ICC မှာ စစ်ဆေးရေးကို ထောက်ခံကြောင်း KNU Concerned Group ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကို တွေ့ရစဉ်


ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မှာပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလိုမျိုး ကရင်ပြည်နယ် အပါအ၀င် တခြားတိုင်းရင်းသား ဒေသတွေမှာလည်း ဖြစ်ခဲ့ဖူးတာကြောင့် ICC ဆုံးဖြတ်ချက်ကို ထောက်ခံတာလို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်စီဖိုးရာစိန် က RFA ကို ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျူးလွန်နေတဲ့ crimes against humanity ပေါ့လေ၊ ကျမတို့ ဒါကို ထောက်ခံတာကတော့ ဒီလိုပုံစံနဲ့ ဟိုးအရင်ကလည်း ကရင်ပြည်နယ်နဲ့ တစ်ခြားတိုင်းရင်းသားပြည်နယ်မှာ ဖြစ်ခဲ့ဖူးတယ်လို့ အဲဒါက ကျမတို့ ဒါကို ထောက်ပြချင်တယ်”
မြန်မာ့တပ်မတော်က ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လယ်ယာတွေ၊ တောင်ယာတွေနဲ့ စပါးကျီတွေကို ဖျက်ဆီးတာ မျိုးတွေလည်း ကရင်ပြည်သူလူထုတွေက ခံခဲ့ရတယ်လို့ KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် က ပြောပါတယ်။
ဒါ့အပြင် ကရင်၊ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်က သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေအပါအ၀င် လူထောင်နဲ့ချီပြီး သတ်ဖြတ်တာ၊ ရာနဲ့ချီတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တွေ့ကြုံခဲ့ဖူးတယ်လို့ KNU Concerned Group ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီလုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ မြန်မာ့တပ်မတော်ဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံတွေနဲ့ တူနေတယ်လို့လည်း ဖော်ပြထားပါတယ်။
KNU Concerned Group ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာ KNU နဲ့ မပတ်သက်ကြောင်း၊ အဲဒီအဖွဲ့အတွင်း လက်ရှိ KNU အဖွဲ့မှာ တာဝန်ရှိ သူတွေ မပါဝင်ကြောင်း၊ သူတို့ဟာ လက်ရှိ KNU ခေါင်းဆောင်တွေသွားနေနဲ့ NCA လမ်းကြောင်းကို အမြဲတမ်းဝေ ဖန်နေတဲ့အဖွဲ့ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ KNU ဗဟိုကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
KNU Concerned Group ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်ဟောင်းတွေ၊ အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Source -: https://www.rfa.org/burmese/news/knu-concerned-group-statement-09142018063307.html#.W5uu-Ad6VU4.facebook

ဒေါ်အောင်ဆန်းစုကြည် ကို သတင်းထောက် မိသားစု မေတ္တာရပ်ခံ

နိင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရတဲ့ ရိုက်တား သတင်းထောက် နှစ်ယောက်ဟာ အပြစ်မရှိဘူးလို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့ ဇနီးနှစ်ဦးက မနေ့က ပြောကြားပြီး သူတို့နှစ်ဦး မိသားစုနဲ့ ပြန်ဆုံဆည်းနိုင်အောင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

ဒီ သတင်းထောက်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က သတင်းတင်ပြတဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးခံရတာလို့ ဂျပန် NHK ရုပ်မြင်သံကြားနဲ့ ဇွန်လကလုပ်တဲ့ မေးမြန်းခန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဒါကို ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က ကျမတို့ ဘဝတလျှောက်လုံး အမှန်တကယ်မြတ်နိုးခဲ့တဲ့ ပုဂ္ဂိုလ်က ကျမတို့ကို ခုလို နားလည်မှုလွဲတာ အမှန်တကယ် ဝမ်းနည်းရတယ်လို့ မနေ့က ပြောပါတယ်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းက ရှန်ဂရီလာဟိုတယ်မှာ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတွေနဲ့ မိသားစုဝင်တွေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာပါ။ အဲဒီ မေးမြန်းခန်းကိုကြည့်ရင်း အမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်း မသိဘူးဆိုတာ သဘောပေါက်တယ်လို့ပြောပါတယ်။

အိမ်ထောင်ဦးစီးတွေက ထောင်ထဲမှာ ရောက်နေတဲ့အတွက် မိန်းမသားတွေ အဆင်မပြေပေမဲ့ အားတင်းထားတယ်လို့လည်း ပြောပါတယ်။ ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုကတော့ ဖခင် ထောင်ကျ သွားတဲ့အတွက် သမီးလေး စိတ်ဒဏ်ရာရမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန ၇ ခုကို အသနားခံစာတွေ အရင်က တင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အရင်က ရိုက်တာ သတင်းထောက်ဖြစ်ခဲ့ပြီး ခု ပြန်ကြားရေး ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်လှထွန်းကတော့ တရားစီရင်ရေးစနစ်ကို ဝေဖန်တယ်ဆိုတာ တရားရုံးကို မထီမဲ့မြင်လုပ်တဲ့ သဘောသက်ရောက်တယ်လို့ ပြောပါတယ်။ သတင်းထောက်နှစ်ဦးကို ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေအရ မှတ်ချက်တစ်စုံတရာ ပေးစရာမရှိပါဘူးလို့ ကော်မရှင်က သတင်းထုတ်ပြန်တာကို ဒီနေ့ထုတ် အစိုးရ သတင်းစာမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာကို သိရတဲ့အကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံက စဉ်းစားပေးဖို့အပြင် အယူခံခွင့်၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်အပါအ၀င် သတင်းထောက်နှစ်ယောက်ရဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: Kyaw Zaw Win/RFA

( သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းသမားနှစ်ဦးရဲ့ ဇနီးတွေကို ၂၀၁၈ စက်တင်ဘာလ ၄ ရက်နေ့ကတွေ့ရစဉ် )

Source by : https://www.facebook.com/rfaburmese/photos/a.10150522560153128/10158072324083128/?type=3

မြန်မာတပ်ဖွဲ့ ကျုးလွန်မှု မုချ အရေးယူရမယ်လို့ ဗြိတိန်ပြောကြား

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် ဒီလအတွင်း နယူးယောက်မြို့မှာ သူကမကထပြုလုပ်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောကြားရင်း လူမျိုးတုံးရှင်းလင်းမှုကို မည်သည့်ပုံစံ မည်သည့် အခြေအနေမျိုးမှာမှ လက်မခံနိုင်ပါဘူး၊ တာဝန်ရှိသူတွေကို တရားဥပဒေအရ ကြိမ်းသေမုချ အရေးယူရမှာ ဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံလိုကြောင်း၊ မြေပြင်က ပကတိအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုပြီး မြန်မာ ခေါင်းဆောင်တွေနဲ့ အဲဒီလို တွေ့ဆုံခွင့်ရရင် ပိုမိုခိုင်မာမှာဖြစ်လို့ အင်မတန်အရေးကြီးကြောင်းလည်း ဂျရမီ ဟန့် ကပြောပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက် ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နဲ့ တခြား တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၅ ယောက်ကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ ထောက်ခံတင်ပြခဲ့တာနဲ့ စပ်လျဉ်းပြီး ဗြိတိန်ဝန်ကြီးက အဲဒီလို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ အခုအခြေအနေအရ ဒီကိစ္စအတွက် ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ပါ့မလားဆိုတာ မသေချာကြောင်း၊ ဒါပေမဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေ တရားဥပဒေရှေ့မှောက် ရောက်ရှိရေးအတွက် ဘယ်လိုနည်းလမ်းမှ မကျန်အောင် စေ့စပ်စွာ ကြိုးစားမှာဖြစ်ကြောင်း ကတိပြုပြောကြားပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ပဋိပက္ခမှာ စည်းကမ်းကန့်သတ်မှုဘောင်တခုကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ယဉ်ကျေးတဲ့လူ့ဘောင်ကို ယုံကြည်တန်ဖိုးထားတဲ့ နိုင်ငံတွေအနေနဲ့ တရားဥပဒေနဲ့အညီ လိုက်နာရပ်တည်ဖို့ လိုအပ်လှပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့က ထုတ်ဝေတဲ့ The Wall Street Journal မှာတော့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့တာဟာ မြန်မာပြည်ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးမှုဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဒီပြဿနာဟာ သတင်းထောက်တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ လွှတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအပေါ် မူတည်နေပြီဖြစ်ကြောင်းနဲ့ သူမအနေနဲ့ ဒီမိုကရေစီ စံသတ်မှတ်ချက်တွေကို အခုအချိန်ထိ သစ္စာရှိရှိ ကတိပြု လိုက်နာနေဆဲပဲလား ဆိုတာကို စမ်းသပ်မှုအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။
Photo: SAUL LOEB / AFP
Source by : https://www.facebook.com/rfaburmese/photos/a.10150522560153128/10158072288633128/?type=3

သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်မှု အတိုင်ပင်ခံရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ AFP ဖော်ပြ

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားစေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

သတင်းထောက်တွေရဲ့အမှုကို စစ်ဆေးနေစဉ်ကာလ တစ်လျောက်လုံးမှာလည်း အမှုနဲ့ပတ်သက်ပြီး တစ်စုံတရာ မဝေဖန် မပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခင်မင်တဲ့ အမေရိကန် သံတမန်တစ်ဦးဖြစ်သူ Bill Richardson ကတော့ သတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး ပြောဆိုကြည့်ဖို့ ကြိုးစားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်က ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပြောဆိုတာတွေမှာ ဒေါသအပြည့်ပါနေပြီး၊ သတင်းထောက်တွေကို သစ္စာဖောက် တွေလို့ ညွှန်းဆိုခဲ့တယ်လို့ Bill Richardson က AFP သတင်းကို ပြောပါတယ်။

အဲဒီနေရာမှာရှိနေခဲ့တဲ့ အငြိမ်းစား ထိုင်း သံအမတ် Kobsak Chutikul ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီအချိန်က သစ္စာဖေါက်တွေလို့ ပြောဆိုခဲ့သလား မမှတ်မိတော့ပေမယ့် အဲဒီတုန်းက Bill Richardson နဲ့ ပြောဆိုခဲ့တဲ့ အခြေအနေဟာ အလွန်ပဲ တင်းမာနေတာကြောင့် မပြောခဲ့ဘူးလို့ မဆိုနိုင်ကြောင်း ပြောပါတယ်။

Bill Richardson နဲ့ Kobsak Chutikul တို့ဟာ ရခိုင်ပြည်နယ် ပြဿနာဆိုင်ရာ နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်ကြပြီး၊ နောက်ပိုင်းမှာ နုတ်ထွက်ခဲ့ကြပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာန အယ်ဒီတာချုပ် စတီဖင် အက်ဒလာ က ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကြီးအကျယ် နောက်ပြန်ဆုတ်သွားတာဖြစ်ပြီး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေနဲ့ အံမ၀င်ဘဲ ဖြစ်နေတဲ့ အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးသစ်အဖြစ် မနေ့ကမှ စတင်တာဝန်ယူလိုက်တဲ့ မစ်ချယ်ဘက်ခ်ျလက် ကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောဆိုပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရယ်မီ ဟန့် ကလည်း သူ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ ထောင်ဒဏ်ချမှတ်ခံရတဲ့ သတင်းထောက်နှစ်ဦး ကိစ္စမေးမြန်းမယ်လို့ ပြောဆိုလိုက်သလို၊ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း သတင်းလွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးမှု ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရတာဖြစ်ကြောင်း ရှုတ်ချပြောဆိုလိုက်ပါတယ်။

Source by : https://www.rfa.org/burmese/news/reuters-court-09032018223158.html

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မနက်ဖြန်တွေ့မည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့တို့ဟာ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ဖြန်မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA တအာင်းလွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ အခုတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့ရှိတဲ့ထဲက အခုတွေ့ဆုံမယ့် အဖွဲ့သုံးဖွဲ့ကို မြန်မာ့တပ်မတော်ဘက်က စောစောပိုင်းက လက်ခံခြင်းမရှိပါဘူး။
မနက်ဖြန် တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က…
“လောလောဆယ် တွေ့ဆုံဆွေးနွေးမှုတွေ ရပ်နေတယ်၊ ဒါကြောင့်မို့ တရုတ်အထူးသံတမန် မစ္စတာဆွန်ကော်ရှန်းရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဘာတွေဆွေးနွေးကြမလဲ ဆိုတာတော့ မနက်ဖြန်မှ သိမှာပါ”
လောလောဆယ် ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းလွတ်မြောက်ရေးအဖွဲ့ အပြင်၊ TNLA နဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။
(Photo: Thiha Tun/RFA)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Sun Guoxiang) ကို ၂ဝ၁၈ ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Source by : https://www.facebook.com/rfaburmese/photos/a.10150522560153128/10158070647688128/?type=3

သတင်းထောက်နှစ်ဦးအမှု တရားရုံးဆုံးဖြတ်ချက် ပြန်သုံးသပ်ဖို့ ကုလသမဂ္ဂပြော

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ၊ မြန်မာအာဏာပိုင်တွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းလိုက်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ဒီမိုကရေစီအတွက် အရေးကြီးတာကြောင့် ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သတင်းရေးတဲ့အတွက် ဖမ်းဆီးထောင်ချတယ်ဆိုတာ လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း ပြောပါတယ်။
ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကလည်း ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ချခံရတာ နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တာဟာ မြန်မာနိုင်ငံ အမှောင်ကျသွားတဲ့ အခိုက်အခါ ဖြစ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီတို့က ပြောဆိုခဲ့ကြပါတယ်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးသစ်အဖြစ် စတင်တာဝန်ယူလိုက်တဲ့ မစ်ချယ်ဘက်ခ်ျလက် ကလည်း… တရားရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောဆိုလိုက်ပြီး၊ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
Photo: AFP
Source by : https://www.facebook.com/rfaburmese/photos/a.10150522560153128/10158070544348128/?type=3