရေးတင်းမာမှုနဲ့ အထိကရုဏ်းတွေ ဆက်တိုက်ဖြစ်လာစေတော့တာပါပဲ။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင် တွေထဲမှာ တီးတိုးလူအမာခံတွေရှိနေဆဲမို့ လူမျိုးရေးအထိကရုဏ်းဖြစ်တိုင်း နှစ်ဖက်လုံးကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပစ်တာကတော့ရှိနေဆဲပါ။
ဆာဘ်အာဏာပိုင်တွေထဲမှာလည်း အုပ်စုကွဲစပြုလာပါတယ်။ တီးတိုး စတိုင်မာမာထန်ထန် ဆက်အုပ်ချုပ်ဖို့၊ ဒါမှမဟုတ်လည်း ပါတီစုံစနစ်ကို ခွင့်ပြုဖို့။
ခက်တာက ပါတီစုံစနစ်ကို ခွင့်ပြုလိုက်ရင် သေချာတာကကွန်မြူနစ်ပါတီရွေး ကောက်ပွဲရှုံးမှာ၊ လူမျိုးရေးပါတီတွေအနိုင်ရကုန်မှာ။ ဒီတော့ မာမာထန်ထန်ပဲ ဆက်အုပ်ချုပ်မယ်။
ဒီထဲမှာမှ ကွန်မြူနစ်ပါတီကိုယ်တိုင်က လူမျိုးရေးအမုန်းတရားကို အသုံးချပြီးဆက်အုပ်ချုပ်ချင်တဲ့သူ လက်တစ်ဆုပ်စာ ရှိနေပါတယ်။ ဒါဟာ တီးတိုး လမ်းကြောင်းနဲ့ တကယ့်ကိုဆန့်ကျင်ဖက်။
တီးတိုးလုပ်သွားတာက ပြည်ထောင်စုအတွင်းမှာ ဆာဘ်တွေက အသာစီးယူထားတာမှန်တယ်။ သို့သော်သိသာသိစေ မမြင်စေနဲ့။ အကိုကြီးနဲ့
ညီလေးများပုံစံနဲ့သွား။ ခုလုပ်မယ့်ပုံစံက Greater Serbia ။ ဆာဘ်တွေ နယ်မြေကျယ်ကျယ်ယူမယ်။ သခင်နဲ့ ကျွန်တွေပုံစံနဲ့သွားမယ်။
ဒါပေမဲ့ ဒီလမ်းကြောင်းကို ဘယ်သူကမှမစရဲဘူး။ ခရိုအတ်တွေ၊ ဆလိုဗတ်တွေက ငြိမ်ခံမှာမဟုတ်ဘူးဆိုတာသိတော့ သိပ်မလုပ်ရဲသေးဘူး။ တရားမဝင် စာတမ်းဖြန့်နေတာတွေရှိတယ်။ ဒီအချိန်မှာ ဒီသွေးခင်းတဲ့လမ်းကို စတင်ဖွင့်လှစ်လိုက်တဲ့ မိစ္ဆာတကောင်ပေါ်လာတယ်။
သူဟာ အစကဂျောင်ကလောင်ကရယ်။ တီးတိုးရဲ့ ပါတီပထမလိုင်းက လူတွေကိုဖယ်လိုက်တော့ လမ်းပွင့်လာတဲ့သူ။ တီးတိုးရှိနေစဉ်နဲ့ တီးတိုး ကွယ်လွန်ခါစမှာ လူမျိုးရေးအမုန်းတရားတွေကိုနှိပ်ကွပ်ထားရမယ်လို့ အသံပြဲနဲ့ အော်ပြီး ပါတီထိပ်ပိုင်းကလူတွေ သဘောကျအောင်လုပ်ခဲ့တဲ့လူ။ ဒီလိုနဲ့ ဆာဘ် သမ္မတရဲ့ ညာလက်ရုန်းဖြစ်လာခဲ့သူ။
သူကတော့ မီလိုဆီဗစ် ပါ။

မီလိုဆီဗစ်ပေါင်းများစွာရှိတဲ့နိုင်ငံ

၁၉၈၇ မှာ kosovo မှာ အထိကရုဏ်းဖြစ်လာတော့ ဆားဘီးယားသမ္မတ က သူ့ရဲ့ညာလက်ရုံး မီလိုဆီဗစ်ကို ဖြေရှင်းဖို့လွှတ်လိုက်ပါတယ်။ သွေးခင်းသောလမ်းကို ဖဲကြိုးဖြတ်ဖွင့်ခွင့်ပေးလိုက်တာပါပဲ။ မီလိုဆီဗစ်ဟာ အရင်တုန်းက ကွန်မြူနစ်အာဏာပိုင်တွေမလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို စလုပ်လိုက်ပါတယ်။ တီးတိုးက ရှောင်ကျဉ်ဖို့ ပြဌာန်းခဲ့တဲ့အရာပါ။ အထိကရုဏ်းမှာပါတဲ့ ဘယ်လူမျိုးအုပ်စုနဲ့မှ တိုက်ရိုက်မတွေ့ဆုံဖို့ပါ။
မီလိုဆီဗစ်ကတော့ ကိုဆိုဗိုက ဆာဘ်ဆန္ဒပြသမားတွေရဲ့ စကားသံကိုနားထောင်မယ်လို့ လုပ်ချလိုက်တာပါ။ အဲ့ဒီတွေ့ဆုံပွဲကို အဆောက်အဦတစ်ခု ထဲမှာ လုပ်နေတုန်း အဆောက်အဦရဲ့ အပြင်ဖက်မှာ ဆာဘ်တွေနဲ့ လုံထိန်းတွေ
ချနေကြတာပါ။ မီလိုဆီဗစ်က အဲ့အချိန်ကျမှ အပြင်ထွက်လာပြီး ကိုဆိုဗိုက ဆာဘ်တွေကို နောက်ထပ်ဘယ်သူကမှ ထပ်မရိုက်စေရတော့ဘူး။ ထပ်မရိုက် စေရတော့ဘူးလို့ ထပ်ခါထပ်ခါ အာမခံ မိန့်ခွန်းခြွေသွားပါတယ်။
ရုတ်တရက်ကြည့်ရင်တော့ ဒီတွေ့ဆုံပွဲတွေ ဖြစ်ပျက်သွားတာတွေဟာ ၅ ရက်လောက်အတွင်း ဆက်တိုက်မမျှော်လင့်ဘဲ ဖြစ်သွားသလိုရှိပေမယ့် နောက် ပိုင်းကျမှ ပေါ်လာတာတွေကတော့ မီလိုဆီဗစ်ဟာ ကိုဆိုဗိုရောက်လာတာနဲ့ တပြိုင်နက် သူ့လူတချို့ကိုလွှတ်ပြီး ဆာဘ်လူမျိုးရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးထားပြီးသားပါ။ ကိုဆိုဗိုက တရားဝင်ကွန်မြူနစ်အာဏာပိုင်တွေနဲ့ မတွေ့ခင်ကို ဆွေးနွေးထားတာပါ။
နောက်ပြီး ဘဲလ်ဂရိတ်မီဒီယာအဖွဲ့ကိုပါ ခေါ်လာခဲ့ပြီး ဆာဘ်တွေနဲ့ တွေ့ဆုံပွဲ၊ ဆာဘ်တွေကို ဘယ်သူကမှထပ်မရိုက်နှက်ရဲစေရတော့ဘူးလို့ သူမိန့် ခွန်းခြွေခန်းတွေကို သေချာရိုက်ကူးစေပြီး ယူဂိုဆလားဘီးယားတလွှား Live လွှင့်ခိုင်းထားတာပါ။
ယူဂိုဆလာဘ်တလွှားက ဆာဘ်တွေဟာ ဒီဗီဒီယိုမှာပါတဲ့ ဆာဘ်လူမျိုးတွေရဲ့ စကားတွေကို နားထောင်လိုက်၊ ခိုးဝင်သားပေါက်နှုန်းမြန်အလ်ဘေးနီးယန်းတွေကို တက်တခေါက်ခေါက်နဲ့ဆဲလိုက်၊ မီလိုဆီဗစ်ရဲ့ကိုင်တွယ်မှုကိုကြည့်ပြီးအမျိုးသားသူရဲကောင်းကြီးပေါ်ထွန်းလာချေပြီလို့ ခံစားချက်တွေမြင့်လာလိုက်နဲ့ မီလိုဆီဗစ်အတွက် တမဟုတ်ချင်းအာဏာလမ်းကြောင်း ပွင့်သွားပါတော့တယ်။
မြို့တော်ဘဲလ်ဂရိတ်က ကွန်မြူနစ်အာဏာပိုင်တွေအနေနဲ့လည်း မီလိုဆီဗစ်လုပ်တာကို မျက်လုံးပြူးမျက်ဆံပြူးနဲ့ အံ့အားသင့်နေကြပါတယ်။ အံ့သြစရာကောင်းလောက်တဲ့ မီလိုဆီဗစ်အပေါ် လူထုထောက်ခံမှုကြီးကိုလည်း မြင်လိုက် ရပါတယ်။၁၉၈၀ ကနေ လွှတ်ထားတဲ့ မဟုတ်မဟပ်ဝါဒဖြန့်ချီမှုအဆိပ်တွေဟာ
ဆာဘ်လူမျိုးတွေကို မီလိုဆီဗစ်နောက်လိုက်တွေအဖြစ် ခဏလေးအတွင်း သိမ်းသွင်းပေးလိုက်ပါပြီ။
မီလိုဆီဗစ်ပြန်ရောက်တော့ သမ္မတက “ခင်ဗျားလုပ်ထုံးလုပ်နည်းကို ဘောင်ကျော်လုပ်တယ်” လို့ပြောတော့ မီလိုဆီဗစ်က ဒဲ့မဲခွဲဖို့ စိန်ခေါ်ပါတယ်။
ဒီမဲခွဲပွဲမှာ မီလိုဆီဗစ်အပြတ်အသတ်အနိုင်ရပြီး သမ္မတဖြစ်လာပါတယ်။ (ပါတီအသစ်တွေပေါ်တာ၊ ရာထူးအပြောင်းအရွှေ့တွေကို အသေးစိတ်မရေး တာက ပျင်းစရာအလွန်ကောင်းလို့ပါ။)

—————————————

သိန်းစိန်အပါအဝင် ဗမာစစ်ဘက်ထိပ်ပိုင်းတွေဟာ ရခိုင်အရေးအခင်း ဖြစ်စကတည်း ရခိုင်ပြည်နယ်ကိုသွားပြီး ဒီလို ဗီဒီယိုတွေကို MRTV နဲ့ မြဝတီကနေ တောက်လျှောက်လွှင့်ခဲ့ကြပါတယ်။
မှတ်မှတ်ရရ သိန်းစိန်အစိုးရရဲ့ ပြည်ထဲရေးနဲ့ နယ်စပ်ရေးဝန်ကြီးတွေဟာ ဒါမျိးအတော်လုပ်ခဲ့ကြပါတယ်။ မွစ်ဆလင်မ်မုန်းတီးရေးဝါဒဖြန့်မှုတွေကလည်း မဆလ၊ နဝတ၊ နအဖနဲ့ ဒီဘက်ခေတ်အထိ တိုးတက်များပြားလာနေဆဲပါ။
သင်ဟာ မီလိုဆီဗစ်ပေါင်းများစွာ မျိုးဆက်နဲ့ချီ အုပ်ချုပ်တဲ့နိုင်ငံမှာ နေထိုင်သူတဦးဆိုတာ မမေ့ပါနဲ့။

“သခင် နဲ့ ကျွန်” ပုံစံ
ပြည်ထောင်စု အလိုမရှိ

Morini, Albania. Albanian peaple escaping from Kosovo, 1999.

ကျွန်တော် ရှေ့မှာရေးခဲ့သလို ပြည်ထောင်စုအဆင့်မှာ ဆာဘ်တွေဟာ kosovo နဲ့ Vojvodina တို့ရဲ့မဲကိုရဖို့ စီးပွားရေးအခွင့်အလမ်းတချို့နဲ့ ညှိလေ့ရှိပါတယ်။ မီလိုဆီဗစ်ကတော့ အဲဒီလို မညှိတော့ဘဲ လုယူပါတယ်။ သူက Vojvodina မှာလူသိန်းချီပါတဲ့ ဆာဘ်လူအုပ်ကြီးနဲ့ အစိုးရရုံးကို ဝိုင်းလိုက်ပါတယ်။ပြီးတော့ အစိုးရနှုတ်ထွက်ပေးဖို့ ရက်ရှည်တောင်းဆိုတော့တာပါ။ မီလိုဆီဗစ်ကြွေးကြော်တာက “ဟောင်းနွမ်းခြစားနေတဲ့ ဗျူရိုကရေစီစနစ်ကို တိုက်
ဖျက်ပစ်” တဲ့။
အရင်က လူစုစုလုပ်တာနဲ့ မြန်မြန်နှိမ်နင်းတတ်တဲ့ လုံထိန်းတွေကလည်း မီလိုဆီဗစ်ရဲ့ဆန္ဒပြလူအုပ်ကို ထိထိရောက်ရောက်မကိုင်တွယ်ပါဘူး။ မီလိုဆီဗစ် ကတော့ ဒါကိုထောက်ပြပြီး “ကျုပ်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လေပြီလို့” တောင် ကမ္ဘာကိုသက်သေပြပါသတဲ့။ ရက်ရှည် အဝိုင်းခံရတဲ့ Vojvodina အစိုးရအဖွဲ့ဟာ အရှုံးပေးလိုက်ရပြီး မီလိုဆီဗစ်လူတွေနဲ့ အစိုးရဖွဲ့လိုက်ရပါတယ်။ မွန်တီနီဂရိုးမှာလည်း ဒီပုံစံနဲ့ပဲ မီလိုဆီဗစ်က အာဏာသိမ်းလိုက်ပါတယ်။
ကိုဆိုဗိုမှာတော့ ဒီလိုလုပ်မရပါဘူး။ အလ်ဘေးနီးယန်းတွေက လူဦးရေ ရဲ့ ၈၀% ကျော်ရှိတော့ လူအုပ်နဲ့ သွားဖြဲရင် ဆာဘ်တွေပဲ နာသွားမှာပါ။ ဒီတော့ မီလိုဆီဗစ်က ဆားဗီးယား republic ရဲ့ ဖွဲ့စည်းပုံဥပဒေကိုပြင်ပါတယ်။ (ယူဂို ဆလားဗီးယားပြည်ထောင်စုရဲ့ ၇၄ ဖွဲ့စည်းပုံဥပဒေနဲ့မရောပါနဲ့) ဆာဘီးယား republic ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ကိုဆိုဗိုဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပါလီမန်တွေကို ဖျက်သိမ်းပြီး ဆားဘီးယားနိုင်ငံက တိုက်ရိုက်အုပ်ချုပ်မယ်လို့ ဖြစ်သွားတာပါ။ ဒါဟာ ပြည်ထောင်စုအဆင့်ဖွဲ့စည်းပုံ ဖြစ်တဲ့ ၁၉၇၄ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ပါတယ်။ ဆာဘ်တွေဟာ ပြည်ထောင်စုကြီး ပြိုကွဲမှာကြောက်လို့ဆိုပြီး တချိန်လုံးအော်နေသလောက် ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံဥပဒေကို ပထမဆုံး ဆွဲဖြဲလိုက်ပါတော့တယ်။
ဒါပေမဲ့ မီလိုဆီဗစ်ဆိုတဲ့လူကပ်က ကိုဆိုဗိုရဲ့ ပြည်ထောင်စုအဆင့်မဲ ပေးခွင့်ကိုတော့ ဆက်လက်အသိအမှတ်ပြုပါသတဲ့။ တကယ့် သောက်ချဉ်ပါ။ ကိုဆိုဗိုဟာ ဆားဗီးယားအောက် တိုက်ရိုက်ရောက်သွားပြီဆိုမှတော့ ကိုဆိုဗိုရဲ့ မဲဟာလည်း ဆာဘ်တွေအလိုကျပဲ ဖြစ်သွားရောပေါ့ဗျာ။ ဒီလိုနဲ့ ပြည်ထောင်စုအဆင့် ၈ မဲရှိရာမှာ ဆာဘ်တွေဟာ

ဆားဘီးယား republic တစ်မဲ
vojvodina တစ်မဲ
မွန်တီနီဂရိုး တစ်မဲ
kosovo တစ်မဲ
စုစုပေါင်း ၄ မဲ အခိုင်ဖြစ်သွားပါတော့တယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုအတွင်း ဥပဒေနဲ့အညီ ဆာဘ်သခင် များကို အလုပ်အကျွေးပြုရတော့မှာကို မြင်သွားတဲ့ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားက ခွဲထွက်ဖို့ ဒဲ့လုပ်ပါတော့တယ်။ သိပ်မကြာခင်မှာပဲ ဘော့စ်နီးယား ကလည်း ခွဲထွက်ရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒီမှာတင် ယူဂိုဆလားဗီးယား ပြည်တွင်းစစ် စပါတော့တယ်။

ပြည်တွင်းစစ်မဟုတ်ဘူး
အဲ့ဒါဂျင်နိုဆိုဒ်

ဒီအထိ မီလိုဆီဗစ်ကို ဘာမှပြောစရာမရှိပါဘူး။ နိုင်ငံရေးသမား တစ်ယောက် နိုင်ငံရေးကို ကလိမ်ကကျစ်နဲ့လုပ်တယ်။ ဒီလောက်ပါပဲ။ ဘာမှထူးပြီး အပြစ်တင်စရာလည်းမရှိလှပါဘူး။
ဒါပေမဲ့ . . .

ပြည်တွင်းစစ်အစပိုင်းမှာ မီလိုဆီဗစ်၊ ယူဂိုဆလာဘ်ထောက်လှမ်းရေး နဲ့ တပ်မတော်တို့ဟာ အရေးကြီးလျှို့ဝှက်အစည်းအဝေးတစ်ရပ် လုပ်ကြပါတယ်။ အစည်းအဝေးမှာ plan A ကို လုပ်မလား plan B ကို လုပ်မလား တိုင်ပင်ကြပါတယ်။ plan A က မူလ ယူဂိုဆလားဘီးယားပြည်ထောင်စုကို မပြိုကွဲရအောင် ထိန်းထားဖို့ပါ။ plan B ကတော့ မူလယူဂိုဆလားဘီးယား ပြိုကွဲရင်နေပစေ။
ဆာဘ်တွေအတွက် နယ်မြေကျယ်ကျယ်နဲ့ Greater Serbia နိုင်ငံ ပေါ်ထွက် လာဖို့ပဲ… စစ်တိုက်ဖို့ပါ။ plan A က မလွယ်ပါဘူး။
ဆလိုဗေးနီးယားရဲ့လွတ်လပ်ရေးကို နိုင်ငံတကာက တန်းပြီးအသိအမှတ်ပြုလိုက်ကြပါတယ်။ မဟာကွန်မြူနစ် ဆိုဗီယက်ပြည်ထောင်စုတောင် ကွဲသွား မှတော့ ယူဂိုဆလားဗီးယားလည်း ကွဲပြီပေါ့။ ဒီတော့ plan B ဖြစ်တဲ့ Greater Serbia ကိုပဲ ရွေးချယ်ကြပါတယ်။ Plan B အတွက် ဆာဘ်လူမျိုးတွေနေထိုင်ခြင်းမရှိတဲ့ ဆလိုဗေးနီးယားနဲ့ မက်ဆီဒိုးနီးယားကို အသာတကြည် လက်လွှတ်လိုက်ပါတယ်။ ဆာဘ်လူမျိုးတွေ နေထိုင်တဲ့ ခရိုအေးရှားနဲ့ ဘော့စ်နီးယားကို စစ်မျက်နှာဖွင့်ပါတယ်။
အဲဒီ နှစ်နိုင်ငံမှာ ဆာဘ်တွေဟာ မိမိနေထိုင်ရာနယ်မြေတွေကိုသိမ်း ပိုက်ပြီး ဆားဘီးယား republic နဲ့ ပေါင်းစည်းကြောင်း referendum လုပ်ဖို့ပါ။ ခက်တာက ဆာဘ်တွေ၊ ခရိုအက်တွေ၊ ဘော့စ်နီးယန်းတွေနေထိုင်တဲ့ နယ်မြေက အပြတ်အသားစည်းခြားထားတာမျိုးမဟုတ်ဘဲ ရွေထွေးယှက်တင်ဖြစ်နေတာပါ။ ဒါများလွယ်လွယ်လေး…။
အဲဒီ ခရိုအတ်တွေနဲ့ ဘော့စ်နီးယန်းတွေကို အဲဒီနယ်မြေတွေကနေ မောင်းထုတ်ပြီး ဆာဘ်နယ်မြေတွေအဖြစ် တဆက်စပ်တည်းလုပ်ပစ်လိုက်ရုံပေါ့။ ဒါဟာ လူမျိုးရေးသန့်စင်မှု ( ဝါ ) ethnic cleansing ပါပဲ။ မီလိုဆီဗစ်ဟာ ethnic
cleansing ကို ရွှံရှာဖွယ်ရာအဖြစ် မသတ်မှတ်ဘဲ ဆာဘ်လူမျိုးတွေရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင် ရတဲ့ မြင့်မြတ်သောကုသိုလ်ကောင်းမှုအဖြစ် လက်သိပ်ထိုးဝါဒဖြန့်ပါ သတဲ့။ ဒီလိုမြင့်မြတ်သောတာဝန်ကိုစွန့်လွှတ်စွန့်စားစွာ ထမ်းဆောင်တဲ့ ဆာဘ်တပ်မတော်သားတွေဟာ လည်း “ရဲသော်မသေ? သေသော်ငရဲမလား” မို့ မုဒိန်းကျင့်၊ လူသတ်၊ မီးရှို့တာတွေကို စိတ်လုံလုံနဲ့လုပ်ဖို့ သွေးထိုးပါတယ်။
ကဲ… ဘာပြောစရာရှိသေးလဲ။


ဂျင်နိုဆိုဒ်လေဗျာ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးရဲ့ နောက်ဆုံးအဆင့်တွေကို မြင်ရတော့တာပေါ့။ မီလိုဆီဗစ်ဟာလည်း နိုင်ငံရေးသမားမဟုတ်တော့ဘူး။ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်ဗျ။

——————————-

Kosovo ကိစ္စကို အဓိက ထားရေးဖို့ရှိပေမယ့် ခရိုအေးရှားနဲ့ ဘော့စ်နီး ယားကိစ္စကိုလည်း အကြမ်းဖျင်း လောက်ထိတွေ့ရပါမယ်။ ၁၉၉၀ ပြည့်ကနေ သန္ဓေစတည်လာတဲ့ ဒီသုံးပွင့်ဆိုင်ကိစ္စကို ပြည်တွင်း စစ်အဖြစ် ပုံဖော်ရေးသားကြသူတွေများပါတယ်။ သာမန်လူတွေမပြောနဲ့ အမေရိကန်အစိုးရကိုယ်တိုင် ပြည်တွင်းစစ်တခုအဖြစ်ယူဆခဲ့လို့ အကိုင်အတွယ်လွဲချော်ခဲ့ရ တာတွေအများကြီးပါ။
တကယ်တော့ ပြည်တွင်းစစ်မကပါဘူး။ ပြည်တွင်းစစ်ကို အကာအကွယ်ယူလျက် ကျူးလွန်ခဲ့တဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှု အစုအထွေးကြီးပါ။ ဆာဘ်တွေဘက်က အများစုပုံဖော်ကြတာက “စစ်တိုက်ရင်း သုံးဖက်လုံးက လွန်ခဲ့ကျွံခဲ့ကြ တာတွေမှာ ဆာဘ်တွေကိုပဲ အပြစ်ဖို့တယ်” ဆိုတာမျိုးပါ။
သုံးဖက်စလုံးက လွန်ခဲ့ကျွံခဲ့တာတွေရှိပေမယ့် အမှန်တကယ် intention ရှိရှိနဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့ စီစဉ်ခဲ့သူတွေကတော့ မီလိုဆီဗစ်ဦးဆောင်တဲ့ ဆာဘ်အစိုးရနဲ့ လက်နက်ကိုင်တွေပါပဲ။ စစ်ပွဲစကတည်းက ပြည်ထောင်စုတပ်မတော်နဲ့ ထောက်လှမ်းရေးကို ချုပ်ကိုင်ထားတဲ့ဆာဘ်တွေက နယ်မြေတွေကို မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ ဘောစ်နီးယားရဲ့ သုံးပုံနှစ်ပုံနဲ့ ခရိုအေးရှားရဲ့ တဝက်လောက်ဟာ ဆာဘ်တွေလက်ထဲရောက်သွားပါတယ်။ ဒီအထိကတော့ ဆာဘ်တွေဘက်က စစ်ရာဇဝတ်မှုတွေကျူးလွန်တာ တွေရှိပေမယ့် ပြည်တွင်းစစ်လို့ပဲ အကြမ်းဖျင်းဆိုကြပါစို့။ ဒီနောက်ပိုင်း အသိမ်းပိုက်ခံနယ်မြေတွေမှာ ဆာဘ်တွေထုတ်ဆင့်ခဲ့တဲ့ဥပဒေတွေ၊ အမိန့်တွေနဲ့ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေအပေါ် ပြု ကျင့်မှုတွေက ဂျင်နိုဆိုဒ်ရာဇဝတ်မှုတွေပါ။
ဒီစစ်ပွဲကြီးအတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အကြမ်းဖျင်း အမျိုးအစား နှစ်မျိုးခွဲလို့ရပါတယ်။ “စစ်ရာဇဝတ်မှုနဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှု” ဆာဘ်တွေပြောလေ့ရှိတဲ့ သုံးဘက်လုံးက လွန်ခဲ့ကျွံခဲ့တာတွေဆိုတာ က စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ရင် မှန်နိုင်ပေမယ့် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကတော့ ဆာဘ်တွေဘက်ကပဲ ကျူးလွန်ခဲ့တာပါ။
စစ်ပွဲအဆုံးသတ်ခါနီး ခရိုအတ်တွေရဲ့တန်ပြန်ထိုးစစ်မှာ ဆာဘ်အရပ် သားတွေကို မောင်းထုတ်တာတွေရှိပေမယ့်လည်း အချိန်မှီထိန်းသိမ်းနိုင်ခဲ့ပြီး ကျူးလွန်ခဲ့သူ ခရိုအတ်ဗိုလ်ချုပ်တွေကိုလည်း ICC မှာစီရင်ချက်ချမှတ်ခဲ့ပါတယ်။
နောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာချင်း တူဦးတောင်မှ ဆာဘ်တွေ ကျူးလွန်တဲ့ ပမာဏက ပိုများပါတယ်။
ဥပမာ – ဆာရာယေဗိုကို ဆာဘ်လက်နက်ကိုင်တွေက အမြောက်နဲ့ ပစ်တဲ့ကိစ္စ၊ စစ်ပွဲနဲ့ ဘာမှမဆိုင်တဲ့ အရပ်သားရပ်ကွက်တွေကို ပစ်ပါများတော့ မြို့ထဲမှာ ခိုကပ်နေထိုင်တဲ့ ဆာဘ်လူမျိုးတွေကပါ မခံမရပ်နိုင်ဖြစ်လာပြီး ဘော့စ်နီးယားတပ်တွေနဲ့ ပူးပေါင်းသွားတဲ့အထိပါ။ အဲဒီဆာဘ်တွေဆိုရင် ဘော့စ်နီးယားတပ်မတော်အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထိရာထူးရတဲ့သူတောင် ဖြစ်လာခဲ့ပါတယ်။
မီလိုဆီဗစ်ဦးဆောင်တဲ့ဆာဘ်တွေရဲ့ ဒီရာဇဝတ်မှုတွေဟာ သွေးဆူတုန်းမတော်တဆ လုပ်မိတာမဟုတ်ဘဲ စနစ်တကျ ငွေကုန်ကြေးကျ အချိန်ယူအစီအစဉ်ဆွဲပြီး လုပ်ခဲ့တာတွေပါ။ နာဇီတွေထက်ဆိုးတဲ့အဖြစ်တွေပါ လုပ်ခဲ့ ပါတယ်။
နာဇီတွေက ဂျာမန်စစ်သားတွေနဲ့ ဂျူးအမျိုးသမီးတွေ လိင်ဆက်ဆံတာ ကိုတားမြစ်ပါတယ်။ ဒါကြောင့် နာဇီတွေရဲ့ သေမင်းတမန်စခန်းတွေမှာ ဂျူးအမျိုး သမီးတွေကို မုဒိန်းကျင့်တာတွေက ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ ဆာဘ်တွေကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ မုဒိန်းကျင့်ဖို့ကို သီးသန့်စခန်းတွေဖွင့်ပြီး ဘောစ်နီးယန်းနဲ့ ခရိုအတ် အမျိုးသမီးတွေကို မုဒိန်းကျင့်ပါတယ်။ မွေးလာတဲ့ခလေးတွေကို ဆားဗီးယန်း လူမျိုးဇာတ်သွင်းပစ်ဖို့ အတင်းအဓမ္မသိမ်းယူသွားပါတယ်။
ဆာဘ်တွေရဲ့ ခံယူချက်ကအဆန်းပါ။ ဘောစ်နီးယန်းတွေဆိုတာက အစ္စလာမ်ဘာသာကိုးကွယ်လို့သာ သီးခြားဖြစ်နေတာ တကယ်တော့ ဆာဘ်သွေးပါသူတွေပဲ။ ခရိုအတ်တွေကလည်း ကတ်သလစ်ဖြစ်လို့သာ တကယ်တော့ဆာဘ်သွေးပါသူတွေပဲ။ ဒီတော့ ဘော့စ်နီးယန်းနဲ့ ခရိုအတ်အမတွေကိုမူရင်းဆာဘ်သွေးနဲ့ သားပြန်ဖောက်ပေးပြီး ဆာဘ်သွေးလွှမ်းမိုးရေးကို အကောင်အထည်ဖော်တယ်။ ဘော့စ်နီးယန်းနဲ့ ခရိုအတ်အထီးတွေကိုတော့ သတ်ပစ် ပါသတဲ့။
နောက်ပြီး မုဒိန်းမှုကို ဒီလိုလက်နက်သဖွယ် အသုံးချလိုက်တဲ့အတွက် သားကောင်ဖြစ်ရသူတွေဟာ တသက်တာ ရှက်ရွံ့နိမ့်ကျသွားပြီး မုဒိန်းနယ်မြေ တွေကို ပြန်လှည့်မကြည့်ချင်လောက်အောင်ကို ရွှံရှာသွားလေ့ရှိတဲ့အတွက် ဆာဘ်တွေလိုချင်တဲ့ ethnic cleansed လုပ်ပြီးသားနယ်မြေဟာ ပိုမိုခိုင်မာသွားလေ့ ရှိသတဲ့။ ဒါဟာ ဆာဘ်လူမျိုးကြီးဝါဒီတွေရဲ့ လုပ်ရပ်တွေထဲက တစိတ်တဒေသ ပါပဲ။
ကျန်တဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အကျဉ်းစခန်းတွေမှာ နှိပ်စက်ညှဉ်းပမ်းတာတွေကလည်း ပက်ပက်စက်စက်ပါ။ မီလိုဆီဗစ် အဖို့ စိတ်အားတက်ကြွဖွယ်ရာ အဖြစ်တစ်ခုကတော့ ရဝမ်ဒါဂျင်နိုဆိုဒ်ပါ။
ရက်ပိုင်းအတွင်း လူသိန်းချီအသက်ပျောက်ခဲ့ရတဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်ကို နိုင်ငံတကာရဲ့တုန့်ပြန်ပုံက အင်မတန်မှ ရှက်စရာကောင်းလောက်အောင် တာဝန်မဲ့ လွန်းပါတယ်။ ဒုက္ခရောက်နေသူတွေကို ကယ်တင်မယ့်အစား UN ကဆိုရင်

သူ့တပ်ဖွဲ့တွေ သေကုန်မှာမို့ တပ်တွေကိုပြန်ရုပ်သိမ်းလိုက်ပါသတဲ့။ဒါတွေကိုမြင်လိုက်ရတဲ့ မီလိုဆီဗစ်က ဘောစ်နီးယားက သူ့လုပ်ရပ် တွေကို ဘယ်သူမှမတားမြစ်နိုင်ဘူးလို့ ယူဆသွားပြီးလောကငရဲကို အရှိန်မြှင့်ပါ တော့တယ်။
ဘောစ်နီးယားကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံတကာရဲ့တုန့်ပြန်မှုကို “အသုဘရှုပွဲတစ်ခု တက်ရောက်ခြင်း” လို့တောင် တင်စားရသည်အထိ US နဲ့ UN ဟာ အစဦးပိုင်းမှာပေါ့လျော့ခဲ့ကြပါတယ်။ဒါပေမဲ့လည်း ဂျင်နိုဆိုဒ်တားဆီးရေးလှုပ်ရှားသူတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ဒီသုံးပွင့်ဆိုင်စစ်ပွဲကြီးကို Dayton သဘောတူညီချက်နဲ့ ရပ်တန့်နိုင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် Dayton စာချုပ်အရ ဆာဘ်တွေဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားကနေ ခွဲထွက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေတော့ရပါတယ်။ အဲဒီဒေသတွေကိုလည်း ဆားဗီးယားနဲ့ ပေါင်းစည်းခွင့် မရှိပါဘူး။ ethnic cleansed လုပ်ထားတဲ့ နယ်မြေတွေကိုလည်း မူလလူမျိုး တွေလက်ထဲ ပြန်အပ်ရပါတယ်။
ဒီသဘောတူညီချက်တွေ မြေပြင်မှာခိုင်မာစေဖို့ ဘော့စ်နီးယားနိုင်ငံ ထဲကို US ဦးဆောင်တဲ့ NATO တပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ US တိုက်လေယာဉ် ၂၀၀ ကျော်ဟာဆိုရင် မီလိုဆီဗစ်နဲ့ ဆွေးနွေးပွဲစချိန်မှာ ပြေးလမ်း ကြောင်းပေါ် အသင့်နေရာယူထားပြီး လေယာဉ်မှူးတွေက stand by စောင့်နေပါတယ်။ မီလိုဆီဗစ်ခေါင်းခါတာနဲ့ တပြိုင်နက် လေပေါ်ပျံတက်ပြီး ဗုံးကြဲဖို့ပါ။ ဒီတော့ မီလိုဆီဗစ်လည်း Dayton ကို သဘောတူလက်မှတ်ရေးထိုးလိုက်ရပြီး သူ့ရဲ့ Greater Serbia အိပ်မက်ကို နောက်ပို့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘော့စ်နီးယား နဲ့ ခရိုအေးရှားက ဈာပနပွဲတွေဟာ ၁၉၉၅ မှာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Kosovo ရဲ့ ငရဲခန်းတွေကတော့ ခုမှ ဂီယာကြီးစထိုးတဲ့အချိန် ရောက်လာပါတော့တယ်။

ဂျင်နိုဆိုဒ် သံသရာ ထပ်ခါထပ်ခါ

၁၉၈၇ မှာ Kosovo ကိစ္စကို အမြတ်ထုတ်ပြီး မီလိုဆီဗစ်ဟာ အာဏာရလာခဲ့တယ်။ ၁၉၈၉ ဟာ Kosovo ရဲ့ ငရဲခန်း ပထမထပ်ပါပဲ။မီလိုဆီဗစ်ဟာ ဆားဘီးယားဘာသာစကားကို Kosovoရဲ့တရားဝင်ရုံးသုံးဘာသာစကားအဖြစ်ပြဌာန်းလိုက်ပါတယ်။
Kosovoလူဦးရေရဲ့ ၈၀%ကျော်ရှိတဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို ဒဲ့စိန်ခေါ် လိုက်တာပါပဲ။ ဆာဘ်တွေအတွက်ကတော့ မီလိုဆီဗစ်ဟာ အမျိုးသားသူရဲကောင်းကြီး ဖြစ်သထက်ဖြစ်တော့တာပေါ့။ကိုဆိုဗားအလ်ဘေးနီးယန်းတွေကတော့ ငြိမ်ခံမနေပါဘူး။
၁၉၈၉ ဖေဖော်ဝါရီလမှာပဲ အလ်ဘေးနီးယန်းသတ္တုမိုင်းလုပ်သား တစ်ထောင်ဟာ အစာငတ်ခံ ဆန္ဒပြကြတော့တာပါပဲ။ သူတို့အလုပ်လုပ်နေတဲ့ သတ္တုမိုင်းတွင်းတွေမှာပဲ လုပ်ငန်းတွေကိုရပ်စဲလိုက်ပြီး သပိတ်စခန်းဖွင့်လိုက်ပါတယ်။ မီလိုဆီဗစ် လိုချင်တဲ့အကွက်ပါပဲ။ Kosovo ဒေသကို အရေးပေါ်အခြေအနေ ကြေငြာလျက် ဆာဘ်လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ချလာတော့တာပါပဲ။
ဆာဘ်လက်နက်ကိုင်တွေဟာ အလ်ဘေးနီးယန်း ဆန္ဒပြပွဲ သပိတ်ပွဲတွေကို ရက်ရက်စက်စက် ဖြိုခွဲရုံမက ဖွဲ့စည်းပုံအခြေခံဥပဒေအရတရားဝင်တည်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့ကိုပါ ဖြိုခွဲပါတယ်။ စုစုပေါင်း အင်အား
လေးသောင်းလောက်ရှိတဲ့ ဆာဘ်လက်နက်ကိုင်တွေဟာ kosovo ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သိမ်းပိုက်လိုက်ပါတော့တယ်။
လက်နက်အားကိုးနဲ့ kosovo ဒေသကိုအုပ်စီးပြီးတဲ့အခါမှာတော့ မီလိုဆီဗစ်ဟာ ဥပဒေကြောင်းအရ အသာစီးယူဖို့ဆက်လုပ်ပါတယ်။ ဒါကတော့ အရှေ့မှာရေးခဲ့တဲ့ ဆားဘီးယား republic ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး
Kosovo ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖျက်သိမ်းလိုက်ခြင်းပါပဲ။
ဒီအထိ မီလိုဆီဗစ်လုပ်ရပ်တွေကို ဘာပြောစရာရှိလဲဆိုရင် ညစ်ပတ်ပြီးလက်နက်အားကိုးနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာကလွဲလို့ ထူးပြီးပြောစရာ မရှိလှပါဘူး။ ဒါပေမဲ့ . . . နယ်မြေတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဝင်သိမ်းလိုက်တယ်။ ပြီးတော့အဲဒီနယ်မြေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တယ်။ ဟုတ်ပြီ။ ဒါ နိုင်ငံရေးပဲ။ မျှတတာ မမျှတတာက တစ်ကဏ္ဍ။
တဖက်ကလည်း မခံနိုင်လို့ပြန်ချတယ်။ ဟုတ်ပြီ ဒါစစ်ပွဲ။ မကောင်းတဲ့အရာပေမယ့် နိုင်ငံတကာရာဇဝတ်မှုမမြောက်ဘူးရယ်။ ဒါပေမဲ့ မီလိုဆီဗစ်လုပ် တာတွေကတော့ ဒီထက်ပိုပါတယ်။
Kosovo ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းရုံမကပါဘူး။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို အလုပ်ထုတ်ပစ်ပါတယ်။ ဆရာဝန်၊ တရားသူကြီး၊ စာရေး၊ သန့်ရှင်းရေးအလုပ်သမားထိ အလ်ဘေးနီးယန်းဆိုရင် အလုပ်ထုတ်ပဲ။ (လူ တစ်သိန်းနီးပါး အလုပ်ထုတ်ခံရပါတယ်။) ပိုဆိုးတာက ကိုဆိုဗားအလ်ဘေးနီးယန်းကျောင်းသားတွေကို ကျောင်းထုတ်ပစ်တာပါ။ ဘာအကြောင်းပြချက်မှမရှိ အလ်ဘေးနီးယန်းဆိုရင် ကျောင်း ထွက်ပဲ။ တချို့ဒေသတွေမှာ ကျောင်းတွေပိတ်ပစ်လိုက်တာ ရာချီသတဲ့။
မောင်နီကို အလုပ်ထုတ်တယ်။ မောင်ဖြူကိုကျောင်းထုတ်တယ်။ ဒါပေမဲ့မောင်နီမို့လို မောင်ဖြူမို့လို့ လုပ်တာမဟုတ်ဘူး။ ဘာလူမျိုးဖြစ်လို့ ဘာ,ဘာသာဝင်ဖြစ်လို့လုပ်တာဆိုတာက လူတစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကို ဖျက်ဆီး တာမဟုတ်ပါဘူး။ ဒါဟာ ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ပါဘူး။ လူမျိုးရေးကိစ္စလည်း မကပါဘူး။ ဒါဟာ လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ ကိစ္စပါ။
ဒီကိစ္စဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ polarization stage ကို အကောင်အထည်ဖော်တာပါ။

နှိုင်းယှဉ်သုံးသပ်ခြင်း

မေယုနယ်ခြားခရိုင်ကို ဖျက်သိမ်းပြီးနောက်မှာ ရိုဟင်ဂျာတွေကို ကျောင်းတက်ခွင့်မပေးတာ၊ တစ်ရွာကနေတစ်ရွာ သွားခွင့်မပေးတာ၊ အစိုးရ အလုပ်အကိုင် တွေကနေ ဖယ်ရှားပစ်တာ စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ပြီးရင် ကျောင်းတက်ခွင့်၊ ဘွဲ့ယူခွင့်၊ အလုပ်အတွက်လျှောက်လွှာ၊ ရှေ့နေလိုင်စင်၊ ဆရာဝန်မှတ်ပုံတင် စသဖြင့် နေရာအစုံမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစီစစ်ရေးကိစ္စမှာ ပြည်တွင်းကမွစ်ဆလင်မ်တွေကို ခွဲခြားဆက်ဆံနေ တာဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ polarization stage ကို စနစ်တကျ ရေရှည် plan နဲ့ အကောင်အထည်ဖော်နေတာဖြစ်ကြောင်းပါဗျား…။
ကျွန်တော်တို့နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေနဲ့ ကွာတာက သူတို့ကလွှတ်တော်အစိုးရ၊ ရွေးကောက်ပွဲ စတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အကျွမ်းတဝင် ရှိတယ်။ ဒီတော့ တန်ပြန်လုပ်တတ်ကိုင်တတ်တယ်။ ဒါ့ကြောင့် ၁၉၈၇ မှာ စတင်
နှိပ်ကွပ်ခံရပေမယ့် ၁၉၉၉ မှာ လွတ်မြောက်သွားခဲ့တယ်။ နိုင်ငံရေးလုပ်ကိုင်ခွင့်မရရုံမက နေ့စဉ်စားဝတ်နေရေးကစလို့ ကန့်သတ်ခံခဲ့ရတဲ့ ကျုပ်တို့တွေကတော့ ၁၉၇၀ လောက်ကနေ ကျောကော့ပြီးခံလာလိုက်တာ ဂျင်နိုဆိုဒ်စက်ဝိုင်း သုံးပတ်လောက် လည်ပတ်ပြီးသွားရောပေါ့။

အောင်ပွဲကိုသိဒ္ဓိတင်တဲ့ မီလိုဆီဗစ်

ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို နှိပ်ကွပ်ပွဲ အရှိန်ရတဲ့အချိန်မှာ မီလိုဆီဗစ်ဟာ သူ့ရဲ့နိုင်ငံရေးအောင်ပွဲတွေကို သိဒ္ဓိတင်ပါတယ်။ July လ ၂၈ ရက် ၁၉၈၉ ခုနှစ် ကိုဆိုဗိုဒေသရဲ့ ဘလက်ဘဒ်ကွင်းပြင်မှာ ဆာဘီးယားနိုင်ငံရဲ့ဒေသ အသီးသီးက စုရုံးရောက်ရှိလာတဲ့ ဆာဘ်လူမျိုး တစ်သန်းကျော်ရှေ့မှာ သမ္မတကြီးမီလိုဆီဗစ်ဟာ အင်မတန်မှသမိုင်းဆိုးဝင်မယ့် မိန့်ခွန်းတစ်ရပ်ကို မြွက်ကြားပါ တော့တယ်။
မိန့်ခွန်းရဲ့အနှစ်ချုပ်ကတော့ လွန်ခဲ့တဲ့ နှစ် ၆၀၀ကျော်က ကိစ္စကို သင်ခန်းစာယူဖို့နဲ့ လက်ရှိရင်ဆိုင်နေရတဲ့အဖြစ်နဲ့ နှစ် ၆၀၀ ကျော်က စစ်ပွဲနဲ့ တူညီနေကြောင်း၊ ဆာဘ်တွေအနေနဲ့ သတ္တိရှိဖို့၊ ပြတ်သားဖို့ဆိုပြီး သွေးထိုးသွားတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကဖြစ်ခဲ့တဲ့စစ်ပွဲတစ်ရပ်ကနေ ပေါက်ဖွားလာ တဲ့ အာဃာတတွေကို အမြင့်ဆုံးဆွဲတင်ခဲ့တဲ့ မိန့်ခွန်းအပြီးမှာ မီလိုဆီဗစ်ဟာ ဆာဘ်လူမျိုးတွေအဖို့တော့ ပြိုင်ဘက်မရှိတဲ့ အမျိုးသားသူရဲကောင်းကြီးအဖြစ် အခိုင်အမာပေါ်ထွက်လာခဲ့ပါတော့တယ်။ (မအလ က ဗိုလ်သင်တန်းဆင်းပွဲမှာ ရိုဟင်ဂျာကိစ္စကို လွန်ခဲ့တဲ့ နှစ် ၆၀ကျော်က ၁၉၄၂ Crisis နဲ့ နှိုင်းယှဉ်ပြီးပြောသွားတာမျိုးကတော့ ဂျင်နိုဆိုဒ် ရာဇဝတ်ကောင်တွေရဲ့ နောက်ခံစိတ်နေစိတ်ထား တူညီမှုပါပဲ။) မီလိုဆီဗစ်ဟာ ဒီလောက်နဲ့တင် ဘယ်ရပ်မလဲ။ ပြည်တွင်းပြည်ပက မီဒီယာတွေနဲ့ အင်တာဗျူးတွေ ဖြေဆိုပါသေးတယ်။
“Kosovo ဆိုတာ ကျုပ်တို့ဆာဘ်တွေပဲပိုင်တာ။ ဒီဒေသဟာ ကျုပ်တို့ ဘာသာရေးရဲ့ ဘူမိနက်သန်။ ကျုပ်တို့ရဲ့ ဘုရားကျောင်းတွေ၊ ကျုပ်တို့ ဘိုးဘွား တွေခေါင်းချခဲ့တဲ့ သချိုင်္င်းမြေတွေက Kosovo မှာ လက်ညှိုးထိုးမလွဲပဲ။ Kosovo
မှာ ကျုပ်တို့ အရှုံးမပေးဘူး။ အလျော့မပေးဘူး” ဒါဟာ မီလိုဆီဗစ်ရဲ့ လက်သုံး စကားတွေပါ။
စကားနောက်တရားပါ ဆက်လုပ်တာတွေကတော့ အလ်ဘေးနီးယန်း တွေရဲ့ သမိုင်းဝင် အဆောက်အဦတွေ၊ အထိမ်းအမှတ်တွေနဲ့ သင်္ချိုင်းတွေကို ဖျက်ဆီးပစ်တာပါ။ နှစ်ပေါင်းများစွာဖြစ်တည်လာတဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းအမွေအနှစ်တွေကို ဖျောက်ဖျက်ပစ်တာဟာ ဂျင်နိုဆိုဒ်ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်းပြဆိုတာကို ကမ္ဘာကြီးကတောင် သတိမထားမိသေးတဲ့ အချိန်ကာလပေါ့ဗျာ။
မြန်မာပြည်တွင်းမှာလည်း စော်ဘွားတွေရဲ့ဟော်နန်းတွေကို မြန်မာစစ်ဘက်က ဖျက်ဆီးပစ်တာ၊ မွစ်ဆလင်တွေရဲ့ နှစ်ရာချီတဲ့ ဗလီဝတ်ကျောင်းတွေ သင်္ချိုင်းတွေနဲ့ ကချင်တွေရဲ့ ချာ့ခ်ျကျောင်းတွေကို ဖျက်ဆီးပစ်တာတွေဟာ ဘာ ရည်ရွယ်ချက်နဲ့လဲ ဆန်းစစ်စရာပါပဲ။
မီလိုဆီဗစ်အဖို့ Kosovo ကို စစ်အင်အားသုံးပြီးသိမ်းပိုက်လို့လဲ ပြီးပြီ။ လူတစ်ဦးချင်းစီရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စတွေကိုလည်း ဖျက်ဆီးလိုက်ပြီ။ လူသေတွေနေတဲ့ သင်္ချိုင်းပါမချန် ဖျက်ဆီးပြီးပြီ။ ဘာထပ်လုပ် ဖို့ကျန်သေးသလဲ။ ဂျင်နိုဆိုဒ်ရဲ့ အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ extermination = အစုလိုက်အပြုံလိုက်သုတ်သင်ခြင်း အဆင့်ကို ဆက်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။
ဒါပေမဲ့ မီလိုဆီဗစ်ခေါင်းဆောင်တဲ့ ဆာဘ်အုပ်စုဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားဘက်ကို မျှားဦးလှည့်သွားတဲ့အတွက် ၁၉၉၁ ကနေ ၁၉၉၅ အထိ Kosovo ဒေသမှာ extermination အဆင့်ကိုရောက်မလာဘဲ smouldering genocide ပုံစံနဲ့ ၅ နှစ်တာမျှ တငွေ့ငွေ့ လောင်ကျွမ်းနေပါတော့တယ်။

——————————–

မြန်မာပြည်မှာတော့ smouldering genocide နဲ့ တငွေ့ငွေ့လောင် ကျွမ်းနေတာ နှစ် ၅၀ လောက်ရှိပြီဗျ။ ရခိုင်မြောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေဟာ extermination ကို ယခုအကြိမ်အပါအဝင်ဆိုရင် လေးကြိမ်မြောက်ခံလိုက်ရပြီဗျ။ ကရင်တွေက extermination ကို နဝတ၊ နအဖ ထိုးစစ်အတွင်းမှာ တကြိမ်ခံလိုက်ရတယ်ဗျ။ ကျန်တဲ့လူမျိုးတွေလည်း အချက်အလက်တွေ လာဖြည့်ပေးလို့ရပါတယ်။

စင်ပြိုင်အစိုးရ

ဆာဘ်တွေအနေနဲ့ Kosovo ဒေသကို သိမ်းပိုက်ထားတယ်ဆိုသော် လည်း စတုရန်းမိုင် ၄၀၀၀ ကျော်တဲ့နယ်မြေနဲ့ လူဦးရေတသန်းခွဲရှိတဲ့ အလ်ဘေး နီးယန်းတွေကို အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး။ ဆာဘ်တွေထိန်းချုပ်ထားနိုင်တာကတော့ မြို့ကြီးတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ။ ကျန်တဲ့ ကျေးလက်နဲ့ တောင်ကုန်းထူထပ်တဲ့ ဒေသတွေဟာ ဆာဘ်စစ်ကြောင်းတွေ တခါတရံရောက်လာတာကလွဲလို့ အလ်ဘေးနီးယန်း တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်။
ကိုဆိုဗားအလ်ဘေးနီးယန်းတွေက ဆာဘ်တွေရဲ့ အုပ်ချုပ်ရေးကိုအသိအမှတ်မပြုပါဘူး။ အခွန်လည်းမဆောင်ဘူး၊ တရားတဘောင်ဖြစ်လာရင်လည်း ကိုယ်ပိုင်တရားရေးစနစ်နဲ့ပဲ စီရင်ပါတယ်။
ဒီလိုမျိုး ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ အခွန်အကောက် ကိစ္စအထိကို စနစ်တကျစီမံခန့်ခွဲနိုင်တာက ကိုဆိုဗားအလ်ဘေးနီးယန်းတွေ ကိုယ်တိုင်တည်ထောင်ထားတဲ့ စင်ပြိုင်အစိုးရရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ စင်ပြိုင် အစိုးရကို အဓိကဦးဆောင်တဲ့အဖွဲ့ကတော့ Democratic League of Kosovo ပါ။ အတိုကောက် LDK လို့ ခေါ်ပါတယ်။ ( ရှေ့မှာ ပြောခဲ့တဲ့ LPK က သပ်သပ်တစ်ဖွဲ့ပါ။)
ဒီလိုမျိုး de facto government = စင်ပြိုင်တရားမဝင်အစိုးရအနေနဲ့ ရပ်တည်နိုင်မှုမျိုးကို KNU ရရှိခဲ့ဖူးပြီး KIO အနေနဲ့ကတော့ လက်ရှိအခြေအနေ အထိ ရရှိဆဲဖြစ်ပါတယ်။ KIO နဲ့ KNU ရဲ့ အားသာချက်က သောင်းချီတဲ့လက်နက် ကိုင်တပ်ဖွဲ့ရှိပါတယ်။ LDK မှာလက်နက်ကိုင်တပ်ဖွဲ့တောင် မရှိပါဘူး။ KLA တပ်ဖွဲ့ဟာ နောက်ပိုင်းမှ သီးခြားထွက်ပေါ်လာတာပါ။
LDKဟာ ၁၉၉၀ နှစ်ဆုံးပိုင်းမှာ Kosovo ဒေသရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြေငြာခဲ့ကာ ၁၉၉၁ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပါတယ်။ ဆလိုဘေးနီးယား၊ ခရိုအေးရှားနဲ့ ဘော့စ်နီးယားတို့ရဲ့ လွတ်လပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်တာကို မြင်ရတဲ့အခါ LDK အနေနဲ့ အလွန် အားကျခဲ့ပါတယ်။ အလွန်တရာလည်းမျှော်လင့်ခဲ့ပါတယ်။ နိုင်ငံတကာထောက်ခံမှုရဖို့လည်း အပြင်းအထန် လှုပ်ရှားပါတယ်။ မီဒီယာတိုက်ပွဲ အစွမ်းကုန်နွှဲလျက် ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လွတ်လပ်ရေးအတွက် ဆန္ဒပြင်းပြပုံတွေ၊ ပြည်သူ့ထောက်ခံ ဆန္ဒမဲပေးပွဲတွေကို ကမ္ဘာသိအောင် အားထုတ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် အသံထုတ်ပြောပေးပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ လွတ်လပ်ရေးဆန္ဒပြင်းပြမှုကိုလည်း နားလည်ပေးပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုကိုတော့ လုံးဝမပေးပါဘူး။ အဆိုးဆုံးကတော့ ဘောစ်နီးယားပြည်တွင်းစစ်ကို အဆုံးသတ်တဲ့ Dayton စာချုပ်ချုပ်ဆိုတဲ့အချိန်ပါ။
LDK ကတော့ Dayton စာချုပ်မှာ ဘော့စ်နီယားနဲ့ ခရိုအေးရှားတို့အပြင် Kosovo ကိစ္စကိုပါ ထည့်သွင်းဖြေရှင်းပေးလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့် ထားခဲ့ပါတယ်။ ၁၉၈၇ ကတည်းက Kosovo က စလိုက်တဲ့ကိစ္စကြီးကို ဖြေရှင်း ရာမှာ Kosovo ကိုတော့ ဘေးချန်မထားလောက်ဘူးရယ်လို့ ထင်တလုံးနဲ့ ရှိနေ မိတဲ့ LDK ပါ။
နိုင်ငံတကာဘက်က အမြင်ကကျတော့ ဘော့စ်နီးယားနဲ့ ခရိုအေးရှားဟာ ဆားဗီးယား Republic ရဲ့ အပြင်ဘက်မှာတည်ရှိတဲ့ Federal Border Lineတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတွေဖြစ်တာမို့ လွတ်လပ်ရေးကို အသိအမှတ် ပြုတာဖြစ်ပြီး ဆားဗီးယားနိုင်ငံအတွင်းမှာပဲရှိတဲ့ Kosovo ကတော့ ဆားဗီးယားရဲ့ ပြည်တွင်းရေးကိစ္စအဖြစ်သာ အသိအမှတ်ပြုပါသတဲ့။
နောက်ပြီး ဥရောပကောင်စီဟာ ဘော်လ်ကန်ကိစ္စမှာ ခြေကုန်လက်ပမ်း ကျနေပြီဖြစ်တာမို့ Kosovo မှာနောက်တစ်ပွဲ ဆက်မကချင်ကြတော့ပါဘူး။ ဒါကြောင့် Dayton စာချုပ်မှာ Kosovo ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်တောင် မပေးခဲ့ပါဘူး။ LDK စင်ပြိုင် အစိုးရဟာ အလွန်ပဲအထိနာသွားပါတယ်။ ဂျာမနီကဆိုရင် Dayton စာချုပ်လဲပြီးရော ဘော်လ်ကန်ကိစ္စတွေ ပြီးပြီ။
ဒါ့ကြောင့် ဂျာမနီမှာခိုလှုံနေတဲ့ အလ်ဘေးနီးယန်းတွေကို ပြန်လည်လက်ခံဖို့ မီလိုဆီဗစ်နဲ့ စကားစပြောနေပါပြီ။
LDK ဘာဆက်လုပ်မလဲ…။
LDK အနေနဲ့ သူ့ရဲ့ စွမ်းရည်ကို ဂီယာကုန်တင်ခဲ့ပြီးပါပြီ။ ဒီထက်ထပ်မလုပ်တတ်တော့ပါ။ ဂီယာကျမသွားရုံ ဆက်ထိန်းထားတာပဲ လုပ်တတ်ပါတော့တယ်။ ဒါပေမဲ့ LDK ရဲ့ ဂီယာလောက်နဲ့တော့ တော်လှန်ရေးဟာ ရှေ့ဆက် မတိုးတော့ပါဘူး။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေအဖို့ နောက်ထပ်တော်လှန်ရေး နည်းနာတစ်ရပ် ရှာဖွေဖို့ အချိန်ကျလာခဲ့ပြီလား…?

Kosovo Liberation Army
ပေါ်ထွက်လာခြင်း

၁၉၉၅ Dayton စာချုပ်အပြီးမှာ မီလိုဆီဗစ်ဟာ ဘော့စ်နီယားနဲ့ ခရိုအေးရှားမှာစိုက်ထားတဲ့ အင်အားတွေကိုပြန်ထုတ်ပြီး Kosovo မှာ အသုံးချဖို့ပြင်ဆင်ပါတယ်။ တငွေ့ငွေ့လောင်ကျွမ်းတဲ့အဆင့်ကနေ အပြီးသတ်သုတ်သင် ရေးအဆင့်ဟာ ရောက်လို့လာပါပြီ။
မြို့ကြီးပြကြီးတွေမှာ ဆာဘ်လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုက ပိုမိုတင်းကြပ်လာသလို ကျေးလက်ဒေသဘက်မှာ စစ်ကြောင်းထိုးတဲ့အရေအတွက် တွေမြင့်တက်လာပါတယ်။ အလ်ဘေးနီးယန်း သေဆုံးမှုနဲ့ ထွက်ပြေးဒုက္ခသည်တွလည်း ပိုများလာပါတယ်။ ၁၉၉၇ ခုနှစ် အောက်တိုဘာလမှာ အလ်ဘေးနီးယန်းကျောင်းသား တွေဟာ ပေါက်ကွဲဆန္ဒပြကြပါတယ်။ ထုံးစံအတိုင်း ဆာဘ်အာဏာပိုင်တွေကို ဆန့်ကျင်ခြင်းနဲ့အတူ ဒီတခါထူးဆန်းစွာ LDK ကိုပါ ရှုံ့ချပါတယ်။ အလုပ်မဖြစ်တဲ့ LDK အဖြစ် သရော်ကြပါတယ်။
ဒီနောက်မှာတော့ လူငယ်ကျောင်းသားတွေဟာ ကိုယ်ယောင်ဖျောက် သွားကြပြီး ဆာဘ်လက်နက်ကိုင်တွေကို တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ စနစ် တကျ တိုက်ခိုက်မှုမျိုးမဟုတ်ပါဘူး။ ဒီဇယ်ပုလင်းကို အဝတ်ပတ်မီးရှို့ပြီး ဆာဘ်ရဲစခန်းတွေထဲကိုပစ်သွင်းတာ၊ အရက်မူးပြီးငိုက်နေတဲ့ ဆာဘ်ရဲကို ဓါးနဲ့ထိုးပြေးတာ စသဖြင့် ဟိုတပြောက် ဒီတပြောက် တကိုယ်တော်ချင်းစီလုပ်ကြတာများပါတယ်။
LDK လူကြီးပိုင်းကတော့ ဒီလိုလုပ်တာဟာ ဆာဘ်တွေရဲ့ဒေါသကို ပိုဆွပေးသလိုပဲဖြစ်လိမ့်မယ်။ မလုပ်ကြနဲ့လို့ တားမြစ်ပါတယ်။ လူငယ်တွေဘက် ကလဲ “ခင်ဗျားတို့လမ်းကြောင်းကြီးအလုပ်မဖြစ်လို့ ကျုပ်တို့ကတော့ချပြီ။ လာမတားနဲ့” ပြန်ပက်ပါတယ်။ ဒီလူငယ်တွေကို LDK က တားမြစ်ပေမယ့် LPK ကတော့ အားပေးပါသတဲ့။ အထူးသဖြင့် မြို့ပြမှာ ဒီလိုဗရမ်းဗတာ လျှောက်လုပ်နေမယ့်အစား နယ်မြေကျယ်ပြန့်ပြီး တောင်တန်းထူထပ်တဲ့ ကျေးလက်မှာ စနစ်တကျအုပ်စု ဖွဲ့တိုက်ခိုက်ဖို့ အကြံပေးပါတယ်။
ကျေးလက်ဒေသတွေမှာတော့ ဆာဘ်လက်နက်ကိုင်တွေကို တန်ပြန် တိုက်ခိုက်မှုတွေပြုလုပ်နေတာ ၁၉၉၄ ခုနှစ်လောက်ကတည်းကပါ။ ၁၉၉၄ ခုနှစ် မေလမှာ ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ “Drenas မြို့မှာ ဆာဘ်ရဲအရာရှိတယောက်ကို တိုက်ခိုက်တာဟာ ငါတို့လက်ချက်ပဲလို့ ကြေငြာထားပါတယ်” ကြေငြာချက်ရဲ့ အောက်ခြေမှာ ရေးသားထားတာကတော့… “Kosovo Liberation Army” တဲ့ဗျာ။
KLA ဟာ စတင်ဖွဲ့စည်းကာစက လူအင်အား ၂၀ ကျော်သာရှိခဲ့ပြီး စစ်သင်တန်းလည်း ကောင်းကောင်းကန်းကန်း မတက်ဖူးကြပါဘူး။ ၁၉၉၇ ရောက်လို့ မြို့ပြလူငယ်တွေ လာပူးပေါင်းတာတောင် အင်အား ၂၀၀ ကျော်ပဲ ရှိပါသေးတယ်။ LPK ဟာ KLA ရဲ့ နိုင်ငံတကာပြောရေးဆိုခွင့်အဖြစ်ခေါင်းခံ တာဝန်ထမ်းဆောင်ပေးပါတယ်။ “ခေါင်းခံ”လို့ပြောတာ အလကားမဟုတ်ပါဘူး။ KLA ကို ဆာဘ်အာဏာပိုင်တွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သလို နိုင်ငံတကာကလည်း အဲ့ဒီအတိုင်းပဲလက်ခံနေတဲ့ အခြေအနေမို့ပါ။


LPK အဖွဲ့ဟာ လူငယ်တွေရဲ့ မခံချင်စိတ်နဲ့ ရုတ်ချည်းပေါ်လာတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို နိုင်ငံတကာမှာ ခေါင်းခံပေးရုံတင်မက ဂျီနီဗာ ကွန်းဗန်းရှင်းနဲ့အညီ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ လမ်းညွှန်ပေးပါတယ်။ KLA အနေနဲ့ ဘယ်လိုပစ်မှတ်တွေကို တိုက်ခိုက်ရမယ်၊ ဘယ်လိုပစ်မှတ်တွေကို မတိုက်ခိုက်ရဘူးဆိုတာကိုလည်း သင်ပေးပါတယ်။ KLA ရဲ့ ကြေငြာချက်မှာတော့ ဆာဘ်တပ်မတော်၊ ဆာဘ်ပြည်သူ့စစ်၊ ဆာဘ်ရဲတပ်ဖွဲ့၊ ဆာဘ်စစ်ဘက်အဆောက်အဦနဲ့ ဆက်သွယ်ရေးဆိုင်ရာတွေ၊ သက်သေ အခိုင်အမာရှိတဲ့ သစ္စာဖောက်တွေကို တိုက်ခိုက်သုတ်သင်သွားမယ်လို့ ဖော်ပြသွားပါတယ်။ KLA ဟာ နိုင်ငံရေးဦးဆောင်မှုတခုကနေ ပေါက်ဖွားလာတာမဟုတ်ဘဲ မခံချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ် ထလုပ်လိုက်တဲ့ လူငယ်တချို့ဆီကနေ ပေါက်ဖွားလာတာပါ။ သာမန် အလ်ဘေးနီးယန်းတွေအဖို့လည်း KLA က ဆာဘ်တွေကို မစို့မပို့တိုက်ခိုက်လိုက်၊ ကြေငြာချက်တစ်စောင်ထုတ်လိုက်၊ ဆာဘ်တွေက ဒေါသ
တကြီးလက်စားချေတာခံလိုက်ရနဲ့မို့ KLA ကို နားလည်ဖို့ခက်နေပါတယ်။ အများစုထင်ကြတာက KLA ဆိုတာ ဆာဘ်တွေက ငါတို့ကိုအနိုင်ကျင့်ဖို့ အကွက် ဖန်ပေးနေတဲ့ ဆာဘ်တွေရဲ့ လက်ပါးစေတွေပဲ။
ပိုဆိုးတာက LDK စင်ပြိုင်အစိုးရအဖွဲ့ဝင်တချို့ကပါ အဲဒီလို ပြောကြ တာပါ။ တကယ်တော့ LDK ဟာ LPK လို လက်နက်ကိုင်လမ်းကြောင်းကို ခေါင်းခံ မပေးပေမယ့် KLA ရဲ့အမှန်တကယ်တည်ရှိမှုကို သူတို့သိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ အကြမ်းဖက်နည်းလမ်းသုံးသူတွေအဖြစ် တံဆိပ်ကပ်ခံရမှာကြောက်လို့ KLA ကို လူထုအမြင်ဝါးအောင်လုပ်ပြကြတာပါ။
KLA ရဲ့အနေအထားကလည်း ကြေငြာချက်ထုတ်တာကလွဲလို့ ပြည်သူ လူထုနဲ့ အထိအတွေ့မရှိခြင်းကလည်း ဒီလိုထင်စရာပါပဲ။ သာမန် အလ်ဘေးနီးယန်းတွေအဖို့ကတော့ လက်နက်ကိုင်ပြီးပြန်ချတယ်ဆိုတာကို ဟိုတပြောက်ဒီတပြောက်လုပ်ပြီး ကြေငြာချက်ထုတ်ရုံမဟုတ်ဘဲ မျက်ဝါးထင်ထင် မြင်ရဖို့ လိုအပ်နေပါတယ်။

အာဇာနည်သူရဲကောင်း
Adem Jashari

KLA အပေါ် လူထုအထင်လွဲနေတာကို ချေဖျက်ပစ်မယ့် အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ Adam Jashari = KLA ရဲ့ စစ်ဦးစီးချုပ်လို့ ပြောရမည့်သူ။ သူ့ကို ဆာဘ်တွေက အသေရရ အရှင်ရရ လိုချင်နေတာပါ။ ၁၉၉၈ ခုနှစ် မတ်လမှာ Prekaz ရွာကို ဆာဘ်တပ်ဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်ပါတယ်။ ဆာဘ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ Prekaz ရွာမှာ အခြေပြုနေတဲ့ Adem Jashari ရဲ့ တပ်ဖွဲ့ကို ချေမှုန်းဖို့ပါ။
တကယ်တော့ Adem Jashari ဟာ တပ်ဖွဲ့ဝင်တွေနဲ့ အခြေပြုနေတာ မဟုတ်ဘဲ မိသားစုနဲ့အတူရှိနေတာပါ။ လုံခြုံရေးတပ်တချို့တော့ သူနဲ့ အတူရှိပါတယ်။ သံချပ်ကာကားတွေအပါအဝင် လက်နက်ကြီးငယ်အစုံအလင်နဲ့ ဆာဘ် စစ်ကြောင်းဟာ Prekaz ရွာကို ဦးတည်ချီတက်လာနေကြောင်း Adem Jashari ကို သူ့လက်အောက်က သတင်းပို့ပါတယ်။ KLA ရဲ့ political adviser တွေက ခုခံတိုက်ခိုက်ဖို့ အသင့်မဖြစ်သေးတာကြောင့် ရှောင်ထွက်ဖို့ အကြံပေးကြပါတယ်။
Adem Jashari ပြန်ပြောတာက “လုံးဝရှောင်ထွက်လို့မဖြစ်ဘူး။ ရှောင်ထွက်လိုက်ရင် တော်လှန်ရေးလမ်းကြောင်းအတွက် ဆိုးကျိုးသက်ရောက် မှုတွေ ကြီးမားသွားလိမ့်မယ်” KLA အပေါ် လူထုအထင်အမြင်လွဲတာ ပိုဆိုးသွားနိုင်တာကို သူတွက်ဆမိလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူက ခံတိုက်ဖို့ ပြင်ပါတယ်။ ဆာ့ဘ်စစ်ကြောင်းဟာ Jashariနေတဲ့နေရာကို ချည်းကပ်တော့ သဲသဲမဲမဲပစ်ခတ်မှုနဲ့ ကြုံတွေ့ရပြီး နောက်ပြန်ဆုတ်သွားပါတယ်။ ပြီးတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ် ပါတယ်။ လက်နက်ကြီးနဲ့ အားရအောင်ပစ်ပြီးမှ ဆာဘ်တပ်ဖွဲ့တွေဟာ Jashari မိသားစုနေတဲ့ အိမ်ကို ရှင်းပါတယ်။ မသေမရှင်ဖြစ်နေသူတွေကျန်နေသေးပေမယ့် ဆာဘ်တွေက နေရာမှာတင် အပြတ်ရှင်းလိုက်ပါတယ်။
Adem Jashari အပါအဝင် မိသားစု ၄၅ ယောက်ကျော် ကျဆုံးသွားပါတယ်။ ဆာဘ်တပ်ဖွဲ့အနေနဲ့ စစ်ရေးရည်မှန်းချက် ၁၀၀ % အောင်မြင် တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးအရ ၁၀၀% ရှုံးနိမ့်သွားပါတယ်။ Jashari မိသားစုရဲ့ သတင်းဟာ Kosovo ဒေသတစ်ခုလုံးကို ပျံ့နှံ့သွားပြီး KLA ကိုထောက်ခံကြောင်း ဆန္ဒပြပွဲတွေ မြို့တော် Prishtina မှာ ဝုန်းဒိုင်းနဲ့ ပေါ်ပေါက်လာပါတယ်။ ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ ကိုဆိုဗားအလ်ဘေးနီးယန်းတွေဟာ လမ်းပေါ်တက်လာကြပြီး ဆာဘ်တွေကို ဒီလိုပြန်ချတဲ့အတွက် KLA တပ်မှူးကြီးကို ဂုဏ်ယူကြောင်း အော်ဟစ်ကြွေးကြော်ကြပါတယ်။
ဆာဘ်တွေအနေနဲ့ ဒီဆန္ဒပြပွဲကို ထုံးစံအတိုင်းပြင်းပြင်းထန်ထန် ဖြိုခွဲပစ်လိုက်ပေမဲ့ KLA ကတော့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရင်ထဲမှာ ခိုင်ခိုင်မာမာ နေရာယူသွားခဲ့ပါပြီ။ လူငယ်တွေဟာ KLA နဲ့ ဆက်သွယ်ဖို့ ကြိုးစားလာကြပါတယ်။ Kosovo ဒေသအတွင်းက လူငယ်တွေတင်မကပဲ US ကနေ KLA ထဲဝင်လာကြသူတွေတောင် ၄၀၀ လောက်ရှိလို့ သူတို့ကို သီးသန့် Battalion တစ်ခုဖွဲ့ပေး ခဲ့ရပါသတဲ့။ US လိုနိုင်ငံမှာ အေးအေးသက်သာဘဝကျောင်းနိုင်ရက်နဲ့ အမိမြေ အတွက်လာရောက်ပေးဆပ်တဲ့ အလ်ဘေးနီးယန်းတွေရဲ့ စိတ်ထားကတော့ ချီးကျူးစရာပါ။
အုပ်စုလိုက်ဝင်ချလာတဲ့ အင်အားစုတွေကို နေရာပေးဖို့ KLA အတွက်ရေကန်အသင့်ကြာအသင့်လို ဖြစ်ထားတာကလည်းရှိနေပါသေးတယ်။ ၁၉၉၇ ခုနှစ်မှာ Kosovo နဲ့အိမ်နီးချင်း အလ်ဘေးနီးယားနိုင်ငံမှာ ကွန်မြူနစ်အာဏာရှင် စနစ်ပြုတ်ကျသွားပြီး မတည်မငြိမ်မှုတွေဖြစ်နေပါတယ်။ လစာ မှန်မှန်မရတော့တဲ့ Albanian စစ်တပ်က သူတို့ရဲ့လက်နက် တိုက်က လက်နက်တွေကို လျှော့ဈေးနဲ့ ထုတ်ရောင်းနေကြတာပါ။ KLA အတွက် တော့ ရွှေထုပ်ကြီးကောက်ရသလိုပါပဲ။
ဒါ့အပြင် Albanian တပ်က အရာရှိတချို့ဟာ KLA ကိုစနစ်တကျ သင်တန်းပေးပါတယ်။ Albania နိုင်ငံထဲမှာကို ခေါ်ပြီးသင်တန်းပေးတာပါ။ အဲဒီ သင်တန်းက ဆင်းလာသူတွေ KLA ထဲပြန်ရောက်ချိန်နဲ့ KLA ထဲကို လူတွေ အများအပြားရောက်လာချိန် တိုက်ဆိုင်သွားပါတယ်။ လက်နက်လူသူ စစ်ပညာစုံလင်တဲ့ KLA ဟာ ရုတ်ခြည်း အင်အား တစ်သောင်းကျော်အထိ အမြဲတမ်းစုဖွဲ့တိုက်ခိုက်နိုင်တဲ့ တပ်ဖွဲ့ဖြစ်သွားပြီး စစ် ဒေသ ၇ ခုခွဲကိုင်ရတဲ့အထိ ကျယ်ပြန့်သွားပါတယ်။

——————————

တကယ်တော့ Kosovo နဲ့ ပတ်သတ်လို့ နိုင်ငံတကာအဆင့် ထိုးဖောက်လှုပ်ရှားမှုတွေဟာ အတော်ကြီးကို ခရီးရောက်တယ်လို့ ပြောရမှာပါ။ ၁၉၉၂-၉၃ကတည်းက လူ့အခွင့်အရေး အစီရင်ခံစာတွေမှာ နိုင်ငံတကာဥပဒေ သက်ရောက် မှုရှိတဲ့ term တွေနဲ့ ဆာဘ်တွေကို ထုနေပါပြီ။
၁၉၉၂ ခုနှစ်ကတည်းက US သမ္မတ စီနီယာဘုရှ်ကိုယ်တိုင် ဥရောပ ကောင်စီရဲ့ အစီရင်ခံစာကိုထောက်ပြီး Kosovo မှာ မီလိုဆီဗစ်လုပ်ခဲ့တာတွေကို သတိပေးစာ တိုက်ရိုက်ရေးတဲ့အနေအထားထိ ထိုးဖောက်နိုင်ခဲ့တာပါ။ နှစ်စဉ် UN General Assembly မှာ Kosovo နဲ့ပတ်သတ်လို့ ဆာဘ်တွေကိုဖိအားပေးတဲ့ resolution တွေ ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၉၈-၉၉ မှာဆိုရင် Security Council ကပါ Resolution ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေဟာ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုမရှိတာနဲ့ နောက်နည်းလမ်းတစ်ခုကို ရှာပါတယ်။ LDK အဖွဲ့အနေနဲ့ KLA ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းကို ပိတ်ဆို့ ပေမယ့်လည်း တော်လှန်ရေးရေချိန်အီလာတာနဲ့အမျှ KLA ကတော့ ရှေ့တိုးထွက်လာခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ natural course တစ်ခုလို့တောင် ပြောရမလိုပါပဲ။ ဆာဘ်တွေကို ခံတိုက်တဲ့ Jashari မိသားစုဟာ အဘွားကြီးကစလို့ ကလေးပေါက်စထိ လက်စတုံးအသတ်ခံရတာကို မြင်ရပါလျက် ကြောက်ရွံစိတ်မပေါ်ဘဲ KLA ကိုထောက်ခံသူတွေအဖြစ် ရပ်တည်ပြရဲတဲ့ အလ်ဘေးနီးယန်း လူထုကိုလဲ ချီးကျူးရမှာပါ။
နောက်တစ်ခုက ချီးကျူးစရာက အဝေးရောက်အလ်ဘေးနီးယန်းတွေရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ကောင်းမွန်မှုပါ။ ၁၉၉၃ ခုနှစ်ကတည်းက ဆွဇ်ဘဏ်တခုမှာဖွင့်ထားတဲ့ Homeland Calling ဆိုတဲ့ account နဲ့ Kosovo မှာပိတ်မိနေတဲ့ ကိုယ့်လူမျိုးတွေအတွက် ထောက်ပံ့ကြေး စတင်စုဆောင်းခဲ့ကြတာပါ။ လက်နက်ကိုင်ဖို့ လိုအပ်လာချိန် မှာလည်း အမေရိကန်လို နိုင်ငံကနေတောင် ပြန်လာခဲ့ပြီး အမှုထမ်းကြပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ တဘို့တည်းမကြည့်တဲ့ စိတ်ဓါတ် ကိုတော့ အင်မတန်မှ လေးစားမိကြောင်းပါဗျား….။

ကိုဆိုဗို

KLA အနေနဲ့ အင်အားကောင်းလာသလို ဆာဘ်တွေရဲ့ဖိနှိပ်မှုကလည်း တိုးသည်ထက်တိုးလာပါတယ်။ ၁၉၉၈ အောက်တိုဘာမှာထုတ်တဲ့ UNHCR ရဲ့ အစီရင်ခံစာအရ ၁၉၉၈ ခုနှစ်အတွင်း အောက်တိုဘာအထိ ကိုဆိုဗားအလ်ဘေးနီးယန်း ၁၅၀၀ ကျော် သတ်ဖြတ်ခံရပြီး လူ ၃ သိန်းထပ်မံ ထွက်ပြေးရပါတယ်။ ဒါဟာ Kosovo ဒေသမှာ အချက်အလက်ရှာဖွေရေးအတွက် OSCE အဖွဲ့ဝင်ဖို့ ဖိအားဖြစ်လာစေပါတယ်။
OSCE မကလို့ ဘာဝင်ဝင် ဆာဘ်တွေကတော့ လူသတ်တာကို မရပ်ပါဘူး။ ဘော့စ်နီးယားမှာလည်း သူတို့ဒီလိုပဲသတ်ခဲ့တာပဲ။ ဘာမှ အရေးယူခြင်းမခံရဘူးလေ။ ဒီတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဆာဘ်တွေက ဖုတ်လေသိ ငပိရှိသည်ဟုပင်မထင် လက်ရဲ ဇက်ရဲ သတ်ပွဲတွေ ဆက်လုပ်ပါတယ်။ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ဖိအားဆိုတာ ဆာဘ်တွေအဖို့ ထည့်တွက် စရာမလိုတဲ့ လေအိုးတွေသာ ဖြစ်နေပါတယ်။

လမ်းဖွင့်ပေးတာလား / ဂွင်ထဲဆွဲသွင်းတာလား
၁၉၉၈ ဖေဖော်ဝါရီ မှာ US အထူးသံအဖွဲ့ဟာ မီလိုဆီဗစ်နဲ့ တွေ့ဆုံပြီး Kosovo ကိစ္စကို ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲမှာ US ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးအနက်စိုးရိမ်ကြောင်း ပြောပါတယ်။ သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆားဘီးယားရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကိုတော့ US အနေနဲ့ လေးစားမှာဖြစ်ကြောင်းနဲ့ KLA လို “အကြမ်းဖက်အဖွဲ့” ရဲ့ လုပ်ရပ်တွေကိုလည်း လက်မခံနိုင်ကြောင်း ထည့်သွင်း ဆွေးနွေးသွားပါတယ်။ မီလိုဆီဗစ်အဖို့ကတော့ ဒါဟာ US အစိုးရရဲ့ မီးစိမ်းပြမှုလို့ ယူဆပြီး Kosovo မှာ ကြီးမားတဲ့ထိုးစစ်တွေလုပ်ဖို့ ဆာဘ်လက်နက်ကိုင်တွေကို အမိန့်ပေးလိုက်ပါတယ်။

အဆုံးသတ်တိုက်ပွဲ
ဆာဘ်တွေအနေနဲ့ သူတို့လိုချင်တောင့်တတဲ့အရာကို ရရှိခဲ့ပါပြီ။ US အစိုးရကိုယ်တိုင်က အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ KLA နဲ့ အဲဒီ အကြမ်းဖက်သမားတွေကိုထောက်ခံတဲ့ အလ်ဘေးနီးယန်းတွေကို အပြီးသတ် သုတ်သင်ခွင့်ရခဲ့ပါပြီ။ ဆာဘ်တွေအနေနဲ့ ထိုးစစ်ကြီး ၅ ခု ဆင်နွှဲပါတယ်။ ထိုးစစ်အစပိုင်းမှာ နယ်မြေကျွမ်းကျင်တဲ့ KLA တွေက နေရာအနှံ့ ပြောက်ကျားနည်းနဲ့ ဖြန့်ခွဲတိုက်ခိုက် တဲ့အတွက် ဆာဘ်တွေအနေနဲ့ အတော်အထိနာပါတယ်။
ဒါပေမဲ့ ဆာဘ်တွေက သာမန် အရပ်သားကိုပါ သတ်ဖြတ်ပြီး ရွာတွေကိုပါ မီးရှို့တဲ့အခါ အလ်ဘေးနီးယန်းတွေဘက်က ပိုပြီးအထိနာကုန်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ကွာခြားနေပါပြီ။ OSCE အဖွဲ့ဟာ ဆာဘ်တွေလုပ်သမျှကို မှတ်တမ်းတင်နေရုံမက ကမ္ဘာ့ထိပ်သီးမီဒီယာတွေဟာလည်း မလွတ်တမ်းသတင်း ယူပြီး ကမ္ဘာကိုတင်ဆက်နေပါပြီ။ ဆာဘ်တွေရဲ့ မျိုးဖြုတ်စစ်ဆင်ရေးကိုရပ်တန့်ဖို့ ဖိအားဟာ ကြောက်ခမန်းလိလိပါ။
၁၉၉၈ UNHCR အစီရင်ခံစာထွက်တော့ US အစိုးရက မီလိုဆီဗစ်ကို သတိပေးပါတယ်။ သာမန် သံခင်းတမန်ခင်း သတိပေးစကားမဟုတ်ဘဲ ကမ္ဘာသိ ရာဇသံပေးတာပါ။ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဖို့ပါ။ မီလိုဆီဗစ်အနေနဲ့ ခဏရပ်ပေးလိုက်ပါတယ်။ အမြဲတမ်းတပ်တချို့ ကိုလည်း တပ်ပြန်ဆုတ်စေပါတယ်။ ဒါပေမဲ့ ခဲယမ်းဖြည့်တင်းခြင်းနဲ့ ဖွဲ့စည်းပုံပြန် ဖြည့်တာတွေလုပ်သလို ဆာဘ်ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်ပွဲတွေကလည်း ဆက်ရှိနေတုန်းပါ။ NATO အဖွဲ့ကလည်း ဆားဗီးယားနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်ပြပါတယ်။ ဒါပေမဲ့ မီလိုဆီဗစ်ဟာ ထိုးစစ်တွေကို ပြန်လည်စတင်ပါတယ်။
ပြင်းထန်တဲ့ သံခင်းတမန်ခင်းဖိအားကို မီလိုဆီဗစ်ဟာ ထုံနေပါပြီ။ မြေပြင်က ဆာဘ်တပ်တွေကလည်း “တစ်နေ့တစ်ရွာမီးသာရှို့ထား NATO ဆိုတာအဝေးကြီးမှာဟေ့” လို့လှောင်ပြောင်ပြီး လက်တွေ့လည်း တကယ်မီးရှို့ လူသတ် ပွဲတွေ ဆက်လုပ်ကြပါတယ်။ သူတို့ပြောမယ်ဆိုလည်း ပြောစရာကောင်းလောက်အောင် ၁၉၉၉ ခုနှစ် ရောက်သည်အထိ နိုင်ငံတကာရဲ့ တိုက်ရိုက်စွက်ဖက်မှုက ရောက်မလာပါဘူး။ ၁၉၉၉ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဆာဘ်တွေဟာ Recak မှာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပွဲတစ်ရပ် လုပ်လိုက်ပြန်ပါတယ်။
အနီးကပ်တေ့ပစ်ခံရတဲ့ အလောင်းတွေ၊ လည်လှီးအသတ်ခံရတဲ့ သူတွေကိုမြင်ပြီး OSCE အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အော့နှလုံးနာသွားပါတယ်။
ဆာဘ်တွေကတော့ ဒီသတ်ဖြတ်မှုဟာ KLA တွေက လုပ်တာဖြစ်ပြီး နိုင်ငံတကာမှာ ရုပ်ရှင်ရိုက်ဖို့ ဂွင်ဖန်ထားတာလို့ ဗြောင်ငြင်းပါသတဲ့။ သုံးထားတဲ့ ကျည်တွေ၊ ကျည်ဖောက်ဝင်တဲ့ပုံစံတွေ ဆာဘ်တပ်တွေရဲ့ ကြေးနန်းတွေအရ တရားခံတွေဟာ ဆာဘ်တွေဆိုတာငြင်းမရအောင်ကို ခိုင်မာပါတယ်။ ထိုးစစ်စတာကနေ ဒီအချိန်အထိ အလ်ဘေးနီးယန်း ၁၂၀၀၀ အသတ်ခံ လိုက်ရပါပြီ။ ထွက်ပြေးသူအရေအတွက် ၉ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဟာ ကြီးမားတဲ့ refugee crisis ကို ရင်ဆိုင်ရပါတယ်။ နိုင်ငံ တကာအနေနဲ့ တခုခုလုပ်ကို လုပ်ရတော့မှာပါ။


ဆာဘ်တွေရဲ့ထိုးစစ် ၁ နှစ်မြောက်ချိန် ၁၉၉၉ ဖေဖော်ဝါရီလ ပဲရစ်မြို့မှာ R2P ဝင်ဖို့ လူသိရှင်ကြားအစည်းအဝေး စထိုင်ပါတယ်။ ကန့်ကွက်တာတွေ၊ အချိန်ဆွဲတာတွေ ညှိတာတွေရှိပေမယ့် တလအကြာ ၁၉၉၉ မတ်လ မှာ NATO က ဗုံးစကြဲပါတော့တယ်။ ၇၈ ရက်တိုင်တိုင် ဗုံးကြဲအပြီးမှာတော့ Kosovo ဟာ ဂျင်နိုဆိုဒ် ငရဲဒဏ်ကနေ လွတ်မြောက်သွားပါတော့တယ်။ ၁၉၉၉ မေလမှာ မီလိုဆီဗစ်ကို ICTY မှာတရားဝင်စွဲချက်တင်လိုက်ပါတယ်။
[မနက်ဖြန်ကျရင် ၁၉၉၈ နှစ်ဦးပိုင်းကနေ ၂၀၀၁ ခုနှစ် မီလိုဆီဗစ်ကို ဖမ်းဆီးခုံရုံးတင်သည်အထိ နိုင်ငံတကာက ဘယ်လိုဝင်ရောက်ကိုင်တွယ်သလဲ ဆိုတာကို ရေးပါ့မယ်။]

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁ )

၁၉၉၈ ဖေဖော်ဝါရီလဟာ ကိုဆိုဗိုအတွက်တော့ အပြောင်းအလဲတချို့ စတင်တဲ့လလို့ သတ်မှတ်နိုင်ပါတယ်။ ဆာဘ်ပုလိပ်တွေရဲ့ လက်ချက်နဲ့ အလ်ဘေးနီးယန်းရွာသား ၂၄ ယောက် အသတ်ခံလိုက်ရတဲ့ ပုံရိပ်တွေဟာ နိုင်ငံတကာကို ပြန့်နှံ့သွားပြီးနောက်ပိုင်းမှာ တုန့်ပြန်မှုတချို့ရှိလာပါတယ်။
ပထမတုန့်ပြန်မှုက ကိုဆိုဗိုမြို့တော် Pristhina ကို US အထူးကိုယ်စားလှယ်အဖွဲ့ ရောက်လာခြင်းပါ။ US အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ထင်ရှားတဲ့လုပ်ရပ် ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်ကြောင်းနဲ့ KLA လိုအကြမ်းဖက်အဖွဲ့ကိုလည်း လက်မခံကြောင်းသတင်းစကားပါ။ ဒါဟာ မီလိုဆီဗစ် အဖို့ သတင်းကောင်းဖြစ်စေပြီး ထိုးစစ်တွေဆင်နွှဲဖို့ မီးစိမ်းပြသလိုဖြစ်ခဲ့ပါတယ်။
US အထူးကိုယ်စားလှယ် ကိုဆိုဗိုကို ရောက်နေတာနဲ့ အချိန်သိပ်မကွာလှပဲ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်ကို ရောက်နေသူကတော့ ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး Robin Cook ပါ။ သူကတော့ ၁၉၉၈ မတ်လ ၄ ရက်နေ့မှာ မီလိုဆီဗစ်ကို ဘော့စ်နီးယားမှာလို အချိုးမျိုးတွေ လက်မခံနိုင်ဘူးလို့ သတိပေးစကားပြောတာပါ။ မီလိုဆီဗစ်နဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ဒီစကားကိုပဲ ထပ်ပြောပါတယ်။ မီလိုဆီဗစ်အဖို့ US အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ မီးစိမ်းပြမှုနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးစကားကြားမှာ သံခင်းတမန်ခင်း အဖြေတစ်ခုကိုမျှခြေရအောင် ဆွဲယူရမယ့်အစား လူသတ်ပွဲတွေဆက်လုပ်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။
မီလိုဆီဗစ်ရဲ့ ဘီလူးမျက်နှာဖုံးကို ဆွဲချွတ်ပြလိုက်သူကတော့ Adem Jashari ပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပူပူနွေးနွေးသတင်းစာရှင်းလင်းပွဲလုပ်စဉ် မှာပဲ Jashari တိုက်ခိုက်မှု ဖြစ်သွားတာပါ။ Adem Jashari အနေနဲ့ ရှောင်ထွက် လို့ရပါရက်နဲ့ မိသားစုအယောက် ၄၀ ကျော်လုံး အသက်အသေခံပြီး တိုက်သွား တာပါ။ စစ်ရေးအရ ရှုံးမယ်မှန်းသိသော်လည်း နိုင်ငံတကာအာရုံစိုက်မှုရဖို့နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေအတွက် စံနမူနာယူဖွယ် အာဇာနည်လိုအပ်နေ မှုကိုဖြည့်ဆည်းဖို့ မိသားစုတစ်စုလုံးရဲ့ အသက်ကို ပူဇော်လိုက်တဲ့သဘောပါ။
Jashari မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အလဟဿ မဖြစ်ခဲ့ပါ ဘူး။ ဒီသတ်ဖြတ်ခံရမှုအပြီးမှာ US အပါအဝင် အင်အားကြီးနိုင်ငံတွေက ဆားဘီး ယားအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ပြန်လည်ချမှတ်ဖို့ ဖြစ်လာစေပါတယ်။
Jashari မိသားစု သတ်ဖြတ်ခံရအပြီး ၁၉၉၈ မတ် ၉ ရက်နေ့မှာ US၊ ဗြိတိန်၊ ပြင်သစ်နဲ့ ရုရှားပါဝင်တဲ့ အင်အားကြီးနိုင်ငံ ၆ နိုင်ငံဟာ Contact Group အဖြစ် တံခါးပိတ်လျှို့ဝှက်ဆွေးနွေးပွဲကျင်းပပါတယ်။
Contact Group ဆိုတာ ဘော့စ်နီးယားကိစ္စကတည်းက ရုရှား နဲ့ အနောက်နိုင်ငံတွေ ထိပ်တိုက်ပြဿနာဖြစ်လာရင် မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းဖို့ဖွဲ့ထားတဲ့ Group ပါ။ ဒီ group မှာ ရုရှားဟာ ကျန်တဲ့နိုင်ငံတွေနဲ့ အမြဲ တမ်းနီးပါး ဆန့်ကျင်ဘက်မှာရှိတတ်ပါတယ်။ အခုလည်း ဆားဘီးယားကို စီးပွား ရေးပိတ်ဆို့ဒဏ်ခတ်မှု ပြန်လည်ချမှတ်ရေးကိစ္စကို ရုရှားက ကန့်ကွက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ဆားဘီးယားကို ထောင့်ကပ်သွားအောင် လုပ်လို့မဖြစ်ဘူး။ အခြေအနေတွေပိုဆိုးသွားလိမ့်မယ်”လို့ ခြိမ်းခြောက်စကား ဆိုတဲ့အခါ US နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောလ်ဘရိုက်က “ဆာဘ်တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်သူတွေ” လို့ထပ်ခါထပ်ခါ ပြန်လည်တုန့် ပြန်ပါတယ်။
အန်တီကြီး အောလ်ဘရိုက်ဟာ ဘော့စ်နီးယားကိစ္စကတည်းက ဆာဘ်တွေကို ဗုံးကြဲချင်သူကြီးပါ။ ဒါ့ကြောင့် အခု ကိုဆိုဗိုကိစ္စကို ကိုင်တွယ် ဖို့ဖြစ်လာချိန်မှ အန်တီကြီးက US နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာကတော့ ဆာဘ်တွေအတွက် ကံဆိုးမိုးမှောင်ကျမှုပေါ့ဗျာ။ Contact Group ဆွေးနွေးပွဲအပြီးမှာတော့ ကြေငြာချက် ထွက်လာပါတယ်။ “ဆားဘီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မယ်၊ ဒါကိုပြန်လည် ရုပ်သိမ်းစေချင်ရင် မီလိုဆီဗစ်ဟာ ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြန်လည်အသိအမှတ်ပြုရမယ်” လို့ကြေငြာချက်မှာ ပါလာပါတယ်။ ရုရှားဟာ နှပ်ပစ်ခံလိုက်ရတဲ့သဘောပါ။

မိလိုဆီဗစ်ရဲ့တုန့်ပြန်မှု


Contact Group ရဲ့ ဒီကြေငြာချက်ကို မီလိုဆီဗစ်ရဲ့ တုန့်ပြန်မှုကတော့ ဆားဘီယားနိုင်ငံတလွှားမှာ ပြည်သူ့သဘောထားခံယူချက်ထုတ်ဖော်ပွဲ ကျင်းပတာပါပဲ။ ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း ဆန္ဒမဲပေးပွဲကျင်းပပြီး ၉၅ % သော ဆာဘ်တွေဟာ ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း ဆန္ဒမဲပေးကြပါတယ်။ မီလိုဆီဗစ်ကတော့ ဆာဘ်တွေဟာ သွေးစည်းညီညွတ်စွာနဲ့ အန်တု ရင်ဆိုင်မယ်ဆိုတဲ့ message ပေးချင်တာပါ။ ဝင်ရောက်စွက်ဖက်မယ့်နိုင်ငံတွေကို နောက်ဆုတ်သွားစေချင်တာပါ။ လက်တွေ့မှာတော့ ဒီလို ဆာဘ်တစ်မျိုးသားလုံးဟာ မှားယွင်းတဲ့ဘက်မှာ စည်းလုံးညီညွတ်ပြနေတာကိုက ဂျင်နိုဆိုဒ်ရဲ့ လက္ခဏာလို့ ကမ္ဘာကြီးကယူဆသွားပြီး ကမ္ဘာ့အင်အားစုတွေအနေနဲ့ အဖိနှိပ်ခံအလ်ဘေးနီးယန်းတွေ ဘက်က ပြတ်ပြတ်သားသားရပ်တည်ပေးဖို့လိုတယ်လို့ အခိုင်အမာယူဆသွားကြပါတယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၂ )

အခိုင်အမာရပ်တည်
အလ်ဘေးနီးယန်းတွေဘက်က အခိုင်အမာရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ US အစိုးရဟာ KLA ဆိုတာဘာလဲသိဖို့ ဆက်သွယ်လာပါတယ်။ ရစ်ချက်ဟိုးလ်ဘရုခ် ဦးဆောင်တဲ့ US ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဆိုဗို ဒေသက KLA ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဟိုးလ်ဘရုခ်ရဲ့ ကားတန်းဟာ လမ်းပေါ်မှာချထားတဲ့ အတားအဆီးတွေ ကို သတိနဲ့ဖယ်ရှားပြီး ခရီးနှင်ဖို့လုပ်နေတုန်း AK – ၄၇ သေနတ်ကိုင်ထားတဲ့ အလ်ဘေးနီးယန်းလူငယ်လေးတွေ ဗြုန်းခနဲရောက်လာပါတယ်။ ကားတန်းမှာ ပါတဲ့ အမေရိကန်ပြည်ထောင်စုအလံကို တွေ့တော့မှ သဘောပေါက်ပြီး KLA ဌာနချုပ်ကို ခေါ်သွားပါတယ်။
ချိုင့်တွေ အတားအဆီးတွေ မိုင်းကွင်းတွေနဲ့ ကင်းပုန်းတွေကို ဖြတ်သန်း ရင်း ဟိုးလ်ဘရုခ်ဟာ KLA ဌာနချုပ်လုပ်ထားတဲ့ အိမ်ကိုရောက်လာပါတော့တယ်။ KLA ခေါင်းဆောင်တွေနဲ့ ဟိုးလ်ဘရုခ်တို့ တွေ့ဆုံဆွေးနွေးပွဲကို အစအဆုံး ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။ အဲဒီဗီဒီယိုမှာတော့ ဟိုးလ်ဘရုခ်ဟာ KLA တပ်မှူးတွေနဲ့အတူ ကြမ်းခင်းပေါ်မှာ ထိုင်ချလိုက်ပြီး ပခုံးချင်းယှဉ်ထိုင်လို့ ရင်းရင်းနှီးနှီးစကားပြောပါတော့တယ်။
ရင်းနှီးတဲ့ဘော်ဒါတွေမို့ ထိုင်ခုံတောင်မလိုတဲ့သဘောပေါ့ဗျာ။ ဟိုးလ်ဘရုခ်ဘေး မှာလည်း AK – ၄၇ တလက်ထောင်ထားသေးသဗျ။ KLA တပ်မှူးနဲ့ ဟိုးလ်ဘရုခ်တို့ ပခုံးချင်းယှဉ်ထိုင်နေတဲ့ဓါတ်ပုံဟာ လျင်လျင်မြန်မြန်ပဲ ကမ္ဘာတလွှားကို ပျံ့နှံ့သွားပါတော့တယ်။
ဆာဘ်အာဏာပိုင်တွေဟာ ရေရေလည်လည်ကို ဒေါကန်ကြတော့တာပေါ့။ အမေရိကန် အစိုးရကိုယ်တိုင်က အကြမ်းဖက်အဖွဲ့လို့ တရားဝင်ကြေငြာထားခံရတဲ့ KLA တွေဟာ အမေရိကန်နိုင်ငံခြားရေးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က ထိပ်တန်းအရာရှိကြီးနဲ့ ပခုံးချင်းယှဉ်လို့ ရင်းရင်းနှီးနှီးတွေ့ဆုံနေ ကြပါလား။ ဘေးမှာလည်း AK-၄၇ ချေမှုန်းရေးရိုင်ဖယ်တွေကို သက်တောင့် သက်သာ ချထားလိုက်သေး။ ဆာဘ်တွေ shock ရသွားပါတယ်။
ဆာဘ်တွေတင်မကဘဲ US ရဲ့ မဟာမိတ်တွေပါ မျက်လုံးပြူးကုန်ပါတယ်။
ပြင်သစ်သမ္မတရှီးရက်ကဆို US သမ္မတကလင်တန်ဆီဖုန်းဆက်ပြီးတော့ “ဒီလိုကြီးချည်းကပ်တာ မကြမ်းလွန်းဘူးလား” လို့မေးပါသတဲ့။ ကလင်တန်ရဲ့ မီးစိမ်းပြမှုနဲ့ ဟိုးလ်ဘရုခ်က နောက်ထပ်တဆင့် ထပ်တက်ပါတယ်။ KLA တပ်မှူးတွေနဲ့တွေ့ပြီး တစ်ပတ်အကြာမှာ ဟိုးလ်ဘရုခ်ဟာဆွဇ်ဇာလန်မှာရှိတဲ့ KLA (နိုင်ငံရေး) ကိုယ်စားလှယ်နဲ့ ထပ်တွေ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဟိုးလ်ဘရုခ်က KLA ရဲ့ နိုင်ငံရေးသဘောထား၊ ဖွဲ့စည်းပုံနဲ့ ဘဏ္ဍာရေးကိစ္စတွေကို မေးမြန်းပါတယ်။ KLA ကိုယ်စားလှယ်က KLA ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း၊ လူမျိုးစုံ၊ ဘာသာစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ အာမခံကြောင်း ကတိပေးပါတယ်။
ဒီနောက်ပိုင်းမှာတော့ KLA ဟာ သူတို့တပ်ဖွဲ့ကို US နဲ့နီးစပ်အောင်လို့ အချင်းချင်းခေါ်နေကျ comrade=ရဲဘော်လို့ ဆိုတဲ့အသုံးအနှုန်းကိုတောင် သိပ် မသုံးတော့ဘူး။ အချင်းချင်းအလေးပြုတဲ့အခါ လက်သီးဆုပ်ပြီး အလေးနီပြုတာမျိုး မလုပ်တော့ဘဲ US စတိုင် လက်ဝါးဖြန့်ပုံစံနဲ့ နားထင်နားလက်တင်ပြီး အလေးပြု တဲ့စတိုင် ပြောင်းပစ်တယ်။ သူတို့နောက်မှာ US က ခိုင်ခိုင်မာမာ ရပ်တည်နေပြီလေ။

တိုက်ပွဲနဲ့ လက်စားချေမှု
KLA အနေနဲ့ လက်နက်ခဲယမ်း၊ လူသူလက်နက်လည်း တောင့်တင်း လာပြီ၊ US လို နိုင်ငံကြီးရဲ့ ထောက်ခံမှုလည်း ရပြီဆိုတဲ့နောက်မှာ တိုက်ပွဲတွေကို အရှိန်မြှင့်ပါတယ်။ ၁၉၉၈ နှစ်ဦးမှာ KLA ဟာ ဆာဘ်စစ်တပ်နဲ့ ရဲတပ်သား ၆၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး မြို့ နှစ်မြို့ကိုလည်း ပြန်သိမ်းခဲ့ပါတယ်။
ဆာဘ်တွေဘက်က အင်နဲ့အားနဲ့ ပြန်လည်တုန့်ပြန်ရုံမက သာမန် အလ်ဘေးနီးယန်းအရပ်သားတွေကိုပါ သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ပါတော့တယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၃ )

တပ်မတော်ဟာ စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်တာပါ
ဒီလိုရွာလုံးကျွတ် သတ်ဖြတ်မီးရှို့တာတွေကို တားဆီးဖို့ US အထူးကိုယ်စားလှယ်အဖွဲ့ဟာ မီလိုဆီဗစ်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ အထူး ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် Chris Hill က “အင်အားအလွန်အကျွံသုံးတာ
ရှိတယ်။ ဒါတွေကိုရပ်တန့်ရမယ်” လို့ပြောတော့ မီလိုဆီဗစ်က အကြမ်းဖက်သမား တွေကို ချေမှုန်းတာသာဖြစ်တယ်လို့ ပြန်ဖြေပါတယ်။ ဒါပေမဲ့ ဒီတခေါက် US ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဆိုဗိုဒေသကို ပြဲပြဲစင်အောင်သွားပြီးမှ မီလိုဆီဗစ်ကို ဝင်တွေ့တာဖြစ်တဲ့အတွက် အဖြစ်အပျက်တွေကို အသေးစိတ်သိနေရုံသာမက မှတ်တမ်းတင်တာတချို့ပါ လုပ်ထားပြီးသားပါ။
Chris က ဆာဘ်ယူနီဖောင်းဝတ်ထားသူတွေက နေအိမ်တွေကို ဓါတ်ဆီ ပတ်မီးရှို့နေတဲ့ အကြောင်းပြောရင်း တပါတည်းရိုက်ကူးလာတဲ့ ဗီဒီယိုကိုပါ ဖွင့်ပြ လိုက်ချိန်မှာတော့ မီလိုဆီဗစ်ဟာ မတ်တပ်ထရပ်ပြီး “ငါတို့တပ်မတော်ဟာ
စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်တာကွ” လို့ ထအော်ပါသတဲ့။ မီလိုဆီဗစ်ဟာ ညှိနှိုင်းမရတဲ့သူအဖြစ် US ကိုယ်စားလှယ်အဖွဲ့က သုံးသပ်သွားပါတယ်။

ကြေကွဲစရာတွေ ထပ်ဖြစ်မလာစေရ
ဒီနောက်မှာတော့ US သမ္မတကလင်တန်က ပြင်သစ်သမ္မတ ရှီးရက်ဆီ ဖုန်းဆက်ပြီး “ဘော့စ်နီးယားမှာလို ကြေကွဲစရာတွေထပ်ဖြစ်မလာဖို့ ခပ်သွက်သွက်ဝင်ကိုင်ဖို့လိုပြီဖြစ်ကြောင်း ပြောပါတယ်။ ရှီးရက်က “အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုကို ဘလိုင်းကြီးဝင် တွယ်လို့မရဘူးလေ။ UN လုံခြုံရေးကောင်စီက ခွင့်ပြုချက်မျိုးလိုတယ်” လို့ ပြန်ဖြေပါတယ်။
UN လုံခြုံရေးကောင်စီမှာ ရုရှားဟာ ကန့်လန့်တိုက်မှာမို့ လုံခြုံရေးကောင်စီကို ရှောင်ကွင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့အတွက် US နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအော်လ်ဘရိုက်က အားထုတ်ပါတယ်။ ဆာဘ်တွေကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က တိတိပပ မကိုင်တွယ်နိုင်ချိန်ကို အခွင့်ကောင်းယူပြီး လူသတ်မီးရှို့ စစ်ဆင်ရေးတွေကို အရှိန်တင်ပါတော့တယ်။
၁၉၉၈ နွေဦးကစလိုက်တဲ့ဆာဘ်တွေရဲ့ ရှင်းလင်းရေးစစ်ဆင် ရေး တွေကြောင့် အလ်ဘေးနီးယန်း ၃ သိန်းထွက်ပြေးခဲ့ရပြီး ၁၅၀၀ ကျော် အသတ်ဖြတ်ခံလိုက်ရပါတယ်။ UNHCR ရဲ့ အစီရင်ခံစာမှာ ဒီအကြောင်းတွေပါလာတော့ ရုရှား ဟာ လူဆိုးအဖြစ်မခံတော့ဘဲ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ရပ်တည်ချက်ကိုတဆင့်လျှော့ပေးပါတယ်။ သူလျှော့မပေးရင်လည်း အောလ်ဘရိုက်တို့က တကယ်ဗြင်းမယ့် ပုံစံတွေပြလာတာကိုး။
ဒါကြောင့် ၁၉၉၈ စက်တင်ဘာ ၂၃ မှာ UN resolution ထွက်လာပါတယ်။ “ဒုက္ခသည်တွေကို နေရပ်ပြန်စေရမယ်။ အပစ်အခတ်ရပ်ဆဲပေးရမယ်” ဒါပေမဲ့ ဒီ resolution ကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ တွန်းအားဖိအား ပါမလာပါဘူး။ ဒါဟာ ရုရှားရဲ့ လက်ချက်ပဲလေ။ ဆာဘ်တွေ ကတော့ အင်အားမပါတဲ့ အဲဒီ resolution ကို စာရင်းထဲတောင် မထည့်ပါဘူးဗျာ။ စုံစမ်းစစ်ဆေးရေးအတွက်ဝင်လာတဲ့ OSCE အဖွဲ့ကိုတောင် ဖုတ်လေသည်ငပိ ရှိတယ်လို့မမှတ်ဘဲ ဆက်သောင်းကျန်းပါတယ်။
ဒီ resolution အတွက် အင်အားထည့်ပေးဖို့ NATO အဖွဲ့ဟာ ထူးခြား တဲ့လုပ်ဆောင်ချက်တစ်ခုကို လုပ်လိုက်ပါတယ်။ NATO ကာကွယ်ရေးဝန်ကြီးတွေဟာ UN resolution ထွက်ပြီး နောက်ရက်မှာပဲ အစည်းအဝေးတစ်ခု စတင်ကျင်းပပါတယ်။ ဆားဘီးယားကို စစ်ရေးအရ ခြိမ်းခြောက်ဖိအားပေးတဲ့ ကြေငြာချက်ထုတ်ဖို့ခေါ်တဲ့ အစည်းအဝေးပါ။ အစပိုင်း မှာ ဘုံသဘောတူညီချက်ထွက်လာဖို့ မဖြစ်နိုင်တဲ့အထိ အငြင်းပွားကြပါတယ်။
ဒါပေမဲ့ NATO အထွေထွေအတွင်းရေးမှူးချုပ်က ဆာဘ်တွေရဲ့ NATO အဖွဲ့အပေါ်စော်ကားမှုကို တခုတ်တရ မိန့်ခွန်းထည့်ပြောပြီးလမ်းကြောင်းထိန်းပါတယ်။
“ဆာဘ်တွေဟာ တစ်ရက်တစ်ရွာမီးသာရှို့ထား၊ NATO ဆိုတာအဝေးကြီးမှာဟေ့လို့” လှောင်ပြောင်တဲ့အထိ NATO အဖွဲ့ဟာသိက္ခာကျ ဆင်းနေရကြောင်း၊ ဒါဟာ ကိုဆိုဗိုကိစ္စသပ်သပ်မဟုတ်တော့ကြောင်း၊ ဒါကြောင့် အဆုံး အဖြတ်တစ်ခုခုထွက်လာသည်အထိ ဆွေးနွေးကြဖို့ NATO ထွေ/ချုပ်က ပန်ကြားပါတယ်။ ဒီမှာတင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အဆိုတစ်ရပ်တင်သွင်းပါတယ်။ “NATO အနေနဲ့ သီးခြားကြေငြာချက်မထုတ်တော့ဘူးဗျ၊ မနေ့ကထုတ်တဲ့ UN resolution ကိုပဲထောက်ခံကြောင်း ထုတ်မယ်။ အဲဒီ resolution အတိုင်း ဆာဘ်တပ်တွေမဆုတ်ခွာရင်တော့ NATO က ဗုံးဝင်ကြဲရလိမ့်မယ်။”လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အဆိုတင်တော့ အားလုံးသဘောတူညီချက်ရသွားပါတယ်။ အဆံမပါ အသံပဲပါတဲ့ UN resolution ကို NATO က အင်အား ဖြည့်ပေးလိုက်တဲ့သဘောပါ။
မီလိုဆီဗစ် ဘယ်လို တုန့်ပြန်မလဲ…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၄ )

ဒီကောင်တွေ ငပျော့တွေပါကွာ
NATO အဖွဲ့ရဲ့ သတိပေးချက် ရောက်လာတော့ မီလိုဆီဗစ်ဟာ သူ့စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးထိုင်ပါတယ်။ စစ်ဦးစီးချုပ်ကတော့ လက်ရှိဆားဘီးယားတပ်မတော်အနေနဲ့ NATO အဖွဲ့ကို ခုခံဖို့အင်အားမရှိကြောင်း ပရော်ဖက်ရှင်နယ်စစ်သားပီပီ တွက်ပြပါတယ်။ မီလိုဆီဗစ်ကတော့ ခေါင်းခါပါတယ်။ မီလိုဆီဗစ်အနေနဲ့ ဒီပွဲမှာ လွယ်လွယ်ကူကူ အရှုံးပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားရင် သူ့ရဲ့နိုင်ငံရေး သေသွားမှာပါ။ ဒါကြောင့် အတိုင်းအတာတခုထိ လူရှေ့သူရှေ့ ရာဇအိနြေ္ဒထိန်းပြဖို့ ကြိုးပမ်းပါတယ်။ ဆာဘ်တပ်မတော် စစ်ဦးစီးချုပ် Peresic က စစ်သားစစ်သားချင်း ခြေမြင်တဲ့သဘောနဲ့ သုံးသပ်ပြတာက “NATO အခုလုပ်နေတာက နိုင်ငံရေးတော်ကီပစ်နေတာမဟုတ်ဘူး၊ ဗုံးကြဲအမိန့်ထွက်လာဖို့က အဆင့်အများကြီး မရှုပ်ဘူးနော်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမြဲတမ်းတပ်တချို့ကို ကိုဆိုဗိုကနေ ရုပ်သိမ်းပြလိုက်မယ်။ ကျွန်တော်တို့ရဲ့စစ်ဆင်ရေးတွေကို တခြားနည်းလမ်းတွေ တပ်ဖွဲ့တွေနဲ့ ဆက်အကောင်အထည်ဖော်လို့ရတယ်” လို့ တင်ပြပါသတဲ့။
မီလိုဆီဗစ်ကတော့ “ဗုံးကြဲလည်း ခဏပေါ့ကွာ။ ငါတို့သာတောင့်ခံ ပြလိုက်ရင် NATO နောက်ဆုတ်သွားမှာပါ” လို့ ခန့်မှန်းသတဲ့။ NATO စစ်ဌာနချူပ်ကို ရောက်လာတဲ့ ရစ်ချက်ဟိုးလ်ဘရုခ်ကတော့ NATO လေတပ်ကို Activation Order ထုတ်ဆင့်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။ Activation Order ဆိုတာ ဗုံးကြဲလို့ အမိန့်ပေးလိုက်တာနဲ့ လေယာဉ်မှူးက လေယာဉ်ပေါ်ပြေးတက်ပြီး ချက်ချင်းပျံတက်နိုင်အောင် အသင့်ပြင်ထားဖို့ပါ။
ဒီအတွက် B-52 ဗုံးကြဲလေယာဉ်မှာ ဗုံးတွေတပ်ဆင်၊ F-15 ဂျက် ဖိုက်တာတွေမှာ ဒုံးတွေတပ်ဆင်ပြီး ပြေးလမ်းပေါ်တင်ထားလိုက်ပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာလည်း Adriatic ပင်လယ်ပြင်ဘက်ကို ဦးတည်ခုတ်မောင်းလာခဲ့ပါတယ်။ မီလိုဆီဗစ်ဆီကို အမိန့်တစ်ခု ထပ်ရောက်လာပါတယ်။ ၉၆ နာရီအတွင်း ကိုဆိုဗိုဒေသက အမြဲတမ်းဆာဘ်တပ်ဖွဲ့တွေထွက်ခွာ၊ မထွက်ခွာရင် ဗုံးကြဲမယ်။ ဒီမှာတင် မီလိုဆီဗစ်ဟာ ဈေးဆစ်မရမှန်းသိပြီး ကိုဆိုဗိုမှာပို့ထားတဲ့တင့်ကားလက်နက်ကြီးအပါအဝင် အမြဲတမ်းတပ်တွေကို ဆုတ်ခွာခိုင်းလိုက်ပါ တော့တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကတော့ ကိုဆိုဗိုဒေသရဲ့ မြို့ပြ တွေကို ဆက်လက်ထိန်းချုပ်ထားဆဲပါပဲ။ [တပ်မနှစ်ခုဖြစ်တဲ့ ဒူးနှစ်လုံးနဲ့ကုန်းကုန်း ဆုတ်ခွာသွားပုံနဲ့ ယှဉ်ကြည့်ပါ။ ဒီကကောင်တွေဟာ ဆာဘ်ထက်ပျော့ညံ့ပါတယ်။ အဲ ! ကလိမ်ကကျစ် အရာမှာတော့ အတူတူလောက်ပဲဗျ။ နယ်ခြားစောင့်ရဲ၊ ပြည်သူ့စစ်တွေနဲ့ လူသတ်ပွဲဆက်ကျင်းပတာလည်း ပုံစံတူနေပြန်ရောဗျ။]

ရှေ့တက်လာတဲ့ KLA


ဆာဘ်တပ်ဖွဲ့တွေဆုတ်ခွာသွားချိန်မှာတော့ KLA တပ်တွေဟာ ရှေ့တက်နေရာယူလာကြပါတယ်။ ဆာဘ်တွေဘက်က ဒီကိစ္စကို အထွန့်တက်ပါတယ်။ NATO က ကျွန်တော်တို့ဆာဘ်တွေကိုကျ အပစ်အခတ်ရပ်စဲပြီး တပ်ဆုတ်ခိုင်းတယ်။ KLA ကိုကျ ဘာဖိအားမှမပေးဘူးလို့ အထွန့်တက်တာပါ။ ဒါကို ဟိုးလ်ဘရုခ်က ဘယ်လိုတုန့်ပြန်လဲဆိုတော့ “ကျုပ်တို့က KLA ကို ဘာလုပ်ပါလို့ ဘယ်တော့မှအမိန့်မပေးဘူး။ ကျုပ်တို့ဘာလုပ်ပေးထားတယ် ဆိုတာကို သတင်းပေးရုံပဲလုပ်တယ်” လို့ ပြောချလိုက်တာပါ။
ဆိုလိုချင်တာက “မင်းတို့ဆာဘ်တွေဆုတ်ခွာရအောင် ငါတို့က ဖိအား ပေးတယ်။ ပြီးတော့ KLA ကိုလက်တို့လိုက်တယ်”လို့ ဒဲ့ kick တဲ့ သဘောပါ။ ဒါဟာ သမားရိုးကျစစ်ပွဲလို ဘက်မလိုက်ဘဲ ဒိုင်လူကြီးနေရာနေလို့မရပါဘူး။ အဖိ နှိပ်ခံတွေဘက်က ရပ်တည်ပြတယ်။ ဘက်လိုက်ပြတယ်လို့ US က message ပေးချင်တာပါ။ [ဟိုအဖွဲ့က ဟိန္ဒူတွေကို သတ်သွားပါတယ်။ တိုင်းရင်းသားတွေကို သတ်သွားတာ။ အဲဒါကို အခုထိအကြမ်းဖက်လို့ အမေရိကန်က အသိအမှတ် မပြုသေးဘူး ဘာညာအော်ရင်းနဲ့ ကိုယ်တိုင် မုဒိန်းတပ်မတော်ကြီးအဖြစ် သတ်မှတ်ခံလိုက်ရတာနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ပေါ့ဗျာ။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၅ )

နောက်ဆုံးတံခါးချပ်ဆွဲဖွင့်ခြင်း
ဆာဘ်တွေဟာ အထင်ကရမြို့ကြီးတွေမှာပဲ တပ်စွဲထားနိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ကျေးလက်နဲ့ မြို့ငယ်တွေရယ်၊ အဲဒီမြို့ငယ်လေး တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေဟာ KLA ရဲ့ လက်ထဲကို ရောက်သွားပါတယ်။ KLA တပ်မှူး Seliimi ပြောပြတာကတော့ အဲဒီအချိန်မှာ ကျုပ်တို့ဟာ ထောက်ပို့လမ်းကြောင်းတွေ ပြန်တည်ဆောက်တယ်။ ခဲယမ်းတွေစုပုံတယ်။
တပ်သားသစ်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတာနဲ့ KLA ဟာ သူတို့ရဲ့စစ်ဆင်ရေး တွေကို ထပ်ဆင့်အရှိန်မြှင့်ပါတယ်။ KLA တပ်မှူး Mustafa ပြောပြတာက “ဟား! ဆာဘ်တွေဟာ မြို့ကြီးတွေမှာ ခြေချုပ်မိသွားပြီးတော့ ကျုပ်တို့က လှည့်ပတ်စစ်ဆင်လို့ရတဲ့ အနေအထားဖြစ်သွားတာဗျို့”တဲ့။
KLA ဟာ ခြုံခိုတိုက်ပွဲနဲ့ စနိုက်ပါတွေကို အုပ်စုလိုက်သုံးပြီးစစ်ဆင်တဲ့ ပုံစံနဲ့ ဆာဘ်တွေကိုတိုက်ပါတယ်။ အရင်းနဲနဲသုံးပြီး အမြတ်များများရတဲ့ တိုက်ပွဲ မျိုးတွေပေါ့။ ဆာဘ်တွေဘက်က မခံမရပ်နိုင်ဖြစ်လာပြီး လက်တုန့်ပြန်တာတချို့ရှိလာပြန်ပါတယ်။ အဲဒီထဲကမှ တစ်ခုဟာ R2P ဝင်ဖို့ နောက်ဆုံးတံခါးချပ်ကို ဆွဲဖွင့်လိုက် ပါတော့တယ်။

———————————

၁၉၉၉ ဇန်နဝါရီလ KLA က ဆာဘ်ရဲ ၃ ယောက်ကို တိုက်ခိုက် သတ်ဖြတ်လိုက်တဲ့နောက်မှာတော့ ဆာဘ်အထူးရဲတပ်ဖွဲ့တွေဟာ Reccak ရွာကို စီးနင်းတိုက်ခိုက်ပြီး အရပ်သား ၄၅ ယောက်ကို သတ်ဖြတ်ပစ်လိုက်ပါတယ်။
OSCE အဖွဲ့ရဲ့ခေါင်းဆောင်ဟာ တောင်ကုန်းလေးပေါ်မှာ ပြန့်ကျဲနေတဲ့အလောင်းတွေဆီကို ရောက်တဲ့အခါမှာတော့ ခေါင်းမရှိတော့တဲ့ အလောင်းတွေ၊ လည်းပင်းပြတ်လုနီးပါးအလှီးခံထားရတဲ့ အလောင်းတွေ၊ အနီးကပ်တေ့ အပစ်ခံရတဲ့ အလောင်းတွေက ဆီးကြိုနေပါတယ်။ဆာဘ်တွေဘက်က ဒါဟာ KLA က ရုပ်ရှင်ရိုက်ဖို့ ကမ္ဘာကြီးကို လှည့်စားဖို့လုပ်ထားတဲ့ အရာတွေပါလို့ တန်ပြန်စွပ်စွဲပေမယ့်လည်း ကြားဖြတ်ကြေးနန်းဖမ်းယူရရှိမှုတွေနဲ့ မှုခင်းဆေးပညာအရစစ်ဆေးမှုတွေက တရားခံတွေ ဟာ ဆာဘ်တွေပဲလို့ တည့်တည့်ကြီး ညွှန်ပြနေပါတော့တယ်။
OSCE အဖွဲ့ဟာ လူအင်အား နှစ်ထောင်လောက်နဲ့ ကိုဆိုဗိုဒေသထဲကို စောင့်ကြည့်လာတာ ၁၉၉၈ အောက်တိုဘာကတည်းကပါ။ ဆာဘ်တွေရဲ့ ရက်စက်မှုနဲ့ ဗြောင်လိမ်မှုတွေကို မြင်ရပေါင်းများလှပါပြီ။ ဒီတပွဲမှာတော့ OSCE
အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က အော့နှလုံးနာသွားပါတယ်။ Reccak အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ Crimes very much against humanity လို့ သုံးနှုန်းပြောဆိုသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ US အနေနဲ့ ကြားဝင်စွက်ဖက်ဖို့ ရှာဖွေနေတဲ့ အကြောင်းပြချက်အတွက် Hard evidence ဖြစ်သွားပါတယ်။ US နိုင်ငံခြား ရေးဝန်ကြီး အောလ်ဘရိုက်က စစ်အင်အားသုံးစွဲဖို့ အချိန်ရောက်ပြီလို့ ဒဲ့ထွက် ပြောလာပါတယ်။ အန်တီကြီး အောလ်ဘရိုက် အောင်မြင်ပါ့မလား…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၆ )

ရာဇသံပို့ဖို့
“မစ္စအောလ်ဘရိုက်ဟာ တကယ်ထက်တဲ့အမျိုးသမီးပါ။ အဲ ! တယ်လည်းမလွယ်တဲ့ အမျိုးသမီးပဲဗျို့”လို့ ထုတ်ပြောလာသူကတော့ ပြင်သစ်သမ္မတ ရှီးရခ်ပါ။ သူပြောမယ်ဆိုလည်း ပြောစရာပါ။ US က Reccak ဖြစ်စဉ်အပြီး ဗုံးကြဲဖို့ပြောတော့ ပြင်သစ်သမ္မတက ရုရှားပါဝင်တဲ့ Contact Group ကနေတဆင့် တိုင်ပင်ကြည့်ဦးမယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ အဲဒီမှာတင် အန်တီကြီး အောလ်ဘရိုက်က Contact Group အစည်းအဝေးကို မစောင့်တော့ဘဲ မော်စကို ကို ရောက်ချသွားပါတယ်။ မော်စကိုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက US နိုင်ငံခြားရေးဝန်ကြီးကို ပြဇာတ်ရုံမှာ ဧည့်ခံပါတယ်။ ပြဇာတ်ပွဲ အရှိန်မြင့်စမှာ US နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှစ်ပါးဟာ ဘေးချင်းယှဉ်ထိုင်လျက်ရှိနေကြတာပါ။ အလုပ်ကိစ္စဘာညာ ဘာမှ မပြောကြပါဘူး။ ဒီအချိန်မှာပဲ ဗြုန်းခနဲ စကားစပြောတဲ့သူက US နိုင်ငံခြား ရေးဝန်ကြီးအောလ်ဘရိုက်ပါ။ အန်တီကြီးက စကားကို တိုးတိုးလေးပြောတာပါ။ ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ကျောထဲစိမ့်ခနဲ့ကို ဖြစ်သွားပါတယ်။
အန်တီကြီးပြောတဲ့စကားက “အမေရိကန်ပြည်ထောင်စုနဲ့ရော NATO တပ်ဖွဲ့အနေနဲ့ပါ ဆာဘ်တွေကိုဗုံးကြဲဖို့ ရာဇသံပေးတော့မှာဖြစ်ကြောင်း” ပါတဲ့ဗျာ။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြဇာတ်ခန်းမဆောင်အတွင်းမှာပဲ မျက်စိ မျက်နှာပျက် ဖြစ်နေပါတော့တယ်။ အမေရိကန်တွေဟာ သူတို့လုပ်ချင်ရင် အဲသလိုဇွတ်တရွတ်လုပ်တတ်ပါတယ်။ အန်တီကြီး အောလ်ဘရိုက်ဟာ မော်စကိုမှာပြောခဲ့ဆိုခဲ့တာတွေကိုပြင်သစ်နဲ့ ဗြိတိန်ကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ ပြင်သစ်နဲ့ ဗြိတိန်ဟာ Contact Group အကြောင်းကိုစကားထဲတောင် ထည့်မပြောကြတော့ပါဘူး။ ဒါပေမဲ့ ချက်ချင်းကြီးရာဇသံပို့မယ့်အစား ဆာဘ်နဲ့အလ်ဘေးနီးယန်းတွေကို အကြေအလည်ဆွေးနွေးခိုင်းပြီး မရတော့မှဘဲ ရာဇသံပို့ဖို့ ပြန်ပြောကြပါတယ်။
US ကလည်း ဒါကို လက်ခံလိုက်ပါတယ်။ ဒီမှာတင် ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ မိုင် ၂၀ လောက်အကွာက ယန်ဘူးယေးရဲတိုက်ဥယာဉ်ကြီးမှာ ရက်သတ္တပတ် သုံးပတ်နီးပါးကြာတဲ့ တံခါးပိတ် အိမ်တွင်းပိတ် ဆွေးနွေးပွဲတွေ ကျင်းပရပါတော့တယ်။

ယန်ဘူယေး ဆွေးနွေးပွဲ
ကိုဆိုဗားအလ်ဘေးနီးယန်းတွေဘက်က KLA အဖွဲ့ဝင်အများစုနဲ့ LDK က ကိုယ်စားလှယ်တချို့ တက်ရောက်ပါတယ်။ ဆာဘ်တွေဘက်က မီလိုဆီဗစ် ရဲ့ ညာလက်ရုံးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပါတယ်။ မီလို ဆီဗစ်ကိုယ်တိုင်မပါတဲ့အတွက် ဒါဟာ အနုတ်လက္ခဏာဆောင်တယ်လို့ US က ယူဆပါတယ်။ ဆာဘ်နဲ့ အလ်ဘေးနီးယန်းတွေဟာ မျက်နှာချင်းဆိုင်လို့မရတာကြောင့်US က ဆာဘ်တွေအတွက် ဆွေးနွေးဖို့မူဘောင်နဲ့ အချက်အလက်တွေကို ပေးအပ်ပြီး ဆာဘ်ကိုယ်စားလှယ်ချည့်ပဲ အိမ်တစ်အိမ်ထဲမှာ စုထည့်ပေးထားလိုက်ပါတယ်။
အချင်းချင်း အကြေအလည်ဆွေးနွေး၊ ပြီးရင် US ကို ပြန်ပြောပြ ဆိုတာမျိုးပါ။ အလ်ဘေးနီယန်းတွေအတွက်လည်း အဲဒီအတိုင်းစီစဉ်ထားလိုက်ပါတယ်။
ကဲ…! ပြောကြ…..ဆိုကြ….ညှိကြပေတော့….။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၇ )

ဆာဘ်တွေဘက်
ဆာဘ်တွေအတွက် US ချပေးထားတဲ့ မူဘောင်က
– ကိုဆိုဗိုဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးဖို့
– အဲလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပြန်လည်တည်ဆောက်ပေးရာ မှာ NATO အဖွဲ့က အနီးကပ်ကြီးကြပ်ပေးမယ်။
ဒီအချက်တွေကို မီလိုဆီဗစ်ဆီအကြောင်းကြားတော့ မီလိုဆီဗစ်က ဒါဟာ ဆားဘီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ လက်မခံနိုင်ဘူးလို့အကြောင်းပြန်ပါသတဲ့။
ဆားဘီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က US သံတမန်ကို ပြန်လည်ပြောဆိုရာမှာ ဝေ့လည်ကြောင်ပတ်လုပ်ဖို့ အားထုတ်ပါတယ်။ ဆာဘ်ကိုယ်စားလှယ်က “NATO တပ်တွေအနေနဲ့ ဆားဘီယားနိုင်ငံထဲမှာ လမ်းအသုံးပြုခ၊ လေဆိပ်အသုံးပြုခ စသဖြင့် ငှားရမ်းခတွေပေးပြီး တပ်စွဲမယ်ဆိုရင် ခွင့်ပြု မယ်လို့” ပြောပါသတဲ့။ ဒါမျိုးဟာ တခြားမိတ်ဖက်နိုင်ငံတွေမှာလည်း NATO က လုပ်နေကျပုံစံပါ။ ဒါပေမဲ့ ဆားဘီယားဟာ မိတ်ဖက်နိုင်ငံမဟုတ်ပါဘူး။ US ကိုယ်စားလှယ် ကတော့ “ဒီမှာကိုယ့်လူ! ကျုပ်တို့အခုဆွေးနွေးနေတာ ခင်ဗျားတို့နိုင်ငံကိုဗုံးကြဲရမလား၊ မကြဲရဘူးလား ဆွေးနွေးနေတာနော်” လို့ မျက်နှာထိမျက်နှာထားနဲ့ပြန်ပြောလိုက်ပါတယ်။ ဆာဘ်တွေနဲ့ ဆွေနွေးပွဲဟာ ရှေ့ဆက်တိုးမရလောက်အောင် ဂျပ်ပိတ်သွားပါတော့တယ်။

အလ်ဘေးနီးယန်းဘက်
ဒီဘက်ပိုင်းကလည်း အဆင်မချောလှပါဘူး။
အဓိက,ကတော့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေက ဆားဘီးယားကနေခွဲထွက်ပြီး သီးခြားလွတ်လပ်သော ကိုဆိုဗိုနိုင်ငံအဖြစ် ရပ်တည်လိုတာဖြစ်ပြီး အမေရိကန်ကတော့ ကိုဆိုဗိုဒေသကို ဆားဘီးယားနိုင်ငံထဲမှာပဲ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရဒေသအဖြစ် ဆက်ရှိစေချင်တာပါ။ အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့က လွတ်လပ်ရေးဆိုတဲ့ စကားလုံးကိုထည့်ဖို့လုပ်တော့ US က ခေါင်းခါပါတယ်။ ဒါဆို လွတ်လပ်ရေးဆိုတာတော့တိုက်ရိုက်မထည့်ဘူး။ လူထုဆန္ဒခံယူပွဲ = referendum လုပ်မယ်လို့ ပြောတော့လည်း US က လက်မခံပါဘူး။ အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့က KLA အဖွဲ့ကို “လွတ်လပ်ရေးလည်းမပါဘူး၊ referendum လည်းမပါဘူး။ ဒါပေမဲ့ လက်မှတ်ထိုးလိုက်ရတော့မလား” လို့ အကြောင်းကြားတော့ KLA အဖွဲ့က “မင်းတို့အဲဒီလိုသာ ဘာအာမခံမှမပါဘဲ လက်မှတ်ထိုးလာခဲ့ရင်တော့ မင်းတို့လေယာဉ်ကို ငါတို့ကိုယ်တိုင် ပစ်ချမယ်” လို့ အကြောင်းပြန်ပါသတဲ့။
အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ US နဲ့ KLA ကြားမှာ ကြားညပ်နေပါတော့တယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကလည်း ထောက်ရသေးတယ်။ ဒါပေမဲ့ လွတ်လပ်ရေးမှလွတ်လပ်ရေးလို့ ခေါင်းမာပြန်ရင်လည်း US က ကူညီတော့မှာမဟုတ်ဘူး။ ရှေ့မှာ အဲဒီလို ခေါင်းမာ ပြလို့ ကာဒ်တွေရဲ့ ဂျင်နိုဆ်ုဒ်ကိစ္စကို ကမ္ဘာကလျစ်လျူရှုပစ်ခဲ့ပြီး ကာဒ်တွေဟာ ဒုက္ခတောထဲမျောနေတာလည်း အထင်အရှား။
အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့ဟာ ဒီလိုအတွေးအမြင်တွေနဲ့ အိမ်တစ်လုံးထဲမှာ တံခါးပိတ်ပြီးဆွေးနွေးလိုက် ငြင်းလိုက်နဲ့ နှစ်ပတ်ကျော်ကျော် ကြာလာခဲ့ပါတယ်။ ဒီမှာတင် ဒီဆွေးနွေးပွဲကို မြန်မြန်ဖြတ်ဖို့ အန်တီကြီး အောလ်ဘရိုက်က တိုက်ရိုက်ဝင်လာပါတော့တယ်။

———————————–

Hashim Thaci

“ သားရယ်! အန်တီတို့က ဗုံးကြဲချင်တာ၊ အကြောင်းပြချက်က ဆာဘ်တွေဘက်က ငြင်းဆန်လို့ဆိုတဲ့အနေအထားကို လိုချင်တာ။ ဆာဘ်တွေဘက် ကလည်း ငြင်းဆန်အာခံတဲ့ပုံစံဝင်သွားပြီ။ အဲဒါကို သားတို့ဘက်က မပြေလည် သေးလို့ဆိုတဲ့ပုံစံ မဖြစ်စေချင်ဘူး” လို့ အန်တီကြီးအောလ်ဘရိုက်က အလ်ဘေး နီးယန်းကိုယ်စားလှယ်ခေါင်းဆောင်ကို ပြောလိုက်ပါတယ်။
အလ်ဘေးနီးယန်း ကိုယ်စားလှယ်ခေါင်းဆောင်ဟာ သားလို့ခေါ်ရသည် အထိ ငယ်ငယ်ရွယ်ရွယ်လေးပါ။ အသက်မှ ၃၀ စွန်းစွန်းပဲရှိပါသေးတယ်။ သူ့ကို ခေါင်းဆောင်အဖြစ် သေချာတင်လွှတ်လိုက်ရတဲ့ ရည်ရွယ်ချက် ကိုက သူဟာ အဘိုးကြီးတွေလိုခေါင်းမမာဘဲ နိုင်ငံတကာရေးရာကိုလည်း နှံ့စပ်တဲ့သူမို့ပါ။ တစ်မျိုးသားလုံးရဲ့ ကံကြမ္မာဟာ အသက် ၃၀ စွန်းစွန်း လူငယ်လေးတစ်ယောက်ရဲ့ လက်ထဲမှာပါ။
မစ္စအောလ်ဘရိုက်နဲ့ တွေ့ပြီးတဲ့အခါမှာတော့ အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ ဆက်ဆွေးနွေးကြပါတယ်။ အခြေခံမူဘောင်မှာ လွတ်လပ်
ရေးဆိုတာလဲ ဖြုတ်ပေးလိုက်တယ်။ referendum ဆိုတာလည်း ဖြုတ်ပေး လိုက်တယ်။ ဒါပေမဲ့ အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ referendum အတွက် လမ်းစထည့်ဖြစ်အောင်ထည့်ဖို့ ကြိုးစားပါတယ်။
အဲဒါကတော့ “ဒေသံခံပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားပါ့မယ်” ဆိုတဲ့စာကြောင်းပါ။ ဒီစာကြောင်းကို အလ်ဘေးနီးယန်းဘာသာ စကားနဲ့ ရေးထားတဲ့မူဘောင်မှာထည့်တာကို ဘေးက US အကြံပေးက မသိ သေးပါဘူး။ translator စက်နဲ့ဘာသာပြန်တော့မှမြင်သွားပြီး ဟေ့… အဲဒါ မထည့်နဲ့လို့ အော်ပါတော့တယ်။
“Thaci ငါတို့မူရင်းတင်တဲ့အတိုင်း လက်မှတ်ထိုးလိုက်တော့။ ဘာမှ ထပ်မဖြည့်နဲ့တော့။ အခုချက်ချင်း လက်မှတ်ထိုးကွာလို့” US အကြံပေးက တောက်လျှောက်ဖိအားပေးနေပါတယ်။ Thaci ဆိုတာ အလ်ဘေးနီးယန်း ကိုယ်စားလှယ်ခေါင်းဆောင် လူငယ်လေးလေဗျာ။ သူက လက်မှတ်ထိုးပြီး စာကြောင်းထပ်ထည့်ဖို့လုပ်ချိန်မှာ US အကြံပေးက စာရွက်တွေကိုဆွဲယူသွားပြီး “ရတယ်! ဒါဆိုရတယ်” ဆိုပြီးထွက်သွားပါတော့တယ်။
ဒါ့ကြောင့် စာရွက်စာတမ်းတွေမှာ အလ်ဘေးနီးယန်းလို ရေးထားတာ မှာ “ဒေသခံပြည်သူလူထုရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားမယ်”ဆိုတဲ့ စာကြောင်းပါပြီး အင်္ဂလိပ်လိုရေးထားတာမှာ ပါမလာပါဘူး။ US အကြံပေးက မစ္စအောလ်ဘရိုက်ကို ဒီကွဲပြားမှုအကြောင်းပြောပြပေမယ့် အန်တီကြီးကတော့ ဘာမှပြန်ပြောမနေ ပါဘူး။ ကျန်တဲ့ မဟာမိတ်တွေကိုလည်း ဒီကွဲပြားမှုအကြောင်း ဘာမှရှင်းပြမနေ တော့ပါဘူး။
US နိုင်ငံခြားရေးအကြံပေးအရာရှိတွေဟာ ခပ်တည်တည်နဲ့ သတင်း ထောက်တွေကြားထဲဆင်းချသွားပြီး “အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်တော်တို့ချမှတ်ပေးတဲ့ မူဘောင်အားလုံးကို သဘောတူလက်မှတ်ထိုးပြီးပြီ မို့ လက်မခံတဲ့ဆာဘ်တွေဆီကိုဗုံးကြဲဖို့ ရာဇသံပို့တော့မယ်လို့” ပြောချလိုက်ပါတော့တယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၈ )

ပြောမရဆိုမရမို့ တီးပြီ
၁၉၉၉ မတ်လ ၈ ရက်မှာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက မီလိုဆီဗစ်နဲ့တွေ့ဆုံပြီး ဆားဘီးယားအနေနဲ့ အမေရိကန်နဲ့စစ်ဖြစ်လို့ ဘာမှကောင်းလာစရာ မရှိကြောင်း၊ ဂျာမနီဆိုရင် အမေရိကန်နဲ့ နှစ်ကြိမ်တိုင်တိုင်စစ်ဖြစ်ခဲ့ပြီး ၂ ကြိမ်လုံး အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုပါတယ်။ မီလိုဆီဗစ်ကတော့ ခေါင်းခါလိုက်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ ရစ်ချက်ဟိုးလ်ဘရုခ်က ရာဇသံလာပေးပါတော့တယ်။
ဟိုးလ်ဘရုခ်က “ငါတို့အမေရိကန်လေယာဉ်တွေက ပစ်လွှတ်လိုက် မယ့် smart bomb တွေဟာ ဟောဒီမင်းရှေ့က စားပွဲခုံကိုတောင် ကွက်တိလာမှန် သည်အထိ တိကျတယ်နော်” လို့ မီလိုဆီဗစ်ရဲ့ သမ္မတဧည့်ခံဆောင်က စားပွဲကို ပုတ်ပြီး ဒဲ့ပြောတာပါ။ မီလိုဆီဗစ်က ခေါင်းခါလိုက်ပါတယ်။

Legal Basis


မတ်လ ၂၄ ရက်နေ့မှာတော့ NATO လေယာဉ်ပျံ အစင်း ၄၀၀ ဟာ ဝေဟင်ထဲကို ပျံတက်သွားခဲ့ပြီး ဆားဘီးယားနိုင်ငံ ကိုဆိုဗိုဒေသက ဆာဘ် လေကြောင်းကာကွယ်ရေးစခန်းနဲ့ ရေဒါတွေကို ပစ်ခတ်ပါတော့တယ်။ ဗုံးမကြဲခင် မတ်လ ၂၃ ရက်နေ့ညက US သမ္မတ ကလင်တန်ဟာ အလုပ်တွေ ရှုပ်နေပါတယ်။ စစ်ဆင်ရေးအတွက် အလုပ်ရှုပ်နေတာတော့ မဟုတ်ပါဘူး။ အဲဒါ စစ်ဗိုလ်ချုပ်တွေရဲ့ အလုပ်ပါ။
ကလင်တန် အလုပ်ရှုပ်နေရတာက အချုပ်အချာအာဏာပိုင်သော ဆားဘီးယားနိုင်ငံကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ ဘာ့ကြောင့်လဲဆိုတဲ့ legal basis = ဥပဒေကျောထောက်နောက်ခံကို ရှာနေရလို့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြု ချက်မယူဘဲ ဒီလိုစွက်ဖက်ရတဲ့ နောက်ခံကတော့ Genocide ကြောင့်ပါဆိုတဲ့ Legal basis ကို သက်သေပြဖို့ သမ္မတကလင်တန်ဟာ ဥပဒေပညာရှင်တွေကို ရှေ့ထုတ်လာရပါတယ်။
သမ္မတကလင်တန် အနေနဲ့ ဒီလို legal basis ရှာရတာ အကြောင်းရှိပါတယ်။ ဗုံးကြဲစစ်ဆင်ရေးစပြီးလို့ ၂ နာရီကြာမှ US ဟာ ရုရှားသမ္မတယဲ့လ်ဆင်ဆီကို အကြောင်းကြားလိုက်ပါတယ်။ ယဲ့လ်ဆင်ဟာ သူ နှပ်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရတော့ ရေရေလည်လည် ဒေါခီးပြီး ဒါဟာ ကျူးကျော်မှုပဲ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်တာမို့ ကလင်တန်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပဲလို့ ခွအော်ပါတယ်။
ယဲ့လ်ဆင်နဲ့ ဖုန်းပြောနေတဲ့ ပြင်သစ်သမ္မတ ရှီးရခ်ဆိုရင် နားမခံသာ လွန်းလို့ ဖုန်းခွက်ကို နားကနေ ခွာပြောရပါသတဲ့။ ဗုံးကြဲစစ်ဆင်ရေး ကာလအတွင်းမှာ US စစ်ဥပဒေချုပ်က ဆားဘီးယားဟာ အချုပ်အချာအာဏာပိုင်တဲ့ နိုင်ငံဖြစ်သော်လည်း ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို ကျူးလွန်တာကြောင့် ဝင်ရောက်တားဆီးရမယ်ဆိုတဲ့ Responsibility အရ ဗုံးဝင်ကြဲတာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိုယ့်အတွေးနဲ့ကိုယ်
ဗုံးကြဲစစ်ဆင်ရေး စတင်စဉ်မှာ မီလိုဆီဗစ် အတွေးက “ဗုံးကြဲတာ ၂၄ နာရီထက်ပိုမကြာနိုင်ဘူး။ ငါတို့ဘက်ကသာ တောင့်ခံပြရင် NATO ဟာ နောက် ဆုတ်သွားမှာလို့” တွက်ပါတယ်။ လက်တွေ့မှာတော့ ဗုံးကြဲတာက တစ်ရက်နဲ့လည်းရပ်မသွား နှစ်ရက်နဲ့လည်းရပ်မသွားဘဲ သုံးရက်မြောက်မှာတော့ ကိုဆိုဗိုက ဆာဘ်လေကြောင်းကာကွယ်ရေးစနစ်တွေအကုန်လုံးကို NATO က စိစိညက်ညက်ခြေပြီးသားဖြစ်သွားပါတယ်။
ဒါဟာ NATO စစ်ဆင်ရေးရဲ့ ပထမ အဆင့်ပါ။ NATO တပ်မှူးတွေဘက်ကလည်း ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးယဉ်ကြပါတယ် “ဘော့စ်နီးယားမှာတောင် ဗုံးကြဲတာ သုံးပတ်ပဲကြာတာ၊ ကိုဆိုဗို မှာတော့ လွန်ရောကျွံရောကြာလှ တစ်ပတ်ပေါ့” ဒါ့ကြောင့် လေယာဉ်ပိုင်းလော့တွေဟာ “ငါဗုံးကြဲမှာ မင်းမကြဲသေးနဲ့ဦး ဒီတစ်လှည့်ကျွန်တော် ပျံတက်ပါရစေ” စသဖြင့် လုနေကြပါတယ်။ လူစုံတက်စုံ ဗုံးကြဲခွင့်မရလိုက်ရဘဲ စစ်ဆင်ရေးပြီးသွားမှာကို စိုးရိမ်နေကြတာပါ။
NATO ဗုံးကြဲစစ်ဆင်ရေးမှာ မူဝါဒချမှတ်ထားတာတစ်ခုက ကိုယ့်ဘက် က အထိအခိုက် အကျအဆုံးမရှိစေရဆိုတဲ့ အချက်ပါပဲ။ ဒီအတွက် NATO လေယာဉ်တွေဟာ ဆာဘ်လေယာဉ်ပစ်လက်နက်တွေ လက်လှမ်းမမှီတဲ့ ပေ ၁၅၀၀၀ အထက်ကနေ ပျံသန်းဗုံးကြဲရပါတယ်။ စစ်ဆင်ရေးစီမံချက်ကို ရေးဆွဲရာမှာလည်း ပထမ ၃ ရက်အတွင်း ဆာဘ် လေကြောင်းကာကွယ်ရေးစနစ်တွေကို ပြားပြားဝပ်အောင် ဖျက်ဆီးပစ်ရ မယ်။ အဲဒါပြီးရင် နောက် သုံးရက်အတွင်း ဆာဘ်အခြေစိုက်စခန်းတွေ၊ ခဲယမ်း သိုလှောင်ရုံတွေ လက်နက်ကြီးနေရာတွေကို ဖျက်ဆီးပစ်ရမယ်။
အဲဒါတွေပြီးမှ လှုပ်ရှားစုဖွဲ့နေတဲ့ ဆာဘ်တပ်တွေကို တိုက်ခိုက်ရမယ်။ လိုအပ်ရင် KLA ကို လေကြောင်းပစ်ကူပေးရမယ် စသဖြင့် ရေးဆွဲထားတာပါ။
ဒါကို ဆာဘ်တွေဘယ်လို အန်တုမလဲ…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၉ )

မထူးဇာတ်ခင်း
မီလိုဆီဗစ်ဟာ ဆားဘီးယားအနေနဲ့ NATO ကို ယှဉ်နိုင်စရာမရှိ ဘူးဆိုတာကို ကောင်းကောင်းကြီးသိပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အလွယ်တကူ အလျှော့ပေးလိုက်ရင် သူမြှောက်ပေးထားတဲ့ လူထုကိုယ်တိုင်က သူ့ကို ကြိုးကွင်း စွပ်ပြီးသတ်ပစ်မှာမို့ မရဲပဲနဲ့ ကျွဲပြဲစီးပြရပါတော့တယ်။
မီလိုဆီဗစ် စဉ်းစားပုံက NATO ဟာ နိုင်ငံ ၂၀ နီးပါးရှိတဲ့ အဖွဲ့အစည်းဆုံးဖြတ်ချက်ချရာမှာ ငြင်းကြခုန်ကြနဲ့ လေးကန်လေ့ရှိတယ်။ ဆာဘ်တွေဘက် ကသာ တောင့်ခံထားပြီး NATO ဘက်ကို အထိအခိုက်တချို့ရှိလာစေရုံနဲ့ NATO နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အက်ကွဲလာမှာပဲ။ ဒါက နိုင်ငံရေး အရစဉ်းစားတာ။စစ်ရေးအရ စဉ်းစားရရင် ဆားဘီယားတပ်မတော်ဟာ အရန်အင်အား အပါအဝင် အင်အား ၁ သန်းကျော်ရှိတယ်။ (၁ သန်းနော်) လေကြောင်းရန် ကာကွယ်ရေးအရလည်း အတိုင်းအတာတစ်ခုထိ အင်အားတောင့်တင်းမှုရှိတယ်။ ရာသီဥတု ကန့်သတ်ချက်ရယ် camouflage = ဖုံးကွယ်ပုံဖျက်ပြီးမျက်ကွယ်ရ အောင်လုပ်ထားရင် NATO ရဲ့ဗုံးကြဲမှုတွေကို မထိရောက်အောင် လုပ်နိုင်တယ်။
ဗုံးကြဲစစ်ဆင်ရေး ရက်ရှည်လာတာနဲ့အမျှ စစ်စရိတ်ထောင်းလာပြီး NATO အဖွဲ့အတွင်းမှာ စကားများစရာတွေ ဖြစ်လာမယ်။ နောက်တနည်းကတော့ မထူးဇာတ်ခင်းတာ။
အလ်ဘေးနီးယန်းတွေကို ဂျင်နိုဆိုဒ်လုပ်လို့ ဗုံးကြဲတာဆိုရင် ဗုံးကြဲနေစဉ်အတွင်းမှာကို သတ်ဖြတ်၊ မီးရှို့၊ မောင်းထုတ်တာတွေ ပိုလုပ်ပြပြီး ဗုံးကြဲတာ မထိရောက်ကြောင်း သက်သေပြတာ။ မီလိုဆီဗစ်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်တာကြောင့် နိုင်ငံရေး အကျိုးအမြတ်ပေါ်မှာ တွက်ချက်ပြီး ဗုံးကြဲစစ်ဆင်ရေးကို တုန့်ပြန်တာပါ။

Fighters against Genocide
မီလိုဆီဗစ် ထည့်သွင်းတွက်ချက်မထားမိတဲ့ လူတချို့ကတော့ “ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တိုက်ကိုတိုက်ဖျက်ပစ်ရမယ်။ အဲသလို တိုက်ဖျက်ရာမှာ ပေးဆပ် ထိခိုက်မှုတွေ ဖြစ်လာရင်လည်း ဖြစ်ပစေလို့ ခံယူချက်ထားရှိတဲ့” Fighters against Genocide တွေပါ။ ဥပမာအားဖြင့် NATO ဗုံးကြဲစစ်ဆင်ရေးကို ဦးဆောင်နေတဲ့ အမေရိကန် ဗိုလ်ချုပ် ဝက်စ်လေကလခ်ဟာဆိုရင် မီလိုဆီဗစ်ကို ဂျင်နိုဆိုဒ် ရာဇဝတ်ကောင် အဖြစ် အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းမြင်ထားသူပါ။
တခြားနိုင်ငံရေးသမားတွေက မီလိုဆီဗစ်ကို သံခင်းတမန်ခင်းကျွမ်းကျင် တဲ့ ညှိနှိုင်းလို့ရတဲ့ သူတစ်ယောက်အဖြစ် မြင်နေစဉ်မှာတောင် ဗိုလ်ချုပ်ကလခ်က ဒီကောင်ဟာ သားသတ်သမားလိုစိတ်မျိုးရှိတဲ့ကောင်လို့ ရှုမြင်ခဲ့ပါတယ်။ မီလိုဆီဗစ်က အလ်ဘေးနီးယန်းတွေကို ပိုမိုသတ်ဖြတ်ပြပြီး ဗုံးကြဲတာကို ထိုးနှက်လာတဲ့အခါ မှာတော့ ဗိုလ်ချုပ်ကလခ်ဟာ စစ်ဆင်ရေးကို နောက်ဆုတ်ပေးဖို့ထက် အရှိန်မြှင့် ဖို့ အားထုတ်ပါတော့တယ်။
ဗုံးကြဲလေယာဉ် အရေအတွက်ကို အစင်း ၄၀၀ သုံးစွဲနေရာကနေ အစင်း ၁၀၀၀ ထိ တိုးမြှင့်သုံးစွဲပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်ပါတယ်။ အလ်ဘေးနီးယန်း တွေအကြား ကိုယ်ယောင်ဖျောက်ပြီး လူသတ်ပွဲဆင်နွှဲနေတဲ့ ဆာဘ်စစ်ကြောင်း တွေကို ရုတ်ချည်းတုန့်ပြန်နိုင်အောင်လို့ အနီးကပ်တေ့ပစ်နိုင်တဲ့ helicopter gunship တွေကိုပါ သုံးစွဲပါတယ်။
ဒါ့အပြင် ပစ်မှတ်တွေကို ကိုဆိုဗိုဒေသအတွင်းသာ ကန့်သတ်ချက် မထားတော့ဘဲ ဆားဘီးယား ပြည်မကြီးထဲကိုပါ ဝင်ရောက်ဗုံးကြဲပါတယ်။ ဆားဘီးယားတပ်မတော်အတွက် လေကြောင်းရန် ကာကွယ်ရေးရေဒါတွေကို နေရာပေးထားတဲ့ မွန်တီနီဂရိုးနိုင်ငံကိုလည်း ဗုံးဝင်ကြဲပစ်ပါတယ်။ ဒါပေမဲ့ NATO ရဲ့ ဗုံးကြဲစစ်ဆင်ရေးဟာ အစဉ်သဖြင့် အဆင်ချောနေတာ တော့မဟုတ်ပါဘူး။ NATO လေယာဉ်တွေဟာ အလ်ဘေးနီးယန်းဒုက္ခသည် ကားတန်းတစ်ခုကို ဆာဘ်စစ်ကြောင်းမှတ်ပြီး ဗုံးမှားကြဲမိသွားပါတယ်။ အလ်ဘေးနီးယန်းဒုက္ခသည် ၇၀ လောက်သေသွားပါတယ်။ မီလိုဆီဗစ်ကတော့ အကွက်ဝင် တုန်းတွယ်ပါတော့တယ်။ မီဒီယာသမားတွေကို တောက်လျှောက်ပိတ်ပင်ထားတဲ့ မီလိုဆီဗစ်ဟာ ချက်ချင်းပဲ မီဒီယာသမားတွေကို ဝင်ခွင့်ပြုပြီး NATO လက်ချက်နဲ့ လူတွေသေဆုံးနေရကြောင်း၊ ထွက်ပြေးနေရကြောင်း ဝါဒဖြန့်ပါတယ်။ ဥရောပတိုက်က ပြင်သစ်နဲ့ ဂျာမနီလိုနိုင်ငံတွေမှာပါ NATO ဗုံးကြဲတာကို ကန့်ကွက် ဆန္ဒပြတဲ့အုပ်စုတွေ ပေါ်လာပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကလခ်ကတော့ စစ်ဆင်ရေးကို အရှိန်ဆက်မြှင့်တာပါပဲ။ ဆားဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်က နိုင်ငံခြားသံရုံးတွေထွက်ခွာဖို့ ကြေငြာခဲ့ပြီး မထွက်ခွာဘဲ ပေကပ်နေတဲ့ တရုတ်သံရုံးဟာလည်း ဗုံးအကြဲခံလိုက်ရပါတယ်။ ပြီးမှ မြေပုံအဟောင်းကိုကြည့်ပြီး ပစ်မိလို့မှားသွားကြောင်း တောင်းပန်ပါတယ်။ တရုတ်သံရုံးကို ဗုံးမှားကြဲမိပြီး နောက်ရက်ကျတော့ ဗိုလ်ချုပ်ကလခ်ရဲ့ ရုံးခန်းကို စာတွေတထောကြီးရောက်လာပါတယ်။
စာတွေရဲ့ အနှစ်ချုပ်ကတော့…
သို့
ဗိုလ်ချုပ် ကလခ်
ကျွန်တော် အိမ်ပြောင်းသွားပါပြီ။ ကျွန်တော်ရဲ့
အိမ်လိပ်စာအသစ်ကတော့ . . . . . . . .
စသဖြင့် ပြောင်ပြီးရေးထားတာပါ။
ဒါပေမဲ့ တရုတ်သံရုံးဟာ ဆားဘီးယားတပ်မတော်အတွက် ကြေးနန်း signal တွေကို တဆင့်ခံပေးပို့နေကြောင်းသိရှိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကလခ်ကတော့ မြေပုံမှားလိုက်ရတာကိုပဲ ကျေနပ်နေလေမလား။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁၀ )

မထိရောက်သောကာကွယ်မှု
NATO ရဲ့ smart bomb တွေဟာ အပူကိုအာရုံခံပြီး ပစ်မှတ်ကို ရှာဖွေတာမို့ ဆာဘ်တွေက စစ်ဘက်ပစ်မှတ်တွေရဲ့ အနီးအနားမှာ အပူပေးထား တဲ့ဘွိုင်လာအိုးတွေကို နေရာချထားပြီး လမ်းလွှဲပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ပစ်မှတ်အတုတွေကို နေရာချထားပြီး လမ်းလွှဲတာလည်း လုပ်ပါတယ်။
NATO ဘက်က စစ်ဆင်ရေးအတွင်း ဗုံးအလုံးရေ ၁၅၀၀၀ ပစ်ခတ်ခဲ့ပြီး အဲဒီထဲကမှ ၁၅ လုံးဟာပဲ အဲလိုလမ်းလွှဲပစ်မှတ်တွေကို မှားပြီး ထိမှန်ခဲ့တာပါ။ ဆားဘီယားတပ်မတော်ရဲ့ ပုံဖျက်လမ်းလွှဲလေကြောင်းရန်ကာကွယ်ရေးနည်းဗျူဟာ မီလိုဆီဗစ်မျှော်လင့်ထားသလို စစ်ဆင်ရေးလမ်းကြောင်းတစ်ခုလုံး ကို လမ်းလွှဲစေဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မြို့တော် ဘဲလ်ဂရိတ်မှာရှိတဲ့ ဆာဘ် တပ်မတော်စစ်ရုံးချုပ်နဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေဟာ ပထမအချီ ဗုံးကြဲစဉ်မှာပဲ ပြားပြားဝပ်သွားပါတယ်။
ဗိုလ်ချုပ်ကလခ်ကတော့ ဆားဘီးယားနိုင်ငံရဲ့ အဝေးပြေးလမ်းမတွေ၊ လေဆိပ်တွေ၊ ကူးတို့ဆိပ်တွေ၊ တံတားတွေ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ စသဖြင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦတွေကိုပါ တိုးမြှင့်တိုက်ခိုက်ဖို့ ခွင့်ပြုချက်တင်ပါတယ်။ NATO နိုင်ငံတွေဘက်က အဲသလောက်ထိတော့ ခွင့်မပြုပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကလခ်ကတော့ ဆားဘီယားနိုင်ငံရဲ့ အထင်ကရ တံတားတချို့ကို ဗုံးကြဲပစ်ပါတယ်။ ဒင်းညူးဗ်မြစ်ကိုဖြတ်ထိုးထားတဲ့ တံတားကွန်ရက်ဟာ ဆားဘီးယား နိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာထဲက တစ်ခုပါ။ ဗိုလ်ချုပ်ကလခ်ကတော့ သေချာကို ပစ်ချိုးခိုင်းလိုက်ပါတယ်။
နောက်ရက်တွေမှာ သာမန်ဆာဘ်ပြည်သူတွေကိုယ်တိုင်က တံတား တွေပေါ်မှာ အုပ်စုလိုက် မတ်တပ်ရပ်နေပြပြီး ဗုံးကြဲတာကို ကာကွယ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအရ ဝင်ရောက်စွက်ဖက်ရတဲ့ NATO အနေနဲ့ သာမန်ပြည်သူတွေကို မထိခိုက်အောင် ရှောင်ကျဉ်ရတာမို့ တံတားတွေကို ပစ်ချိုး တဲ့အလုပ်ကို ရပ်လိုက်ရပါတယ်။

လူသားချင်းစာနာထောက်ထားသောဗုံး


ဂျင်နိုဆိုဒ်ရာဇဝတ်ကောင် မီလိုဆီဗစ်ကို ထောက်ခံပြတဲ့ သာမန်ဆာဘ် ပြည်သူတွေအတွက် NATO က ပေးလိုက်တဲ့ လက်ဆောင်ပါ။ ပြည်သူတွေကို ဒဲပစ်လို့မရပါဘူး။ ဒီလူသားချင်း စာနာထောက်ထားသော ဗုံးကလည်း ဒဲ့ပစ်တဲ့ဗုံးမဟုတ်ပါဘူး။ ကြဲချလိုက်ရင် မိုးသီးတွေလို အများကြီးပြန့်ကြဲကျသွားတဲ့ ဖိုက်ဘာ မျှင်ဗုံးတွေပါ။ ဒီဗုံးတွေကို ဆားဘီယားနိုင်ငံရဲ့ မဟာဓါတ်အားလိုင်းတွေရှိရာ နေရာအနှံ့အပြားမှာ ကြဲချလိုက်ပါတယ်။
ဆားဘီးယားတစ်နိုင်ငံလုံးဟာ လျှပ်စစ်မီးပြတ်တောက်သွားပြီး အမှောင်ထဲအအေးထဲမှာ ငုပ်တုပ်ထိုင်ရတဲ့ဘဝ ရောက်သွားပါတယ်။ တကယ်တော့ လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ဒီလောက်ဗုံးအများကြီးမလိုပါဘူး။ လျှပ်စစ်ဓါတ်အား ထုတ်တဲ့ ပင်မစက်ရုံတွေကို ပစ်ခွင်းလိုက်ရင် ရပါတယ်။ ဒါပေမဲ့ အဲလိုလုပ်ရင် ဆားဘီးယားပြည်သူတွေကို ဒဏ်ခတ်တာ ပြင်းထန်သွားမှာမို့ စစ်ပွဲပြီးရင် လျှပ်စစ်မီးပြန်သုံးနိုင်အောင် ဖိုက်ဘာမျှင်တွေထွက်တဲ့ ဗုံးကိုပဲ လူသားချင်းစာနာစွာ ကြဲချပစ်တာပါ။ ဘာပဲဖြစ်ဖြစ် ဆာဘ်တွေဟာ မနက်ခင်းကော်ဖီဖျော်သောက်ဖို့ ရေနွေးမရှိတော့တာကနေ ဆေးရုံခွဲစိတ်ခန်းတွေမှာ မီးမလာလို့ အောက်ဆီဂျင်စက်တွေ ရပ်သွားတာအထိ ထိခိုက်မှုက ကြီးလွန်းလှပါတယ်။

လူသန်းချီတဲ့ ဆာဘ်တပ်မတော် ပြိုကွဲခြင်း
Krusevac မြို့ဆိုတာ ဆားဘီးယားနိုင်ငံတောင်ပိုင်းက ကိုဆိုဗိုနဲ့ ကပ်လျက်ဆာဘ်အမာခံမြို့ပါ။ ဒီမြို့က ဆာဘ်တွေဟာ Kosovo က အလ်ဘေးနီးယန်းတွေကိုနှိပ်ကွပ်ရမယ်ဆို တက်ကြွလွန်းသူတွေပါ။ မီလိုဆီဗစ်ရဲ့ အောင်မြေလို့တောင် ပြောရမယ့်မြို့ပါ။ နိုင်ငံတကာက ဖိအားပေးလို့ kosovo မှာတပ်စွဲထားတဲ့ ဆာဘ်အမြဲ တမ်းစစ်တပ်ဟာ နယ်မြေတချို့ကနေ ဆုတ်ခွာပေးရတဲ့အချိန်မှာ Krusevac မြို့သားတွေဟာ ပြည်သူ့စစ်အမည်ခံပြီး အဲဒီနယ်မြေတွေမှာ ဆက်လက်တပ်စွဲ နေခဲ့ပြီး မီလိုဆီဗစ်ရဲ့ ဂျင်နိုဆိုဒ်ကို ဆက်လက်အကောင်အထည်ဖော်ပေးခဲ့ကြသူတွေပါ။ KLA ချုံခိုတိုက်လို့ ထိခိုက်ဒဏ်ရာရလာတဲ့ ဆာဘ်တွေဟာ ရှေ့တန်းကပြန်လာပြီး မြို့ကိုဝင်တဲ့အခါမှာ သူရဲကောင်းကြီးတွေသဖွယ် ပန်းကုံးအစွပ်ခံ နေကျမြို့ပါ။ အခုတော့ အဲဒီ Krusevac မြို့သားတွေကိုယ်တိုင်က မီလိုဆီဗစ်ကို ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ကုန်ပါတယ်။ မကန့်ကွက် ခံနိုင်ရိုးလား။ NATO က စဦးပိုင်း ဗုံးကြဲတဲ့မနက်မှာပဲ Krusevac မြို့ကရှေ့တန်းထွက်နေတဲ့ လူ ၄၀ ကျော်ရဲ့အလောင်းက ချက်ချင်းရောက်လာပါတယ်။
အရင်တုန်းက KLA ချုံခိုထိလို့ ဆာဘ်စစ်သားသေတယ်ဆိုတာ တစ်ရက်မှာ ၄ယောက်ထက်ဘယ်တုန်းကမှ မပိုခဲ့ဖူးဘူး။ ဆာဘ်လက်ချက်နဲ့ အလ်ဘေးနီးယန်း သေနှုန်းကတစ်ရက်တစ်ရက်ရာချီတယ်။ ကိုယ့်ဘက်က အသာစီးရပြီး လူနည်းစုတွေကို စိတ်ကြိုက်သတ်ဖြတ် ခွင့်ရနေတုန်းကတော့ Krusevacက ကျန်ရစ်သူ ဆာဘ်လူမျိုးဇနီးသည်တွေ မိခင်တွေဟာ သူတို့ယောက်ျားတွေ သားတွေအတွက် ဂုဏ်ယူလို့မဆုံးပေါ့။ မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ ပါရမီရှင်မကြီးတွေပေါ့။ NATO လည်း ဗုံးကြဲ၊ ဆာဘ်တွေလည်း တစ်မနက်တည်းနဲ့ အယောက် ၄၀ ဖြုတ်ခနဲသေလည်းသွားရော “ငါတို့သားတွေ၊ ခင်ပွန်းတွေကို သေတွင်းမပို့ပါနဲ့ စစ်ပွဲကိုရပ်ပေးပါ” လို့ ဖြဲကားအော်ကြပါလေရော။ ဒါဟာ မီလိုဆီဗစ်ရဲ့ အမာခံမြို့က ဖြစ်စဉ်ပါ။
လူသန်းချီတဲ့ ဆာဘ်တပ်မတော်ဟာ ပြိုကွဲပါတော့တယ်။ မာဂုဏ် ရှိပါတယ်ဆိုတဲ့ ဆာဘ်တပ်မတော်၊ အင်အားတောင့်တင်းပါတယ်ဆိုတဲ့ ဆာဘ်တပ်မတော်က တပ်သားတွေဟာ အုပ်စုလိုက်အုပ်စုလိုက် တပ်ပြေးကြပါတော့ တယ်။ တပ်ပြေးတွေကိုထိန်းမယ့် တပ်ထိန်းတွေကိုယ်တိုင်က အရင်ဦးဆုံးပြေးနှင့် နေပြီမို့ ဆာဘ်တပ်ပြေးတွေဟာ များသထက်များလာပါတယ်။

ဆာဘ်စစ်သားတွေ စစ်ပြေးတဲ့ပုံစံက တစ်ယောက်ချင်းထွက်ပြေးတာ မျိုးမဟုတ်ပါဘူး။ တပ်ခွဲလိုက်၊ တပ်ရင်းလိုက်၊ တပ်ရင်းပိုင်ထရပ်ကားတန်းကြီးနဲ့ ပြည်မထဲကို ပြန်ဝင်ပြေးတာပါ။ စိတ်ဓါတ်မာကျောတဲ့ ဆာဘ်အရာရှိတချို့က ထရပ်ကားတန်းရှေ့မှာ မတ်တပ်ရပ်ပိတ်ဆို့ပြီး တားဆီးသော်လည်း အကြပ် တပ်သားတွေက အဲဒီအရာရှိတွေကိုပါ ကားနဲ့ပစ်တိုက်ပြီး ဆက်မောင်းပြေးတာပါ။ ကိုဆိုဗိုက အသုတ်လိုက်အသုတ်လိုက် ထွက်ပြေးလာတဲ့ ဆာဘ်တပ်ပြေးတွေဟာ ဆားဘီးယားပြည်မကြီးထဲထိအောင်ရောက်လာပြီး အကြောက်တရားကို ပြန့်နှံ့စေပါတယ်။ မူလကတည်းက ဗုံးကြဲခံထိပြီး အမှောင်ထဲ အအေးထဲငုပ်တုပ်ထိုင်နေရတဲ့ ဆာဘ်ပြည်သူတွေ၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကြောင့်ငတ်ပြတ်နေတဲ့ ဆာဘ်ပြည်သူတွေဟာ တပ်ပြေးတွေနဲ့ ပေါင်းမိပြီး အခြေအနေတွေ ပိုဆိုးကုန်မှာကို စိုးရိမ်လာသူတွေကတော့ ဆားဘီးယားတပ်မတော်က ဗိုလ်ချုပ် တွေကိုယ်တိုင်ပါ။ ဒီအတိုင်းသာ လွှတ်ထားလိုက်လို့ကတော့ ဆားဘီးယားတပ်မတော် တစ်ရပ်လုံးဟာ အဖတ်ဆည်မရအောင် အလုံးစုံပြိုကွဲသွားတော့မယ်ဆိုတာ မြင်လာတဲ့ ဆာဘ်ဗိုလ်ချုပ်တွေဟာ မီလိုဆီဗစ် အတွက် စစ်တိုက်မပေးနိုင်ကြောင်း ပြောလာပါတော့တယ်။ မီလိုဆီဗစ်ဟာ အရှုံးပေးလိုက်ရပါတော့တယ်။ NATO က ၇၈ ရက်တိုင်တိုင် ဗုံးကြဲအပြီးမှာတော့ ကိုဆိုဗိုဒေသက ဆာဘ်လက်နက်ကိုင်တွေအားလုံးဟာ ခြွင်းချက်မရှိထွက်ခွာခဲ့ရပြီး NATO တပ်တွေဝင်လာပါတော့တယ်။

 

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁၁ )

တစခန်းထတဲ့ ရုရှား
NATO ဗုံကြဲစစ်ဆင်ရေးဟာ ၁၉၉၉ မတ်လ ကနေ ဇွန်လအထိ ၁၀ ပတ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ဗုံးကြဲစစ်ဆင်ရေးစတင်ပြီး ၃ ပတ်အကြာမှာ NATO ခြေလျင်တပ်တွေကိုပါစေလွှတ်ဖို့ ဗိုလ်ချုပ်ကလခ်က စတင်ဆော်သြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲကလည်း ခြေလျင်တပ်တွေဝင်ဖို့ အားတက်သရော ထောက်ခံပါတယ်။ ဒါပေမဲ့ သမ္မတကလင်တန်က ခြေလျင်တပ်ဝင်ဖို့ကိစ္စကို သိပ်လက်မခံ သေးပါဘူး။ ဒါပေမဲ့ စစ်ပွဲရဲ့ အဆုံးသတ်ပိုင်းမှာတော့ ခြေလျင်တပ်တွေ ဝင်ကို ဝင်လာရပါတယ်။
ဒီအချိန်မှာမှ ရုရှားတပ်တွေဟာ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ကိုဆိုဗိုမြို့တော် Prishtina လေဆိပ်မှာတပ်စွဲထားလိုက်ပါတယ်။ ဗိုလ်ချုပ်ကလခ်ကတော့ ရုရှားတပ်ကို ထောက်ပို့လာလုပ်မယ့် လေယာဉ်တွေ ဆင်းသက်လို့ မရအောင် ပြေးလမ်းမှာ ထရပ်ကားတွေတန်းစီရပ်ထားပြီးပိတ်ပစ်ဖို့ အကြံပေး ပေမဲ့ တခြားဗိုလ်ချုပ်တွေက လက်မခံပါဘူး။ ဒါဆို ရုရှားတွေကို ဒီအတိုင်းလွှတ်ထားရမလား…?
ဘယ်ဟုတ်မလဲဗျာ…! ရုရှားကနေ ကိုဆိုဗိုကိုပျံသန်းလာမယ့် ရုရှားထောက်ပို့လေယာဉ်တွေကို လေပိုင်နက်အသုံးပြုဖြတ်သန်းခွင့်မပေးဖို့ ကြားထဲမှာရှိတဲ့ နိုင်ငံတွေက လုပ်ထားလိုက်ပါတယ်။ ရုရှားတပ်တွေ တပ်စွဲထားတဲ့နေရာအနီးအနားက တောင်ကုန်းမှာ NATO မဟာမိတ်တပ်တွေက လက်နက်ကြီးတွေချထားပြီး ရေဒါနဲ့ ပစ်မှတ်ညွှန်း တင်ထားလိုက်ပါတယ်။
ရုရှားတပ်တွေ လှုပ်ရှားသမျှကိုလည်း ရေဒါနဲ့ တောက်လျှောက်စောင့်ကြည့်နေလိုက်ပါတယ်။ ဒါ့ကြောင့် ရုရှားတပ်တွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဘာမှ လုပ်မရတော့ဘဲ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။

ချောက်ထဲဆွဲအချခံရတဲ့ ဆာဘ်ပြည်သူတွေ
၁၉၉၅ ဒေတန်စာချုပ်ချုပ်ဆိုရာမှာ မီလိုဆီဗစ်ဟာ အတိုင်းအတာတစ်ခုထိ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ဆားဘီးယားနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ် ခတ်မှုတွေကို အနောက်နိုင်ငံတွေက ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။
ဒါကြောင့် မီလိုဆီဗစ်ဟာ ဘော့စ်နီးယားမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်ခဲ့ပေမယ့်လည်း နိုင်ငံတကာမျက်နှာစာမှာတော့ အောင်မြင်တဲ့နိုင်ငံရေးသမားအဖြစ်ရပ်တည်နေနိုင်ပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းနိုင်ငံရေးမျက်နှာစာမှာတော့ မီလိုဆီဗစ်ဟာ အရှုံးနဲ့စတင်ရင်ဆိုင်ရပါတယ်။
ဘော့စ်နီးယားမှာ အနောက်နိုင်ငံတွေကို အရှုံးပေးခဲ့ရတာရယ်၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ကျပ်တည်းမှုတွေဟာ ဆာဘ်ပြည်သူတွေရဲ့ အမြင်မှာ မီလိုဆီဗစ်ကို ထင်သလောက်လည်းစွမ်းဆောင်ရည်မရှိတဲ့သူအဖြစ် မြင်လာစေပါတယ်။ ဒေတန်စာချုပ်ချုပ်ဆိုအပြီး ဆားဘီးယားနိုင်ငံတွင်းမှာကျင်းပတဲ့ ၁၉၉၇ မြူနီစီပယ်ရွေးကောက်ပွဲမှာ မီလိုဆီဗစ်ဟာ ခွက်ခွက်လန်အောင်ရှုံးပါတယ်။ မီလိုဆီဗစ်က ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲ မဲခိုးဖို့ကြံစည်တော့ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မှာ လူသိန်းချီတဲ့ ဆာဘ်တွေကိုယ်တိုင်က မီလိုဆီဗစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
မီလိုဆီဗစ်အနေနဲ့ လူထုရဲ့အာရုံကိုလွှဲဖို့ တငွေ့ငွေ့လောင်ကျွမ်းပြီး ဂျင်နိုဆိုဒ်လုပ်ထားတဲ့ ကိုဆိုဗိုမှာ အပြီးအပြတ်သုတ်သင်တဲ့ ဂျင်နိုဆိုဒ်အဆင့်ကို တိုးမြှင့်ပြီး သူ့ကိုယ်သူ အမျိုးသားရေးသူရဲကောင်းကြီးသဖွယ် ပြန်လည်တည် ဆောက်ယူပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း လူထုဆန္ဒခံယူပွဲတွေလုပ်ပြီး လူထုထောက်ခံမှုရအောင် ပြန်လုပ်ယူသွားတာမျိုးရှေ့မှာ ရေးထားပါတယ်။ ဆာဘ်ပြည်သူတစ်ရပ်လုံးနီးပါးဟာ ကိုဆိုဗိုဂျင်နိုဆိုဒ်နဲ့ဆက် စပ်ပြီး မီလိုဆီဗစ်ဆွဲခေါ်သွားတဲ့ ချောက်ကမ်းပါးထဲကို တဟုန်ထိုးပြုတ်ကျခဲ့ရပြီး အရှုံးကြီး ရှုံးခဲ့ရပါတယ်။
– ပြန်လည်ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု
– ဗုံးကြဲခံရလို့ပျက်စီးသွားတဲ့ အခြေခံအဆောက်အဦတွေ
– စစ်ပွဲရှုံးနိမ့်ပြီး ကိုဆိုဗိုဒေသကို လက်လွှတ်လိုက်ရခြင်း
စတဲ့ ပြင်းပြနာကြဉ်ဖွယ်ရာများဟာ ဆာဘ်တွေရဲ့ရင်ထဲမှာ တမြည့်မြည့်
နဲ့ လောင်ကျွမ်းနေပါတယ်။ ဒီခံစားရမှုတွေဟာ မီလိုဆီဗစ်ရဲ့ အဆင်အခြင်မဲ့မှုနဲ့ အာဏာရူးမှု ကြောင့်လို့ မြင်ယောင်လာတဲ့ဆာဘ်တွေဟာ သူတို့ကိုယ်တိုင် စိတ်ရောကိုယ်ပါ ထောက်ခံခဲ့တဲ့ မီလိုဆီဗစ်ကို သူတို့ကိုယ်တိုင် ရွေးကောက်ပွဲမှာပြန်ဖြုတ်ချလိုက်ပါတယ်။

မီလိုဆီဗစ်ရဲ့ ကံကြမ္မာ

ကိုဆိုဗိုစစ်ပွဲအပြီး ၂၀၀၀ ပြည့်နှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ မီလို ဆီဗစ် ရှုံးနိမ့်သွားပါတယ်။ မီလိုဆီဗစ်ကတော့ ၁၉၉၇ ရွေးကောက်ပွဲတုန်းကလို မဲခိုးဖို့ ထပ်ကြံစည်တော့ ဆားဘီးယားတပ်မတော်ကိုယ်တိုင်က “ခင်ဗျားကြောင့် တိုင်းပြည်ထက်ခြမ်းကွဲပြီး ပြည်တွင်းစစ်တစ်ခုထပ်အဖြစ်မခံနိုင်တော့ဘူး” လို့ အပြတ်ပြောပြီး kick ထုတ်လိုက်ပါတယ်။ မီလိုဆီဗစ်ဟာ သမ္မတဖြစ်တုန်းက ခိုးထားဝှက်ထားတဲ့ ဥစ္စာပစ္စည်း တွေကိုပိုက်ပြီး နောက်ဆုတ်သွားပါတယ်။ နောက်တစ်နှစ်အကြာ ၂၀၀၁ ခုနှစ် မှာတော့ အသစ်ဖွဲ့စည်းထားတဲ့ ဆားဘီယားအစိုးရကိုယ်တိုင်က မီလိုဆီဗစ်ကိုဖမ်းဆီးပြီး အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ စစ်ကြောရေး လုပ်ပါတယ်။ ဒီနောက်မှာတော့ ဆားဘီးယားအစိုးရကိုယ်တိုင်က မီလိုဆီဗစ်ကို ရဟတ်ယာဉ်ပေါ်ဖမ်းချုပ်တင်ပြီး ICTY=ယူဂိုဆလားဘီးယားအတွက်ဖွဲ့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပေးလိုက်ပါတယ်။ မီလိုဆီဗစ်ဘက်တော်သားတွေက ဆားဘီးယားအခြေခံဥပဒေမှာပါတဲ့ နိုင်ငံခြားတရားရုံးသို့ မလွှဲပြောင်းရဆိုတဲ့အချက်ကို ဖောက်ဖျက်ကြောင်းပြော တော့ ဆာဘ်ပြည်ထဲရေးဝန်ကြီးက ICTY ဟာ နိုင်ငံခြားအဖွဲ့အစည်းမဟုတ် ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ကြောင်း ပြန်ဖြေပါသတဲ့။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မီလိုဆီဗစ်ကိုဖမ်းမပေးရင် ဆားဘီယားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့မပေးဘဲ တင်းထားလိုက်မယ်လို့ ကြပ်ထားပြီးသားပါ။

ခုံရုံးရောက် မီလိုဆီဗစ်

တရားခွင်မှာ မီလိုဆီဗစ်ဟာ “ခုံရုံးဟာ တရားမဝင်ဘူး၊ ဆားဘီးယားကို လုပ်ကြံဖို့ဖွဲ့ထားတဲ့ ခုံရုံး” စသဖြင့် အော်ဟစ်တတ်ပါတယ်။ ဒီအချိန်မှာ တရားသူကြီးက မီလိုဆီဗစ်ကို အချုပ်ခန်းထဲ ပြန်ခေါ်သွား ခိုင်းလိုက်ပါတယ်။ နောက်တစ်ခါထပ်အော်ရင် မိသားစုနဲ့ဖုန်းပြောချိန်ကို လျှော့ချ ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အာဏာဇောင်းငမ်းထတဲ့ မီလိုဆီဗစ်ဟာ ဖုန်းပြောခွင့်လေးကိုပါ ကန့်သတ်ခံလိုက်ရတဲ့အပေါ်မှာ ရေရေလည်လည်ကို ခံစားရပါတယ်။ သူဟာ စိတ်ဓါတ်တွေ ကျဆင်းလာပြီး သူသောက်နေရတဲ့ သွေးတိုးကျဆေးကိုပါမသောက်ဘဲ နေလာလိုက်တာ ၂၀၀၆ ခုနှစ်မှာ သွေးပေါင်အတက်လွန်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားပါတယ်။ စီရင်ချက်မချခင် သေဆုံးသွားတာပါ။
(နက်ဖြန်နိဂုံးရေးပါ့မယ်။)

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ – နိဂုံး

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုတွေဖြစ်တော့ ကျွန်တော် အရမ်းကို စိုးရိမ်ခဲ့မိပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတဲ့ လူမျိုးစုတစ်စုဟာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ရရာလက်နက်စွဲကိုင်ပြီး ပုန်ကန်ကြလေပြီလား….? ဒါဆိုရင်တော့ ဂျင်နိုဆိုဒ် ရာဇဝတ်ကောင်တွေဘက်က ချထားတဲ့အကွက်ထဲများ ဝင်ကုန်ပြီလား…? ဒီလို ပုန်ကန်မှုကို အကြမ်းဖက်လို့တံဆိပ်ကပ်ပြီး အဖိနှိပ်ခံလူမျိုးစုတစ်စုလုံးကို အပြီးသတ် သုတ်သင်ဖို့ လမ်းပွင့်သွားလေမလား…?ကျွန်တော် ပူပန်ခဲ့ပါတယ်။
အခြေအနေကလည်း တကယ့်ကို တဖက်စောင်းနင်းပုံစံ ပေါက်နေ ပါတယ်။ အလ်ကိုင်းဒါးရဲ့အတိတ်ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်ဆဲဖြစ်သလို IS လို့အမည်ခံတဲ့အဖွဲ့ရဲ့ လုပ်ရပ်ဆိုးတွေဟာလည်း ကျော်မကောင်းကြားမကောင်း ချိန်ပါ။ မည်သည့်ခံယူချက်ရှိသည်ဖြစ်စေ မည်သို့ပင် ကျိုးကြောင်းခိုင်လုံသည် ဖြစ်စေ မွစ်ဆလင်မ်လက်နက်ကိုင်ဆိုရင် အကြမ်းဖက်ဆိုတဲ့တံဆိပ်က အရင် ကပ်လိုက်ပြီးသားပါ။ မြန်မာအစိုးရဘက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ နိုဘဲလ်ဆုရှင်ကိုတိုင်းပြည်ခေါင်းဆောင်အရာမှာထားလျက် နိုင်ငံတကာ သံခင်းတမန်ခင်းထိုး ဖောက်နိုင်မှုကို အားသစ်လောင်းထားတဲ့အချိန်ပါ။
“သွားပီ! တို့တော့သွားပီ။ အလုံးစုံချေမှုန်းခံရတော့မှာပဲ” လို့ တွေးပူမိတဲ့ကျွန်တော်ဟာ ဒီလိုအဖြစ်အပျက်မျိုး နိုင်ငံတကာမှာဖြစ်ခဲ့ဘူးလားလို့ ရှာကြည့်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့မရှာခဲ့ရပါဘူး။ ကျွန်တော် 3rd Year လောက်ကစပြီး ကျောင်းစာကိုသိပ်အာရုံမထားမိဘဲ စစ်ရေး၊ နိုင်ငံရေးစာအုပ်နဲ့ documentary တွေကိုပဲကြည့်နေမိတဲ့အကျိုးပါ။ ဆေးဝါးဗေဒ၊ ရောဂါဗေဒ လက်ချာချိန်တွေမှာ စာသင်ခန်းထောင့်ကပ်ပြီး စစ်စာအုပ်တွေဖတ် documentary
တွေကြည့်ဖြစ်နေတာပါ။
ကိုဆိုဗိုကိစ္စဟာ အဲဒီအချိန်ကတည်းက ကျွန်တော့်အတွက် မစိမ်းတော့ပါဘူး။ “ဒေသခံဘုန်းကြီးကျောင်းတွေကိုအခြေခံပြီး ပြည်သူ့စစ်ဖွဲ့တဲ့ ဆာဘ်တွေ အကြောင်း၊ ဆားဘီးယားအမြဲတမ်းတပ်မတော်ရဲ့ ရက်စက်တဲ့စစ်ဆင်ရေးတွေ၊ အလ်ဘေးနီးယန်းနဲ့ ဆာဘ်တွေကြားက ရန်ငြိုးတွေအကြောင်း” ကျွန်တော် သိထားပြီးပါပြီ။ မခံမရပ်နိုင်လွန်းလို့ ရရာလက်နက်စွဲကိုင်ပြီးပုန်ကန်တဲ့ အလ်ဘေးနီးယန်းကျောင်းသားတွေအကြောင်း၊ အဲဒီကတဆင့်KLA ဖြစ်ပေါ်လာပုံတွေကိုလည်း ရုပ်သံကြည့်ထားပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်ဟာ အရေးကြီးတဲ့ POINT တစ်ခု ပျောက်နေပါတယ်။
ကျွန်တော်ဖတ်နေတာ၊ ရုပ်သံကြည့်နေတာတွေက ပြည်တွင်းစစ်တစ်ခု အနေနဲ့ လေ့လာထားမိတာ။ လက်တွေ့မှာ ကိုဆိုဗိုကိစ္စ ပွဲပြတ်သွားတာ သာမန် ပြည်တွင်းစစ်တစ်ခုအဖြစ် ပွဲပြတ်သွားတာ မဟုတ်ပါဘူး။ နိုင်ငံတကာရဲ့ဝင်
ရောက်စွက်ဖက်မှုနဲ့ ပွဲပြတ်သွားတာပါ။
ဒါကို internationalization of internal affair လို့တရားဝင်သုံးနှုန်း ခေါ်ဝေါ်ပါတယ်။ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာဇာတ်သွင်းပစ်တာ။ မြင်အောင်ပြောရရင် ရပ်ကွက်ထဲမှာ အနိုင်ကျင့်လွန်းတဲ့သူကို ကြိတ်ပြီး မခုခံဘဲ ရဲစခန်းသွားတိုင်ပစ်တဲ့ပုံစံမျိုးပါ။ ဘာလို့ ကိုဆိုဗိုမှာ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်သလဲ…?
ရေနံလည်းမထွက်၊ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကလည်း မွစ်ဆလင်မ်တွေ၊ ထူးထူးခြားခြား မဟာဗျူဟာအချက်အချာကျတဲ့ နေရာလည်းမဟုတ်ဘဲ ဘာလို့ဝင်ပါသလဲ…? အဖြေက Genocide ပါ။ ဒါပေမဲ့ အဲဒီအဖြေကို ကျွန်တော့်ဖာသာ ရှာဖွေတွေ့ရှိတာမဟုတ်ပါဘူး။ ကျွန်တော်မှမဟုတ်ဘူး။ အဲ့ဒီအဖြေကို ဗမာတစ်ပြည်လုံးမှာမှ ရှာဖွေဖော်ထုတ် နိုင်တဲ့သူက နှစ်ယောက်ထက်မပိုပါဘူး။
အဲဒီ နှစ်ယောက်ထဲကမှ တစ်ယောက်ကပဲ သာမန်လူထုကိုနေ့စဉ် မျက်စိဖွင့်ပေးနေခဲ့တာပါ။ သူကတော့ ကိုဌေးလွင်ဦး ပါ။
၂၀၁၇ တိုက်ခိုက်မှုမတိုင်စဉ်ကတည်းက ကိုဌေးလွင်ဦးက ဂျင်နိုဆိုဒ် ဆိုတဲ့သံကွင်းနဲ့ ရန်သူတွေရဲ့ လည်မျိုကိုစွပ်ပစ်လိုက်ပြီလို့ ကြွေးကြော်နေခဲ့တာပါ။ ကျွန်တော်ဖတ်ထား၊ သိထားတဲ့ ကိုဆိုဗိုအကြောင်းတွေကို ဂျင်နိုဆိုဒ်ဆိုတဲ့
ရှုထောင့်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ၂၀၁၇ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်လို့ စိတ်ပျက်စိုးရိမ်တာကို နောက်ပို့ပြီး လွတ်လမ်းရှိပါသေးလားလို့ မြင်လာပါတယ်။
လမ်းကတော့ရှိပြီ။ ဒါပေမဲ့ ငါတို့အဲဒီလိုလမ်းမျိုးဖောက်နိုင်ပါ့မလား…? အဲဒီ စိုးရိမ်စိတ်ကတော့ဆက်ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုကိစ္စဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တားဆီးရမယ်ဆိုတဲ့ RESPONSIBILITY အရ အပြည့် အဝ ဝင်ရောက်ကိုင်တွယ်တဲ့ဖြစ်စဉ်ပါ။ ဒီလိုဖြစ်စဉ်မျိုးဟာ ကမ္ဘာပေါ်မှာ သိပ်ဖြစ် လေ့မရှိပါဘူး။ လူသားသမိုင်းတလျှောက်ပြန်ကြည့်ရင်တောင် ဒီလိုဖြစ်စဉ်ဟာ လက်ငါးချောင်းမပြည့်ပါဘူး။
သိပ်ကို ရှားပါး၊ သိပ်ကို ကျဉ်းကြပ်တဲ့လမ်းကြောင်းပါ။ ဒါပေမဲ့ အဲဒီ လမ်းကြောင်းကပဲ ကျွန်တော်တို့ရဲ့လွတ်လမ်းဖြစ်နေတာပါ။ အရိုးများသလေး ချေးခါးသလေးရွေးခွင့်ကျွန်တော်တို့မှာ မရှိပါဘူး။
ဒီတော့ ကိုဆိုဗိုဖြစ်စဉ်ကို ကျွန်တော်ရေးဖြစ်အောင်ရေးခဲ့ပါတယ်။ ၂၀၁၈နှစ်စပိုင်းမှာ ရေးခဲ့တာပါ။ ဖတ်တဲ့သူ သိပ်မရှိခဲ့ပါဘူး။ ထူးထူးခြားခြား copy ယူပြီးဆက်တိုက်တင်ပေးသူတယောက်ရှိပါတယ်။ ဦးညီ ပါ။
ကျွန်တော့်အနေနဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့သတ္တိကို လေးစား ပါတယ်။ ဒီလို status တွေကိုတင်ခြင်းဟာ အနည်းဆုံးတော့ မိတ်ပျက်ပါတယ်။ အထူးသဖြင့် ဗမာတွေဟာ ဒါမျိုး status တင်သူကို ရှောင်ဖယ်သွားလေ့ရှိပါတယ်။
[တခါတရံမှ profile အမှန်နဲ့ ဂျင်နိုဆိုဒ်အကြောင်း ကောက်တင်တတ်တဲ့ ကျွန်တော့်မှာတောင် လက်တစ်ဆုပ်စာမိတ်ဆွေထဲက ထွက်သွားသူတွေ အများကြီးပါ။]

အောင်ပွဲရဲ့လက္ခဏာ
၂၀၁၇ crisis မှာ တဖက်စောင်းနင်းဖြစ်နေတဲ့ အနေအထားလို ကျွန်တော်မြင်ထားရာကနေ ကျွန်တော်တို့ဖက်က အောင်ပွဲရလာပြီဆိုတဲ့ လက္ခဏာအချို့ကို ကျွန်တော်မြင်လိုက်ရပါတယ်။အဲဒါကတော့ နိုဘဲလ်ဆုရှင်ရဲ့ အစိုးရကိုယ်တိုင်က ဒီ crisis ကိုပြည် တွင်းရေးသပ်သပ်အဖြစ် ဖြေရှင်းလို့မရဘူးလို့ ဝန်ခံလိုက်တဲ့အချိန်ပါ။ internationalization လမ်းကြောင်းပေါ်ကို ရောက်သွားပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက်လမ်းကြောင်းမှန်ပေါ် စတက်သွားပြီဆိုတဲ့ လက္ခဏာပါ။ နောက်ပိုင်း မှာတော့ ကိုဌေးလွင်ဦး ကတိပေးတဲ့အတိုင်း ICC တံခါးချပ်ထပ်ပွင့်ပါတယ်။ အောင်ပွဲရမယ့်လမ်းကြောင်းပေါ်မှာ ရှေ့ဆက်တိုးတာပါ။ “ဟ…! ကိုယ့်လူမျိုးတွေဒီလောက်သေနေတာ ဘယ်နှယ့်အောင်ပွဲ ပြောလဲ” လို့အများစုက ထင်ကြပါလိမ့်မယ်။ အဲလိုအထင်တွေကို ချေဖျက်ပြီး ရဲရဲဝံ့ဝံ့တွေးတောလုပ်ကိုင်လာရဲစေဖို့ ကိုဆိုဗိုအကြောင်းတွေကို ကျွန်တော်ရေးတာပါ။

ကိုယ့်လက်ကိုပေးပြီး ရန်သူ့အသက်ကိုခြွေ


နိုင်ငံရေးမှာ ဘယ်ဖြစ်စဉ်မှ တထပ်တည်းတော့ မတူနိုင်ပါဘူး။ ဒါပေမဲ့ နောက်ခံဖရိမ်တူရင် လေ့လာရပါတယ်။ အတုယူရပါတယ်။ လိုအပ်ရင်ပုံတူပါကူးချရပါတယ်။ကျွန်တော်နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေမှာလည်း အားနည်းချက် အားသာချက် ကိုယ်စီရှိပါတယ်။ ဥပမာ-ဥရောပတိုက်မှာတည်ရှိခြင်းဟာ သူတို့ရဲ့အားသာချက်ပါ။ ဒါပေမဲ့ KLA ကတော့အကြမ်းဖက် တံဆိပ်ကပ်ခံရပါတယ်။ အမေရိကန်ကိုယ်တိုင် က ကပ်တာပါ။ ကျွန်တော်တို့ကိုတော့ ကမ္ဘာ့အင်အားကြီး ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံကမှ အကြမ်းဖက်လို့တံဆိပ်မကပ်ပါဘူး။ မခံမရပ်နိုင်လို့ ထချတယ်လို့ ပဲ သတ်မှတ်ထားတာပါ။ Rights to protect = မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိ တယ်လို့ ကမ္ဘာကြီးက လက်ခံပေးထားတာပါ။
ကိုဆိုဗိုဖြစ်စဉ်တွေကို ပြန်ဖတ်ကြည့်ပါ။ တော်လှန်ရေးဆိုတာ မှဲ့တစ် ပေါက်မှ မစွန်းတဲ့ဖြစ်စဉ်မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို အသက်ပေး ရပါတယ်။ Reccek ရက်ခတ်ရွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံရမှုကို ကျွန်တော်
ဘယ်လိုနာမည်ပေးထားသလဲဆိုတော့ “နောက်ဆုံးတံခါးဆွဲဖွင့်ခြင်း” လို့နာမည် ပေးထားပါတယ်။ ဒီတံခါးရဲ့သော့ကတော့ အလ်ဘေးနီးယန်းအယောက် ၄၀ ကျော်ရဲ့အသက်တွေပါ။ တကယ်ပဲ ရက်ခတ်ရွာဖြစ်စဉ်နောက်ပိုင်းမှာ ဗုံးဝင်ကြဲဖို့ဖြစ်သွားတာပါ။ မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ သေချာကို ဂွင်ထဲဆွဲသွင်းပြီး တွယ်တဲ့ပုံစံပါ။ သားစားကျူးတဲ့ဘီလူးကို သားကောင်ပြပြီး ထောင်ဖမ်းပစ်တဲ့ပုံစံပါ။
ဒါဟာ ကိုယ့်ရဲ့လက်ကိုပေးပြီး ရန်သူ့အသက်ကို ခြွေပစ်တဲ့ဗျူဟာပါ။ လူတစ်ယောက်ချင်းတိုက်ခိုက်တဲ့ ဓါးပွဲမှာတော့ လက်ပြတ်သွားသူဟာ လက်ပြန်မပေါက်တော့ပါဘူး။ ဒါပေမဲ့ လူမျိုးတစ်မျိုးအနေနဲ့ကတော့ လက်ပြန်ပေါက်ပါတယ်။ နောက်မျိုးဆက်ကိုသေချာပြန်ပျိုးထောင်ရင် လက်ပြန်ထွက်လာပါတယ်။
ဂျင်နိုဆိုဒ်ကျူးလွန်တဲ့လူမျိုးကတော့ ထာဝရအသတ်ခံလိုက်ရပါတယ်။ လူရာမဝင်တော့ပါဘူး။ အမြဲတမ်းသိမ်ငယ်ပြီးနေထိုင်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဗလီတွေပိတ်ခံရသော်လည်း၊ ဒုက္ခသည်စခန်းမှာ ဆင်းရဲနေရ
သော်လည်း၊ မှတ်ပုံတင်၊ ပါ့စ်ပို့စ်အခက်အခဲတွေရှိသော်လည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကျွန်တော်တို့ဟာ အောင်ပွဲရမယ့် လမ်းကြောင်းပေါ်မှာရောက်နေပါပြီ။ပေးဆပ်ရမှုတွေရှိသော်လည်း အချိန်တန်ရင် ရင်းစားပြန်ရမှာပါ။
ကျွန်တော်တို့ကို မတရားလုပ်နေတဲ့ ရန်သူတွေကတော့ ထာဝရသေး သိမ်မှုနဲ့ ဆုံးရှုံးသွားတော့မှာပါ။ ၂၀၁၈ နှစ်စပိုင်းမှာရေးခဲ့တဲ့ ကိုဆိုဗိုအကြောင်းတွေကို အစအဆုံး ပြန်တင်ပြီး ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများကိုလည်းထပ်ဖြည့်ရေးလိုက်ပါတယ်။ ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေကိုဖတ်ပြီးရင် ဒီထက်မက ဆက်လက်တိုးချဲ့ဖတ်ရှုစေချင်ပါတယ်။ pdf ဖိုင်တွေ download ဆွဲပြီးဖတ်မကုန်အောင် ရှိပါတယ်။
မျက်စိပိတ်နားပိတ်မနေကြဘဲ တိုးချဲ့လေ့လာရင်း “အားယူ၍သတ္တိမွေးလော့” လို့ပဲပြောချင်ပါတယ်။

ပြီးပါပြီ။

ကျော်လှဦး ရေးသည်။