Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

Genocide လို့ပြောလိုက်တာနဲ့ လူအတော်များများကခေါင်းထောင် ကြည့်ကြလေ့ရှိတယ်။ မျက်လုံးပြူးမျက်ဆံပြူးလည်းဖြစ်သွားလေ့ရှိတယ်။ ဒါပေမဲ့ Genocide ဆိုတဲ့ term ကို သုံးစွဲပုံသုံးစွဲနည်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူကြဘူး။

လူအများစု နားလည်တဲ့ Genocide
Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တာ၊ လူမျိုးတစ်မျိုးကို ရန်ဘက်လူမျိုးက အများကြီးမျိုးပြုတ်အောင် သတ်ပစ်တာ။ ဒါက သာမန် လူတန်းစားနားလည်ထားတဲ့ Genocide ။
ဥပဒေအရ Genocide ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ယှဉ်လိုက်ရင် ဒီအမြင်ဟာ သိပ်ကို အပေါ်ယံဆန်ပေမယ့် သာမန်လူတန်းစားရဲ့ အမြင်ဟာလည်း လျစ်လျူရှုလို့တော့မရဘူး။ သာမန်လူတန်းစားဆိုတာ လူအများစုဖြစ်လေ့ရှိပြီး Genocide လို့အသံကြားတာနဲ့ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ထကြည့်တာလည်း သူတို့ပဲဖြစ်လေ့ ရှိတာမို့ သာမန်လူတန်းစားတွေရဲ့ အပေါ်ယံနားလည်ထားမှုကိုလည်း လျှော့တော့မတွက်နဲ့ဗျို့။

နိုင်ငံရေးသမားများ Genocide ကို သုံးစွဲပုံ
သူတို့ကတော့ အမှန်တကယ် Genocide ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံကို နားလည်ကောင်း နားလည်လိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးသမားအများစု Genocide လို့ သုံးစွဲရခြင်းရည်ရွယ်ချက်က ဥပဒေကြောင်းအရ လမ်းဖောက်တာထက် အပေါ်
မှာရေးထားတဲ့ သာမန်လူတန်းစားကိုလှုပ်နှိုးဖို့ မီဒီယာမှာ ဝုန်းဒိုင်းနဲ့ ပွဲဆူသွားစေဖို့ ဆိုတဲ့ရည်ရွယ်ချက်က ပိုများလေ့ရှိတယ်။
နိုင်ငံရေးသမားတွေရဲ့ ဒီလို လက်လွတ်စပယ် သုံးစွဲမှုကြောင့်လဲ အမှန်တကယ် Genocide ဆိုတာရဲ့ လေးနက်မှုကို လူတွေက ဖော့တွက်ကုန်ကြတာ။ ဒါ့ကြောင့် Genocide လို့ ပါးစပ်က ထွက်ပြီးရင် တရားရေးလမ်းကြောင်းပေါ်ကို ရောက်အောင် ဆွဲတင်နိုင်မှ အဲဒီလူဟာ တာဝန်ကျေတယ်။ မီဒီယာပေါ်မှာတင် ဒစ်လည်နေရင် အဲဒါ ပေါ်ပင်လိုက်တာ။

နိုင်ငံတကာ ဥပဒေက အဓိပ္ပါယ်ဖွင့်ဆိုသော Genocide = Legal Genocide
တခြားရာဇဝတ်မှုတွေနဲ့ မတူတာက Genocide ကို ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ တကမ္ဘာလုံးအတူတူပဲ။ UN မှာ ပြဌာန်းထားတဲ့ Genocide Convention ကိုပဲ တကမ္ဘာလုံး လက်ခံတယ်။ ICC ရုံးတော်ကလည်း UN ရဲ့ Genocide Convention အတိုင်းပဲ တိုက်ရိုက်ယူသုံးတယ်။ ဒါ့ကြောင့် Genocide ကို ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုခြင်း ဆိုတာ Genocide Convention ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းပဲ။

သီအိုရီအရ အဓိပ္ပါယ်ဖွင့်ဆိုသော Genocide
ဒါကကျတော့ တအားကျယ်ပြန့်သွားပြီ။ Genocide Convention ရဲ့ဖခင် Dr.Raphael Lemkin ကိုယ်တိုင်က Genocide ကို အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ပုံစံ။ သမ္မာကျမ်းစာထဲမှာပါတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့သမိုင်းတွေ ကစပြီး အမှောင်ခေတ် ဥရောပတိုက်မှာ သတ်ဖြတ်မှုတွေအလယ် ဆိုဗီယက် အစိုးရရဲ့ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေအပါအဝင် နာဇီတွေရဲ့ ဟိုလိုကော့စ်အဆုံး နှစ် ၇၀၀၀ စာလောက်က ညဉ်းပမ်းနှိပ်စက်မှု အနိုင်ကျင့်မှု လူသတ်ပွဲ သမိုင်းတွေကို လေ့လာပြီး ထုတ်နှုတ်ထားတဲ့ theory တွေ။
ဒီ theory တွေကို Dr.Lemkin ရဲ့နောက်ပိုင်း Genocide Scholar တွေက ထပ်ဖြည့်ကြတာရှိပေမယ့် ဒီ theory ရဲ့ အခြေခံစဉ်းစားပုံက မပြောင်းလဲဘူး။ theory အရ Genocide ကို အဓိပ္ပါယ်ဖွင့်ဆိုပုံရဲ့ အခြေခံက “မနုသလူသား (Homo sapiens) အနွယ်ဝင် သတ္တဝါမျိုးနွယ်အစုအဖွဲ့ တစ်ရပ်၏ ရှင်သန်နေထိုင်ဖြစ်တည်မှုအား အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးဖျောက်ဖျက် လိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သော မည်သည့်လုပ်ရပ် ကိုမဆို Genocide လို့သတ်မှတ်နိုင်တယ်” ဆိုတာမျိုးဗျ။
ဒီနေရာမှာ မနုသလူသားအနွယ်ဝင် သတ္တဝါမျိုးနွယ် အစုအဖွဲ့ဆိုတာ လူမျိုးရေးအရ သွေးသားတူညီမှုအရ ဘာသာရေးအရ အသားအရောင်အရ စုစည်းတည်ရှိတာလည်းဖြစ်နိုင်သလို နိုင်ငံရေးခံယူချက်တူညီမှုအရ လိင်ပိုင်းဆိုင် ရာခံစားချက်တူညီမှုအရ စုဖွဲ့တည်ရှိတာလည်း ဖြစ်နိုင်တယ်။
ဖျက်ဆီးဖျောက်ဖျက်လိုသော ရည်ရွယ်ချက်ဆိုတာကတော့ ရှင်သန်ရပ်တည်မှုကို လုံးဝမရှိစေချင်တာကနေ ရှင်သန်ရပ်တည်တဲ့ ပုံစံကို ပြောင်းလဲသွားစေ ချင်တာ ပုံပျက်သွားစေချင်တာလည်းဖြစ်နိုင်တယ်။ ဥပမာ – ဂျစ်ပစီလူမျိုးတွေက ဘိုးစဉ်ဘောင်ဆက် ဂစ်တာတီးတော် တယ်ဆိုပါစို့။ နေ့စဉ်ဂစ်တာတီးပြီး ပိုက်ဆံရှာတယ်။ ဂျာမန်လူမျိုးတွေက တယော ထိုးတော်တယ်။ ဒီတော့ ဂျစ်ပစီတွေ ဂစ်မတီးရဘူး တယောပဲထိုးရမယ်လို့ ဂျာမန် အာဏာပိုင်တွေက အမိန့်ထုတ်ရင် သီအိုရီအရ အဲဒါ Genocide ပဲ။ Cultural Genocide လို့ခေါ်တယ်။
ဂျစ်ပစီတွေရဲ့ ယဉ်ကျေးမှုကိုပုံပျက်အောင် ယိုယွင်းအောင်လုပ်တာ၊ ဂျစ်ပစီတယောက်ကိုမှ မသတ်ဘူး။ သွေးတစ်စက်မှ မထွက်ဘူး။ ဒါပေမဲ့ Genocide ပဲ။ ဒါဆို ဂစ်တာမတီးခိုင်းပဲ တယောပြောင်းထိုးခိုင်းတာနဲ့ ICC တင်လို့ ရပြီလား? NO ! မရဘူး။ ဒါက သီအိုရီအရ Genocide လို့အဓိပ္ပါယ်ဖွင့်ဆိုတာ။ Legally = ဥပဒေကြောင်းအရ Genocide လို့မှ မသတ်မှတ်နိုင်သေးတာ။ ဒါဆို Cultural Genocide = ယဉ်ကျေးမှုပိုင်းအရ ယိုယွင်းပျက်ဆီးအောင်လုပ်တဲ့ Genocide တွေအားလုံးကို ICC တင်လို့မရတော့ဘူးပေါ့။ အဲလိုလည်း မဟုတ်ဘူး။
Cultural Genocide ရဲ့ အမြင့်ဆုံးပုံစံဖြစ်တဲ့ လူမျိုးတစ်မျိုးက ကလေးတွေကို နောက်လူမျိုးတစ်စုက အတင်းအဓမ္မအင်အားသုံး (သိမ်းငင်) လွှဲယူလိုက် တာကျတော့ ဥပဒေကြောင်းအရ Genocide ဖြစ်သွားပြီ။ လွှဲယူပစ်လိုက်တဲ့ ကလေးတွေကို တယောက်မှ မသတ်ဘူး။ ထမင်းကျွေးတယ်၊ အဝတ်ဆင်ပေးတယ် စာသင်ပေးတယ်။ စကားသင်ပေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ မူရင်းစာပေ မူရင်းဘာသာ စကားမဟုတ်တော့ဘူး။ ရန်ဘက်လူမျိုးရဲ့ စာပေစကားဖြစ်သွားပြီ။ အဲဒါဆို ICC တင်လို့ရပြီ။
နားလည်ထားဖို့က Theory အရ genocide ထဲကမှ သမိုင်းမှာ လက်တွေ့အဖြစ်အများဆုံး အရေးယူဖို့ အလိုအပ်ဆုံးအပိုင်းတွေကို ဆွဲထုတ်ပြီး Genocide Convention ကို ပြဌာန်းထာတာ။ Genocide Convention ဟာ လက်တွေ့ အသုံးချ apply သဘောဆောင်တယ်။

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

Genocide ရာဇဝတ်မှုမြောက်,မမြောက်ကို Genocide Convention နဲ့သာ ချိန်ထိုးသုံးသပ်စီရင်တဲ့ အတွက် လေ့လာကြစို့။

Genocide is defined in article II of the Genocide Convention as the commission of certain prohibited acts ‘with intent to destroy, in whole or in part, a national, ethnical, racial or religious group, as such’. The prohibited acts are:
(a) Killing members of the group;
(b) Causing serious bodily or mental harm to members of the group;
(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part;
(d) Imposing measures intended to prevent births within the group;
(e) Forcibly transferring children of the group to another group.

Genocide Convention ကို မြန်မာလို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ ?
Genocide Convention ကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆို၍မရပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်တွင် Genocide Convention ကို အခြေခံ၍ ပြဌာန်းထားသော ဥပဒေမရှိပါ။ Genocide Convention ပါ စာလုံးများသည် အင်္ဂလိပ်စာသပ်သပ် မဟုတ်ပါ။ ဥပဒေကြောင်းအရ ပြဌာန်းထားသောစာလုံးများဖြစ်သောကြောင့် အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ဥပဒေသက်ရောက်မှုအင်အား ပါကိုပါရပါမည်။ မြန်မာလို ဘာသာပြန်လိုက်သောစာလုံးများသည် မူရင်း Convention ပါ စာလုံးများနှင့်ထပ်တူ ဥပဒေကြောင်းအရသက်ရောက်သော အင်အားမပါရှိနိုင်ပါ။

ဒါပေမဲ့ ကျွန်တော်ဘာသာပြန်ပါမယ်
Genocide Convention ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းလည်း မဟုတ်သလို သည်၏ မရွေးဘာသာပြန်မှာလည်း မဟုတ်ပါ။ စာရှေ့ဆက်ဖတ်လို့ရရုံသာ ဘာသာပြန်ပါသည်။ Genocide Convention ကို အစအဆုံး အလျားလိုက်ဘာသာပြန်ထားတာတွေရှိပါတယ်။ အခုဟာက အရေးကြီးတဲ့ point လောက်ကိုပဲ ဘာသာပြန်တာပါ။

—————————

လူမျိုးရေးအရ၊ ဘာသာရေးအရ၊ တိုင်းသူပြည်သားဖြစ်မှုအရ စုဖွဲ့ တည်ရှိသော မနုဿလူသားအဖွဲ့အစည်း (လူ့အဖွဲ့အစည်း) တစ်ရပ်အား အလုံးစုံ ဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးလိုသောရည်ရွယ်ချက်ဖြင့် (အောက်ပါ) တားမြစ်ထားသော လုပ်ရပ်များကို ကျူးလွန်လျှင် (တရားဥပဒေကြောင်းအရ) Genocide အထမြောက်သည်။
တားမြစ်ထားသော လုပ်ရပ်များမှာ
(က) လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်များအား သတ်ဖြတ်ခြင်း
ဒီနေရာမှာရော နောက်အပိုဒ်တွေအတွက်ပါ နားလည်ထားရမှာက သတ်ဖြတ်ခံရသူသည် မောင်ဖြူမို့လို့ မောင်နီမို့လို့ သတ်ဖြတ်ခံရတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းတစ်ရပ်၏အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်ဖြတ်ခံရတာ။
ဥပမာ – ဂျူးဖြစ်လို့အသတ်ခံရတာ၊ ခရစ်ယာန်ဖြစ်လို့အသတ်ခံရတာ စသဖြင့်…။
(ခ) လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်များအား စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ပြင်းထန်သော ထိခိုက်နာကျင်စေမှုတို့ကို ဖြစ်စေခြင်း။
ထပ်ပြီး ပြောစရာရှိလာတာက “စိတ်ပိုင်း ထိခိုက်နာကျင်စေမှု” ဟာ ဘယ်လို ပုံစံလဲလို့ တိတိကျကျ ဖော်ပြဖို့ခက်တယ်။ နောက်ပြီး “ပြင်းထန်သော” ဆိုရာမှာ ဘယ်လောက်အတိုင်းအတာလဲဆိုတာလည်း တိတိပပသတ်မှတ်ဖို့ ခက်
တယ်။ ဒါတွေဟာ တရားသူကြီးတွေရဲ့ ဆင်ခြင်သုံးသပ်မှုဂွင်ထဲက ကိစ္စတွေ။
(ဂ) လူ့အဖွဲ့အစည်းတစ်ရပ်အား အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုဖြစ်စေရန် တွက်ချက်အကွက်ချ၍ ယင်းတို့၏ ဘဝရပ်တည်မှု အခြေအနေများအား ရည်ရွယ်ချက်ရှိရှိဖြင့်ထိခိုက်စေခြင်း။
ဒီကိစ္စက သတ်ဖြတ်မှုပြီးရင် အဖြစ်အများဆုံးပုံစံပဲဗျ။ ဆေးကုမရအောင်လုပ်တာ။ စပါးစိုက်မရအောင်လုပ်တာ၊ သောက်ရေသုံးရေမရှိအောင်လုပ် တာကနေ အိမ်နံရံကာခွင့်မပေးတာအထိ အမျိုးမျိုးပါဝင်တယ်။
(ဃ) လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း မွေးဖွားမှုများကို တားမြစ်ပိတ်ပင်ရန် ရည်ရွယ်ချက်ဖြင့် နည်းလမ်းညွှန်ကြားချက်များ ချမှတ်ကျင့်သုံးခြင်း။
(င) လူ့အဖွဲ့အစည်းတစ်ရပ်ပိုင်ကလေးငယ်များအား အခြားလူ့အဖွဲ့အစည်းအတွင်းသို့(အတင်းအဓမ္မ) အင်အားသုံးစွဲ၍ လွှဲပြောင်းပစ်ခြင်း။
ဒီနေရာမှာ “အင်အားသုံးစွဲ၍” ဆိုတာကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာလဲ တရားသူကြီးတွေရဲ့ ဆင်ခြင်သုံးသပ်မှုဂွင်ထဲမှာရှိတယ်။

———————————

မြန်မာပြည်မှာ ဂျင်နိုဆိုဒ်ဖြစ်နေပြီလား
————————————————————————–
(က) ကနေ (ဃ) ကျူးလွန်ခံရတာက ရိုဟင်ဂျာတွေ၊ ရိုဟင်ဂျာ ကလေးမွေးဖွားမှုကန့်သတ်ဖို့ ပြည်ထောင်စုအဆင့်မှာ ပြဌာန်းထားတယ်။ မျိုးစောင့်ဥပဒေ ၄ ခုမှာ ၁ ခုပါတဲ့ ကလေးမွေးဖွားမှု ကန့်သတ်ရေးဥပဒေ။ လက်ရှိ
အစိုးရကလည်း အဲဒီဥပဒေကို မဖျက်သိမ်းဘူး။ ဒေသန္တရ ဥပဒေထုတ်ပြီး တားမြစ် နေတာကတော့ နှစ်ပေါင်း ၄၀ လောက်ရှိပြီ။
(င) ဖြစ်တဲ့ ကလေးတွေကိုလွှဲပြောင်းယူတာကျ တိုင်းရင်းသားလို့ ခေါ်ခံရပြီး ဂျင်းအထည့်ခံနေရတဲ့ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်တွေကို လုပ်တယ်။ တောင်တန်းဒေသတွေမှာ စီးပွားရေးကြပ်တည်းအောင် တောက်လျှောက် လုပ်ထားတယ် ။ အစိုးရက ငွေကြေးစိုက်ထုတ်ပေးတဲ့ တောင်တန်းသာသနာပြု အဖွဲ့တွေလွှတ်ပြီး ဆင်းရဲတဲ့ ကလေးတွေကို သိမ်းသွင်းတယ်။ ဒီနေရာမှာ အင်အားသုံးတယ်ဆိုတာကို သေနတ်နဲ့ထောက်ပြီး ကလေးတွေကို လုယူမှ ပြောတာမဟုတ်ဘူး။ စီးပွားရေးအင်အား၊ လူမှုရေးအင်အားတွေကိုပါ ထည့်သွင်းသုံးသပ် ရတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြောင်း ပေါ်ပေါက်ရင် cultural genocide ရဲ့ အမြင့်ဆုံးပုံစံ ကိုကျူးလွန်ကြောင်း သက်သေရမှာပဲ။ အဲဒီအခါကျရင် တိုင်းရင်း သားဖွံ့ဖြိုးရေးတက္ကသိုလ်လို အဖွဲ့အစည်းတွေဟာ ဂျင်နိုဆိုဒ်ယန္တယားအဖြစ် သတ်မှတ်ခံရမှာပဲ။

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို စီရင်ရာမှာ Genocide Convention နဲ့ ချိန်ထိုး စီရင်တယ်။ ဒီလို ချိန်ထိုးစီရင်ဖို့ အမှုတွဲတည်ဆောက်ရာမှာ အခြေခံပါဝင်တဲ့ မဏ္ဍိုင် ကြီးတွေရှိတယ်။ ဒီမဏ္ဍိုင်တွေမပြည့်စုံရင် အမှုတွဲတည်ဆောက်လို့မရဘူး။ ရာဇဝတ်ကောင်တွေဘက်ကလည်း အဲဒီလို အမှုတွဲတည်ဆောက်လို့မရအောင် ဥပဒေကြောင်းအရရော ဖြစ်စဉ်ကြောင်းအရပါ ပြင်ဆင်ထားလေ့ရှိတယ်။ အဖိနှိပ်ခံတွေဘက်က တချို့ကို လူမွေးပြီးဖျက်မြင်းလုပ်ခိုင်းတယ်ဆိုတာ ဒီလို မဏ္ဍိုင်တွေ တည်ဆောက်မရအောင်လုပ်တာ။ ဥာဏ်တိမ်တဲ့ အဖိနှိပ်ခံတွေဆိုရင် ရာဇဝတ် ကောင်တွေရဲ့ အသုံးချခံဖြစ်သွားလေ့ရှိတယ်။
ဒီတော့ ဥာဏ်မတိမ်ရအောင် မဏ္ဍိုင်တွေကို လေ့လာကြစို့ရဲ့။

မဏ္ဍိုင် ၄ သွယ် အမှုတွဲ
၁။ အကျူးလွန်ခံရသူများ (သို့) သတ်ဖြတ်ညှဉ်းဆဲနှိပ်ကွပ်ခံရသူများ။
၂။ ကျူးလွန်သူများ။
၃။ ကျူးလွန်ရသည့်ရည်ရွယ်ချက်။
၎။ ကျူးလွန်မှုများ။
အမှန်တော့ ဒီမဏ္ဍိုင် ၄ ခုဟာ Genocide Convention မှာပါပြီးသားပါပဲ။

၁။ အကျူးလွန်ခံရသူများ (သို့) သတ်ဖြတ်ညှဉ်းဆဲနှိပ်ကွပ်ခံရသူများ
ရှေ့က ရေးထားတဲ့အတိုင်း အကျူးလွန်ခံရသူဟာ မောင်နီမို့လို့ မောင်ဖြူမို့လို့မဟုတ်ဘူး။ လူ့အဖွဲ့အစည်းတရပ်ရဲ့ အဖွဲ့ဝင်ဖြစ်လို့။ ဘယ်လိုလူ့အဖွဲ့ အစည်းလဲဆိုတော့ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ တိုင်းသူပြည်သားဖြစ်မှုအရ စုဖွဲ့ဖြစ်တည်နေတဲ့ လူ့အဖွဲ့အစည်း။
ဒါဆို ဘာသာရေး၊ လူမျိုးရေးနဲ့ တိုင်းသူပြည်သားဖြစ်မှုနဲ့မဟုတ်ဘဲ စုဖွဲ့ ဖြစ်တည်နေတဲ့ လူ့အဖွဲ့အစည်းတွေရော မရှိဘူးလား…? ရှိတာပေါ့! ဥပမာ-လူတန်းစားအရ စုဖွဲ့ဖြစ်တည်နေတဲ့ လူ့အဖွဲ့အစည်း (လယ်သမား၊ အလုပ်သမား စသဖြင့်)ဆိုဗီယက်မှာ လီနင်နဲ့ စတာလင်ခေတ်က လယ်သမားတွေဆီကစိုက်ပျိုး ရသမျှသီးနှံတွေကို ကွန်မြူနစ်အစိုးရက သိမ်းဆည်းသွားဖူးတယ်။ ငတ်ပြတ်ပြီး လယ်သမားသန်းချီ သေဆုံးခဲ့ရတယ်။ ဒါဟာ Genocide မြောက်သလား ဆိုတဲ့ မေးခွန်းဟာ Dr.Lemkin လက်ထက်ကတည်းက မေးခွန်းပါ။
Theory အရတော့ လုံးဝ Genocide ပါပဲ။ ဒါပေမဲ့ Genocide Convention ပြဌာန်းဖို့လုပ်တော့ ကွန်မြူနစ် အုပ်စုဝင်နိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့အတွက် အဲဒီလို လူတန်းစားကွဲပြားမှုအရ စုဖွဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းအပေါ်ကျူးလွန်မှုကို Genocide လို့နာမည်မတပ် ဖြစ်ခဲ့ပါဘူး။ ဝမ်းနည်းစရာကိစ္စပါ။ ဒါဆို လူတန်းစားကွဲပြားမှုအရ စုဖွဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းတွေဟာ Genocide Convention အရ အကာအကွယ်အပေးမခံရတော့ပါဘူး။
မှန်ပါတယ်။ နောက်ထပ် အကာအကွယ်မပေးဖြစ်တဲ့ အုပ်စုတစ်စု ကိုထပ်ကြည့်ပါ။
နာဇီတွေဟာ ဂေးတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်ကွပ်သတ် ဖြတ်ပစ်ခဲ့ပါတယ်။ ဂေးဖြစ်လို့ကို လုပ်တာပါ။ ဒါဟာ Genocide လားဆိုတော့ Theory အရတော့ မှန်ပါတယ်။ ဒါပေမဲ့ Genocide Convention မှာတော့ လိင်ပိုင်းဆိုင်ရာခံယူချက်အရ စုဖွဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းကို အကာအကွယ်ပေးမထားပါဘူး။ ဝမ်းနည်းစရာပါ။ Genocide Convention ဟာ ပုံစံမျိုးစုံနဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းတိုင်းကို အကာအကွယ် မပေးနိုင်ပါဘူး။ Genocide Convention ပါ လူမျိုးရေး၊ ဘာသာရေးနဲ့ တိုင်းသူပြည်သားဖြစ်မှုအရ စုဖွဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းတွေကိုပဲ အကာအကွယ် ပေးနိုင်ပါတယ်။ အဲဒီလူ့အဖွဲ့အစည်းတွေကိုကျူးလွန်မှပဲ ဥပဒေကြောင်းအရ Genocide မြောက်ပါတယ်။
ဒါဆို အခြားသောပုံစံနဲ့ စုဖွဲ့ဖြစ်တည်တဲ့ လူ့အဖွဲ့အစည်းတွေက အကာအကွယ်မဲ့ပြီပေါ့….? အဲလိုတော့မဟုတ်ပါဘူး။ Genocide Convention က အကာအကွယ်ပေးမထားတဲ့ လူ့အဖွဲ့အစည်းတွေကို Crimes against Humanity က အကာအကွယ်ပေးထားပါတယ်။ Crimes against Humanity မှာတော့ ဘယ်လိုဘယ်ပုံ လူ့အဖွဲ့အစည်း လို့ ကန့်သတ်မထားပါဘူး။ မည်သည့်လူ့အဖွဲ့အစည်းကိုဖြစ်စေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုတွေရှိလာရင် Crimes against Humanity မြောက်ပါတယ်။
Crimes against Humanity ဟာ Genocide Convention က အကာအကွယ်ပေးထားတဲ့ လူမျိုး၊ ဘာသာ၊ တိုင်းသူပြည်သားဖြစ်မှုအရ စုဖွဲ့ဖြစ်တည် တဲ့ လူ့အဖွဲ့အစည်းတွေကိုလည်း အကာအကွယ်ပေးပါတယ်။
ဒါဆို အဲဒီလူ့အဖွဲ့အစည်းတွေကျတော့ ဥပဒေနှစ်မျိုးလုံးက အကာအကွယ်ပေးထားတာပေါ့….? ဟုတ်ပါတယ်။ နှစ်ထပ်ကွမ်း အကာအကွယ်ပေးထားတာပါ။ ဥပဒေ နှစ်ရပ် overlap ဖြစ်တဲ့ point တွေမို့ densed area လို့ခေါ်ပါတယ်။ densed area တွေနဲ့ပတ်သတ်လို့ စီရင်ရာမှာ Cimes against Humanity နဲ့ စတင်စစ်ဆေးရင်း Genocide မြောက်စေသော အခြားအချက်အလက်တွေနဲ့ ကိ်ုက်ညီလာရင် Genocide ရာဇဝတ်မှုအဖြစ် ဆက်လက်စစ်ဆေးရပါတယ်။

—————————-

ငါတို့ကို ICC မှာတင်ထားတာ Genocide နဲ့ မဟုတ်ဘူး။ Crimes against Humanity နဲ့ပဲလို့တွေးပြီး ကြည်နူးနေတဲ့ ရာဇဝတ်ကောင်တွေ ကြပ်ကြပ်သတိထားပါ။ ခင်ဗျားတို့ဟာ densed area ကိုမှ ကျွံပြီးဝင်သွားတာဖြစ်ကြောင်းပါခင်ဗျား။

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်

၂။ ကျူးလွန်သူများ
ကျူးလွန်သူကို သတ်မှတ်ရာမှာ
– မြေပြင်အောက်ခြေအဆင့်မှာ လူသတ်၊ မီးရှို့၊ မုဒိန်းကျင့်သူတွေအပါအဝင်။
– အဲလိုလုပ်ဖို့ တိုက်ရိုက်အမိန့်ပေးသူ။
– စီမံချက်ရေးဆွဲပေးသူ။
– စီမံချက်အား ငွေကြေး ပစ္စည်းထောက်ပံ့ပေးသူ
– ဘေးကနေ ( အမုန်းစကား ) ဝါဒဖြန့်ပေးသူအထိ
ကျယ်ကျယ်ပြန့် ပြန့်သတ်မှတ်ထားပါတယ်။
ကျူးလွန်သူတွေကို တရားစီရင်ရာမှာ အခက်အခဲတချို့ရှိပါတယ်။ ရာဇဝတ်ကောင်တွေဟာ ကျူးလွန်စဉ်အတွင်းမှာ အာပေါင်အာရင်းသန်သန်နဲ့ လှုံ့ဆော်သတ်ဖြတ်မီးရှို့ခဲ့သလောက် အရေးယူခံရတော့မယ်လို့သေချာချိန်မှာ အထောက်အထားတွေကို ဖျောက်ဖျက်ပါတယ်။ တာဝန်ယူရတဲ့ ရာထူးအဆင့်တွေကို ရွှေ့ပစ်တာ၊ ပြောင်းပစ်တာ၊ ဖြုတ်ပစ်တာတွေလုပ်လေ့ရှိပါတယ်။ တရားခံအချင်း ချင်းလည်း လက်ညှိုးထိုးပုံချပြီး အမှုပေါ့အောင်လုပ်လေ့ရှိပါတယ်။
ဒါဟာ စီရင်ချက်ချရာမှာ ဘယ်သူဟာ အဓိကတာဝန်ရှိလဲဆိုတာကို ဝေဝါးစေဖို့ အားထုတ်တာပါ။ ဒါဟာ နာဇီတရားခံ ဟင်းမလားကစပြီး အခုထိ အောင်လုပ်တတ်တဲ့ ရာဇဝတ်ကောင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေပါ။ (ဟင်းမလားဆိုရင် ဟစ်တလာသေခါနီးမှ နာဇီပါတီကနေ ထုတ်ပယ် ခံရတယ်လို့ ဇာတ်လမ်းဆင်လိုက်ပါသေးတယ်။)

နောက်ထပ်ဆင်ခြင်စရာတစ်ခု
အာဖရိက,က ဇူလူးတွေနဲ့ ဝင်ရိုးစွန်းက အက်စ်ကီးမိုးတွေကြားမှာ Genocide ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ Genocide ဖြစ်လာရင် ပြုလုပ်သူနဲ့ ခံရသူ (နှစ် ဖက်)လူမျိုးတွေဟာ တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက်ပဲရန်လိုမုန်းတီးနေပါစေ အတိုင်းအတာတစ်ခုထိတော့ နှစ်ပေါင်းမနည်း ပတ်သတ်ဆက်နွယ် အမျိုးတော် နေလေ့ရှိပါတယ်။
ဥပမာ-ဆာဘ်တွေနဲ့ ဘော့စ်နီးယန်းတွေ။ ကျူးလွန်တဲ့ ဆာဘ်တွေဟာ အော်သိုဒေါက်စ်တွေဖြစ်ပြီး ကျူးလွန်ခံရတဲ့ ဘော့စ်နီးယန်းတွေဟာ အစ္စလာမ်ဘာသာကိုးကွယ် သူတွေဖြစ်ပေမယ့်ဒီလူမျိုးနှစ်မျိုးဟာ တအားကြီးကွဲပြားနေတာမဟုတ်ပါဘူး။ ဆာဘ်နဲ့ဘော့စ်နီးယန်းတွေဟာ တစ်ဦးနဲ့တစ်ဦး ဘာသာစကားတွေကို အပြန်အလှန်နားလည်ဖို့လွယ်သလို အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့တာတွေလည်း အများအပြားပါ။ မင်္ဂလာပွဲ ဆယ်ပွဲရှိရင် တစ်ပွဲက လူမျိုးမတူဘဲ လက်ထပ်တဲ့နှုန်းပါ။ ဒါကြောင့် ဘာလူမျိုးလဲလို့မေးရင် ဆာဘ်၊ ဘော့စ်နီးယန်းလို့မဖြေဘဲ ယူဂိုဆလာဘ်(ပြည်ထောင်စု)လူမျိုးလို့ ပြန်ဖြေသူက သန်းခေါင်စာရင်းရဲ့ ၁၀ % ရှိပါတယ်။
ဂျင်နိုဆိုဒ်ဖြစ်လာတော့ အဲဒီပြည်ထောင်စုလူမျိုးလို့ပြန်ဖြေတဲ့ ဒေသခံတွေဟာ ဆာဘ်တပ်ဖွဲ့တွေရဲ့ မုဒိန်းသားကောင်တွေဖြစ်လာရပါတယ်။ ဆာဘ် တပ်ဖွဲ့တွေက “နင်တို့ သွေးနှောချင်ဦး၊ အမျိုးကိုမစောင့်ရှောက်ချင်ဦး” လို့ ခြိမ်းခြောက်ကြွေးကြော်ပြီး မုဒိန်းကျင့်ကြပါတယ်။ ဆာဘ်သွေးပြန်လည်လွှမ်းမိုးသန့်စင်ဖို့ အားထုတ်တဲ့အနေနဲ့ မုဒိန်းကျင့်တာပါ။
မုဒိန်းအကျင့်ခံရတဲ့ အမျိုးသမီးတွေကလည်း ဆာဘ်သွေး အတိုင်းအတာတစ်ခုအထိ ပါပြီးသားပါ။ ဒါဆို ဆာဘ်သွေးပါသူတွေကို ဆာဘ်တွေက မုဒိန်း ကျင့်တာပဲ။ ဘာကိစ္စ Genocide ဖြစ်ရမှာလဲ။ အုပ်စုဖွဲ့မုဒိန်းမှုပဲမဟုတ်လားလို့
မေးခွန်းထွက်လာပါတယ်။ ဒီမှာတင် မုဒိန်းအကျင့်ခံရသူတွေက သူတို့ကိုယ်သူတို့ ယူဂိုဆလာဘ် လူမျိုးလို့သတ်မှတ်ခြင်းနဲ့ မုဒိန်းကျင့်တဲ့ဆာဘ်တွေက အကျင့်ခံရသူတွေကို ဘော့စ်နီးယန်းသွေးနှောတွေလို့ သတ်မှတ်ခြင်း ဘယ်ဟာကိုအတည်ယူပြီး အမှု တွဲတည်ဆောက်မလဲဆိုတာ စကားပြောလာပါတယ်။
ကျူးလွန်သူဘက်က ကျူးလွန်ချိန်အတွင်း သတ်မှတ်ခြင်းကိုပဲ အတည် ယူပြီး အမှုတွဲတည်ဆောက်ပါတယ်။ ရဝမ်ဒါဂျင်နိုဆိုဒ်မှာတော့ ဒီအချက်က ပိုပြီးထင်ရှားလာပါတယ်။ ကျူးလွန်သူ ဟူတူလူမျိုးနဲ့ အကျူးလွန်ခံရသူ တွတ်ဆီလူမျိုးတွေဟာ တကယ် တော့ သွေးတူ၊ စကားတူ၊ ဘာသာတူ အားလုံးအတူတူပဲ။ ကိုလိုနီအရှင် သခင်တွေလက်ထက်တုန်းက အရပ်ပိုရှည်တဲ့ နှာခေါင်းပိုချွန်တဲ့သူတွေကို ရွေးထုတ်ပြီး ကိုလိုနီအစိုးရယန္တယားမှာအသုံးချရင်း အဲဒီသူတွေဟာ တွတ်ဆီရယ် လို့ ဖြစ်လာတယ်။
ကျန်တဲ့သူတွေက ကိုလိုနီခေတ် ဆင်းရဲကြပ်တည်းမှုတွေနဲ့ ရုန်းကန်ရချိန်မှာ နာကြည်းချက်တွေ ဝင်လာတယ်။ သူတို့က ဟူတူတွေပါ။ လွတ်လပ်ရေးရပြီးချိန်မှာတော့ အနှိမ်ခံဟူတူတွေလက်ထဲ အာဏာရလာပြီး ပြည်တွင်းစစ်အဖြစ် ပေါက်ကွဲထွက်လာပြီးတော့ Genocide နဲ့ အဆုံးသတ်သွားခဲ့တယ်။ ဟူတူနဲ့တွတ်ဆီ အပြန်အလှန်လက်ထပ်တာတွေလည်း အများကြီး။ ဥပမာ-အဖေကတွတ်ဆီ၊ အမေက ဟူတူ၊ မိသားစုမှာရော နှစ်ဖက်အသိုင်းအဝိုင်းမှာ ဘာပြသနာမှမရှိ။ ဒါပေမဲ့ ဟူတူပြည်သူ့စစ်တွေက တစ်မိသားစုလုံးကို သတ်ဖြတ် သွားခဲ့တယ်။ ခုံရုံးရောက်မှ တရားခံက ဘာထွက်ဆိုချက်ပေးလဲဆိုတော့ “ဟူတူ ဟူတူချင်း ဂျင်နိုဆိုဒ်လုပ်စရာလားဗျာ” တဲ့။ ဒီမှာတင် ကျူးလွန်သူက ကျူးလွန်ချိန်အတွင်း သတ်မှတ်မှုကိုပဲ အတည်ယူတယ်ဆိုတာနဲ့ ဆုံးဖြတ်တယ်။ ဒီမိသားစုကို တွတ်ဆီအဖြစ်ယူဆခဲ့လို့ သတ်ဖြတ်တာမို့ Genocide မြောက်တယ်။ ဒါရဝမ်ဒါ ခုံရုံးရဲ့ စီရင်ချက်တွေ။
ဒါဆို လူမျိုးတူသူအချင်းချင်း ကျူးလွန်ရင် Genocide မမြောက်ဘူး လားဆိုတဲ့ မေးခွန်းထွက်လာတယ်။

——————————-

မြန်မာပြည်မှာရော ဘော့စ်နီးယားလို ရဝမ်ဒါလို သွေးနီးတဲ့လူမျိုးတွေ ဂျင်နိုဆိုဒ်ဖြစ်နေသလားပေါ့။ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုကို မြန်မာအစိုးရက communal violence လို့နာမည်တပ်ပေမယ့် ကမ္ဘာက Genocide အဖြစ်ပဲသတ်မှတ်လိုက်ပါပြီ။ ပြည်မက မိတ္ထီလာနဲ့ နောက်ပိုင်းဆက်တိုက်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း မြန်မာအစိုးရ လူမှုအသိုင်းအဝိုင်းကြားပဋိပက္ခ (communal violence) လို့ နာမည်တပ်ပါတယ်။
communal violence လား? Genocide လား? ကွဲကွဲပြားပြားဖြစ် ဖို့ သတ်မှတ်ရာမှာ ပြောစရာတချို့ ရှိလာနိုင်တာကို ဒီ status က မီးမောင်း ထိုးပြပါလိမ့်မယ်။ မြန်မာပြည်မထဲကမွစ်ဆလင်မ်တွေဆိုတာ အနည်းနဲ့အများ ဗမာသွေးပါကြသူချည့်ပါပဲ။ တချို့ မိသားစုတွေမှာ ဖခင်ကမွစ်ဆလင်မ် မိခင်ကဗုဒ္ဓဘာသာဖြစ်ပြီး သားသမီးအရင်းအချာတွေထဲမှာလည်း အစ္စလာမ်ကိုးကွယ်သူရော ဗုဒ္ဓဘာသာ ကိုးကွယ်သူပါ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်မက မွစ်ဆလင်မ်တွေလည်း ဘာသာရေးအရပစ်မှတ်ထားခံရတာမို့ Genocide Convention အရအကာအကွယ်ပေး ထားသောအုပ်စုထဲမှာတော့ ပါပါတယ်။
ဒီအချိန်ကျမှ ရုတ်တရက် ထဂေါက်ပြီး “ကျုပ်တို့က မြန်မာလူမျိုး အစ္စလာမ်ကိုးကွယ်သူတွေ၊ ရိုဟင်ဂျာတွေနဲ့ ကျုပ်တို့မြန်မာမွစ်ဆလင်မ်တွေနဲ့ ဘာမှမဆိုင်ဘူး” လို့ထအော်တဲ့ ဖျက်မြင်းတွေဟာ ဘာရည်ရွယ်ချက်နဲ့အော်တာလဲ? Genocide Convention အရ အကာအကွယ်ပေးထားတဲ့ scope ကို ကျဉ်းအောင် ဝင်ကစားချင်တဲ့ ရည်ရွယ်ချက်နဲ့လားလို့ ဆန်းစစ်ရတော့မှာပါ။ တစ်ခုတော့ မှတ်ထားပါ။ အဲဒီ ဖျက်မြင်းတွေရဲ့ရည်ရွယ်ချက် လုံးဝအောင်မြင်မှာ မဟုတ်ပါဘူး။ ရှေ့မှာရေးမယ့် auto – genocide အကြောင်းမှာ စောင့်ဖတ်ကြပါ။

Genocide မြောက်,မမြောက် ဘယ်လိုဆုံးဖြတ်


Autogenocide
ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူဆိုတဲ့ မဏ္ဍိုင်နှစ်ခုကို ရှင်းရှင်းလင်းလင်းပြနိုင်မှ အမှုတွဲတည်ဆောက်လို့ရမှာပါ။ ဒီနေရာမှာ ပြောစရာရှိလာတာက ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူက လူမျိုးတစ်မျိုးတည်းဖြစ်နေရင်ရော? ဥပမာ-ကမ္ဘောဒီးယားက ခမာနီတွေလုပ်ခဲ့သလို လူ နှစ်သန်းလောက် ကို သတ်ဖြတ်ပစ်တာမျိုး။ ကျူးလွန်တဲ့ ခမာနီတွေနဲ့ အကျူးလွန်ခံရတဲ့ ကမ်ပူးချား ပြည်သူတွေဟာ လူမျိုးအတူတူပဲ။
နိုင်ငံရေးခံယူချက်အရ မတူလို့ကျူးလွန်တယ် ပြောကြသေးတယ်။ ဒါကို politically or idealogically motivated genocide လို့ နာမည်တပ်ကြသေးတယ်။ တကယ်တော့ ကမ်ပူးချားပြည်သူတွေဟာ ခမာနီတွေကို ဆန့်ကျင်ပြနေတာလည်း မဟုတ်။ ဒါဟာ လူမျိုးတူသူ အချင်းချင်း ကျူးလွန်တဲ့ genocide=autogenocide အစပိုင်းမှာ autogenocide ကို Legal Genocide အဖြစ်သတ်မှတ် ဖို့ကိစ္စကို အငြင်းပွားကြသေးတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာဥပဒေမှာ autogenocide ကို တရားဝင်အသိအမှတ်ပြုမထားလို့ပဲ။ ဒီဟာကို အရေးအရာ လုပ်ပြီး ထည့်ပြောနေရတာက တခြားကြောင့်မဟုတ်ဘူး။ “ကျွန်တော်တို့ဟာ စစ်ဖြစ်နေသော်လည်း တိုင်းရင်းသားညီအကိုတွေပါ။ ဒါ့ကြောင့် ကျူးလွန်မှုတွေ ဟာ Genocide မဟုတ်ပါဘူး” လို့ ကြိုကာထားတာတွေရှိတယ်။
တိုင်းရင်းသားသွေးချင်းညီအကိုတွေမို့ ကျူးလွန်မိသမျှဟာ အချင်းချင်းလုပ်မိတဲ့ autogenocide သာဖြစ်တယ်။ Legal Genocide အဖြစ် တည်ဆောက် မရအောင် ကြိုကာထားတာ။ ဒါပေမဲ့ အဲဒီကာကွယ်မှုဟာ အခုခေတ်မှာ ဒိတ် အောက်သွားပြီ။ အလုပ်မဖြစ်တော့ဘူး။ autogenocide ဟာ နိုင်ငံတကာဥပဒေတွေမှာ တရားဝင်သုံးနှုန်းဖော်ပြ ထားတာမရှိပေမယ့် ကမ်ပူးချားခုံရုံးရဲ့ စီရင်ထုံးတွေမှာတော့ autogenocide သည် legal genocide မြောက်ကြောင်း ဖော်ပြခဲ့ပြီးသား။ ကမ်ပူးချားခုံရုံးရဲ့ စီရင်ထုံးတွေကို ထောက်ရှုပြီး autogenocide သည် legal genocide ဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ကလည်း ထပ်ဆင့်အသိအမှတ်ပြုထားတယ်။

marginalization=သေးသိမ်အောင်ဘေးသို့တွန်းပို့ခြင်း (သို့) တန်းညှိခြင်း
ဒါက Genocide ကို ပုံစံတစ်မျိုးနဲ့ ငြင်းဆန်တာ။ Genocide ကို Genocide လို့အသိအမှတ်မပြုဘဲ လူတွေရွှေ့ပြောင်းထွက်ခွာရတဲ့ကိစ္စတို့၊ လူ့အဖွဲ့အစည်း နှစ်ခုကြား ပဋိပက္ခဖြစ်ပွားခြင်းတို့ စသဖြင့် တခြားနာမည်တပ်တာ။ မြင်အောင်ပြောရရင် Diagnosis အလွဲတပ်တာ။ ဒါပေမဲ့ ဒီလိုလွဲတာ ဟာ မတော်တဆလွဲတာမျိုးမဟုတ်ဘဲ သေချာရည်ရွည်ချက်ရှိရှိလွဲအောင် လုပ်တာ။ လုပ်တာမှ Genocide ကိုကျူးလွန်စဉ်ကာလကတည်းက အဲလိုလမ်းလွှဲ လို့ရအောင် လုပ်ယူထားတာ။
ဥပမာ အစိုးရတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က သတ်ဖြတ်မှုမှာ တိုက်ရိုက်ဝင်မပါဘဲ ဒေသခံတွေကို လူအုပ်စုဖွဲ့ ပြည်သူ့စစ်ဖွဲ့ပေးပြီး သတ်ဖြတ်ဖို့လွှတ်ပေးထားလိုက်တာ။ အစိုးရအဖွဲ့အကြီးအကဲကတော့ နိုင်ငံတကာမှာလှည့်လည်ပြီး တော့ ပဋိပက္ခချုပ်ငြိမ်းဖို့အားထုတ်နေကြောင်း၊ တရားဥပဒေစိုးမိုးရေးပြဿနာ ဖြစ်ကြာင်း တော်ကီပစ်ချင်ပစ်နေမယ်။ ဒါတွေက ဘော့စ်နီးယားမှာလည်း ဖြစ်ခဲ့ပြီးပြီ။ ဆားဘီးယားအမြဲတမ်း တပ်မတော်ဟာ တိုက်ရိုက်သတ်ဖြတ်မှုတွေမှာ ဘယ်တော့မှဝင်မပါဘူး။ ဆာဘ် ပြည်သူ့စစ်တွေကပဲ တိုက်ရိုက်သတ်ဖြတ်၊ မုဒိန်းကျင့်တယ်။ မီလိုဆီဗစ်က ပြည်တွင်းစစ်လို့ အင်တာဗျူးတွေ ဖြေမယ်။
ဒါက ဖြစ်စဉ်ကို ကျူးလွန်စဉ်ကတည်းက အကွက်ချပြီး marginalize လုပ်နေတာ။ ခံရတဲ့သူတွေဘက်က ထွက်ပြေးပြီး ဖြစ်စဉ်ပြီးသလောက်ရှိချိန်မှာ တော့ “ဒုက္ခသည်ပြဿနာ” တို့ “ပြန်လည်နေရာချထားရေးပြသနာ” တို့စသဖြင့် တူနိုးနိုး အသုံးအနှုန်းတွေသုံးပြီး Genocide ကို သေးသိမ်အောင်လုပ်တတ်တယ်။ မုန်တိုင်းတိုက်လို့ ငလျင်လုပ်လို့ ဒုက္ခသည်ဖြစ်လာတာမှ မဟုတ်တာဗျာ။ မြင်အောင်ပြောရရင်…

– လူတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသေတယ်။
– နောက်လူတစ်ယောက်ကားတိုက်ခံရလို့ သေတယ်။
– နောက်လူတစ်ယောက် အရက်အတူသောက်ရင်း ရန်ဖြစ်ပြီးဒေါသစိတ်မထိန်းနိုင်လို့ ဓါးနဲ့ထိုးမိပြီးသေတယ်။
– နောက်တယောက်က ဖမ်းဆီးခံရပြီး လက်ပြန်ကြိုးတုပ်ညှဉ်းဆဲခံရလို့ သေတယ်။
ဖြစ်စဉ်အားလုံးမှာ ရလဒ်က လူတစ်ယောက်သေဆုံး သွားတယ်ဆိုတာ ချည်းပဲ။ ဒါပေမဲ့ အဲဒီဖြစ်စဉ်တွေကို စီရင်ရာမှာ လူတစ်ယောက်သေတာပဲကွာလို့ တန်းညှိပြီး အားလုံး ပုဒ်မတစ်ခုတည်းနဲ့ စီရင်လို့ မရဘူးလေ။ လူသေမှုပုဒ်မ၊ လူသတ်မှုပုဒ်မ၊ အညိုးအတေးနဲ့ လက်စားချေ သတ်ဖြတ်ရင် လူသတ်မှုပုဒ်မနဲ့စွဲတောင် ပြစ်ဒဏ်ကပိုပြင်းထန်သေးတယ်။ ဒါကြောင့် Genocide ကို အပျော့စားပုံစံနဲ့ ငြင်းဆန်တဲ့ marginalisation ဟာ အလုပ်မဖြစ်ပါဘူး။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကတော့ marginalization ကို လုပ်နေကြတုန်းပါပဲ။

————————

ဒီနေ့ပို့စ်ကတော့ ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူကြားကစည်းကို ဘယ်လိုပိုင်းခြားလဲဆိုတာ မီးမောင်းထိုးပြတာပါ။ လူမျိုးတူသူအချင်းချင်း ဒါမှမဟုတ် သွေးသားနီးစပ်သူ အချင်းချင်းကျူးလွန်တဲ့ autogenocide ဟာ ဥပဒေကြောင်း အရ genocide မြောက်ပါတယ်။ မြန်မာပြည်မှာရော အဲဒါမျိုးဖြစ်သလား? တိုင်းရင်းသားသွေးချင်းညီအစ်ကိုဆိုပြီး နှစ် ၆၀ လောက် သတ်ချင်သလို သတ်ဖို့ ဂျင်းထည့်ထားတာဟာ ဗမာအာဏာပိုင်တွေရဲ့ ဥပဒေကြောင်းအရ ကြို တင်
အကာအကွယ်ယူထားမှုပါ။
ဂျင်နိုဆိုဒ်အင်ပါယာအတွက် အလုပ်အကျွေးပြုခဲ့တဲ့ ဒေါက်တာ မောင်မောင်လိုပုဂ္ဂိုလ်တွေ ဗိုလ်မှူးချုပ်မောင်မောင်လို ပုဂ္ဂိုလ်တွေကို လျှော့မတွက် ပါနဲ့။ ဥပဒေကို ကလိမ်ကကျစ်အသုံးချရာမှာ အင်မတန်မှ ကျွမ်းကျင်သူတွေပါ။
ဗမာအာဏာပိုင်တွေဟာ ပြည်တွင်းကတိုက်ပွဲတွေကို ဘယ်တော့မှ ပြည်တွင်းစစ်လို့ မသုံးနှုန်းပါဘူး။ သောင်းကျန်းမှုနှိမ်နင်းသည့်စစ်ဆင်ရေး အဖြစ်ပဲသုံးနှုန်းပါတယ်။ ဘာကွာသလဲဆိုတော့ ပြည်တွင်းစစ်လို့သတ်မှတ်ရင် ဂျီနီဗာ
ကွန်ဗန်းရှင်းရဲ့သက်ရောက်မှုက ပိုအားကောင်းပါတယ်။ သောင်းကျန်းမှုနှိမ်နင်း ရေးဆိုရင် မြန်မာပြည်တွင်းဥပဒေက သက်ရောက်မှုပိုအားကောင်းပါတယ်။
မြန်မာလို “တိုင်းရင်းသား”ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံတကာတန်းမဝင်တဲ့ အသုံးအနှုန်းပါ။ ချိတ်ဆက်ကျကျပြန်ကြည့်ရင် ကိုယ့်ပြည်တွင်းမှာ ကိုယ့် ဥပဒေနဲ့ကိုယ် လုပ်ချင်ရာလုပ်ခွင့်ရအောင် မြန်မာအာဏာပိုင်တွေကဂွင်ဆင်ထား တာပါ။ ဒါက ဥပဒေကြောင်းအရချည်းကပ်တာပါ။ ဖြစ်စဉ်ကြောင်းအရချည်းကပ်ရင် မြန်မာအစိုးရဟာ သူတို့လက်နဲ့သူတို့ တိုက်ရိုက်သတ်ဖြတ်တာရှိသလို လူနည်းစုအချင်းချင်းပြန်သတ်ခိုင်းတာလည်းရှိ ပါတယ်။ ဥပမာကတော့ ကရင်အချင်းချင်းပြန်သတ်ခိုင်းတာပါ/ autogenocide ရဲ့ ပုံစံတစ်မျိုးပါပဲ။
ဘာသာရေးဗန်းပြ ကရင်ခွဲထွက်အဖွဲ့ကြီးရဲ့လက်ချက်နဲ့ ကရင်ခရစ်ယာန်နဲ့ မွစ်ဆလင်မ်တွေအသတ်ခံရပြီး သံလွင်မြစ်ထဲအမြောခံရတာ မြစ်ရေတောင် ပုပ်သွားသတဲ့။ ဘယ်သူ့မှာ တာဝန်ရှိသလဲ? collaborators=ပုဆိန်ရိုးလုပ်ပြီး အချင်းချင်းပြန်သတ်သူတွေလား? နောက်ကွယ်ကစေခိုင်းသူတွေလား?
ကျူးလွန်သူကို သတ်မှတ်ရာမှာ တိုက်ရိုက်သတ်ဖြတ်သူရော နောက် ကွယ်က အစီအမံချပေးသူပါ ပါတယ်လို့ ရှင်းရှင်းလင်းလင်းရေးပြီးသားပါ။

———————–

နောက်တစ်ခုက Genocide ကို တခြားသောဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြီး သေးသိမ်အောင် diagnosis အမှန်မထွက်အောင်လုပ်တာပါ။ ဒါမျိုးလုပ်ဖို့ အဘ တွေက စာမတတ်တော့ အစ်မကြီးကို ရှေ့ထုတ်လိုက်တဲ့သဘောပါ။
မြန်မာ့နိုင်ငံရေးဟာ Genocide ကျူးလွန်ဖို့ရည်ရွယ်ချက်နဲ့ကို လည်ပတ်နေတဲ့ အနေအထားပါ။

Genocide မြောက်,မမြောက်ဘယ်လိုဆုံးဖြတ်

၃။ intention = ကျူးလွန်ရသည့်ရည်ရွယ်ချက်
ဘာရည်ရွယ်ချက်လဲဆိုတော့ “မနုဿလူသားအဖွဲ့အစည်းတစ်ရပ်အား အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးဖျောက်ဖျက်ပစ်လိုသော ရည်ရွယ် ချက်” ဘိုလိုဆိုရင်တော့ an intention to destroy such a group in whole or in part ပါ။ မဏ္ဍိုင် ၄ ခုမှာ ဒီ ရည်ရွယ်ချက်ရှိ၊ မရှိ ဆန်းစစ်ရတာ အခက်ခဲဆုံးပါ။ ရဝမ်ဒါခုံရုံးက တရားသူကြီးတွေကတော့ တချို့အမှုတွေမှာ ဒီရည်ရွယ်ချက်ကို ဆန်းစစ်ဖို့ဟာ မဖြစ်နိုင်လောက်အောင်ကို ခက်ခဲလွန်းတယ်လို့ဆိုပါတယ်။
ဘာ့ကြောင့်ဒီလောက်ခက်ခဲသလဲဆိုတော့ ဒီရည်ရွယ်ချက်ကို ဆန်းစစ်ဖို့အတွက် ဖြစ်ပျက်ခဲ့သော “ရာဇဝတ်မှုများရဲ့ရုပ်ပိုင်းဆိုင်ရာပျက်စီးသက်ရောက် စေမှုများ” နဲ့ “ကျူးလွန်တဲ့ ရာဇဝတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ” ကို ဆက်စပ်ယူကြည့်ရလို့ပါ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုဟာ အဖြစ်အပျက်ပေါင်းစုံ ပုံစံမျိုးစုံနဲ့ ပြင်းအားအမျိုးမျိုးနဲ့ဖြစ်တဲ့ ရာဇဝတ်မှုအစုအထွေးကြီးပါ။ တစ်ခုချင်းကို ခေါင်းစဉ်ခွဲပြီးဇယားဆွဲရတာ၊ သက်သေအထောက်အထားရှာရတာကိုက အတော်လက်ဝင်တဲ့ အလုပ်ပါ။ ဒါတွေဟာ ရာဇဝတ်မှုတွေရဲ့ရုပ်ပိုင်းဆိုင်ရာပျက်စီးသက်ရောက်မှုကို ဆန်းစစ်ရတဲ့အပိုင်းပါ။
ကျူးလွန်တဲ့ ရာဇဝတ်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆန်းစစ်ဖို့ကတော့ လွယ်မယောင်နဲ့ ခက်တဲ့ကိစ္စပါ။ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဟာ ကျူးလွန်တုန်းအချိန်မှာသာ သတ်ပစ်၊ လုပ်ပစ်၊ မီးရှို့ပစ် စသဖြင့် စိတ်အားတွေ ကြွတက်ပြသလောက် တရားရုံးရောက်ပြီး အရေးယူခံရမှာသေချာပြီဆိုရင်တော့ တတ်နိုင်သမျှ ခေါင်းရှောင်ဖို့ပဲ လုပ်ပါတော့တယ်။
ရာဇဝတ်ကောင်အချင်းချင်း လက်ညှိုးထိုးအပြစ်ပုံချမယ်။ အမိန့်အရလုပ်ရတာလို့ ရှောင်ထွက်မယ်။ အခြေအနေအရဖြစ်သွားတာပါ၊ ရင်ထဲမှာ ဘာမှ မရှိပါဘူးလို့ မျက်နှာပြောင်တိုက်မယ်။ ဘယ်ရာဇဝတ်ကောင်ကမှ “ဟုတ်တယ် အဲဒီလူမျိုးတွေကို မုန်းလွန်းလို့ အပြီးသတ်သုတ်သင်ပစ်ချင်လို့ လူသတ်တယ်၊ မီးရှို့တယ်၊ မုဒိန်းကျင့်တယ်ကွာ” လို့ ဝန်မခံရဲပါဘူး။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိကျူးလွန်တာဟုတ်သလား၊ မဟုတ်ဘူးလားလို့ သုံးသပ်ဆုံးဖြတ်နိုင်ဖို့ ရာဇဝတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆန်းစစ်တာဟာ အတော်ကိုခက်ခဲပါတယ်။
ဒါဆို ရာဇဝတ်ကောင်တွေဘက်က မဝန်ခံမချင်း ရည်ရွယ်ချက် ရှိ၊ မရှိ ဆန်းစစ်လို့မရတော့ဘူးပေါ့? အဲလိုတော့ ဘယ်ဟုတ်မလဲဗျာ! တရားရုံးအနေနဲ့ ရာဇဝတ်ကောင်တွေ အင်ထားသရွေ့ ဘာမှလုပ်မရတာမျိုး ဘယ်အဖြစ်ခံမလဲ။ဥပမာ-ဦးကိုနီကို သေစေလိုသောရည်ရွယ်ချက်မရှိပါဘူးလို့ ကြည်လင်းပြောသမျှ လက်ခံစရာလား။ အဲဒီသဘောပေါ့ဗျ။ ရာဇဝတ်ကောင်ရဲ့ဝန်ခံချက်ဟာ မရှိမဖြစ်လိုအပ်တဲ့အရာမဟုတ်ဘူးဗျ။ ဒါဆို ရည်ရွယ်ချက်ရှိ၊ မရှိကို ဘာနဲ့ထောက်ပြီး ဆန်းစစ်လဲဆိုတော့ အမှုရဲ့ဖြစ်စဉ်ကြောင်းပေါ့ဗျာ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ ဖြစ်စဉ်ကြောင်းဟာ Ten stages of Genocide လေဗျာ။
Genocide Watch အဖွဲ့ရဲ့ဥက္ကဌ Dr.Gregory Stanton ဟာ အမေရိကန်ပြည်ထောင်စု State Department မှာ Eight Stages of Genocide ဆိုတဲ့စာတမ်းကိုတင်သွင်းခဲ့ပြီး နောက်ပိုင်းထပ်တိုးဖြည့်စွက်ချက်တွေနဲ့ Ten Stages
of Genocide ဆိုပြီးဖြစ်လာပါတယ်။

Ten Stages of Genocide
( ၁ ) အမျိုးအစားခွဲခြားခြင်း = classification
“တို့အားလုံး” ဆိုတဲ့အမြင်မျိုးမရှိတော့ဘဲ “မင်းတို့ကသပ်သပ် ငါတို့ကသပ်သပ်” ဆိုတဲ့ ခွဲခြားခြင်းပါ။ ဒါဟာ လူသားတွေမှာ အမြဲတမ်းမဟုတ်တောင် တခါတရံဖြစ်လေ့ရှိတဲ့သဘာဝပါ။ ဒါပေမဲ့ ကောင်းတဲ့သဘာဝ မဟုတ်ဘူးဗျ။ မကောင်းတဲ့သဘာဝမို့ ကြီးထွားကျယ်ပြန့်မလာအောင် ထိန်းချုပ် ရတယ်။ အဲလိုမထိန်းချုပ်ဘဲ ကြီးထွားသည်ထက်ကြီးထွားအောင်လုပ်လာပြီဆို ရင်တော့ သတိထားတော့ဗျို့။

( ၂ ) တံဆိပ်ကပ်ခြင်း = Symbolization
တချို့က အမှတ်အသားလုပ်ခြင်းလို့ ပြောတယ်။ ဥပမာ-ဂျူးဆိုရင် သံပုရာခွံဦးထုပ်ဆောင်းထားမယ်။ မွစ်ဆလင်မ်ဆိုရင် မုတ်ဆိတ်ထားတတ်တယ်။ ဒါက ကိုယ့်ဖာသာ အမှတ်အသားလုပ်တာ။ ဒါလည်း လူတွေ သာမန်အချိန်မှာ လုပ်နေကျကိစ္စတွေပါ။ ဒါပေမဲ့ တံဆိပ်ကပ်ခြင်းဟာ အဲဒီလိုကိုယ့်ဖာသာလုပ်တာထက်ပြင်း ထန်တယ်။ ဥပမာ-ဂျူးဆိုရင် အဝါရောင်ခြောက်ထောင့်ကြယ်တံဆိပ်ကပ်ကိုကပ် ထားရမယ်လို့ နာဇီတွေက အမိန့်ထုတ်တာ။ ဒါက ဂျူးတွေကိုယ့်ဖာသာသံပုရာခွံ ဦးထုပ်ဆောင်းတာထက် ပိုတဲ့ကိစ္စဗျ။ အင်အားသုံးပြီး တံဆိပ်ကပ်ခံရတာအနေ အထားရောက်သွားပြီမို့ သတိထားတော့ဗျို့။

( ၃ ) ခွဲခြားဆက်ဆံခြင်း = Discrimination
ဒါတော့ လုံးဝရှင်းသွားပြီ! မင်းတို့ကသပ်သပ် ငါတို့ကသပ်သပ်မို့ မင်းတို့ကို ငါတို့လို အခွင့်အရေးမပေးနိုင်တော့ဘူးဆိုတဲ့အဆင့်။ ဒုတိယတန်းစား နိုင်ငံသားအဖြစ်သတ်မှတ်မယ်။ အစိုးရအုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ခွင့်မပေးတော့ဘူး။ဥပဒေပြုလွှတ်တော်တွေမှာ ပါဝင်ခွင့်မပေးတော့ဘူး။ ဒီအဆင့်က ပုံမှန်လူ့သဘာဝ မဟုတ်တော့ဘူး။ သေချာကို ရုံးအမိန့်၊ ညွှန်ကြားလွှာ၊ လျှို့ဝှက်ညွှန်ကြားချက်၊ နှုတ်မိန့်စသဖြင့် အာဏာကိုစွဲကိုင်ပြီးကို အကောင်အထည်ဖော်တဲ့အဆင့်။

( ၄ ) လူအဖြစ်ရှုမြင်သတ်မှတ်မဆက်ဆံတော့ခြင်း = Dehumanization
အရေးပါတဲ့ နေရာအဆင့်တွေကနေ ဖယ်ထုတ်ပြီးတဲ့နောက်မှာတော့ ပစ်မှတ်ထားခံရတဲ့ လူမျိုးစုဟာ ပုခုံးနှစ်ဖက်ကြားကခေါင်းထွက်လာတာတောင် လူအဖြစ် အမြင်မခံတော့ဘူး။ ကပ်ပါးတွေ၊ နိုင်ငံတော်ကိုဖျက်ဆီးတဲ့ကောင်တွေ၊ သစ္စာမရှိသူတွေ စသဖြင့် ရှုမြင်ခံရပြီ။ လူကိုလူလို့မမြင်နိုင်တော့ဘဲ တဆင့်နိမ့်အဖြစ်ရှုမြင်ခံရပြီ။ ဒီအဆင့်ရဲ့ ထင်ရှားတဲ့လက္ခဏာက ပြင်းထန်တဲ့ ဝါဒဖြန့်ချီမှုတွေပဲ။ “သွေအေးလို့မနေသင့်တော့ပြီ” တို့ “နိုင်ငံတော်အတွက်၊ အမျိုးဘာသာသာသနာအတွက်” စတဲ့ အသုံးအနှုန်းတွေကို ဒီအဆင့်မှာ ဖောဖောသီသီ ကြားရပြီ။
အမုန်းတရားဝါဒဖြန့်ချီမှုတွေကို လွတ်လပ်စွာရေးသားပြောဆိုထုတ်ဝေခွင့်အရလုပ်တာလို့အကြောင်းပြတတ်ကြတယ်။ သိထားဖို့ကအမုန်းတရားဖြန့်ဝေမှု အတွက် လွတ်လပ်စွာပြောခွင့်ထုတ်ဝေဖြန့်ချီခွင့် မရှိဘူးဆိုတာပဲ။

Genocide မြောက်, မမြောက် ဘယ်လိုဆုံးဖြတ်

( ၅ ) စုဖွဲ့တည်ဆောက်ခြင်း = Organization
အလွယ်ဆုံးပြောရရင်တော့ သတ်ဖို့ဖြတ်ဖို့ ပြင်တာပါပဲ။ လူသတ်ဖို့ ပြည်သူ့စစ်တွေဖွဲ့မယ်၊ လက်နက်တပ်ဆင်မယ်၊ လေ့ကျင့်ပေးမယ်။ သွေးထိုးပေး ထားတဲ့ လူဆိုးလူသွမ်းတွေကိုခေါ်ပြီး အုပ်စုလိုက်သိုင်းသင်ပေးတာကစလို့မောင်းပြန်သေနတ်လို လက်နက်တွေတပ်ဆင်ပေးပြီး သုတ်သင်ရေးအဖွဲ့တွေ တည်ဆောက်တာအထိပါဝင်ပါတယ်။

( ၆ ) ထောင့်စွန်းတဖက်သို့ တွန်းပို့ဂျောင်ပိတ်ခြင်း = Polarization
ပစ်မှတ်ထားခံရတဲ့လူမျိုးစုကို (နိုင်ငံတော်အဆင့်ကတရားဝင်) ချေမှုန်း ဖို့လုပ်နေပြီလို့ လူတိုင်းသိလာအောင်လုပ်တာ။ အဆင့် (၃) မှာပါတဲ့ Discrimination လုပ်တာတွေကို တရားဝင်လူသိရှင်ကြားအရှိန်မြှင့်ကျင့်သုံးတာတွေပါမယ်။ ဥပမာ-အရင်က မှတ်ပုံတင်သွားလုပ်ရင် ရုံးမှာပဲသွေးနှောဆိုပြီးခွဲခြားမယ်။ ဒါက လူမသိသူမသိ Discrimination ။ Polarization အဆင့်ကျတော့ လူထုထဲမှာကိုတရားဝင်လုပ်ပြတာ။ ဥပမာ-အခြေခံပညာသင်ကျောင်းတွေမှာ ကလေးအရွယ်ကျောင်းသားလေးတွေ ကို မှတ်ပုံတင်လုပ်ပေးရာမှာ ဘာသာမတူတဲ့ လူနည်းစုကလေးတွေကို သွေးနှော မို့လုပ်မပေးနိုင်ဘူးလို့ ဒဲ့ခွဲခြားတာ။ တရားဝင် လူသိရှင်ကြားခွဲခြားလိုက်တာ။
ပစ်မှတ်ထားခံရတဲ့ လူမျိုးစုဟာ အစိုးရအုပ်ချုပ်ရေး၊ လွှတ်တော် စတာ တွေကနေ ဖယ်ရှားခံရပြီးသားဖြစ်တာမို့ ဘာမှ ပြန်လှန်ပြောဆိုခွင့်မရှိတော့ဘူး။ ဒါ့အပြင် အဲဒီလူမျိုးတွေနဲ့ လက်မထပ်နဲ့ မပတ်သတ်နဲ့ စသဖြင့် ကန့်သတ်မှုတွေကို တရားဝင်ဥပဒေပြဌာန်းပြီး အကောင်အထည်ဖော်တာ။ အဲဒီလူမျိုးတွေရဲ့ ဆိုင်မှာမဝယ်နဲ့၊ မြေမရောင်းနဲ့၊ အိမ်မငှားနဲ့ စတဲ့ ဒေသန္တရအမိန့်တွေ တရားဝင်ထုတ်ပြန်ပြီး ပစ်မှတ်ထားခံရတဲ့ လူမျိုးစုကို ထောင့်ကပ်သွားအောင် အားငယ်သွားအောင် ဦးချိုးထားလိုက်တာပါ။

( ၇ ) ပြင်ဆင်ခြင်း = Preparation
ဒီအဆင့်ကကျ ရှင်းတယ်။ ရက်ပိုင်း၊ လပိုင်းအတွင်းမှာကို သတ်ဖို့ဖြတ်ဖို့ပြင်ဆင်တာ။ ပစ်မှတ် ထားခံရတဲ့လူမျိုးစုကို အစာရေစာရှားပါးတဲ့နေရာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေကို တွန်းပို့ထားလိုက်တာ။ ဒါမှမဟုတ်ပိတ်ဆို့ထားလိုက်တာ။ရုပ်ပိုင်းဆိုင်ရာအားအင်ပါ ချည့်နဲ့အောင်လုပ်တဲ့အဆင့်။

( ၈ ) ညှဉ်းပမ်းနှိပ်စက်ခြင်း = Persecution
ပစ်မှတ်ထားခံရတဲ့လူမျိုးစုကို ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေမှာ ပိတ်ဆို့ ထားလိုက်ပြီး ငတ်ပြတ်အောင် ရောဂါဘယတိုးပွားအောင် ချည့်နဲ့နေအောင် လုပ်ပြီးပစ်ထားလိုက်တာ။ ဥပမာ-ဂျူးတွေကို နာဇီတွေက ဂတ်တိုတွေထဲမှာပိတ်လှောင်ညှဉ်းဆဲ ထားသလိုမျိုး။ ပစ်မှတ်ထားခံရတဲ့လူမျိုးစုဟာ ခြင်းထဲက ကြက်တွေလိုဖြစ်သွား ပြီးလိုအပ်ရင် တစ်ကောင်ချင်းကနေ လေးငါးကောင်အုပ်စုလိုက် စတင်အသတ်ခံရပြီ။

( ၉ ) အစုလိုက်အပြုံလိုက်သုတ်သင်သတ်ဖြတ်ချေမှုန်းခြင်း = Extermination
ဒီအပိုင်းကတော့ ဂျင်နိုဆိုဒ်နဲ့ ပတ်သတ်ရင် လူတွေအသိအများ ဆုံးအပိုင်းပါ။ နာဇီတွေက ဂျူးတွေကို အဆိပ်ဓါတ်ငွေ့ခန်းထဲထည့်ပြီး သန်းချီ သတ်ပစ်တာမျိုးပါ။ ရဝမ်ဒါမှာတော့ တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် မီးရှို့ ဓါးနဲ့လိုက်ခုတ် ထစ်ပြီးသတ်တာပါ။ ဆရက်ဘရက်နီဆာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ တူ လာတိုလီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဒါတွေက Extermination အဆင့်ပါ။

( ၁၀ ) ငြင်းဆန်ခြင်း = Denial
လူသတ်ပြီး အလောင်းတွေကိုအစုလိုက်အပြုံလိုက်မြေကျင်းထဲထည့်မြုပ်ပြီး သက်သေအထောက်အထားတွေကိုဖျောက်မယ်။ လိုအပ်ရင် ကိုယ့်လက် အောက်က သူတွေကိုထိုးကျွေးမယ်၊ နှုတ်ပိတ်ပစ်မယ်။ ဂျင်နိုဆိုဒ်ရာဇဝတ်မှု ဖြစ်ပွားရာနယ်မြေတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ တွေဝင်ခွင့်မပေးဘူး။ ဒါက ငြင်းဆန်တဲ့အဆင့်ရဲ့ အဓိကပုံစံတွေ။ ဒီလိုပုံစံတွေနဲ့ တစ်ထပ်တည်းဝင်ပြီး ငြင်းဆန်နေတာကိုက ဂျင်နိုဆိုဒ်ရာဇဝတ်မှုဖြစ်ပွားကြောင်းသက်သေတွေပဲ။ ဒီအဆင့် ၁၀ ဆင့်ဟာ ၁ ၂ ၃ ၄ စသဖြင့် အစဉ်လိုက်ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ချင်လည်းဖြစ်မယ်။ ၁ ပီး ၂ လာ၊ ၂ ပီး ၃ လာ အဲလိုမျိုးဖြစ်တာလည်းမဟုတ်ဘူး။
၁ ဖြစ်တယ်။ ၁ ဆက်ဖြစ်နေရင်းနဲ့ ၂ ကထပ်ဖြစ်လာမယ်။ ၃ ကထပ်ဖြစ်လာမယ်။ တစ်ခါတရံ တစ်နိုင်ငံတည်းမှာကို ဒေသတချို့မှာ အဆင့် ၅ အထိဖြစ်နေပြီး တချို့ဒေသမှာ အဆင့် ၈ အဆင့် ၉ ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် Genocide ဆိုတဲ့ Diagnosis တပ်ပြီးရင် Prognosis အရ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာပါ သိထားမှ ဒီရာဇဝတ်မှုကို ဘယ်လိုစီရင် ကိုင်တွယ်သလဲဆိုတာ နားလည်လိမ့်မယ်။
ကဲ intention ရှိ၊ မရှိကို ရာဇဝတ်မှုရဲ့ဖြစ်စဉ်ကြောင်းအရ 10 stages နဲ့ချိန်ညှိပြီး စဉ်းစားလို့ရတယ်။ လူအဖွဲ့အစည်းတစ်ရပ်ကို စနစ်တကျ ပစ်မှတ်ထားပြီးအဆင့်ဆင့် နှိပ်ကွပ်ညှဉ်းဆဲသတ်ဖြတ်တယ်ဆိုတာကြီးကို ရည်ရွယ်ချက် မရှိဘဲ မတော်တဆ လုပ်မိတာပါလို့ ငြင်းလို့မရတော့ဘူး။ ဒီမှာတင် ရာဇဝတ်ကောင်တွေဘက်က ဘယ်လိုထပ်ပြီးငြင်းချက်ထုတ်သလဲကြည့်ရအောင်။
သူတို့ဟာ ဒီလိုညှဉ်းဆဲမှု၊ နှိပ်ကွပ်မှုရဲ့ ဆက်လက်သက်ရောက်မယ့် ဆိုးကျိုးကိုမသိပါဘူး။ အထက်ကအမိန့်ပေးတဲ့အတိုင်း လုပ်ရတာပါ။ ဒီလိုလုပ်ရပ် တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုမြောက်ကြောင်း လုံလောက်တဲ့အသိ သူတို့မှာမရှိလို့ပါလို့ အကြောင်းပြတတ်ကြပါတယ်။
ဥပမာ-ကလေးအရွယ် ကျောင်းသားလေးတွေကို သွေးနှောမို့မှတ်ပုံတင် လုပ်မပေးနိုင်ဘူးလို့ လူအများရှေ့မှာနှိပ်ကွပ်ခြင်းဟာ ဂျင်နိုဆိုဒ်ရဲ့ အဆင့် (၆) ဖြစ်တဲ့ polarization ကိုကျူးလွန်နေခြင်းဖြစ်ကြောင်း ကျွန်တော်မသိပါဘူးလို့ အလတ်တန်းအစိုးရအရာရှိတယောက်က တရားရုံးမှာထွက်ဆိုချက်ပေးလာနိုင်ပါတယ်။ အဲဒီအရာရှိကို ကင်းလွတ်ခွင့်ပေးသင့်သလား?
ဥပဒေကိုမသိလို့ ချိုးဖောက်မိပါတယ်ဆိုတဲ့စကားဟာ ဘောင်ဝင်သလား? နှစ်ခါပြန်မေးစရာမလိုတဲ့ မေးခွန်းပါ။ အရှင်းဆုံးပြောလိုက်ပါမယ်။ အရူးကွက်နင်းခွင့်မရှိပါဘူး။ မရူးလို့ စာဖတ်တတ်လို့ အရာရှိဖြစ်တာပါ။ လုံးဝ ကင်းလွတ်ခွင့်မရပါဘူး။ အဆင့်အတန်းအလိုက် တာဝန်ရှိသူအားလုံးကို အဆင့်အတန်းအလိုက်အရေးယူရပါတယ်။ နောက်တခါထပ်ပြီး အတွန့်တက်လာနိုင်တာက ဘာလဲဆိုတော့ “အဲဒီ လူမျိုးစုကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အခုလည်း အဲဒီလူမျိုးတွေ အကုန်လုံးသေသွားတာမှမဟုတ်တာ” လို့ ပြောတဲ့စကားပါ။
ဒီအတွက် ရဝမ်ဒါခုံရုံးရဲ့စီရင်ချက်တစ်ခုမှာပါတာကတော့ A failure to destroy a group does not mean genocide did not occur = လူ့အဖွဲ့ အစည်းတစ်ရပ်ကို မဖျက်ဆီးလိုက်နိုင်တာမို့ ဂျင်နိုဆိုဒ်မဖြစ်ပါဘူးလို့ မဆိုလိုချေတဲ့ဗျာ။

——————————–

မွစ်ဆလင်မ်ကင်းစင်လွှတ်တော် မွစ်ဆလင်မ်ကင်းစင် အစိုးရအဖွဲ့ဖွဲ့ပြီးဘယ်သူတွေက ဘာလုပ်လဲသိကြပေါ့ဗျာ။ မွေမွေ့ကို ယုံတယ်ဆိုတဲ့သူတွေကြောင့် ကိုယ့်လူ့အဖွဲ့အစည်းတစ်ခုလုံး သဲကြမ်းထည့်ပွတ်ခံရတဲ့ဘဝရောက်ရတာကို မြင်သင့်ပါပြီ။

Genocide မြောက်, မမြောက်ဘယ်လိုဆုံးဖြတ်


၎။ ကျူးလွန်မှုများ

စာလိုပေလိုဆိုရင်တော့ Acts amounting to genocide = ဂျင်နိုဆိုဒ် မြောက်စေလုပ်ရပ်များ။ ဒါဟာ လက်ဆုပ်လက်ကိုင်ပြလို့အရဆုံး မဏ္ဍိုင်ပဲ။ ဘာတွေပါဝင်လဲ ဆိုတော့….
– သတ်ဖြတ်ခြင်း
– အင်အားသုံး၍ ပြောင်းရွှေ့စေခြင်း
– ဖမ်းဆီးနှိပ်စက်ခြင်း
– မုဒိန်းကျင့်ခြင်း
– ကျောင်းတက်ခွင့် ဆေးကုခွင့်ပိတ်ပင်ခြင်း
– မိသားစုဝင်များကိုခွဲခွာပစ်ခြင်း
– လူကိုဖျောက်ဖျက်ပစ်ခြင်း
– ပေါ်တာ မိုင်းနင်းလုပ်ခိုင်းခြင်း
– ပစ္စည်းဥစ္စာများကို လုယူခြင်း၊ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်း၊
– အတင်းအဓ္ဓမ အင်အားသုံးရွှေ့ပြောင်းစေခြင်း
စသဖြင် စသဖြင့် အစုံအစုံ ပေါ့ဗျာ။
ဒါတွေက အမျိုးအစားတွေ။
magnitude ပမာဏကျ ဘယ်လိုသတ်မှတ်လဲ ? ဥပမာ-လူသတ်ရာမှာ လူတစ်ရာကိုသတ်မှ genocide လား။ ၁၀၀၀ ကိုသတ်မှ genocide လား စသဖြင့်မေးတာတွေရှိတယ်။ အဲလို သတ်မှတ်လို့တော့ မရဘူးလေဗျာ။ တော်ကြာ ရာဇဝတ်ကောင်တွေဘက်က ၉၉၉ ယောက်ပဲသတ် တာတို့ ၁၀၀၀ မကျော်ဘူးတို့လုပ်လာနိုင်တယ်။
ပမာဏကို ဘယ်လိုတိုင်းလဲဆိုတော့ လုပ်ရပ်များသည် စနစ်တကျဖြစ်နေသလားဆိုတာနဲ့ တိုင်းတယ်။ systematic and methodical ဖြစ်သလားဆိုတာကြည့်တာ။ အဲလိုဟုတ်၊ မဟုတ်ကြည့်ဖို့က လွယ်တယ်လေ။ ကြားဖြတ်ကြေးနန်း ဖမ်းယူမှု၊ ဂြိုဟ်တုဓါတ်ပုံ၊ မောင်းသူမဲ့လေယာဉ်နဲ့ ဗီဒီယိုရိုက်ထားတာ၊ မှုခင်း ဆေးပညာစစ်ဆေးမှုများ စသဖြင့်စီစစ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဘော့စ်နီးယားနိုင်ငံ ဆရက်ဘရက်နီဆာမှာဆာဘ်တပ်ဖွဲ့ဝင်တွေက လူ ၈၀၀၀ ကျော်ကိုသတ်ဖြတ်ပြီး မြေကျင်းကြီးတွေထဲမှာ မြုပ်ပစ်ခဲ့တယ်။ မြေကျင်းတူးတဲ့ ဘူဒိုဇာကားကိုသာမက အဲဒီကားတွေရဲ့ ဘီးရာ တွေကိုတောင် ဂြိုဟ်တုကနေ ဓါတ်ပုံလှမ်းရိုက်နိုင်ခဲ့တယ်။ ဒါက လွန်ခဲ့တဲ့နှစ် ၃၀ က နည်းပညာ။ ဒီဘက်ခေတ် မောင်းသူမဲ့လေယာဉ်၊ လူတိုင်းလက်ထဲကဖုန်း၊ အင်တာ နက်တွေကြောင့် ဖုံးကွယ်ပြီးကျူးလွန်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်တော့ဘူး။

———————-

ဂျင်နိုဆိုဒ်ရာဇဝတ်မှုကိုစီရင်ရာမှာ ဘယ်လိုမူဝါဒ စည်းမျဉ်းတွေနဲ့စီရင်ရသလဲ။ ဒီနေရာမှာ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ထောင်ထားသလဲဆိုတာကို တစ်ချက်ပြန်ကြည့်ရအောင်။ လူတစ်ယောက်ချင်း>>မိသားစု>>အသိုင်းအဝိုင်း>>လူမျိုး>>လူမျိုး များနဲ့ စုပေါင်းထားသော ပြည်သူပြည်သား ဒီလိုအဆင့်ဆင့်တည်ဆောက်ထားတာ။
တိုင်းပြည်တစ်ခုကို တည်ဆောက်ရာမှာ ဒေါက်တိုင် ၃ ခု ပါတယ်။
၁။ ပြည်သူပြည်သား
၂။ နယ်နိမိတ်
၃။ စီမံခန့်ခွဲခွင့် (သို့) အချုပ်အခြာအာဏာ
အချုပ်အခြာအာဏာဟာ ပြည်သူပြည်သားတွေဆီကနေ သက်ဆင်းရတယ်။ ဒီတော့ လူမျိုးတစ်မျိုးမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီကို ပစ်မှတ်ထားပြီးတော့ ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်တဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုသည် ပြည်သူပြည်သားထက်တောင် အခြေခံကျတဲ့အဆင့်တွေကို ဖျက်ဆီးတဲ့သဘောဖြစ်တယ်။
ဒီလိုအခြေခံကျတဲ့ အဆင့်တွေကိုဖျက်ဆီးရာမှာ အချုပ်အခြာအာဏာ ဆိုတဲ့အရာကိုစွဲကိုင်ပြီး လုပ်လေ့ရှိတယ်။ အချုပ်အခြာအာဏာကို စွဲကိုင်ပြီး အချုပ် အခြာအာဏာထက်ပိုမိုအခြေခံကျတဲ့ လူမျိုးဆိုတဲ့ လူ့အဖွဲ့အစည်းကို ဖျက်ဆီး
တာဖြစ်တဲ့အတွက် မြင်အောင်ပြောရရင် သစ်ပင်အကိုင်းပေါ်ခွထိုင်ရင်း အကိုင်းကိုထောက်မထားတဲ့ ပင်စည်ကို ခုတ်ဖြတ်နေတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီတော့ နိုင်ငံတခုမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုဖြစ်နေတာကို သိပါလျက်နဲ့ အခြားနိုင်ငံတွေက “သူတို့အချုပ်အခြာအာဏာနဲ့ သူတို့လုပ်တာပဲ” ဆိုပြီး လွှတ် ထားလို့မရဘူး။ ဝင်ရောက်စွက်ဖက်ရမယ်။ ကျူးလွန်တဲ့နိုင်ငံရဲ့ပြည်တွင်းရေးကို ထိရောက်သောပုံစံသုံးပြီး ဝင်ရောက်စွက်ဖက်ဖို့ နိုင်ငံတကာဥပဒေရှိထားတယ်။
အချုပ်အခြာအာဏာလို့ဆိုလိုက်တာနဲ့ ဘာမှလုပ်မရတော့ဘူး။ အချုပ်အခြာအာဏာသည် အရေးအကြီးဆုံးပဲလို့ ယူဆခွင့်မရှိဘူး။ အချုပ်အခြာအာဏာထက်ပိုမိုအခြေခံကျသော လူသားအဖွဲ့အစည်းများရဲ့ ရှင်သန်ရပ်တည်ခွင့်ကို ထည့်သွင်းစဉ်းစားရတယ်။ လွယ်လွယ်လေးမြင်အောင်ပြောရရင်တော့ လူရှိမှ တိုင်းပြည်တွေ အစိုးရတွေ ရှိလာတာလေ။ ဒါကိုလက်မခံဘဲ လူတွေကို လုပ်ချင်ရာလုပ်ခွင့်မရှိဘူးလေဗျာ။
ဒီမှာတင် Genocide ကိုစီရင်တဲ့ဥပဒေတွေဟာ သာမန်နိုင်ငံ တကာဥပဒေတွေနဲ့ပတ်သတ်လို့ ကန့်သတ်ထားတဲ့ မူဝါဒစည်းမျဉ်းတွေကို ကျော်လွှားခွင့်ရှိလာတယ်။ သာမန်နိုင်ငံတကာဥပဒေတွေဟာ နိုင်ငံတစ်ခုနဲ့ တစ်ခုကြားက အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီးဖြစ်ပေါ်လာတာ။ Genocide ဥပဒေတွေက အချုပ်အခြာအာဏာထက်ပိုမိုအခြေခံကျ သော မနုသလူသားဖြစ်တည်မှုတရားကို အသိအမှတ်ပြုပြီးဖြစ်ပေါ်လာတာ။ ဒီ မူဝါဒကို ကွဲကွဲပြားပြားနားလည်ဖို့လိုတယ်။

( ၁ ) နယ်နိမိတ်ဆိုင်ရာအကန့်အသတ်ကိုကျော်လွန်စီရင်ခွင့်
သာမန်အားဖြင့် နိုင်ငံတခုဟာ မိမိပိုင်နက်နယ်နိမိတ်အတွင်းမှာ ဖြစ်တဲ့ကိစ္စတွေကိုပဲစီရင်တယ်။ နိုင်ငံတကာနယ်နိမိတ် (ဥပမာ- နိုင်ငံတကာရေပိုင်နက် ပင်လယ်) ဖြစ်ခဲ့ရင်တော့ ဖြစ်တဲ့နိုင်ငံတွေအချင်းချင်းညှိတာရှိမယ်။ နိုင်ငံတကာ ခုံရုံးတွေမှာတင်ပြီး ဖြေရှင်းတာရှိမယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို စီရင်ရာမှာတော့ ကိုယ့်ပိုင်နက်ထဲမှာ မဟုတ်ဘူး။ တခြားတိုင်းပြည်ရဲ့ပိုင်နက်ထဲမှာဖြစ်လည်း ဝင်ရောက်စီရင်ခွင့်ရှိတယ်။ ကျူးလွန်တဲ့တိုင်းပြည်က Genocide နဲ့ပတ်သတ်တဲ့ ဥပဒေမရှိဘူး ဆိုရင်လည်း စီရင်မည့်နိုင်ငံက မိမိမှာပြဌာန်းထားတဲ့ဥပဒေနဲ့ကို ဝင်ရောက်စီရင် ခွင့်ရှိတယ်။ ဒါကို extra – territorial power လို့ခေါ်တယ်။
လက်တွေ့မှာတော့ အခြားနိုင်ငံတစ်ခုကို ဒီလိုဝင်ရောက်စီရင်နိုင်တဲ့ အစွမ်းအစရှိတဲ့တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပဲရှိတယ်။ ပြင်သစ်၊ ဗြိတိန် စသဖြင့် နိုင်ငံတွေအနေနဲ့ လုပ်ချင်တယ်ဆိုရင်တောင် အမေရိကန်ရဲ့ ကျောထောက်နောက်ခံရှိမှ လုပ်လို့ရတဲ့အနေအထား။ ဒီအချက်က Dr.Lemkin ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့အချက်ဗျ။ လွန်ခဲ့တဲ့ နှစ်တရာ အော်တိုမန်တူရကီတွေက အာမေးနီးယန်းတွေကို ဂျင်နိုဆိုဒ် လုပ်တုန်းကတည်းက အမေရိကန်တွေရဲ့အသံဟာ ဗြိတိန်၊ ပြင်သစ်ရဲ့အသံထက်ကို သြဇာပိုကြီးခဲ့တာ။
ဗြိတိန်ဆိုတာ အဲဒီတုန်းက နေမဝင်အင်ပါယာနော်။ ဒါတောင် ဂျင်နိုဆိုဒ်ကို ကိုင်တွယ်ရာမှာ အမေရိကန်လောက် သြဇာမရှိခဲ့ဘူးရယ်။ ဒါဆို အမေရိကန် တွေက တိုင်းပြည်တစ်ခုကို ဝင်ရောက်စွက်ဖက်ချင်တာနဲ့ Genocide လို့ နာမည် ကောက်တပ်လိုက်ရင်ရောလို့ မေးစရာရှိလာပါတယ်။ လက်တွေ့မှာတော့ အဲလို ဖြစ်မလာပါဘူး။ အမေရိကန်တွေအနေနဲ့ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကိုကိုင်စွဲပြီး တခြားတိုင်းပြည်တစ်ခုကို ဂျင်နိုဆိုဒ်ရာဇဝတ်မှုနဲ့ ဝင်ရောက်စီရင်မယ်ဆိုရင် အဲဒီစီရင်ထုံးတွေက အမေရိကန် ပြည်ထောင်စုတရားရေးဌာနမှာ တောက်လျှောက် အကျုံးဝင်သွားမှာပါ။
ဒါဆိုရင် လူဖြူတွေ အမေရိကတိုက်ကို ရောက်လာချိန်ကစပြီး red indian တွေအပေါ်လုပ်ခဲ့တာတွေနဲ့ စွဲချိတ်လိုက်ရင် အမေရိကန်ပြည်ထောင်စုကိုယ် တိုင်က ဂျင်နိုဆိုဒ်ရာဇဝတ်မှု ကျူးလွန်တဲ့နိုင်ငံဖြစ်သွားမှာပါ။ က်န္တဲ့ ၾသစေတ်းလ် တွေလည်း Aborigine တွေအပေါ်လုပ်ခဲ့တာတွေ၊ ဗြိတိန်တွေက နေမဝင်အင်ပါယာတည်ထောင်စဉ် ဒေသခံတွေအပေါ် လုပ်ခဲ့ တာတွေ အဲဒါတွေကလည်း ဆိုင်ရာနိုင်ငံတွေအတွက် တစ်နိုင်ငံချင်းစီရဲ့အချုပ် အခြာအာဏာကိုသုံးစွဲပြီး ဂျင်နိုဆိုဒ်ကိုစီရင်ဖို့အတွက် တုံ့နှေးစေပါတယ်။ ဒီမှာတင် တစ်နိုင်ငံချင်းစီရဲ့ အချုပ်အခြာအာဏာအစား နိုင်ငံတွေစုပေါင်းပြီး အာဏာလွှဲအပ်ထားတဲ့ နိုင်ငံတကာတရားစီရင်ရေးအာဏာကို စွဲကိုင်ပြီး စီရင်တဲ့ အနေအထားတွေဖြစ်လာပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတော် ICC ဟာ အဲဒီသဘောပါပဲ။

Genocide မြောက်, မမြောက်ဘယ်လိုဆုံးဖြတ်

( ၂ ) နောက်ကြောင်းပြန်စီရင်ခွင့်
သာမန်အားဖြင့်ဥပဒေတစ်ရပ်ဟာ နောက်ကြောင်းပြန်သက်ရောက်ခွင့် မရှိဘူး။ ဥပဒေမပြဌာန်းခင်က ကိစ္စတွေကို စီရင်ခွင့်မရှိဘူး။ ဒါဟာ principle of non – retrospectivity ။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ကိုစီရင်ရာမှာ ဆိုင်ရာနိုင်ငံက ဥပဒေကိုမပြဌာန်းထား ရင်တောင် စီရင်ချင်တဲ့နိုင်ငံက ပြဌာန်းပြီးသားရှိနေရင် အဲဒီဥပဒေနဲ့ပဲ ဝင်ရောက် စီရင်ခွင့်ရှိနေတော့ နောက်ကြောင်းပြန် စီရင်ခွင့်မရှိဆိုတာက အားပျော့လာတယ်။ ဥပမာ ပြောရရင်….
ကိုဆိုဗိုဟာ ၂၀၀၈ ခုနှစ်မှ လွတ်လပ်ရေးကြေငြာခဲ့တာ။ ကိုဆိုဗိုအနေ နဲ့ Genocide Law ကိုပြဌာန်းခဲ့ရင်တောင် ၂၀၀၈ နောက်ပိုင်းမှအတည်ဖြစ်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုရဲ့ဥပဒေပြဌာန်းခွင့်အာဏာဟာ ၂၀၀၈ နောက်ပိုင်းမှ စတင်အသက်ဝင်လာလို့။ ဒါပေမဲ့ ၁၉၉၇-၉၈ အတွင်း ကိုဆိုဗိုက ဖြစ်စဉ်တွေကိုပါ Genocide Law တွေနဲ့ အရေးယူစီရင်ချက်ချတာတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးတော်က လုပ်ထားတယ်။
ဒါဆို ဥပဒေမပြဌာန်းခင်ကကိစ္စတွေကို စီရင်သလိုဖြစ်နေသလား? “““ကိုဆိုဗိုက မပြဌာန်းထားပေမယ့် တခြားနိုင်ငံတွေက ပြဌာန်းထားလို့ ဆိုတဲ့ အဖြေပဲထွက်လာမယ်။ ကိုဆိုဗိုအတွက် နောက်ကြောင်းပြန်သက်ရောက် သလိုဖြစ်နေတယ်။ ဒီမှာတင် Genocide ဥပဒေရဲ့ ထူးခြားချက်က သာမန် ပြည်တွင်းဥပဒေ=domestic law တွေလို စတင်ပြဌာန်းတဲ့ point က တစ်ခုတည်းမက ဖြစ်နေတာပဲ။ ဒါဆိုရင် Genocide Convention ဟာ တရားဝင်နိုင်ငံတကာဥပဒေ ဖြစ်လာတဲ့ ၁၉၅၃ ကိုပဲ စတင်ပြဌာန်းတဲါ point အဖြစ်ယူမလားဆိုတဲ့ သုံးသပ်ချက်တွေရှိလာတယ်။ ဒါပေမဲ့ သုံးသပ်ချက်ကသုံးသပ်ချက်သာဖြစ်ပြီး အတည်ပြုချက် မဖြစ်ဘူးရယ်။ Genocide ဥပဒေကို ဘယ်အချိန်ကာလ Point ကစပြီး သက်ရောက် တယ်ဆိုတဲ့ နိုင်ငံတကာပြဌာန်းချက် မထုတ်ပေးနိုင်သလို ဖြစ်နေပြီးတော့ အတိတ်ကာလကို ပြန်လည်တူးဆွဖို့ လမ်းပိတ်မထားဘူးဖြစ်နေတယ်။
ဥပဒေတစ်ရပ်ကပြောထားတဲ့အရာဆိုရင် အဲဒီအချင်းအရာကို ပြောတယ်၊ မပြောထားရင် မပြောထားဘူးပဲ။ ဥပမာ-ဥပဒေက အနက်ရောင်လို့ပြောရင် အနက်ရောင်လို့ပဲပြောတယ်။ အဖြူရောင်မဟုတ်ပါလို့ ပြောတာမဟုတ်ဘူး။ Genocide ဥပဒေဟာ သမိုင်းတွေကို တူးဆွပါလို့လည်းပြောမထားသလို မတူးဆွရဘူးလို့လဲပိတ်ပင်မထားဘူး။ ဒါပေမဲ့ စီရင်ထုံးတွေကတော့ သမိုင်းတွေ (အထူးသဖြင့် မကြာသေးခင်ကဖြစ်ခဲ့တဲ့သမိုင်းတွေကို) တူးဆွရလေ့ရှိပြီး အဲလို တူးဆွရာမှာလည်း ဆိုင်ရာနိုင်ငံရဲ့ ဂျင်နိုဆိုဒ်ဥပဒေပြဌာန်းတဲ့ အချိန်ကာလ နောက်ပိုင်းကကိစ္စတွေကိုပါ တူးဆွရလေ့ရှိတဲ့အတွက် နောက်ကြောင်းပြန်စီရင် ခွင့်တံခါးဟာ သော့ခပ်မထားဘူးလို့ပြောနိုင်တယ်။

( ၃ ) စာချုပ်စာတန်းများဖြင့်ကန့်သတ်ချုပ်ခြယ်မှု မရှိခြင်း
ဘိုလိုတော့ no statue of limitations ။ Genocide ရာဇဝတ်မှုကို စီရင်ခွင့်မရှိဆိုပြီး ကန့်သတ်ထားတဲ့ စာချုပ် မရှိပါဘူး။ လောလောဆယ်မြင်အောင်ပြောရရင်တော့ ရောမစာချုပ်ပါပဲ။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတော်=ICC ကို တည်ထောင်ဖို့အတွက် ချုပ်ဆိုထားတဲ့ ဒီရောမစာချုပ်ဟာ စာချုပ်ဝင်နိုင်ငံတွေအပေါ်မှာ သက်ရောက်မှုရှိ တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါ့ကြောင့်ရောမစာချုပ်ဝင်နိုင်ငံတွေမှာ Genocide ဖြစ်ခဲ့ရင် ICC က စီရင်ပိုင်ခွင့်ရှိတယ်။ ဒီအချက်က အင်မတန် မှရှင်းပါတယ်။
ဒါပေမဲ့ “စာချုပ်ကို လက်မှတ်မရေးထိုးတဲ့နိုင်ငံတွေမှာကျတော့စာချုပ်က သက်ရောက်မှုမရှိဘူး။ ဒါ့ကြောင့် စာချုပ်ကို လက်မှတ်မရေးထိုး တဲ့နိုင်ငံတွေမှာ Genocide ဖြစ်ခဲ့ရင် စီရင်ပိုင်ခွင့်မရှိဘူး” လို့ ယူဆခွင့်မရှိပါဘူး။ ရောမစာချုပ်ဟာ စီရင်ပိုင်ခွင့်အတွက်လမ်းဖွင့်ပေးထားကြောင်းပြဌာန်းတဲ့စာချုပ်သာဖြစ်ပြီး စီရင်ပိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း ပြဌာန်းထားတာ မဟုတ်ပါဘူး။ စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်း ဆိုတဲ့အချက် တစ်ခုတည်းနဲ့ Genocide ရာဇဝတ်မှုအားစီရင်ခြင်းအပေါ် ကန့်သတ်ခွင့်၊ ချုပ်ြခယ်ခွင့်၊ တားဆီးခွင့်မရှိပါ။
ဒီနေရာမှာ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတန်းများနဲ့ ပတ်သတ်လို့ကျင့်သုံးတဲ့ principle အရ လက်မှတ်မထိုးရင် အကျုံးမဝင်လို့ ပြန်ထောက်ပြ တာရှိပါတယ်။ ဒါပေမဲ့ အဲဒီ principle ဟာ ရောမစာချုပ်အပေါ်သက်ရောက်ရာမှာ ၁၀၀ % သက်ရောက်မှုမရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရောမစာချုပ်ချုပ်ပြီး တည်ထောင်ထားတဲ့ ICC ရုံးတော်မှာကျင့်သုံးတဲ့ဥပဒေတွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက အတည် ပြုလက်ခံပြီးသားဥပဒေတွေဖြစ်နေလို့ပဲ။ ICC ရုံးတော်က ပြဌာန်းကျင့်သုံးတဲ့ war crimes = စစ်ရာဇဝတ်မှုနဲ့ပတ်သတ်ပြီးကျင့်သုံးတဲ့ဥပဒေဟာ ဂျီနီဗာကွန်ဗန်းရှင်းမှာ ပါပြီးသားဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ ပတ်သတ်တဲ့ ဥပဒေဖြစ်သွားပြီ။
Genocide Convention ဟာလည်း ၁၉၄၈ UN General Assembly မှာ ကန့်ကွက်သူမရှိအတည်ပြုခဲပြီးတာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ပတ်သတ်တဲ့ ဥပဒေဖြစ်သွားပြီ။ ရောမစာချုပ်မှာ လက်မှတ်ရေးထိုးမထားလို့ ဒီဥပဒေ တွေနဲ့ စီရင်ခွင့်မရှိပါဘူးလို့ ငြင်းဆန်ခွင့်မရှိတော့ဘူး။ စာချုပ်ကိုလက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအပေါ်မှာ စာချုပ်ဟာ နိုင်ငံရေးအရ ထပ်မံချည်နှောင်တဲ့သဘောဖြစ်ပြီး မူလဥပဒေကြောင်းအရချည် နှောင်ခြင်းကတော့ စာချုပ်ကို လက်မှတ်ထိုးတဲ့နိုင်ငံအပေါ်မှာရော မထိုးတဲ့ နိုင်ငံအပေါ်မှာပါ ချည်နှောင်ပြီးသားဖြစ်တယ်။ ဒါကြောင့် လက်မှတ်မရေးထိုတဲ့နိုင်ငံဟာ သူ့ရဲ့နိုင်ငံရေးအရ ကင်းလွတ်ခွင့်ကိုအကြောင်းပြပြီး တရားခံကိုလွှဲပြောင်းမပေးချင်ရသော်လည်း ဥပဒေကြောင်းအရ စီရင်ခွင့်ကိုတော့ စီရင်ခွင့်မရှိပါဘူးလို့ ပြောခွင့်တော့မရှိဘူးဗျ။
ဒါဟာ Genocide ကိုစီရင်ရာမှာ သာမန်နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေမှာကျင့်သုံးတဲ့ အကန့်အသတ်စည်းမျဉ်းတွေကို ကျော်လွှားစီရင်ခွင့်တွေထဲကတချို့ပါ။ စီရင်ရာမှာ အကန့်အသတ်တွေကို ကျော်လွှားခွင့်ရှိသလို ဂျင်နိုဆိုဒ် တရားခံတွေကို ပြစ်ဒဏ်ချမှတ်ရာမှာလည်း သာမန်ရာဇဝတ်သားတွေရရှိတဲ့ ကင်းလွတ်ခွင့်နဲ့ လွတ်ငြိမ်းခွင့်တွေကို ပယ်ဖျက်ပစ်တာလည်းရှိသေးသဗျ။ ဥပမာ-အထက်အမိန့်အရ လုပ်ရတာပါဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ ကင်းလွတ်ခွင့်မပေးတာမျိုးပေါ့။

Genocide မြောက်, မမြောက်ဘယ်လိုဆုံးဖြတ်

ပြန်ချုပ်ရရင်တော့ Genocide Convention နဲ့ကိုက်ညီရင် Legal Genocide=ဥပဒေကြောင်းအရ Genocide ရာဇဝတ်မှုမြောက်ပါတယ်။ Genocide Convention ဟာ ဘောင်ကျဉ်းတဲ့အတွက် ထပ်မံဖြည့်စွက်ဖို့ အားထုတ် နေတာတွေလည်း ရှိပါတယ်။ သို့သော် မအောင်မြင်သေးပါဘူး။ Genocide Convention ကို အချက်အလက်သစ်တွေထပ်မံဖြည့်စွက် ဖို့မအောင်မြင်သေးပေမယ့် တိုးချဲ့သုံးသပ်ပြီး ဘောင်ကျယ်လာအောင် ဆောင်ရွက်နိုင်တာတော့ရှိပါတယ်။ အဲဒါကတော့ စီရင်ထုံးတွေပါပဲ။
Convention မှာပါတဲ့ တရားသူကြီးတွေရဲ့ ဆင်ခြင်သုံးသပ်မှုဂွင်ထဲက ကိစ္စတွေဟာ ဒီလိုဆက်လက်ချဲ့ထွင်ဖို့ အတိုင်းအတာတစ်ခုထိတော့ ခွင့်ပြုထားပါတယ်။ လုံးဝလွတ်လွတ်လပ်လပ်ကြီး ခွင့်ပြုထားတာတော့မဟုတ်ပါဘူး။
နောက်တစ်ခုက မဏ္ဍိုင် ၄ သွယ်နဲ့ အမှုတွဲကို တည်ဆောက်ပါတယ်။ မဏ္ဍိုင် ၄ ခုလုံးနဲ့ကိုက်ညီမှ Genocide အတွက် အမှုတွဲလို့ရပါတယ်။ အဲဒီ မဏ္ဍိုင် ၄ သွယ်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရခြင်းဟာ နှစ်ပေါက်အောင် ကြာတတ်ပါတယ်။ ခိုင်လုံလို့ အမှုတွဲပြီးရင်တော့ တရားခံဟာ လွတ်လမ်းမရှိတော့ပါဘူး။ နောက်ပြီးဖြစ်စဉ်ကြောင်းအရသုံးသပ်တဲ့ 10 stages of genocide ဟာလည်း အချိန်ယူပြီး လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ချရတဲ့ကိစ္စပါ။
UN လူ့အခွင့်အရေးကိုယ်စားလှယ်၊ အထူးအစီရင်ခံစာရေးသွင်းသူ၊ HRW, AI စတဲ့အဖွဲ့တွေဟာ အချိန်ယူပြီး အချက်အလက်တွေစုဆောင်း တယ်ဆိုတာ အားလို့ယားလို့ လုပ်နေတာမဟုတ်ပါဘူး။ Genocide ဆိုတဲ့ term ကို စတင်ဖောက်ခွဲပြီး တရားရေးလမ်းကြောင်းပေါ်ကိုတင်မယ့် အဖွဲ့အစည်းတွေ အတွက် အလုပ်လုပ်ပေးရတဲ့သဘောလည်း ပါဝင်ပါတယ်။ Genocide ကိုတရားရေးလမ်းကြောင်းပေါ်ကိုတင်ရာမှာ လူသိရှင်ကြားမဟုတ်ပေမယ့်လည်း အမြဲလိုလို နောက်ကွယ်ကနေ စီမံခန့်ခွဲသူကတော့ Dr.Gregory Stanton ဦးဆောင်တဲ့ Genocide Scholar တွေပါ။ Dr.Gregory ဟာ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ ဘော့စ်နီးယားနဲ့ ကိုဆိုဗိုက Genocide တွေကိုအရေးယူရာမှာ တောက်လျှောက်ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း Genocide Watch ရဲ့ president ပါ။

—————————

ဒီ sttatus တွေကိုရေးရတဲ့ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဖိနှိပ်ခံရရင် တန်ပြန်တော်လှန်တယ်။ တော်လှန်တယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ပြေးမြင်တာက သေနတ်ပဲ။ လက်နက်ကိုင်တော်လှန်ရေးပေါ့။ ဒါပေမဲ့ အဖိနှိပ်ခံအဖွဲ့အစည်းဟာ Genocide အလုပ်ခံရချိန်မှ လက်နက်ကိုင်ပြီးပြန်ချရင် ဖိနှိပ်တဲ့အဖွဲ့အစည်းအတွက် ဂွင်ကောင်းဖန်ပေးသလို ဖြစ်တတ် တယ်။ အကြမ်းဖက်လို့ တံဆိပ်ကပ်ခံရပြီး ပိုနှိပ်ကွပ်ခံရတတ်တယ်။ နောက်ထပ်တော်လှန်နည်းက လမ်းပေါ်တက်ဆန္ဒပြတဲ့နည်းပေါ့။ အဲဒါက activist တွေရဲ့လမ်းကြောင်း။ စစ်အစိုးရလက်ထက်တုန်းက လမ်းပေါ် ထွက်ဖို့လုပ်လိုက် ထောင်ထဲဝင်လိုက်နဲ့ သံသရာလည်နေကြတဲ့သူတွေကိုပဲ တော်လှန်ရေးလုပ်တယ်လို့ မြင်နေရမှကိုး။
Genocide ကို အဲလိုလမ်းပေါ်ထွက်ဆန္ဒပြပြီး တော်လှန်လို့မရဘူး။ ဒါဆိုဘာနဲ့တော်လှန်မလဲ။ Genocide ဆိုတဲ့ term ကို စတင်တီထွင်သုံးစွဲပြီး Genocide Convention ကို ပြဌာန်းရာမှာ အစအဆုံး တစ်ကိုယ်တော်ကြိုးပမ်းခဲ့တဲ့ Dr.Raphael Lemkin ရဲ့နည်းလမ်းတွေနဲ့တော်လှန်ရမှာပေါ့။ Dr.Lemkin စပြီးတိုက်ပွဲဝင်တာက ၁၉၃၃ မက်ဒရစ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဥပဒေများကွန်ဖရင့်မှာ ဥပဒေကြမ်းတင်သွင်းတာ။ အဲဒီအချိန်မှာ သူဟာ ရှေ့နေပေါက်စ။ ဒါဟာ သူ့ရဲ့ ပညာတတ်မှုအင်အားနဲ့ စပြီးတိုက်ပွဲဝင်တာ။ Dr.Lemkin ရဲ့ဥပဒေ ပယ်ချခံရတယ်။
ဒါပေမဲ့ နောက်ပိုင်းကျင်းပတဲ့ ကွန်ဖရင့်တိုင်းမှာလည်း တင်လို့ရသမျှတင်တယ်။ ရှေးခေတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို လေ့လာမှတ်တမ်းတင်တယ်။ အိမ်နီးချင်း ဆိုဗီယက်အစိုးရရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကိုလည်း အဆက်မပြတ်လေ့လာတယ်။ နာဇီတွေ ဘာလုပ်လာမလဲ ကြိုတင် ခန့်မှန်းစာရေးတယ်။ ဒါက campaign လုပ်တာ။ နာဇီတွေ ပိုလန်ကို ကျူးကျော်တော့ ဆွီဒင်ကတဆင့် အမေရိကန် ကိုရောက်တယ်။ ပညာတော်တော့ အမေရိကန်မှာ အစိုးရအဖွဲ့ရဲ့ အကြံပေးရာထူး ကိုရတယ်။ အမေရိကန်တွေကိုလည်း နာဇီတွေလုပ်လာမဲယ့် အနေအထားတွေကို သတိပေးတယ်။ အမေရိကန်သမ္မတဆီ တိုက်ရိုက်စာရေးခွင့်ရပြီး ဒုတိယသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရတယ်။ ဒါက lobby လုပ်တဲ့အဆင့်။
ဒါပေမဲ့ Dr.Lemkin ဟာ ဘယ်သူကဖိတ်ကြားဖိတ်ကြား Genocide နဲ့ပတ်သတ်တဲ့ ဟောပြောပွဲတွေကိုဆိုရင် သွားတယ်။ ရပ်ကွက်ကျောင်းအဆင့် ကလေးဘက်စ်ကတ်ဘောအသင်းကဖိတ်လည်းသွားတယ်။ ရှင်းပြတယ်။ လူထုကြားပြန်ဆင်းတယ်။ ငါအမေရိကန်အစိုးရထိပ်တန်းအကြံပေး၊ ဒုသမ္မတနဲ့တောင် တွေ့ခွင့်ရသူလို့ မာနမထားဘူး။ နောက်ဆုံး UN General Assembly မှာ ငတ်တလှည့်ပြတ်တလှည့် တိုက်ပွဲဝင်ရင်း အောင်ပွဲရတယ်။ Genocide Convention ရေးဆွဲခွင့်ကို ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က Dr.Lemkin ကိုပေးအပ်တာ။ ပေါ်လစီဆုံးဖြတ်ပိုင်ခွင့်အဆင့် Dr.Lemkin ရတာ။ ဒီနောက်ပိုင်းလည်း ကမ္ဘာအရပ်ရပ်ကို စာရေးသားဆက်သွယ်တာ၊ လူထုဟောပြောပွဲလုပ်တာ၊ စာအုပ်တွေရေးတာ၊ US လွှတ်တော်အမတ်တွေကို ဆက်သွယ်တိုက်တွန်းတာ တောက်လျှောက်လုပ် တယ်။ ဘယ်သူမှ မထောက်ခံလဲလုပ်တယ်။
၁၉၅၉ မှာ သူကွယ်လွန်တော့ ဈာပနမှာ လိုက်ပို့တဲ့သူတောင် ၇ ယောက်ပဲရှိတဲ့အထိ လူမှုရေးတွေ၊ စီးပွားရေးတွေ ချို့တဲ့ခဲ့ရှာတယ်။ ပြန်သုံးသပ်ကြည့်ရင် သူဟာ
– ပညာတတ်တယောက်အဖြစ် စတင်တိုက်ပွဲဝင်ပြီး
– လူထုကိုစည်းရုံးလှုံ့ဆော်သူအဖြစ် ဆက်လက်အသုံးတော်ခံကာ US အစိုးရအဖွဲ့ကို ထိုးဖောက်တိုက်တွန်းသူလည်း လုပ်ဆောင်ရင်း
– ပေါ်လစီဆုံးဖြတ်ပိုင်ခွင့်အဆင့်ကို ရောက်သွားတဲ့သူ ပညာတတ်မှုကို အခြေခံပြီး အဆင့်ဆင့်တိုက်ပွဲဝင်သွားတာပါ။

Genocide မြောက်, မမြောက်ဘယ်လိုဆုံးဖြတ်

Dr.Lemkin သုံးခဲ့တာက intellectual power ပဲ။ တတ်ထားတဲ့ပညာနဲ့ ထိုးဖောက်ပြီး ရည်မှန်းချက်ကို အရောက်သွားတဲ့နည်း။ စစ်တပ်ကိုအမိန့်ပေးတဲ့ ဗိုလ်ချုပ်တွေ၊ အဲဒီဗိုလ်ချုပ်တွေကို အမိန့်ပေးတဲ့ နိုင်ငံရေးသမားတွေကို ပညာ ဆိုတဲ့ချွန်းနဲ့ထိန်းပြီး လိုရာကိုခိုင်းတဲ့နည်းပဲ။
ပညာတတ်လူတန်းစားဟာ အမြင့်ဆုံးအနေနဲ့ ဟန်မပျက်ထမင်းရှာစားနိုင်တာကလွဲလို့ ဘာသြဇာအာဏာမှမရှိတဲ့ ဒီတိုင်းပြည်မှာတော့ ဒီလိုနည်းနဲ့ ထိုးဖောက်လို့ဘယ်ရမလဲ။ ဒါပေမဲ့ globalization ကိုပဲ ကျေးဇူးတင်ရမယ်။ သတင်းအချက် အလက်စီးဆင်းမှုမြန်လာတာတွေကိုပဲ ကျေးဇူးတင်ရမယ်။ အရှေ့ဖျားတိုင်းပြည် မှာနေထိုင်တဲ့သူတွေဟာလည်း ဝါရှင်တန်မှာဘာတွေလုပ်နေလဲ သိလာနိုင်တဲ့ ခေတ်ကိုရောက်နေပြီ။
ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု=ကမ္ဘာပေါ်မှာ genocide ရာဇဝတ်မှုကို တားဆီးနိုင်သော တစ်ခုတည်းသောစူပါပါဝါနိုင်ငံ။ အဲဒီနေရာကို လက်လှမ်းမှီလာတယ်။ ဒီမှာတင် ဝါရှင်တန်မှာ လက်ရှိအချိန်မှာရော Genocide ကိုတားဆီးဖို့ ထိုးဖောက်ဆောက်ရွက်နေတဲ့သူတွေရှိသလားလို့ ကြည့်လိုက်တဲ့အခါ…။ မြန်မာနဲ့ပတ်သတ်ပြီး ဆောင်ရွက်နေသူထဲမှာ Genocide လို့စတင် ပြောဆိုတဲ့သူ နှစ်ယောက်ရှိနေတယ်။ တစ်ယောက်က ဥရောပက scholar ။ နောက်တစ်ယောက်က US က။ သိပ်မကြာခင် US က ပုဂ္ဂိုလ်က ICC ကို အာမခံတယ်။ ၂၀၁၈ ဟာ ICC Year လို့ mandate နဲ့ပြောလာတဲ့သူ။ သူပြောသလို ၂၀၁၈ နှစ်ဦးပိုင်းမှာပဲ ICC ရုံးတော်ရဲ့ စွဲချက်တင်ဥပဒေအရာရှိရုံးက စတင်အလုပ်လုပ်လာတယ်။ အဲဒီ မတိုင်ခင်လေးတင် လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးနဲ့ Dr.ယန်းတို့က Genocide လို့နာမည်တပ်နေပြီ။ သေချာတယ်။ ဒါဟာ စနစ်တကျ အကွက်ချပြီး mechanism နဲ့ အလုပ်လုပ်နေတာ။
၂၀၁၈ ကို ICC Year လို့ အာမခံတဲ့ပုဂ္ဂိုလ်သည် ဝါရှင်တန်ကဆရာကြီးများနဲ့ လက်တွဲအလုပ်လုပ်နေတဲ့အဆင့်ဆိုတာ ကျွန်တော်သဘောပေါက်လိုက်ပြီ။ ဒါပေမဲ့ အဲဒီလူကိုကြည့်လိုက်တော့ အမေရိကန်ယူတီကာက ကုန်ဆိုင်ပိုင်ရှင်ဆိုတဲ့ ပုံစံထက်မပိုဘူး။ ဝါရှင်တန်က ဆရာကြီးများနဲ့ အလုပ်တွဲလုပ်တဲ့သူကလည်း သူလိုကိုယ်လို ပုံစံပါလား။
ချမ်းသာတာလည်းမရှိ၊ ရုံးခန်းလည်းမရှိ၊ ရုံးအဖွဲ့ဘာညာလည်းမရှိ။ ဒါပေမဲ့ Dr.Lemkin အကြောင်းကိုပြန်စဉ်းစားကြည့်။ ကုတ်အင်္ကျီ ခပ်နွမ်းနွမ်းဝတ်ထားတဲ့ ဘိုးတော်တစ်ယောက်။ အချိန် တိုင်း Genocide အကြောင်းပြောနေတဲ့ လူတစ်ယောက်။ အဲဒီထက်ဘာမှ ပိုမှာ မဟုတ်ဘူး။ မပိုလို့လည်း သူဆုံးတော့ ဈာပနမှာတောင် လူ ၇ ယောက်ပဲရှိတာ။
Genocid ရာဇဝတ်မှုကိုဖြိုချဖို့ လုပ်တဲ့ fighter တွေဟာ ငွေကြေး တအားချမ်းသာနေစရာမလိုဘူး။ နောက်ခံအသိုင်းအဝိုင်းတွေ တအားတောင့်တင်းနေဖို့မလိုဘူး။ အဲ… ပညာတတ်ဖို့လိုတယ်။ အသိဥာဏ်နဲ့ယှဉ်တဲ့ သတ္တိရှိဖို့လိုမယ်။ အဝတ်အစားနွမ်းရင်နွမ်းမယ်။ စိတ်ဓါတ်ကထက်သန်မယ်။ အပေါင်းအသင်း တအားများချင်မှများမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစိုက်မတ်မတ် အလုပ်ထဲနှစ်ရမှာကိုး။
ဒါဆို ယူတီကာက ကွမ်းမာမူရဲ့ပုံသဏ္ဍာန်က… ဒါ fighter တွေရဲ့ ပုံစံပဲ။ အဲဒီမာမူနဲ့ Dr.Gregory ကြားက E.mail တစ်ခုကို ကျွန်တော်တွေ့မိတော့သူ့ကိုပြပြီး Dr.Gregory နဲ့ ဘယ်လိုပတ်သတ်လဲမေးတယ်။ သူက သူ့ဆရာ အရင်းပါလို့ပြောတယ်။ “Dr.Gregory ဆိုတာ Genocide ကိုင်တွယ်မှုနဲ့ပတ်သတ်ရင် Dr.Lemkin နောက်ပိုင်း အများဆုံးအလုပ်အကျွေးပြုခဲ့သူလို့ ပြောလို့ရသူ။ အဲဒီတော့ ခင်ဗျားဆရာအရင်းဆိုတာ ဘယ်လိုယုံရမလဲ” ဒါကကျွန်တော့်မေးခွန်း…။ သူက အထောက်အထားတချို့ပြတယ်။ ကျွန်တော်က ဆက်တိုက်ဆက်မေးတယ်။ သာမန်လူဆို တအားကြီးလည်းမခင်ဘဲ ဒီလောက်မေးခွန်းတွေ မေးတာ ဂြိုဟ်ကြွသွားနိုင်တယ်။ သူကတော့ စိတ်ရှည်လက်ရှည်ဖြေတယ်။
သူ့အဖြေတွေကို ကြည့်ပြီး ကျွန်တော်ပီတိတစ်ခုရတယ်။ မြန်မာပြည် အတွက် Dr.Lemkin ခင်းပေးတဲ့ ပညာတတ်မှုအင်အားနဲ့ တိုက်ပွဲဝင်နေတဲ့လမ်း ကြောင်းပွင့်နေပြီဆိုတဲ့အသိနဲ့ ပီတိ။ အဲဒီအသိနဲ့ ပီတိကို ကျွန်တော်မျှဝေချင်တယ်။ ဒါပေမဲ့ ကျွန်တော်ပေးနိုင်တဲ့အသိက နည်းနည်းလေးပဲ။ ပညာဆိုတဲ့အိမ်ထဲကိုဝင်တဲ့ တံခါးပေါက်ဝကိုတောင်မရောက်သေးဘူး။ ဒါပေမဲ့ တံခါးဝကို ခပ်ရေးရေးလေးလှမ်းမြင်နိုင်အောင်တော့ ကျွန်တော့်စာလေး တွေက မျက်စိဖွင့်ပေးလိမ့်မယ်လို့ ယုံကြည်တယ်။ ဆက်လက်တိုးချဲ့လေ့လာရင်း အသိကိုဖြည့်ဖို့ ခိုင်အောင်လုပ်ဖို့လိုတယ်လို့ တိုက်တွန်းချင်တယ်။ အဲဒီအသိတွေ ကိုရရင် ပီတိကို ဆက်လက်ခံစားရမယ်။ ခံစားမိစေချင်တယ်။
အဲဒါကြောင့် ဒီစာတွေကိုရေးတယ်။ ကျေးဇူးတင်ပါတယ်။

ပြီးပါပြီ

ကျော်လှဦး

ဘော့စ်နီယားဂျင်နိုဆိုဒ်(၃)

မသူတော်အတွက် သတင်းကောင်း

ဆာဘ်တွေဟာ ဂွင်ရှာနေတာ ကြာပါပြီ။ မထင်မှတ်ဘဲ ဆာဘ်တွေ အတွက် ဂွင်တွေ့သွားစေတာကတော့ ၁၉၉၄ နှစ်လယ်လောက်မှာ ထဖြစ်တဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်ပါ။ ၃ လ လောက်အတွင်း လူသိန်းချီ ဖြုတ်ခနဲသတ်ဖြတ်ခံရတဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်မှာ အနောက်နိုင်ငံတွေဟာ ရှက်စရာကောင်းလောက်အောင်ကို တာဝန်မဲ့ခဲ့ပါတယ်။ ဘလ်ဂျီယန်ကဆိုရင် UN တပ်အဖြစ်စေလွှတ်ထားတဲ့ သူ့စစ်သားတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးကို မျက်နှာလွှဲ ခဲပစ်လုပ်ခဲ့ပါတယ်။ ဒီအဖြစ်တွေကိုကြည့်ပြီး စိတ်အားတက်ကြွနေသူတွေကတော့ ဆာဘ်ခေါင်းဆောင်တွေပါ။ ဘော့စ်နီးယားနဲ့ ပတ်သတ်ရင်လည်း US အပါအဝင် အနောက်နိုင်ငံတွေဟာ အပြတ်အသတ်စစ်တိုက်ဖို့စိတ်မဝင်စားဘဲ ဟိုနားနည်းနည်း ဒီနားနည်းနည်းလောက်ပဲ အကန့်အသတ်နဲ့ ကိုင်တွယ်နေတာမို့ ဆာဘ်တွေဘက်က တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ပစ်ချင်ရင် လုပ်ပစ်လို့ရတယ်လို့ ဆာဘ်တွေ ဘက်က တွက်ဆမိလိုက်ပါတယ်။
ဆာဘ်တွေရဲ့ တွက်ဆမှုဟာ သွေးထွက်အောင် မှန်ပါတယ်။ ဟာ…သွေးထွက်ရုံလောက်ဘယ်ကမလဲ သွေးပင်လယ်ဝေသည်အထိကို မှန်ပါတော့ တယ်။ ဆာဘ်တွေလက်ချက်နဲ့ သွေးပင်လယ်ဝေသွားတဲ့ နေရာကတော့ ဘော့စ်နီးယားအရှေ့ပိုင်း ဆရက်ဘရက်နီဆာဆိုတဲ့ မြို့လေးပါပဲ။

ဆရက်ဘရက်နီဆာ
စစ်မဖြစ်ခင်တုန်းက ဆရက်ဘရက်နီဆာဆိုတဲ့မြို့လေးဟာ တောင်ကြားချိုင့်ဝှမ်းထဲမှာရှိတဲ့ အပန်းဖြေစခန်းမြို့လေးပါ။ မြို့လေးဟာ စိမ်းအုပ်နေတဲ့ သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်း တောင်ပေါ်လေ လတ်လတ်ဆတ်ဆတ် တဖြူးဖြူးနဲ့ အင်မတန်သာယာပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ကလောလိုမြို့လေးများဖြစ်နေမလား။ ၁၉၉၂ စစ်ပွဲစစချင်း ဒီမြို့လေးဟာ ဆာဘ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ သိပ်မကြာခင် လပိုင်းအတွင်း ဘော့စ်နီးယားတပ်မတော်က တန်ပြန်ထိုးစစ်ဆင်နွှဲပြီး ပြန်သိမ်းလိုက်ပါတယ်။ ဒီမှာတင် ဘော့စ်နီးယားအရှေ့ခြမ်းက မွစ်ဆလင်မ်ဒုက္ခသည်တွေဟာ ဆရက်ဘရက်နီဆာမှာ လာရောက်ခိုလှုံနေခဲ့ကြ တာပါ။ (ဒီအကြောင်းတွေ အပိုင်း ၁၀ မှာ ပါပါတယ်။)
၁၉၉၃ ခုနှစ် မှာ ဆာဘ်တွေက မြို့ကိုပြန်သိမ်းခါနီးဆဲဆဲမှာ UN က safe zone ကြေငြာလိုက်လို့ ဆာဘ်ခေါင်းဆောင်တွေဒေါကန်ပြီး မြို့ကို ပိတ်ဆို့ထားတာပါ။ ဝင်တော့ မတိုက်ရဲပါဘူး။ (ဒီအကြောင်း အပိုင်း ၁၉ မှာ ပြန်ကြည့်ပါ။)
ဆရက်ဘရက်နီဆာဟာ ၁၉၉၃ ကနေ ၁၉၉၅ အထိ တောက်လျှောက်ပိတ်ဆို့ခံရပြီး မြို့မှာခိုလှုံနေသူ မွစ်ဆလင်မ် ၄ သောင်းကျော်ဟာ ငတ်တလှည့်ပြတ်တလှည့် ရေမရှိမီးမရှိ နေနေရတာပါ။ သူတို့အတွက် အသတ်မခံရတာကိုပဲ ကံကောင်းလှပြီမဟုတ်လား။
UN ကားတန်းနဲ့ရောက်လာတဲ့ ရိက္ခာတွေကိုသာ မဝရေစာစားနေရတဲ့ ဆရက်ဘရက်နီဆာခိုလှုံသူတွေကို ငတ်သေအောင် ဆာဘ်တွေက မြို့အဝင်ကားလမ်းတွေမှာ မိုင်းထောင်ပြီး ရိက္ခာပို့မရအောင် လုပ်ထားပါသတဲ့။ ဆရက် ဘရက်နီဆာက ဘော့စ်နီးယန်းတွေကလည်း မခေပါဘူး။ အပေါ့စား လက်နက်တွေကို ပဲ ကိုင်ဆောင်ထားပေမယ့် မြို့ကိုဝိုင်းထားတဲ့ ဆာဘ်တပ်တွေကို လျှို့ဝှက်ဖြတ်ကျော်ကာ မြို့အနီးအပါးက ဆာဘ်တွေနေထိုင်ရာရွာတွေကို ဝင်တိုက်လေ့ရှိပါတယ်။ တချိန်တုန်းက ဒီရွာတွေဟာ မွစ်ဆလင်မ်တွေရဲ့ ရွာတွေဖြစ်ပြီး အခုတော့ဆာဘ်အလံတလူလူလွှင့်လျက် မောင်ပိုင်စီးခံထားရတာကိုမြင်တဲ့အခါ မွစ်ဆလင်မ်တပ်တွေဟာ နာကျည်းစိတ်ကိုမထိန်းနိုင်ဘဲ ရက်ရက်စက်စက် လုပ်ခဲ့တာတွေလည်းရှိပါတယ်။
ဥပမာ –
– ၁၉၉၂ ဇွန်လမှာ Ratkovic ရွာမှာ ဆာဘ်အရပ်သား ၂၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့။
– ၁၉၉၃ ဇန်နဝါရီလ ၇ ရက် အော်သိုဒေါက်စ် ခရစ်စမတ်နေ့ကြီးမှာ Kravica ဆိုတဲ့ ဆာဘ်ရွာကိုဝင်တိုက်ပြီး ဆာဘ်စစ်သား၊ အရပ်သား ၄၀၀ လောက်
ကို သတ်ပစ်ခဲ့ပါတယ်။ တိုက်ပွဲပြီးတော့ ရွာကိုလည်းမီးရှို့ပါတယ်။ မွစ်ဆလင်မ် တွေဘက်က လုပ်ပစ်တာပါ။ ပွဲပြီးတော့ အဲဒီ မွစ်ဆလင်မ်တပ်မှူးလည်း ခုံရုံးတင် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ ဒါပေမဲ့ အယူခံရုံးမှာ ပြန်လွတ်ပါတယ်။
ဆာဘ်တွေက အဲလိုလာတိုက်တဲ့ မွစ်ဆလင်မ်တွေကို ပြန်လိုက်တိုက် တော့ မွစ်ဆလင်မ်တွေက ဆရက်ဘရက်နီဆာထဲကို ပြန်ပြေးဝင်ပါတယ်။ UN safe zone ထဲဖြစ်နေတော့ ဆာဘ်တွေဘက်က ဆက်မလိုက်ရဲတော့ပါဘူး။ မြို့ထဲမှာရှိတဲ့ UN တပ်တွေအနေနဲ့ကလည်း ရိက္ခာရချင်လို့ ထွက်တိုက်နေရတဲ့ မွစ်ဆလင်မ်တွေရဲ့ အဖြစ်ကိုစာနာတော့ မတားရက်ပါဘူး။ UN တပ်တွေကိုယ်တိုင် ငတ်တော့မတတ်ဖြစ်နေတာလေ။

ဆွေးနွေးပွဲတွေ အတွင်းက
ဆရက်ဘရက်နီဆာ

စစ်ရပ်ဆဲရေးအတွက် အနောက်နိုင်ငံတွေဘက်က ဦးစီးဦးဆောင်လုပ်ပြီးဆာဘ်နဲ့ ဘော့စ်နီးယန်းတွေအကြား ဆွေးနွေးပွဲတွေကို မကြာခဏ လုပ်ပေး လေ့ရှိပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ ဆရက်ဘရက်နီဆာဟာ မပါမဖြစ်ကိစ္စပါ။
အထူးသဖြင့် မြို့ကို လုံးဝပတ်ချာလည်ဝိုင်းထားတဲ့ ဆာဘ်တွေဟာ ဆရက်ဘရက်နီဆာအတွက် ရိက္ခာထောက်ပံ့တဲ့ လမ်းကြောင်းကို အပိတ်အဖွင့် ကစားပြီး ဆွေးနွေးပွဲတွေမှာ အသာစီးယူလေ့ရှိပါတယ်။
ဥပမာ-နိုင်ငံအနောက်ပိုင်းက နေရာတချို့မှာ ဆာဘ်တပ်တွေပိတ်မိ နေလို့ အပစ်အခတ်ရပ်ချင်ရင် မဆီမဆိုင် ဆရက်ဘရက်နီဆာရဲ့ ရိက္ခာပို့လမ်း ကြောင်းကိုပိတ်ဆို့ပြီး အပစ်ရပ်ဖို့တောင်းဆိုတာမျိုးအထိ ဆာဘ်တွေက လုပ်တတ်
ပါတယ်။ အပိတ်ဆို့ခံလူထုကို ဓါးဆာခံလုပ်တဲ့သဘောပါ။ ဘော့စ်နီးယန်းတပ်မှူးတွေဟာ မကြာခဏ ဒီလို လုပ်ခံရတာများတော့ ဆရက်ဘရက်နီဆာကို ထိန်းထားရတာ ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်လာပါတယ်။ ဆွေးနွေးပွဲဖြစ်မြောက်အောင် စေ့စပ်ညှိနှိုင်းပေးတဲ့ နိုင်ငံရေးသမားတချို့ကလည်း ဆာဘ်တွေပတ်ချာလည် ဝိုင်းထားတဲ့ ဆရက်ဘရက်နီဆာဟာ ဆွေးနွေးပွဲတွေ ရှေ့ဆက်တိုးမရအောင်ဟန့်တားထားတယ်လို့မြင်နေကြတာပါ။
နယ်မြေပိုင်နက်အကြောင်းပြောတာနဲ့ ဆရက်ဘရက်နီဆာဟာ ဖယ်ရှားမရတဲ့ ဆူးတချောင်းသဖွယ်ဖြစ်နေပါတယ်။ ဒီငြိမ်းချမ်းရေးပွဲစားနိုင်ငံရေးသမားတွေဟာ ဘော့စ်နီးယားကိစ္စကို ဂျင်နိုဆိုဒ်ရာဇဝတ်မှု အဖြစ်မမြင်ဘဲ ပြည်တွင်း စစ်အဖြစ်မြင်တာကြောင့် ဆရက်ဘရက်နီဆာ ကျဆုံးသွားရင်လည်း ကောင်းသား ဆိုပြီး ကြိတ်ဆုတောင်းနေကြပါသတဲ့။ ဘော့စ်နီးယားတပ်မတော်ရဲ့ လျစ်လျူရှုမှုနဲ့ ဆွေးနွေးပွဲက နိုင်ငံရေးသမားတွေရဲ့ အမြင်မှောက်မှားမှုတွေဟာ ဆာဘ်တွေရဲ့ ဂွင်ရှာမှုနဲ့ ပေါင်းလိုက် တဲ့အခါ ဆရက်ဘရက်နီဆာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေမှာ အကြီးမားဆုံး အရပ်သားတွေ အသတ်ဖြတ်ခံရတဲ့ နေရာဖြစ်လာခဲ့ပါတော့တယ်။

သွေးတိုးစမ်းမှုမှသည် သွေးပင်လယ်သို့
ဆာဘ်တွေအနေနဲ့ ၁၉၉၄ ကနေ ၁၉၉၅ အထိ တောက်လျှောက် သွေးတိုးစမ်းမှုတွေ လုပ်နေခဲ့တာပါ။ ၁၉၉၅ မေလမှာ ဆာဘ်တွေဟာ safe zone တွေကို အမြောက်နဲ့ပစ်လို့ NATO က ဆာဘ်တွေရဲ့ အခြေစိုက် Pale မြို့က စစ်စခန်းတွေနဲ့ ခဲယမ်းသိုလှောင်ရုံတွေကို ဗုံးကြဲပါတယ်။
ဆာဘ်တွေက UN တပ်သား ၃၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်စခန်းတွေနဲ့ ခဲယမ်းဂိုထောင်တွေမှာ ကြိုးနဲ့ချည်ချုပ်ထားပြီး ဗုံးကြဲတာကို ရပ်ဖို့ အားထုတ် ပါတယ်။ ဆာဘ်တွေအနေနဲ့ ဒီလို မျက်နှာပြောင်ပြောင်နဲ့ လုပ်နေပေမယ့် NATO ဘက်က full-scale မတုံ့ပြန်တဲ့အပေါ် ဆာဘ်တွေဟာ အတင့်ရဲလာပါတယ်။ ဆာဘ်တွေဟာ သူတို့လုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့ အခြေအနေနဲ့ အချိန် အခါ အားလုံးသင့်လျော်တိုက်ဆိုင်နေပြီလို့ တွက်ဆလိုက်ပါတယ်။
ဒီလိုနဲ့ ၁၉၉၅ ဇူလိုင် ၁၁ ရက်မှာ…

ငရဲခန်း၏ အောက်ဆုံးထပ်တံခါးဆွဲဖွင့်ခြင်း
၁၉၉၅ ခုနှစ် ဇူလိုင် ၁၁ မှာ ဆရက်ဘရက်နီဆာကို ဝိုင်းရံပိတ်ဆို့ထားတဲ့ ဆာဘ်တပ်ဖွဲ့တွေဟာ UN ရဲ့ ခံစစ်လိုင်းကို ဖြတ်ကျော်ပြီး မြို့ ကို တိုက်ခိုက်သိမ်းပိုက် လိုက်ပါတယ်။ ဆေးအဖြူသုတ်ထားတဲ့ ခံကတုတ်ထဲက UN တပ်သားတွေဟာ အမြောက်တွေ တဒိန်းဒိန်းပစ်ပြီးချီတက်လာတဲ့ ဆာဘ်တင့်ကားတွေကို မတားဆီးနိုင်ပါဘူး။ UN တပ်တွေဟာ ဆာဘ်တွေဆီမှာ လက်နက်ချလိုက်ရပြီး သေနတ်ခဲယမ်းလို စစ်သုံးပစ္စည်းသာမက UN တပ်ရဲ့အမှတ်အသား ခမောက်ပြာတွေကိုပါ အပ်နှံလိုက်ရပါတယ်။
ဆရက်ဘရက်နီဆာမှာရှိတဲ့ မွစ်ဆလင်မ်တပ်တွေဟာလည်း safe zone သဘောတူညီချက်အရ လက်နက်တွေကို UN တပ်ဆီ အပ်နှံထားတဲ့အတွက် ဆရက်ဘရက်နီဆာဟာ အလွယ်တကူပဲ ဆာဘ်တွေလက်ထဲကို ရောက်သွား ပါတော့တယ်။ မြို့ကို သိမ်းပြီးတဲ့နောက်မှာ ဆာဘ်တွေဟာ လှည့်စားမှုတချို့ကို လုပ်ပြပါတယ်။ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်ဟာ မြို့သိမ်းတိုက်ပွဲအပြီးမှာ UN တပ်ခေါင်းဆောင်ကို ဟိုတယ်တစ်ခုမှာ ဖိတ်ခေါ်ပြီး အဖျော်ယမကာအတူတူ သောက်သုံးလျက် ငြိမ်းချမ်းရေးသမားအသွင်ကို ယူပြပါတယ်။
မလာဒစ်နဲ့ UN တပ်မှူးတို့ ယမကာခွက်ကိုယ်စီကိုင်ပြီး အရိုက်ခံလိုက် တဲ့ဓါတ်ပုံဟာ ကမ္ဘာအနှံ့ပျံ့သွားပါတယ်။ ဒါ့အပြင် ဆာဘ်ဗိုလ်ချုပ် မလာဒစ်ဟာစိုးရိမ်ပူပန်နေတဲ့ ဘော့စ်နီးယားအရပ်သားလူအုပ်ထဲကို ဆင်းချသွားပြီး “အေးအေးဆေးဆေးနေချင်တဲ့သူတွေနေလို့ရတယ်။ ထွက်ခွာချင်သူတွေလည်း လွတ်လွတ် လပ်လပ်ထွက်ခွာလို့ရတယ်လို့” သဘောထားကြီးပြလိုက်ပါသေးတယ်။ လူအုပ်ထဲက ခလေးတွေကို ချောကလက်တွေ ကစားစရာတွေပေးရင်း ရုပ်သံအရိုက်ခံလို့ ကမ္ဘာတစ်ခုလုံးကို လှည့်ဖျားလိုက်ပါသေးတယ်။ ဆာဘ်ဗိုလ်ချုပ်တွေဟာ ကြာကြာတော့ဟန်မဆောင်နိုင်ပါဘူး။ မြို့ကိုသိမ်းပြီးပြီးချင်း ဆာဘ်ဗိုလ်ချုပ် မလာဒစ်နဲ့ သူ့လက်ထောက်ဗိုလ်ချုပ်ခရစ်တစ်တို့ဟာ “ပုန်ကန်ထကြွနေတဲ့ မွစ်ဆလင်မ်တွေကို လက်စားချေဖို့ အချိန်ရောက်လာပြီလို့” ဆာဘ်ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးမှာတော့ ယမကာခွက်ချင်းတေ့နေပုံ ချောကလက်ဝေနေပုံ စတဲ့ ဆာဘ်ဝါဒဖြန့်ရုပ်သံကပဲ ပိုတိုးပေါက်နေပါတယ်။ လက်စား ချေမယ်ဆိုတဲ့ရုပ်သံက လူသိပ်မသိလိုက်ပါဘူး။ မျက်နှာဖုံးကွာကျတဲ့ အဖြစ်ကတော့ ဒုက္ခသည်အမျိုးသမီးနဲ့ခလေးတွေကို ဘက်စ်ကားထဲ ငပိသိပ် ငချဉ်သိပ် ဇွတ်ထိုးထည့်နေလို့ UN တပ်ဖွဲ့တစ်ဦးက မလုပ်သင့်ကြောင်း ပြောမိ တော့ မလာဒစ်က “ဒီမှာ ငါအကြီးဆုံး။ မင်းတို့ခေါင်းနဲ့ကိုယ် အိုးစားမကွဲချင်ရင် ငါ့စကားကိုနားထောင်” လို့ အံကြိတ်ပြီးပြောလိုက်ပါတယ်။
UN တပ်တွေဟာ အကျဉ်းသားလုံးလုံးဖြစ်သွားပါပြီ။ ယမကာခွက်ချင်းတေ့ပြတာက လူအမြင်ကောင်းရုံပါ။ ဆာဘ်တွေဟာ ငရဲခန်းနောက်ဆုံး ထပ်ရဲ့တံခါးကို ဆွဲဖွင့်လိုက်ပါပြီ။ ဆာဘ်ငရဲခန်းတွေကို ကြောက်ရွံလို့ထွက်ပြေး
ခဲ့ရပြီး ဆရက်ဘရက်နီဆာမှာ ခိုလှုံခဲ့ကြသူတွေဟာ ဆာဘ်ငရဲသားတွေနဲ့ ထပ်ရင်ဆိုင်ရပြန်ပါပြီ။ သူတို့လွတ်ပါ့မလား ?

ငရဲခန်း၏ အောက်ဆုံးထပ်

ဆရက်ဘရက်နီဆာမှာ ခိုလှုံနေသူ ၄ သောင်းကျော်ဟာ ဆာဘ်တွေရဲ့ ငရဲခန်းတွေကနေ မသေလို့ထွက်ပြေးလာကြသူတွေပါ။ မြို့ကို သိမ်းပြီးတဲ့ မလာဒစ်ဟာဘယ်လိုပဲ သရုပ်ဆောင်နေပါစေ။ သူ့ရဲ့ သရုပ်သကန်အမှန်ကိုသိတဲ့ မွစ်ဆလင်မ်တွေကတော့ ထွက်ပြေးပါတယ်။ ခိုလှုံသူ ၄ သောင်းကျော်အနက် တစ်သောင်းခွဲဟာ မြို့ပတ်ချာလည်မှာရှိတဲ့ သစ်တောတွေဘက်ကို ထွက်ပြေးပါတယ်။ ဆာဘ်တွေဘက်ကလည်းဒီလိုထွက်ပြေးမယ်ဆိုတာကိုသိပြီးသားပါ။ ဒါ့ကြောင့် သူတို့ဟာ သစ်တောထဲမှာမိုင်းတွေကြိုထောင်ထားပါတယ်။ တိုက်ကင်းလှည့်ကင်းတွေနဲ့ အဆက်မပြတ် စောင့်ကြည့်နေပါတယ်။
ဆရက်ဘရက်နီဆာက ထွက်ပြေးလာသူ တစ်သောင်းခွဲဟာ ဆာဘ်တွေရဲ့မိုင်းကို ရှောင်ရှားနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရှေ့နောက်တန်းစီပြီး ဖြည်း ဖြည်းချင်းသွားရပါတယ်။ လူတစ်သောင်းကျော်တဲ့ လူတန်းကြီးဟာ သစ်တောကိုဖြတ်ပြီးတရွေ့ရွေ့နဲ့ ခရီးနှင်ကြရှာတာပါ။ လူတန်းရဲ့ရှေ့ဆုံးကပုဂ္ဂိုလ်ဟာ မိုင်း ရှာကိရိယာအဖြစ် ကိုယ့်ခြေထောက်ကိုယ်သုံးရတဲ့အဖြစ်ပါ။ အဲဒီလူသေရင်လဲ နောက်ထပ်လူတစ်ယောက်က ရှေ့တက်ပြီးအသေခံတိုးပေါ့။
ဒီလူတန်းကြီးဟာ ဆာဘ်တွေရဲ့တိုက်ကင်းလှည့်ကင်းတွေကိုရှောင်ရှားရင်း မိုင်းမမိပါစေကြောင်းဆုတောင်းရင်း ချီတက်ရပါတယ်။ ဆာဘ်အမြောက်တွေကလည်း သစ်တောထဲက ထွက်ပြေးတဲ့လူတွေရှိရာကို မှန်းဆပြီး အမြောက်ဆန်တွေ ပစ်သွင်းပါသေးတယ်။ ထွက်ပြေးတဲ့သူတွေထဲက တချို့ကောင်မလေးတွေဟာ ဆာဘ်တွေရဲ့ ဖမ်းဆီးခြင်းကိုရှောင်ရှားဖို့ ကိုယ့်ဖာသာသတ်သေသွားကြပါတယ်။ ဒီမိန်းခလေးတွေကြောက်တာက ဖမ်းပီးသတ်ပစ်မှာထက် မသတ်ခင်မုဒိန်းကျင့်မှာကိုပါ။
မိုင် ၄၀ ကျော်တဲ့သစ်တောကိုဖြတ်ပြေးကြသူတွေဟာ ရင်တထိတ် ထိတ်နဲ့ စိုးရိမ်နေရသလောက် ဆရက်ဘရက်နီဆာမြို့ထဲမှာကျန်ရစ်နေသူ ၃ သောင်းနီးပါးဟာတော့ သေရတော့မယ်ဆိုတဲ့စိတ်ကို ဒုန်းဒုန်းချလို့ ဖြစ်ကုန်ပါတယ်။

———————

ပထမဆုံးအနေနဲ့ ဆာဘ်တွေဟာ ဆရက်ဘရက်နီဆာ မြို့ထဲမှာ ကျန်ရစ်သူတွေထဲက အရွယ်ရောက်ယောက်ျားတွေကို ခွဲထုတ်လိုက်ပါတယ်။ အမျိုးသားတယောက်ဟာ သူ့သားလေးကို အနီးအနားမှာရှိတဲ့ မိန်းမတစ်ယောက်လက်ထဲကို ထိုးထည့်လိုက်ပြီး “သားလေးကို စောင့်ရှောက်ပေးပါဗျာ။ ကျွန်တော့်ကို ဆာဘ်တွေက ဟိုဟာလုပ်တော့မှာဗျ” လည်ပင်းကို လက်နဲ့လှီးဟန်လုပ်ပြပြီး ဆာဘ်တွေခေါ်ရာ လိုက်သွားရပါတယ်။ ဒီသားအဖဟာ တသက်တာ ပြန်လည်တွေ့ဆုံဖို့မရှိတော့ပါဘူး။ ဒီနောက်မှာတော့ ဆာဘ်တွေဟာ ယောက်ျားလေးအကျဉ်းသားတွေကို လူမနေတဲ့ကွင်းပြင်တွေဘက်ကို ချီတက်ခိုင်းပါတယ်။ ဆာဘ်တွေရဲ့ လူသတ်ပွဲကျင်းပရာကွင်းပြင်တွေပေါ့။ ကွင်းပြင်တွေထဲမှာ အသင့်စောင့် နေတာကတော့ မြေကျင်းတွေပါ။
အဲဒီကွင်းပြင်တွေမှာ ဘော့စ်နီးယန်းမွစ်ဆလင်မ်ယောက်ျား အနည်းဆုံး ၈ ထောင်ကျော် သတ်ဖြတ်ခံလိုက်ရပါတယ်။ တစ်ပတ်အတွင်းလူ အနည်းဆုံး လူ ၈ ထောင် အသတ်ခံလိုက်ရတာပါ။ (အခုထိအလောင်းတွေ အရိုးစုတွေ ရှာဖွေတွေ့ရှိနေဆဲမို့ အသတ်ခံရသူတွေဟာ ၁သောင်းခွဲကျော်နေပါပြီ။) ဒါဆို ကျန်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရောသက်သာရဲ့လားဆိုတော့….။
ငပိသိပ်ငချဉ်သိပ်ထည့်ထားတဲ့ ဘက်စ်ကားတွေထဲမှာ ပြွတ်သိပ်ထည့် ထားတဲ့ မိန်းမနဲ့ခလေးတွေဟာ တူဇ်လာမြို့ဆီကို ထွက်ခွာခွင့်ရခဲ့ပါတယ်။ ဘက်စ် ကားမှန်တွေကတဆင့် လှမ်းမြင်နေရတာကတော့ မဆုံးနိုင်တဲ့ လူတန်းကြီးပါ။ ဒီအမျိုးသမီးတွေရဲ့ မောင်ဘွား၊ အကို၊ ယောက်ျား၊ ဖခင်တွေဟာ မပြန်လမ်းကို သွားဖို့ ချီတက်နေကြရတာပါ။ အဲဒီလူတန်းကြီးကို မျက်ရည်လည်ရွှဲပြီး ကြည့်နေတဲ့ ဘော့စ်နီးယန်းအမျိုးသမီးဟာ ဘက်စ်ကားပေါ်ကနေ ခပ်ကြမ်းကြမ်း ဆွဲချခံလိုက်ရပြီး ဆာဘ်စစ်သားလေးငါး ယောက်ပါတဲ့အုပ်စုရဲ့ မုဒိန်းကျင့်ခြင်းကို ခံရပါလိမ့်မယ်။ ပြီးရင်တော့ဘာမှမဖြစ်သလို ဖုတ်ဖတ်ခါထလို့ဘက်စ်ကားပေါ်ကို ပြန်တက်ရပါတယ်။
မုဒိန်းကျင့်တာကို ရုန်းကန်ဆန့်ကျင်တဲ့၊ အော်ဟစ်တဲ့ အမျိုးသမီးဟာ နေရာမှာတင်ပစ်သတ်ခံရပါတယ်။ လမ်းခရီးတလျှောက်မှာလည်း ရုပ်ရည်လှပတဲ့ အမျိုးသမီးတွေဟာ ဘက်စ်ကားပေါ်ကနေ မကြာခနဆွဲချခံရပြီး မုဒိန်းကျင့်ခံရပါတယ်။ လမ်းဘေးဝဲယာတလျှောက်မှာ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ မီးလောင်ပြင်ဖြစ်နေတဲ့ရွာတွေကို မကြာခဏမြင်နေရပါတယ်။ ဘော့စ်နီးယန်းအမျိုးသမီးတွေဟာ ဒီလို ငရဲခရီးကို အောင့်အီးဖြတ်သန်းရင်းနဲ့ တူဇ်လာကို ဝင်ရောက်လာခဲ့ပါတော့တယ်။ သူတို့ရဲ့ နောက်မှာတော့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ဘဝတွေ၊ အသက်တွေ၊ အရှက်တွေ၊ သိက္ခာတွေ၊ မိသားစုတွေဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြန့်ကျဲလျက် ရှိနေပါတော့တယ်။

လိုရာဆွဲ၍ တွေးယူကြခြင်း

ဆရက်ဘရက်နီဆာဆိုတဲ့မြို့ကို ဆာဘ်တွေသိမ်းလိုက်ပြီ။ ဒါပေမဲ့ဆရက်ဘရက်နီဆာဆိုတာ သာမန်မြို့မဟုတ်ဘူး။ UN က safe zone ကြေငြာထားတဲ့မြို့။ ဝင်အတိုက်ခံရရင် NATO က လေကြောင်းပစ်ကူပေးပါမယ်လို့ ကတိ ခံထားတဲ့မြို့။ အခု အဲဒီမြို့ကို ဆာဘ်တွေက သိမ်းလိုက်ပြီ။ မြို့ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ UN တပ်တွေကိုလည်း ဆာဘ်တွေက ဖမ်းထားလိုက်ပြီ။ မြို့ထဲမှာ ခိုလှုံနေတဲ့ မွစ်ဆလင်မ်အရပ်သားတွေရဲ့ ကံတရားက ဘယ်လိုလဲ။ စသဖြင့် စိုးရိမ်တကြီးသံတွေ ဖြစ်လာခဲ့ပါတယ်။
UN အရပ်သားခေါင်းဆောင် ယာဆူရှီအာ့ခါရှီဟာ ဆရက်ဘရက်နီဆာကိစ္စကို အစီရင်ခံစာရေးတင်ပါတယ်။ ဒီအစီရင်ခံစာဟာ ဆရက်ဘရက်နီဆာ ကျဆုံးပြီး ၃ ရက်မြောက်နေ့မှာ ရေးတဲ့စာပါ။ ဒီအစီရင်ခံစာထဲမှာ UN တပ်ဖွဲ့ဝင်တွေ အဖမ်းခံထားရကြောင်းကိုပဲ အဓိကရေးထားပြီ။ မွစ်ဆလင်မ်ယောက်ျား ထောင်ချီ ပျောက်ဆုံးနေကြောင်းကို သာမန်ကာလျှံကာပဲ ရေးထားပါတယ်။ ဒီပျောက်ဆုံးသွားသူတွေဟာအသတ်ဖြတ်ခံရကြောင်းထည့်ရေးတာမျိုး လုံးဝမရှိပါဘူး။
ပိုဆိုးတာက အာ့ခါရှီဟာ ဆရက်ဘရက်နီဆာ ကျဆုံးရခြင်းဟာ အဲဒီမြို့ထဲက မွစ်ဆလင်မ်တွေက အနေအထိုင်မတတ်ဘဲ ဆာဘ်တွေကို မကြာခဏ ရန်စတိုက်ခိုက်လို့ပဲဆိုပြီး Victim Blaming လုပ်တာပါ။ဆရက်ဘရက်နီဆာကျဆုံးပြီးပြီးချင်း ချက်ချင်းပြန်သိမ်းဖို့ ပြောလာသူကတော့ ပြင်သစ်သမ္မတ ဂျက်ရှီးရခ်ပါ။ သူပြောတာက ပြင်သစ်အထူးတပ်ဖွဲ့တွေကို အမေရိကန်ရဟတ်ယာဉ်တွေနဲ့သယ်ဆောင်ပြီး ဆရက်ဘရက်နီဆာကို ပြန်တိုက်သိမ်းဖို့ပါ။ ဒီအတွက် ပြင်သစ်သမ္မတက ကလင်တန်ဆီဖုန်းဆက်မေး တော့ ကလင်တန်က “အမေရိကန်အနေနဲ့ တဖက်ဖက်ကနေ ဝင်တိုက်ပေးဖို့ထက် မျှခြေတစ်ခုကိုပဲ ထိန်းထားလိုတယ်” ဆိုတဲ့သဘောပြန်ဖြေလိုက်ပါတယ်။ ဆိုလိုချင်တာက ပြတ်ပြတ်သားသားရပ်တည်ပြီး action တစ်ခုခုလုပ်မှာ မဟုတ်ဘူး ဆိုတဲ့အဖြေပါ။
“ဆရက်ဘရက်နီဆာကို ဆာဘ်တွေသိမ်းတာဟာ အပစ်အခတ်ရပ်ဆဲရေးအတွက် ဆာဘ်တွေဘက်က နယ်မြေပိုင်နက်ကိစ္စရှင်းအောင် ဆောင်ရွက်တာ မျိုးပဲ” လို US အစိုးရက ယူဆထားပါတယ်။၁၉၉၂ ခုနှစ်တုန်းကလုပ်ခဲ့တဲ့မြို့ပြ ethnic cleansing မျိုး ဆာဘ်တွေ ထပ်မလုပ်လောက်ပါဘူး။ ဒီကြားကာလမှာ NATO က ဆာဘ်တွေကို ပုံစံပေးဆုံးမထားလိုက်နိုင်တယ်လို့ US အစိုးရကတွက်ဆ ထားလိုက်တာပါ။ ဆာဘ်တွေကတော့ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတဲ့အတိုင်း လုပ်စရာရှိတာတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပစ်ခဲ့ပါတယ်။ ဒီ တစ်ပတ်ဆိုတဲ့အချိန်မှာ ကမ္ဘာကြီးဟာ ဝေဝါးမှု၊ မှိုင်တွေမှု၊ လိုရာဆွဲ တွေးခေါ်မှုတွေနဲ့ ချီတုံချတုံဖြစ်နေခဲ့ပြီး ဆာဘ်တွေဟာ ဒီအနေအထားကို အပြည့်အဝ အမြတ်ထုတ်နိုင်ခဲ့ပါတယ်။

သက်ပြင်းချသံသဲ့သဲ့

ဘော့စ်နီးယားဝန်ကြီးချုပ် ဆလာဂ်ျက ဆရက်ဘရက်နီဆာ အတိုက်ခံရကြောင်းမျက်လုံးပြူးမျက်ဆုံပြူးပြီးအော်တဲ့အခါမှာလည်း US အပါအဝင် အင်အားကြီးနိုင်ငံတွေက “မင်းတို့ဘော့စ်နီးယန်းတွေဟာ အားတိုင်းဒီလိုချည်း ကျားလာပြီ ကျားလာပြီ” လို့ ထထ အော်နေကျပဲဆိုတဲ့ ပုံစံမျိုးသာ တုန့်ပြန်ကြပါတယ်။ “ဆရက်ဘရက်နီဆာsafe zone ဆိုတာ နယ်နိမိတ်သတ်မှတ်ချက်တစ်ခုထက်ပိုပါတယ်။ အဲဒီမှာ UN အဖွဲ့ရဲ့ သိက္ခာဆိုတာရှိတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ကတိဆိုတာရှိတယ်။ ဒီဟာတွေအားလုံးကို ချိုးဖျက်ပြီး ဆာဘ်တွေကို လုပ်ချင်ရာလုပ်ခွင့်ပေးနေပါသလား” ဆိုပြီးထောက်ပြတဲ့သူကတော့ UN ဆိုင်ရာ ဘော့စ်နီးယား သံအမတ်ကြီး ဆာကာဘီပါ။
နိုင်ငံတကာ အစိုးရတွေရဲ့ ဒီထောက်ပြချက်တွေအပေါ် တုန့်ပြန်မှုကခပ်တိုးတိုးချလိုက်တဲ့ သက်ပြင်းသံတွေပါပဲ။ US အစိုးရကို ရှေ့တိုးဆောင်ရွက်လာဖို့ တွန်းတွန်းတိုက်တိုက်လုပ်မဲ့ ဖိုက်တာကြီးတွေ လိုအပ်နေပါပြီ။

အစကတည်းက
ဒီမအေ –ိုးတွေကို ဗုံးကြဲလိုက်ရင်

ဆရက်ဘရက်နီဆာ ကျပြီးနောက်တရက် ၁၉၉၅ ဇူလိုင် ၁၂ မှာ US နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဆာဘ်တွေဟာဖမ်းဆီးထားတဲ့ မွစ်ဆလင်မ်ယောက်ျားအကျဉ်းသားတွေအပေါ် ကောင်းကောင်း
မွန်မွန် မဆက်ဆံမှာ စိုးရိမ်မိတယ်” လို့ထည့်သွင်းပြောကြားသွားပါတယ်။ တကယ်တော့ သူ့အနေနဲ့ စိုးရိမ်ပူပန်စရာမလိုတော့ပါဘူး။ မွစ်ဆလင်မ် အကျဉ်းသားတွေဟာ မြေကျင်းတွေထဲမှာငြိမ်းချမ်းစွာစတင် လှဲလျောင်းနေကြပါပြီ။ မွစ်ဆလင်မ်အကျဉ်းသားတွေ အားလုံးနီးပါးဟာ အဖမ်းခံနေရတာမဟုတ်ဘဲ အသတ်ခံလိုက်ရပြီဖြစ်ကြောင်းကို ရိပ်မိသူ၊ ရိပ်မိသိရှိသလောက်စိုးရိမ်ပူပန်သူ၊ စိုးရိမ်ပူပန်သလောက် အလုပ်လုပ်သူ US အစိုးရပိုင်းမှာ သိပ်မရှိလှပါဘူး။
ဒါပေမဲ့ ဆာဘ်တွေရဲ့ ရက်စက်မှုတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ဖူးတဲ့ ဟိုးလ်ဘရုခ်ကတော့ ဆရက်ဘရက်နီဆာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေဖြစ်နေပြီလို့ တန်းပြောပါတယ်။ ဆရက်ဘရက်နီဆာကျဆုံးသွားကြောင်းသတင်းကို ကြားကြားချင်း ဟိုးလ်ဘရုခ်က ဒေါတတွေ တဆတ်ဆတ်ထွက်နေပါတယ်။
သူ့အနေနဲ့ ပေါက်ကွဲပြီးတော့ “အစကတည်းက ဒီမအေ-ိုးတွေကို ဗုံးကြဲပစ်ခဲ့ရင် ဒါမျိုးသတ်တာဖြတ်တာတွေဖြစ်လာမှာကို မဟုတ်ဘူး”လို့ အစည်း အဝေးမှာ ထပြောတဲ့အထိကိုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဒီကိစ္စကို ကိုင်တွယ်ရာမှာ ခံစားချက်သပ်သပ်နဲ့တင် အလုပ်လုပ်လို့မရမှန်း ဟိုးလ်ဘရုခ်သိပါတယ်။ အထူးသဖြင့် အကျဉ်းသားတွေဟာ သတ်ဖြတ်ခံလိုက်ရကြောင်း အထောက်အထားတွေ ပြရမှာပါ။ ဒီလိုအထောက်အထားတွေရဖို့ ဟိုးလ်ဘရုခ်လှမ်းချိတ်လိုက်တဲ့ သူ ကတော့ ပီတာဂါးဘရသ်ပါ။
အီရတ်မှာဖြစ်ခဲ့တဲ့ ကာဒ်ဂျင်နိုဆိုဒ်နဲ့ ဘော့စ်နီးယားဖြစ်စဉ်အစပိုင်းက ဆာဘ်ငရဲခန်းတွေကို လက်တွေ့မျက်မြင်သိရှိသူ ဂါးဘရသ်ကလည်း ဟိုးလ်ဘရုခ်လိုပဲ ဆရက်ဘရက်နီဆာက မွစ်ဆလင်မ်အကျဉ်းသားတွေအားလုံး သတ်ဖြတ်ခံ လိုက်ရပြီလို့ ယူဆပါတယ်။ ဂါးဘရသ်ရဲ့ရည်းစားဟာ တူဇ်လာမှာ UN အရာရှိ တယောက်အနေနဲ့ အလုပ်လုပ်နေတာပါ။ တူဇ်လာကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ယောက်ျားသားတွေ တစ်ယောက်မှ ပါမလာတော့ပါဘူး။ အားလုံးမိန်းမနဲ့ ကလေးတွေချည့်ပါပဲ။ အခြေအနေဟာ တအားကိုထူးခြားနေပါပြီ။
ဒီအချိန်ထိ US အစိုးရဘက်က တုန့်ပြန်မှုက

– ထွက်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးတာ။
– အဖမ်းဆီးခံ UN တပ်ဖွဲ့တွေလွတ်မြောက်ဖို့ ဆာဘ်တွေကို ဖိအားပေး တာလောက်ပါပဲ။
– အဖမ်းခံလိုက်ရတဲ့ မွစ်ဆလင်မ်ယောက်ျားအကျဉ်းသားတွေကိစ္စကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကိုပဲ တာဝန်လွှဲပေးထားလိုက်ပါတယ်။
ဆာဘ်တွေဘက်က ICRC ကိုအဝင်မခံဘဲ ပိတ်ထားလိုက်တော့ အဖမ်းဆီးခံ အကျဉ်းသား တွေရဲ့ ကံကြမ္မာဟာ သို့လော သို့လောဖြစ်နေပါတယ်။ သို့လောသို့လောနဲ့ အချိန်ကုန်ခံလို့မရ မှန်းသိတဲ့ ဂါးဘရသ်ဟာ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာနဲ့ တွေ့ဆုံဆွေးနွေးရပါတယ်။ ဒီဆွေးနွေးပွဲကို စီစဉ်ပေးသူကတော့ ဟိုးလ်ဘရုခ်ပါ။ မကြာခဏ လက်ရဲဇက်ရဲနဲ့ ဘောင်ကျော်လုပ်တတ်တဲ့ ဂါးဘရသ်ကိုခရစ္စတိုဖာက ကြည့်မရတာအတော်ကြာပါပြီ။ ဂါးဘရသ်ကလည်း ဝန်ကြီးနဲ့သိပ်အစေးမကပ်လှပါဘူး။ ဒီကိစ္စမှာတော့ ရှေ့မျက်နှာ ရှေ့ထားပြီး ခပ်တည်တည်နဲ့ တွေ့ဆုံဆွေးနွေးကြရပါတယ်။ ဂါးဘရသ် အဓိကထားဆွေးနွေးခဲ့တာကတော့ ဆရက်ဘရက်နီဆာက အသတ်ဖြတ်ခံအကျဉ်းသားတွေ အကြောင်းနဲ့ ဆာဘ်တွေဟာ ဇပ်ပါ safe zone ကိုပါ စတင်တိုက်ခိုက်နေပြီမို့ လေကြောင်းပစ်ကူ အမြန်ဆုံးပေးဖို့ပါ။ နိုင်ငံခြားရေးဝန်ကြီးနဲ့ စကားပြောရတာဟာ ဂါးဘရသ်အဖို့ အုတ်နံရံကိုခေါင်းနဲ့တိုက်သလိုသာဖြစ်နေတာပါ။ ဒီအုတ်နံရံကြီးကိုဖြိုပစ်ဖို့ ဂါးဘရသ်ခေါင်း လောက်နဲ့ ဝင်ဆောင့်လို့ဘယ်ရမလဲ။ တကယ့်ဆင်အကြီးကြီးတကောင်ရဲ့ အားနဲ့မှ ဖြိုလို့ရမှာပေါ့။အုတ်နံရံကိုဖြိုပေးမယ့် ဆင်အကြီးကြီး ရှိပါ့မလား…?

ဆင်ကြီးတကောင်

သူကတော့ US ဒုတိယသမ္မတ အလ်ဂိုးပါ။ ဂါးဘရသ်နဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဆွေးနွေးပွဲအပြီး နောက်ရက်မှာဆက်ကျင်းပတဲ့ US အစိုးရဝန်ကြီးများဆွေးနွေးပွဲမှာ ဒုတိယသမ္မတအလ်ဂိုးဟာ ဘော့စ်နီးယားဖြစ်စဉ်ဟာ genocide ရာဇဝတ်မှုပဲလို့ အစချီပြီး စကားပြောပါတယ်။ နောက်ထပ်သတ်ဖြတ် ပွဲတွေကိုခွင့်ပြုထားရင်း ဒုက္ခသည်အရေအတွက်တိုးလာတာကို ငုပ်တုတ်ထိုင်ကြည့်ရင်း ရေစုံမျောလိုက်လို့မရကြောင်း အဓိကပြောသွားတာပါ။
ဆွေးနွေးပွဲမှာ အလ်ဂိုးသုံးသွားတဲ့ ဓါတ်ပုံကတော့ ဆာဘ်မုဒိန်းရန်ကို ကြောက်လို့ ကိုယ့်ဖာသာ ဆွဲကြိုးချသတ်သေသွားတဲ့ ကလေးမလေးရဲ့ပုံပါ။ ဒီပုံကိုပြရင်းနဲ့ အလ်ဂိုးပြောသွားတာက “ကျွန်တော့်သမီးလေးကသာ ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးမေးမြန်းလာခဲ့လို့ရှိရင် ဖေဖေတို့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေ ခဲ့ကြတယ်လို့ ဖြေကြမှာလား” ဆိုတဲ့ စကားမျိုးပါ။ အားလုံးရဲ့ရင်ထဲကို ထိထိ ခိုက်ခိုက်ရှိစေခဲ့ပါတယ်။

————————–

မြေပြင်က ဒုက္ခသည်တွေထဲမှာလည်း လူသက်သေတချို့ ပေါ်ပေါက် လာပါတယ်။ တူဇ်လာခရီးစဉ်တလျှောက် မြင်ခဲ့ရတာတွေကို သက်သေထွက်ဆို ပေးတဲ့ အမျိုးသမီးတွေစတင်ပေါ်ပေါက်လာသလို သစ်တောကိုဖြတ်ပြီး လက်ချင်းချိတ်လို့ ထွက်ပြေးခဲ့သူတွေထဲက အသက်ရှင်ကျန်ရစ်သူ အများအပြားလည်း ရှိနေပါသေးတယ်။လူသောင်းချီ သတ်ဖြတ်ခံရတဲ့အထဲကမှ ရှားရှားပါပါး တစ်ယောက်စနှစ်ယောက်စ လွတ်လာသူတွေလည်းရှိပါတယ်။ ဥပမာ-ဆာဘ်တွေဟာ အကျဉ်းသားတွေကို ဘရက်တူညက်မြို့ကို ချီတက်ခိုင်းပါတယ်။ အဲဒီမြို့ကိုရောက်တော့အကျဉ်းသားတွေကို အယောက် ၂၀ စီ ဘောလုံးကွင်းဘက်ကို ခေါ်ထုတ်သွား ပါတယ်။ ဘောလုံးကွင်းထဲမှာတော့ ရှေ့မှာသတ်ထားတဲ့အလောင်းတွေ ပုံအောနေပါတယ်။ လွတ်မြောက်လာသူဟာ သေနတ်သံစကြားရတာနဲ့ အလောင်းပုံထဲ လှဲချခဲ့လိုက်တာပါ။
ဆာဘ်တွေဟာ နောက်ထပ်အကျဉ်းသားတွေကို သွားခေါ်နေတုန်း သူဟာ အလောင်းတွေအောက်အထိ တိုးသွားပြီး ပုန်းနေလိုက်ပါတယ်။ မှောင်တော့မှ အလောင်းတွေအောက်ကတိုးထွက်ပြီး ထွက်ပြေးလာခဲ့တာပါ။ ရှားရှား ပါးပါး ဒီလိုထွက်ပြေးလာနိုင်သူ ၃ ယောက်သာရှိပါတယ်။ ဆာဘ်တွေကတော့ နောက်ရက်မှာ ဘူဒိုဇာတွေနဲ့ထိုးပြီး အလောင်းတွေကိုမြေကျင်းထဲမှာ မြုပ်နှံပစ်ပါတယ်။ CIA ရဲ့ မိုင်တစ်ရာပတ်လည်ကို တစ်ချက် ရိုက်တဲ့ ဂြိုဟ်တုဓါတ်ပုံမှာတော့ ဘူဒိုဇာတွေ လှုပ်ရှားနေတာကို မြင်နေရရုံမက ဘူဒိုဇာဘီးရာကိုပါ မြင်ရပါတယ်။ ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်နဲ့ ဂြိုဟ်တု ဓါတ်ပုံတွေ ကိုက်ညီချက်ကိုယှဉ်တွဲပြီး CIA က အစီရင်ခံစာတင်ပါတယ်။
ဒီဂြိုဟ်ဓါတ်ပုံတွေ အထောက်အထားတွေကိုပြပြီး ကုလလုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးသူကတော့ မယ်ဒလင်းအောလ်ဘရိုက်ပါ။ ဒီအန်တီကြီးဟာ လည်း ဆာဘ်တွေကို ဗုံးကြဲပစ်ချင်တဲ့ သူတစ်ယောက်ပါပဲ။

—————————

ဆရက်ဘရက်နီဆာကျပြီး တစ်ပတ်အကြာမှာ US လူ့အခွင့်အရေးလက်ထောက်ညွှန်မှူးဟာ အစီရင်ခံစာတစ်စောင် တင်သွင်းပါတယ်။ အစီရင်ခံစာမှာ ဆရက်ဘရက်နီဆာ သတ်ဖြတ်မှုတွေရဲ့ လူသက်သေထွက်ဆိုချက်တွေအပြင် နောက်ထပ်အတိုက်ခံနေရတဲ့ ဇပ်ပါ safe zone ကိုကာကွယ်ဖို့ ဆာဘ်တွေကိုဗုံးကြဲသင့်ကြောင်းပါ ထည့်ရေးထားတာပါ။
အစီရင်ခံစာရဲ့ အဓိကထောက်ပြချက်ကတော့ UN safe zone တွေကျဆုံးသွားရင် နောက်ဆက်တွဲအနေနဲ့ UN တပ်တွေဆုတ်ခွာသွားရပါလိမ့်မယ်။ UN တပ်တွေဆုတ်ခွာမှုရှိလာရင် US အနေနဲ့ကူညီပါ့မယ်လို့ ကလင်တန်ကလူသိရှင်ကြား ကြေငြာထားတာရှိပါတယ်။ ဒီလိုဆိုရင် US မြေပြင်တပ်တွေ ဝင်လာ ရသည်အထိ ဖြစ်သွားနိုင်ပါတယ်။ US စစ်သားတွေ အထိအခိုက်ရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် အချိန်မှီတုန်း ဆာဘ်တွေကို ဗုံးကြဲပါလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။
US က ဆင်အကြီးကြီးတွေ ဝိုင်းတွန်းနေတာမို့အခြေအနေတွေကောင်းမွန်လာ လိမ့်မယ်လို့ ယုံကြည်နိုင်ပြီလား….?

ကိုယ့်အားကိုယ်ကိုး

ဆာဘ်တွေဟာ ဆရက်ဘရက်နီဆာကို ဝင်တိုက်တော့ မြို့ထဲမှာ ခိုလှုံနေသူတွေဟာ UN နဲ့ အနောက်ကမ္ဘာက တို့ကိုပစ်မထားလောက်ပါဘူးလို့ အပိုင်တွက်ထားခဲ့ကြပါတယ်။ တချို့ဆိုထွက်ပြေးတာတောင် အိမ်ကိုသော့ခတ်ထားပြီး သော့ချောင်းကိုပဲယူလာခဲ့ပါတယ်။ UN တပ်တွေမြို့ကိုပြန်သိမ်းရင် ကိုယ့်အိမ်ထဲအလွယ်တကူ ပြန်ဝင်လို့ရအောင်လေ။ လက်တွေ့မှာတော့ ခေါင်းနဲ့ကိုယ် အိုးစားကွဲအောင် အသတ်ခံလိုက်ရတာပဲကြုံခဲ့ရတော့ ဘော့စ်နီးယန်းတွေဟာ ဘယ်သူ့ကိုမှ မယုံကြည်တော့ပါဘူး။
ဒါ့ကြောင့် ဘော့စ်နီးယန်းတွေဟာ ဇပ်ပါကို လာတိုက်တဲ့ ဆာဘ်တွေကို ခံတိုက်ပါတယ်။ ဆရက်ဘရက်နီဆာတုန်းက ဘော့စ်နီးယန်းတပ်မတော်ဟာ လက်နက်တွေကို UN ဆီအပ်ထားမိလို့ ဒုက္ခရောက်ခဲ့ရတဲ့အတွက် ဇပ်ပါမှာတော့ ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်လက်နက်နဲ့ ရန်သူတွေကို ပြန်ခံတိုက်ပါတယ်။ (ဇပ်ပါမှာUN တပ်သား ၈၀ ကျော်လောက်ပဲရှိပါတယ်။) ဇပ်ပါမှာ ခံစစ်ဆင်တဲ့ မွစ်ဆလင်မ်တွေရဲ့အားသာချက်က မြို့ဟာ တောင်ကုန်းပေါ်မှာရှိနေတာပါ။ (ဆရက်ဘရက်နီဆာဟာ တောင်ကြားထဲမှာ ရှိလို့ခံစစ်ပိုင်းအားနည်းပါတယ်။)
မိန်းမတွေမုဒိန်းကျင့်ခံရပြီး ကလေးတွေ တုန်လှုပ်ချောက်ချားပြီး ယောက်ျားတွေအားလုံး သိုးတွေလိုအသတ်ခံရမယ့်အစား ဇပ်ပါက မွစ်ဆလင်မ်တပ်မှူးဟာ အသေခံတိုက်ဖို့ပဲ ရွေးလိုက်ပါတယ်။ NATO ရဲ့ လေကြောင်းပစ်ကူမရတာတောင် အပေါ့စားလက်နက်တွေသာတပ်ဆင်ထားတဲ့ မွစ်ဆလင်မ်တပ်တွေဟာ တင့်ကားနဲ့လက်နက်ကြီးပါတဲ့ဆာဘ်တွေကို ကျားကုပ်ကျားခဲခုခံကြပါတယ်။ အင်အားချင်း မမျှတဲ့အတွက် နှစ်ပတ်အကြာမှာ ဇပ်ပါဟာ ဆာဘ်တွေလက်ထဲကျသွားပါတယ်။ ဒါပေမဲ့ ခုခံမှုဟာ အလဟဿတော့မဖြစ်ခဲ့ပါဘူး။ ထောင်ပေါင်းများ စွာသော အမျိုးသမီးတွေနဲ့ ခလေးတွေဟာ ဆာရာယေဗိုကို ရွှေ့ပြောင်းချိန် ရခဲ့ကြပါတယ်။ အရပ်သားတွေ ရွှေ့ပြောင်းပြီးချိန်မှာတော့ ဇပ်ပါခုခံရေးတပ်ဖွဲ့ဟာ အဖွဲ့ငယ်လေးတွေအဖြစ် ဖြန့်ခွဲပြီး ဗျူဟာမြောက်ခွာစစ်ဆင်ကြပါတယ်။
သူ့လက်အောက်ငယ်သားတွေ ဒီလို ခွာစစ်ဆင်နိုင်ဖို့အတွက် ဇပ်ပါက မွစ်ဆလင်မ်တပ်မှူး ဗိုလ်မှူးကြီး Avdo Palic ဟာ နောက်ဆုံးအချိန်အထိ ရန်သူကိုဟန့်စစ်ဆင်နေခဲ့ပါတယ်။ ရဲဘော်တွေ အားလုံးနီးပါး ဘေးလွတ်ရာကို ဆုတ်ခွာသွားချိန်မှာတော့ ဟန်စစ်ဆင်ပေးနေတဲ့ မွစ်ဆလင်မ်တပ်မှူးဟာ UN ကိုယ်စားလှယ်ရဲ့ စေ့စပ်ပေးမှုကြောင့် ဆာဘ်တွေနဲ့ တွေ့ဆုံစကားပြောစဉ်မှာ ဆာဘ်တွေက ကတိဖျက်ပြီး ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ဗိုလ်မှူးကြီး Avdo Palic ဘာဖြစ်သွားလဲ ဘယ်သူမှမသိကြတော့ပါဘူး။ စစ်ပွဲပြီးလို့ ဒီကိစ္စကို ပြန်စစ်ဆေးတော့မှ ဆာဘ်တွေဟာ သူတို့ကို သတ္တိပြောင်ပြောင်နဲ့ ခံတိုက်တဲ့ဗိုလ်မှူးကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ကြောင်း ပေါ်ပေါက်လာတာပါ။ (ဒီကိစ္စကို စစ်ပွဲအပြီး ၁၀ နှစ်ကျော်မှ သိရတာပါ။)

ဇပ်ကြိုးခွံ့မယ့်သူ
ဇပ်ပါ တိုက်ပွဲပြင်းထန်နေချိန် ၁၉၉၅ ဇူလိုင် ၂၁ မှာ US နဲ့ အနောက်နိုင်ငံတွေဟာ လန်ဒန်မှာ အရေးပေါ်အစည်းအဝေးထိုင်ပါတယ်။ အစည်းအဝေး အပြီးမှာ လန်ဒန်ကြေငြာချက် ထွက်ပေါ်လာပါတယ်။ ကြေငြာချက်မှာ ဂိုရက်ဇ် safe zone ကို ဆာဘ်တွေက တိုက်ခိုက်လာရင် NATO က အကန့်အသတ်မရှိ ဗုံးကြဲတော့မှာဖြစ်ကြောင်း ပါလာပါတယ်။
အားလုံးအံ့အားသင့်သွားပါတယ်။ ကျဆုံးသွားတဲ့ ဆရက်ဘရက်နီဆာ အကြောင်း တလုံးမှမပါ၊ လောလောဆယ် ကျတော့မတတ်ဖြစ်နေတဲ့ ဇပ်ပါ safe zone အကြောင်း တစ်လုံးမှမပါတဲ့ ဒီကြေငြာချက်ဟာ အတော်ကို စိတ်ပျက်စရာပါ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအနေနဲ့ ဇပ်ပါမှာ ကိုယ့်အားကိုယ်ကိုးပြီးခုခံဖို့ ရွေးချယ်လိုက်တာ မှန်သွားပါတယ်။ အနောက်နိုင်ငံက ခေါင်းဆောင်တွေဟာ မယုံကြည်ရသူတွေလား…?
တကယ်တော့ အနောက်နိုင်ငံက ခေါင်းဆောင်တွေဟာ သူတို့အလုပ်သူတို့လုပ်သွားတာပါ။ သူတို့ကို ဘော့စ်နီးယားတွေရဲ့အရေးမှာ ကိုယ့်ကိစ္စလို လုပ်လာစေဖို့ အပိုင်ချည်ရမှာပါ။ ဒီလို အပိုင်ချည်ပီး US အစိုးရကို ဇပ်ကြိုးခွံ့မယ့်
သူကတော့ . . .

အမတ်မင်းဘော့ပ်ဒိုးလ်

ဒုတိယကမ္ဘာစစ်အတွင်း အီတလီစစ်မျက်နှာတစ်နေရာ ရန်သူ့လက်နက်ကြီးမှန်လို့ သတ်ကွင်းထဲမှာ တလူးလူးတလိမ့်လိမ့်ဖြစ်နေတဲ့ ရဲဘော်လေးကို တက်ဆွဲရင်းနဲ့ စစ်ဗိုလ်ပေါက်စ ဘော့ပ်ဒိုးလ်ဟာ ဂျာမန်စက်လက်နဲ့ အမွှေ့ခံ
လိုက်ရပြီး သေကောင်ပေါင်းလဲနဲ့ စစ်မြေပြင်ရှေ့တန်းဆေးရုံကို ရောက်လာပါတယ်။
ဘော့ပ်ဒိုးလ် နဖူးမှာ M ဆိုတဲ့ အမှတ်အသားကို သွေးနဲ့ရေးထားပါတယ်။ ဆိုလိုချင်တာက ဒီလူဟာသေတော့မှာ။ ဒါ့ကြောင့် morphine သာနိုင်နိုင်ပေးကြဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမဲ့ ဘော့ပ်ဒိုးလ်ဟာ မသေဘဲ ပတ်တီးအဖွေးသားနဲ့ US မြေကိုပြန်ရောက်လာပါတယ်။ US ကိုပြန်ရောက်တော့လဲ ရထားတဲ့ဒဏ်ရာတွေဟာ အနာမကျက်တဲ့အပြင် အနာတွေထဲ ပိုးဝင်ပြည်လိုက်ပြီး သွေးဆိပ်တက်လိုက်ပါသေးတယ်။ အာမေးနီးယန်းခွဲစိတ်ဆရာဝန်တယောက်က ကုသပေးလိုက်လို့ ဘော့ပ်ဒိုးလ်ဟာ နေပြန်ကောင်းလာပေမယ့် သူ့ညာဘက်လက်ကတော့ သုံးမရတော့ပါဘူး။ အာမေးနီးယန်းဆရာဝန်ရဲ့ ကုသပေးမှုနဲ့ ကူညီမှုတွေအပြင် ဘော့ပ်ဒိုးလ်ဟာ အာမေးနီးယန်းဂျင်နိုဆိုဒ်အကြောင်းပါ သိခဲ့ရပါတယ်။ သူစစ်မြေပြင်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဂျာမန်တွေဟာလည်း ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဖြစ်ကြောင်း ဘော့ပ်ဒိုးလ်သိခဲ့ရပြန်ပါတယ်။
အဲဒီ ဘော့ပ်ဒိုးလ်ဟာ ရီဗက်ပလစ်ကန် အထက်လွှတ်တော်အမတ်ဖြစ် လာချိန်မှာတော့ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ငရဲခန်းတွေဟာ ဖုံးမရဖိမရ ပေါ်လာချိန်ပေါ့။

ရေစုံမျှောလိုက်တဲ့ ကလင်တန်ရဲ့မူဝါဒ
ကလင်တန်အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စမှာ လုပ်ပေးစရာရှိတာတွေလုပ်ပေးပြီးပြီလို့ ယူဆထားကြတာပါ။

– ခရိုအတ်စစ်မျက်နှာကို အဆုံးသတ်ပေးပြီး မွစ်ဆလင်မ်+ခရိုအတ် မဟာမိတ်ဖွဲ့ပေးပြီးပြီ။
– လက်နက်လမ်းကြောင်းတွေဖွင့်ပေးပြီးပြီ။
– သွေးတိုးစမ်းတဲ့ ဆာဘ်တွေကိုလဲ သူ့အတိုင်းအတာနဲ့သူ တုန့်ပြန်ဖို့ လုပ်ထားတယ်။
– ဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာမှုအကူအညီတွေပုံမှန်ပေး နေတယ်။
– ကျန်တာကတော့ ပြည်တွင်းစစ်မို့ နှစ်ဖက် ခြေကုန်လက်ပမ်းကျချိန် စောင့်ပြီး တို့အစိုးရက ညှိပေးလိုက်ရုံပဲ။
– ဂျင်နိုဆိုဒ်ငရဲခန်းတွေအတွက်ကတော့ စစ်ပြီးမှပဲ ခုံရုံးတင်အရေးယူဖို့ စဉ်းစားမယ်။ လောလောဆယ် ဒီစစ်ပွဲအတွင်း နှစ်ဖက်လုံးကို ချိန်ခွင်ရှာညီအောင် ထိန်းပေးပြီး စစ်ပမ်းလာချိန်ကို စောင့်ရုံပဲ။ ဒါက ၁၉၉၄ ခုနှစ်ကစလို့ ကလင်တန် အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ခံယူချက်ပါ။
ကလင်တန်အစိုးရဟာ ပြတ်ပြတ်သားသားဗုံးကြဲဖို့၊ US ခြေလျင်တပ် တွေလွှတ်ဖို့ လုံးဝ စိတ်မဝင်စားပါဘူး။ ကလင်တန်အစိုးရရဲ့ ဒီလုပ်ရပ်တွေကို ရေစုံမျှောလိုက်တဲ့လုပ်ရပ်လို့ ဝေဖန်လိုက်သူကတော့ အမတ်မင်းဘော့ပ်ဒိုးလ်ပါ။
ဘော့ပ်ဒိုးလ်ဟာ သီအိုရီသမားမဟုတ်တဲ့ ခပ်ကြမ်းကြမ်းစစ်သားဟောင်းတစ်ယောက်ပါ။ အစိုးရအဖွဲ့ကို လွှတ်တော်ထဲခေါ်ပြီး genocide ဟုတ်၊ မဟုတ်ချောင်ပိတ်တဲ့ သီအိုရီမေးခွန်းတွေအစား လက်တွေ့ကျတဲ့အလုပ်ကို ကောက်လုပ်ပစ်တာပါ။ သူလုပ်လိုက်တဲ့အလုပ်က ကလင်တန်အစိုးရအဖွဲ့ကို နောက်ကနေ တွန်းအားပေးတဲ့ပုံစံမကဘဲ ဖျင်ကနေဆောင့်ကန်လိုက်သလိုမျိုးပါ။
ဘော့ပ်ဒိုးလ်တင်လိုက်တဲ့ လမ်းကြောင်းက ဆာဘ်တွေအပေါ်မှာ လက်နက်ပိတ်ဆို့မှုကို ဆက်လက်ထားရှိပြီး ဘော့စ်နီးယားမွစ်ဆလင်မ်တွေကို လက်နက်ပိတ်ဆို့မှုအား ပယ်ဖျက်ရေးပါ။ ဒါဟာတဖက်သတ် လက်နက်ပိတ်ဆို့မှု ပယ်ဖျက်ရေးပါ။ ကလင်တန်အစိုးရကတော့ ဒီလို တဖက်သတ်ပယ်ဖျက်မှုကို အပြင်းအထန် ကန့်ကွက်ပါတယ်။ အကြောင်းရှိပါတယ်။ လက်နက်ပိတ်ဆို့မှုကို တဖတ်သတ် ပယ်ဖျက် ခြင်းဟာ UN resolution ကို ဆန့်ကျင်ပါတယ်။ UN ရဲ့ လက်နက်ပိတ်ဆို့မှု resolution ကို အကောင်အထည်ဖော်ပေးနေတာက US ရေတပ်ပါ။
UN resolution ရှိနေလို့သာ ဥရောပနိုင်ငံတွေဟာ သူတို့တပ်တွေကို UN တပ်သားတွေအဖြစ် ဘော့စ်နီးယားကို စေလွှတ်ထားတာပါ။ တကယ်လို့ UN resolution ကို US ကသာ ဆန့်ကျင်လာရင် ဘော့စ်နီးယားနိုင်ငံတွင်းက UN တပ်ဖွဲ့တွေ ထွက်ခွာသွားမှာပါ။ UN တပ်တွေထွက်ခွာရင် စစ်ဆုတ်ခွာမှုကိုကူညီဖို့ US ခြေလျင်တပ်တွေ စေလွှတ်ပေးပါ့မယ်လို့ ကလင်တန်က လူသိရှင်ကြား ကတိ ပေးထားတာလည်း ရှိပါတယ်။
ဒီတော့ ဘော့ပ်ဒိုးလ် တင်လိုက်တဲ့လမ်းကြောင်းက –
၁။ လက်နက်ပိတ်ဆို့မှုတဖတ်သတ်ပယ်ဖျက်
၂။ UN တပ်တွေထွက်ခွာ
၃။ US ခြေလျင်တပ်တွေဝင်

ပြိုင်ပွဲ

ဘော့စ်နီးယန်းတွေအတွက် လက်နက်ပိတ်ဆို့မှု တဖတ်သတ်ပယ် ဖျက်ရေးကို လွှတ်တော်ထဲမှာ စလုပ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါပေမဲ့ ကလင်တန်အစိုးရက ဘော့စ်နီးယားကိစ္စသူတို့ ပွဲပြတ်အောင်လုပ်ပါ့မယ်လို့ ကတိ
ပေးတဲ့အတွက် ဘော့ပ်ဒိုးလ်တို့အုပ်စုဟာ နောက်ဆုတ်ပေးထားတာပါ။
၁၉၉၄ ခုနှစ် တလျှောက်လုံး ဆာဘ်တွေရဲ့ သွေးတိုးစမ်းမှုနဲ့ NATO ရဲ့အကန့်အသတ်နဲ့ ဗုံးကြဲတုန့်ပြန်မှုတွေဟာ ဘော့ပ်ဒိုးလ်ကို မချင့်မရဲဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ဘော့ပ်ဒိုးလ်ဟာ ၁၉၉၅ ဇန်နဝါရီမှာ လက်နက်ပိတ်ဆို့မှု တဖတ်
သတ်ပယ်ဖျက်ရေးဥပဒေကို ကွန်ဂရက်လွှတ်တော်မှာတင်သွင်းခဲ့ပြီး ၉၅ ဇူလိုင်မှာ မဲခွဲဆုံးဖြတ်ပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီ ဥပဒေကို အတည်ဖြစ်ရေး ၉၅ ဇန်နဝါရီကနေ ဇူလိုင်အထိ ဘော့ပ်ဒိုးလ်ဟာ လှုပ်ရှားရမှာဖြစ်ပြီး ဒီဥပဒေ အတည်မဖြစ်ရေးအတွက် ကလင်တန်အစိုးရ ကလည်း အသည်းအသန်လိုက်ဖျက်ပါတယ်။
ဘော့ပ်ဒိုးလ်ဟာ စကားပြောကောင်းသူတယောက်တော့ မဟုတ်ပါဘူး။ သူဟာ မိန့်ခွန်းတွေ လှလှပပပြောမယ့်အစား ဘော့စ်နီးယားက ငရဲခန်းမြင်ကွင်း တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို လွှတ်တော်ထဲမှာ ဖွင့်ပြလို့ presentation လုပ်ပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေကို မီးမှောင်းထိုးပြပြီး ထောက်ခံမှုရှာတဲ့သဘောပါ။ ကလင်တန်ကတော့ ဘော့ပ်ဒိုးလ်ဥပဒေကို သမ္မတဗီတိုနဲ့ ပယ်ချမယ်လို့ လေသံလွှင့်ထားတာကြောင့် ဘော့ပ်ဒိုးလ်ဟာ အမတ်တွေဆီက ၃ ပုံ ၂ ပုံသောမဲကို ပြတ်ပြတ်သားသားရရှိမှသာလျှင် ကလင်တန်ကို နိုင်ပါလိမ့်မယ်။
စတင်စည်းရုံးခါစမှာ ဘောပ်ဒိုးလ်ဟာ အရှုံးဘက်ကပါ။ လွှတ်တော်ထဲက သူ့ဘော်ဒါတွေကတောင် “ဘော့ပ်ဒိုးလ်ဟာ စစ်တပ်ထဲ ဘီယာသွားရောင်း တောင် စွံအောင်ရောင်းနိုင်မယ့်သူမဟုတ်”လို့ ပြောယူရတဲ့အထိ ဘော့ပ်ဒိုးလ်ဟာ စကားပြောရင် ဘုကျတဲ့သူပါ။ ဘော့စ်နီးယားက အနိဋ္ဌာရုံတွေကို အတုံးလိုက် အတစ်လိုက်ထုတ်ဖော်ပြောဆိုစည်းရုံးတဲ့ ဘော့ပ်ဒိုးလ်ရဲ့နည်းဟာ အလုပ်ဖြစ်ပါ့မလား…? လူတွေ အထူးသဖြင့် လွှတ်တော်အမတ်တွေရဲ့ နှလုံးကို ကိုင်လှုပ်နိုင်ပါ့မလားဆိုတာ အတော်စဉ်းစားရတဲ့ကိစ္စပါ။
အိမ်ဖြူတော်ကတော့ ဘော့ပ်ဒိုးလ်ရဲ့ ဥပဒေဟာ အန္တရာယ်များလွန်းပြီးမီးနဲ့ကစားဖို့ပြင်နေကြောင်း နှက်ပါတယ်။ ဘော့ပ်ဒိုးလ်ကို ကူညီတဲ့သူတွေလည်း ပေါ်လာပါတယ်။ သူတို့တွေကတော့ ဘော့စ်နီးယားဂျင်နိုဆိုဒ်မှာ US အစိုးရရဲ့ပျော့ညံ့မှုကို ကန့်ကွက်တဲ့အနေနဲ့ အလုပ်ထွက်ဆန္ဒပြထားတဲ့ နိုင်ငံခြားရေး အရာရှိတချို့ပါ။ ဒီအရာရှိတွေဟာ လွှတ်တော်ထဲက အမတ်တွေကို ချဉ်းကပ်ပြီး စည်းရုံးရေးဆင်းပေးသလို သာမန်အောက်ခြေလူတန်းစားတွေအထိဆင်းပြီး US ရဲ့ ကြားဝင်စွက်ဖက်မှုကို ထောက်ခံလာအောင် စည်းရုံးပေးကြသူတွေပါ။ သူတို့ ဒီလိုတွေ စည်းရုံးထိုးဖောက်နိုင်ဖို့ကူညီတဲ့သူကတော့ ဂျော့ဂ်ျဆိုးရော့စ်ပါ။ ဆိုးရော့စ်နဲ့ နိုင်ငံခြားရေးအရာရှိဟောင်းတွေဟာ ဘော်လ်ကန်ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းပြီး ဒီစည်းရုံးရေးအလုပ်တွေကို အားစိုက်လုပ်ပေးခဲ့ပါတယ်။ ဒီအချိန်ထိ ဘော့ပ်ဒိုးလ်ရဲ့ စည်းရုံးရေးဟာ ထင်သလောက် တိုးမပေါက်သေးပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်
၁၉၉၅ ဇူလိုင်လ ၁၀ ရက် နေ့မှာ ဘော့ပ်ဒိုးလ်ဟာ လွှတ်တော်ထဲမှာ ပိုနေမြဲကျားနေမြဲနေခြင်းရဲ့ အန္တရာယ်ကြီးပုံ ကို မိန့်ခွန်းပြောပါတယ်။ အဲဒီညမှာပဲ ကလင်တန်ကလည်း ဘော့ပ်ဒိုးလ်အပါအဝင်အမတ်တွေကို အိမ်ဖြူတော်မှာ ညစာစားပွဲဖိတ်ပြီး ဘော့ပ်ဒိုးလ်ရဲ့ ဥပဒေဟာ အန္တရာယ်ကြီးကြောင်း စည်းရုံးရေးဆင်းပါသတဲ့။ ဘော့ပ်ဒိုးလ်ကတော့ ကလင်တန်ရဲ့ ဖိတ်ကြားမှုကို လက်မခံလို့ ညစာစားပွဲကို မတက်ပါဘူး။ ကလင်တန်ရော ဘော့ပ်ဒိုးလ်ပါ နက်ဖြန် ၁၉၉၅ ဇူလိုင် ၁၁ မှာ ဆာဘ်တွေဘာလုပ်မယ်ဆိုတာ မတွေးမိခဲ့ကြဘူးပဲ ဆိုပါတော့။ ဇူလိုင်လ ၁၁ ရက်မှာတော့ ဆာဘ်တွေဟာ ဆရက်ဘရက်နီဆာကိုဝင်တိုက်ပြီး UN တပ်ဖွဲ့တွေကို ဓါးဆာခံ ဖမ်းဆီးကာ မွစ်ဆလင်မ်အရပ်သား ၁ သောင်းလောက်ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။
ဆရက်ဘရက်နီဆာကိစ္စနဲ့ ပတ်သတ်ပြီး ကလင်တန်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ဟာ အင်းမလုပ် အဲမလုပ်နေပြလို့ ဟိုးလ်ဘရုခ်နဲ့ ဂါးဘရသ်တို့က တွန်းခဲ့ရပုံတွေကို ရှေ့မှာရေးထားခဲ့ပါပြီ။ US လွှတ်တော် အမတ်တွေအတွက် တော့ အခြေအနေအမှန်ကို ဖြုန်းခနဲတွေ့လိုက်ရတဲ့အတွက် ဘော့ပ်ဒိုးလ်နောက်မှာထောက်ခံတဲ့အမတ်တွေ တန်းစီသွားပါတယ်။ ဆရက်ဘရက်နီဆာကျဆုံးပြီး တစ်ပတ်လုံးလုံး ဘော့ပ်ဒိုးလ်ဟာ လက်နက်ပိတ်ဆို့မှု ပယ်ဖျက်ရေးကလွဲလို့ ကျန်တဲ့စကားကို မပြောတော့ပါဘူး။
ကလင်တန်အစိုးရဟာ ဘော့ပ်ဒိုးလ်ရဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ရင်ဆိုးဆိုးဝါးဝါးကြီးတွေ ဖြစ်လာလိမ့်မယ်လို့ တောက်လျှောက်ဖြဲခြောက်လာတာပါ။ “အခု အဲဒီဆိုးဆိုးဝါးဝါးကြီးဆိုတာ အခု ကျုပ်တို့မျက်စိရှေ့တင်ဖြစ်သွားခဲ့ပြီ။ အခုချက်ချင်း လက်နက်တင်ပို့မှုကိုပယ်ဖျက်။ ဒါဟာဥပဒေပြု လွှတ်တော်တစ်ရပ် လုံးက ပြောတဲ့စကား” လို့ ဘော့ပ်ဒိုးလ်ဟာ ခိုင်ခိုင်မာမာ ပြောလာပါတော့တယ်။
ကလင်တန်ဟာ ဘော့ပ်ဒိုးလ်ကို ချော့ရပါတယ်။ ဇူလိုင် ၂၁ လန်ဒန် အစည်းအဝေးပြီးသည်အထိ လွှတ်တော်မှာမဲခွဲတာကို ဆိုင်းငံ့ထားဖို့ ဘော့ပ်ဒိုးလ်ကို တောင်းဆိုပါတယ်။ ဘော့ပ်ဒိုးလ်က လက်ခံပေးပါတယ်။ ဒါပေမဲ့ မီဒီယာတွေကတော့ ဆိုင်းငံ့မနေပါဘူး။
– ကလင်တန်အစိုးရဟာ သွေးမရှိတဲ့ အစိုးရ။
– ကလင်တန်ဟာ အာကျယ်ကောင်
– အိမ်ဖြူတော်က လူတွေ အရှက်ရောရှိကြသေးရဲ့လား။
– စူပါပါဝါ US ဟာ သူများနောက်မြီးဆွဲဖြစ်နေပြီလား။
– ဒီလို အိညှောင်ပတ်ညှောင် လုပ်နေပုံနဲ့ဆိုရင် NATO အဖွဲ့ရဲ့ လားရာကို ဆန်းစစ်ရတော့မယ်။
စသဖြင့် မီဒီယာတွေက တောက်လျှောက် နှက်နေတော့တာပါ။
ဇူလိုင် ၂၁ ပျော့တိပျော့ဖတ် လန်ဒန်ကြေငြာချက်အပြီး ဘော့ပ်ဒိုးလ်ဟာ မဲခွဲဖို့ပဲ စိုင်းပြင်းပါတော့တယ်။ ဇူလိုင် ၂၆ ကွန်ဂရက်မှာ မဲခွဲပြီး ထောက်ခံ ၆၉ မဲ ကန့်ကွက်၂၉ မဲနဲ့ ဘော့ပ်ဒိုးလ်ရဲ့ ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။ သြဂုတ် ၁ မှာ အောက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ။ သမ္မတဗီတိုနဲ့ ပယ်ချလို့ မရသည်အထိ မဲအရေအတွက်ရရှိခဲ့ပါတယ်။ ပြဇာတ်ရဲ့ အဆုံးသတ်ကကွက်ကို စတင်ဖို့ ကန့်လန့်ကာ ဆွဲတင်လိုက်ပါပြီ။

genocide ကိုမတားဆီးရင်
US သမ္မတလည်း တရားခံပဲ

ဆရက်ဘရက်နီဆာကျပြီးတဲ့နောက် US အရပ်ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့ကလည်း ဆာဘ်တွေကို ဗုံးကြဲပစ်ဖို့ US အစိုးရဆီ လက်မှတ်ထိုး တောင်းဆိုကြပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာကတော့ ကလင်တန်ဟာ လေအိုးလို့ ရေးထည့်လိုက်ပါတယ်။ နျူးရီဗတ်လစ်မဂ္ဂဇင်းရဲ့ ဆောင်းပါးမှာ ရေးထားတာက “ဒီကမ္ဘာ ပေါ်မှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တားဆီးနိုင်တာ အမေရိကန်ပြည်ထောင်စုပဲရှိတယ်။
US သမ္မတဟာ ဒီတာဝန်ကို ရှောင်လွှဲပြီး အမေရိကန်တွေအပေါ်မှာ အရှက်ရစေခဲ့ရင်သမ္မတကြီးလည်း ရာဇဝတ်ကောင်တွေနဲ့ အလိုတူအလိုပါ အပြစ်ရှိတယ်” တဲ့။ ကလင်တန်အတွက် အဆိုးဝါးဆုံးထိုးနှက်ခံရမှုကတော့ ပြင်သစ်သမ္မတက ဆရက်ဘရက်နီဆာကျဆုံးမှုကို မြူးနစ်ကိစ္စနဲ့ ယှဉ်ထိုးပြောဆိုတာပါ။ US ရဲ့ NATO အပေါ်ဦးဆောင်မှုကဏ္ဍကိုပါ ပြင်သစ်ကသမ္မတရှီးရက်က မေးခွန်းထုတ်လိုက်ပါတယ်။
ဒီအချိန်မှာတော့ ကလင်တန်ဟာ ငြိမ်ခံနေလို့မရတော့ဘဲ “US ဟာ လက်ဝှေ့အထိုးကျင့်တဲ့သဲအိတ်ကြီး မဟုတ်ဘူး” လို့ ထွက်ပြောလာပါတယ်။ ဒါပေမဲ့ အပြောဟာ အပြောပဲရှိပါသေးတယ်။ ဒီအချိန်မှာ ဆာဘ်တွေကိုလက်တွေ့ကျကျ ထိုးနှက်လိုက်တာကတော့ ခရိုအတ်နဲ့မွစ်ဆလင်မ်တပ်ပေါင်းစုပါ။ လက်နက်ခဲယမ်းတွေကို တောက်လျှောက်စုဆောင်းထားတဲ့ ခရိုအတ်စစ်တပ်ဟာ အင်အားအတော်ကို တောင့်တင်းနေပါပြီ။ ခရိုအေးရှားနိုင်ငံရဲ့ အရှေ့ပိုင်းကို ပေါင်မုန့်လှီးသလို လှီးဖဲ့ယူထားတဲ့ ဆာဘ်တွေကို ခရိုအတ်တွေက တန်ပြန်ထိုးစစ်ဆင်ပါတယ်။ ဆာဘ်တွေဟာမခုခံနိုင်တော့ပါဘူး။ ခရိုအတ်တွေဟာ ၁၉၉၁ တုန်းက ဆုံးရှုံးခဲ့တဲ့နယ်မြေတွေ အားလုံးကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒီခရိုအတ်တွေရဲ့ ထိုးစစ်အတွင်းမှာ ထင်ရှားသွားတာက ဆာဘ်စစ်တပ်ဟာ လုံးဝကို အခွံသပ်သပ်သာကျန်တော့တယ်ဆိုတဲ့အချက်ပါ။

ဆာဘ်တွေကို ဗုံးကြဲရတာ အရသာရှိလိုက်တာ


ဘော့စ်နီးယန်းမွစ်ဆလင်မ်တပ်မတော်ကလည်း ခြေသွက်လက်သွက်နဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်ပါတယ်။ ဆာဘ်တွေသိမ်းထားတဲ့ နိုင်ငံ မြောက်ပိုင်းက Bosanska, Krupa, Petrovac, Kljuc, Sanski စတဲ့မြို့တွေကို ဘော့စ်နီးယားမွစ်ဆလင်မ်တပ်မတော်က တဟုန်ထိုးပြန်သိမ်းပါတယ်။ ဆာဘ်တွေဘက်က လက်စားချေတဲ့အနေနဲ့ ၁၉၉၅ သြဂုတ် ၂၅ မှာ ဆာရာယေဗိုကို အမြောက်နဲ့ ပစ်ပြီး အရပ်သား ၃၇ ယောက်ကို သတ်ပစ် လိုက်ပြန်ပါတယ်။
US အနေနဲ့ ဘော့ပ်ဒိုးလ်ရဲ့ဥပဒေကြောင့် သူရဲ့ခြေလျင်တပ်တွေဝင်ကို ဝင်ရတော့မှာမို့ မဝင်ခင်မှာ လေကြောင်းကနေ လက်ဦးမှုယူပြီး အပြတ်အသတ် ဗုံးကြဲဖို့ အကြောင်းပြချက်ရှာနေတာပါ။ ပဲရစ်မှာရှိနေတဲ့ ဟိုးလ်ဘရုခ်က ဝါရှင်တန်ကို ဖုန်းခေါ်ပြီး ဗုံးကြဲဖို့ပြင်ပေတော့လို့ အကြောင်းကြားလိုက်ပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့မှာတော့ NATO လေယာဉ်အစင်း ၆၀ ဟာ လေထဲကို တပြိုင်နက်တည်းထိုးတက်သွားခဲ့ပြီး ဆာဘ်ပစ်မှတ်တွေကို ဗုံးကြဲချပါ တယ်။ ဒီတခါတော့ ဟိုတပြောက် ဒီတပြောက်မဟုတ်တော့ဘဲ ပစ်မှတ် ၆၀ လောက်ကို တပြိုင်နက် တိုက်ခိုက်တာပါ။ ဆာဘ်တွေရဲ့ ခဲယမ်းသိုလှောင်ရုံတွေ၊ ဆက်သွယ်ရေးအဆောက်အဦ တွေ၊ ရေဒါတွေ၊ လေကြောင်းရန်ကာကွယ်ရေးစခန်းတွေကို ပြားပြားဝပ်သွား အောင် ပစ်ခွင်းလိုက်ပါတယ်။ ဒီသတင်းကို သမ္မတကလင်တန်ဆီ ဖုန်းဆက် အကြောင်းကြားတော့ “အေး… သိပ်ကောင်းတာပဲကွာ”လို့ ဝမ်းသာအားရ ပြန်ဖြေပါသတဲ့။

လက်စားချေပွဲ


NATO လေယာဉ်တွေဟာ အကြိမ်ပေါင်း ၃၄၀၀ ပျံတက်တိုက်ခိုက်ခဲ့ပြီး ဘော့စ်နီယန်း တပ်မတော်ဟာလည်း မြေပြင်ထိုးစစ်ကို အရှိန်မြှင့်ပါတယ်။ ၃ ပတ်အတွင်း ဆာဘ်တွေသိမ်းထားတဲ့ နယ်မြေရဲ့ ၂၀% ကို မွစ်ဆလင်မ်နဲ့ ခရိုအတ် တပ်တွေက ပြန်သိမ်းလိုက်ပါတယ်။ ခရိုအတ်တွေကတော့ ၁၉၉၁ က ဆာဘ်တွေလုပ်ခဲ့တာကိုလက်စား ပြန်ချေတဲ့အနေနဲ့ ဆာဘ်ရွာတွေကို မီးတင်ရှို့ပြီး ဆာဘ်မြို့တွေကို အမြောက်နဲ့ ပြန်ပစ်ပါတယ်။ သိန်းနဲ့ချီတဲ့ ဆာဘ်တွေဟာ ဗဟို ဆားဘီးယားနိုင်ငံထဲကို ပြေးဝင်ကြရပါတယ်။ “အပစ်အခတ် အမြန်ဆုံးရပ်စဲပေးပါ“ လို့ ဒီတခါ ငယ်သံပါအောင် အော်ဟစ်ရသူကတော့ မီလိုဆီဗစ်ကိုယ်တိုင်ပါပဲ။
ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်ဟာ ဦးကျိုးသွားခဲ့ပါပြီ။

အနိုင်နဲ့ပိုင်း
ရာဇဝတ်ကောင် ဦးကျိုးနေတုန်း ဆွေးနွေးပွဲကို ဆွဲတင်ပြီးအနိုင်နဲ့ ပိုင်းလိုက်ပါတယ်။ မီလိုဆီဗစ်ဘက်က အောက်ကြေးနှိုက်လို့ရဦးမလားလို့ သွေးတိုးစမ်းပါသေးတယ်။ “US က ဆားဘီးယားအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆွေးနွေးပွဲမစတင်ခင် ရုပ်သိမ်းပေးပါ” လို့မီလိုဆီဗစ်ကတောင်းဆိုပါသတဲ့။ US ကတော့ နိုးပါတဲ့။ ဒါ့အပြင် မီလိုဆီဗစ်အနေနဲ့ ဆွေးနွေးပွဲတက်မလား၊ မတက်ဘူးလားမေးဖို့ လွှတ်လိုက်တဲ့သံအဖွဲ့ ဘဲလ်ဂရိတ်ကိုရောက်နေစဉ်မှာ US တိုက်လေယာဉ်အစင်း ၂၀၀ ဟာ ပြေးလမ်းပေါ်မှာ အသင့်နေရာယူထားပါတယ်။ မီလိုဆီဗစ် ခေါင်းခါတယ်လို့ ပြော
တာနဲ့ ဗုံးကြဲတာကို ထပ်အရှိန် မြှင့်ဖို့ပါ။ ဒါကြောင့် မီလိုဆီဗစ်အနေနဲ့ ဒေတန်ဆွေးနွေးပွဲကို တက်ဖို့နဲ့ ဆွေးနွေးပွဲရဲ့ မူဘောင်တွေကို သဘောတူလိုက် ရပါတယ်။
၁၉၉၅ ဒီဇင်ဘာမှာ ဒေတန်စာချုပ်ကို လက်မှတ်ရေးထိုးပြီး စစ်ပွဲကို အဆုံးသတ်လိုက်နိုင်ပါတယ်။ ဆာဘ်ဂျင်နိုဆိုဒ်ယန္တယားဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။ ဒေတန်စာချုပ်အရ ဘော့စ်နီးယားနိုင်ငံရဲ့ နယ်မြေ ၄၉ % ကို ဆာဘ် တွေကရရှိပြီး ကျန်တဲ့ ၅၁ % ကို မွစ်ဆလင်မ်နဲ့ ခရိုအတ်တွေက ရရှိပါတယ်။ ဆာဘ်ဖြစ်စေ ခရိုအတ်ဖြစ်စေ ဘော့စ်နီးယားနိုင်ငံကနေ ခွဲထွက်ခွင့်မရှိပါဘူး။ ဆာဘ်တွေဟာနယ်မြေဟာ အကျယ်ဝန်ဆုံးရပေမယ့် မဟာဗျူဟာအရ ထက်ခြမ်းခွဲခံထားလိုက်ရပါတယ်။
ဒေတန်သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ NATO တပ်သား ၆ သောင်းကျော် ဘော့စ်နီးယားနိုင်ငံထဲကိုဝင်ရောက်တပ်စွဲလိုက်ပါတယ်။ ဆာဘ်ဂျင်နိုဆိုဒ် ရာဇဝတ်ကောင်တွေရဲ့လက်ချက်နဲ့ လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့ရပါတယ်။ လူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာလည်း ဆာဘ်ရာဇဝတ်ကောင်တွေဟာ ဆောင့်ကြွားဆောင့်ကြွားနဲ့ အရေးယူခံရမှုကနေလွတ်နေခဲ့ပါသေးတယ်။ ရက်ခိုမလာဒစ်ဟာ NATO စစ်ဌာနချုပ်နဲ့ ၁၂ မိုင်ပဲဝေးတဲ့နေရာမှာ ဗြောင်နေထိုင်ပြီးတော့ လူသိ ရှင်ကြား အင်တာဗျူးတွေဘာတွေလုပ်ပြရင်း သူ့အပေါ်ထုတ်ဆင့်ထားတဲ့ ဖမ်းဝရမ်းကိုပမာမခန့် လုပ်ပြနေပါသေးတယ်။
ICTY ရုံးတော်ကတော့ မလာဒစ်ရဲ့မျက်ကွယ်မှာပဲ တရားစီရင်နေခဲ့ လိုက်တာ မလာဒစ်ဟာ ၂၀၁၁ ရောက်မှပဲ အဖမ်းခံရပါတော့သတဲ့။ (လက်ရှိ ICC ရုံးတော်ကတော့ ဒီအားနည်းချက်ကို သင်ခန်းစာယူပြီး တရားခံကိုအရင်ဖမ်းဆီးပြီး ရုံးတော်မှာ မျက်မှောက်ထား တရားစီရင်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။)

သက်ရောက်မှု
မီလိုဆီဗစ်ဟာလည်း ဆားဘီးယားနိုင်ငံရဲ့ သမ္မတအဖြစ်ဆက်လက်တည်ရှိဆဲဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ကြပ်တည်းလာတဲ့ ဆာဘ်ပြည်သူတွေဟာ မီလိုဆီဗစ်ကို ဆန့်ကျင်လာချိန်မှာတော့ မီလိုဆီဗစ်ဟာ ကိုဆိုဗိုမှာ ဂျင်နိုဆိုဒ်မီးကို အမြင့်ဆုံးအရှိန်ပြန်တင်ပြီး လူထုထောက်ခံမှု ပြန်ရှာပါတယ်။ ဘော့စ်နီးယားဟာ မီဒီယာမျက်နှာစာမှာ ထင်ထင်ပေါ်ပေါ်ဖြစ်ခဲ့တဲ့ ဂျင်နိုဆိုဒ်ပါ။ ဘော့စ်နီးယားကိစ္စကို အနောက်နိုင်ငံတွေ ကိုင်တွယ်ပုံဟာ ဆာဘ် ဘက်က တစ်ခုခုလုပ်မှ နိုင်ငံတကာက တစ်ခုခုပြန်လုပ်တဲ့ titrated engagement နဲ့ သွားပါတယ်။ ဒါကြောင့် ဘော့စ်နီးယားကိစ္စမှာ ဆာဘ်တွေဟာ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ လူ ၂ သိန်းကျော်လည်းအသက်ပျောက်ခဲ့ရပါတယ်။ ဒါကို သင်ခန်းစာယူလို့ Kosovo မှာတော့ titrated engagement နဲ့ မသွားတော့ဘဲ all-out engagement နဲ့ ကိုင်တွယ်ပါတယ်။ Genocide ကို ကိုင်တွယ်ရာမှာ ပြတ်ပြတ်သားသား ခပ်သွက်သွက်ကိုင်တွယ်ဖို့ လိုတယ်လို့ ကမ္ဘာက သင်ခန်းစာထုတ်ယူနိုင်ခဲ့ပါတယ်။

နိဂုံး

I expected a war. But , I did not expect a genocide.
“စစ်ဖြစ်လာလိမ့်မယ်လို့ တွက်ဆခဲ့တယ်။ ဂျင်နိုဆိုဒ်ဖြစ်လာလိမ့်မယ်လို့ တော့ မတွက်ဆမိခဲ့ဘူး” ဒါဟာ ဘော့စ်နီးယားသမ္မတ အလီဂျာရဲ့ ပွဲအပြီး အင်တာဗျူးကစကားပါ။ သူရဲ့ တွက်ဆမှု အလွဲအတွက် လူ ၂ သိန်းကျော် အသက်ဆုံးရှုံးပြီး လူ နှစ်သန်းကျော် ဘဝပျက်ခဲ့ရပါတယ်။ တကယ်တော့ အလီဂျာ တစ်ယောက်တည်း လွဲတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးဟာ အတွက်အဆတွေ လွဲခဲ့ကြပါတယ်။
“ဒါဟာဂျင်နိုဆိုဒ်ပါလား” ဆိုတဲ့ အသိတစ်ခုကို မရရှိခဲ့မှုအတွက် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ မျက်စိရှေ့မှာတင် လူသား ၂ သိန်းအသက်ပျောက်ခဲ့ရပါတယ်။ ဘော့စ်နီးယားဖြစ်စဉ်ကို ဒီလိုအတွက်အဆလွဲပြီး ပြည်တွင်းစစ်အဖြစ်ယူဆ ကိုင်တွယ်ခဲ့တဲ့အတွက် ရာဇဝတ်ငရဲခန်းတွေဟာ လေးနှစ်ကျော်မျှ တည်ရှိခွင့်ရခဲ့ပြီးလူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ စာရိတ္တ၊ ဘဝ၊ ကျင့်ဝတ်တွေကို အတော် ဖျက်ဆီးခွင့် ရသွားခဲ့ပါတယ်။ ဂျင်နိုဆိုဒ်ကို ဂျင်နိုဆိုဒ်လို့မမြင်လို့ ဘော့စ်နီးယန်းတွေဟာ ၄ နှစ် လောက်ငရဲခံလိုက်ရတာပါ။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ကို ဂျင်နိုဆိုဒ်လို့ မမြင်ဘဲ ပြည်တွင်းစစ်နဲ့ ပဋိပက္ခအဖြစ် ယူဆကိုင်တွယ်နေလို့ နှစ် ၄၀ မက ငရဲတောထဲ မျောနေတဲ့ရာဇဝတ်ဘေးသင့် နိုင်ငံတစ်ခုရှိပါသေးတယ်။ အဲဒီတိုင်းပြည်ကတော့ လက်ရှိသင်နေထိုင်ရာ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” ပဲဖြစ်ပါတယ်။ ရောဂါတစ်ခုကို ကုသရာမှာ အင်မတန်မှ အရေးကြီးတဲ့ အဆင့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ diagnosis လို့ခေါ်တဲ့ ရောဂါအမည်မှန်ကို ရှာဖွေသတ် မှတ်ခြင်းပါပဲ။ ကုသမှုတွေ ဘယ်လောက်အဆင့်မြင့်မြင့် ဆေးဝါးတွေဘယ် လောက်စုံစုံ ရောဂါအမည်တပ်တာလွဲနေရင် ခဏတဖြုတ်သက်သာတာပဲရှိမယ်။ ရောဂါကတော့ မပျောက်ပါဘူး။
မြန်မာပြည်ရဲ့ နိုင်ငံရေးရောဂါကို ကုသဖို့ကြိုးပမ်းနေတာ နှစ် ၆၀ ကျော်ခဲ့ပြီ။ မပျောက်နိုင်ပဲ ရောဂါတိုးသည်ထက်တိုးလာတာ diagnosis လွဲနေခဲ့ လို့ပါ။ အခုတော့ ရောဂါရဲ့ အမည်မှန်ကို သိခဲ့ရပါပြီ။ မြန်မာပြည်ဟာ ဂျင်နိုဆိုဒ်ရာဇဝတ်ရောဂါဆိုး စွဲကပ်နေတာပါ။
ဒီ diagnosis ကို ဘယ်သူတွေကများ ထုတ်ပေးနိုင်ခဲ့ပါလိမ့်…? နှစ်ရှည်ကြာချီ အစိုးရနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေကများလား….? No ! ပါ။ နှစ်ရှည်ကြာချီ အစိုးရကို အတိုက်အခံလုပ်နေတဲ့ ဒီမိုကရေစီအင်အားစု လို့သမုတ်ကြတဲ့သူတွေများလား…? No ! ပါ။ မထင်မှတ်ပဲ ဒီ diagnosis အမှန်ကို မြန်မာပြည်အတွက်ရှာဖွေ ပေးနိုင်ခဲ့သူကတော့ မြန်မာပြည်ထဲမှာ အဖိနှိပ်ခံရဆုံး၊ လူရာအသွင်းမခံရဆုံး၊ ဒုက္ခအရောက်ရဆုံးအုပ်စုဖြစ်တဲ့ မွစ်ဆလင်မ်တွေထဲက ပေါ်ထွက်လာခဲ့ပါတယ်။ Genocide ဆိုတာ နာမည်လေးသပ်သပ်မဟုတ်ပါဘူး။ စကားလုံးလေးသပ်သပ် မဟုတ်ပါဘူး။ ဒါဟာ မြန်မာပြည်တော်လှန်ရေးသမိုင်းမှာ breakthrough တစ်ခုပါ။
အင်မတန်မှ အရေးကြီးတဲ့ တော်လှန်ရေးဆိုင်ရာ အောင်မြင်မှုကြီးပါ။ Ok ! Genocide ဆိုတဲ့ Diagnosis ကိုတော့ရပြီ။ ဘယ်လိုတွေကုကြမလဲ။ ဘယ်သူတွေက ကုကြမလဲ…? ဘော့စ်နီးယားမှာတော့ ဥရောပက UN တပ်သားတွေလွှတ်ပြီး အနာမရင်းအောင်ထိန်းပေးပါတယ်။ မရပါဘူး။ အနာဟာ ရင်းသည်ထက်ရင်းလာတာပါပဲ။ မွစ်ဆလင်မ်နိုင်ငံတွေကလည်း တန်ချိန်သောင်းချီတဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပြီး ဖြေရှင်းကြပါတယ်။ သွေးဆိပ်တက်မလာအောင် ထိန်းထားနိုင်ရုံပဲ တတ်နိုင် ပါတယ်။ အနာကတော့ ဆက်ရှိနေတုန်းပါပဲ။ဒီအနာကို အပြီးသတ်ပျောက်အောင် လုပ်ပေးနိုင်ခဲ့တဲ့ နိုင်ငံကတော့ အမေရိ ကန်ပြည်ထောင်စုပဲရှိပါတယ်။ ဒါကို ဘော့စ်နီးယားမှာ သက်သေပြခဲ့သလို ကိုဆိုဗိုမှာလည်းသက်သေ အခိုင်အမာ ပြနိုင်ခဲ့ပြန်ပါတယ်။ တကယ်တော့ ဒီသက်သေတွေကို ဂျင်နိုဆိုဒ်ဥပဒေရဲ့ ဖခင် Dr.Raphael Lemkin က သူ မကွယ်လွန်ကတည်းက ကြိုမြင်ခဲ့ပါတယ်။
ဒါ့ကြောင့်လဲ Dr.Lemkin ဟာ Genocide Convention ကို ဥပဒေ ပြဋ္ဌာန်းရာမှာ ဆိုဗီယက်က ပြဋ္ဌာန်းတာတောင် တအားကြီးပျော်မပြခဲ့ပါဘူး။ ဆိုဗီယက်ဟာ စူပါပါဝါဆိုပေမယ့် သူ့ရဲ့နိုင်ငံရေးစနစ်တည်ဆောက်ပုံဟာ ဂျင်နိုဆိုဒ်
ရာဇဝတ်မှုကိုကိုင်တွယ်ဖို့ အသင့်ရှိမနေပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်၊ အစိုးရ၊ မီဒီယာ၊ တရားရုံး စတဲ့ နိုင်ငံရေးတည်ဆောက်ပုံကသာလျှင် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တိုက်ဖျက်ဖို့ သင့်လျော်တာပါ။ ဒါ့အပြင် အမေရိကန်ဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲဆိုတဲ့ ပွဲစဉ်တိုင်းမှာ အဓိကအနိုင်ရရှိခဲ့တဲ့ တစ်ခုတည်းသော စူပါပါဝါနိုင်ငံဖြစ်ပါတယ်။


ဒါကြောင့် ဂျင်နိုဆိုဒ်ရာဇဝတ်မှုအဖြစ် ရောဂါရှာဖွေသတ်မှတ်ပြီးရင် ကုသဖို့အတွက်ကတော့ Washingtonology=အမေရိကန်အိမ်ဖြူတော်နိုင်ငံရေးကို နားလည်ဖို့နဲ့ ထိုးဖောက်လှုပ်ရှားနိုင်ဖို့က ထပ်တူအရေးကြီးပြန်ပါတယ်။ အလီဂျာ ကတော့ ဒါကိုနားလည်သလို သူဟာ အစိုးရအဖွဲ့အကြီးအကဲဖြစ်တဲ့အတွက် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မြန်မာပြည်က ဂျင်နိုဆိုဒ်ရာဇဝတ်မှုအတွက် ဝါရှင်တန်မှာထိထိရောက်ရောက် ထိုးဖောက်ပေးတဲ့သူကတော့ သိပ်အများကြီးမရှိလှပါဘူး။ အဲ ! မထိုးဖောက်တဲ့ အပြင်ပိတ်ဆို့တဲ့သူက အများသားဗျ…။ ဘယ်သူတွေ ဘယ်လောက်ပဲပိတ်ဆို့ပိတ်ဆို့ တော်လှန်ရေးဟာ ရှေ့ဆက်တိုးလာခဲ့ပါပြီ။ ကျွန်တော် ဘော့စ်နီးယားဂျင်နိုဆိုဒ်ကို ရေးရတဲ့ရည်ရွယ်ချက်ကကိုယ့်လူတွေကို parallel thinking ရစေဖို့ပါ။ ကိုယ်တို့ရဲ့တိုက်ပွဲ ဘယ်အဆင့်ရောက်နေပြီ ဘယ်လိုထိုးဖောက်နိုင်ပြီး ဘယ်လောက်အောင်မြင်နေပြီဆိုတာကို နှိုင်းယှဉ်တွေးမိစေချင်ပါတယ်။
ကျွန်တော်ရေးခဲ့တာတွေကို ဇာတ်လမ်းတစ်ခုလိုခံစားဖတ်ရှုရုံတင်မကဘဲ ကိုယ့်ဖာသာဆက်လက်တိုးချဲ့ဖတ်ရှုကြရင်းနဲ့ တော်လှန်ရေးမှာ တတ်နိုင် သည့်နေရာကနေ ထောက်ခံပါဝင်ပေးဖို့ပါ။မြန်မာပြည်နဲ့ ပတ်သတ်ပြီးဂျင်နိုဆိုဒ်ကိုကိုင်တွယ်ရာမှာ ဘယ်အဖွဲ့က အဓိကနေရာက ပါဝင်သလဲ…? ဘယ်သူက ICC ကို အာမခံနိုင်သလဲ…? ဘာ့ကြောင့်ဒီလူဟာ ဒီလိုအာမခံနိုင်သလဲ…? ဒီလူကို ကိုယ်တို့ ဘယ်လိုအားပေးနိုင်မလဲ…? စသဖြင့်သိဖို့က ကိုယ်တိုင်လဲ နောက်ခံအသိရှိမှရမှာပါ။ ဒီ နောက်ခံအသိလေးအတွက် ကျွန်တော်တတ်နိုင်သမျှ ဖြည့်ဆည်းပေး ခြင်းမျှသာပါ။

ပြီးပါပြီ
Ingun Jawa

ဘော့စ်နီယားဂျင်နိုဆိုဒ်(၁) ဆက်လက်ဖတ်ရှုရန်
ဘော့စ်နီးယားဂျင်နိုဆိုဒ်(၂) ဆက်လက်ဖတ်ရှုရန်

ဘော့စ်နီယားဂျင်နိုဆိုဒ်(၂)

ရာဇဝတ်ဘေး ပြေးမလွတ်စေရ


၁၉၉၂ ခုနှစ်ဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အင်မတန်မှ ခက်ခဲကြမ်းတမ်းတဲ့နှစ်ပါပဲ။ စစ်ပွဲစတင်တဲ့ ၁၉၉၂ ဧပြီက စပြီး ၇ လအတွင်း ဘော့စ်နီးယန်းမွစ်ဆလင်မ် တစ်သိန်းလောက် အသက်ပျောက်ခဲ့ပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်မသွားရလေအောင် ရုန်းကန်တိုက်ပွဲဝင်ကြရပါတယ်။
၁၉၉၂ သြဂုတ်လကစပြီး US က စီနီယာဘုရှ် အစိုးရအဖွဲ့ဟာလည်း ရုန်းကန်နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲပြိုင်ဘက် ကလင်တန် ဟာ ဘော့စ်နီးယားကိစ္စကို စီနီယာဘုရှ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒကျရှုံးပွဲ အဖြစ် ထိုးနှက်မဲဆွယ်နေလို့ပါပဲ။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ယှဉ်ပြီး မီဒီယာတွေက ထုတ်လွှင့်နေတာရယ်၊ ကလင်တန်က မဲဆွယ်ပွဲတွေမှာ ထိုးနှက်နေတာရယ်ပေါင်းလိုက်ရင် ဘုရှ်အစိုးရ အဖွဲ့ရဲ့ အာဏာကုလားထိုင်ဟာ လှုပ်သည်ထက်လှုပ်လာပါတယ်။
ဘုရှ်အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာလွှဲခဲပစ်ထားမရ တော့ဘဲ တခုခုတော့ လုပ်ပြရတော့မှာပါ။ ဘုရှ်အစိုးရအဖွဲ့ တင်လိုက်တဲ့ လမ်း ကြောင်းက “ရာဇဝတ်ကောင်များကို အရေးယူရေး” ဆိုတဲ့လမ်းကြောင်းပါ။ ဒီမှာတင် ဝက်စ်တန်တို့လို CIA အရာရှိတွေဟာ သူတို့လုပ်ချင်တဲ့ အလုပ်ကို အတိုင်းအတာတခုထိ စလုပ်ခွင့်ရလာပါတယ်။ ဒီအချိန်မှာတော့ ဝက်စ်တန်တို့ရဲ့ အစီရင်ခံစာတွေကို ချောင်မထိုးတော့ တဲ့အပြင် တာဝန်တစ်ခုပါ ထပ်ပေးလိုက်ပါတယ်။
တာဝန်ကတော့ ရာဇဝတ်မှုတွေနဲ့ ပတ်သတ် လို့ ခိုင်ခိုင်မာမာသက်သေအထောက်အထားတွေရှာပြီး စနစ်တကျအုပ်စုခွဲမှတ်တမ်းတင်ပေးပါတဲ့။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံထားတဲ့ ကျင်းတွေ၊ အကျဉ်းစခန်း တွေ၊ မီးလောင်သွားတဲ့ရွာတွေ၊ မုဒိန်းစခန်းတွေနဲ့ပတ်သတ်ပြီး အသေးစိတ် ဇယားဆွဲစာရင်းပြုစုရပါတယ်။ ကျူးလွန်တဲ့ ဆာဘ်အရာရှိရဲ့နာမည်၊ ကိုယ်ရေးမှတ်တမ်းနဲ့ သူကွပ်ကဲ တဲ့ လက်အောက်ခံတပ်ရဲ့ အကြောင်းအရာတွေ၊ လုပ်ရပ်တွေဟာ CIA မှတ်တမ်း ထဲမှာ စနစ်တကျနဲ့ စာရင်းဝင်ပါတယ်။ CIA က ဘယ်လိုလုပ် ဒါတွေသိလဲလို့တော့ မမေးပါနဲ့။ ကျွန်တော် download ဆွဲလို့ရတဲ့ မြေပြင်က CIA အရာရှိရဲ့ အစီရင်ခံစာမှာဆိုရင် ဆာဘ်တပ်တွင်းက ရဲဘော်လစာမလောက်လို့ တပ်ထဲပြဿနာရှာတာက အစ တပ်ခွဲနံပါတ်၊ ရဲဘော်ကိုယ်ပိုင်နံပါတ်အတိအကျနဲ့ ပါပါတယ်။ ဒါက အထောက်အထား စုတဲ့အပိုင်းပါ။ ဝက်စ်တန်တို့အနေနဲ့ ဒီလို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေရလာဖို့ US အစိုးရ အဖွဲ့တွင်းမှာ အဆင့်တိုင်းအဆင့်တိုင်း ထိုးဖောက်လှုပ်ရှားသူတွေရှိပါတယ်။ (နောက်အပိုင်းမှာ ဒီအကြောင်းရေးထားပါတယ်။)

————————

ခုထိဘာမှဖြစ်မလာသေးဘူးလား၊ ကြာလိုက်တာ၊ စသဖြင့်ညည်းညူနေသူတွေမြင်စေဖို့ပါ။ မီလိုဆီဗစ်ကို ဖမ်းဆီးပြီး ခုံရုံးတင်တာက ၂၀၀၁ ခုနှစ်မှပါ။ ဒါပေမဲ့ ရာဇဝတ်မှုတွေကို စုံစမ်းထောက်လှမ်း စာရင်းပြုစုနေတာကတော့ ၁၉၉၂ ကတည်းကပါ။ ဆယ်စုနှစ် တစ်စုစာ အချိန်ယူခဲ့ရပါတယ်။
အဓိက ကတော့ အဲဒီအချိန်တုန်းက ဂျင်နိုဆိုဒ်ကို လက်တွေ့ကိုင်တွယ် ဖြေရှင်းဖို့ ကမ္ဘာ့လူသားထုကြီးကိုယ်တိုင် အတွေ့အကြုံနုနယ်ခဲ့လို့ပါ။ ခုခေတ်လို ICC ရုံးတော်တောင် မတည်ထောင်ရသေးချိန်ပေါ့။ မတရားမှုတွေ၊ တဖက်သတ် အနိုင်ကျင့်မှုတွေကို လုပ်ချင်သလောက် လုပ်ပြီး ငါတို့လုပ်တာ ဘယ်သူမှမသိဘူး၊ စီရင်မှုကနေလွတ်လိမ့်မယ်လို့ ထင်နေ တဲ့ကောင်တွေလည်း ကြပ်ကြပ်သတိထားပါ။ဆယ်စုနှစ် တစ်စုစာကြာခဲ့တာတောင် ရာဇဝတ်မှုဆိုတာ ဆွေးရိုးထုံးစံ မရှိခဲ့ဘူး။

ထိုးဖောက်လှုပ်ရှားသူများ

မစ္စတာဟူပါ ဆိုတာ US နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ဥရောပရုံးမှာ လက်ထောက်ဒါရိုက်တာပါ။ ဘော့စ်နီးယားမှာ ရာဇဝတ်မှုကြီးတွေ ဖြစ်လာချိန်မှ သူဟာ နိုင်ငံခြားရေးဌာန ကနေဒါရုံးရဲ့ ဒါရိုက်တာအဖြစ် ရာထူးတိုးသွားပါတယ်။ ဒါပေမဲ့လည်းသူဟာ ဘော့စ်နီးယားကိစ္စကို မျက်နှာမလွှဲရက်ဘဲ ညနေရုံးဆင်းချိန်တွေပြီးတိုင်း ဝင်ရောက်ကူညီနေလေ့ရှိပါတယ်။ ဟူပါအနေနဲ့ အဲဒီလိုကူညီပေးဖို့ မေတ္တာရပ်ခံသူကတော့ ဘဲလ်ဂရိတ်ကနေ မကြာခင်ကမှ ပြန်ရောက် လာတဲ့ သံအမတ်ကြီးဟောင်း ဇိုင်မာမန် ပါ။ ဇိုင်မာမန်ဆိုတာ “ခရိုအေးရှားမှာ ဆိုးလှပီထင်တာလား? ဘော့စ်နီးယားမှာဖြစ်လာခဲ့ရင် အဲဒါထက်ပိုဆိုးလိမ့်မယ်”လို့သတိစကားဆိုခဲ့တဲ့ သံအမတ်ကြီးလေဗျာ။ (မသိသူများ အပိုင်း – ၂ ကိုပြန်ဖတ်ပါ။)
သူတို့အနေနဲ့ ပိုက်ဆံတပြားမှမရဘဲ၊ ကိုယ့်ရုံးလုပ်ငန်းနဲ့မဆိုင်ဘဲ ဒီလိုဝင်လုပ်ပေးနေရတဲ့ရည်ရွယ်ချက်ကတော့ ဘော့စ်နီးယားမှာ US အစိုးရအဖွဲ့ကိုယ်တိုင်ကြားဝင်စွက်ဖက်လာစေဖို့ပါ။ ၁၉၉၂ စက်တင်ဘာမှာ ဟူပါနဲ့ သူ့ဘော်ဒါ ဂျွန်ဆင်တို့ဟာ US နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘော့စ်နီးယားကိစ္စကို နာရီဝက်ကျော်လောက် ဆွေးနွေးခွင့် ရကြပါတယ်။ ဆွေးနွေးပွဲမှာတော့ စီနီယာဘုရှ်ရဲ့ လက်ရှိမူဝါဒဟာ အသုံးမဝင်ပုံနဲ့ မူဝါဒသစ်ချမှတ်ဖို့လိုနေကြောင်း အဓိကထားဆွေးနွေးခဲ့ကြပြီး တလက်စတည်း မူဝါဒအသစ်အတွက် လိုအပ်တဲ့ အချက်အလက်တွေကို အစီရင်ခံစာရေးတင်ဖို့ပါ ညွှန်ကြားချက်ရလာခဲ့ပါတယ်။
ဟူပါနဲ့ ဂျွန်ဆင်န်ဟာ အဲလိုအချက်အလက်တွေကို တောက်လျှောက်စုဆောင်းကိုင်တွယ်နေတဲ့သူတွေမို့ အချိန်သိပ်မယူရဘဲ ၂၇ မျက်နှာပါ အစီရင်ခံစာကို တင်နိုင်ခဲ့ပါတယ်။ နောက်လ နိုဝင်ဘာမှာတော့ ၂ နာရီခွဲကြာတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အပြီးမှာ US နိုင်ငံခြားရေးဝန်ကြီးက “ကျုပ်တို့ရဲ့မူဝါဒအဟောင်းက မြောင်းထဲရောက်နေတာပဲ” လို့ဝန်ခံလိုက်ပါတော့တယ်။ ဒါဆို US အစိုးရက တိုက်ရိုက် ဝင်ကိုင်တော့မလား?
ခက်တော့ခက်ပါသေးတယ်။ အဓိက,က ဘာအကြောင်းပြချက်နဲ့ ဝင်ကိုင်မလဲဆိုတာပါ။ ဘော့စ်နီးယားမှာ မတော်မတရားတဲ့ အဖြစ်အပျက်ကြီးတွေဖြစ်နေတာဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါ US နဲ့ ဘာဆိုင်လဲဆိုတဲ့ မေးခွန်းကို အရင်ဖြေရမှာပါ။ ဒီအတွက်အဖြေကတော့ ဘော့စ်နီးယားမှာဖြစ်နေတာတွေက တော်ရုံတန်ရုံဖြစ် နေတာတွေ မဟုတ်ဘူးဗျို့။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးပါဗျို့ ဆိုတာပါ။ အဲဒီအဖြေကို ပေးနိုင်ဖို့အတွက် ရာဇဝတ်မှုတွေကို ခိုင်ခိုင်မာမာသက်သေပြနိုင်ဖို့နဲ့အမှုတွဲတည်ဆောက်ဖို့က ပထမဦးစားပေးဖြစ်လာပါတယ်။ ဒီမှာတင် ဟူပါနဲ့ ဂျွန်ဆင်န်တို့အုပ်စုဟာ CIA က ဝက်စ်တန်တို့နဲ့ လက်ဝါးချင်း ရိုက်ရပါတယ်။
ဝက်စ်တန်တို့က ဖြစ်စဉ်တွေကို တောက်လျှောက် မှတ်တမ်းတင် အထောက်အထားယူနေတာဟုတ်တယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ဆိုတဲ့ အမှုတွဲအဖြစ် မှတ်တမ်းတင်နေတာမဟုတ်ဘူး။ ထောက်လှမ်းရေးအစီရင်ခံစာအဖြစ် မှတ်တမ်း ယူနေတာပါ။ ဂျွန်ဆင်တို့က အဲ့ဒီအထောက်အထားတွေထဲကမှ လိုအပ်တဲ့အပိုင်း ဆွဲထုတ်ပြီး ဂျင်နိုဆိုဒ်အမှုအဖြစ် တည်ဆောက်ပြရမှာ။ ဒီမှာတင် တိုက်ရိုက်ဝင်ဗျင်းတဲ့ကိစ္စမတိုင်ခင် အမှုတွဲတည်ဆောက်ခြင်းက အရင်လာတယ်ဆိုတာ ကိုယ့်လူတွေ မြင်ကြမှာပါ။ ဟုတ်ပီ အမှုတွဲတည်ဆောက်ပြီးပြီ။ ဝင်ဗျင်းလို့ရပီးလား?
ကိုယ့်ဖာသာအမှုတွဲတည်ဆောက်ပြီး ကိုယ့်ဖာသာစီရင်ချက်ချလို့၊ ဝင်ဗျင်းချင်တိုင်း ဗျင်းလို့မရပါဘူး။
အမှုတွဲကို လွတ်လပ်တဲ့ နိုင်ငံတကာ တရားရုံးမှာတင်ပြီး အမှုအရင်ဖွင့် ရပါတယ်။ ဒီတရားရုံးကလည်း CIA ရဲ့အစီရင်ခံစာအရ အမှုစစ်ဆေးသည်လို့ လုပ်လို့မရပါဘူး။ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေး ထားတာကိုပဲ သုံးပါတယ်။ ဒီအတွက် ဂျွန်ဆင်၊ ဝက်စ်တန်နဲ့ ဟူပါတို့စုထားတဲ့ အထောက်အထားတွေကို နိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေလက်ထဲထည့်ပြီး အဲဒီအဖွဲ့တွေကလည်း မြေပြင်ဆင်းပြီး အတည်ပြုချက်ယူရပါတယ်။ (အထောက်အထားတွေကို သိပြီးသား။ ဒါပေမဲ့ လက်တွေ့ကွင်းဆင်းပြီး အတည်ပြုချက် ယူပြရပါတယ်။)
အဲဒီ အတည်ပြုချက်တွေကိုမှ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲရဲ့အစီရင်ခံစာအဖြစ် နိုင်ငံတကာတရားရုံးတော်တွေက သုံးခွင့်ရှိပါတယ်။ အမှုလမ်းကြောင်းပွင့်ပြီး တရားခံကို စီရင်နေပြီဆိုရင်တော့ ဘယ်ကလာတဲ့ အထောက်
အထားဖြစ်ဖြစ် ခိုင်လုံရင်သုံးလို့ရပါပြီ။ အမှုစဖွင့်ဖို့ကတော့ နေရာတိုင်းက အထောက်အထားကိုမသုံးပါဘူး။


ဘော့စ်နီးယားဂျင်နိုဆိုဒ်မှာ အခက်အခဲတစ်ခုက ICC လို ရုံးတော်တွေ အသင့်ရှိမနေတာပါ။ (ဒီအတွက် သီးသန့်ခုံရုံးဖွဲ့ဖို့ နောက်ထပ် အချိန်တွေယူပြီး လုပ်ရပါသေးတယ်။)လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အဖြစ် ပွဲဦးထွက် ထွက်လာ တာက “စစ်ရာဇဝတ်မှုဆိုင်ရာ ဘက်မလိုက်ကော်မရှင်” ပါ။ ဂျင်နိုဆိုဒ်စုံစမ်းရေးလို့တောင် နာမည်တပ်မထားတာကို သတိပြု မိမှာပါ။ ဒီကော်မရှင်ကို ၁၉၉၂ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်းပါတယ်။ US ကိုယ်စားလှယ်ကတော့ ၁၉၉၂ ဒီဇင်ဘာ UN အထွေထွေညီလာခံမှာ “ဘော့စ်နီးယားမှာ genocideရဲ့ အသွင်သဏ္ဍာန်တွေမြင်ရတယ်”လို့ ထည့်ပြောပါတယ်။ ဒါဆိုပွဲပြီးပြီလား?
ပွဲက ခုမှ စတယ်လို့ပြောရမှာပါ။

———————————-

လက်ရှိဗမာပြည်နဲ့ပတ်သတ်လို့ကော ဘယ်အဆင့်ရောက်နေပြီလဲ? အထောက်အထားစုတဲ့အပိုင်းကတော့ ပြည့်စုံသွားပါပြီ။ ဒီအထောက်အထားတွေ ကို လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေက အတည်လည်းပြုပြီးပါပြီ။
(Dr.ယန်း၊ မင်းကြီး ဇာအိဒ်အလ်ဟူစိုင်းန် တို့ကိုယ်တိုင်က genocide လို့ သုံးစွဲခဲ့ပါပြီ။)
ခု ICC ရုံးတော်ရဲ့ တခါးပေါက်ကိုခေါက်လိုက်လို့ ကျွိခနဲ တံခါးပွင့်သွား တဲ့အသံကိုပါ ကြားလိုက်ရပါပြီ။ ဒါက ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို အရေးယူရေးပါ။ ဒီနေရာမှာ အကျူးလွန်ခံရတဲ့ လူမျိုးစုကို အကာအကွယ်ပေးရေး R2P
ကရော ဘယ်အဆင့်လဲပေါ့။ R2P နဲ့ ICC ဟာ ဝိုက်၊ ဖြောင့်၊ ဘယ်၊ ညာ တွဲလက်သီးတွေပါ။ တစ်ချက်တည်း ဘယ်တော့မှ မထိုးဘူး။ တွဲလုံးအနေနဲ့ဝင်ပါတယ်။ ဘယ်အချိန် R2P ဝင်လဲ?
ရာဇဝတ်ကောင်ကို ICC တင်မယ်။ ရာဇဝတ်ကောင်က ပတ်ပြေးမယ်၊ ရှောင်မယ်၊ ရာဇဝတ်မှုတွေကို ဆက်လုပ်မယ်။ ဒီအချိန်မှာ R2P ဝင်လာပါတယ်။ နစ်နာရတဲ့ လူမျိုးစုအတွက် တရားမျှတမှုကို ဥပဒေကြောင်းအရမဖော်ဆောင်နိုင် ကြောင်း ထင်ရှားပေါ်ပေါက်ရင် အင်အားသုံး၍ တရားမျှတမှုကို ဆောင်ကျဉ်းရတဲ့ သဘောပါပဲ။ မဖြစ်မနေ ထည့်သွင်းတွက်ချက်ရတာက refugee crisis ပါ။ ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ကို ထမ်းပေးထားတဲ့နိုင်ငံနဲ့ ဒုက္ခသည်တွေအပေါ်မှာ တင်ရှိနေတဲ့ burden ဟာ ထည့်ကိုစဉ်းစားရပါတယ်။ R2P ဝင်ပြီးရင်တော့ ICC ကိစ္စကို အပြီးသတ် run လိုက်ရုံပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောက ICC နဲ့ R2P ဟာ course တစ်ခုတည်းပေါ်က sequential processes တွေပါပဲ။

နောက်ကျောဓါးထိုးခံရခြင်း

ဘယ်သူတွေရဲ့နောက်ကျော ဓါးနဲ့အထိုးခံရပါလိမ့်…? ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေပါ။
ဟုတ်ပါတယ်။ ဆာဘ်တွေကို မရှိမဲ့ရှိမဲ့ အင်အားနဲ့ ကျားကုပ်ကျားခဲ ခုခံစစ်ပွဲဆင်နွှဲနေရတဲ့ ဘောစ်နီးယန်းမွစ်ဆလင်မ်တွေဟာ နောက်ကျောကို ဓါးနဲ့ အထိုးခံလိုက်ရပါတယ်။ ထိုးသွားတဲ့ သူတွေကလဲ တခြားသူတွေမဟုတ်ဘဲ ခုခံစစ်ပွဲမှာ မဟာမိတ်အဖြစ်လက်တွဲရင်း ကတုတ်ကျင်းတခုထဲမှာ ရင်ဘောင်တန်းတိုက်နေကြတဲ့ခရိုအတ်တွေကိုယ်တိုင်က လုပ်သွားတာပါ။ ဖြစ်စဉ်ကတော့ . . . . .
ခရိုအတ်တွေဟာ ဆာဘ်တွေနဲ့ ကြိတ်ပုံးဆွေးနွေးပွဲတွေလုပ်နေတာ ၁၉၉၂ နှစ်လယ်ပိုင်းလောက်ကတည်းကပါ။ ဒီအချိန်မှာ ခရိုအေးရှားနိုင်ငံရဲ့ နယ်မြေတွေကို ဆာဘ်တွေက သိမ်းပိုက်ထားချိန်ပါ။ ဒါ့အပြင် ဆာဘ်တွေလက်ချက်နဲ့ ခရိုအတ်တွေ ထွက်ပြေးခဲ့ရတာလည်း ပူပူနွေးနွေးပဲရှိပါသေးတယ်။ ဒါပေမဲ့ ဆာဘ်-ခရိုအတ် လျှို့ဝှက်ဆွေးနွေးပွဲတွေမှာတော့ ဒီအကြောင်းတွေကို ခဏခေါက်ထားလိုက်ပီး ဘော့စ်နီးယားနယ်မြေကို ဆာဘ်နဲ့ ခရိုအတ်တွေ ဘယ်လို ပိုင်းခွဲယူကြမလဲဆိုတာကိုပဲ ဆွေးနွေးကြပါသတဲ့။ ခရိုအတ်တွေရဲ့အမြင်က “လောလောဆယ် ဆာဘ်တွေကို လှန်လို့မရနိုင်သေးမယ့်အတူတူ ဆာဘ်နဲ့ပေါင်းပြီး ဘော့စ်နီးယန်းတွေကို အမဲဖြတ်ကြစို့” ဆိုတာမျိုးပါ။
ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေ ရှေ့တန်းမှာ လက်တွဲတိုက်ပွဲဝင် နေကြတယ်ဆိုတဲ့အချက်ကို ခရိုအတ်တွေဘက်က ထည့်သွင်းစဉ်းစားမနေပါဘူး။ ဆာဘ်-ခရိုအတ်ဆွေးနွေးပွဲတွေဟာ ၁၉၉၃ မှာ သဘောတူညီချက်တွေ ရလာ
ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၃ နှစ်ဦးပိုင်းကစလို့ ဘောစ်နီးယားနိုင်ငံတွင်းက ခရိုအတ်လက်နက်ကိုင်တွေဟာ လက်ကျန်မွစ်ဆလင်မ်နယ်မြေတွေကိုဝင်သိမ်းပါတော့တယ်။

ဆာဘ်တွေကိုတောင် မနဲခုခံနေရတဲ့ ဘောစ်နီးယန်းတွေဟာ ခရိုအတ်တွေနဲ့ စစ်မျက်နှာထပ်ဖွင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် အလျှော့ပေး ညှိနှိုင်းတာတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုမှညှိမရတဲ့ အခြေ အနေကို ရောက်နေပါပြီ။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအနေနဲ့ မတတ်သာတဲ့အဆုံးဆာဘ်တွေဘက်လှည့်ထားတဲ့ သေနတ်ပြောင်းတွေကို ခရိုအတ်တွေဘက်ကိုပါလှည့်လိုက်ရ ပါတော့တယ်။ ဒီလိုနဲ့ ဘော့စ်နီးယန်း-ခရုအတ် စစ်ပွဲဖြစ်လာပါတော့တယ်။
ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ ဆာဘ်တွေ ပေးတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးအလူးလူးဖြစ်နေပြီး ကျောဘက်မှာတော့ ခရိုအတ်တွေရဲ့ ဓါးဒဏ်ရာနဲ့ သွေးစိမ်းရှင်ရှင်ထွက်နေပါတယ်။ ဒါပေမဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဒူးထောက်ကျမသွားအောင် အံကြိတ် လို့ တင်းခံနေနိုင်ခဲ့ကြပါတယ်။

——————————

၁၉၉၂ နှစ်ကုန်ပိုင်းနဲ့ ၁၉၉၃ နှစ်ဦးပိုင်းမှာ ဆာဘ်ဂျင်နိုဆိုဒ်ရာဇဝတ် ကောင်တွေကို အရေးယူဖို့ ခြေလှမ်းတချို့စလှမ်းတဲ့အချိန်မှာပဲ ခရိုအတ်- ဘော့စ်နီးယန်း စစ်မျက်နှာဖြစ်လာတာပါ။အဖိနှိပ်ခံချင်းအတူတူ တမူးပိုရှူချင်တဲ့ ခရိုအတ်တွေရဲ့ လုပ်ရပ်မျိုးဟာ မြန်မာပြည်မှာတော့ ပုံမှန်လုပ်နေကျ လုပ်ရပ်တောင်ဖြစ်နေပါပြီ။ မြန်မာဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေဟာ အဖိနှိပ်ခံအချင်းချင်းကို ရန်တိုက်ပေးတဲ့ အလုပ်ကိုတော့ အင်မတန်ကျွမ်းကျင်ပါတယ်။
ရှမ်း vs တအောင်း
ကချင် vs ရှမ်းနီ
ရှမ်း vs ပအို့ဝ်
ကရင် vs မွန်
ဒါတင်မက
SSA (ရှမ်း) vs RCSS (ရှမ်း) ကရင်ဗုဒ္ဓဘာသာ vs ကရင် ခရစ်ယာန် ရန်တိုက်ပေးထားတာပါ။ နောက်ဆုံးဗျာ ရှိသမျှ ကချင်၊ ကရင်၊ ရှမ်း၊ မွန်တွေကိုယ်တိုင်က နေရင်း ထိုင်ရင်း မွစ်ဆလင်မ်ကို ဘလိုင်းကြီးမုန်းနေအောင်လဲ မြန်မာရာဇဝတ်ကောင် တွေက လုပ်ထားနိုင်သဗျ။ ဒါတွေအားလုံးဟာ လူတွင်ပါလို့ နွားကို ကျားဆွဲခံရ တယ်ဆိုတာ လူနည်းစုတွေဘက်က မမေ့သင့်ပါဘူး။
ခရိုအေးရှားစစ်မျက်နှာ ထပ်ဖွင့်ရတဲ့အတွက် လူနည်းစုခရိုအတ်နဲ့ မွစ်ဆလင်မ်တွေဟာ ဆာဘ်ဂျင်နိုဆိုဒ်ရာဇဝတ်ဒဏ်ကို တနှစ်လောက် ထပ်တိုး လို့ခံစားလိုက်ရပါတယ်။ မြန်မာပြည်မှာတော့ လူနည်းစု အချင်းချင်း လေးငါးခြောက်ပွင့်ဆိုင် ရန်လိုနေတဲ့အတွက် ဗမာဂျင်နိုဆိုဒ်ရာဇဝတ်ဒဏ်ကို ခံစားနေရတာတော့ ရာစုနှစ် တခုရဲ့ ထက်ဝက်မကတော့ဘူးဗျို့။

စုံတကာစေ့တဲ့ ကစားကွက်တွေ

ခရိုအတ်တွေနဲ့ စစ်ဖြစ်ရခြင်းဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ အတော့်ကို အထိနာစေပါတယ်။ အထူးသဖြင့် ပတ်ချာလည်ရန်သူ့ပိတ်ဆို့မှုကို ခံနေရတဲ့ မွစ်ဆလင်မ်တွေအဖို့ လက်နက်သယ်ယူရေးလမ်းကြောင်းဟာ ခရိုအေးရှားကတဆင့်လာရတာမို့ ဒီစစ်ပွဲဟာ အဲဒီလမ်းကြောင်းကိုပါ ထိခိုက်လာ စေပါတယ်။ ဒါပေမဲ့ လုံးဝပိတ်သွားတာမျိုးတော့ မဟုတ်ပါဘူး။
ဒါဟာ ဘော့စ်နီးယန်း-ခရိုအတ်စစ်ပွဲရဲ့ ထူးခြားမှုပါ။ နဲနဲ အူကြောင်ကြောင်နိုင်တယ်လို့တောင်ပြောရမှာပါ။ တစ်နေရာမှာ ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ တခြားတနေရာမှာတော့ ကျောချင်းကပ်ပြီး ဘုံရန်သူဆာဘ်တွေကို တိုက်ချင်တိုက်နေရတာမျိုးပါ။
စစ်မျက်နှာဟာလည်း အတိအကျသတ်မှတ်ဖို့ခက်ပါတယ်။ တပြိုင်နက်တည်း ရန်သူဖြစ်လျက် တပြိုင်နက်တည်းမိတ်ဆွေလည်းဖြစ်နေရတာမျိုးပါ။ ဒါပေမဲ့ လစ်ရင်လစ်သလို တစ်ဖက်နဲ့တစ်ဖက် ဆော်ကြတာချည့်ပါပဲ။ အထူးသဖြင့် ခရိုအတ်တွေဘက်က လက်သံပိုပြောင်ပါတယ်။ ဥပမာ-၁၉၉၃ ဧပြီမှာ ခရိုအတ်တွေဟာ ဘော့စ်နီးယားအလယ်ပိုင်းက Ahmici ရွာမှာ မွစ်ဆလင်မ် ရွာသား ၁၀၀ လောက်ကို သတ်ပစ်တာမျိုးပါ။ အံ့အားသင့်စရာကောင်းတာ က အဲဒီလို Ahmici ရွာမှာ လူသတ်ပွဲ ကျင်းပနေချိန်မှာ ခရိုအတ် သမ္မတတွဂ်ျမန်နဲ့ ဘော့စ်နီးယားသမ္မတ အလီဂျာတို့ဟာ လက်နက်တင်ပို့ရေးကိစ္စအတွက် တီဟီရန်မှာ အီရန်သမ္မတနဲ့ဆွေးနွေးနေတာမျိုးပါ။ အီရန်အနေနဲ့ ခရိုအတ်တွေကို လက်နက်ထောက်ပံ့ချင်တာမဟုတ် ပါဘူး။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို ထောက်ပံ့ချင်တာပါ။ အီရန်သမ္မတ ရာဖ်ဆန်ဂျာနီက Ahmici ရွာကလူသတ်ပွဲနဲ့ ပတ်သတ်ပြီး တွဂ်ျမန်ကို ဖိအားပေးပါတယ်။


ခရိုအတ်တွေအနေနဲ့ ဥရောပမှာ လက်နက်ဝယ်ဖို့မဖြစ်နိုင်ချိန်ပါ။ ဒါ့ကြောင့်အီရန်ရဲ့စကားက အတော်အားပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဘော့စ်နီးယား သမ္မတ အလီဂျာကတော့ ခရိုအေးရှားကိုမှီခိုနေရတဲ့ လက်နက်လမ်းကြောင်းကို ချည်းအားကိုး မနေချင်တော့ပါဘူး။ ခရိုအတ်တွေဟာ ရောက်လာတဲ့ ခဲယမ်းနဲ့လက်နက်တွေထဲက ၅၀% ကျော်ကျော်လောက်ကိုလည်း ဖြတ်ယူထားလေ့ ရှိပါတယ်။အလီဂျာအတွက် နောက်ထပ်လမ်းကြောင်းသစ်တွေလိုနေပါပြီ။

————————-

အီရန်အနေနဲ့ ဘော့စ်နီးယားကိစ္စမှာ နေရာရနေတာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေရသူကတော့ အမေရိကန်သမ္မတအသစ်စက်စက် ကလင်တန် ပါ။ ပိုဆိုးတာက ပင်လယ်ကွေ့စစ်ပွဲမှာ ဆက်ဒမ်ကို ဆုံးမပြီးချိန်ရောက်တော့ အမေရိကန်ရဲ့ မဟာမိတ်ဆော်ဒီလိုနိုင်ငံတွေက ဆာဘ်တွေကို ဘယ်အချိန်မှာ ဆုံးမ,မလဲလို့ မေးခွန်းထုတ်လာတာပါ။
၁၉၉၃ နှစ်လည်မှာ ဆော်ဒီထောက်လှမ်းရေးအကြီးအကဲကိုယ်တိုင်ဝါရှင်တန်ကို ရောက်လာပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို လက်နက် ထောက်ပံ့ဖို့ကိစ္စ ဒဲ့လာပြောပါတယ်။ကလင်အနေနဲ့က အီရန်ပုံစံ သွားလုပ်လို့မရပါဘူး။
US က UN ရဲ့ လက်နက်ပိတ်ဆို့မှုဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ပေးနေရသူပါ။ US အစိုးရအဖွဲ့ဟာ ဥပဒေကို ချိုးဖောက်လို့မရပါဘူး။ ချိုးဖောက်ရင် သမ္မတလည်း တရားရုံးတက်ရတဲ့တိုင်းပြည်ပါ။ ဥပဒေကို ချိုးဖောက်
ပြီး ရှေ့ဆက်တိုးလို့မရပေမယ့် ဥပဒေကို ဘေးကနေဝိုက်တက်ပြီး လိုရာရောက်အောင်တော့ သွားလို့ရပါတယ်။ အဲ. . . . လူမသိ သူမသိတော့ သွားရတာပေါ့ဗျာ။
ကလင်တန်အနေနဲ့ အဲလိုလုပ်ဖို့ ခပ်ပြတ်ပြတ်လုပ်တတ်တဲ့သူတစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။ သူကတော့ ရစ်ချက်ဟိုးလ်ဘရုခ် ပါ…။

————————–

အင်အားကြီးနိုင်ငံတွေနဲ့ပတ်သတ်ပြီးစဉ်းစားရင် အမေရိကန်သိမ်းငှက် ရုရှားဝက်ဝံ စသဖြင့် ခြုံငုံစဉ်းစားတတ်သူတွေ ဘာ့ကြောင့်မှားလဲဆိုတာ ဒါမျိုး တွေကြောင့်ပါ။ US သမ္မတအနေနဲ့ လက်နက်ပိတ်ဆို့မှုကို လူသိရှင်ကြားထောက်ခံတယ်။ လက်တွေ့လည်း အကောင်အထည်ဖော်တယ်။ USလွှတ်တော်တွေဘက်က လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ဖို့ကြိုးစားတာတွေကိုလည်း ကလင်တန်ဟာ တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကကျ လက်နက်လျှို့ဝှက်ထာက်ပံ့ဖို့ လူလွှတ်ပြီးခိုင်းတယ်။
အင်အားကြီး နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လက်တွေ့အကောင် အထည်ဖော်မှုတွေကို ဘယ်တော့မှ တဖက်တည်းကမြင်လို့မရပါဘူး။ အဖက်ဖက် ကနေလှည့်ပတ်ပြီး ကြည့်ရှုရပါတယ်။ ရှေ့မျက်နှာစာ တစ်လွှာတည်းကိုကြည့်ပြီး ဆုံးဖြတ်လို့ မရကြောင်းပါဗျား….။

မျိုးမတုန်းဖို့ ရုန်းကန်စို့

နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် စစ်ပွဲ အစပိုင်းကတည်းက ဘော့စ်နီးယားနိုင်ငံကို ရောက်ခဲ့တဲ့ ဟိုးလ်ဘရုခ်ဟာ ဆာဘ် တွေရဲ့ ရက်စက်မှုကို အတွင်းကျကျ သိသူတယောက်လို့ပြောရမှာပါ။ ဘော့စ်နီးယားကနေ ပြန်ရောက်လာလာချင်းပဲ လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ပေးဖို့နဲ့ ဆာဘ်တွေကိုဗုံးကြဲဖို့ စတင်ဆော်သြခဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီတုန်းက စီနီယာဘုရှ်အစိုးရအဖွဲ့က သူ့အကြံပေးချက်ကို လက်မခံခဲ့ပါဘူး။
ကလင်တန်အစိုးရအဖွဲ့မှာတော့ ဟိုးလ်ဘရုခ်ဟာ ရာထူးအဆင့်ဆင့်ရခဲ့ပြီး ကလင်တန်က လက်နက်လမ်းကြောင်း ကိစ္စပြောလာတဲ့အချိန်မှာတော့ ဟိုးလ်ဘရုခ်ဟာ ဂျာမနီဆိုင်ရာ US သံအမတ်ကြီးဖြစ်နေပါပြီ။ (ကလင်တန် လက်ထက်မှာ ဟိုးလ်ဘရုခ်ဟာ ရာထူးတက်တာ တအားမြန်ပါတယ်။)
ဟိုးလ်ဘရုခ်က ခပ်လွယ်လွယ်ပဲ ကြံဆပါတယ်။ ဆိုဗိယက်ပြိုကွဲပြီး နောက်ပိုင်း အရှေ့ဥရောပ ကွန်မြူ နစ်နိုင်ငံဟောင်းတွေမှာ ရုရှားလုပ်လက်နက်တွေ တောင်ပုံရာပုံ ကျန်နေရစ်ခဲ့တာပါ။ အဲဒီလက်နက်တွေကို မှောင်ခိုဝယ်၊ ရဟတ် ယာဉ်နဲ့သယ်ပြီး ဘော့စ်နီးယန်းတွေလက်ထဲ ထည့်ပေးလိုက်ရုံပါပဲ။ ခက်တာက ဗြိတိန်၊ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံတွေက ဘော့စ်နီးယားမှာ စစ်ရှိန်မြင့်လာမှာကို မကြိုက်ကြပါဘူး၊ စစ်မီးပိုလောင်လေ ဒုက္ခသည်တွေ ထွက်ပြေးလေ။ သူတို့နိုင်ငံတွေ မတည်ငြိမ်လေဖြစ်မှာကို စိုးရိမ်နေကြတာပါ။
ဘော့စ်နီးယားမှာ ဗြိတိန်တပ်သား ၆၀၀၀ လောက်ကို UN တပ်အဖြစ်ပို့ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးနေတာဟာ မွစ်ဆလင်မ်တွေကို ချစ်လွန်းလို့မဟုတ်ပါဘူး။ ဒုက္ခသည်တွေ သူတို့တိုင်းပြည်တွေဘက်ပြေးမလာရအောင် ဘော့စ်နီးယားနိုင်ငံတွင်းမှာပဲနေဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ ဒီတော့ US ရဲ့ အစဉ်အလာမဟာမိတ်တွေ မကြိုက်တဲ့ စစ်ရှိန် မြင့်လာစေမယ့်အလုပ်ကို ဟိုးလ်ဘရုခ်မလုပ်ရဲပါဘူး။ တစ်ဖက်ကလည်း စစ်ရှိန် မြင့်မလာစေဖို့ ဘော့စ်နီးယန်းတွေဟာ လည်စင်းခံနေရမယ်ဆိုတာလည်း အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ ဟိုးလ်ဘရုခ်က နောက်တစ်နည်း ကြံဆပါတယ်။
ဒီနည်းလမ်းက အသစ်တော့မဟုတ်ပါဘူး။ အာဖဂန်ကို ဆိုဗီယက်တွေ ဝင်ကျူးကျော်တုန်းက မူဂျာဟစ်ဒင်န်တွေကို US နဲ့ မွစ်ဆလင်မ်နိုင်ငံတွေ ပူးပေါင်း ပြီးလက်နက်ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ ခုလည်း ဒီနည်းလမ်းကို ပြန်သုံးဖို့ပါ။ မလေး၊ တူရကီ၊ ဆော်ဒီ၊ ပါကစ္စတန်စတဲ့ မွစ် ဆလင်မ်နိုင်ငံတွေကလည်းဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို လက်နက်ထောက်ပံ့ပေးဖို့ လုပ်နေတာ ကြာပါပြီ။ ဒါပေမဲ့ အီရန်ပုံစံ ခရိုအေးရှားလမ်းကြောင်းကတဆင့်မသွားဘဲ ဘော့စ်နီးယန်းတွေ လက်ထဲကို တိုက်ရိုက်ထည့်ဖို့လုပ်နေတာ။
အဲဒီလို တိုက်ရိုက်ထည့်ပေး ဖို့ကတော့ စွန့်စားမှု၊ ညှိနှိုင်းမှု၊ ရဲဝံ့ ထိုးဖောက်မှုနဲ့၊ နားလည်ပေးမှုတွေ အများကြီးလိုတဲ့ကိစ္စပါ။ ဒီလိုတွေ လုပ်ရာမှာ ဟိုးလ်ဘရုခ် ဘယ်လို ဘယ်ပုံပတ်သတ်တယ်လို့ ကျွန်တော်ရေးလို့ မရပါဘူး။ အဲလိုရေးဖို့ အထောက်အထားလဲမရှိပါဘူး။ ဒါပေမဲ့လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ဆက်စပ်ကြည့်မယ်ဆိုရင်တော့ ဘယ်သူ့လက်ရာပါနိုင်တယ်၊ ဘယ်အဆင့်လောက်က ညွှန်ကြားတယ် ဆိုတာကို ဆဝါးမိလာမှာပါ။
ပထမအဆင့် ရေကြောင်းကမသွားဘဲ လေယာဉ်နဲ့ ထောက်ပံ့ဖို့ လုပ်ရမှာပါ။ လေယာဉ်ကို လူသားချင်းစာနာမှုတံဆိပ်ကပ်လိုက်ရင် ပစ်ချဖို့ မလွယ်ပါဘူး။ ဝင်စစ်ချင်ရင်တောင် လေဆိပ်ရောက်မှပဲ စစ်လို့ရမှာပါ။ အဲဒီလေဆိပ်ဟာ UN တပ်တွေလက်လှမ်းမမှီတဲ့နေရာမှာသာ တည်ဆောက်ထားလိုက်ရင် ဝင်စစ်ဖို့တောင်မလွယ်ပါဘူး။


ဒါပေမဲ့ လေဆိပ်တွေအကုန်နီးပါးမှာ UN တပ်တွေရှိနေပြီး တချို့ လေဆိပ်တွေဆိုရင် ဆာဘ်တွေရဲ့ လက်ထဲမှာရှိနေတာပါ။ ဒါဆို လက်လျှော့ရတော့မလား…? ဘယ်ဟုတ်မလဲဗျာ….။ ရှိပြီးသားလေယာဉ်ကွင်းတွေ သုံးမရရင် လေယာဉ်ကွင်းအသစ်တွေဖောက်ပေါ့။ ဒီလိုနဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တပ်မတော်က လူငယ်စစ်သားလေးတွေဟာ ရှေ့တန်းမှာ ရန်သူနဲ့ မျက်ခြည်မပျက်ရင်ဆိုင်နေတုန်း ကျောဘက်မလှမ်းမကမ်းကျည်လွတ်မြေမှာလည်း လေယာဉ်ကွင်းသစ်တွေဖောက်ရင်း အားကျိုးမာန်တက်ရုန်းကန်ကြပါတော့တယ်။

————————-

ကျွန်တော် ဒီအကြောင်းတွေကို ရှာဖတ်ရင်းနဲ့ မျက်ရည်တွေ အလိုလို ကျခဲ့ရပါတယ်။ ဘော့စ်နီးယန်းလူငယ်လေးတွေဟာ အဖိနှိပ်ခံရသော်ငြားလည်း သူတို့ရဲ့လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်ပြီး ရုန်းကန်ခွင့်ရခဲ့ကြပါတယ်။ ကျွန်တော်တို့ ဗမာပြည်က မွစ်ဆလင်မ်လူငယ်တွေအဖို့ ရုန်းကန်ခွင့် မရခဲ့ကြပါဘူး။ ဟုတ်ကဲ့…ရုန်းကန်ခွင့်မရခဲ့ကြပါဘူး။ ဒါပေမဲ့ အဲ့ဒါဟာ အတိတ်ကကိစ္စဖြစ်သွားခဲ့ပါပြီ။ အခု ပစ္စုပ္ပန်မှာတော့ ကျွန်တော်တို့ဟာ ရုန်းကန်ခွင့်ရနေကြပါပြီ။
ဟုတ်ပါတယ်…။ ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်အတွက် ကျွန်တော်တို့ရုန်းကန်ခွင့်ရနေကြပါပြီ။ ဒါပေမဲ့ ဘော့စ်နီးယန်းလူငယ်တွေလို သေနတ်ကိုင်ပြီး ရုန်းကန်ခွင့်မျိုးတော့ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ သံခင်းတမန်ခင်း ထိုးဖောက်မှုနဲ့ နိုင်ငံတကာဥပဒေတွေကိုစွဲကိုင်ပြီး တိုက်ပွဲဝင်တဲ့ တော်လှန်ရေးပါ။ ဒီတော်လှန်ရေးမှာ အသိပညာပြည့်ဝမှုနဲ့ နိုင်ငံတကာ terms တွေကို နားလည်မှုက အခြေခံအုပ်မြစ်ပါ။ ကျွန်တော်တို့ရဲ့တိုက်ပွဲ ကျွန်တော်တို့ရဲ့တော်လှန်ရေး အောင်မြင်ဖို့ -ရဲဘော်လူငယ်… သင်တို့တစ်ဦးချင်းစီရဲ့ ပညာရည်ပြည့်ဝမှုနဲ့ အားကျိုးမာန်တက် ပါဝင်ပေးပါ။

Cengic မိသားစု

လေယာဉ်ကွင်းတွေဖောက်ဖို့အတွက် အဓိကကြီးကြပ်ညွှန်ကြားတာ ကတော့ ဘော့စ်နီးယားထောက်လှမ်းရေးအဖွဲ့ပါပဲ။ နိုင်ငံတကာပတ်ပြီး လက်နက်ရှာတာ၊ အဆက်အသွယ်ရှာတာ၊ ရလာတဲ့ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့အတွက် CIA လိုအဖွဲ့တွေနဲ့ ဆက်သွယ်တာ၊ ညှိနှိုင်းတာတွေကို အဓိကလုပ်ရတာ ဘော့စ်နီးယားထောက်လှမ်းရေးပါ။
ဘော့စ်နီးယားထောက်လှမ်းရေးအဖွဲ့မှာ ဒီလိုကိစ္စတွေအတွက် ကျွမ်းကျင်တဲ့ သူတွေရှိပါတယ်။ အဲဒီထဲကမှ Cengic မိသားစုဟာ လုပ်ရည်ကိုင်ရည်ထက်တဲ့ မိသားစုပါ။ Cengic မိသားစုဟာ သူတော်စင်မိသားစုတော့ မဟုတ်ပါဘူး။ ဥရောပရဲတပ်ဖွဲ့တွေကတော့ သူတို့ကို ဘော့စ်နီးယားမာဖီးယားတွေလို့ သတ်မှတ်ထားကြပါတယ်။ ဒါဆို သူတို့ဟာ အဲသလို လူဆိုးကြီးတွေလား…? ကြည့်ရအောင်။
စစ်မဖြစ်ခင်ကတည်းက Cengic မိသားစုဟာ မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းမှာ လူတွင်ကျယ်တွေဖြစ်နေကြပါပြီ။ ခရိုအေးရှားနဲ့ တူရကီမှာ ကုမ္ပဏီတွေထောင်ထားပြီး စီးပွားလုပ်နေကြသူတွေပါ။Cengic မိသားစုက Hasan Cengic ဟာဆိုရင် Islamic Scholar = အစ္စလာမ်ဘာသာရေးပညာရှင် တယောက်ဖြစ်ပြီး အီရန်မှာလည်း ပညာသင်ဖူး သူမို့ ဆွန်နီရော ရှီအာနဲ့ပါ ဝင်ဆန့်သူပါ။
စစ်စဖြစ်ဖြစ်ချင်းမှာ Cengic မိသားစုဟာ Foca မြို့မှာနေထိုင်နေကြ တာပါ။ ဆာဘ်တွေဟာ မြို့ကို ရုတ်ချည်းဝင်တိုက်တဲ့အခါမှာတော့ Cengic မိသားစုဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့နဲ့ ခုခံကြပါတယ်။ Foca မြို့ကျပြီးးတဲ့နောက်မှာ Visoko မြို့ကို ဆုတ်ခွာပြီး ကာကွယ်ရေးတပ်ဖွဲ့ကာ ဆက်ခုခံပါတယ်။ မြို့ကာကွယ်ရေးအခြေခိုင်လာချိန်မှာတော့ Visoko မြို့နားက တောင်ကြားတစ်ခုမှာ လေယာဉ်ကွင်းဖောက်ပြီး လက်နက်လမ်းကြောင်းစဖွင့်ပါတယ်။ လေယာဉ်ကွင်းဟာ ဆာဘ်အမြောက်တစ်ကမ်းစာမှာရှိပေမယ့်လည်း စွန့်စားပြီးဖောက်ခဲ့ကြပါတယ်။
ဘော့စ်နီးယန်း လက်နက်ကိုင်တွေသာမက အမေရိကန်ဆောက်လုပ်ရေးကုမ္ပဏီကိုပါ ငှားရမ်းပြီးဖောက်တာမို့ လေယာဉ်ကွင်းမှာ C-130 လေယာဉ်တွေပါ ဆင်းသက်နိုင်ပါတယ်။ တကယ်တော့ ဘော့စ်နီးယားဝေဟင်ကို NATO ရဲ့ AWAC ထောက်လှမ်းရေးလေယာဉ်တွေက အဆက်မပြတ်ထောက်လှမ်းနေကြတာပါ။ C-130 လေယာဉ်တွေ Visoko မှာအတက်အဆင်းလုပ်နေတာကို မသိမရှိပါဘူး။ ဒါပေမဲ့ AWACပေါ်မှာ US ဝန်ထမ်းတွေရှိနေချိန်မှ C-130 လေယာဉ်တွေဟာ ဘော့စ်နီးယား လေပိုင်နက်ထဲကို ဝင်ထွက်ဆင်းတက် လုပ်ကြပါသတဲ့။
ဒီလိုမျိုးလုပ်တာဟာ ၁၉၉၃ ကနေ ၁၉၉၅ စစ်ပွဲပြီးသည်အထိ သုံးနှစ် သုံးမိုးလုံးလုံး အချိန်ကိုက်လုပ်ခဲ့ကြတာပါ။ ငွေပေးလာဘ်ထိုးရုံသပ်သပ်နဲ့ ဒီလောက်ကြီးလုပ်လို့ရစရာမရှိပါဘူး။ နောက်ကွယ်မှာ နိုင်ငံရေးအရ မီးစိမ်းပြထားတာတွေရှိကိုရှိနေလို့ပါ။ Cengic ဘာတွေလုပ်ခဲ့သလဲဆိုတော့ . . . ၁၉၉၃ နှစ်လည်မှာ လစ်ဗျားက လက်နက်ခဲယမ်း တန် ၁၂၀ ကို သယ်လာနိုင်ခဲ့ပါတယ်။ နိုင်ငံတကာက မွစ်ဆလင်မ် NGO တွေနဲ့ပေါင်းပြီးလည်း လက်နက် ဝယ်ပါတယ်။ ထင်ရှားတဲ့ မွစ်ဆလင်မ် NGO အဖွဲ့တစ်ခုကြားခံနဲ့ လက်နက်ဖိုးတင် ဒေါ်လာသန်း ၃၅၀ ဖိုး ဝယ်နိုင်ခဲ့ပါတယ်။ (ဒီအဖွဲ့ရဲ့ နာမည်ကို ထည့်ရေးရင်မကောင်းလို့ ကျွန်တော်သေချာ ချန်ရေးထားတာပါ။ စိတ်ဝင်စားသူတွေကိုယ့်ဖာသာ ရှာဖွေကြပါ။)
ဘော့စ်နီးယားမှာ တာဝန်လာထမ်းဆောင်တဲ့ UN တပ်တွေဆီကလည်း ဝယ်ပါတယ်။ UN တပ်တွေဆီကနေ လက်နက်ငယ်တွေ အဓိကထားဝယ်ပြီး ဒေါ်လာ ၁၅ သန်းဖိုးရှိပါတယ်။ တချို့မွစ်ဆလင်မ်နိုင်ငံက UN တပ်တွေကလည်း လိုလိုချင်ချင်နဲ့ အလာကားပေးကြတာ တွေလည်းရှိပါတယ်။ ဥပမာ-မော်လ်တာက UN တပ်ရင်းဆိုရင် စိန်ပြောင်းလေးလက် ပဲပါပေမယ့် စိန်ပြောင်းကျည် အလုံး ၄ ထောင်ယူလာတာမျိုးပါ။ ဘော့စ်နီးယားကိုရောက်တော့ အဲ့ဒီကျည်တွေကို ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေလက်ထဲ ထည့်ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် UN တပ်ရင်းဆိုရင် ဘော့စ်နီးယားကို လာခါနီး တပ်ရင်းလေ့ကျင့်ရေး အရန်ကျည်တွေအကုန်လုံးကို ယူလာပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ် တွေလက်ထဲကို ထည့်ပေးလိုက်တာပါ။ မလေး UN တပ်ကဆိုရင် တင့်ဖျက်ဒုံးတွေ ယူလာပေးတာမျိုးပါ။ Cengic တွေဟာ ဘယ်လောက်ထိ အရောင်းအဝယ်တော်လဲဆိုရင် ဆာဘ်တွေလက်ထဲက ခဲယမ်းတွေကိုပါ ဝယ်ယူခဲ့သည်အထိပါ။ စီးပွားရေး ပိတ်ဆို့ခံထားရလို့ ချွတ်ခြုံကျနေတဲ့ ဆားဘီးယားနိုင်ငံအတွင်းက ဆာဘ်စစ်သားတွေဟာလစာ မလောက်မငဖြစ်နေကြတာမို့ ငွေဆိုဘယ်ကရရ ယူမယ်ဆိုတာလည်း ရှိသေးတာကိုးဗျ။

———————

Cengic ဆိုတာ ဘော့စ်နီးယန်းတွေထဲမှာ အလုပ်လုပ်ခဲ့ကြသူတွေထဲက တစ်စုပါပဲ။ သူတို့လို အလုပ်လုပ်ကြတဲ့ တခြားသူတွေလည်း အများကြီးရှိပါ သေးတယ်။ ကျွန်တော်က ဥပမာအနေနဲ့ Cengic ကို ဆွဲထုတ်ပြီးရေးလိုက်တာပါ။
Hasan Cengic ဟာ ပွဲပြီးတော့ ဒုတိယကာကွယ်ရေးဝန်ကြီးရာထူးရ ပါတယ်။ ဒါပေမဲ့ အီရန်နဲ့ နီးစပ်ခဲ့မှုအပေါ် US က မလိုလားတော့ သူဟာ ကာကွယ် ရေးရာထူးကနေ ဖယ်ပေးခဲ့ရပြီး သိပ်အရေးမပါတဲ့နေရာကို အရွှေ့ခံရပါတယ်။ သူ့အနေနဲ့ ဘာမှ စောဒကမတက်ခဲ့ပါဘူး။ တော်လှန်ရေးတုန်းက ငါကဘာကြီးမို့ဆိုတဲ့အချက်နဲ့ မာနမကြီးခဲ့ပါဘူး။ ဘော့စ်နီးယား လူ့အဖွဲ့အစည်းအတွက် သူ့ ပုဂ္ဂိုလ်ရေးခံစားချက်ကို မျိုသိပ်ခဲ့သူပါ။
Hasan Cengic ဟာ “မွစ်ဆလင်မ်သွေးကို မွစ်ဆလင်မ်မဟုတ်သူ မသွင်းသင့်၊ မွစ်ဆလင်မ်မဟုတ်သူရဲ့သွေးကိုလည်း မွစ်ဆလင်မ်တယောက်ကို မသွင်းသင့်လို့” ခပ်ကြောင်ကြောင် ဘာသာရေးခံယူချက်မျိုးရှိတဲ့သူပါ။ဒါပေမဲ့ အရေးအကြောင်းပေါ်လာတော့ အမေရိကန်နဲ့ရော ရှီအာရော ဆွန်နီရော ကတ်သလစ်ခရစ်ယာန်နဲ့ရော နောက်ဆုံး ဆာဘ်နဲ့ပါပေါင်းပြီး အလုပ် လုပ်ခဲ့သူပါ။ အားရင် မုတ်ဆိတ်၊ ဂရာနာ၊ သဘ်လိဂ်၊ ရှီအာ၊ ဆွန်နီ ဘာညာ ဖောင်းထုနေကြသူတွေ နဲနဲလောက်တော့ ပညာယူနိုင်ကြစေဖို့ Cengic အကြောင်း တကူးတက ထည့်ရေးတာပါ။

နိုင်ငံရေးဒီရေ အီ မနေစေဖို့

ဘော့စ်နီးယားမွစ်ဆလင်မ်တွေလက်ထဲကို လက်နက်ခဲယမ်းတချို့ ရောက်လာပါပြီ။ ဒါပေမဲ့ အမြဲတမ်း ချောချောမွေ့မွေ့ ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဥပမာ-ရေကြောင်းကနေ အရဲစွန့်ဝင်လာတဲ့ ပါကစ္စတန်ကုန်တင် သင်္ဘောတွေဆိုရင် US ရေတပ်က တားဆီးတာပါပဲ။
နောက်ပြီး ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေလက်ထဲကို ရောက်လာတဲ့ လက်နက်တွေဟာ အပေါ့စား ခြေလျင်တပ်သုံးလက်နက်တွေပဲဖြစ်နေသေးတာ ပါ။ ဥပမာ-မွစ်ဆလင်မ်တွေလက်ထဲမှာ ဆာဘ်တွေလို တင့်ကားအကြီးစားတွေ မရှိဘဲ အဲဒီတင့်ကားကိုဖျက်တဲ့ တင့်ဖျက်ဒုံးပဲရှိတာပါ။ ခံစစ်သုံးလက်နက်မျိုးပဲ မွစ်ဆလင်မ်တွေဆီမှာရှိတဲ့သဘောပါ။ ဒီအချိန်မှာ ဆာဘ်တွေဟာ ဘော့စ်နီးယားအရှေ့ဘက်နယ်စပ်တ လျှောက်လုံးကို ထိန်းချုပ်ထားနိုင်ပြီး ဗဟိုဆားဘီးယားဆီကနေ လက်နက်၊ ခဲယမ်း၊ လောင်စာ၊ လူအင်အားအထိ တံခါးမရှိဓါးမရှိ အခမဲ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ရနေပါတယ်။ နေ့စဉ် ဆားဘီးယားနိုင်ငံထဲကနေ လောင်စာသယ်ကား ၂ စင်း၊ စစ်သားအပြည့်တင်ဆောင်ထားတဲ့ truck ကား ၂ စင်း၊ ခဲယမ်းအပြည့်တင်ထားတဲ့ truck ကား ၂ စင်းတို့ဟာ တင့်ကား ၂ စင်း အစောင့်လိုက်ပါလျက် ဘော့စ်နီးယား နိုင်ငံထဲကို ထောက်ပံ့ရေးလာလုပ်နေကြပါတယ်။ နေ့စဉ်လာလုပ်တာပါ။ သူတို့ကို ဘယ်သူကမှ မတားဆီးနိုင်ပါဘူး။ ဒါကြောင့် မွစ်ဆလင်မ်နိုင်ငံတွေရဲ့ ဘော့စ်နီးယန်းတွေကို လျှို့ဝှက်ထောက်ပံ့တဲ့လုပ်ငန်းဟာ ဆာဘ်တွေရဲ့ မျက်နှာပြောင်တိုက် ထောက်ပို့လုပ်ငန်းနဲ့ယှဉ်ရင် စာမဖွဲ့လောက်သေးပါဘူး။ ခုချိန်ထိကတော့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည်အထိပဲ အင်အားရှိပါသေးတယ်။ UN က ချမှတ်ထားတဲ့ လက်နက်ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်မှသာလျှင် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေကို အနိုင်ရသည်အထိ ရင်ဆိုင်လာနိုင်မှာပါ။ UN ရဲ့ဆုံးဖြတ်ချက်ကို အဓိကကူညီ အကောင်အထည်ဖော်ပေး နေတာက အမေရိကန်အစိုးရကိုယ်တိုင်ဖြစ်နေပါတယ်။ ဒီအခြေအနေကို ပြန်လှန်ဖို့ စွမ်းနိုင်သူဟာ အိမ်ဖြူ တော်မှာတောင်မရှိပဲ US ကွန်ဂရက်နဲ့ ဆီးနိတ်ထဲက ဝါရင့်နိုင်ငံရေးသမားကြီးတွေပဲရှိပါတယ်။ US လွှတ်တော်က ဝါရင့်သဘာရင့် အမတ်ကြီးတွေဟာ ၁၉၉၃ ခုနှစ်မှာတက်လာတဲ့ ကလင်တန်အစိုးရကို ဘော့စ်နီးယားကိစ္စနဲ့ပတ်သတ်လို့ ထိထိရောက်ရောက် ကိုင်တွယ်လိမ့်မယ်လို့ ယူဆထားပါတယ်။
သူတို့ယူဆတဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှုဆိုတာ ဘော့စ်နီးယန်း တွေကို လက်နက်ထောက်ပံ့၊ ဆာဘ်တွေကို ဗုံးကြဲပစ်ဆိုတာမျိုးပါ။ ဒါပေမဲ့ကလင်တန်ဟာ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းက ဘော့စ်နီးယားကိစ္စကို အင်နဲ့အားနဲ့ပြောသလောက် သမ္မတလည်းဖြစ်လာရော လေသံကပျော့လာပါတယ်။ US လွှတ်တော်အမတ်တွေဟာ ကလင်တန်အစိုးရကို လွှတ်တော်ကြားနားပွဲတွေမှာ ခေါ်ပြီး ရေရေလည်လည် ကြပ်ပါတော့တယ်။
၁၉၉၃ မတ်လ မှာ US အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ ကလင်တန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာကို “ဘော့စ်နီးယားမှာ genocide ဖြစ်နေတယ်ဆိုတာကို ခင်ဗျားက သံသယဖြစ်နေတာလား”လို့ ဒဲ့မေးပါတယ်။ ခရစ္စတိုဖာကတော့ “မုဒိန်းမှု၊ လူသတ်မှုတွေ အများကြီးဖြစ်နေ တာဟာ genocide သဘောသက်ရောက်မယ်ဆို သက်ရောက်နေနိုင်ပါတယ်” လို့ဝေ့ဝိုက်ဖြေသွားပါတယ်။
၁၉၉၃ ဧပြီမှာတော့ US အောက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီရဲ့ ကြားနာပွဲမှာလည်း ခရစ္စတိုဖာဟာ သွားရောက်ဖြေကြားရပါတယ်။ ဒီပွဲမှာ ဦးဆောင်စစ်မေးသူကတော့ မက်ကလော့စကီးပါ။ မက်ကလော့စကီးဟာ ခရိုအေးရှားစစ်ပွဲကတည်းက ဆာဘ်တွေရဲ့လုပ်ရပ်ကို ရွံရှာနေသူပါ။ ဘော့စ်နီးယားကိုလည်း အကြိမ်ကြိမ်သွားရောက်ခဲ့သူပါ။ သူကတော့ မေးတာ ပိုပီးဒဲ့ကျပါတယ်။ “ဘော့စ်နီးယားမှာ ဖြစ်နေတာ genocide ဟုတ် မဟုတ် Yes or No ပဲ ဖြေပါ။ ဝေ့ဝိုက်ပြီး လျှောက်မပြောပါနဲ့” လို့ မေးတာပါ။ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာကတော့ ထုံးစံအတိုင်းဝေ့ဝိုက်ပြီး ဖြေပါတယ်။
ဒီလို အမေးအဖြေတွေကြောင့် မက်ကလော့စကီးနဲ့ ခရစ္စတိုဖာတို့ဟာနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်မျက်မုန်းကျိုးသည်အထိကို ဖြစ်ကုန်ပါတယ်။ ကလင်တန်အစိုးရအပေါ် ထုချက်တွေက ဒီလောက်နဲ့ ရပ်မသွားသေး ပါဘူး။

ထုဟယ် နှက်ဟယ် တွန်းဟယ်

ကလင်တန်အစိုးရအဖွဲ့ကိုထုတဲ့ နောက်ထပ်ထုချက်တစ်ခုဟာ US နိုင်ငံခြားရေး ဝန်ကြီးဌာနထဲကပဲ ထွက်ပေါ်လာပါတယ်။ လွှတ်တော် ကြားနာပွဲတွေမှာ ဝန်ကြီးက ဆင်ဝှေ့ရန်ရှောင် ဖြေသွားတာတွေကိုကြည့်ပြီး စိတ်လေကုန်တဲ့ နိုင်ငံခြားရေးအရာရှိတွေဟာ “ခေါင်းရှောင် နေတာကို ရပ်ဖို့” အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြပါတယ်။ ဒီအစီရင်ခံစာကို ဥရောပရေးရာ နိုင်ငံခြားရေးအရာရှိတော်တော်များများက ထောက်ခံလက်မှတ် ရေးထိုးပြီးတင်ခဲ့ကြတာပါ။ လွှတ်တော်ထဲမှာလည်း ဆက်လက် လှုပ်ရှားနေသူတွေ ရှိပါသေးတယ်။
အထက်လွှတ်တော်အမတ် ဂျိုးဇက်ဘိုင်ဒန်က “ဥရောပနဲ့ အမေရိကန် အစိုးရ ခေါင်းဆောင်တွေလား။ စည်းလုံးညီညွတ်စွာနဲ့ အတူတ ကွ ပူးပေါင်းဆောင်ရွက် ချင်ယောင်ဆောင်ပြီး အတူတကွ စုပေါင်းခေါင်းရှောင်နေကြတာပါဗျာ” လို့ ဒဲ့ကစ် ပါတယ်။ ဒီနောက်မှာတော့ ဘိုင်ဒန်ဟာ အထက်လွှတ်တော်အမတ် ဒိုးလ်နဲ့ ပေါင်းပြီး လက်နက်ပိတ်ဆို့မှု ပယ်ဖျက်ရေးအဆိုအတွက် လွှတ်တော်တွင်းမှာ တိုက်ပွဲဝင်
ပါတော့တယ်။
ကလင်တန်အစိုးရအနေနဲ့ ယောင်ဝါးဝါး လုပ်လို့မရတော့ပါဘူး။ လက်ဆုပ်လက်ကိုင် တစ်ခုခုလုပ်ပြဖို့လိုလာပါပြီ။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ ကို ထိပ်တန်းခရီးစဉ်အဖြစ် ဥရောပကို စေလွှတ်ပါတယ်။ အဲဒီခရီးစဉ်နဲ့အတူ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအပေါ် လက်နက် ပိတ်ဆို့ထားမှု ပယ်ဖျက်ရေးနဲ့ ဆာဘ်တွေကိုဗုံးကြဲဖို့ သတင်းစကားကိုပါ ပါးလိုက် ပါတယ်။ ဒါပေမဲ့ ဥရောပက နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာတော့ လက်နက်ပိတ်ဆို့တာကို ဖွင့်ပေးလိုက်ရင် စစ်ရှိန်ပိုမြင့်လာမယ်။ ဗုံးကြဲလိုက်ရင် ဆာဘ်တွေကို သွားဆွသလိုဖြစ်ပြ၊ီး စစ်ရှိန်ပိုမြင့်လာမယ်။ စစ်ရှိန်မြင့်လေ ကျုပ်တို့နိုင်ငံတွေဘက်ကို ဒုက္ခသည်တွေ ပိုထွက်လာလေ ဖြစ်လိမ့်မယ်ဆိုတဲ့ စကားတွေ ကိုပဲကြားခဲ့ရပါတယ်။ ကလင်တန်အစိုးရအဖွဲ့ကတော့ ဒါမျိုးစကားတွေကို တအားကြိုက်တာပေါ့ဗျာ။ ဒါဆို ဗုံးမကြဲတော့ဘူး။ ဘော့စ်နီးယားနိုင်ငံထဲမှာ UN Safe Zones တွေသတ်မှတ်ပေးလိုက်မယ်။ အဲဒီလိုဆို ဒုက္ခသည်တွေကို ဘော့စ်နီးယားနိုင်ငံ ထဲမှာပဲ ထိန်းပြီးသားဖြစ်သွားမယ်။ ကျုပ်တို့လည်း တစ်ခုခု ကောင်းရာမွန်ရာ လုပ်ပေးတဲ့ အမြင်မျိုးရမယ်။ ဒါက ကလင်တန်အစိုးရရဲ့ တွက်ချက်လုပ်ကိုင်မှု တစ်ခုပါပဲ။
ပြတ်ပြတ်သားသား ဗုံးကြဲရယ့်အနေအထားကနေ Safe Zone လောက် လုပ်ပေးတဲ့အခြေအနေကို ရောက်သွားပါတယ်။ ၁၉၉၃ မေလမှာ ဘော့စ်နီးယား မှာ UN Safe Zones ၆ ခုကိုသတ်မှတ်လိုက်ပါတယ်။ အဲဒီ ၆ ခုကတော့
၁။ ဆရက်ဘရက်နီဆာ
၂။ ဇပ်ပါ
၃။ တူဇ်လာ
၎။ ဘီဟက်
၅။ ဆာရာယေဗို
၆။ ဂိုရာဇ်
တို့ဖြစ်ပါတယ်။

Safe Zones

Safe Zone တွေကို ထိန်းသိမ်းဖို့အတွက် UN ခြေလျင်တပ်တွေကို နေရာယူစေပြီး Safe Zone ကို တိုက်ခိုက်မယ့်ရန်သူတွေကို ချက်ချင်းတုံ့ပြန်နိုင်အောင် NATO လေတပ်ကိုပါ အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ NATO လေတပ်ကို အသုံးပြုဖို့ သော့ ၂ ချက်ကိုဖွင့်ရပါမယ်။ ပထမသော့ကတော့ UN အရပ်သားအရာရှိ ယာဆူရှီအာ့ခါရှီ ဖြစ်ပါတယ်။ သူက ခွင့်ပြုရင်တော့ ဒုတိယသော့ချက်ဖြစ်တဲ့ NATO ဗိုလ်ချုပ်တွေရဲ့ ခွင့်ပြုမိန့်ကို ယူရပါတယ်။ ပြီးရင်တော့ safe zone ကိုလာတိုက်တဲ့ရန်သူကို ဗုံးကြဲနိုင်ပါပြီ။
၁၉၉၂ နှစ်မှာ ဘော့စ်နီးယားအရှေ့ပိုင်းက ဆရက်ဘရက်နီဆာမြို့ကို မွစ်ဆလင်မ်တပ်တွေက တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းနိုင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ ခိုလှုံရာဖြစ်နေတာပါ။ ၁၉၉၃ ခုနှစ်မှာ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်က ဆရက်ဘရက်နီဆာကိုပြန်သိမ်းခါနီးဆဲဆဲမှာပဲ UN က Safe Zone အဖြစ်ကြေငြာလိုက်ပါတယ်။ ဆာဘ် ဗိုလ်ချုပ်ဟာ ပါးစပ်နားရောက်ခါမှ ပုတ်ချခံလိုက်ရလို့ ရေရေလည်လည်ကို ဒေါခီးပြီးဆရက်ဘရက်နီဆာကို ဝိုင်းရံပိတ်ဆို့ထားလိုက်ပါတယ်။ ဝင်တော့မတိုက်ရဲပါဘူး။ ကလင်တန် အစိုးရကတော့ တို့လုပ်ပေးလို့ လူ့အသတ်တွေ အများကြီး ကယ်နိုင်တာဆိုတဲ့ပုံစံ ပြောဆိုပါတယ်။ US လွှတ်တော်အမတ်တွေကတော့ ဒီလို အောက်ကြေးလောက်နဲ့ အလုပ်လုပ်တာမျိုးကို မလိုလားပါဘူး။ မလာဒစ်ကို မြို့ကိုပိတ်ဆို့ခွင့် ဘာလို့ပေးတာလဲ။ ခုချက်ချင်းကို ဗုံးကြဲပစ်ကွာ ဆိုတာမျိုးပါ။ US လွှတ်တော်အမတ်တွေထဲက မက်ကလော့စကီးနဲ့ ဒိုးလ်တို့ကို US အစိုးရအဖွဲ့က “ဗုံးကြဲချင်ကြသူကြီးများ” လို့ ခနဲ့တဲ့တဲ့ ခေါ်လေ့ရှိပါတယ်။ ဟိုပုဂ္ဂိုလ်ကြီးတွေကတော့ ခနဲ့ရုံမကလို့ ဘာနဲ့ပဲထိုးနှက်ထိုးနှက် သူတို့ခံယူချက်နဲ့ ကြိုးပမ်းမှုတွေကို တစ်စက်မှ မလျှော့ပါဘူး။

မက်ကလော့စကီး၏ စီးချင်းထိုးပွဲများ
လွှတ်တော်ကြားနာပွဲတွေမှာ မက်ကလော့စကီးဟာ နိုင်ငံခြားရေးဝန်ကြီးခရစ္စတိုဖာကို ရသမျှ ခေါ်ကြိတ်နေပါတယ်။ ဒီလို ခေါ်ကြိတ်နိုင်အောင်လည်း မက်ကလော့စီးဟာ ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် ခရီးသွားလျက် အချက် အလက်သစ်တွေ ယူလာလေ့ရှိပါတယ်။ မက်ကလော့စကီး – ခင်ဗျားတို့ အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် ဒီတစ်ပတ်ဘော့စ်နီးယားမှာ လူဘယ်လောက်ထပ်သေပြန်ပြီ။ အဲဒါ genocide ဟုတ်မဟုတ် yes or no ဖြေပါ။
ခရစ္စတိုဖာ – ခင်ဗျားက ကျွန်တော့်ကို ဥပဒေပညာရှင်တွေဆုံးဖြတ်ရမယ့် ပညာရပ်ပိုင်းဆိုင်ရာကိစ္စကို ဝင်ဆုံးဖြတ်ခိုင်းနေတာလား။ အဲသလို တင်းမာတဲ့ အမေးအဖြေတွေဟာ မက်ကလော့စကီးရဲ့စီးချင်းထိုးပွဲတွေကနေ ထွက်ပေါ်နေပါတယ်။ မက်ကလော့စကီးရဲ့ စီးချင်းထိုးပွဲတွေဟာ လွှတ်တော်ထဲမှာတင်ရပ်မနေပါဘူး။ ဘော့စ်နီးယားကို အိမ်ဦးနဲ့ကြမ်းပြင် သွားနေရတဲ့ မက်ကလော့စကီး ဟာသူ့မဲဆန္ဒနယ်ကိုတောင် လှည့်မကြည့်မိတဲ့အဖြစ်ကို ရောက်နေပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲမန်နေဂျာက ဒီကိစ္စကို သတိပေးစကားပြောတော့ မက်ကလော့စကီးက“လူသားသိန်းနဲ့ချီ သတ်ဖြတ်ခံနေရတဲ့ကိစ္စက ရွေးကောက်ပွဲထက် ပိုအရေးကြီး တယ်ကွ” လို့ပြန်ဖြေပါသတဲ့။ မက်ကလော့စကီးရဲ့ ပြိုင်ဘက်ကတော့ ဒီအချက်ကိုအသုံးချထိုးနှက်ပြီး မဲဆွယ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲမှာ မက်ကလော့စကီး ရှုံးနိမ့်သွားပါတယ်။ မက်ကလော့စကီး အမတ်ဘဝက ပြုတ်ပါပြီ။ သူစိတ်ဓါတ်ကျသွားပြီလား။ No ပါ။ မက်ကလော့စကီးရဲ့ တုန့်ပြန်မှုကတော့ “သန်းချီတဲ့လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို့လုပ်ရာမှာ အမတ်နေရာကပြုတ်ပေးရလဲ တန်ပါတယ်” ဆိုတာမျိုးပါ။ မက်ကလော့စကီးရဲ့ စွန်လွှတ်အနစ်နာခံပြီးတိုက်ခဲ့တဲ့ စီးချင်းထိုးပွဲ တွေပါ။

တွဲလက်ကယ်ညီ ရုန်းကြသည်

US အစိုးရအဖွဲ့ကို ဖိအားပေးရာမှာ ထိထိရောက်ရောက် လှုပ်ရှားခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ကို ချန်ထားလို့ မရပါဘူး။ အဲဒီအဖွဲ့အစည်းတွေကတော့ အမေရိကန်ရောက် ဂျူးအဖွဲ့အစည်းတွေနဲ့ မွစ်ဆလင်မ်အဖွဲ့အစည်းတွေပါ။ အစ္စရေး-ပါလက်စတိုင်းပြဿနာကို နောက်မှာပို့ထားပြီး လောလောလတ်လတ် သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ဘော့စ်နီးယားဂျင်နိုဆိုဒ်ကိုဖြေရှင်းဖို့ ဂျူး နဲ့မွစ်ဆလင်မ်တွေဟာ လက်တွဲညီခဲ့ကြပါတယ်။
အီမာမ်မူဂျာဟစ်ဦးဆောင်တဲ့ အမေရိကန်မွစ်ဆလင်မ်အဖွဲ့ဟာ Bosnia Task Force ကိုဖွဲ့စည်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခြင်းနဲ့ US လွှတ်တော်တွင်းထိုးဖောက်မှုတွေကို လုပ်ခဲ့ကြပါတယ်။ အိမ်ဖြူတော်ကို တိုက်ရိုက်ထိတဲ့ (kick) ကစ်ချက်တွေကတော့ ဂျူးအဖွဲ့အစည်းတွေကနေ ထွက်ပေါ်လာတာပါ။ ၁၉၉၃ ဧပြီမှာ ဟိုလိုကော့စ် အထိမ်းအမှတ် ပြတိုက်ဖွင့်ပွဲကို သမ္မတကလင်တန်ကိုယ်တိုင် တက်ရောက်ဖွင့်ပေးပါတယ်။
အဲဒီဖွင့်ပွဲမှာ အမေရိကန်ရောက် ဂျူးခေါင်းဆောင် ဝှိုင်ဇဲလ်က သမ္မတကို ရှေ့တည့်တည့်ထားပြီး စင်ပေါ်ကနေ စကားပြောပါတယ် “သမ္မတကြီးခင်ဗျား။ ကျွန်တော် မပြောဘဲနေလို့မရပါဘူး။ ကျွန်တော် ယူဂိုဆလားဗီးယားကို ရောက်ခဲ့ ပါတယ်။ နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ ထပ်တူကျတဲ့ ဒီသွေးချောင်းစီးနေမှုကို ရပ်တန့်အောင် တစ်ခုခု လုပ်ကိုလုပ်ရပါမယ်” ဝှိုင်ဇဲလ်ဟာ အော့ခ်ျဝစ်ဇ်စခန်းကနေ မသေရုံတမယ်ဘဝနဲ့ လွတ်မြောက်လာခဲ့သူပါ။ သူဟာ ဆာဘ်တွေရဲ့လုပ်ရပ်နဲ့ နာဇီဟိုလိုကော့စ်ကို နှိုင်းယှဉ်ပြော ရင်း သမ္မတရှေ့မှာတောင် လက်သီးတွေဆုပ်မိလျက် တဆတ်ဆတ် တုန်နေပါ တော့တယ်။
လွှတ်တော်တွင်းက ဖိအား၊ မီဒီယာရဲ့တွန်းအား၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကစ်ချက်တွေနဲ့ ကလင်တန်အစိုးရဟာ ရစရာကိုမရှိတော့ပါဘူး။ အရင်ကလို ဥရောပပြဿနာပဲ။ တို့က ကူညီရုံပဲတတ်နိုင်တယ်လို့ ပြောလို့မရ တော့ပါဘူး။ ဒီမှာတင် US အစိုးရကိုယ်တိုင်ဦးဆောင်ပြီး ဘော့စ်နီးယားစစ်ပွဲကို ရပ်တန့်ဖို့ အားထုတ်ရပါတော့တယ်။ US အစိုးရဟာ လော့ဒ်အိုဝင်ကို ကိုယ်စားလှယ်အဖြစ်စေလွှတ်ပါတယ်။ ဒီတစ်ပွဲမှာတော့ ကာရာဒစ်ဇ်လောက်နဲ့ မတွေ့တော့ဘဲကာရာဒစ်ဇ်ရဲ့ဆရာ မီလိုဆီဗစ်ဆီကို လွှတ်လိုက်ပါတယ်။ လော့ဒ်အိုဝင်နဲ့အတူ လက်နက်တစ်ခုလည်း ထည့်ပေးလိုက်ပါတယ်။
စစ်ပွဲရပ်ဆိုင်းရေး plan ကိုလက်မခံရင် ဆားဘီးယားအပါအဝင်ဆာဘ် တွေအားလုံးကို ဒီထက်တင်းကြပ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်မယ်ဆိုတဲ့လက်နက်ပါ။ မီလိုဆီဗစ်အနေနဲ့ စစ်ရပ်ဆဲရေး plan ကိုလက်ခံဖို့ သူ့လူတွေကို ချက်ပြရပါတယ်။
ဒါ့ကြောင့် US အစိုးရရဲ့ ဗန့်စ်-အိုဝင် Plan လို့လူသိများတဲ့ စစ်ရပ်ဆဲရေး အစီအစဉ်ကို ကာရာဒစ်ဇ်ကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီ plan အရ
– ဘော့စ်နီးယားနိုင်ငံကို ခွဲထုတ်ခွင့်မရှိပါဘူး။
– US အပါအဝင်နိုင်ငံတကာက ဘော့စ်နီယားနိုင်ငံအတွင်းကဆာဘ် နယ်မြေတည်ရှိမှုကိုတော့ အသိအမှတ်ပြုမှာပါ။
– ဆာဘ်တွေဟာ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ကိုတော့ လက်လွှတ်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလို လက်မှတ်ရေးထိုးတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့သူကတော့ ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်ပါ။ နယ်မြေတချို့ စွန့်လွှတ်ရမယ့်အချက်ကို မလာဒစ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့တပ်တွေကို နောက်ဆုတ်မပေးနိုင်ကြောင်း တင်းခံပြပါတယ်။ မလာဒစ်ကို ကာရာဒစ်ဇ်ရော မီလိုဆီဗစ်ပါ မနိုင်တော့ပါဘူး။ မီလိုဆီဗစ် ကိုယ်မွေးတဲ့မျောက် ကိုယ်မနိုင်တဲ့အနေအထားရောက်သွားပါတယ်။ ဗန့်စ်-အိုဝင် Plan လည်းပျက်သွားပြီး စစ်ပွဲဟာလည်း ဆက်ဖြစ်နေပါတော့တယ်။ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ယန္တယားဟာလည်း ဆက်လက်လည်ပတ်နေဆဲပါ။

ရာဇဝတ်မှုစီရင်ရေး
နိုင်ငံရေးအရ တိုးတက်မှုဟာ တအိအိနဲ့ ရှေ့တိုးနေသလို ရာဇဝတ်ကောင်များကို တရားစီရင်ရေးဟာလည်း တစ်လှမ်းချင်း ရှေ့တိုးလာEိုင်ခဲ့ပါတယ်။ ၁၉၉၃ဖေဖော်ဝါရီမှာ ယူဂိုဆလားဗီးယားမှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သတ်ပြီး ကျူးလွန်သူများကို အရေးယူရမယ်ဆိုတဲ့ UN ရဲ့ resolution ထွက်လာပါတယ်။ ဒီ Resolution ကို အကောင်အထည်ဖော်ဖို့ ၁၉၉၃ မေလမှာ (International Criminal Tribunal for Former Yugoslavia) ယူဂိုဆလားဗီးယား ပြည်ထောင်စုဝင်နိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ဖွဲ့စည်းလိုက်ပါတယ်။

ရန်သူ့မျက်နှာတည့်တည့်ကြည့်ပြီး

၁၉၉၃ ခုနှစ်မှာလည်း ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ယန္တယားဟာ ဆက်လက် လည်ပတ်နေဆဲပါပဲ။ ဒါပေမဲ့ ၁၉၉၂ လောက်တော့ အရှိန်မကောင်းတော့ပါ့ဘူး။ ၁၉၉၂ ခုနှစ်အတွင်း ဆာဘ်တွေလက်ချက်နဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်
၁ သိန်းနီးပါး အသက်ပျောက်ခဲ့ရသော်လည်း ၁၉၉၃ ခုနှစ်မှာတော့ သေဆုံးရသူဟာ သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို သတ်မှတ်ရာမှာ သတ်ဖြတ်ခံရသူ အရေအတွက်အရ သတ်မှတ်တာမဟုတ်သလို လူတွေသေနေတာကို တိရစ္ဆာန်တွေကုန်ပစ္စည်းတွေသဖွယ် သောင်းဂဏန်း၊ သိန်းဂဏန်း စသဖြင့် ပြောဆိုနေရတာ ကိုက လွန်လှပါပြီ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တားဆီးဖို့ ဒီထက်အားထုတ်ကြိုးပမ်းဖို့လိုအပ်နေပါပြီ။
ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကတော့ သူတို့မှာရှိတဲ့ အားအင်ကို အစွမ်းကုန်ထုတ်သုံးလျက် ရုန်းကန်ခဲ့ပါတယ်။ ဒီလို ရုန်းကန်မှုကြောင့်ပဲ ၁၉၉၃ နှစ်ကုန်မှာ လူအင်အား ၁ သိန်းနီးပါးရှိတဲ့ ဘော့စ်နီးယားမွစ်ဆလင်မ်တပ်မတော် ပေါ်ပေါက်လာခဲ့ပါပြီ။
အပေါ့စားခြေလျင်လက်နက်တွေပဲ တပ်ဆင်ထားပေမဲ့ ဘော့စ်နီးယား မွစ်ဆလင်မ်တပ်မတော်ဟာ ဆာဘ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နေနိုင်ရုံမက တစ်ခါတရံ ခံစစ်လိုင်းတွေကို တိတ်တဆိတ်ဖြတ်ကျော်ကာ ဆာဘ်တွေရဲ့ နောက်တန်းကစခန်းတွေကို ဝင်တိုက်တာ၊ ထောက်ပို့လမ်းကြောင်းတွေကို ခြုံခိုတာတွေအထိ လုပ်နိုင်လာခဲ့ပါတယ်။ ဒီလိုအနေအထားကို ရောက်ဖို့က လွယ်လွယ်ကူကူနဲ့ ဖြစ်လာခဲ့တာ တော့မဟုတ်ပါဘူး။ ၁၉၉၃ နှစ်စပိုင်းကတည်း ခရိုအတ်တွေနဲ့ တိုက်နေရတဲ့ စစ်မျက်နှာကလည်း ရှိပါသေးတယ်။ ခရိုအတ်နဲ့စစ်ပွဲအစပိုင်းမှာဆိုရင် မွစ်ဆလင်မ်စစ်သား ထောင်ဂဏန်းလောက် ရုတ်တရက် ဖမ်းဆီးခံရပြီး ခရိုအတ်အကျဉ်းစခန်းတွေမှာ နှိပ်စက်ခံရပါတယ်။
(တလောက ICC မှာ အဆိပ်သောက်သတ်သေသွားတဲ့ ခရိုအတ် စစ်ဗိုလ်ချုပ်ဆိုတာ အဲ့ဒီတုန်းက မွစ်ဆလင်မ်စစ်အကျဉ်းသားတွေကို နှိပ်စက်ခဲ့သူပါ။)


ခရိုအတ်နဲ့တိုက်တဲ့ စစ်မျက်နှာမှာ ဘော့စ်နီးယန်းရော ခရိုအတ်နှစ်ဖက်လုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ အရပ်သားတွေကို အပြန်အလှန် သတ်ဖြတ်တာတွေရှိပါတယ်။ ဒီအတွက် စစ်ပွဲပီးတော့ နှစ်ဖက်လုံးကဆိုင်ရာတပ်မှူး
တွေဟာ နိုင်ငံတကာခုံရုံးတင်ခံရပါတယ်။ ခရိုအတ်တွေဘက်က သတ်ဖြတ်တဲ့ အကြိမ်အရေအတွက်နဲ့ ပမာဏပိုများခဲ့တာတော့ အရှိတရားပါ။
ဘော့စ်နီးယန်းမွစ်ဆ လင်မ်တွေအနေနဲ့ စစ်မျက်နှာ နှစ်ဖက်ဖွင့်တိုက်ရင်းနဲ့ လူအင်အား သိန်းချီတဲ့တပ်မတော်တစ်ခုကို တည်ဆောက်ခဲ့ရတာပါ။ လက်နက်ခဲယမ်းလမ်းကြောင်း တွေကိုလည်း အခိုင်အမာတည် ဆောက်နိုင်ခဲ့ပါပြီ။ မွစ်ဆလင်မ်နိုင်ငံတွေနဲ့ လက်တွဲခိုင်ခိုင်ဆုပ်မိ ထားသလို US လွှတ်တော်နဲ့ အိမ်ဖြူတော်က မိတ်ဆွေအချို့ ရဲ့ ထောက်ခံမှုတွေ အခိုင်အမာရရှိနေပါပြီ။ ၁၉၉၃ နှစ်ဆုံးပိုင်းကိုရောက်တော့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ ဆာဘ်တွေရဲ့ မျက်နှာကိုတည့်တည့်ကြည့်ပြီး “ငါတို့ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကမ္ဘာမြေပြင်ပေါ်ကနေ မပျောက်ကွယ်တော့ဘူးဟေ့” လို့ ရဲရဲရင့်ရင့်ပြောနိုင်တဲ့ အနေအထားကိုရရှိခဲ့ပါပြီ။

Genocide နဲ့ Geopolitics

ဒီလိုနဲ့ အချိန်ဟာ ၁၉၉၃ ကုန်လို့ ၁၉၉၄ ခုနှစ်ကို ရောက်လာခဲ့ပါတယ်။
၁၉၉၂ စစ်ပွဲစတင်တုန်းက ဆာဘ်တွေဟာ နယ်မြေတွေကို တဟုန်ထိုး သိမ်းပိုက် နိုင်သလောက် ၁၉၉၄ မှာတော့ ဆာဘ်တွေရဲ့စစ်ရှိန်ဟာ တန့်သွားခဲ့ပါပြီ။
ဘော့စ်နီးယန်း မွစ်ဆလင်မ်တပ်မတော်ရဲ့ ခုခံမှုတွေဟာလည်း အားကောင်းသည်ထက် အားကောင်းလာပါတယ်။ ဆာဘ်တွေအနေနဲ့ သူတို့ဟာ အထက်စီး က တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ပြသဖို့အတွက် အလွယ်တကူတိုက်ခိုက်လို့ရမယ့်ပစ်မှတ်ကိုရှာနေခဲ့ပါတယ်။
ခက်တာက အဲဒီလိုပစ်မှတ်တွေကို UN က safe zone အဖြစ်စောင့် ရှောက်ကာကွယ်ပေးထားတာပါ။ ဆာဘ်တွေအဖို့ လက်တဆုပ်စာ UN တပ်တွေ ရဲ့ အကာအကွယ်အောက်က safe zone တွေကိုလက်တည့်စမ်းကြည့်ချင်နေပါ တယ်။ ၁၉၉၄ ဖေဖော်ဝါရီမှာ ဆာဘ်တွေဟာ UN safe zone တစ်ခုဖြစ်တဲ့ ဆာရာယေဗိုမြို့ကို အမြောက်နဲ့လှမ်းပစ်ပါတယ်။ လူအများသွားလာနေရာ ဈေးတန်းကို အမြောက်ဆန်ကျပြီး အရပ်သား ၆၈ ယောက်သေသွားပါတယ်။ UN ရဲ့ safe zone ကို ဒဲ့ကြီးအမြောက်နဲ့ပစ်တာဟာ safe zone လုံခြုံရေးတာဝန်ယူထားတဲ့ NATO လေတပ်ကို နားရွက် တံတွေးဆွတ်လိုက်တာမျိုးပါ။
ဒီတခါတော့ သံခင်းတမန်ခင်းစကားလုံးတွေ ထွက်မလာတော့ဘဲ NATO အဖွဲ့ဆီကနေ ရာဇသံထွက်လာပါတယ်။ “ဆာရာယေဗိုမြို့ ပတ်ချာလည်တောင်ကုန်း တွေမှာရှိတဲ့ ဆာဘ်အမြောက်တွေ ၂၄ နာရီအတွင်းဆုတ်ခွာ မဟုတ်ရင် ဗုံးကြဲ ပစ်မယ်” ဆာဘ်ဗိုလ်ချုပ် ရတ်ခိုမလာဒစ်ကတော့ “ငါတို့ဆာဘ်တွေဟာ ရာဇသံကို လက်ခံရိုး မရှိဘူးကွ” လို့ တုန့်ပြန်ပါတယ်။ ဒါပေမဲ့ ဆာဘ်နိုင်ငံရေးသမား တွေကတော့ မော်စကိုမှာ ဒူးထောက်ခစားလျက် တစ်ခုခုတော့ လုပ်ပေးပါဦးလို့ အသနားသွားခံကြပါသတဲ့။
မော်စကိုက ကြေငြာချက်ထွက်လာပါတယ်။ “ဆာရာယေဗိုပတ်ချာ လည်က ဆာဘ်တပ်တွေဆုတ်ခွာပေးပါ။ အဲဒီနေရာတွေမှာ ရုရှားတပ်တွေ UN အလံထောင်ပြီး နေရာယူပေးမယ်။ safe zone ကို စောင့်ရှောက်မယ်” တဲ့ဗျာ။ NATO က တကယ်ဗျင်းတော့မယ်ဆိုတာသိတော့ အချိုဝင်သပ်ပေးတာပေါ့ဗျာ။
ရုရှားရဲ့ ဒီအစဉ်ကို ဗုံးမကြဲချင်တဲ့ ဗြိတိန်ကထောက်ခံခဲ့လို့ US ကလည်း လက်ခံပေးလိုက်ပါတယ်။ ၁၈ လ ကျော်ကျော် အမြောက်ဒဏ်၊ ဝိုင်းရံ ပိတ်ဆို့မှုဒဏ်ကိုခံခဲ့ရတဲ့ ဆာရာယေဗိုမြို့သားတွေဟာ လမ်းပေါ်ကို ပျော်ရွှင်စွာထွက်လာခဲ့ကြပါတယ်။ ဘာပဲပြောပြောစိတ်ထင်တိုင်းအမြောက်နဲ့ထပစ်နေတဲ့အရူးတွေ မရှိတော့ဘူးကိုး။


US ဘက်ကတော့ ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး။ မနေ့တနေ့ကမှ စစ်အေးတိုက်ပွဲမှာရှုံးသွားတဲ့ရုရှားက လူတွင်ကျယ်လာလုပ်နေတာမို့ ဘော့စ်နီးယားကိစ္စကို ပေရှည်မနေတော့ဘဲ ခပ်မြန်မြန်ပွဲဖြတ်ဖို့ စတင်စဉ်းစားလာပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ဗန့်စ်-အိုဝင် Plan ကို ဆာဘ်တွေက ဖျက်လို ဖျက်ဆီးလုပ်ကတည်းက US ဟာ ဆာဘ်တွေနဲ့ညှိမရဘူးဆိုတာကို သဘောပေါက်ခဲ့ပါပြီ။ ဒီပွဲစဉ်ကို အဆုံးသတ်ဖို့ မွစ်ဆလင်မ်တွေဘက်က အသာစီးရလာမှသာ ဖြစ်နိုင်ချေရှိတော့မယ်လို့ တွက်ချက်လာရပါတော့တယ်။
ဒီအတွက် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို အခြားစစ်မျက်နှာတခုနဲ့ ထိုးနှက်နေတဲ့ ခရိုအတ်တွေကို ဖိအားပေးဖို့ရယ်၊ အီရန်-ခရိုအေးရှား-ဘော့စ်နီးယားလက်နက်လမ်းကြောင်းကို ပြန်ဖွင့်ဖို့ရယ်က US အတွက် မဟာဗျူဟာမြောက် အရေးကြီးတဲ့ ကိစ္စဖြစ်လာပါတယ်။ (ဒီလက်နက်လမ်းကြောင်းကို UN Resolutionအရ US တပ်တွေသုံးပြီးပိတ်ဆို့ထားတာပါ။)
ဂျင်နိုဆိုဒ်ရာဇဝတ်မှု တားဆီးရေးဆိုတဲ့ အနေအထားထက်ပိုပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကိစ္စဆိုတဲ့ ပုံစံအထိဖြစ်လာတာပါ။ ဒီလို မဟာဗျူဟာမြောက် ကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ရဲရဲဝံ့ဝံ့နဲ့ လိုအပ်ရင် မိုက်မိုက်ကန်းကန်းပါ အလုပ်လုပ်တတ်တဲ့သူတယောက်ကို US အစိုးရက ဘော်လ်ကန် ဒေသကို စေလွှတ်ထားပါတယ်။ အဲဒီလူကတော့ ခရိုအေးရှားနိုင်ငံဆိုင်ရာ US သံအမတ်ကြီး ပီတာဂါးဘရသ်ပါ။

———————

လက်ရှိကိစ္စမှာလည်း တရုတ်နဲ့ အမေရိကန်ပွဲတည်လေလေ မြန်မာက တရုတ်ဘက်ကပ်လေလေ ကျွန်တော်တို့ကတော့ ပျော်လေလေပါပဲ။

သံအမတ်ကြီး၊ စေ့စပ်ညှိနှိုင်းပေးသူကြီး၊
လက်နက်မှောင်ခိုသမားကြီး
ပြီးတော့ တရားခံကြီး


၁၉၉၄ ခုနှစ် မတ်လဟာ ဂါးဘရသ်အတွက်တော့ အတော်အလုပ် များတဲ့လပါ။ ပထမဆုံး ခရိုအေးရှားသမ္မတ တွဂ်ျမန်ဆီသွားပြီး ဒဲ့ကစ်ဖို့လွှတ်လိုက်တဲ့ US အထူးကိုယ်စားလှယ်အဖွဲ့မှာ ဦးဆောင်ပါဝင်ရပါတယ်။ “ဘော့စ်နီးယားမှာ ဖြစ်နေတဲ့ ခရိုအတ်-ဘော့စ်နီးယားစစ်ပွဲကိုရပ်မလား၊ ဆားဘီးယားလို ခရိုအေးရှား နိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ပစ်ရမလား” လို့ ဂါးဘရသ်က ပြောလာချိန်မှာတော့ ခရိုအေးရှားသမ္မတ တွဂ်ျမန်အနေနဲ့ စစ်ပွဲကိုရပ်ဆိုင်းပေးပါ့မယ်ဆိုတဲ့ ကတိပေးရုံကလွဲလို ဘာမှ အထွန့်မတက်ရဲတော့ပါဘူး။
ဒီလိုနဲ့ ၁၉၉၄ မတ်လမှာ ခရိုအတ်နဲ့ ဘော့စ်နီးယန်းတွေဟာ ဝါရှင်တန် မှာ စစ်ရပ်ဆဲရေးသဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဖို့ မဟာမိတ်ပါဖွဲ့ခဲ့ပါတယ်။ မွစ်ဆလင်မ်တွေအတွက် ရန်မီးနှစ်ဖက် ညှပ်ခံ ရတဲ့အနေအထားကနေ လွတ်မြောက်ခဲ့ပါပြီ။ ဂါးဘရသ်အနေနဲ့ နောက်ထပ်မျက်နှာချင်းဆိုင်တွေ့ရသူကတော့ ဘော်လ်ကန်ဒေသဆိုင်ရာ CIA ညွှန်မှူးပါ။ “ညွှန်မှူး…အီရန်ကနေ လက်နက် ခဲယမ်းတင်လာတဲ့ လေယာဉ်တွေ ခရိုအေးရှားကိုလာလိမ့်မယ်။ အဲဒီကိစ္စ ခင်ဗျား မျက်စိမှိတ်ထားပေးပါ” “ဟာ…ဘယ်လို ! အမေရိကန်သံအမတ်ကြီးက အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်ကို အမေရိကန်အစိုးရရဲ့အမိန့်ကို ချိုးဖောက်ဖို့ လာပြောနေတာပါလား” ဂါးဘရသ် ရူးသွားပြီလား…? ဂါးဘရသ် မရူးပါဘူး။ ညွှန်မှူးကလည်း ဂါးဘရသ်မရူးမှန်းသိပါတယ်။ ဒါကြောင့် ဂါးဘရသ်ပြောတာကို ယတိပြတ်ပယ်မချဘဲ အိမ်ဖြူတော်က ဘာပြော မလဲ တီးခေါက်ကြည့်ဦးမယ်လို့ပြန်ဖြေပါသတဲ့။
ဂါးဘရသ်က “အိမ်ဖြူတော်ကို ကိုယ်တိုက်ရိုက်မေးမယ်” လို့ပြန်ပြောပြီး အီရန်လက်နက်လမ်းကြောင်းဖွင့်ပေးဖို့လိုကြောင်း လျှို့ဝှက်အစီရင်ခံစာကို State Department ကိုတင်လိုက်ပါတယ်။ တကယ်တော့ ဂါးဘရသ်ဟာ state department က သူ့လူတွေနဲ့ စည်းဝါးရိုက်ပြီးသားပါ။ ဒါ့ကြောင့်လဲ အစီရင်ခံစာအတွက် ညွှန်ကြားချက်ပြန်ကျမလာခင်မှာဘဲ ခရိုအေးရှားက လက်နက်ကုန်သည်ကို အီရန်ဆီက လက်နက်ခဲယမ်းအော်ဒါတွေ မှာထားလိုက်တော့လို့ သတင်းပါးထားလိုက်ပါတယ်။ ဧပြီလမှာ State Dapartment ကနေ ညွှန်ကြားချက် ရောက်လာပါတယ်။ ညွှန်ကြားချက်မှာရေးထားတာက အီရန်လက်နက်လမ်းကြောင်းနှင့်ပတ်သတ်၍ လောလောဆယ် no instruction ပါတဲ့။ ညွှန်ကြားချက်ကလည်း “မည်သည့် ညွှန်ကြားချက်မှမရှိပါတဲ့” ဘာကြီးလဲပေါ့…? တကယ်တော့ အီရန်လမ်းကြောင်းနဲ့ပတ်သတ်လို့ လောလောဆယ် ဘာမှမလုပ်နဲ့ မျက်စိမှိတ်ပေးလိုက်လို့ပြောတာပါ။ အဲဒီလောလောဆယ်ဆိုတာဟာလည်း ၁၉၉၅ ပွဲပြီးသည်အထိတည်တဲ့ လောလောဆယ်ပါပဲ။ ဂါးဘရသ်ဟာ အဲဒီမီးစိမ်းပြ ညွှန်ကြားလွှာကို ကိုင်ပြီး ခရိုအေးရှားသမ္မတတွဂ်ျမန်ဆီသွားကာ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ သေချာရှင်းပြလိုက်ပါတယ်။
ဒီလိုနဲ့ ၁၉၉၄ မေလမှာ အီရန်က လက်နက်ခဲယမ်းတန် ၆၀ကို မေတ္တာလက်ဆောင်စပို့ပေးပါတယ်၊ ခရိုအေးရှားတစ်ဝက် ဘော့စ်နီးယား တစ်ဝက် ခွဲယူကြပါတယ်။ ဒီနောက်ပိုင်းမှာလည်း အီရန်ဆီက လက်နက်ခဲယမ်းတွေ ဆက်တိုက် ရောက်လာလိုက်တာ ၁၉၉၄ ကနေ ၁၉၉၅ ပွဲပီးသည်အထိ တန်ချိန် ၅၀၀၀ ကျော်ပါသတဲ့။ ပီတာဂါးဘရသ်ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ဒီကိစ္စ ဒီလောက်အဆင် ပြေသွားတာပါ။ ပီတာဂါးဘရသ်အနေနဲ့ သူ့စွမ်းဆောင်ရည်အတွက် တုန့်ပြန်ချီးမြှင့်ခြင်း ခံရပါတယ်။ အဲဒါကတော့ ဘော့စ်နီးယား ပွဲစဉ်တွေအပြီးမှာ US လွှတ်တော်က ဂါးဘရသ်ကို ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ခေါ်ယူမေးမြန်းတာပါပဲ။ တရားခံကြီး ပီတာဂါးဘရသ်ပေါ့ဗျာ။ သူဟာ နောက်ပိုင်းမှာ US လွှတ်တော်အမတ်ကြီးလည်း ဖြစ်သွားပါ သေးတယ်။ စိတ်ဝင်စားရင် သူ့ဖေ့စ်ဘွခ်ပေ့ခ်ျမှာသွားပြီးဒါတွေ ဟုတ်/မဟုတ် မေးလို့ရပါတယ်။

ဂါးဘရသ်နှင့်အပြိုင်

ပီတာဂါးဘရသ်က အီရန်လက်နက်ခဲယမ်းတွေကိုပို့တဲ့ ခရိုအေးရှားလမ်းကြောင်းကိုဖွင့်နေချိန်မှာ ဂါးဘရသ်နဲ့အပြိုင် တူရကီလမ်းကြောင်းကို ဆက်ချဲ့နေသူကတော့ ရစ်ချက်ဟိုးလ်ဘရွခ်ပါ။ ၁၉၉၄ နှစ်ဦးပိုင်းမှာ ဟိုးလ်ဘရွခ်ရယ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိ US ထောက်လှမ်းရေးအရာရှိရယ်၊ ဘော့စ်နီးယားဝန်ကြီးချုပ် ဆလာဂ်ျရယ် သုံးပွင့်ဆိုင်လျှို့ဝှက်ဆွေးနွေးကြပါတယ်။
အဓိက အကြောင်းအရာကတော့ လက်နက်ပိတ်ဆို့မှုကို ပယ်ဖျက်ဖို့ US လွှတ်တော်တွေမှာ စလုပ်နေပြီဖြစ်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်းတွေ အရ အနည်းဆုံး ၆လ ကြာဦးမှာဖြစ်ကြောင်းနဲ့ တူရကီလမ်းကြောင်းကို ဆက်ချဲ့ဖို့ ပြောကြတာပါ။ ဒီနောက်မှာတော့ တူရကီ အန်ကာရာလေဆိပ်ကနေ တိုက်ရိုက်ပျံတက်လာတဲ့ C-130 လေယာဉ်တွေရဲ့ ဇာတ်လမ်းတွေဖြစ်လာပါတော့တယ်။ ၁၉၉၄ နိုဝင်ဘာမှာတော့ US လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တခုထွက်လာပါတယ်။ ဘော့စ်နီးယန်းတွေဆီပို့တဲ့ လက်နက်တွေကို ကြားဖြတ်တားဆီးနေတဲ့ Adriatic ပင်လယ်တွင်းက US စစ်သင်္ဘောတွေအတွက် ဘဏ္ဍာရေးအထောက်အပံ့ကို ကန့်သတ်လိုက်တဲ့ဥပဒေပါ။ အလွန်အံ့အားသင့်စရာကောင်းတဲ့ ပြဌာန်းချက်ပါ။ US စစ်သင်္ဘောတွေရဲ့ဘဏ္ဍာရေးကို US လွှတ်တော်က ဖြတ်တောက်လိုက်တာပါ။ ဘော့စ်နီးယန်း မွစ်ဆလင်မ်တွေလက်ထဲ လက်နက်ခဲယမ်းတွေ လွတ်လွတ်လပ်လပ်စီးဝင်နိုင် စေဖို့ပါတဲ့။ ဒါဟာ လက်နက်ပိတ်ဆို့ထားမှုကို မပယ်ဖျက်နိုင်သေးခင်မှာ ဘော့စ်နီးယန်းတွေအတွက် အသက်ရှူပေါက်ရစေဖို့ပါ။ ဒီနောက်မှာတော့ ပင်လယ်ပြင်ကဖြစ်ဖြစ် လေကြောင်းကဖြစ်ဖြစ် မွစ်ဆလင်မ်တွေဆီကို ထောက်ပို့လာတဲ့ လေယာဉ်နဲ့သင်္ဘောတွေဟာ အတော်ကြီးလွတ်လွတ် လပ်သွားလာခွင့်ရသွားပါတော့တယ်။
ဒီသင်္ဘောတွေ လေယာဉ်တွေရဲ့အဝင်အထွက်ကို CIA က အစအဆုံးသိနေပေမယ့် တခြားဥရောပထောက်လှမ်းရေးတွေကို သတင်းမျှတာမျိုး မလုပ်တော့ပါဘူး။ ဥပမာ-ခရိုအေးရှားမှာ အီရန်လေယာဉ် အဝင်အထွက် တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်ရှိနေကြောင်း ဥရောပထောက်လှမ်းရေးတွေကမေးရင် CIA က အတည်ပြုမပေးတော့ပါဘူး။

ရေသာတလှည့်
လက်နက်ခဲယမ်းလည်း အတော်အတန်ရှိလာပြီး မဟာမိတ်အဖြစ်လည်းလက်တွဲနိုင်ပြီးနောက်မှာတော့ ဘော့စ်နီးယန်းတွေနဲ့ ခရိုအတ်တွေဟာ ၁၉၉၄ ခုနှစ်အတွင်းမှာ ပူးတွဲစစ်ဆင်ရေးတချို့ လုပ်ကြပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ ခရိုအတ်တွေဟာ စတုရန်းမိုင် ၇၀ လောက်ကို ဆာဘ်တွေလက်ထဲကနေ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ နယ်မြေအားဖြင့်သိပ်မကျယ်ဝန်းပေမယ့် အဲဒီစတုရန်းမိုင် ၇၀ မှာ ခရိုအေးရှားကို ပေါင်မုန့်လှီးဖဲ့သလိုဖဲ့ယူထားတဲ့ ဆာဘ်တပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်း ကြောင်းလည်း ပါဝင်နေတာပါ။ ၁၉၉၁ နှစ်ဆုံးပိုင်းကတည်းက ငြိမ်သက်နေတဲ့ ခရိုအေးရှားစစ်မျက်နှာဟာ ပြန်လည်လူးလွန့်လာခဲ့ပါတယ်။ ခရိုအတ်တွေရဲ့ တန်ပြန်ထိုးစစ်အပြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း ဘက်က ရလိုက်တဲ့ အမြတ်ကတော့ ဆာဘ်တွေရဲ့ မဟာသွေးစည်းညီညွတ်မှုဟာ အက်ကွဲကြောင်းထနေပြီဆိုတာ ထင်ရှားသွားတာပါ။ ဗဟိုဆားဘီးယားက အင်အားသန်းချီတဲ့ အမြဲတမ်းတပ်ဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားစစ်ပွဲတွေမှာ တိုက်ရိုက်ဝင်ပါဖို့မရှိတော့ဘူးဆိုတာ ထင်ရှားသွားပါတယ်။ မီလိုဆီဗစ်ရဲ့ ဗဟိုဆားဘီးယားသည်ပင်လျှင် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေအောက်မှာ တလူးလူးတလှိမ့်လှိမ့်နဲ့ ခံစားနေရပြီဆိုတာ ပေါ်လွင်သွားပါတယ်။

သွေးတိုးစမ်းတဲ့ ဆာဘ်

စစ်ရေးအရ တိတိပပ အသားစီးမရတော့တဲ့အခါ ဆာဘ်တွေဟာလွယ်ကူတဲ့ ပစ်မှတ်တွေကို အချောင်ရမလားဆိုတဲ့စိတ်နဲ့ သွေးတိုးလိုက်စမ်းနေပါတယ်။ ဆာရာယေဗိုကို အမြောက်နဲ့ပစ်တဲ့ ၁၉၉၄ ဖေဖော်ဝါရီလထဲမှာပဲ ဆာဘ်
တွေဟာ နောက်ထပ်သွေးတိုးစမ်းတဲ့အလုပ်ကို လုပ်ပါသေးတယ်။ UNရဲ့ လေကြောင်းမပျံသန်းရဆုံးဖြတ်ချက်ကို အာခံပြီး ဆာဘ်တိုက်လေယာဉ် လေးစင်းဟာ ဘော့စ်နီးယားနိုင်ငံအလယ်ပိုင်းကို ပျံသန်းလာခဲ့ပါတယ်။ NATO က ဆာဘ်တိုက် လေယာဉ်လေစင်းလုံးကို ပစ်ချလိုက်ပါတယ်။ နောက်ထပ် နှစ်လအကြာမှာ ဆာဘ်တွေဟာ တူဇ်လာ safe zone က UN တပ်တွေကို ခြုံခိုတိုက်ပြန်ပါတယ်။ UN တပ်တွေက ဆာဘ်စစ်စခန်းတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်ပါတယ်။

ဂိုရာဇ်တိုက်ခိုက်မှု
အဆိုးဆုံးဖြစ်သွားတာကတော့ နောက်ထပ် safe zone တစ်ခုဖြစ်တဲ့ ဂိုရာဇ်မြို့မှာပါ ။၁၉၉၄ ဧပြီမှာပဲ ဆာဘ်တွေက ဂိုရာဇ် safe zone ကို အမြောက်နဲ့ ပစ်ပါတယ်။ အရပ်သားတွေနေထိုင်ရာရပ်ကွက်နဲ့ ဆေးရုံအပါအဝင် မြို့ကို အမြောက်နဲ့ ကွက်စိပ်ပစ်ခတ်ပြီးတဲ့နောက်မှာတော့ တင့်ကားနှစ်စင်းဦးဆောင်တဲ့ ဆာဘ်စစ်ကြောင်းဟာ မြို့အပေါက်ဝကို ရောက်လာပါတယ်။


UN အနေနဲ့ မတတ်သာတဲ့အဆုံး NATO လေကြောင်းပစ်ကူကိုတောင်းခံ ရပါတယ်။ NATO ရဲ့ F-16 နှစ်စင်းဟာ ဂိုရာဇ်အနီးက ဆာဘ်အမိန့်ပေးဌာနချုပ်ကို ပစ်ခွင်းလိုက်တဲ့အခါမှာတော့ ဆာဘ်တွေဟာ အများထင်မထားတဲ့ အလုပ်ကို လုပ်လိုက်ပါတယ်။ UN တပ်သား ၁၅၀ ကို ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီး ဓါးစားခံ လုပ်လိုက်တာပါ။ US သမ္မတ ကလင်တန်ကတော့ ဒီကိစ္စအလျှော့ပေးလို့မရဘူးဆိုပြီးမိန့်ခွန်းပေးပြီး ဗုံးဆက်ကြဲပါတယ်။ ဆာဘ်တွေအနေနဲ့ ဂိုရာဇ်မြို့ကနေ မဆုတ်ခွာမချင်း ဗုံးကြဲပါတယ်။ ဆာဘ်တပ်တွေအနေနဲ့ ဂိုရာဇ်ကနေ ထွက်ခွာသွားရပါတယ်။ NATO ဘက်ကတော့ UN safe zone တိုင်း၏ ကီလိုမီတာ ၂၀ အတွင်းဆာဘ်လက်နက်ကြီးများ မထားရလို့ ရာဇသံကိုထပ်တင်ပါတယ်။ (ဆာဘ်တွေဟာလူနေရပ်ကွက်တွေကို အမြောက်နဲ့ ပစ်နေမှကိုး။) ဆာဘ်တွေရဲ့ နောက်ထပ် သွေးတိုးစမ်းတိုက်ခိုက်မှုတွေကို အကျဉ်းချုပ်ပြောပြရရင် –
– ၉၄ စက်တင်ဘာမှာ ဆာရာယေဗိုမြို့နားမှာ UN ကားတစ်စင်းကိုဆာဘ်တွေက ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ NATO က ဆာဘ်တင့်ကားတစ်စင်းကို ဗုံးကြဲဖျက်ဆီးပြီးတုန့်ပြန်ပါတယ်။
– ၉၄ နိုဝင်ဘာမှာ ဆာဘ်တွေသိမ်းပိုက်ထားတဲ့ ခရိုအေးရှားနိုင်ငံတွင်းက Udbina လေဆိပ်ကနေ ဘော့စ်နီးယားနိုင်ငံတွင်းက ဘီဟဗ် safe zone ကို တိုက်ခိုက်ပါတယ်။ NATO က အဲဒီလေယာဉ်ကွင်းကို ဗုံးကြဲချပါတယ်။

မြေခွေးအတွေး မြေခွေးအကျင့်
၁၉၉၄ ခုနှစ်ကိုပြန်ချုပ်ရရင် ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ စစ်အင်အားအတော်အတန်ရှိလာပြီး ခရိုအတ်တွေနဲ့ပါ လက်တွဲနိုင်လာပြီမို့ ဆာဘ် တွေကို တန်းတူရည်တူနီးပါ ပြန်လည်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။ ဒီမှာတင် ဘော့စ်နီးယားဟာ ပြည်တွင်းစစ်ရဲ့ အသွင်သဏ္ဍာန် ပိုပေါ်လွင်လာပါတယ်။ လူတွေဟာ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ငရဲခန်းတွေထက် တိုက်ပွဲ တွေအကြောင်းကို ပိုပြောလာကြပါတယ်။ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ငရဲခန်းတွေဟာ ၁၉၉၂ နှစ်ကလို အရှိန်အဟုန်ကောင်းကောင်းနဲ့ အလွယ်တကူလည်ပတ်နိုင်ခြင်းမရှိတော့ပေမယ့်လည်း လုံးဝရပ်ဆိုင်းသွားတာမျိုးတော့မဟုတ်ပါဘူး။ ဆာဘ်တွေဟာ ခုချိန်ထိ ဘော့စ်နီးယန်းမြို့တချို့ကို ဝိုင်းရံထားဆဲ၊ အငတ်ဘေးကျအောင် ရိက္ခာပိတ်ဆို့ထားဆဲ၊ အခွင့် ရရင်ရသလို အစုလိုက်အပြုံလိုက် လူသတ်ဆဲပါပဲ။ ဆာဘ်တွေအနေနဲ့ သွေးတိုးစမ်းတိုက်ခိုက်မှုတွေ လုပ်နေတာဟာ တောရမ်းမယ်ဘွဲ့ လျှောက်လုပ်နေတာမဟုတ်ပါဘူး။ သူတို့ဟာ တွက်ချက် ထားတဲ့ ရည်မှန်းချက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်လို့ရမရ စမ်းသပ်နေတာပါ။
သေချာပြန်ကြည့်မယ်ဆိုရင်–
– ဆာဘ်တွေ ဆာရာယေဗိုကို အမြောက်နဲ့ပစ်တယ်။ NATO က ကန့်သတ်ဗုံးကြဲတယ်။
– ဆာဘ်တွေ တူဇ်လာမှာ UN ကို ခြုံခိုတိုက်တယ်။ UN က လက်နက်ကြီးနဲ့ပြန်ပစ်တာလောက်ပဲလုပ်တယ်။
– ဆာဘ်တွေ ဂိုရာဇ်ကိုအမြောက်နဲ့ပစ်ပြီး UN တပ်တွေကို ဓါးစာခံလုပ် တယ်။ NATO က ကန့်သတ်ဗုံးကြဲတယ်။
“US အပါအဝင် အနောက်နိုင်ငံအသိုင်းအဝိုင်းဟာ ငါတို့ဆာဘ်တွေကို အပြီးအပြတ်စစ်ပွဲတစ်ရပ်ဆင်နွှဲချင်တဲ့ အနေအထားမရှိဘူး။ အကန့်အသတ်နဲ့ပဲ ကိုင်တွယ်ချင်တာကိုး။ ဒါဆို ငါတို့ ဆာဘ်တွေဘက်ကသာ တစ်ခုခုကို ပြတ်ပြတ် သားသားလုပ်ပစ်လိုက်ပြီး ရှေ့ကို ခြေဆယ်လှမ်းလောက်တိုးလိုက်ရင် NATO action လာလို့ ငါးလှမ်းလောက်ပြန်ဆုတ်ရရင်တောင်မှ ငါတို့ဘက်က အမြတ်ထွက်နိုင်သေးသကိုး” ဒါဟာ ဆာဘ်တွေရဲ့ မြေခွေးအတွေးပါ။ ဒီအတွေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆာဘ်တွေဟာ အခြေအနေနဲ့အချိန်အခါကို စောင့်ဆိုင်းနေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ၁၉၉၄ ခုနှစ်ကုန်လို့ ၁၉၉၅ ခုနှစ်ထဲကို ချဉ်းနင်းဝင်ရောက်လာပါတယ်။

ဘော့စ်နီးယားဂျင်နိုဆိုဒ် (၁) ဆက်လက်ဖတ်ရှုရန်
ဘော့စ်နီးယားဂျင်နိုဆိုဒ် (၃) ဆက်လက်ဖတ်ရှုရန်

ဘော့စ်နီယားဂျင်နိုဆိုဒ်(၁)

စိမ်းလန်းသောဖက်ဒရယ်တောင်ကုန်းမှသည်
သစ်ချောက်ကုန်းဆီသို့

၁၉၈၀ လောက်ကသာ ခင်ဗျားဟာ ယူဂိုဆလားဗီးယားကိုရောက်သွားရင် စိုပြည်နေတဲ့ကွင်းပြင်တွေ၊ စိမ်းလန်းနေတဲ့တောင်ကုန်းတွေကနေစီးဆင်းပြီး ကွင်းပြင်ထဲကို ဖြတ်သန်းနေတဲ့ မြစ်ချောင်းတွေ၊ အဲ့ဒီမြစ်ချောင်းတလျှောက်ပေါက် နေတဲ့ ဘယ်ရီချုံပင်တွေနဲ့ သာယာနေတဲ့ ဖက်ဒရယ်နိုင်ငံကိုမြင်ရမှာပါ။ မြို့ပြတွေဟာလည်း တိုက်ကြီးတာကြီးသပ်သပ်နဲ့ ဆောက်ထားတဲ့ ကွန်ကရစ်မြို့တွေ မဟုတ်ဘဲ ရှေးဟောင်းဗလီ၊ ချာခ်ျကျောင်း၊ တံတား၊ ပြတိုက်တွေနဲ့၊ သစ်ပင်တွေနဲ့ စိမ်းလန်းသာယာနေပြီး အဲ့ဒီမြို့တွေမှာနေထိုင်တဲ့သူတွေဟာလည်း ဘော့စ်နီးယန်းမွစ်စလင်မ်၊ ကတ်သလစ်ခရိုအတ်၊ အော်သိုဒေါက်စ်ဆာဘ် အစရှိသဖြင့် အသွေးစုံဘာသာစုံနဲ့ ချစ်ခင်စိုပြည်နေတာကို တွေ့ရမှာပါ။
လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘာသာတစ်ခုနဲ့တစ်ခု အပြန်အလှန် လက်ထပ်တာတွေကလည်း အတော်လေးရှိတာမို့ ယူဂိုဆလာဘ်ပြည်ထောင်စုလူမျိုးရယ်လို့ခံယူသူတွေကလည်း ၁၀ ယောက်မှာ ၁ ယောက်နှုန်းရှိပါတယ်စီးပွားရေးအရပြေလည်ပြီး လူနေမှုအဆင့်အတန်းရှိတဲ့ ပြည်ထောင်စု ကို ဒေါက်တိုင် ၃ ခုနဲ့ ထောက်မထားပါတယ်။ ပါတီ၊ တပ်မတော်နဲ့ ဖက်ဒရယ်သမ္မကောင်စီလို့အကြမ်းဖျင်းပြောလို့ရပါတယ်။

 

ပါတီ
ပါတီ ရှစ်ဖွဲ့ရှိပြီး republic ၆ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခု အလိုက်ဖွဲ့စည်းထားတာပါ။ ပါတီအားလုံးဟာ ကွန်မြူနစ်ပါတီတွေပါ။ republic ၆ ခုက
၁။ ဆားဘီးယား
၂။ ဘောစ်နီးယား
၃။ ခရိုအေးရှား
၎။ ဆလိုဗေးနီးယား
၅။ မွန်တီနီဂရိုး
၆။ မက်ဆီဒိုးနီးယား
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုက ကိုဆိုဗိုနဲ့ ဘော့ဂ်ျဗိုဒီးနားဖြစ်ပီး ဆားဘီးယား republic အတွင်းမှာ တည်ရှိပါတယ်။ Republic ၆ ခု + ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခု ပေါင်းပြီး Federal Union = ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ထားတာပါ။ Republic ၆ ခုမှာ ဆားဘီးယားနဲ့ မွန်တီနီဂရိုးတို့ဟာ ဆာဘ်လူမျိုးတွေပဲ အဓိကနေထိုင်တယ်လို့ပြောလို့ရပြီး ဘောစ်နီးယားနဲ့ ခရိုအေးရှားမှာလည်း ဆာဘ်လူမျိုးတွေက အတိုင်းအတာတခုထိ ပျံ့နှံ့နေထိုင်ပါတယ်။

တပ်မတော်
အမြဲတန်းတပ်မတော်က ယူဂိုဆလာဘ်ပြည်သူ့တပ်မတော်လို့ခေါ်တဲ့ JNA ပါ။ JNA ကို ပြည်ထောင်စုတပ်မတော်လို့သတ်မှတ်ပြီး အရန်အင်အား အပါအဝင် အင်အား ၁ သန်းကျော်အထိ စုဖွဲ့နိုင်ပါတယ်။ JNA မှာလည်း အင်အားရဲ့ ၆၀ % က ဆာဘ်တွေပါပဲ။ JNA အပြင် နောက်ထပ်ရှိတဲ့ တပ်တစ်မျိုးကတော့… ဒေသဆိုင်ရာကာကွယ်ရေးတပ်လို့ခေါ်တဲ့ Territorial Defence Force ပါ။ ဒီ TDF တပ်ကတော့ republic အလိုက်ဖွဲ့စည်းထားပြီး ဒေသအလိုက်လူဦးရေနဲ့အဓိကဖွဲ့ပါတယ်။
ဥပမာ – Bosnian Territorial Defence Force မှာဆိုရင် ဘော့စ်နီးယန်းလူမျိုးတွေပဲ အဓိကပါဝင်ပါတယ်။ အင်အားကတော့ ၁ သောင်းကျော်ကျော်လောက်ပဲရှိပါတယ်။

ဖက်ဒရယ်သမ္မတကောင်စီ
ဒီကောင်စီဟာ ပြည်ထောင်စုရဲ့ ကိစ္စတွေကို အဓိက အဆုံးအဖြတ်ပေးပါတယ်။ ဥပမာ – JNA တပ်တွေကို စစ်ဆင်ခွင့်ပေးဖို့ ကိစ္စမျိုးပါ။ ကောင်စီရဲ့အဆုံးအဖြတ်ကို မဲ ၈ မဲ နဲ့ ချမှတ်ပါတယ်။ republic ၆ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၂ ခုဟာ ကိုယ်စီ ၁ မဲစီပေးခွင့်ရှိတာမို့ အားလုံးတန်းတူညီမျှလို့ ပြောရမှာပါ။

မျှခြေကို ဖျက်ဆီးသူ
၁၉၈၇ မှာ ဆားဘီးယားသမ္မတဖြစ်လာတဲ့ မီလိုဆီဗစ်ပါ။ ဆားဘီယားrepublic အတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုနဲ့ နောက်ထပ် ဆာဘ်တွေအဓိကနေထိုင်ရာ မွန်တီနီဂရိုးrepublic မှာ အကြမ်းဖက် အာဏာသိမ်းပြီး ဖက်ဒရယ်သမ္မတကောင်စီမှာ ဆာဘ်အတွက် အခိုင်မဲ ၄ မဲကို ဇွတ်လုပ်ယူလိုက်တဲ့အခါ မျှခြေဟာ ပျက်စီးသွားပြီး ပြည်ထောင်စုကြီးပြိုကွဲရေး စတင်ပါတော့တယ်။

————————————

ယူဂိုဆလားဘီးယားအကြောင်း ဖတ်တိုင်း ကျွန်နော်တို့အတွက် အခက်အခဲဖြစ်စေတာက သူ့ရဲ့ဖက်ဒရယ် တည်ဆောက်ပုံပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ဖက်ဒရယ်နဲ့ ဘယ်တုန်းကမှ မနီးစပ်တဲ့အပြင် ဖက်ဒရယ်ဆိုတာ မြွေလိုအဆိပ်ရှိတဲ့သဘောမျိုးတောက် လျှောက်အသင်ခံလာရလို့ပါပဲ။
ဒီတော့ ဖက်ဒရယ်အကြောင်း ဘာမှမသိတဲ့သူတွေကို မီလိုဆီဗစ်က ဖက်ဒရယ်စနစ်ပေါ်မှာ အမြတ်ထုတ်ကစားရင်း အာဏာယူသွားတာမျိုးရှင်းပြဖို့က ပိုခက်ပါတယ်။ ဗမာပြည်မှာကတော့ရှင်းပါတယ်။ ၁၉၆၂ မှာ ဗမာစစ်တပ်က ဒဲ့အာဏာသိမ်းပစ်လိုက်ပြီး လုပ်ချင်ရာ လုပ်သွားခဲ့တာမို့ မီလိုဆီဗစ်လောက်ကတော့ ပျင်းတောင်ပျင်းသေးလို့ ပြောရမှာပါ။
စာမတတ်တဲ့ တောသားတွေနေတဲ့တိုင်းပြည်မို့ တောတွင်းဓလေ့အတိုင်း လက်နက်ပြ အာဏာသိမ်းသွားတာမျိုးပါ။ မီလိုဆီဗစ်ရဲ့ နိုင်ငံရေးကစားကွက်မျိုးဟာ ဗမာဗားရှင်းနဲ့ပြန်ယှဉ်ကြည့်ရင် အတော်နူးညံ့တယ်လို့တောင်ဆိုရမှာပါ။
နောက်တစ်ခုက တပ်မတော်တည်ဆောက်ခြင်းပါ။
ယူဂိုဆလားဘီးယားက JNA တပ်မှာ ဆာဘ်လူမျိုးက ၆၀%လောက်သာ အုပ်စီးထားပေမယ့် ဗမာစစ်တပ်မှာကတော့ ၉၉%က ဗမာချည့်ပါပဲ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရခါစက ကချင်၊ ကရင်၊ ချင်း၊ ကယား၊ ဂေါ်ရခါး ရိုင်ဖယ်တပ်ရင်းတွေရှိပေမယ့် ဖက်ဒရယ်တပ်ပုံစံ မတည်ထောင်တော့ဘဲ ဗမာတပ်ပုံစံပဲ တည်ထောင်လိုက်ပါတယ်။
အဓိကအကြောင်းပြတာကတော့ လွတ်လပ်ရေးရခါစ ကရင်ပုန်ကန်မှုကိုပါ။ ဒါပေမဲ့ ဒီပုန်ကန်မှုအတွင်း ကချင်၊ ချင်း၊ ကယားနဲ့ ဂေါ်ရခါးတပ်ရင်း တွေက ပြည်ထောင်စုအပေါ် သစ္စာစောင့်သိခဲ့တာကိုတော့ တစ်ချက်လေးမှ မထောက်ထားဘဲ ဗမာစစ်တပ်သပ်သပ်တည်ထောင်ပစ်တာပါ။ ဒီလို ဗမာတပ်သပ်သပ်အဖြစ်တည်ဆောက်မှုဟာ ၁၉၆၂ မတိုင်ခင် ပါလီမန်ခေတ်ကတည်းကပါ။
ဆာဘ်တွေလောက်ကတော့ ဗမာက ပျင်းတောင်ပျင်းသေးဆိုရမှာပါ။ ဗမာက တခြားလူနည်းစုတွေကို ဒေသဆိုင်ရာကာကွယ်ရေးတပ်မျိုးဖွဲ့ခွင့်ပေးဖို့မပြောနဲ့ ရဲတပ်ဖွဲ့တောင်ဖွဲ့ခွင့်မပေးပါဘူး။ ယူဂိုဆလားဘီးယားဟာ ၁၉၉၀ လောက်မှ သစ်ချောက်ကုန်း ဖြစ်သွား တာဖြစ်ပြီး ချက်ချင်းခွဲထွက်လို့ သာယာတဲ့ကိုယ်ပိုင်တိုင်းပြည်တွေတည်ဆောက်ကုန်ကြပါတယ်။ မြန်မာပြည်ကတော့ ၁၉၆၂ က စပြီး သစ်ချောက်ကုန်းဖြစ်ခဲ့ကာ ခုထိလည်း သစ်ချောက်ကုန်းမှာ ငုပ်တုပ်ထိုင်ဆဲပါပဲ။

ခရိုအေးရှားစစ်ပွဲ (သို့မဟုတ်)
တိုင်းပြည်တစ်ခုကို ပေါင်မုန့်လှီးသလိုလှီးဖဲ့ယူခြင်း

မီလိုဆီဗစ်က မျှခြေကို ဖျက်စီးလိုက်တဲ့နောက်မှာတော့ ယူဂိုဆလားဗီးယားရဲ့ အနောက်ဘက်စွန်းက ဆလိုဗေးနီးယား republic ဟာ ဆယ်ရက်ကြာစစ်ပွဲဖြစ်ပြီး လွတ်လပ်ရေးကြေငြာသွားပါတယ်။ ဆလိုဗေးနီးယားမှာ ဆာဘ် တွေမရှိလို့ အေးအေးသက်သာနဲ့ ခွဲထွက်ခွင့်ရသွားတယ်လို့ပြောရမှာပါ။
သိပ်မကြာခင် ၁၉၉၁ နှစ်လည်ပိုင်းမှာ ခရိုအေးရှားကပါ လွတ်လပ်ရေး ကြေငြာတဲ့အခါမှာတော့ ခရိုအေးရှားနိုင်ငံတွင်းက ဆာဘ်လူမျိုး ၆ သိန်းကျော်ဟာ ခရိုအေးရှားအစိုးရကို ဆန့်ကျင်ပါတော့တယ်။ ဒီဆာဘ်လူမျိုးတွေဟာ ခရိုအေးရှားနိုင်ငံရဲ့ အရှေ့ဘက်မှာ နေထိုင်ကြတာဖြစ်ပြီး သူတို့ဟာ ဆားဘီးယားနဲ့ ဘောစ်နီးယားကို ကပ်ရပ်ကျောပေးထား ကြသူတွေပါ။
သူတို့ရဲ့နောက်ကျောတည့်တည့်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ပုန်ကန်မှုကို သွေးထိုးပေးနေသူကတော့ မီလိုဆီဗစ်ကိုယ်တိုင်ပါပဲ။ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက အဲ့ဒီဒေသတွေမှာဆာဘ်နဲ့ ခရိုအတ်တွေဟာ အပြန်အလှန်မျိုးဖြုတ်သတ်ပွဲတွေလုပ်ခဲ့ကြတဲ့ သမိုင်းကလည်းရှိတော့ သွေးထိုးလို့ ကောင်းတဲ့ အကွက်ဖြစ်နေပါတယ်။ ခရိုအေးရှားကဆာဘ်တွေဟာ မြို့ချင်းဆက်လမ်းမကြီးတွေကို အတားအဆီးချပိတ်ဆို့ပြီး လက်နက်ကိုင်အဖွဲ့တွေဖွဲ့ကာ ကင်းလှည့်နေပါ တော့တယ်။ ခရိုအေးရှား အစိုးရယန္တယား ထိခိုက်သွားပါတယ်။ အဆိုးဆုံကတော့ ခရိုအေးရှားခရီးသွားလုပ်ငန်းရဲ့ အခြေတည်ရာ ပင်လယ်ကမ်းခြေကိုသွားတဲ့ လမ်းတွေကို ဆာဘ်တွေက ပိတ်ဆို့ထားတဲ့အတွက် စီးပွားရေးပါထိလာတော့ ခရိုအေးရှားအစိုးရက ဆာဘ်ပုန်ကန်မှုကိုနှိမ်နင်းဖို့ လုပ်ပါတယ်။ ရဟတ်ယာဉ်အပြည့်နဲ့ တင်ဆောင်လာတဲ့ ခရိုအတ်အထူးရဲတပ်ဖွဲ့တွေဟာ ဆာဘ်ပုန်ကန်မှုကို နှိမ်နင်းဖို့ထွက်အလာမှာတော့ JNAလေတပ်ရဲ့ တားဆီးမှုကို ခံလိုက်ရပါတယ်။ ခရိုအေးရှားဟာ နိုင်ငံတွင်းကဒေသခံဆာဘ်တွေလောက်နဲ့ရင်ဆိုင်နေရတာမဟုတ်ဘဲ ဆားဘီးယားနိုင်ငံတွင်းက ဗဟိုဆာဘ်အစိုးရနဲ့ပါ ရင်ဆိုင်နေရကြောင်း ထင်ရှားသွားပါတယ်။
JNA လို အမြဲတမ်းတပ်ကို ခါးပိုက်ဆောင်ထားနိုင်ပီဖြစ်တဲ့ဆာဘ်တွေဟာ လမ်းပိတ်ထားတာလောက်နဲ့ မတင်းတိမ်တော့ပဲ ခရိုအတ်တွေနေထိုင်ရာမြို့ တွေကိုပါ ဝင်သိမ်းပါတော့တယ်။ ဒီလိုသိမ်းပိုက်ရာမှာ ဆာဘ်တွေသုံးတဲ့နည်းဗျူဟာကတော့ ကွက်စိတ်ပြည့် အမြောက်နဲ့ပစ်ခြင်းပါပဲ။ စစ်ဘက်ပစ်မှတ်တွေကို ပစ်တာမဟုတ်ပါဘူး။ အရပ်သားတွေနေတဲ့ မြို့တွေကိုပစ်တာပါ။ ဆေးရုံ၊ ကျောင်း၊ ဈေး၊ လူနေရပ်ကွက်တွေကို အသေးစိတ်တကွက်ချင်း အမြောက်နဲ့ စိမ်ပြေနပြေပစ်လိုက်ခြင်းဟာ စစ်ရေးရည်ရွယ်ချက်သပ်သပ်နဲ့ မဟုတ်ဘဲ အဲ့ဒီမြို့ကဒေသခံ ခရိုအတ်တွေကို ထွက်ပြေးသွားစေဖို့ပါ။ ဒီနောက် မှာတော့ လူမျိုးရေးအရသန့်စင်တဲ့ ဆာဘ်နယ်မြေတခုကို ရရှိလိုက်ပါပြီ။
အမြောက်ကိုသုံးပြီး ethnic cleansing လုပ်တာပါ။
မနေ့တနေ့ကမှ စစ်တပ်ထဖွဲ့တဲ့ ခရိုအတ်တွေအဖို့ကတော့ အပေါ့စားလက်နက်တွေနဲ့ ကုပ်ကပ်ခုခံရုံမှတပါးဘာမှမတတ်နိုင်ပါဘူး။ ဆာဘ်တွေအမြောက်ပစ်ချက်ကောင်းလွန်းလို့ ၁၉၉၁ နှစ်ကုန်ပိုင်းမှာ Vukovar မြို့က ခရိုအတ်အရပ်သား ၅ ထောင်ကျော်သေသွားပြီး ကျန်တဲ့မြို့သားတွေအားလုံးထွက်ပြေးသွားရပါတယ်။ ဒီလိုမျိုး တစ်မြို့ပြီးတစ်မြို့ဆာဘ်တွေက လုပ်လာလိုက်တာ ခရိုအေးရှား အစိုးရအနေနဲ့ ဒီအတိုင်းသာဆက်လွှတ်ထားရင် တစ်နိုင်ငံလုံးဆာဘ်လက်အောက် ရောက်သွားနိုင်တာမို့ UN အနေနဲ့ကြားဝင်ပေးဖို့အားထုတ်ရပါတယ်။
ဒါကြောင့် ၁၉၉၁ နှစ်ကုန်ပိုင်းမှာ UNတပ်တွေဟာ ဆာဘ်နဲ့ ခရိုအတ်ကြားက ခံစစ်လိုင်းမှာနေရာယူလိုက်ကြပါတယ်။ ၁၉၉၂ နှစ်ဦးပိုင်းမှာတော့ ခရိုအေးရှားရဲ့ လွတ်လပ်ရေးကို ကမ္ဘာက အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားနိုင်ငံရဲ့ သုံးပုံတစ်ပုံကတော့ ဆာဘ်တွေလက်ထဲမှာ ပဲ့ပါသွားပါပြီ။
ပိုဆိုးတာက UN တပ်တွေကြားထဲမှာထိုင်ထားတဲ့အတွက် ဒီနယ်မြေတွေကို ပြန်သိမ်းဖို့ကလဲ မလွယ်တော့ပါဘူး။ ဆာဘ်တွေဟာ ခရိုအေးရှားမှာ အနိုင်နဲ့ပိုင်းပြီး ခေါင်းမော့နေပါတော့တယ်။
UN တပ်တွေရဲ့ မျက်မှောက်မှာတင်ပဲ ကျန်ရှိနေသေးတဲ့ ခရိုအတ် တွေကိုမောင်းထုတ်ပြီး ethnic cleansing ကို လုပ်လိုက်ပါသေးတယ်။ ဒီနောက်မှာတော့ ခရိုအေးရှားစစ်မျက်နှာဟာ နှစ်ဖက်တပ်တွေမျက်နှာချင်းဆိုင် အသင့်ပစ် ခတ်မယ့်ပုံစံနဲ့ ၃ နှစ်လောက် ခေတ္တငြိမ်သက်သွားပါတယ်။
ဆာဘ်တွေဟာ အရပ်သားထောင်ချီကို သွေးအေးအေးနဲ့ စိမ်ပြေနပြေအမြောက်နဲ့ပစ်သတ်နေတာကို ခရိုအေးရှားနိုင်ငံ အိုဆီဂျက်မြို့မှာ တုန်လှုပ်ခြင်းကြီးစွာမြင်ခဲ့ရသူကတော့ US ဒီိမိုကရက်တစ်လွှတ်တော်အမတ် မက်ကလော့ စကီးပါ။
ပိုဆိုးတာက ဇာဂရက်မြို့မှာ ဆာဘ်တွေဟာ လူ ၄၀ ကို လွှနဲ့တိုက်ပြီးသတ်ဖြတ်သွားတာပါ။ မက်ကလော့စကီးမြင်ခဲ့ရတာတော့ ခြေပြတ်၊ လက်ပြတ် ခေါင်းပြတ်တွေစုပုံထားတာကိုပါ။ အမတ်မင်းဟာ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်ကို ရောက်တဲ့အခါ မီလိုဆီဗစ်ကို ဒီအကြောင်းတွေပြောပြတော့ မီလိုဆီဗစ်က အပြောတောင်မခံဘဲ ဇွတ်ငြင်းပါတော့တယ်။ ဒီလိုဇွတ်ပိတ်ငြင်းတာဟာ အိုးမလုံအုံပွင့် ပုံစံဖြစ်နေမို့ မက်ကလော့စကီးဟာ ဒီလုပ်ရပ်တွေဘယ်ကလာသလဲပါ ခန့်မှန်းမိသွားပါတယ်။
မက်ကလော့စကီးက ဆားဘီးယားက US သံအမတ်ကို ဒီအကြောင်းတွေပြောပြတော့ သံအမတ်ကြီးက “ခရိုအေးရှားမှာ ဆိုးလှပီထင်တာလား။ ဘောစ်နီးယားမှာဖြစ်လာခဲ့ရင် အဲဒါထက်ပိုဆိုးလိမ့်မယ်”လို့ သတိစကား ဆိုခဲ့ပါသတဲ့။

——————————-

ခရိုအေးရှားနယ်မြေတွေကို ဆာဘ်တွေက ပေါင်မုန့်လှီးသလို လှီးဖဲ့ယူတာက ဆိုးလှချည့်လို့ပြောရင် ပင်လုံစာချုပ်အရ သီးခြားဖက်ဒရယ်အခွင့်အာဏာရှိတဲ့ ကချင်နဲ့ ရှမ်းပြည်တွေကို ဗမာစစ်တပ်က ဖဲ့ချင်သလိုဖဲ့ လှီးချင်သလို လှီး အလုံးလိုက်မြိုချဖို့အားထုတ်နေတာကျ ဘာဆက်ပြောမလဲ။ ဗမာစစ်တပ်အနေနဲ့ ဒီလို ရာစုနှစ်တဝက်ကျော်မက လုပ်ချင်ရာလုပ် ခွင့်ရနေတာဘာ့ကြောင့်လဲ? အဓိက,ကတော့ နိုင်ငံတကာအာရုံစိုက်မှု မရှိလို့ပါ။
နိုင်ငံတကာက အာရုံစိုက်မှုရှိတဲ့ ခရိုအေးရှားစစ်ပွဲဟာ ၅နှစ်အကြာ ၁၉၉၅ မှာပြီးစီးသွားခဲ့ပြီး နယ်မြေတွေအားလုံး ခရိုအတ်တွေလက်ထဲပြန်ရောက်သွားပါတယ်။ ( နောက်ပိုင်းမှာ ကျွန်တော်ဆက်ရေးပါမယ်။) ထင်သာမြင်သာရှိတဲ့အချက်ကတော့ အမျိုးသားလွတ်မြောက်ရေးဆင်နွှဲရာမှာ စစ်ရေးသပ်သပ်နဲ့ အားထုတ်ကြိုးပမ်းတာဟာ စစ်အင်အားကြီးမားတဲ့ ရန်သူကို ဖိုးကြိုင်းတုတ် ဖြစ်သွားစေတတ်ပါတယ်။ လက်နက်အားကောင်းတဲ့သူက လက်နက်နဲ့ရှင်းရလေကြိုက်ပါပဲ။ ဒီအတွက် အကောင်းဆုံး သက်သေကတော့ မြန်မာပြည်က ပြည်တွင်းစစ်ပါပဲ။
ဒါကြောင့် နိုင်ငံတကာကိုထိုးဖောက်လှုပ်ရှားမှုဟာ စစ်ရေးလိုပဲ အရေးကြီးရုံမက စစ်ပွဲတွေအီနေချိန်မှာ အဆုံးအဖြတ်ပေးတဲ့ ကဏ္ဍပါဖြစ်လာကြောင်း ပါခင်ဗျား…။

ငရဲတံခါးဆွဲဖွင့်ခြင်း

“မင်းတို့မွစ်ဆလင်မ်တွေက ခရိုအေးရှားလမ်းကြောင်းလိုက်ချင်တာလား။ မင်းတို့က စစ်အတွက်ဘယ်လောက်ပြင်ထားလို့လဲ။ စစ်ဖြစ်လာရင် မင်းတို့မွစ်ဆလင်မ်တွေ အပြီးတိုင်ပျောက်ကွယ်သွားမယ်ကွ” စသဖြင့် ဒေါသတကြီးနဲ့ကြိမ်းဝါးသံဟာ ဘောစ်နီးယားနိုင်ငံမြို့တော် ဆာရာယေဗိုက ပါလီမန်ခန်းမ ဆောင်အတွင်းကနေ ဟိန်းခနဲထွက်ပေါ်လာပါတယ်။
စင်မြင့်ထက်ကနေ ဒေါသအိုးပေါက်ကွဲပီးအော်ဟစ်နေတာကတော့ ဘော့စ်နီးယားကဆာဘ်လူမျိုးတွေရဲ့ခေါင်းဆောင် ကာရာစ်ဒစ်ဇ်ပါ။ သူပေါက်ကွဲနေရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ၁၉၉၂ မတ်လမှာ ကျင်းပတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မွစ်ဆလင်မ်ဘော့စ်နီးယန်းတွေနဲ့ ဘော့စ်နီးယားနိုင်ငံတွင်းက ခရိုအတ်တွေဟာ သီးခြားလွတ်လပ်သော ဘော့စ်နီးယားနိုင်ငံအဖြစ်ခွဲထွက်ဖို့ ဆန္ဒပြုခဲ့ကြလို့ပါပဲ။
ဆာဘ်တွေအနေနဲ့ ဒီဆန္ဒခံယူပွဲကို ဆန့်ကျင်ခဲ့ပေမယ့်လည်း လူဦးရေအရ မွစ်ဆလင်မ်က ၄၃% နဲ့ ခရိုအတ်တွေက ၁၈% ရှိပြီး ဆာဘ်က ၃၅%သာ ရှိတဲ့အတွက် ခွဲထွက်ရေးကိစ္စဟာ အတည်ဖြစ်သွားခဲ့ပါတယ်။ ဘော့စ်နီးယားခေါင်းဆောင်တွေဘက်က ခွဲထွက်ရေးကိစ္စနဲ့ပူးတွဲပြီး နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးစုတိုင်းအတွက် တန်းတူအခွင့်အရေးပေးတဲ့ ဥပဒေကို တပြိုင်နက်ပြဋ္ဌာန်းပေးထားသော်လည်း ဆာဘ်နိုင်ငံရေးသမားတွေက မကျေနပ်ပါဘူး။ သူတို့လိုချင်တာ တန်းတူညီမျှမှုမဟုတ်ပါဘူး။ ဘော့စ်နီးယားကို ဆာဘ်တွေက အလုံးစုံချုပ်ကိုင်ခွင့် (သို့မဟုတ်) ဆာဘ်နယ်မြေတွေ ကျယ်နိုင်သမျှကျယ်ကျယ်ရရှိရေးပါ။
ဒီအကြောင်းကို ၁၉၉၂ ဖေဖော်ဝါရီကတည်းက ကာရာဒစ်ဇ်က အင်တာဗျူးတခုမှာ အတိအလင်းပြောပြခဲ့ပြီးသားပါ။ “ကျုပ်တို့လိုတာ Greater Serbia = ကြီးမြတ်လေသော၊ နယ်မြေကျယ်ဝန်းလေသော ဆားဘီးယားနိုင်ငံတော်ပဲ” လို့ ကာရာဒစ်ဇ်က ဒဲ့ပြောခဲ့တာပါ။
ဒီလိုပြောနိုင်အောင်လဲ ဗဟိုဆားဗီးယားနိုင်ငံက ဆာဘ်ခေါင်းဆောင်တွေနဲ့လက်ဝါးချင်းရိုက် အစီအစဉ်တွေ ဆွဲထားပြီးသားပါ။ ဒါ့ကြောင့် ပါလီမန်လို နေရာမှာ လမ်းဘေးလူမိုက်စကားသံတွေနဲ့ကြိမ်းဝါးနေတာပေါ့။ ကာရာဒစ်ဇ် စကားပြောအပြီးမှာ ဘောစ်နီးယားမွစ်ဆလင်မ်ခေါင်းဆောင်အလီဂျာက စကားစပြောပါတယ်။ အလီဂျာဟာ သူ့ထုံးစံအတိုင်း ခပ်အေးအေးပဲ ပြောချသွားပါတယ်။
“မစ္စတာကာရာဒစ်ဇ်ရဲ့ အပြုအမူတွေ အပြောအဆိုတွေဟာ ကျွန်တော်တို့ ဘာလို့ ဆာဘ်လွှမ်းမိုးတဲ့နိုင်ငံထဲမှာ မနေချင်ရသလဲဆိုတာရဲ့ သက်သေတွေပါပဲ။ ဒီလိုခက်ထန်တဲ့စကားမျိုးကို ပါလီမန်လိုနေရာမှာလာပြောပြီး . . . . .” စသဖြင့် အလီဂျာကပြောနေတုန်း မွစ်ဆလင်မ်နဲ့ခရိုအတ် အမတ်တွေက လက်ခုပ်ဝိုင်းတီးပြီးထောက်ခံလိုက်ကြပါတယ်။ ကာရာဒစ်ဇ်ကတော့ လက်ခုပ်သံတွေကြားမှာ မတုန်မလှုပ် မြေခွေးမျက်နှာနဲ့ပဲ ဆက်ရှိနေပါတယ်။ သူအနေနဲ့ ဘာမှတုန်လှုပ်စရာလဲမရှိပါဘူး။ ခုဆိုရင် JNA အမြဲတမ်းတပ်က ဆာဘ်စစ်သား ၈ သောင်းဟာကြီးမြတ်လေသောဆားဘီးယားနိုင်ငံကြီးအတွက် အမှုတော်ထမ်းဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီဆာဘ်စစ်သား၈သောင်းနဲ့အတူ တင့်ကား ၅၁၂စင်း၊ သံချပ်ကာ ၅၀၆ စင်း၊ ဟောင်ဝစ်ဇ်ဇာအမြောက်အပါအဝင် အမြောက်ကြီးအလက် ၂၀၀ ကျော်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂၀ ကျော်၊ MIG လေယာဉ်တွေအပါအဝင် တိုက်လေယာဉ်ပျံတချို့ကလည်း အားဖြည့်ထားပါတယ်။
ဒါအပြင် အရန်ပြည်သူ့စစ်တွေ၊ ဆားဘီးယားကရောက်လာတဲ့ စစ်သွေးကြွအဖွဲ့တွေ၊ ထောက်လှမ်းရေးအထူးကွန်မန်ဒိုတပ်တွေနဲ့ပေါင်းလိုက်ရင် ဘော့စ်နီးယားမှာ ဆာဘ်လက်နက်ကိုင်အင်အားဟာ ၂ သိန်းနီးပါးရှိသွားပါတယ်။ ဒီလူသူလက်နက်တွေရဲ့နောက်မှာလည်း အင်အားသန်းဂဏန်းရှိတဲ့ ဆားဘီးယားအမြဲတမ်းတပ်မတော်က အခိုင်အမာရှိနေပြန်ပါတယ်။ ပြည်ထောင်စုသားအားလုံးဆီက အခွန်ပိုက်ဆံတွေနဲ့ဝယ်ထားတဲ့ စစ်လက်နက်တွေဟာ ဆာဘ်လူမျိုးဖို့ချည်းပဲ ဖြစ်သွားပါပြီ။
ဘော့စ်နီးယန်းဒေသဆိုင်ရာကာကွယ်ရေးတပ်က မွစ်ဆလင်မ်စစ်သားတစ်သောင်းပျော့ပျော့ဟာ ဆာဘ်တွေကို ခုခံနိုင်ပါ့မလား? ဘောစ်နီးယန်း မွစ်ဆလင်မ်တွေဟာ တကယ်ပဲ ကမ္ဘာမြေပြင်ပေါ်ကနေ အပြီးတိုင်ပျောက်ကွယ် သွားလေမလား ?

——————————-

၁၉၅၈ ကနေ ၁၉၆၂ အတွင်း ပင်လုံသဘောတူညီချက်တွေအရ ရှမ်း၊ ကချင် လူနည်းစုဘက်က ဖက်ဒရယ်အခွင့်အရေးတိုးတောင်းတဲ့ တိုက်ပွဲတွေနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ အထူးသဖြင့် ရှမ်းတွေအနေနဲ့ နိုင်ငံရေးကတိကဝတ် ပြဿနာတစ်ရပ်ကို အခြေခံဥပဒေဆိုင်ရာပြဿနာအဖြစ် အချိန်ဆွဲခံခဲ့ရပါတယ်။
ဘာကွာလို့လဲဆိုတော့ နိုင်ငံရေးပြဿနာဆိုရင် ပြည်သူ့အင်အား ကိုသုံးလို့ရပါတယ် (ဥပမာ-အလီဂျာလုပ်သလို လူထုဆန္ဒခံယူပွဲကျင်းပတာမျိုးပါ။)
အခြေခံ “ဥပဒေ” ပြဿနာဆိုရင် ပါလီမန်တွင်း ပညာရှင်ချင်းဒူးတိုက် ဆွေးနွေးရတဲ့သဘော ဖြစ်သွားပါတယ်။ ပါးပါးလေးကွာတာမဟုတ်ပါဘူး။ အထူကြီးကွာတာပါ။ အဲဒီတုန်းက ရှမ်းပြည်နဲ့ ကချင်ပြည်တွေမှာ ဗမာလူဦးရေ ဘာမှမရှိသေးပါဘူး။ ဗမာနိုင်ငံရေးသမားတွေဟာ ကာရာဒစ်ဇ်လို ဒဲ့သမားတွေ မဟုတ်ပါဘူး။
ဗမာနိုင်ငံရေးသမားတွေဟာ အပြောချိုချိုနဲ့ အခြေခံဥပဒေပြဿနာ အဖြစ်ပါလီမန်အတွင်းမှာ အချိန်ဆွဲဆွေးနွေးရင်း ၁၉၅၈ မှာ ဗမာစစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး နေဝင်းလက်ထဲ အာဏာလွှဲလိုက်ပါတယ်။ ဗမာနိုင်ငံရေးသမားတွေဟာ ကလိမ်ကကျစ်သမားတွေပါပဲ။ အဆုံးမှာတော့ ကလိမ်အကျဆုံးနေဝင်းက အနိုင်ရသွားပြီး ပြည်ထောင်စုကြီးပြိုကွဲမှာကြောက်လို့ အာဏာသိမ်းရကြောင်းဝါဒဖြန့်ပြီး ပြည်တွင်းစစ်ကို ယနေ့တိုင် ဆင်နွှဲခွင့်ရသွားပါတော့တယ်။ စစ်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူနည်းစုတွေအပေါ် ဂျင်နိုဆိုဒ်အပါအဝင် ပုံစံမျိုးစုံသော ရာဇဝတ်မှုတွေကို ကျူးလွန်နေပါတော့တယ်။
နည်းမှန်လမ်းမှန်နဲ့ မတိုက်တတ်ဘူးဆိုရင် ကချင်၊ ရှမ်း၊ ကရင် အပါအဝင်လူနည်းစုတွေဟာ ကမ္ဘာပေါ်ကမဟုတ်တောင် မြန်မာပြည်မှာတော့ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်။

လူမျိုးကြီးဝါဒီတွေလက်ထဲ အာဏာနဲ့ လက်နက်ရှိနေရင်

ကာရာဒစ်ဇ်ရဲ့ လူမိုက်ဆန်ဆန်မိန့်ခွန်းအပြီးမှာတော့ ဆာဘ်တွေ ဘက်ကလက်တွေ့ကျကျ ရက်ရက်စက်စက် လုပ်ပြပါတော့တယ်။ ဒီဒဏ်ကို ပထမဆုံးစတင်ခံစားရတာတော့ ဘောစ်နီးယားနိုင်ငံရဲ့ အရှေ့ပိုင်း ဆားဘီးယားနယ်စပ်နဲ့ကပ်ရပ် ဘီယျဲလ်နာ ( Bijeljina ) မြို့လေးက ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေပါ။
ဆားဘီးယားနိုင်ငံတွင်းကနေ ဗြောင်ဝင်ရောက်လာတဲ့ဆာဘ်လက်နက်ကိုင်အဖွဲ့က ဘီယျဲလ်နာမြို့ကို ရုတ်ချည်းအလွယ်တကူဝင်ရောက်သိမ်းပိုက် လိုက်ပြီးမြို့ထဲမှာရှိတဲ့ မွစ်ဆလင်မ်အရပ်သားတွေကို သတ်ဖြတ်ပါတော့တယ်။တစ်အိမ်တက်ဆင်း ရှာဖွေရင်းသတ်ဖြတ်နေတဲ့ ဆာဘ်တွေပေးချင်တဲ့ message က “ငါတို့ဟာ တကယ်ဆော်တဲ့ကောင်တွေ၊ မင်းတို့ဘော့စ်နီးယန်း တွေကအင်အားမဲ့နေတဲ့ကောင်တွေ” ဆိုတာမျိုးပါ။
ဘီယျဲလ်နာမြို့မှာ အရပ်သားတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့သတင်း အလီဂျာဆီရောက်လာတော့ သူဟာ အံ့အားတသင့်ကြီးဖြစ်သွားပါတယ်။ ဒါဟာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အမုန်းတရားတွေရှိလို့ဖြစ်ကုန်တာလို့ သွေးရိုးသားရိုး တွေးမိတဲ့အလီဂျာဟာ မြို့တော်ဆာရာယေဘိုမှာ ဆာဘ်နဲ့ ဘော့စ်နီးယန်းတွေ လက်ချင်းချိတ်ပြီး သွေးစည်းညီညွတ်မှုပြဖို့ အားထုတ်ပါတယ်။ ကာရာဒစ်ဇ်လို အစွန်းရောက်သမားမဟုတ်တဲ့ ဆာဘ်ခေါင်းဆောင် တချို့ကလည်း အလီဂျာရဲ့ ဆော်သြမှုကို လက်ခံပြီးလူမျိုးပေါင်းစုံ လက်တွဲဆန္ဒပြပွဲကို ပါဝင်ကြပါတယ်။
ဒီလိုနဲ့ ဆာဘ်၊ ဘော့စ်နီးယန်းမွစ်ဆလင်မ်လူအုပ်ဟာ လက်ချင်းချိတ်လို့ ချစ်ကြည်ရေးသီချင်းတွေ ကြွေးကြော်သံတွေ တိုင်တည်လို့ မြို့ကိုပတ်ပါတယ်။။ အဲ့ဒီလိုပတ်ရင်းနဲ့ လူအုပ်ဟာ ကာရာဒစ်ဇ်တို့ ပါတီရုံးအနားကိုရောက်တဲ့အခါမှာ စနိုက်ပါနဲ့ အပစ်ခံရပါတော့တယ်။ လူအုပ်ကြီးဟာ သွေးသံရဲရဲနဲ့ ပြိုကွဲသွားပါတော့တယ်။
ရဲတပ်ဖွဲ့က စနိုက်ပါသမားရှိရာအဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးရာမှာတော့ ဆာဘ်လူမျိုးစနိုက်ပါသမားကို ဖမ်းဆီးမိပါတယ်။ ဘယ်သူကခိုင်းလဲဆိုတာတော့ပြောမရတော့ပါဘူး။ ကာရာစ်ဇ်အပါအဝင် ဆာဘ်အစွန်းရောက်ခေါင်းဆောင်တွေဟာ ဆာရာယေဗိုမြို့ကနေ ထွက်ခွာသွားပြီး မြို့ကိုအထက်စီးကနေမြင်ရတဲ့ တောင်ကုန်းတွေပေါ်မှာ နေရာယူလိုက်ကြပါတယ်။ ဒီနောက်မှာတော့ ဆာရာယေဗို မြို့တွင်းက မွစ်ဆလင်မ်ရပ်ကွက်တွေကို အမြောက်ဆံမိုးရွာချပါတယ်။
မွစ်ဆလင်မ်တွေက ကာရာဒစ်ဇ်အပါအဝင်အစွန်းရောက်ဆာဘ်တွေကိုဘယ်လိုမှ အယုံအကြည်မရှိတော့ပါဘူး။ ကိုယ့်ရပ်ကွက်မှာကိုယ် အတားအဆီးတွေချပြီး လက်နက်ကိုင်အစောင့်တွေနဲ့ ကင်းလှည့်ရင်းစောင့်ကြပ်နေရပါတော့တယ်။
တန်းတူညီမျှမှုကိုလက်ခံတဲ့ လက်တဆုပ်စာဆာဘ်တချို့ဟာလည်း ဘော့စ်နီးယားမွစ်ဆလင်မ်စစ်တပ်နဲ့ ပူးပေါင်းခဲ့တာတော့ရှိပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၅၀ နီးပါးတည်တံ့လာတဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်မှုဟာ ကာရာဒစ်ဇ်တို့ရဲ့ အမြောက်ဆန်တွေကြားမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပါပြီ။ အောက်ခြေက ပြည်သူတွေအနေနဲ့ ဘယ်လောက်ပဲ ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်းချမ်းနေချင်ကြသော်လည်းပဲ လူမျိုးကြီးဝါဒီအစွန်းရောက်သမားတွေလက်ထဲမှာ လုပ်ပိုင်ခွင့်အာဏာနဲ့ လက်နက်ရောက်သွားရင်တော့ သွေးချောင်းစီးတဲ့ ကိစ္စတွေဟာ ရှောင်လွှဲလို့ မရစကောင်းပေါ့ဗျာ။

————————

တိုက်ပုံဝတ်ပြီး ညစာစားပွဲတွေတက်ရင်း စင်ပေါ်ကနေ ချစ်ကြည်ရေးတော်ကီတွေလွှတ်ရင်း ဂျင်နိုဆိုဒ်ကို တားဆီးလို့ရမယ်ထင်ရင်တော့ ဘော့စ်နီးယားမှာဖြစ်ခဲ့တာတွေနဲ့ ဗမာပြည်မှာဖြစ်နေတာတွေကိုသာ ပြန်ကြည့်ပါလို့ ပြောပါ ရစေ။

မြို့ပြ ethnic cleansing

သွေးချောင်းစီးမယ့် စစ်ပွဲဟာ ရှောင်လို့မရတော့ပါဘူး။ စစ်ပွဲစစချင်း ၁၉၉၂ ဧပြီလအတွင်းမှာပဲ စစ်အင်အားကောင်းတဲ့ ဆာဘ်တွေဟာ နယ်မြေတွေကို တဟုန်ထိုးသိမ်းပိုက်နိုင်ပါတယ်။ ဘော့စ်နီးယားနိုင်ငံရဲ့ “မြောက်ပိုင်းတစ်ခြမ်းလုံး”ဟာ ဆာဘ်တွေလက်ထဲရောက်သွားပြီး ၁၉၉၁ ခရိုအေးရှားစစ်ပွဲကတည်းက ဆာဘ်တွေသိမ်းထားပြီးသား ခရိုအေးရှားအရှေ့ပိုင်းနဲ့ထိစပ်နေတဲ့ ဘော့စ်နီးယား “အနောက်ခြမ်း” ဟာလည်း ဆာဘ်တွေလက်ထဲ အသာလေးရောက်သွားပါတယ်။
ဆားဘီးယားနဲ့ နယ်ချင်းထိစပ်နေတဲ့ ဘော့စ်နီးယား “အရှေ့ခြမ်း တစ်ခုလုံးနီးပါး” ဟာလည်း ဆာဘ်တွေလက်ထဲခဏတွင်းရောက်သွားပါတယ်။ နိုင်ငံရဲ့ အရှေ့၊ အနောက်နဲ့ မြောက်ပိုင်းအားလုံးကို သိမ်းပိုက်ခံလိုက်ရတဲ့အခါမှာတော့ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေဟာ တောင်ပိုင်းနဲ့ အလယ်ပိုင်းကွက်ကွက်လေးမှာ ကုပ်ကပ်နေရတဲ့ဘဝ ရောက်သွားပါတယ်။ ကျန်ရစ်တဲ့တောင်ပိုင်းဟာလည်း ခရိုအတ်လူမျိုးတွေနဲ့ရောထွေးယှက်တင်ဖြစ်နေတာမို့ ဘော့စ်နီးယန်းတွေပိုင်တဲ့နယ်မြေဆိုလို့ ထွက်ပေါက်ပိတ်နေတဲ့ အလယ်ပိုင်းဒေသကွက်ကွက်လေးပဲ ကျန်ပါတော့တယ်။
အပြည်ပြည်ဆိုင်ရာ ထွက်ပေါက်လမ်းမကြီးတွေအားလုံးဟာ ဆာဘ်တွေလက်ထဲရောက်သွားပြီး ဘော့စ်နီးယန်းတွေအဖို့ လမ်းပန်းဆက်သွယ်ရေးအရ ကမ္ဘာကြီးနဲ့ တိုက်ရိုက်အဆက်ပြတ်သလိုဖြစ်သွားပါတယ်။
၁၉၉၂ မကုန်ခင် တနှစ်အတွင်း ဆာဘ်တွေအနေနဲ့ ဘော့စ်နီးယား နိုင်ငံရဲ့ ၇၀% ကိုသိမ်းပိုက်နိုင်ခဲ့ပါပြီ။ ဒီလိုသိမ်းပိုက်ရာမှာ နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းဟာသိပ်ပြဿနာမရှိလှပေမယ့် နိုင်ငံရဲ့ အရှေ့ခြမ်းမှာတော့ ဆာဘ်တွေ
အဖို့ ဖြေရှင်းစရာကိစ္စရှိနေပါတယ်။
အဲဒါကတော့ ဘော့စ်နီးယားနိုင်ငံရဲ့အရှေ့ခြမ်းဟာ မွစ်ဆလင်မ်တွေ နှစ်ပေါင်း ၅၀၀ ကျော်အခြေစိုက်နေလာတဲ့ ဒေသဖြစ်နေတာပါပဲ။ ဆားဘီးယားနိုင်ငံနဲ့ နယ်ချင်းကပ်နေတဲ့ ဘော့စ်နီးယားအရှေ့ပိုင်းက မွတ်ဆလင်မ်နယ်မြေတွေဟာ ဆာဘ်တွေအဖို့တော့ ခေတ်အဆက်အဆက် မျက်စိစပါးမွေးစူးစရာဒေသ ဖြစ်နေခဲ့တာပါ။
ခုတော့ ဆာဘ်တွေဟာ အဲ့ဒီဒေသက နှစ် ၅၀၀ လောက်အမြစ် တွယ်ခဲ့တဲ့ မွစ်ဆလင်မ်လူ့အဖွဲ့အစည်းကို အမြစ်ကဆွဲနှုတ်ခွင့်ရခဲ့ပါပြီ။

ဆာဘ်တွေရဲ့ အမြစ်နှုတ်ပွဲ
ဆာဘ်တွေဟာ ၁၉၉၂ ဧပြီလအတွင်း ဘော့စ်နီးယား အရှေ့ခြမ်းက Zvornik ၊ Visegrad နဲ့ Foca မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမြို့တွေမှာ မွစ်ဆလင်မ်တွေနေထိုင်ကြပါတယ်။ Zvornik မြို့မှာ ဆာဘ်တွေဘာလုပ်ခဲ့သလဲ ကြည့်ရအောင်ပါ…။
ပထမဆုံးဆာဘ်တွေက မြို့ကို လက်နက်ချခိုင်းလိုက်ပါတယ်။ လူတစ်ရာ တောင်မပြည့်တဲ့ ဘော့စ်နီးယားရဲတပ်ဖွဲ့ဟာ တင့်ကားတွေ အမြောက်တွေအပါအဝင် လူထောင်ချီတဲ့ ဆာဘ်တပ်နဲ့ အဝိုင်းခံလိုက်ရပြီး လက်နက်ချလိုက်ရပါတယ်။ လက်နက်ချပြီးပြီ။ မြို့ကိုလည်း ဆာဘ်တွေသိမ်းလိုက်ပြီ။ တိုက်တာခိုက်တာတွေလည်း မရှိတော့တာမို့ လူသေစရာအကြောင်းမရှိတော့ပါဘူး။ ဒါက ပုံမှန်စစ်ပွဲတစ်ရပ်ဆိုရင် မှန်ပါတယ်။
ဒါပေမဲ့ ဆာဘ်တွေဆင်နွှဲနေတာ စစ်ပွဲသပ်သပ်မဟုတ်ပါဘူး။ လူမျိုးရေးသန့်စင်ပွဲလို့ နာမည်တပ်ထားတဲ့ လူသတ်ပွဲပါ။ ဒီလူသတ်ပွဲဟာ စစ်ပွဲထုံးစံနဲ့မတူဘဲ လက်နက်ချပြီးမှစတင်ပါတယ်။ ဆာဘ်တွေဟာမြို့ကို မသိမ်းခင်ကတည်းက ဒီမြို့မှာ ဘော့စ်နီးယန်းနိုင်ငံရေးသမား ဘယ်နှစ်ယောက်ရှိတယ်၊ ရှေ့နေက ဘယ်နှစ်ယောက်၊ ဆရာဝန်ကဘယ်နှစ်ယောက်၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဘယ်မှာနေတယ် အစရှိသဖြင့် ဒီမြို့က ဘော့စ်နီးယန်းပညာတတ်လူတန်းလွှာရဲ့ အနေအထားကို အသေးစိတ် ထောက်လှမ်းထားပြီးသားပါ။
မြို့ကိုလည်း သိမ်းပြီးရော ဆာဘ်လက်နက်ကိုင်တွေဟာ အဲဒီထောက်လှမ်းထားပြီးသားသူတွေရဲ့ အိမ်တွေကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးတော့ သတ်ပွဲတွေကျင်းပပါတယ်။ အိမ်ရှေ့မှာ ဆာဘ်တွေ သေနတ်တ ကားကားနဲ့ ရောက်လာလို့ ဘာများလဲလို့ထွက်ကြည့်မိတဲ့ မွစ်ဆလင်မ်ရှေ့နေဟာ သူ့အိမ်ရှေ့တံခါးဝမှာတင် အသက်ပျောက်သွားပါပြီ။ ဥယျာဉ်ထဲမှာ ပန်းပင်ရေလောင်းနေတဲ့ မွစ်ဆလင်မ်ဆရာဝန်ကြီးရဲ့ သွေးတွေက ပန်းအိုးထဲမှာအိုင်ထွန်းပြီး ကျန်နေခဲ့ပါလိမ့်မယ်။

ဒီလိုနည်းနဲ့ဆာဘ်တွေ မြို့တစ်မြို့မှာရှိတဲ့ ဦးဆောင်လူတန်းစား ပညာတတ်တွေကို သုတ်သင်ပြီးတဲ့နောက်မှာတော့ ကျန်ရစ်တဲ့မြို့သူမြို့သားတွေကို ထင်သလိုပြုကျင့်ပါတော့တယ်။ အရွယ်ကောင်းတဲ့မိန်းခလေးတွေဟာ ဆာဘ်တွေရဲ့ မုဒိန်းသားကောင်တွေဖြစ်လာပြီး ကျန်းမာသန်စွမ်းတဲ့ ယောက်ျားလေးတွေကတော့ ဆာဘ်အကျဉ်းထောင်မှာ အကျဉ်းသားတွေဘဝကိုကျရောက်သွားပါတယ်။
ကျန်ရစ်တဲ့ အသက်ကြီးရွယ်အိုတွေနဲ့ မိသားစုဝင်တွေကတော့ ရှိသမျှ ဥစ္စာပစ္စည်းတွေကိုထားရစ်ခဲ့လို့ ခြေဦးတည့်ရာ ထွက်ခွာရပါတော့တယ်။
ဒါဟာ ဆာဘ်တွေမြို့တစ်မြို့ကို သိမ်းပိုက်ပြီးရင် လုပ်နေကျပုံစံပါပဲ။ ဒါကိုမြို့ပြမှာလုပ်တဲ့ ethnic cleansing လို့ပဲပြောရဦးမှာပါ။ ကျေးလက်မှာ ဆာဘ်တွေ ဘာလုပ်သလဲဆိုတာ ဆက်ဖတ်ကြပါဦး။

—————————

၆၂ အာဏာသိမ်းပွဲအပြီး ဗမာစစ်တပ်က ရှမ်းနိုင်ငံရေးသမားတွေ ပညာတတ်တွေကို ဖျောင်ပစ်ခဲ့တဲ့အဖြစ်ကို သတိရစရာပါ။ အာဏာသိမ်းပွဲအပြီးဗမာနိုင်ငံရေးသမားတွေလည်း ဖမ်းဆီးခံရပေမယ့် ရှမ်းတွေလို အလောင်းတောင်ပြန်မရတဲ့ အဖြစ်မျိုးတော့ သိပ်မရှိခဲ့ပါဘူး။
ဖက်ဒရယ်ကိစ္စမှာ ထိပ်ကဦးဆောင်တဲ့ ရှမ်းပညာတတ်တွေဟာ တောခိုရင်ခို၊ မခိုရင် နေဝင်းဆီဒူးထောက်ခစား၊ ဒါမှမဟုတ်ရင်တော့ အလောင်းတောင် ပြန်မရဘဲ အဖျောင်ခံလိုက်ရပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ ပညာတတ်လူတန်းစားအလွှာကို သီးသန့်ပစ်မှတ်ထားချေမှုန်းခြင်းဟာ ဂျင်နိုဆိုဒ်ရဲ့လက္ခဏာဆိုတာကို သတိမူမိစေချင်တာပါ။
ဗမာက ပိုလက်သံပြောင်တာက လူနည်းစုမျိုးနွယ်ထဲကနေ ပညာတတ် လူတန်းစားပေါ်ထွက်မလာအောင်ပါ ဆက်လုပ်ပစ်နိုင်ခဲ့တာပါ။
ဥပမာ – ဗမာအများစုနေထိုင်ရာ ရန်ကုန်မှာ ဆေးတက္ကသိုလ်-၁၊ ဆေးတက္ကသိုလ်-၂၊ စစ်ဆေးတက္ကသိုလ်ဆိုပြီး ၃ ခုရှိသလို ဗမာအနေများတဲ့ မကွေးနဲ့ မန္တလေးလိုနေရာမှာပါ ဆေးတက္ကသိုလ်တွေရှိပေမယ့် ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် ဘယ်ဒေသမှာမှ ဆေးတက္ကသိုလ် မရှိပါဘူး။ (ရှမ်းပြည်မှာတောင် လွတ်လပ်ရေးပီး နှစ် ၆၀ ကျော်ကြာမှ ဆေးတက္ကသိုလ်တစ်ခု မြေစမ်းခရမ်းပျိုးတုန်းရှိပါသေးတယ်။) ကဏ္ဍအသီးသီးမှာ ဒါမျိုးတွေရှိပါတယ်။
ဒါတွေဟာ မတော်တဆဖြစ်ခဲ့တာ မဟုတ်ဘဲ နှစ် ၆၀ ကျော်အတွင်းသေချာ အကွက်ချစီစဉ်ပြီး လူနည်းစုတွေအနေနဲ့ ဗမာကို အစဉ်သဖြင့်ဦးညွတ်နေရအောင် လုပ်ထားတာပါ။ ဗမာတွေဟာ ဂျင်နိုဆိုဒ်လုပ်ရာမှာ အထူးကျွမ်းကျင် အဆင့်ကိုရောက်နေပါပြီ။ တော်ရုံတန်ရုံ စစ်ရေး၊ နိုင်ငံရေးပညာနဲ့တော့ ဗမာကိုလှန် လို့မရပါဘူး။ ဗမာကိုတော်လှန်ဖို့ ကမ္ဘာ့ထိပ်သီးနိုင်ငံရေးသမားတွေရဲ့ ပညာ၊ စိတ်ဓါတ်ခွန်အားကို လိုကိုလိုအပ်နေပါပြီ။

ကျေးလက် ethnic cleansing

မြို့ပြတွေကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့ ဘော့စ်နီးယန်းတွေဟာ ကျေးလက်ဒေသတွေကို ရောက်လာခဲ့ပါတယ်။ ကျေးရွာကသူတို့သားချင်းတွေကို ဘာတွေကြုံတွေ့ခဲ့ရကြောင်းပြောပြကြပါတယ်။ ကျေးရွာက အမျိုးတွေကတော့ သူတို့ပြောတာကို မယုံပါဘူး။ သူတို့သိတဲ့ဆာဘ်ဆိုတာ ဟိုးအရင်ကတည်းက ရွာမှာအတူနေလာကြတဲ့ နွားကျောင်းဖက်၊ လယ်လုပ်ဖက် သူတို့ဘော်ဒါဆာဘ်တွေကိုပါ ။ ဘယ်နှဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်လိုက်ကြတာမှအပြန်အလှန် လက်ထပ်ကြတာတွေတောင်ရှိသေး။ မင်းတို့မြို့မှာကြုံရတာတွေက စစ်ဖြစ်နေလို့ပါကွာ။ ဒီမှာတော့အေးဆေးသာနေ ဘာမှမဖြစ်ဘူး စိတ်ချ။
အဲ့လို စိတ်ချလက်ချ စိတ်အေးသက်သာစွာနေတဲ့ ကျေးရွာလေးကိုဆာဘ်တပ်ဖွဲ့တွေရောက်လာပြီး အိမ်တံခါးတွေကို ဆောင့်ကန်ဖွင့်လိုက်ချိန်မှာတော့ဘော့စ်နီးယန်းတွေဟာ အိပ်မှုံစုံမွားအိပ်ကောင်းချိန် ဒါမှမဟုတ် မနက်ခင်းနွားနို့ ပူပူလေးဇိမ်ခံသောက်လျက် ရှိနေတာမျိုးပါ။
ဆာဘ်တွေကို ပြန်ခုခံဖို့နေနေသာသာ သူတို့ဆီရောက်လာသူတွေဟာ သေမင်းတမန်တွေမှန်းကို ဘော့စ်နီးယန်းတွေဟာ မသိကြပါဘူး။ ဒီနောက်ပိုင်းမှာတော့ တောင်းပန်သံတွေဆူညံနေတဲ့ အိမ်လေးမှာ ဒိုင်းခနဲ ဒိုင်းခနဲ သေနတ်သံ တွေထွက်သွားပြီး နံရံတွေမှာသွေးစွန်းသွားပါလိမ့်မယ်။ မျိုးရိုးစဉ်ဆက် အေးချမ်းတိတ်ဆိတ်စွာနေထိုင်လာတဲ့ ဘော့စ်နီးယန်း မိသားစုတစ်စုဟာ ပျက်သုဉ်းသွားခဲ့ပါပြီ။ အဲ့လို မိသားစုတွေနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့ ဘော့စ်နီးယန်းကျေးရွာလေးဟာလည်း မရှိတော့ပါဘူး။ အဲ့ဒီ ကျေးရွာအစား ဆာဘ်အလံတလူလူလွင့်နေတဲ့ ကျေးရွာတစ်ခုပေါ်ပေါက်လာပါပြီ။

——————-

ဘော့စ်နီးယန်းတွေဟာ သတိမမူလို့သာ ဂူမမြင်ဖြစ်နေကြတာပါ။ တကယ်တော့ဆာဘ်တွေဟာ ဒီအလုပ်တွေကို တအားကြီးလျှို့ဝှက်ပြီးလုပ် နေတာမျိုးမဟုတ်ပါဘူး။ ဥပမာ – ဆဲလင်ညက်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ဆာဘ်တွေဟာ မြို့ကိုသိမ်းပြီးနောက် ဒေသန္တရဥပဒေတစ်ရပ်ကိုထုတ်ဆင့်လိုက်ပါတယ်။
ဥပဒေကတော့ . .
ဘော့စ်နီးယန်းမွစ်ဆလင်မ်များသည် –
၁။ လဘက်ရည်ဆိုင် စားသောက်ဆိုင်လို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို လာရောက်ခွင့်မရှိ။
၂။ ဂျိုဆဗ်ကာမြစ်အတွင်းမှာ ရေမချိုးရ။
၃။ အမဲလိုက်ခွင့်မရှိ။
၎။ တစ်မြို့မှ တစ်မြို့ ခရီးမသွားရ။
၅။ လက်နက်မကိုင်ဆောင်ရ။
၆။ မော်တော်ကားမမောင်းရ။
၇။ သုံးယောက်ထက်လူပိုမစုရ။
၈။ တူညီဝတ်စုံများမဝတ်ရ။
၉။ ကိုယ်ပိုင်တယ်လီဖုန်းမသုံးရ။
၁၀။ အိမ်ခြံမြေဝယ်ယူခွင့် ရောင်းချခွင့်မရှိ။
ဆာဘ်တွေဟာ ပုံစံကွဲပေမယ့်အတွင်းသဘောတူတဲ့ ဒါမျိုးအမိန့်တွေကို ဒေသခံအာဏာပိုင်အဆင့်တွေကနေ ဒေသတိုင်းနီးပါးမှာထုတ်ဆင့်ခဲ့ပါတယ်။ အူကြောင်ကြောင်အမိန့်တွေလို့ထင်ရပေမယ့် ဒါတွေဟာ တကယ်တော့ အဲ့ဒီဒေသက ဘော့စ်နီးယန်းတွေကို isolated ဖြစ်အောင်၊ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်အောင်သေချာလုပ်လိုက်တာပါ။ ပြီးရင်တော့ လူသတ်ပွဲကျင်းပပါလိမ့်မယ်။
(ဗဟိုက ဆာဘ်ထိပ်သီးခေါင်းဆောင်ပိုင်းက ဒါမျိုးအမိန့်တွေကို ဘယ်တော့မှ မထုတ်ဆင့်ပါဘူး။ ဒေသဆိုင်ရာအဆင့်တွေကပဲ ဒါမျိုးအမိန့်တွေကို ထုတ်ဆင့်လေ့ရှိပါတယ်။ ဗဟိုကဆာဘ်တွေဟာ ရာဇဝတ်မှုတွေနဲ့ မပတ်သတ် သယောင်နေပြလေ့ရှိပါတယ်။)
ဆာဘ်တွေဟာ ကျေးရွာလူသတ်ပွဲတွေကိုလည်း စနစ်တကျ လုပ်ကိုင်လေ့ရှိပါတယ်။ သတ်တဲ့အဖွဲ့၊ အလောင်းဖျောက်တဲ့အဖွဲ့၊ လိုအပ်ရင်မီးရှို့တဲ့အဖွဲ့၊ ပြီးရင် ကျန်ရစ်ခဲ့တဲ့ရွာမှာ ဆာဘ်တွေအခြေကျအောင်လုပ်တဲ့အဖွဲ့ စသဖြင့် စနစ်တကျ လုပ်တာပါ။
ဆာဘ်တွေအနေနဲ့ သူတို့ဒီလိုလုပ်ချင်ရာလုပ်နေတာကို ဘယ်သူမှမသိဘူး ဘယ်သူကမှစိတ်မဝင်စားဘူးလို့ ယူဆထားကြပါတယ်။ သူတို့ယူဆချက် ကလည်း မှန်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်တော့မဟုတ်ပါဘူး။ ဆာဘ်တွေလုပ်တာကို တိတိပပ သိနေတဲ့ အဖွဲ့တချို့ရှိပါတယ်။ သူတို့ကတော့ CIA အပါအဝင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေပါ။ ဒါပေမဲ့ CIA ထဲက လူတွေဟာ သိပေမယ့်လည်း စိတ်မဝင်စား အရေးယူဖို့လည်း အာရုံမရှိလှကြပါဘူး။
အဲ့သလို မလုပ်၊ မရှုပ်၊ မပြုတ်နေချင်သူတွေထောင်ချီတဲ့ထဲကမှ ဆာဘ်တွေရဲ့ လုပ်ရပ်ကို တစ်စုံတစ်ရာ action ယူချင်တဲ့ CIA အရာရှိ လက်တစ်ဆုပ်စာတော့ ရှိနေပါသေးတယ်။
လက်တစ်ဆုပ်စာလို့ပြောတာကမှ များနေပါသေးတယ်။ အဲလို အမြင်မတော်ရင်မနေတတ်တဲ့သူက ၅ ယောက်လောက်ပဲရှိပါတယ်။ ဒီ ၅ ယောက်လောက်ဟာ ကိုယ်ကျိုးစီးပွားထည့်မတွက်ဘဲ ဒီရေကိုဆန်တက်တဲ့ တကယ့်ယောက်ျားကောင်းတွေပေါ့ဗျာ။

———————-

စကားမစပ်ပြောရရင် ဆာဘ်ဒေသန္တရအာဏာပိုင်တွေ ထုတ်ဆင့်တဲ့ ဥပဒေကိုပြန်ဖတ်ကြည့်ပါလား။ မြန်မာပြည်က ရပ်ကွပ်အုပ်ချုပ်ရေးမှူးတို့ မြို့နယ်ထွေအုပ်တို့က အခါအားလျော်စွာထုတ်တဲ့ ခရစ်ယာန်တွေ၊ မွစ်ဆလင်မ်တွေစုပေါင်းဝတ်မပြုရ၊ ဘာသာရေးစာမသင်ရ၊ မြေဝယ်ခွင့်မရှိ၊ မွစ်ဆလင်မ်ကိုအဝေးပြေးကားလက်မှတ် မရောင်းရအစရှိတဲ့အမိန့်တွေနဲ့ တူမနေဘူးလား။
ဒါဟာ ဒေသဆိုင်ရာအဆင့်က လုပ်သလိုလိုနဲ့ တကယ်တော့ ဗဟိုကနေစနစ်တကျကို ခိုင်းနေတာဗျို့။ နိုင်ငံတကာဖိအားပေးမှုတွေသာမရှိရင် မြန်မာတစ်ပြည်လုံးမှာ အဲဒီလိုအမိန့်တွေ ပလူပျံနေပြီပေါ့ဗျာ။ သင်ဟာ ဂျင်နိုဆိုဒ်ရာဇဝတ်နိုင်ငံမှာ နေထိုင်နေရကြောင်း အစဉ်အမြဲ သတိရှိပါ။

ဟ ! ဒါဘာတွေလဲ ?

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးဗျူရိုက အရာရှိ ဂျွန်ဝက်စ်တန်ဟာ သူ့အလုပ်ကို အင်မတန်မှ ဂုဏ်ယူတဲ့သူပါ။ သူ့ရဲ့အလုပ်ကတော့ စစ်ထောက်လှမ်းရေးဂြိုဟ်တုက ရိုက်ပေးတဲ့ဓါတ်ပုံတွေ၊ ကြားဖြတ်ကြေးနန်းတွေ၊ ကြားဖြတ်ဖုန်းလိုင်းတွေကသတင်းတွေ၊ သူလျှိုဆီကရတဲ့သတင်းတွေ၊ ဒုက္ခသည်တွေဆီကရတဲ့သတင်းတွေစတဲ့ အချက် အလက်ပေါင်း ၁၀၀၀ ထောင်ကျော်ကို နေ့စဉ် စီစစ်ပီး အစီရင်ခံစာရေးတင်ရတဲ့ အလုပ်ပါ။
ဒီလိုနေ့စဉ်အစီရင်ခံစာတွေကို ဖတ်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကအကြံပေးတွေနဲ့ အရာရှိကြီးတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်လေ့ရှိပါတယ်။ ဝက်စ်တန်အနေနဲ့ ဘော့စ်နီးယားသတင်းတွေကို စီစစ်ဖို့တာဝန်ပေးခံရတာပါ။ သူအဓိက စီစစ်ရမယ့်တာဝန်ကတော့ ဆာဘ်စစ်ဘက်အခြေစိုက်စခန်းတွေ လေကြောင်းရန်ကာကွယ်ရေးနဲ့ တပ်တည်တပ်လှုပ်တွေဖြစ်ပါတယ်။
ဒါပေမဲ့ မကြည့်သော်လည်း မြင်နေရတာတွေကတော့ ဆာဘ်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေပါပဲ။ အစကတော့ ဝက်စ်တန်အနေနဲ့ ရွာတွေမီးလောင်တယ်ဆိုတာ စစ်အတွင်းမတော်တဆဖြစ်တာလို့ ယူဆမိတာပါ။ ဒါပေမဲ့ ခဏခဏဖြစ်ပါများပြီး မြင်ပါများတော့ ဒီကိစ္စမှာတစ်ခုခုတော့ မဟုတ်တာတွေဖြစ်နေပြီလို့ သူတွက်ဆမိလာပါတယ်။ ရက်အနည်းငယ်လောက် သတိထားစောင့်ကြည့်လိုက်တဲ့ အခါမှာတော့ သူသေချာသိသွားပါပြီ။ ဒါတွေဟာ မတော်တဆလုံးဝမဟုတ်တဲ့ ကြိုတင်ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုကြီးဆိုတာကိုပါ။
ဝက်စ်တန်အနေနဲ့ နောက်ရက်ဆိုရင် ဘယ်နားကဘောစ်နီးယန်းရွာမှာ မီးရှို့သတ်ဖြတ်တာတွေဆက်ဖြစ်လိမ့်မယ်ဆိုတာပါ ခန့်မှန်းနိုင်လာပါတယ်။ ဘာမှမသိတဲ့ အေးအေးချမ်းချမ်းနေနေတဲ့ ဘောစ်နီးယန်းရွာလေးဟာ ဝက်စ်တန်ခန့်မှန်းမိတဲ့အတိုင်း နောက်ရက်ကျ ငရဲမီးထဲမြိုက်ခံလိုက်ရပါပီ။ မနေ့က ရွာထဲမှာလှုပ်ရှားသွားလာအသက်ရှင်နေထိုင်ခဲ့သူတွေဟာ ဒီနေ့မှာ ရွာအပြင်ကွင်းပြင်က ကျင်းထဲမှာဘဝဆုံးနေပါလိမ့်မယ်။
ဝက်စ်တန်အနေနဲ့ ဒါတွေကိုသိနေရက်နဲ့ သွေးအေးအေးနဲ့ ထိုင်ကြည့်နေရတဲ့သူ့အဖြစ်ကို စိတ်မလုံတော့ပါဘူး။ ဖြစ်နိုင်ရင် ရွာသားတွေကို သွားပြောပြချင်ပါတယ်။ “ဟေ့…မင်းတို့ကို နောက်နေ့ကျ လာသတ်တော့မှာ” လို့ အော်ပြော လိုက်ချင်ပါတယ်။
သမုဒ္ဒရာခြားတဲ့ US မြေပေါ်ကနေ ဘော့စ်နီးယန်းတွေဆီ တိုက်ရိုက် လှမ်းမပြောနိုင်ပေမယ့် ဝက်စ်တန်အနေနဲ့ သွယ်ဝိုက်ပြောလို့ရတဲ့သူတွေရှိပါတယ်။ နိုင်ငံခြားရေးဌာနက သူ့အထက်အရာရှိတွေကိုပါ။ ဝက်စ်တန်အနေနဲ့သူရဲ့အစီရင်ခံစာမှာ ဒီအချက်အလက်တွေကိုထည့်သွင်းရေးသားပီး US အစိုးရအဖွဲ့သိအောင် အားထုတ်တာပါ။ ဒါတွေကိုသိရင် US အစိုးရအဖွဲ့က တစ်စုံတစ်ရာ action ယူလာလိမ့်မယ်လို့ သူယူဆထားပါတယ်။
ဝက်စ်တန်နဲ့ CIA က သူငယ်ချင်း ၃ ယောက်ဟာ ဒီလိုအစီရင်ခံစာတွေကို တက်တက်ကြွကြွနဲ့ ရေးတင်ကြသူတွေပါ။ သူတို့မျှော်လင့်ထားတာက ဒုက္ခရောက်နေသူတွေအတွက် တရားမျှတမှုပါ။ သူတို့ပြန်ရတာကတော့ အထက်က အရာရှိတွေရဲ့ မျက်မှောင်ကုပ်ကြည့်ခံရတာပါ။ US အစိုးရအဖွဲ့ဟာ ဘော့စ်နီးယားကိစ္စကို သမုဒ္ဒရာခြားတဲ့ ဥရောပတိုက်က ပြည်တွင်းစစ်တခုလို့သာ ယူဆထားတာပါ။
ဆိုဗီယက်လည်း ပြိုကွဲသွားပြီ၊ ဥရောပအနေနဲ့ ကိုယ်ပြသနာကိုယ်ရှင်းကြတော့၊ နေရာတကာ အမေရိကန်ချည်းပဲ တမနေကြနဲ့လို့ US အစိုးရက အပြတ်ပြောပြီးသားပါ။ အစိုးရအဖွဲ့က ဒီလိုမူဝါဒရှိချိန်မှာ အစိုးရဝန်ထမ်းဖြစ်တဲ့ ဝက်စ်တန်တို့ ၄ ယောက်က တစ်စခန်းထပြီး စစ်ဘက်နဲ့မဆိုင်တဲ့ အစီရင်ခံစာတွေ လာတင် နေတော့ အထက်ကငြိုငြင်တာကိုခံရတာပေါ့ဗျာ။ ဝက်စ်တန်ကတော့ ငြိုငြင်တာတွေကို ခဏမေ့ထားပြီး သူ့ခံယူချက်အတိုင်း ကြည့်စရာရှိတာတွေကိုကြည့်ရင်း အစီရင်ခံတာတွေကိုထပ်လုပ်ပါတယ်။
ဒီမှာတင် သူနောက်ထပ်သတိထားမိလာတာက… ဘောစ်နီးယားနိုင်ငံမြောက်ပိုင်း ဘရက်ခ်ကိုမြို့က သားသတ်ရုံတစ်ခုပါ။ (မြန်မာပြည်က သားသတ်ရုံလောက်ကိုမျက်လုံးထဲမမြင်ပါနဲ့၊ ဟိုမှာက စက်ယန္တယားတွေနဲ့ တရက်ကိုအကောင်ရေထောင်ချီသတ်လို့ရတဲ့ သားသတ်ရုံမျိုးပါ။)
အဲဒီသားသတ်ရုံက စစ်ပွဲအစပိုင်းမှာ လည်ပတ်မှု ခေတ္တရပ်ဆိုင်းသွားပါတယ်။ အခု လအတန်ကြာတော့ ပြန်လည်ပတ်လာပါပြီ။ နေ့စဉ်လည်း ထရပ်ကားတွေနဲ့ သားကောင်တွေလာပို့နေပါပြီ။ ဒါပေမဲ့ အဲဒီသားကောင်တွေဟာ ကျွဲတွေ၊ နွားတွေမဟုတ်ဘဲ လူတွေဖြစ်နေတာပါ။ တိတိကျကျပြောရရင်တော့ ဘောစ်နီးယန်းမွစ်ဆလင်မ်သားကောင်တွေပါ။
ထရပ်ကားတွေဝင်လာလိုက်၊ လူတွေကို ချသွားလိုက်၊ သားသတ်ရုံက စက်တွေလည်ပတ်လိုက်၊ သားသတ်ရုံဘေးပတ်လည်ကွက်လပ်က ကျင်းတွေမှာ လူရိုးတွေကိုမြုပ်လိုက်နဲ့ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ယန္တယားလည်ပတ်ပုံကို ဂြိုဟ်တုဓါတ်ပုံမှာထင်းထင်းကြီး မြင်နေရပါတော့တယ်။ ဒါဟာ နာဇီစတိုင် သေမင်းတမန်အကျဉ်းစခန်းပဲပေါ့။ ဆာဘ်တွေမှာ ဒီလိုအကျဉ်းစခန်း ဘယ်နှစ်ခုလောက်များ ရှိနေသလဲဆိုတာကို ထောက်လှမ်းကြည့်တော့ စုစုပေါင်း အခု ၂၀၀လောက်ရှိနေပါရောလား။
အကျဉ်းစခန်းတိုင်းမှာတော့ ပုံမှန်လူသတ်နေတာတော့မဟုတ်ပါဘူး။ တချို့စခန်းတွေက မိန်းခလေးတွေကိုဖမ်းပြီး မုဒိန်းကျင့်ဖို့၊ တချို့စခန်းတွေက အတင်းအဓမ္မအင်အားသုံးခိုင်းစေဖို့ စသဖြင့် အမျိုးမျိုးအစုံစုံပါ။ မြေပြင်က ဒုက္ခသည်
တွေရဲ့ ထွက်ဆိုချက်တွေနဲ့ ဝက်စ်တန်ရဲ့ဂြိုဟ်တု ဓါတ်ပုံတွေနဲ့လည်း ကိုက်ညီပါတယ်။ ဝက်စ်တန်နဲ့ သူ့ဘော်ဒါ ၃ ယောက်ဟာ ထောက်လှမ်းရေးကြားဖြတ် ကြေးနန်းတွေနဲ့ ဂြိုဟ်တု ဓါတ်ပုံတပုံတခေါင်းကြီးကို ၃ ရက်နဲ့ ၃ ညဆက်တိုက် မနေမနား အပင်ပန်းခံစီစစ်ခဲ့ပြီး နာဇီစတိုင်အကျဉ်းစခန်းတွေအကြောင်း အစီရင်ခံစာရေးတင်ပါတယ်။
ဒါပေမဲ့လည်း ထုံးစံအတိုင်း ဘာမှထူးမလာသေးပါဘူး။ ဝက်စ်တန်အနေနဲ့ ဂုဏ်ယူရတဲ့ သူ့အလုပ်ပေါ်မှာ စိတ်ပျက်စ ပြုလာပါတယ်။ ဝက်စ်တန်က စိတ်ပျက်ရုံပဲပျက်တာပါ။ US နိုင်ငံခြားရေးဝန်ကြီးဌာနက ဘော့စ်နီယားတာဝန်ခံ ဂျော့ခ်ျကန်နီဆိုရင် “ဘာမှလုပ်မရမဲ့အတူတူ ဒီအလုပ်က ထွက်တယ်ဟေ့” လို့ လူသိရှင်ကြားကြေငြာပြီး ဆန္ဒပြအလုပ်ထွက်ပစ်ခဲ့ပါတယ်။
US နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ခံတယောက်အဖြစ်အလုပ်ရဖို့ဆိုတာ အင်မတန်မှ ထက်မှ၊ ပညာတတ်မှ၊ လုပ်ရည်ကိုင်ရည်ရှိမှ လူတစ်ထောင်မှာတယောက်ရတဲ့ အလုပ်မျိုးပါ။ မလုပ်မရှုပ် မပြုတ်နေချင်ပုံမရတဲ့ သူကတော့ အလုပ်ထွက်ပြီးကို ဆန္ဒပြသွားတာပါ။
ဒီအချိန်မှာ ဝက်စ်တန်ရဲ့ အထက်ကဆရာသမားတွေကို ဒီမတရားမှုတွေနဲ့ ပတ်သတ်ပြီး ဖင်မီးတိုက်မဲ့သူတွေပေါ်ပေါက်လာပါတယ်။ သူတို့တွေကတော့ လူ့အခွင့်အရေးအဖွဲ့တွေ သတင်းထောက်တွေနဲ့ အယ်ဒီတာကြီးတွေပါပဲ။

——————————

မိတ်ဆွေ သင်ဟာ သာမန်လူတယောက် မဟုတ်ပါဘူး။ သင့်လက်ထဲက စမတ်ဖုန်းကိုပြန်ကြည့်ပါ။ အဲဒီဖုန်းဟာ ဟယ်ရီပေါ်တာထဲက မှော်ကြိမ်လုံးထက် ပိုအစွမ်းထက်ပါတယ်။ အဲဒီဖုန်းထဲမှာ အသံကို record လုပ်လို့ရပါတယ်။ ဓါတ်ပုံဗီဒီယို ရိုက်လို့ရပါတယ်။ ရှိပြီးသားဓါတ်ပုံ၊ ဗီဒီယိုတွေကို ကမ္ဘာသိအောင်ဖြန့်ပေးတဲ့ ဖေ့စ်ဘွခ်၊ ယူကျူ့ ၊ ဗိုင်ဗာ၊ တွိတာ ပါပါတယ်။
CIA အရာရှိ ဂျွန်ဝက်စ်တန်တို့ လွန်ခဲ့တဲ့နှစ် ၃၀ က လျှို့ဝှက်အစီရင်ခံစာ တင်သွင်းရာမှာသုံးတဲ့ ဂြိုဟ်တုဓါတ်ပုံလို ဓါတ်ပုံမျိုးကို အချိန်မရွေးဖွင့်ကြည့်လို့ရတဲ့ application သင့်ရဲ့ စမတ်ဖုန်းမှာ အခုကို ရှိပါတယ်။ အခုလောလောဆယ် ကမ္ဘာမြေပြင်က ဘယ်နေရာမီးလောင်ပြင်ဖြစ်သွားလဲ၊ ရေကြီးလဲ သင်ကိုယ်တိုင် ဂြိုဟ်တုဓါတ်ပုံမှာ ထောက်ကြည့်လို့ရပါပြီ။ သင်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ တစ်ပတ်နွမ်းအသုံးအဆောင်တွေကို ကိုင်တွယ်အသုံးပြုခွင့်ရနေသူပါ။
သင်ဟာ ဒီ အသုံးအဆောင်တွေကို ဖွန်ကြောင်ဖို့၊ ကြူဖို့လောက်ပဲ မသုံးဘဲ အကျိုးရှိရှိသုံးတတ်မယ်ဆိုရင် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကိုတိုက်ဖျက်ရာမှာ နိုင်သလောက် ပါဝင်တိုက်ခိုက်တဲ့ စစ်သည်တယောက်ဖြစ်လာနိုင်ပါတယ်။ Fighters against Genocide တွေနဲ့ ခုပဲလက်တွဲလိုက်ပါ ရဲဘော်…

ဟိုလိုကောစ်ရဲ့ ပဲ့တင်သံ

နာဇီဟစ်တလာကို ဗြိတိသျှ ဝန်ကြီးချုပ် ချိန်ဘာလိန်က မြူးနစ်မြို့မှာ အလျှော့ပေးခဲ့တဲ့အချိန်တုန်းက US အစိုးရဟာ ကိုယ်နဲ့မဆိုင်သလိုနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ၁၀ နှစ်တောင်မစောင့်လိုက်ရဘဲ အမေရိကန်တွေဟာ နာဇီ ဂျာမန်တွေနဲ့ ဒုတိယကမ္ဘာစစ်မြေပြင်မှာရင်ဆိုင်ရပါတော့တယ်။ စစ်ကြီးလည်းပြီးရော နာဇီတွေလက်ချက်နဲ့ ဂျူး ၆ သန်းအပါအဝင် လူ ၁၁ သန်းကျော် အသက်ပျောက်ခဲ့ရတဲ့ ရာဇဝတ်မှုကြီးကို မြင်ခဲ့ရပါတယ်။ နာဇီတွေရဲ့ အဲဒီဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးကို ဟိုလိုကော့စ်လို့အမည်ပေးခဲ့ပါတယ်။
ခုလည်း ဥရောပတိုက် ဘော့စ်နီးယားမှာ “ဟိုလိုကော့စ်ရဲ့ ပဲ့တင်သံaတွ”ကိုကြားနေရပြီ။ အမေရိကန်တွေ တို့နဲ့ဘာမှမဆိုင်ဘူးလို့ ထပ်ပြီးခံယူကြဦးမှာလား။ ဒီလိုသဘောစတင်ရေးသားလိုက်တဲ့မီဒီယာတွေကတော့ ဂါးဒီးယန်း (The Guardian) နဲ့ အင်ဒီပင်းန်ဒန့်စ် (The Independence) သတင်းစာတွေပါ။ နေ့စဉ် ရုပ်သံလွှင်မှုတွေမှာလည်း နာဇီတွေရဲ့ ဟိုလိုကော့စ်နဲ့ ဘော့စ်နီးယားကအကျဉ်းစခန်းတွေကို နှိုင်းယှဉ်ပြီး လွှင့်ပေးပါတော့တယ်။ ၁၉၉၂ သြဂုတ်လ ပထမ ၂ ပတ်အတွင်း ဘော့စ်နီးယားအကြောင်း ရုပ်သံလွှင့်မှုပေါင်း ၄၈ ခုအထိရှိခဲ့ပါတယ်။
နယူးစ်ဒေး (The Newsday) သတင်းစာရဲ့ “အော့ခ်ျဝစ်ဇ်နဲ့အလားတူ” ဆိုတဲ့ဆောင်းပါးဟာ စာပေပူလစ်ဇာဆုတောင်ရသွားပါသေးတယ်။ ပူလစ်ဇာဆုရတာထက် ပိုအဖိုးတန်တာကတော့ အမေရိကန်ပြည်ထောင်စုက သာမန်ပြည်သူ တွေ တက်ကြွလှုပ်ရှားသူတွေရဲ့ အာရုံစိုက်မှုကိုပါရရှိခဲ့ပြီး အမေရိကန်အစိုးရကိုပါ ဖင်မီးတိုက်နိုင်လိုက်တာပါ။
ဝက်စ်တန်တို့ရဲ့ အစီရင်ခံစာတွေကို လျစ်လျူရှုခဲ့တဲ့ အိမ်ဖြူတော်ကအရာရှိကြီးတွေဟာ သတင်းစာရှင်းလင်းဆောင်မှာတော့ သတင်းထောက်တွေရဲ့ ခပ်ကြမ်းကြမ်းမေးခွန်းတွေကို ရှောင်ထွက်လို့မရတော့ပါဘူး။ သတင်းထောက်တွေအနေနဲ့ကလည်း ဘော့စ်နီးယားကို သက်စွန့်ဆံဖျား သတင်းသွားယူခဲ့သူတွေပါ။ သူတို့ကို အိယောင်ဝါးသွားဖြေလို့မရပါဘူး။ မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထင်ရှားတဲ့ လှုပ်ရှားမှုတွေကို အကျဉ်းချုပ်ဖော်ပြရမယ်ဆိုရင်…
– ၁၉၉၂ ဇွန်လမှာ ဘော့စ်နီးယားဒုက္ခသည်ပထမအသုတ်ဟာ ခက်ခက်ခဲခဲဖြတ်ကျော်ပြီးခရိုအေးရှားနိုင်ငံထဲကို ဝင်ရောက်လာချိန်မှာ သတင်းထောက်တွေဟာအမိအရ အင်တာဗျူးတွေလုပ်နိုင်ခဲ့ပါတယ်။ ဒီမှာတင် အကျဉ်းစခန်းတွေရှိကြောင်း အခိုင်အမာ လူသက်သေတွေ စရလာပါတယ်။
– ၁၉၉၂ ဇူလိုင်မှာ မန်ဂျာကာအကျဉ်းစခန်းကို ICRC က ဝင်စစ်နိုင်ခဲ့ပြီး ပိန်ချုံးနေတဲ့ အကျဉ်းသားတွေဟာ သောက်စရာရေတောင်မရှိလို့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို စိုစွတ်အောင် ကိုယ့်သေးနဲ့ကိုယ်ပြန်စွတ်နေရတာမျိုးကို မှတ်တမ်းတင် နင်ခဲ့ပါတယ်။
ICRC ဟာ ဒီလိုအကျဉ်းစခန်း ၉ ခုထိကိုသွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ တခါတရံ သဲထိတ်ရင်ဖို ရင်ဆိုင်တာတွေလည်းကြုံရပါသေးတယ်။ ဥပမာ- ဆာဘ်ခေါင်းဆောင် ကာရာဒစ်ဇ်က “ဘာနာဇီ အကျဉ်းစခန်းမှမရှိဘူး။ ရိုးရိုး
စစ်အကျဉ်းစခန်းပဲ။ စစ်သုံ့ပန်းတွေကိုဖမ်းချုပ်ထားတာ၊ မယုံရင်ဝင်စစ်လို့” စိန်ခေါ်ပါတယ်။
ကာရာဒစ်ဇ် တွက်ထားတာက အထောက်အထားတွေကို ဖျောက်ဖျက်ပြီးမှ ဝင်အစစ်ခံဖို့ပါ။ ဒါပေမဲ့ သတင်းထောက်တွေက ခြေသွက်လက်သွက်နဲ့ သတင်းအမြန်ဝင်ယူတဲ့အခါ ဖုံးတဝက်ပေါ်တဝက်တွေ ဖြစ်ကုန်ပါတယ်။ ဒီအတွက် သတင်းထောက်တွေရတဲ့ဆုကတော့ ချောင်းပစ်ခံရခြင်းပါပဲ။ ဒါပေမဲ့ သတင်းထောက်တွေဟာ နောက်တွန့်မသွားပါဘူး။ ထူးခြားတဲ့ တိုက်ဆိုင်မှုတွေလည်း ရှိပါသေးတယ်။
ဥပမာ-ထရာနိုပိုဂျေ အကျဉ်းစခန်းကို သတင်းသမားတွေရောက်ခါမှ အကျဉ်းသားအသစ်တွေကို ဖမ်းခေါ်လာတာနဲ့ တိုက်ဆိုင်သွားတာမျိုးပါ။ အကျဉ်းသားတွေ အကျဉ်းစခန်းထဲဝင်ရောက်လာရပုံဟာ အောခ်ျဝစ်ဇ်ကို အဖမ်းခံဂျူးတွေ ဝင်ရောက်လာပုံနဲ့တူလွန်းလှပါတယ်။ သတင်းထောက်တွေကလည်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အင်မတန်မှ ကြေကွဲစရာတွေကိုလည်းကြားခဲ့ရပါတယ်။ ဥပမာ-အမေကိုသံဆူးကြိုးရဲ့ အခြားတဖက်မှာ ချုပ်နှောင်ထားပြီး သံဆူးကြိုးရဲ့ တဖက်မှာတော့ သမီးကို မုဒိန်းကျင့်ကြတာပါ။
ဆာဘ်တွေရဲ့ မုဒိန်းဒဏ်ကိုခံလိုက်ရတဲ့ ခလေးမလေးဟာ သွေးအိုင်ထဲမှာလဲနေပြီး ကူရာမဲ့ကယ်ရာမဲ့ တအိအိနဲ့ ဝေဒနာခံစားရရင်း အသက်ထွက်သွားတာကို သံဆူးကြိုးရဲ့အခြားတဖက်ကအမေခမျာ ဘာမှမကူနိုင်ဘဲ မျက်ရည်ကျပြီး ကြည့်နေရတဲ့ အဖြစ်မျိုးတွေကိုလဲ အင်တာဗျူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


သတင်းထောက်တွေလိုပဲ အသက်ကိုဖက်နဲ့ထုတ်ပီးဘော့စ်နီးယားနိုင်ငံတွင်းကို ဝင်ရောက်ပြီးအထောက်အထားယူခဲ့သူတွေရှိပါသေးတယ်။ အဲဒီလူတွေကတော့ထောင်နဲ့ချီတဲ့ ဥပဒေပညာရှင်တွေပါ။ ဒီဥပဒေပညာရှင်တွေကို ဘော့စ်နီးယားနိုင်ငံတွင်းကို စေလွှတ်ခဲ့တာကတော့ ဟဲလ်ဆင်ကီ အဖွဲ့ကြီးဖြစ်ပါတယ်။ (ဟဲလ်ဆင်ကီ အဖွဲ့ကြီးဟာ အခုချိန်မှာ HRW လို့အမည်တွင်လာခဲ့တဲ့ အဖွဲ့ကြီးပါ။)
ဒီဥပဒေပညာရှင်တွေဟာ မကြာခဏ ဆာဘ်တွေရဲ့ချောင်းပစ်တာကို ခံရလေ့ရှိပါတယ်။ သေတဲ့သူတွေလည်းသေကြပါတယ်။ ဒါပေမဲ့ တာဝန်ကို ဦးထိပ်ထားလို့ အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မကုန်ခင်မှာ ဟဲလ်ဆင်ကီရဲ့ အစီရင်ခံစာ ၂ စောင်ထွက်ရှိလို့လာခဲ့ပါတယ်။ ဒီအစီရင်ခံစာ ၂ စောင်ဟာ နောက်ပိုင်းမှာ ဆာဘ်တွေကို ခုံရုံးတင်စစ်ဆေးရာမှာ အဓိကသက်သေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မီဒီယာတွေရဲ့တွန်းအားကြောင့် စီနီယာဘုရှ်ဦးဆောင်တဲ့ US အစိုးရဟာ ဘော့စ်နီးယားကိစ္စကို ဥရောပရဲ့ကိစ္စ သပ်သပ်လို့ မျက်နှာလွှဲခဲပစ် လုပ်လို့မရတော့ပါဘူး။

———————

ထရမ့်က ဘာမှမလုပ်သေးဘူးလား။ US အစိုးရက ငုပ်တုပ်ထိုင်ကြည့်နေ တာလားဆိုတာရဲ့ အဖြေပါ။ ထရမ့်ဖြစ်ဖြစ် ဘုရှ်ဖြစ်ဖြစ် သူတို့လုပ်တဲ့အလုပ်က ရွေးကောက်ပွဲအနိုင်ရရေးနဲ့ အာဏာတည်မြဲရေးပါ။ ဂျင်နိုဆိုဒ်ကိစ္စဟာ သူတို့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကို ဖင်မီးတိုက်ပေးပီး ဂျင်နိုဆိုဒ်ကိစ္စမှာ အလုပ်လုပ်ခိုင်းလို့ရပါတယ်။ အဲဒီလို အလုပ်လုပ် ခိုင်းတတ်ခြင်းဟာ နိုင်ငံရေးပညာပါပဲ။ ဘော့စ်နီးယားကိစ္စမှာ CIA ရဲ့တင်ပြချက်တွေကိုတောင် ကိုယ်ကျိုးစီးပွားမရှိတော့ အိမ်ဖြူတော်က လျစ်လျူရှုပါတယ်။ မီဒီယာတွေနဲ့ တည်ပေးလိုက်မှပဲ ဘုရှ်ဟာ အလုပ်လုပ်တော့တာပါ။
ဒီနေရာမှာ လျှိုကွက်တွေ ကျန်ပါသေးတယ်။ သတင်းထောက်တွေနဲ့ ICRC ကိုဘော့စ်နီးယားထဲပေးဝင်ဖို့ ဘယ်သူက စတင်ဖိအားပေးသလဲဆိုတာပါ။
အဲဒီဖိအား စတင်ရာနေရာဟာ ဖိုက်တာကြီးတွေစုနေတဲ့နေရာပါ။

ပျားရည်နဲ့ဝမ်းချ ခြင်း

မြို့ပြမှာရှိတဲ့ ဘော့စ်နီးယန်းတွေလဲကုန်ပြီ။ ကျေးလက်က ဘော့စ်နီးယန်းရွာတွေလဲ မရှိသလောက်ကုန်ပြီ။ နာဇီစတိုင်အကျဉ်းစခန်းတွေ၊ နာဇီထက်ဆိုးတဲ့ မုဒိန်းစခန်းတွေကိုလည်း တည်ဆောက်ပြီးပြီ။ ဆာဘ်တွေရဲ့ ဂျင်နိုဆိုဒ်ကတော့ အပြည့်အဝ အရှိန်ရသွားပါပြီ။ ကမ္ဘာကြီးကလဲ ဆာဘ်တွေရဲ့ ကျူးလွန်မှုကို နာဇီတွေရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီး မြင်ခဲ့ပါပြီ။
အမေရိကန်အစိုးရအနေနဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှုတားဆီးရေးအတွက် ပြတ်ပြတ်သားသားတစ်ခုခု ဆောင်ရွက်ပါတော့။ အမေရိကန်ကို နေရာတကာ ကန့်လန့်လုပ်တဲ့ ဆိုဗီယက်လည်းပြိုကွဲသွားပြီမို့ လုပ်စရာရှိတာကို ထိထိရောက် ရောက်လုပ်လို့ရပါပြီမဟုတ်လားဗျာ? မှန်ပါတယ်! ဒါဟာ သာမန်လူတွေရဲ့ အမြင်ပါ။
ဒါပေမဲ့ USအစိုးရဘက်က ပြန်ကြည့်ရင်တော့ ဆာဘ်တွေဘာလုပ်လုပ် US ကိုထိခိုက်နေတာမှ မဟုတ်တာ။ US တပ်တွေကို ဘောစ်နီးယားပို့လိုက်မှပဲ မြေပြင်တိုက်ပွဲတွေဖြစ်လာပြီး US စစ်သားတွေသေတာကြေတာ ထိခိုက်တာတွေ ဖြစ်လာမှာပါ။ ဒါဆို US အစိုးရက ဘာမှ မလုပ်တော့ဘူးလား…?
အဲဒီလိုတော့မဟုတ်ပါဘူး…။
လူသားချင်းနာစာထောက်ထားမှု အကူအညီတွေကိုတိုးမြှင့်ပေးပါတယ်။ ပြီးတော့ အဲဒီအကူအညီတွေကို တကယ်ဒုက္ခရောက်နေသူတွေလက်ထဲရောက် အောင်ပို့ပေးဖို့ အားထုတ်ပါတယ်။ ဆာဘ်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုခံနေရတဲ့ ဘော့စ်နီးယန်းမြို့တွေကို လေယာဉ်ပေါ်ကနေ ရိက္ခာချပေးတဲ့အစီအစဉ်ကိုလဲလုပ်ပါတယ်။ ဗြိတိသျှဦးဆောင်တဲ့ UN တပ်သား ၆ ထောင် ဝင်ရောက်တပ်စွဲဖို့ကိုလည်းကူညီပေးပါတယ်။
အကျဉ်းစခန်းတွေကို ဒီထက်မက ဝင်ရောက်စစ်ဆေးခွင့်ရဖို့ သံခင်း တံမန်ခင်းဖိအားပေးပါတယ်။ ဗဟိုဆားဘီးယားအပါအဝင် ဆာဘ်တွေကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း ချမှတ်ခဲ့ပါတယ်။ ဒီလိုလုပ်တာတွေက ကောင်းလား ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်လိုအပ်နေတဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို ချေမှုန်းပစ်ဖို့ကိစ္စကိုတော့ ရှောင်လွှဲပြီးလုပ်နေတာမို့ သတ်ဖြတ်မှုတွေ မုဒိန်းမှုတွေဟာ ပပျောက်သွားတာမျိုးမဟုတ်ဘဲ အရှိန်အတန်ငယ်လျော့သွားတာမျိုးပဲဖြစ်ပါတယ်။

စီနီယာဘုရှ်အစိုးရဟာ ပျားရည်နဲ့ ဝမ်းချနေပြီလား ?
ဘော့စ်နီးယားသမ္မတ အလီဂျာ ကတော့ ၁၉၉၂ သြဂုတ်လမှာ စီနီယာ ဘုရှ်ကို တောင်းဆိုချက်တခု ပြုလုပ်ခဲ့ပါတယ်။ အလီဂျာပြောခဲ့တာက “ဘော့စ်နီးယားကို US စစ်သားလူငယ်တွေ ပို့စရာမလိုပါဘူး။ ကျွန်တော်တို့မှာလည်း လူငယ်စစ်သားတွေရှိပြီးသားပါ။ ခက်တာက သူတို့လက်ထဲမှာ စစ်တိုက်စရာသေနတ်မရှိဖြစ်နေတာပါ။ အဓိကကတော့ UN ကချမှတ်ထားတဲ့ လက်နက်ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကြောင့်ပါ။ ဆားဘီးယားနိုင်ငံကတဆင့် လက်နက်တွေ အလျှံပယ်ရနေတဲ့ ဆာဘ်တွေအဖို့ လက်နက်ပိတ်ဆို့မှုက မထိရောက်ပေမယ့် ဘော့စ်နီးယန်းတွေအဖို့ကတော့ တကယ်ထိနေပါတယ်။ ဒါကြောင့် ဘော့စ်နီးယန်းတွေကို လက်နက်တပ်ဆင်ပေးပါ။” စီနီယာဘုရှ်ကတော့ ပယ်ချလိုက်ပါတယ်။
ဘော့စ်နီးယားဝန်ကြီးချုပ် ဆလာဂ်ျကတော့ငိုရှာပါတယ်။ “ဒို့ဘော့စ်နီးယန်းတွေ ကမ္ဘာမြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားလေတော့မလား” ဆိုပြီးငိုရှာပါသတဲ့။ သူငိုမယ်ဆိုလဲ ငိုလောက်စရာပါ။ နိုင်ငံရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်းကို ရန်သူဆာဘ်တွေက သိမ်းပိုက်ထားပြီး တောင်ဘက်ပင်လယ်ပြင်မှာလည်း US ရေတပ်က ပိတ်ဆို့ထားကာ လာသမျှသင်္ဘောတွေမှာ လက်နက်ပါ/မပါ စစ်နေပါတော့တယ်။ ပါလာရင်လဲ သိမ်းဆည်းပစ်ပါတယ်။ UN ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင် လော့ဒ်အိုဝင်ကတော့ “Don’t, don’t, don’t dream” (အနောက်နိုင်ငံတွေက ကူညီလိမ့်မယ်လို့) အိပ်မက် မက်မနေကြနဲ့လို့ ဘော့စ်နီးယန်းတွေကို သတိပေးစကားပြောခဲ့ပါတယ်။ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ ကိုယ့်လက်ကိုယ့်ခြေနဲ့ ရုန်းကန်ရုံမှတပါး အခြားမရှိ ဖြစ်လေပြီလား။

————————

ကျွန်တော်တို့လည်း လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းက ဆလာဂ်ျလို ငိုခဲ့ရတဲ့ရက်တွေရှိပါတယ်။ အဖိနှိပ်ခံလူမျိုးတိုင်းဟာ ဒီလိုတော်လှန်ရေး ရေချိန်နိမ့်ပါးတဲ့ အခြေအနေကို တစ်ချိန်မဟုတ်တစ်ချိန် ဖြတ်ကိုဖြတ်သန်းရလေ့ရှိပါတယ်။ ဖိနှိပ်တဲ့ရန်သူအတွက်တော့ ဒီအချိန်ဟာ အသာစီးအရဆုံးအချိန်။ လုပ်ချင်ရာလုပ်ခွင့် အရဆုံးအချိန်ဖြစ်လေ့ရှိပါတယ်။ ဒီအချိန်ကို ကြံ့ကြံ့ခံကျော်လွှားနိုင်ပြီဆိုရင် အဖိနှိပ်ခံတွေဟာ ရန်သူရဲ့ လက်စတုံးသုတ်သင်ခံရမှုကနေ လွတ်မြောက်ပြီလို့ ဆိုနိုင်ပါပြီ။ ဒီလိုကြံ့ကြံ့ခိုင်ကျော်လွှားဖို့ အချက် ၂ ချက် အဓိကလိုပါတယ်။
၁။ မိမိကိုယ်ကိုပြန်လည်တည်ဆောက်ခြင်း (အတွင်းအားစုခြင်း) နဲ့
၂။ မိတ်ဆွေကောင်းများ အခိုင်အမာတည်ဆောက်ခြင်း (အပြင်အားစုခြင်း)

ရန်သူကတော့ ဒီလိုအချိန်မှာ သုံးလေ့ရှိတဲ့နည်းဗျူဟာက –
၁။ အကြောက်လွန်၍ အထီးကျန်သွားစေပြီး လုံးဝဒူးထောက်သွားအောင်လုပ်ခြင်း။
၂။ စိတ်ထွက်ပေါက်ရှိရာလုပ်စေခြင်းဖြင့် အကြမ်းဖက်သမားလို့တံဆိပ်ကပ်ခြင်း။
မြန်မာပြည်က လူနည်းစုတွေအနေနဲ့ အထီးကျန်နေတာမရှိတော့ပါဘူး။
ကမ္ဘာ့လူ့အသိုင်းအဝိုင်းကြီးနဲ့ကျွန်တော်တိုဟာ တွဲလက်တွေမြဲခဲ့ပါပြီ။ ကျွန်တော်တို့တော်လှန်ရေးရေချိန်အကျဆုံးအချိန် အခက်ခဲဆုံးအချိန်ကိုတော့ ဖြတ်ကျော်လာနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဟာ အကြောက်မလွန်ဖို့ရယ် စိတ်ထွက်ပေါက်အဖြစ်ထင်ရာလျှောက်မလုပ်ဖို့ရယ်သာ လိုပါတယ်။

ဘော့စ်နီးယန်းတွေတောင့်ခံထား

၁၉၉၂ ဧပြီမှာ နိုင်ငံတကာက ဘောစ့်နီးယားနိုင်ငံရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပါတယ်။ နိုင်ငံတကာရဲ့ အထင်က “ဒီလို ဘောစ့်နီးယားရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ဆာဘ်တွေကို ဟန့်တားရာရောက်မှာဖြစ်ပြီး စစ်ပွဲတစ်ခုကို ရှောင်ရှားနိုင်မှာဖြစ်တယ်” ယူဆကြတာပါ။ အလီဂျာအပါအဝင် ဘောစ့်နီးယန်းခေါင်းဆောင်ပိုင်းကလည်း ဒီလိုပဲထင်ခဲ့ကြပါတယ်။ “တို့တွေ စစ်တိုက်ရမယ်ဆိုလဲ ခဏပေါ့။ နိုင်ငံတကာက တို့လွတ်လပ်ရေးကို အသိအမှတ်ပြုတာနဲ့တပြိုင်နက် အားလုံးပြေလည်သွားမှာပါလို့” တွေးထင်ခဲ့ကြတာပါ။
သို့သော်….
အထင်က အထင်၊ လက်တွေ့က လက်တွေ့ တခြားစီပါ။
ရှေ့မှာ ကျွန်တော်ရေးခဲ့တဲ့ ဆာဘ်ဂျင်နိုဆိုဒ် ငရဲခန်းတွေ ဟာ ဘော့စ်နီးယန်း လွတ်လပ်ရေးကို ကမ္ဘာကအသိအမှတ် ပြုပြီးနောက်ပိုင်းမှာကို ဆက်ဖြစ်ခဲ့တာတွေပါ။ စီနီယာဘုရှ်က အလီဂျာရဲ့ လက်နက်ပိတ်ဆို့မှု ပယ်ဖျက်ပေးရေးအဆိုကို ပယ်ချပြီးတဲ့ နောက်မှာတော့ အရာရာဟာနောက်ကျနေပြီလို့ တွက်ဆမိတဲ့ ဘောစ့်နီးယန်းတွေဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်ကြရပါတော့တယ်။
လောလောဆယ် ဘောစ့်နီးယန်းတွေအဖို့ သေရေးရှင်ရေးလိုအပ်နေတာ လက်နက်နဲ့ခဲယမ်းပါ။ မွစ်ဆလင်မ်ဘောစ့်နီးယားစစ်တပ်အတွက် ပထမဆုံးလက်နက်ထောက်ပံ့တဲ့သူကတော့ ပြင်ပနိုင်ငံတစ်ခုမဟုတ်ပါဘူး။ ဘောစ့်နီးယန်း အရပ်သားတွေကိုယ်တိုင်ပါ။ မအံ့သြပါနဲ့။ အဖြစ်က ဒီလိုပါ။
စစ်မဖြစ်ခင်ကတည်းက ဘော့စ်နီးယားအလယ်ပိုင်းဟာ စက်မှုဒေသပါ။ တွင်ခုံလုပ်ငန်း၊ ဝပ်ရှော့လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေကို တပိုင်တနိုင်ကနေ စက်မှုဇုံထောင်ပြီးလုပ်ကိုင်နေတဲ့ လူတွေအများကြီးပါ။ အဲဒီ လုပ်ငန်းတွေလုပ်နေတဲ့ အရပ်သားတွေဟာ စစ်လည်းဖြစ်လာရော စစ်လက်နက်ထုတ်လုပ်ရာ စက်မှုပညာသည်တွေဖြစ်လာပါတယ်။ ရသမျှ သံတို သံစ၊ ကားအဟောင်း၊ စက်ဘီး၊ ကြေးပစ္စည်းတွေကို အရည်ကြိုတဲ့လူကကြို၊ တွင်ခုံ
မှာဖြတ်တောက်ပုံသွင်းသူကသွင်း၊ အချောသပ်သူကသပ်နဲ့ လက်နက်ခဲယမ်းတွေကို ထုတ်လုပ်ကြပေးကြပါတယ်။ ဒီလိုလက်နက်တွေနဲ့ ဆာဘ်တွေကို ရှေ့တန်းစစ်မြေပြင်မှာရင်ဆိုင်ကြရပါတယ်။ လက်နက်အင်အားကွာလွန်းလှလို့ မွစ်ဆလင်မ်တွေဘက်က အသေအပျောက်ကလည်း မနည်းလှပါဘူး။
အလီဂျာအနေနဲ့ နောက်ထပ် လက်နက်လမ်းကြောင်းအသစ်ကိုရှာရပါ တယ်။ US ကတော့ ကမ်းတဲ့လက်ကို ပုတ်ချခဲ့ပါပြီ။ ဒါပေမဲ့ ဘော့စ်နီးယန်းတွေဟာ မွစ်ဆလင်မ်တွေပါ။ ကမ္ဘာအရပ်ရပ်က မွစ်ဆလင်မ်နိုင်ငံတွေကတော့ အလီဂျာကို မျက်စလှမ်းပစ်နေကြပါပြီ။ ၁၉၉၂ အောက်တိုဘာမှာ အလီဂျာဟာ အီရန်ကိုသွားခဲ့ပြီး လက်နက်ကိစ္စအတွက်ဆွေးနွေးခဲ့ပါတယ်။ အဆင်ပြေပါတယ်။
တကယ်က ဒီဆွေးနွေးပွဲ မတိုင်ခင်ကတည်းက အီရန်ဟာ ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေကို လက်နက်ထောက်ပံ့နေပါပြီ။ ဥပမာ-၉၂ စက်တင်ဘာတုန်းက အီရန်ဘိုးအင်းလေယာဉ်တစ်စင်းဟာ ခရိုအေးရှားနိုင်ငံမြို့တော် ဇာဂရဘ်လေဆိပ်မှာ ဆင်းသက်လာပါတယ်။ လေယာဉ်နဲ့ပါလာတာကတော့ လက်နက်ခဲယမ်းတွေနဲ့ ဘော့စ်နီးယန်းမွစ်ဆလင်မ်စစ်တပ် တံဆိပ်တပ်ထားတဲ့ ယူနီဖောင်းတွေပါ။ ဒါပေမဲ့ UN ကသိသွားလို့ အကုန်သိမ်းဆည်းခံလိုက်ရပါတယ်။
ဒီလို သိမ်းဆည်းခံရအပြီးမှာတော့ အီရန်တွေဟာ ပိုမိုပါးနပ်တဲ့နည်းသုံးပြီးထောက်ပံ့ပါတယ်။ လက်နက်ချည်းပဲ ဒဲ့မပို့တော့ဘဲလူသားချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းတွေပို့တာပါ။ အဲဒီ ပစ္စည်းတွေကြားထဲမှာမှ လက်နက်ခဲယမ်းတွေ ထည့်ပေးလိုက်တာပါ။

၁၉၉၂ နိုဝင်ဘာမှာ အီရန်ဆီက လူသားချင်းစာနာမှု ကုန်ပစ္စည်း ၆ တန်ရောက်လာပါတယ်။ အထဲမှာတော့ ထုံးစံအတိုင်း လက်နက်ခဲယမ်းတွေပေါ့။ ဒီနည်းက အတော်ကို အဆင်ပြေပါသတဲ့။ အလီဂျာဟာ အီရန်နဲ့ ဆွေးနွေးအပြီး ဆော်ဒီနဲ့ တူရကီကိုလည်း ဆက်သွားပါတယ်။ ဆော်ဒီကတော့ သူလည်းပေးမယ် ဒါပေမဲ့ အီရန်ဆီက မယူဖို့တော့မှာပါသတဲ့။ အလီဂျာကတော့ ဆော်ဒီဆီကရော အီရန်ဆီကပါ ယူရပါတယ်။ သူတို့အတွက် ကောက်ရိုးတမျှင်လှမ်းဆုပ်လို့ရရင်လည်း လှမ်းဆုပ်ရမယ့် အနေအထားလေဗျာ။ တူရကီကတော့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေးအတွက် တာဝန်ယူပေးပါမယ်တဲ့။ NATO အဖွဲ့ဝင်ဖြစ်တဲ့အတွက် တူရကီဟာ တချို့သောဂိတ်တွေ ကို မျက်စိမိတ်ပီးဖြတ်လို့ရသကိုး။ စစ်ပွဲအစပိုင်းမှာရန်သူကိုလျှော့တွက်မိတဲ့ အလီဂျာဟာခုချိန်မှာတော့ နိုင်ငံရေးကို ပါးပါးနပ်နပ်နဲ့ ကစားရပါတယ်။
၁၉၉၂ မေလမှာ JNA တပ်တွေကို ဘော့စ်နီးယားနိုင်ငံအားကျူးကျော် သိမ်းပိုက်ထားတဲ့စစ်တပ်အဖြစ် အလီဂျာက ကြေငြာလိုက်ပါတယ်။ JNA တပ်တွေ ဟာ ဆာဘ်တွေပဲမို့ ဒီကြေငြာချက်က ဆာဘ်တွေကို အထိနာစေပါတယ်။
JNA တပ်တွေအနေနဲ့ သူတို့ခပ်တည်တည်နဲ့ အခြေချနေတဲ့ မြို့တွေကနေ ထွက်ခွာရပါတယ်။ ဆာဘ်တွေရဲ့ စစ်ဆင်ရေးအစီအစဉ်တချို့ဟာ ကမောက်ကမ ဖြစ်သွားပါတယ်။ ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး ဘော့စ်နီးယန်း မွစ်ဆလင်မ်တွေဘက်က တန်ပြန်ထိုးစစ်တရပ်ပြန်ဆင်နွှဲပြီး ဆာဘ်တွေလက်ထဲ က မြို့တစ်ချို့ကို ပြန်သိမ်းလိုက်နိုင်ပါတယ်။
အထူးသဖြင့် ဆားဘီးယားနဲ့ နယ်ချင်းကပ်နေတဲ့ ဘောစ်နီးယားအရှေ့ပိုင်းမှာ စတုရန်းမိုင် ၂၀၀ လောက်ကို ပြန်သိမ်းလိုက်နိုင်ပါတယ်။ ဒီ စတုရန်းမိုင် ၂၀၀ ဟာ ပတ်ချာလည် ဆာဘ်တွေသိမ်းထားတဲ့ စတုရန်းမိုင်ထောင်ချီတဲ့ နယ်မြေထဲမှာ ငေါငေါလေးတိုးထွက်နေတဲ့ ဘော့စ်နီးယန်း ကျွန်းလေးလိုပါပဲ။ ဒီကျွန်းလေးပေါ်မှာတော့ ဘော့စ်နီးယားအရှေ့ပိုင်း ဆာဘ်ငရဲခန်းတွေကနေထွက်ပြေးလာတဲ့ မွစ်ဆလင်မ်တွေ ခိုလှုံရာရခဲ့ကြပါတယ်။ အဲဒီခိုလှုံရာတွေထဲ မှာမှ ဆရက်ဘရက်နီဆာဆိုတဲ့မြို့လေးမှာ ခိုလှုံသူတွေ အများဆုံးရှိနေပါတယ်။

——————————-

၁၉၉၂ ခုနှစ်ကိုပြန်ချုပ်ကြည့်လိုက်မယ်ဆိုရင် ဆာဘ်တွေလက်ချက်နဲ့ ဘော့စ်နီးယန်းတွေသေဆုံးတာ ၁ သိန်းကျော်သွားပါပြီ။ ပြည်တွင်းပြည်ပ ထွက်ပြေးရသူပေါင်း ၁ သန်းကျော်ရှိသွားပါပြီ။ ၁၉၉၂ နှစ်ကုန်ပိုင်းမှာတော့ US မှာ ကလင်တန်နဲ့ စီနီယာဘုရှ်တို့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြပါပြီ။ ကလင်တန်ကတော့ မဲဆွယ်ပွဲမှာ ဘုရှ်ရဲ့ မှားယွင်းတဲ့မူဝါဒကြောင့် ဘော့စ်နီးယားမှာ လူတွေအများကြီးသေနေရတယ်လို့ ထောက်ပြပါတယ်။
ဘော့စ်နီးယန်းမွစ်ဆလင်မ်တွေအဖို့ကတော့ ၁၉၉၂ ရဲ့ ဆောင်းတွင်းကိုနွမ်းပါးချို့ငဲ့စွာ အံကြိတ်ဖြတ်သန်းရင်း ရွေးကောက်ပွဲမှာ ကလင်တန်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတွေ တောင်းပေးကြပါသတဲ့။

————————–

ဘော့စ်နီးယားကိစ္စဟာ ၁၉၉၅ မှာ NATO ဗုံးဝင်ကြဲမှပဲ ကိစ္စပြတ်သွားပါတယ်။ ဒါပေမဲ့ ၁၉၉၂-၉၅ ကြားကာလမှာ မွစ်ဆလင်မ်နိုင်ငံတွေရဲ့ လက်နက်ထောက်ပံ့မှုကြောင့် ဘော့စ်နီးယန်းတွေ တောင့်ခံထားနိုင်တာကိုလည်းလျစ်လျူရှုလို့တော့မရပါဘူး။ US အစိုးရဟာ လက်နက်လမ်းကြောင်းတွေနဲ့ ပတ်သတ်ရင် အစဦးပိုင်းမှာ ပိတ်ဆို့ခဲ့ပြီး အလယ်ပိုင်းမှာမျက်စိမှိတ်ပေးကာ ပြီးခါနီးမှာ US ကိုယ်တိုင် အားပေးပါဝင်တဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ အဆုံးသတ်မှာတော့ မွစ်ဆလင်မ် နိုင်ငံတွေရဲ့ လက်နက်တွေတပ်ဆင်ထားတဲ့ ဘော့စ်နီးယားတပ်မတော်ဟာ NATO ရဲ့ လေကြောင်းပစ်ကူရယူပြီး စစ်ပွဲကို အနိုင်နဲ့ပိုင်းနိုင်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ ဒီအကြောင်းတွေ အသေးစိတ်ရေးထားပါတယ်။) လက်ရှိအနေအထားမှာလည်း မွစ်ဆလင်မ်နိုင်ငံတွေနဲ့ US ရဲ့ရပ်တည် ချက်ဟာ တသားတည်းဖြစ်နေပါပြီ။ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေကို မေးလိုက် ချင်တာက… “အေးဆေးသက်သာ အဖမ်းခံမလား…? ပစ်ခတ်ပီးဖမ်းရမလား…?”

ဘော့စ်နီယားဂျင်နိုဆိုဒ်(၂) ဆက်လက်ဖတ်ရှုရန်
ဘော့စ်နီယားဂျင်နိုဆိုဒ်(၃) ဆက်လက်ဖတ်ရှုရန်
 

KOSOVO

အငြှိုးအတေးနဲ့ လက်စားချေမှု

၁၃၈၉ ခုနှစ် ဥရောပတောင်ပိုင်း kosovo ဒေသ ဘလက်ဘာဒ်ကွင်းပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်။ အော်တိုမန်တာခ်တွေနဲ့ ဆာဘ်တွေတိုက်ခဲ့ကြတာ။
တာခ်တွေရဲ့အောင်ပွဲနဲ့အတူ kosovo ဒေသဟာ အပြောင်းအလဲတစ်ခု စခဲ့တယ်။ အလ်ဘေးနီးယား နဲ့ ဆားဘီးယား ကြားက မကြာခဏလက်လွှဲပြောင်းပြီး နယ်မြေလုခဲ့ရတဲ့ kosovo ဒေသလေးဟာ တာခ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ် ၅၀၀ လောက် ဝပ်ဆင်းသွားပါတော့တယ်။ ဘော်လ်ကန်ဒေသမှာ ပတ်ချာလည်လူမျိုးစုတွေကို နှိပ်ကွပ်ပြီး ဗဟို လူမျိုးစုအဖြစ်ရပ်တည်နိုင်တဲ့ ဆာဘ်တွေဟာ kosovo မှာဦးကျိုးခဲ့ရတယ်။ ဒီသိက္ခာကျရမှုနဲ့ နာကျဉ်းမှုကို ဆာဘ်တွေဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ နှစ် ၆၀၀ ကျော်အထိ လက်ဆင့်ကမ်းလို့ကောင်းတုန်း။
ပဒေသရာဇ်ခေတ်ကစစ်ပွဲတရပ်ရဲ့ နာကျဉ်းမှုဟာ ၂၀ရာစု ကွန်မြူနစ်ခေတ်နဲ့ ကွန်မြူနစ်ခေတ်လွန်ကာလအထိ ရှင်သန်တုန်းပဲ။ kosovo ဒေသအတွင်းမှာအနှိမ်ခံအနေနဲ့နေခဲ့ရတဲ့ အလ်ဘေးနီးယန်းတွေဟာ ဘလက်ဘဒ်တိုက်ပွဲအပြီး မှာတော့ ဆာဘ်တွေနဲ့ ပခုံးချင်းယှဉ်လာခဲ့တယ်။
မြေယာပိုင်ဆိုင်ခွင့်နဲ့ အုပ်ချုပ်မှုကိစ္စတွေမှာ အလ်ဘေးနီးယန်းတွေ နေရာရလာတယ်။ ဆာဘ်တွေအတွက်ကတော့ စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့နာကျည်းမှုဟာ အလ်ဘေးနီးယန်းတွေအပေါ် ရွှံရှာမှုနဲ့ တထပ်တည်းဖြစ်ခဲ့ရပြီ။ ဒီလို ၁၂ ရာစုကအခြေတည်လာတဲ့ ဆာဘ်နဲ့ အလ်ဘေးနီးယန်းတွေရဲ့အမုန်းတရားဟာ ၂၀ ရာစုမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှု အဖြစ်ပေါက်ကွဲထွက် လာခဲ့ပါတော့တယ်။ ဆာဘ်တွေရဲ့ အမြင်က “အလ်ဘေးနီးယန်းတွေဟာ အောက်တန်းစားကျွန်သာသာလူမျိးတွေဖြစ်ပြီး တာခ်တွေရဲ့ကျူးကျော်စစ်ကို အခွင့်ကောင်းယူပြီး kosovo ကို ခိုးဝင်လာတဲ့ကောင်တွေ” အလ်ဘေးနီးယန်းတွေရဲ့အမြင်က “ဆာဘ်တွေဟာ နယ်ချင်းကပ်လျက်လူမျိုးစုငယ်တွေကို အနိုင်ကျင့်တတ်တဲ့သူတွေ၊ တာခ်တွေရောက်လာ လို့သာ တို့တွေသက်သာရာရတယ်၊ ဒါ့ကြောင့် ခွင့်သာခိုက်မှာ ပြန်ဆော်ကြစို့” ဒီလို လိပ်ခဲတည်းတည်းအခြေအနေဟာ အော်တိုမန်အင်ပါယာပြိုကျ ခြင်းနဲ့အတူ လောကငရဲတွေစခဲ့တယ်။ ပထမကမ္ဘာစစ်မှာ အော်တိုမန်တူရကီ စစ်ရှုံးတယ်။ ဆာဘ်တွေဟာ kosovo ဒေသကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။
ဆာဘ်တွေရဲ့ သိမ်းပိုက်မှုကို စစ်နိုင်အင်္ဂလိပ်နဲ့ ပြင်သစ်က အသိအမှတ်ပြု ခဲ့တယ်။ ဒီနောက်မှာတော့ kosovo က အလ်ဘေးနီးယန်းတွေရဲ့ဘဝက ကျားသနားမှ နွားချမ်းသာ အဆင့်ရောက်ခဲ့တယ်။ ဆာဘ်တွေအတွက်ကတော့ မဟာလက်စားချေပွဲကြီးနွှဲရပြီပေါ့လေ။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလဟာ ကိုဆိုဗားအလ် ဘေနီးယန်းတွေအတွက်တော့ ငရဲပဲ။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး ရှိသမျှ နယ်ပယ်မှာ အလ်ဘေးနီးယန်းတွေကို ဖယ်ရှားလိုက်တယ်။
“အလ်ဘေးနီးယန်းတွေ တစ်ယောက်မကျန် kosovo ကထွက်သွား” ဆာဘ်တွေကဒါကို အပြောသပ်သပ်လုပ်တာမဟုတ်ဘူး။

၁၉၃၈ မှာ ဆာဘ်တွေဟာ စစ်ရှုံးတူရကီနဲ့ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တယ်။
“မင်းတို့ တာခ်တွေခေါ်သွင်းလာခဲ့တဲ့ အလ်ဘေးနီးယန်းတွေကို မင်းတို့ပြန်ခေါ်။ ၆ နှစ်အတွင်း အလ်ဘေးနီးယန်း ၄သိန်းလောက်ကို တူရကီပြန်ခေါ်ရမယ်။ ဒါဟာ ကိုဆိုဗားအလ်ဘေးနီးယန်းတွေ ရဲ့ ၇၅% ပဲ။ ဒီပြန်ခေါ်ရေး အစီအစဉ်ကို ၁၉၃၉မှာ စတင် အကောင်အထည်ဖော်မယ်”

1938 – 1389 = 549

နှစ်ပေါင်း ၅၀၀ ကျော်က အခြေစိုက်လာတဲ့ လူသားမျိုးနွယ်တစ်ရပ်ကို မောင်းထုတ်ဖို့စာချုပ်။ ဒီစာချုပ်က တရားဝင် သဘောတူလက်မှတ်ထိုးတဲ့အဆင့် ရောက်ခဲ့တယ်။ ပဒေသရာဇ်ခေတ်က စစ်ပွဲတစ်ရပ်။ လူ့သဘာဝ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့တဲ့ခေတ်ကအဖြစ်။ ဆာဘ်တွေကိုယ်တိုင်လည်း တခြားလူမျိုးစုတွေကို စစ်အနိုင်တိုက်ပြီး သိမ်းပိုက်အခြေချတာတွေရှိပေမဲ့လည်း ဘလက်ဘဒ်စစ်ပွဲအပြီး အလ်ဘေးနီးယန်းအခြေချမှုကိုတော့ နှစ် ၅၀၀ ကြာသည်အထိ ခိုးဝင်မှုလို့ သတ်မှတ်တုန်းပဲ။
နှစ်ပေါင်း ၅၀၀ကျော်ကြာသည်အထိ အလ်ဘေးနီးယန်းတွေဟာ ခိုးဝင် တွေဖြစ်ဆဲပဲ။ ဆာဘ်တွေကိုယ်တိုင်က ခရိုအတ်တွေ မက်ဆီဒိုးနီယန်းတွေကို စစ်ဆင်နွှဲပြီး နယ်မြေတွေသိမ်းပိုက်အခြေချမှုတွေက ကြီးမြတ်လေသော ဆားဘီးယားအင်ပါယာအဖြစ် တရားဝင်ဂုဏ်ယူစရာပေမယ့် ဆာဘ်တွေစစ်ရှုံးလို့ တခြား လူမျိုးတွေရဲ့အခြေချမှုကတော့ ခိုးဝင်မှုပဲဖြစ်နေဆဲပါ။
၁၉၃၈ စာချုပ်ဟာ ၁၉၃၉ မှာစတင်အကောင်အထည်ဖော်ဖို့ရှိ ပေမယ့် ဒုတိယကမ္ဘာစစ်ထဖြစ်လိုက်တော့ လက်တွေ့အကောင်အထည် မပေါ်တော့ဘူးဗျ။ ဒါပေမဲ့လည်း ကမ္ဘာစစ် ၂ ခုကြားကာလအတွင်း ဆာဘ်တွေနှိပ်ကွပ်လို့ အလ်ဘေးနီးယန်း ၁သိန်းခွဲလောက်ဟာ kosovo ကနေ ထွက်ပြေးခဲ့ရပါသတဲ့။
ဘော့စ်နီးယားဂျင်နိုဆိုဒ်နဲ့ ကိုဆိုဗိုဂျင်နိုဆိုဒ်ဟာ တဆက်စပ်တည်း ဖြစ်ခဲ့တာမို့ ရေးပြီးသား ကိုဆိုဗိုအကြောင်းကိုပြန်တင်လိုက်ပါတယ်။ ကိုဆိုဗို အကြောင်းရေးတုန်းက အလ်ဘေးနီးယန်းတွေရဲ့ ရုန်းကန်မှုကို ဗဟိုပြုပြီးရေးခဲ့တဲ့အတွက် ဘော့စ်နီးယားလောက်တော့ ဘောင်မကျယ်ခဲ့ပါဘူး။ ဒါကြောင့် အဆုံးကျရင် ကိုဆိုဗိုနဲ့ပတ်သတ်တဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုကိုပါ ဖြည့်စွက်ရေးပါ့မယ်။

တူညီသောစွပ်စွဲချက်

ကမ္ဘာစစ် ၂ ခုကြားကာလအတွင်းမှာ ဆာဘ်တွေဟာ မူရင်းဆားဗီးယား နိုင်ငံအပြင် ဘော့စ်နီးယား၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီယား၊ မွန်တီနီဂရိုး စတဲနိုင်ငံတွေကိုပါ ဆားဘီးယားအင်ပါယာအဖြစ် သိမ်းပိုက်အုပ်ချုပ် နိုင်ခဲ့ပါတယ်။
ဆာဘ်လူမျိုးတွေဟာ မူရင်းဆားဘီးယားမှာ အဓိကနေထိုင်သလို ဘော့စ်နီးယားနဲ့ ခရိုအေးရှားမှာပါ ပျံ့နှံ့နေထိုင်ပါတယ်။ မွန်တီနီဂရိုးဟာလည်း ဒေသနာမည်သာဖြစ်ပြီး ဆာဘ်လူမျိုးတွေပါပဲ။ ခရိုအေးရှားနဲ့ ဘော့စ်နီးယားမှာတော့ ဆာဘ်တွေဟာ ကျန်တဲ့လူမျိုးစု တွေနဲ့လည်း ရန်တစောင်စောင်ဖြစ်နေဆဲပါ။ အုပ်ချုပ်ခွင့်အာဏာတိုးတောင်းတဲ့ ခရိုအတ်နဲ့ ဘော့စ်နီးယန်းတွေကို ဆာဘ်တွေက နှိပ်ကွပ်အုပ်ချုပ်လျက် မဟာ ဆားဗီးယားအင်ပါယာကို လည်ပတ်ပါတယ်။
မျက်လုံးထဲမြင်အောင်ပြောရရင် ဗမာတွေက မူရင်းတိုင်းဒေသတေအွမှာ အင်နဲ့အားနဲ့နေထိုင်ပြီး ကချင်၊ ရှမ်း၊ ချင်းတွေကို နှိပ်ကွပ်သိမ်းပိုက်လျက် အဲဒီ ပြည်နယ်တွေမှာပါ ပျံ့နှံ့နေထိုင်သလိုပါပဲ။ ဗမာတွေက ကချင်၊ ရှမ်း၊ ချင်းတွေကို ပြည်နယ်အဆင့်နဲ့ လျှော့ချ အုပ်ချုပ်တာကတော့ ဆာဘ်တွေက ကျန်တဲ့လူမျိုးစုတွေကို republic အဆင့်ပေး တာနဲ့ယှဉ်ရင် ဗမာက ဆာဘ်ထက် လူပါးပိုဝတာကို မြင်နိုင်ပါလိမ့်မယ်။ kosovo ဒေသကတော့ မူရင်းဆားဗီးယားနိုင်ငံရဲ့တောင်ပိုင်းမှာရှိပါ တယ်။ kosovo ဒေသနဲ့ နယ်ချင်းကပ်နေတာကတော့ သီးခြားလွတ်လပ်တဲ့ အလ်ဘေးနီးယားနိုင်ငံပါ။
ဆာဘ်တွေကတော့ အလ်ဘေးနီးယန်းတွေဟာ တာခ်တွေအားကိုးနဲ့ kosovo ဒေသကို ခိုးဝင်လာသူတွေလို့ စွပ်စွဲတာပါ။ ရိုဟင်ဂျာတွေဟာ စစ်နိုင်အင်္ဂလိပ်တွေနဲ့အတူ ဘင်္ဂလားကခိုးဝင်လာသူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်တူကျလျက်ရှိခြင်းကတော့ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်တွေရဲ့ နောက်ခံ စိတ်သဘောထားတူညီမှုပါပဲ။

တီးတိုး
ဒုတိယကမ္ဘာကာလအတွင်းမှာ ဂျာမန်တွေဟာ ဆားဗီးယားအင်ပါယာ ကို သိမ်းပိုက်လိုက်ပါတယ်။ မူလအရှင်သခင်ဆာဘ်တွေနေရာမှာ အရှင်သခင် သစ် ဂျာမန်တွေရောက်လို့လာပါတယ်။ ဆာဘ်တွေရဲ့ရန်ဘက် ခရိုအတ်တွေကတော့ နာဇီဂျာမန်တွေနဲ့ ပေါင်းလျက် ဆာဘ်တွေကိုပြန်နှိပ်ကွပ်ပါတယ်။ ဒီနေရာမှာ ဂျာမန်တွေရဲ့လုပ် နည်းလုပ်ဟန်တစ်ခုကို ပြောရပါမယ်။
ဂျာမန်တွေဟာ ဘော်လ်ကန်ဒေသကို သိမ်းပိုက်တာဟာ ခရိုအတ်တွေ ဘော့စ်နီးယန်းတွေကို ဆာဘ်တွေလက်အောက်က လွတ်မြောက်စေဖို့ မဟုတ်ပါဘူး။ သူတို့ရဲ့ စစ်ရေးရည်ရွယ်ချက်သပ်သပ်နဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒေသခံ အနှိပ်ကွပ်ခံ ခရိုအတ်တွေက သူတို့နဲ့ပူးပေါင်းတော့ အသုံးချတဲ့သဘောပါ။


ဆာဘ်တွေဘက်မှာလည်း ဂျာမန်တွေရဲ့ သိမ်းပိုက်မှုကို မုန်းတီးတဲ့သူတွေရှိသလို ရောက်လာတဲ့ဂျာမန်ကိုဖားပြီး အာဏာဆက်မြဲလိုသူတွေ ရှိနေပါတယ်။ အဲသလို ဆာဘ်တွေကိုလည်း ဂျာမန်တွေက နေရာပေးပါတယ်။ ဒီတော့ ဂျာမန်ထောက်ပံ့တဲ့ ခရိုအတ်တွေက နေရာတစ်ခုမှာ ဆာဘ်တွေကိုသတ်နေချိန်မှာ နောက်ထပ်ဂျာမန်ထောက်ပံ့တဲ့ ဆာဘ်တွေက ခရိုအတ်တွေကို နောက်တစ်နေရာမှာ သတ်နေပြန်ပါတယ်။ ဂျာမန်တွေကတော့ “ငါတို့ကို မထိနဲ့ မင်းတို့ဖာသာ အချင်းချင်းသတ်ချင်သလောက်သတ်” ဆိုပြီး နှစ် ဖက်စလုံးကိုအားပေးပါသတဲ့။ ယာလည်းညက်စေ ကြက်လည်းပန်းစေ သဘောမျိုးပါပဲ။
ဒါပေမဲ့ ဂျာမန်တွေကိုလည်းဖက်ဆစ်မို့လို့တော်လှန်ရမယ်။ လူမျိုးရေး မုန်းတီးမှုတွေကိုလည်း ရပ်တန့်ပစ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ လူတစ်ယောက် ရှိခဲ့ပါတယ်။ ဒီလူဟာ ဆာဘ်လူမျိုးတစ်ဦး။ နောက်ပြီး ကွန်မြူ နစ်တစ်ယောက်။
သူ့နာမည်က တီးတိုး…။
အလုပ်သမားသပိတ်တိုက်ပွဲတွေမှာ လက်တွေ့ခေါင်းဆောင်မှုပေးနိုင် ခဲ့တဲ့ တီးတိုးဟာ ဂျာမန်တွေ ကျူးကျော်လာချိန်မှာ လက်နက်ကိုင်အဖွဲ့ငယ်တစ်ခု ကို ဦးဆောင်သူအဆင့်ပဲရှိပါသေးတယ်။ စစ်ကြီးအစပိုင်းမှာ ဂျာမန်တွေဟာ ဆိုဗီယက်နဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ထားတာမို့ ဆာဘ်ကွန်မြူနစ်တွေဟာ အရင်းရှင်အင်္ဂလိပ်နဲ့ပြင်သစ်ကို တိုက်တဲ့ဂျာမန်တွေကို မိတ်ဆွေလို့သဘောထားရမယ်။ ဒါကြောင့် ကျူးကျော်လာတဲ့ဂျာမန်တွေကို တော်လှန်စရာမလိုဘူးလို့ ခံယူကြပါသတဲ့။
တီးတိုးကတော့ နိုင်ငံခြားကိုသိပ်မမျှော်နဲ့ ကိုယ့်အခြေအနေနဲ့ ကိုယ်သုံးသပ်၊ ဂျာမန်တွေကိုတော်လှန်၊ ဒီလိုတော်လှန်တာဟာလည်း မူလဆားဗီးယားအင်ပါယာ ပြန်လည်တည်ထောင်ဖို့မဟုတ်ဘူး။ လူမျိးရေးမုန်းတီးမှုနဲ့ သတ်ဖြတ်ပွဲတွေကိုရပ်တန့်၊ လူမျိုးစုံပါတဲ့လက်နက်ကိုင်အဖွဲ့ကို တည်ထောင်ပြီး ဖက်ဆစ်တွေကိုတော်လှန်။ စစ်ပွဲပြီးရင် လူမျိုးအားလုံးတန်းတူညီမျှ အခွင့်အရေးရတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မယ်လို့ မူဝါဒချမှတ်ပါသတဲ့။
တီးတိုးကို ဆာဘ်လူမျိုးကြီးဝါဒီတွေက သစ္စာဖောက်လို့ စွပ်စွဲကြသလို ဆာဘ်ကွန်မြူနစ်တွေကလည်း လက်တွေ့မကျတဲ့ သောက်ရူးလို့ သတ်မှတ်ကြပါသတဲ့။ တီးတိုးမှာ နောက်လိုက်လက်တဆုပ်စာသာ ရှိပါသတဲ့။ ဂျာမန်တွေဟာ ဆိုဗီယက်ကို ဝင်တိုက်ချိန်မှာတော့ တီးတိုးဟာ ဆိုဗီယက်ဆီက အထောက်အပံ့အချို့ရပြီး အင်အားရှိလာပါတယ်။ နောက်ပြီး တီးတိုးတပ်တွေဟာ လူမျိုးရေးသတ်ဖြတ်ပွဲတွေကို ဆန့်ကျင်တဲ့အတွက် နေရာ ဒေသမရွေး လှုပ်ရှားစစ်ကစားနိုင်ပါတယ်။ တီးတိုးရဲ့ ပျောက်ကြားဦးရေမှာ လူမျိုးအစုံ ဘာသာအစုံပါဝင်လာပြီး အင်အားအတော်တောင့်တင်းလာပါတယ်။ တီးတိုး တပ်ဖွဲ့ဟာ ဥရောပမြေမှာ လက်သံအပြောင်ဆုံး ပျောက်ကြားတပ်ဖြစ်လာပြီး အမေရိကန်နဲ့ အင်္ဂလိပ်ကပါ အသိအမှတ်ပြု အထောက်အပံ့ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့တီးတိုးဟာ လူအင်အားသောင်းချီကို စီမံကွပ်ကဲပြီး တိုက်ပွဲကြီးတွေ တိုက်လာနိုင်ခဲ့ပါတယ်။
စစ်ကြီးပီးခါနီးမှာတော့ ဂျာမန်လက်ထဲကနေ တမြို့ပြီး တမြို့ ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဂျာမန်တွေနဲ့ ပူးပေါင်းခဲ့သူတွေကို ဆာဘ်ခရိုအတ်မရွေး သုတ်သင် ပွဲတွေ လုပ်ခဲ့ပါတယ်။ စစ်ကြီးအပြီးမှာ တီးတိုးဟာ မူလဆားဘီးယား အင်ပါယာကို ဖျက်သိမ်းပြီး ယူဂိုဆလားဗီးယားဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ခဲ့ကာ ကွန်မြူနစ် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ပါတော့တယ်။

တီးတိုးယူဂိုဆလားဘီးယား
ဒီပြည်ထောင်စုမှာRepublic ၆ ခုပါဝင်ပါတယ်
၁။ ဆားဘီးယား
၂။ ဘော့စ်နီးယား
၃။ ခရိုအေးရှား
၎။ ဆလိုဗေးနီးယား
၅။ မက်ဆီဒိုးနီးယား
၆။ မွန်တီနီဂရိုး
ဆားဘီးယားနိုင်ငံထဲမှာမှ kosovo နဲ့ Vojvodina ကို ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရဒေသတွေအဖြစ်သတ်မှတ်ပါတယ်။

နှိုင်းယှဉ်ကြည့်ကြပေါ့ဗျာ

စစ်ကြီးပြီးခါနီး ကိုဆိုဗားအလ်ဘေးနီးယန်းတွေထဲမှာလည်း အုပ်စုနှစ်စု ကွဲထွက်လာပါတယ်။တဖွဲ့က တီးတိုးကို ထောက်ခံတဲ့ကွန်မြူနစ်အုပ်စုဖြစ်ပြီး ဒီအုပ်စုက တီးတိုးယူဂိုဆလားဗီးယားလက်အောက် ဆားဗီးယားနိုင်ငံအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီအုပ်စုထဲမှာကို နောက်ထပ်ကွဲနေ တာရှိပါသေးတယ်။ သူတို့ကတော့ တီးတိုးယူဂိုဆလားဘီးယားမှာပါမယ်။ ဒါပေမဲ့ဆားဘီးယားလက်အောက်ခံကတဆင့်မပါဘဲ တိုက်ရိုက် republic တစ်ခုအဖြစ် ပါချင်တယ်။ နံပါတ် ၇ မြောက် Republic of Kosovo ပေါ့ဗျာ။ ဒါပေမဲ့ ဒီအုပ်စုက အဲဒီအချိန်မှာ အသံသိပ်မထွက်ရဲဘူးဗျ။
အဲဒီကွန်မြူနစ်တွေနဲ့ ဆန့်ကျင်ဖက်အုပ်စုကတော့ kosovo ဒေသကို လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်လိုတဲ့အုပ်စုပါ။ သူတို့ကတော့ ဆာဘ် ဆိုရင် ဘယ်ဆာဘ်မှမယုံဘူး။ တီးတိုးလည်းမယုံဘူး ပြန်ချ ဆိုတဲ့ အုပ်စုမျိုးပါ။
ဒီအုပ်စုက စစ်ကြီးအြ ပီးမှာပဲ လက်နက်ကိုင်ပြီတိုက်တော့တာပဲ။ တီးတိုးကတော့ ဒီပုန်ကန်မှုကို ပြည်ထောင်စုကြီးကို ဖြိုခွဲတာလို့သတ်မှတ်ပြီး ရေရေ လည်လည် နှိမ်နင်းပါတယ်။ ၁၉၅၀ ပြည်နှစ်မှာတော့ ဒီပုန်ကန်မှုဟာ ကျဆုံး သွားပါတယ်။kosovo ဒေသဟာလည်း ယူဂိုးဆလားဗီးယားပြည်ထောင်စုမှာ ဆားဗီးယား republic ရဲ့လက်အောက်ခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့ ရပ်တည်နေပါတော့တယ်။

—————————————-

တီးတိုးရဲ့ ဖက်ဆစ်တော်လှန်ရေးနဲ့ ယှဉ်ရင် ဗမာစစ်တပ်ရဲ့ ဖက်ဆစ် တော်လှန်ရေးဆိုတာ သီတင်းကျွတ်ပွဲ ဗျောက်အိုးဖောက်သလောက်ပဲရှိပါတယ်။
တီးတိုးဟာ မြို့တိုင်းရွာတိုင်းကို မည်သည့်နိုင်ငံခြားတပ်ဖွဲ့၏အကူအညီမှမပါဘဲ လွတ်မြောက်စေခဲ့ပြီး ဗမာစစ်တပ်ကတော့ အင်္ဂလိပ်သာမှ အင်္ဂလိပ်နဲ့ ကပ်ပေါင်းခဲ့တာပဲရှိပါတယ်။ တီးတိုးဟာ လူမျိုးရေးသတ်ဖြတ်ပွဲတွေကို ရပ်တန့်စေခဲ့သူဖြစ်ပြီး BIA စစ်တပ်ကတော့ မြစ်ဝကျွန်းပေါ်မှာ ကရင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ၁၉၄၂ မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။
တီးတိုးဟာ ယူဂိုဆလားဗီးယားပြည်ထောင်စုကိုတည်ထောင်ရာမှာ ဒေသတိုင်းမှာ လူမျိုးစုံ ဘာသာစုံ လူထုဆန္ဒခံယူပွဲတွေကို ပြုလုပ်ခဲ့ပြီး ဗမာတွေဟာ ပြည်ထောင်စုကိုတည်ထောင်ရာမှာ လက်တဆုပ်စာ စော်ဘွားတွေနဲ့ စာချုပ် တစ်ခုသာ ချုပ်ဆိုခဲ့ကာ ဒီစာချုပ်ကိုလည်း ကတိဖောက်ဖျက်ခဲ့ပါတယ်။ တီးတိုးဟာ အလ်ဘေးနီးယန်းပုန်ကန်မှုကို ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့ သော်လည်း Kosovo ကိုတော့ သူ့ကတိအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်
ပေးအပ်ခဲ့ပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကိုလည်း အုပ်ချုပ်ရေးမှာ ပါဝင်စေခဲ့ပါတယ်။ ဗမာကတော့ ရိုဟင်ဂျာတွေရဲ့ မူဂျာဟစ်ဒ်ပုန်ကန်မှုကို စစ်ရေးအရ ဖြိုခွဲနိုင်စွမ်းမရှိတော့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်မှုနဲ့ သဘောတူညီ ချက်ရယူပြီး လက်နက်စွန့်ဖို့ အကွက်ဖန်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဘက်က ကတိ အတိုင်း လက်နက်စွန့်အပြီးမှာတော့ ဗမာတွေဟာ ကတိကိုဖောက်ဖျက်ပြီး ရိုဟင်ဂျာတွေကို ခိုးဝင်လို့တံဆိပ်ပြန်ကပ်ခဲ့ပါတယ်။

ပြည်ထောင်စုကြီးပြိုကွဲမှာကြောက်လို့

တီးတိုးယူဂိုဆလားဘီးယားလက်အောက်မှာ Republic ၆ခုဟာ ပညာရေး၊ ကျန်းမာရေးမှာအတော်ကြီး လွတ်လွတ်လပ်လပ်စီမံခန့်ခွဲခွင့်ရပြီး စီပွားရေးနဲ့၊ ပြည်ထဲရေး (ရဲလုပ်ငန်း)တွေမှာ အတန်သင့်လွတ်လပ်ခွင့်ရကာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမှာတော့ ဗဟိုဆာဘ်တွေလက်ထဲမှာပဲရှိနေပါတယ်။
ဒါ့အပြင် ပါတီ၊ ပြည်ထောင်စုတပ်မတော်နဲ့၊ ထောက်လှမ်းရေးတွေ မှာလည်း ဆာဘ်တွေကသာ အဓိက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အားလုံးကို ငြိမ်ဝပ်ပိပြားနေအောင် ခေါင်ချုပ်ကနေ ကိုင်ထားသူကတော့ တီးတိုးပါပဲ။
တီးတိုးလက်အောက်မှာ ယူဂိုဆလားဘီးယားဟာ နိုင်ငံရေးအရ တည်ငြိမ်ပြီးစီးပွားရေးအရ တိုးတက်လာခဲ့ကာ စက်မှုဖွံ့ဖြိုးတဲ့ ဥရောပတိုက်မှာတောင် လူနေမှုအဆင့်အတန်း အလတ်တန်းစားနိုင်ငံတခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ kosovo ဒေသဟာလည်း အတော်လေးကိုတည်ငြိမ်ခဲ့ပါတယ်။
ဒါပေမဲ့ ကွန်မြူနစ်စီးပွားရေးစနစ်ရဲ့ထုံးစံအတိုင်း ပျားရည်ဆမ်းကာလ ဆယ်စုနှစ် ကျော်လွန်အပြီးမှာတော့ ကျပ်တည်းမှုနဲ့ တလွဲစီမံခန့်ခွဲမှုတွေဟာ kosovo ဒေသမှာ မကျေလည်မှုတွေကို ပြန်လည်ပေါ်ပေါက်လာစေပါတယ်။ အထူး
သဖြင့် ယူဂိုဆလားဘီးယားပြည်ထောင်စုမှာ ဆားဘီးယားရဲ့ လက်အောက်ခံ အနေနဲ့ ပါဝင်ရလို့ ကိုဆိုဗိုကထွက်တဲ့ကျောက်မီးသွေးနဲ့ သတ္တုသံယံဇာတ တွေဟာ ဆာဘ်တွေဖို့ချည်းပဲဖြစ်နေတယ်လို့ အလ်ဘေးနီးယန်းတွေက ယူဆကြပါတယ်။
၁၉၆၈ မှာ kosovo ကို republic အဆင့်တိုးပေးဖို့ အလ်ဘေးနီး ယန်းတွေက ဆန္ဒပြကြပါတယ်။ ကိုဆိုဗိုဆာဘ်တွေကလည်း တန်ပြန်ဆန္ဒပြ ကြပါတယ်။ တီးတိုးကတော့ ဆန္ဒပြမှုတွေအားလုံးကို ဖြိုခွဲပြီး အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့လုပ်ပါတယ်။ တီးတိုးရဲ့ ဆန္ဒပြပွဲတွေကို တုန့်ပြန်မှုက ဆာဘ်ဖြစ်စေ အလ်ဘေးနီးယန်းဖြစ်စေ အားလုံးကို ဖြိုခွဲပြီး မည်သည့်ဆန္ဒပြသူနဲ့မှ မညှိနှိုင်းပါဘူး။ ပွဲပြီးမှသာသူလိုအပ်မယ်ထင်တာကို လုပ်ပေးတဲ့သဘောပါ။ တီးတိုးရဲ့ အနီးကပ်ရဲဘော် ရဲဘက်တွေက “ခေါင်းဆောင်ကြီးရှိတုန်းတောင် ဒီလောက်သောင်းကျန်းနေတာ။ မရှိတော့ရင် ပိုဆိုးမယ်။ ဒါ့ကြောင့် ဆန္ဒပြတဲ့နှစ်ဖွဲ့လုံးနဲ့ သီးခြားစီတွေ့သင့်တယ်” လို့ပြောမိတော့ တီးတိုးက အတော်စိတ်ဆိုးပါသတဲ့။
“နှစ်ပေါင်းများစွာ ဖြစ်တည်လာတဲ့ အငြိုးအတေးတွေကို ငါကုန်အောင် မလုပ်နိုင်ဘူး။ ဒါ့ကြောင့် နှစ်ဖက်လုံးကို ဖိနှိပ်ထားရမယ်။ ငါမရှိတော့လို့ အဲဒီ ကောင်တွေနဲ့ မင်းတို့တိုက်ရိုက်ဆွေးနွေးရင် မဟုတ်တာတွေ အကုန်ဖြစ်တော့မှာ။ ဒီတော့ ငါမသေခင် မင်းတို့အရင် နိုင်ငံရေးကထွက်” လို့ဆုံးဖြတ်ပါသတဲ့။
တီးတိုးအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူ့ရဲ့ အနီးကပ်ရဲဘော် တွေ၊ ပါတီရဲ့ ပထမလိုင်းကသူတွေရဲ့သဘောထားကို စိုးရိမ်လို့ အစုလိုက်အပြုံလိုက် ပါတီကနေ ထွက်ခိုင်းပါသတဲ့။ ဒါဟာ မီလိုဆီဗစ်လို ဂျောင်ကလောင်က လူတွေအဖို့ တက်လမ်းပွင့်သွားစေခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်မှု အဆင့်ဆင့်ရှိပေမယ့် ၁၉၇၄ ပြည်ထောင်စုအဆင့်အခြေခံဥပဒေဟာ သက်ရောက်မှုအရှိဆုံးပါ။
၇၄ ပြည်ထောင်စုအဆင့်အခြေခံဥပဒေအရ Kosovo ဒေသကို ပြည် ထောင်စုအဆင့်သမ္မတရွေးချယ်ရာမှာ မဲပေးခွင့်ပြုပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်တော့မပြုပါဘူး။ တခြား Republic တွေကတော့ မဲပေးခွင့်ကော ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်ပါရပါတယ်။ လိုရင်းအချက် ကတော့ ဆာဘ်ကိုယ်စားလှယ်လောင်းကို ကိုဆိုဗိုက ဆန့်ကျင်ခွင့် ထောက်ခံခွင့် နဲ့ပြန်ကိုင်ပေါ့။
တဖက်ကလည်း ဆာဘ်တွေအဖို့ ကိုဆိုဗိုက ဆာဘီးယားrepublicအတွင်းမှာပဲရှိတော့ လုပ်ပိုင်ခွင့်တချို့နဲ့ ပြန်ညှိပြီး ထောက်ခံမဲရအောင်လုပ်။ ပြည်ထောင်စု level မှာ ဆာဘ်အတွက် အခိုင်အမာခြေကုပ်ထပ်ရတာပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ ခုလုံးကို မဲပေးခွင့်ပေးလိုက်တော့။ ဆားဗီးယား republic ဟာ ၂ မဲတိတိ သူ့ဂွင်ထဲမှာ ညှိလို့ရတဲ့အနေအထားပေါ့။ တခြား republic တွေမှာဒီလိုအခွင့်အရေးမရှိပါဘူး။
စုစုပေါင်း မဲ ၈ ခုမှာ ဆာဘ်က ၁ မဲ + အပေါ်က ၂ မဲနဲ့ မွန်တီနီဂရိုးက ၁ မဲ။ စုစုပေါင်း ၄ မဲ က ဆာဘ်အတွက် ညှိနှိုင်းခွင့်ရပြီး တဖက်ကိုလည်း စီးပွားရေး အခွင့်အလမ်းတချို့ပြန်ပေးစသဖြင့် တီးတိုးက လုပ်ချသွားတာပါ။ ဒါပေမဲ့ ဒီလို
လုပ်တာဟာ ရေရှည်မှာ ပြဿနာတွေထပ်တက်လာမှာကို တီးတိုးအနေနဲ့ကြိုမြင် ခဲ့ပုံရပါတယ်။ သူ့ရဲဘော်တယောက်ဆီစာရေးတော့ “ယူဂိုဆလားဗီးယားဆိုတာ မရှိတော့ဘူး။ ငါမရှိတာနဲ့ အကုန်လုံး လခွမ်းတွေချည့်ဖြစ်ကုန်မှာဟေ့”လို့ ရေးခဲ့ပါသတဲ့။

——————————-

၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့ပြီး ဆယ်နှစ်အကြာခွဲထွက်ခွင့်ကတိနဲ့ ပြည်ထောင်စုဖြစ်လာတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလို ပြည်နယ်တွေရဲ့ တောင်းဆို ချက်အရ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုတာ မရှိခဲ့ပါဘူး။ စစ်အာဏာရှင်စနစ်ရဲ့ တင်းတင်းကြပ်ကြပ်အုပ်ချုပ်မှုသာရှိခဲ့ပြီး “ဒီလို အုပ်ချုပ်လို့လဲ ယူဂိုဆလားဗီးယားလို ပြိုကွဲမသွားတာ” လို့ ဗမာစစ်ဗိုလ်တွေက ဝါဒဖြန့်လေ့ရှိပါတယ်။ တကယ်ပဲ စစ်ဗိုလ်တွေ တော်လို့လား ?
ဒါမှမဟုတ် ဗမာပြည်ဟာ ကမ္ဘာ့မျက်စိမှာ အရေးမပါလှလို့လား ? ခုနောက်ပိုင်းအသံကျယ်လာတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူဓါတ်ငွေ့ပိုက်လိုင်း စတာတွေကို လက်ညိုးထိုးပြပြီး မြန်မာပြည်ဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ထွက်ပေါက်၊ အိန္ဒိယအတွက် အရှေ့တောင်အာရှကုန်းမြေသို့ ဝင်လမ်း စသဖြင့်ပြောဆိုကြပြီး မြန်မာပြည်ဟာ မဟာဗျူဟာကျကြောင်း ပြောဆိုကြတာပါ။
မြန်မာပြည်က ဒီ project တွေက ခုမှစခါစပဲရှိသေးပေမယ့် တခြား တိုင်းပြည်က ဒီလို project တွေဟာဖြင့် လုပ်ကိုင်လည်ပတ်လာ တာ ဆယ်စုနှစ် လေးစုစာလောက် ရှိနေပါပြီ။ မမြင်ဘူး မူးမြစ်ထင်သူတွေအဖို့ သာ ဗမာပြည်ဟာ မဟာ ဗျူဟာကျတယ်လို့ ပြောကြမှာပါ။
တကယ်တော့ ဗမာပြည်ဟာ နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း တွေနဲ့ အဝေးကြီးမှာရှိတဲ့ ဂျောင်ကလောင်က တိုင်းပြည်လေးပါ။ ဗမာစစ်ဗိုလ် တွေကလည်း အဲသလို ဂျောင်ကလောင်ကျတာကို အင်မတန်မှကြိုက်ကြပါတယ်။
ဒါမှလည်း အိမ်ကျယ်လုပ်ခွင့်ရေရှည်ရသကိုး။ ဒီလိုနဲ့ ဗမာစစ်ဗိုလ်တွေ လုပ်ချင်ရာလုပ်ခွင့်ဟာ သက်ဆိုးရှည်နေတာပါ။ စစ်ဗိုလ်တွေတော်လို့ ပြည်ထောင်စုမပြိုကွဲတာ မဟုတ်ပါဘူး။ နောက်တချက်က “ပြည်ထောင်စု ပြိုကွဲတာကကော ဘာဖြစ်သလဲ”
– ဗမာတွေလည်း ဆင်းရဲမွဲတေ
– လူနည်းစုတွေလည်း ဒုက္ခထဲမှာမျော
– LDC အဖြစ် ဆယ်စုနှစ် ၃စုရပ်တည်
– ကင်ဆာအဖြစ်များဆုံး
– ကျန်းမာရေးစောင့်ရှောက်မှုအနိမ့်ဆုံး
– မွေးကင်းစကလေးသေဆုံးမှု အများဆုံး
– အာဟာရချို့တဲ့ ကလေးအများဆုံး
– ပညာရေးအနိမ့်ကျဆုံး
ဒီ ဒုက္ခတွေက ပြည်ထောင်စု တည်မြဲဖို့ပေးဆပ်ရတာတွေလား ?
ရှင်းရှင်းလေးသိထားဖို့က လူရှိမှ နိုင်ငံဆိုတာဖြစ်လာတာပါ။ လူဟာ နိုင်ငံအတွက်အနစ်နာခံတယ်ဆိုတာမှန်ပေမယ့် မျိုးဆက်တစ်ဆက်ကအနစ်နာခံလိုက်ရင် နောက်မျိုးဆက်တွေက အေးချမ်းသာယာလေမှ ဒီအနစ်နာခံမှုက အဓိပ္ပါယ်ရှိပါလိမ့်မယ်။ တောင်ကိုရီးယား၊ ဂျပန်တွေလည်း ဒီလိုအနစ်နာခံပြီး တိုးတက်လာ တာပါ။ ရှိသမျှလူမျိုးအားလုံး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နာပြီးရင်နစ်နာတွေတာကတော့ ပြည်ထောင်စုကြီးအတွက်မကလို့ ဘာကြီးအတွက်ဖြစ်နေနေ အဓိပ္ပါယ်မရှိပါဘူး။
လူတွေက စုတ်ပြတ်မွဲတေ၊ လူသန်းချီနိုင်ငံခြားထွက်ကျွန်ခံ၊ ပြည့်တန်ဆာလုပ်ပြီးမှ ပြည်ထောင်စုနေရတာဟာ ဆိုရင်ဖြင့် အဓိပ္ပါယ်မရှိတဲ့ကိစ္စကြီးပါ။ဒါ့ကြောင့် “ပြည်ထောင်စုကြီး ပြိုကွဲမှာကြောက်လို့” ဆိုတာ အဓိပ္ပါယ် မရှိတဲံ ကျွန်ဇာတ်သွင်းရေး ဝါဒဖြန့်လုံးကြီးပါပဲ။

ဖြဲခြောက်လို့နောက်မတွန့်

ကြိုးရှည်လှန်ခံရတဲ့ နွားမကြီးခမျာ နို့ညှစ်ခါနီးတိုင်း ချည်တိုင်ကို ပြန်ဆွဲ ခေါ်ခံရသလို ၇၄ ဥပဒေနဲ့ မဲညှစ်ခါနီးတိုင်း ဆွဲခေါ်ခံရမယ့် အဖြစ်မျိုးရောက် သွားတဲ့ အလ်ဘေးနီးယန်းတွေအဖြစ်ပါ။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ လွတ်လွတ်လပ်လပ်မြက်စားခွင့် ရသလိုမျိုး စီးပွားရေးအခွင့်တချို့ရတဲ့အပေါ်မှာ သာမန်အလ်ဘေးနီးယန်းအများစု ကတော့ စီးပွားရေးပြေလည်ပြီးရောသဘောထားကြပါတယ်။
ဒီလိုနဲ့ ၁၉၈၀ မှာ တီးတိုးကွယ်လွန်သွားပါတယ်။ တီတိုးကွယ်လွန်သလို ကွန်မြူနစ်စီးပွားရေးစနစ်ဟာ ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်စပြုနေပါပြီ။ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားတို့လို စီးပွားရေးကောင်းတဲ့ republic တွေအဖို့ ကတော့ ဗဟိုပြည်ထောင်စုအတွက် အခွန်ဆောင်နေရတာဟာ ဆာဘ်တွေကို အလုပ်အကျွေးပြုနေရုံသပ်သပ်ပဲလို့ ယူဆကြပြီး ကွန်မြူနစ်စီးပွားရေးစနစ်ကနေ ရုန်းထွက်ပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့ European Council မှာဝင်ပါဖို့ အရိပ် အယောင်ပြလာကြပါတယ်။ ဆာဘ်အာဏာပိုင်တွေအဖို့ကလည်း ကွန်မြူနစ်စနစ်ကို သာမန်ဆာဘ် ပြည်သူတွေကိုယ်တိုင် စိတ်ပျက်မှုနဲ့ လူထုထောက်ခံမှုကျဆင်းလာတာကို အာရုံလွှဲထားဖို့ ဆာဘ်လူမျိုးကြီးဝါဒကို လွှတ်ပေးစပြုလာပါတယ်။ တီးတိုးလက်ထက်ကလို အပြင်းအထန်နှိပ်ကွပ်တာမျိုးမလုပ်ဘဲ မျက်စိမှိတ်ပေးထားလိုက်ပါတယ်။ ဒီလိုဝါဒဖြန့်မှုတွေကို ဆာဘ်ထောက်လှမ်းရေးရဲ့နောက်ခံနဲ့ လုပ်ကြတာပါ။
ဆာဘ်တွေဟာပြည်ထောင်စုကြီးကို အနစ်နာခံ ထိန်းသိမ်းစောင့်ရှောက်နေရပြီး ကျန်လူမျိုးတွေက ခွဲထွက်ဖို့ တကဲကဲလုပ်နေကြောင်း၊ ပြည်ထောင်စု ဖြိုခွဲသူမှန်သမျှ ချေမှုန်းရမှာဖြစ်ကြောင်း ဝါဒဖြန့်ချက်တွေက မီးခဲပြာဖုံးလူမျိုးရေး တင်းမာမှုတွေ လေတစ်ချက်ဟပ်လိုက်သလိုပါပဲ။ ဒီထဲမှာ ရဲခနဲဖြစ်အသွားဆုံး မီးခဲကတော့ Kosovo ပါပဲ။ ဆာဘ်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ကိုဆိုဗားအလ်ဘေးနီးယန်း တချို့ဟာ လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ခဲ့ကြပါတယ်။ လူထုကိုနိုင်ငံရေး အတွေးအခေါ်ရှင်သန်နေစေဖို့ သတင်းစာလျှို့ဝှက်ထုတ်တာကနေ radio အသံ လွှင့်ဌာနတစ်ခုကို တည်ထောင်တာအထိ လုပ်နိုင်ခဲ့ကြပါတယ်။


အထင်ရှားဆုံး လျှို့ဝှက်အဖွဲ့အစည်းကတော့ People’s Movement of Kosovo ဆိုတဲ့ အဖွဲ့ပါ။ အတိုကောက် LPK လို့ခေါ်ပါတယ်။ ဒီအဖွဲ့ဟာအဝေးရောက်အလ်ဘေးနီးယန်းတချို့နဲ့ ဖွဲ့စည်းထားတာ့ဖြစ်ပြီး လူအမျိုးမျိုး အထွေထွေပါပါတယ်။ ဒီထဲက တချို့က လက်နက်ကိုင်တော်လှန်ရေးအထိ စဉ်းစားထားကြသူတွေပါ။ ဆာဘ်တွေဘက်ကလည်း လက်သွက်ပါတယ်။ ပြည်ပရောက် အလ်ဘေးနီးယန်းတက်ကြွသူတွေကိုပါလိုက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဂျာမနီမှာနေတဲ့ ကိုဆိုဗားအလ်ဘေးနီးယန်း activist ၃ ယောက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဆာဘ်တွေပေးချင်တဲ့ message က “ငါတို့က နေရာတိုင်းကို လက်လှမ်းမှီတယ်” ဆိုတဲ့အကြောက်တရား ဖြစ်ပေမယ့် activist တွေထဲမှာတော့ လက်နက်ကိုင်တော်လှန်ရေး လိုကိုလိုအပ်လာလိမ့်မယ်ဆိုတဲ့ ခံယူချက်ခိုင်မာသွားသူတွေဖြစ်ပေါ်လာပါတယ်။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပေါ့ဗျာ။

မကောင်းဆိုးဝါး ထိုမိစ္ဆာ

စီးပွားကြပ်တည်းမှုကြောင့် ကိုဆိုဗိုဒေသက ဆာဘ်တွေဟာ ဆားဗီးယားနိုင်ငံအတွင်းကို အများအပြားရွှေ့ပြောင်းကြပါတယ်။ ဘာပဲပြောပြော ဗဟိုဆားဗီး ယားဟာ ကိုဆိုဗိုထက်စာရင် အလုပ်အကိုင်အခွင့်အလမ်းပိုများတယ်လေ။
ကိုဆိုဗားအလ်ဗေးနီးယန်းတွေအဖို့ကတော့ ဆားဘီးယားနိုင်ငံအတွင်း ကို ဝင်လို့လဲမရ၊ အိမ်နီးချင်းအလ်ဘေးနီယားနိုင်ငံကလည်း တကယ့်ကို မော်စီတုန်းစတိုင် ကွန်မြူနစ်ဂေါက်ကြောင်ငမွဲနိုင်ငံဆိုတော့ ကိုဆိုဗိုဒေသမှာပဲ ပိတ်မိနေပါတော့တယ်။
ဒီလိုဖြစ်နေတာဟာ ဆယ်စုနှစ် သုံးစုစာလောက်ရှိလာတော့ ကိုဆိုဗိုဒေသမှာ ဆာဘ်နဲ့ အလ်ဘေးနီးယန်း လူဦးရေအချိုးအစားကွာဟမှုက ကြီးမား သထက်ကြီးမားလာပါတယ်။ ဆာဘ်တွေရဲ့မဟုတ်မဟပ်ဝါဒဖြန့်မှုတွေမှာတော့ အသုံးအနှုန်းတခုထပ်တိုးလာပါတယ်။ “သားပေါက်နှုန်းမြန်တဲ့ အလ်ဘေးနီးယန်းတွေ” တဲ့။
တီးတိုးကွယ်လွန်ချိန် ၁၉၈၀ ကနေ လွှတ်ပေးလိုက်တဲ့ မဟုတ်မဟပ် အရေးအသားတွေဟာ ကိုဆိုဗိုဒေသမှာတော့ လူမျိုးရေးတင်းမာမှုနဲ့ အထိကရုဏ်းတွေ ဆက်တိုက်ဖြစ်လာစေတော့တာပါပဲ။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင် တွေထဲမှာ တီးတိုးလူအမာခံတွေရှိနေဆဲမို့ လူမျိုးရေးအထိကရုဏ်းဖြစ်တိုင်း နှစ်ဖက်လုံးကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ပစ်တာကတော့ရှိနေဆဲပါ။
ဆာဘ်အာဏာပိုင်တွေထဲမှာလည်း အုပ်စုကွဲစပြုလာပါတယ်။ တီးတိုး စတိုင်မာမာထန်ထန် ဆက်အုပ်ချုပ်ဖို့၊ ဒါမှမဟုတ်လည်း ပါတီစုံစနစ်ကို ခွင့်ပြုဖို့။
ခက်တာက ပါတီစုံစနစ်ကို ခွင့်ပြုလိုက်ရင် သေချာတာကကွန်မြူနစ်ပါတီရွေး ကောက်ပွဲရှုံးမှာ၊ လူမျိုးရေးပါတီတွေအနိုင်ရကုန်မှာ။ ဒီတော့ မာမာထန်ထန်ပဲ ဆက်အုပ်ချုပ်မယ်။
ဒီထဲမှာမှ ကွန်မြူနစ်ပါတီကိုယ်တိုင်က လူမျိုးရေးအမုန်းတရားကို အသုံးချပြီးဆက်အုပ်ချုပ်ချင်တဲ့သူ လက်တစ်ဆုပ်စာ ရှိနေပါတယ်။ ဒါဟာ တီးတိုး လမ်းကြောင်းနဲ့ တကယ့်ကိုဆန့်ကျင်ဖက်။
တီးတိုးလုပ်သွားတာက ပြည်ထောင်စုအတွင်းမှာ ဆာဘ်တွေက အသာစီးယူထားတာမှန်တယ်။ သို့သော်သိသာသိစေ မမြင်စေနဲ့။ အကိုကြီးနဲ့
ညီလေးများပုံစံနဲ့သွား။ ခုလုပ်မယ့်ပုံစံက Greater Serbia ။ ဆာဘ်တွေ နယ်မြေကျယ်ကျယ်ယူမယ်။ သခင်နဲ့ ကျွန်တွေပုံစံနဲ့သွားမယ်။
ဒါပေမဲ့ ဒီလမ်းကြောင်းကို ဘယ်သူကမှမစရဲဘူး။ ခရိုအတ်တွေ၊ ဆလိုဗတ်တွေက ငြိမ်ခံမှာမဟုတ်ဘူးဆိုတာသိတော့ သိပ်မလုပ်ရဲသေးဘူး။ တရားမဝင် စာတမ်းဖြန့်နေတာတွေရှိတယ်။ ဒီအချိန်မှာ ဒီသွေးခင်းတဲ့လမ်းကို စတင်ဖွင့်လှစ်လိုက်တဲ့ မိစ္ဆာတကောင်ပေါ်လာတယ်။
သူဟာ အစကဂျောင်ကလောင်ကရယ်။ တီးတိုးရဲ့ ပါတီပထမလိုင်းက လူတွေကိုဖယ်လိုက်တော့ လမ်းပွင့်လာတဲ့သူ။ တီးတိုးရှိနေစဉ်နဲ့ တီးတိုး ကွယ်လွန်ခါစမှာ လူမျိုးရေးအမုန်းတရားတွေကိုနှိပ်ကွပ်ထားရမယ်လို့ အသံပြဲနဲ့ အော်ပြီး ပါတီထိပ်ပိုင်းကလူတွေ သဘောကျအောင်လုပ်ခဲ့တဲ့လူ။ ဒီလိုနဲ့ ဆာဘ် သမ္မတရဲ့ ညာလက်ရုန်းဖြစ်လာခဲ့သူ။
သူကတော့ မီလိုဆီဗစ် ပါ။

မီလိုဆီဗစ်ပေါင်းများစွာရှိတဲ့နိုင်ငံ

၁၉၈၇ မှာ kosovo မှာ အထိကရုဏ်းဖြစ်လာတော့ ဆားဘီးယားသမ္မတ က သူ့ရဲ့ညာလက်ရုံး မီလိုဆီဗစ်ကို ဖြေရှင်းဖို့လွှတ်လိုက်ပါတယ်။ သွေးခင်းသောလမ်းကို ဖဲကြိုးဖြတ်ဖွင့်ခွင့်ပေးလိုက်တာပါပဲ။ မီလိုဆီဗစ်ဟာ အရင်တုန်းက ကွန်မြူနစ်အာဏာပိုင်တွေမလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို စလုပ်လိုက်ပါတယ်။ တီးတိုးက ရှောင်ကျဉ်ဖို့ ပြဌာန်းခဲ့တဲ့အရာပါ။ အထိကရုဏ်းမှာပါတဲ့ ဘယ်လူမျိုးအုပ်စုနဲ့မှ တိုက်ရိုက်မတွေ့ဆုံဖို့ပါ။
မီလိုဆီဗစ်ကတော့ ကိုဆိုဗိုက ဆာဘ်ဆန္ဒပြသမားတွေရဲ့ စကားသံကိုနားထောင်မယ်လို့ လုပ်ချလိုက်တာပါ။ အဲ့ဒီတွေ့ဆုံပွဲကို အဆောက်အဦတစ်ခု ထဲမှာ လုပ်နေတုန်း အဆောက်အဦရဲ့ အပြင်ဖက်မှာ ဆာဘ်တွေနဲ့ လုံထိန်းတွေ
ချနေကြတာပါ။ မီလိုဆီဗစ်က အဲ့အချိန်ကျမှ အပြင်ထွက်လာပြီး ကိုဆိုဗိုက ဆာဘ်တွေကို နောက်ထပ်ဘယ်သူကမှ ထပ်မရိုက်စေရတော့ဘူး။ ထပ်မရိုက် စေရတော့ဘူးလို့ ထပ်ခါထပ်ခါ အာမခံ မိန့်ခွန်းခြွေသွားပါတယ်။
ရုတ်တရက်ကြည့်ရင်တော့ ဒီတွေ့ဆုံပွဲတွေ ဖြစ်ပျက်သွားတာတွေဟာ ၅ ရက်လောက်အတွင်း ဆက်တိုက်မမျှော်လင့်ဘဲ ဖြစ်သွားသလိုရှိပေမယ့် နောက် ပိုင်းကျမှ ပေါ်လာတာတွေကတော့ မီလိုဆီဗစ်ဟာ ကိုဆိုဗိုရောက်လာတာနဲ့ တပြိုင်နက် သူ့လူတချို့ကိုလွှတ်ပြီး ဆာဘ်လူမျိုးရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးထားပြီးသားပါ။ ကိုဆိုဗိုက တရားဝင်ကွန်မြူနစ်အာဏာပိုင်တွေနဲ့ မတွေ့ခင်ကို ဆွေးနွေးထားတာပါ။
နောက်ပြီး ဘဲလ်ဂရိတ်မီဒီယာအဖွဲ့ကိုပါ ခေါ်လာခဲ့ပြီး ဆာဘ်တွေနဲ့ တွေ့ဆုံပွဲ၊ ဆာဘ်တွေကို ဘယ်သူကမှထပ်မရိုက်နှက်ရဲစေရတော့ဘူးလို့ သူမိန့် ခွန်းခြွေခန်းတွေကို သေချာရိုက်ကူးစေပြီး ယူဂိုဆလားဘီးယားတလွှား Live လွှင့်ခိုင်းထားတာပါ။
ယူဂိုဆလာဘ်တလွှားက ဆာဘ်တွေဟာ ဒီဗီဒီယိုမှာပါတဲ့ ဆာဘ်လူမျိုးတွေရဲ့ စကားတွေကို နားထောင်လိုက်၊ ခိုးဝင်သားပေါက်နှုန်းမြန်အလ်ဘေးနီးယန်းတွေကို တက်တခေါက်ခေါက်နဲ့ဆဲလိုက်၊ မီလိုဆီဗစ်ရဲ့ကိုင်တွယ်မှုကိုကြည့်ပြီးအမျိုးသားသူရဲကောင်းကြီးပေါ်ထွန်းလာချေပြီလို့ ခံစားချက်တွေမြင့်လာလိုက်နဲ့ မီလိုဆီဗစ်အတွက် တမဟုတ်ချင်းအာဏာလမ်းကြောင်း ပွင့်သွားပါတော့တယ်။
မြို့တော်ဘဲလ်ဂရိတ်က ကွန်မြူနစ်အာဏာပိုင်တွေအနေနဲ့လည်း မီလိုဆီဗစ်လုပ်တာကို မျက်လုံးပြူးမျက်ဆံပြူးနဲ့ အံ့အားသင့်နေကြပါတယ်။ အံ့သြစရာကောင်းလောက်တဲ့ မီလိုဆီဗစ်အပေါ် လူထုထောက်ခံမှုကြီးကိုလည်း မြင်လိုက် ရပါတယ်။၁၉၈၀ ကနေ လွှတ်ထားတဲ့ မဟုတ်မဟပ်ဝါဒဖြန့်ချီမှုအဆိပ်တွေဟာ
ဆာဘ်လူမျိုးတွေကို မီလိုဆီဗစ်နောက်လိုက်တွေအဖြစ် ခဏလေးအတွင်း သိမ်းသွင်းပေးလိုက်ပါပြီ။
မီလိုဆီဗစ်ပြန်ရောက်တော့ သမ္မတက “ခင်ဗျားလုပ်ထုံးလုပ်နည်းကို ဘောင်ကျော်လုပ်တယ်” လို့ပြောတော့ မီလိုဆီဗစ်က ဒဲ့မဲခွဲဖို့ စိန်ခေါ်ပါတယ်။
ဒီမဲခွဲပွဲမှာ မီလိုဆီဗစ်အပြတ်အသတ်အနိုင်ရပြီး သမ္မတဖြစ်လာပါတယ်။ (ပါတီအသစ်တွေပေါ်တာ၊ ရာထူးအပြောင်းအရွှေ့တွေကို အသေးစိတ်မရေး တာက ပျင်းစရာအလွန်ကောင်းလို့ပါ။)

—————————————

သိန်းစိန်အပါအဝင် ဗမာစစ်ဘက်ထိပ်ပိုင်းတွေဟာ ရခိုင်အရေးအခင်း ဖြစ်စကတည်း ရခိုင်ပြည်နယ်ကိုသွားပြီး ဒီလို ဗီဒီယိုတွေကို MRTV နဲ့ မြဝတီကနေ တောက်လျှောက်လွှင့်ခဲ့ကြပါတယ်။
မှတ်မှတ်ရရ သိန်းစိန်အစိုးရရဲ့ ပြည်ထဲရေးနဲ့ နယ်စပ်ရေးဝန်ကြီးတွေဟာ ဒါမျိးအတော်လုပ်ခဲ့ကြပါတယ်။ မွစ်ဆလင်မ်မုန်းတီးရေးဝါဒဖြန့်မှုတွေကလည်း မဆလ၊ နဝတ၊ နအဖနဲ့ ဒီဘက်ခေတ်အထိ တိုးတက်များပြားလာနေဆဲပါ။
သင်ဟာ မီလိုဆီဗစ်ပေါင်းများစွာ မျိုးဆက်နဲ့ချီ အုပ်ချုပ်တဲ့နိုင်ငံမှာ နေထိုင်သူတဦးဆိုတာ မမေ့ပါနဲ့။

“သခင် နဲ့ ကျွန်” ပုံစံ
ပြည်ထောင်စု အလိုမရှိ

Morini, Albania. Albanian peaple escaping from Kosovo, 1999.

ကျွန်တော် ရှေ့မှာရေးခဲ့သလို ပြည်ထောင်စုအဆင့်မှာ ဆာဘ်တွေဟာ kosovo နဲ့ Vojvodina တို့ရဲ့မဲကိုရဖို့ စီးပွားရေးအခွင့်အလမ်းတချို့နဲ့ ညှိလေ့ရှိပါတယ်။ မီလိုဆီဗစ်ကတော့ အဲဒီလို မညှိတော့ဘဲ လုယူပါတယ်။ သူက Vojvodina မှာလူသိန်းချီပါတဲ့ ဆာဘ်လူအုပ်ကြီးနဲ့ အစိုးရရုံးကို ဝိုင်းလိုက်ပါတယ်။ပြီးတော့ အစိုးရနှုတ်ထွက်ပေးဖို့ ရက်ရှည်တောင်းဆိုတော့တာပါ။ မီလိုဆီဗစ်ကြွေးကြော်တာက “ဟောင်းနွမ်းခြစားနေတဲ့ ဗျူရိုကရေစီစနစ်ကို တိုက်
ဖျက်ပစ်” တဲ့။
အရင်က လူစုစုလုပ်တာနဲ့ မြန်မြန်နှိမ်နင်းတတ်တဲ့ လုံထိန်းတွေကလည်း မီလိုဆီဗစ်ရဲ့ဆန္ဒပြလူအုပ်ကို ထိထိရောက်ရောက်မကိုင်တွယ်ပါဘူး။ မီလိုဆီဗစ် ကတော့ ဒါကိုထောက်ပြပြီး “ကျုပ်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လေပြီလို့” တောင် ကမ္ဘာကိုသက်သေပြပါသတဲ့။ ရက်ရှည် အဝိုင်းခံရတဲ့ Vojvodina အစိုးရအဖွဲ့ဟာ အရှုံးပေးလိုက်ရပြီး မီလိုဆီဗစ်လူတွေနဲ့ အစိုးရဖွဲ့လိုက်ရပါတယ်။ မွန်တီနီဂရိုးမှာလည်း ဒီပုံစံနဲ့ပဲ မီလိုဆီဗစ်က အာဏာသိမ်းလိုက်ပါတယ်။
ကိုဆိုဗိုမှာတော့ ဒီလိုလုပ်မရပါဘူး။ အလ်ဘေးနီးယန်းတွေက လူဦးရေ ရဲ့ ၈၀% ကျော်ရှိတော့ လူအုပ်နဲ့ သွားဖြဲရင် ဆာဘ်တွေပဲ နာသွားမှာပါ။ ဒီတော့ မီလိုဆီဗစ်က ဆားဗီးယား republic ရဲ့ ဖွဲ့စည်းပုံဥပဒေကိုပြင်ပါတယ်။ (ယူဂို ဆလားဗီးယားပြည်ထောင်စုရဲ့ ၇၄ ဖွဲ့စည်းပုံဥပဒေနဲ့မရောပါနဲ့) ဆာဘီးယား republic ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ကိုဆိုဗိုဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပါလီမန်တွေကို ဖျက်သိမ်းပြီး ဆားဘီးယားနိုင်ငံက တိုက်ရိုက်အုပ်ချုပ်မယ်လို့ ဖြစ်သွားတာပါ။ ဒါဟာ ပြည်ထောင်စုအဆင့်ဖွဲ့စည်းပုံ ဖြစ်တဲ့ ၁၉၇၄ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ပါတယ်။ ဆာဘ်တွေဟာ ပြည်ထောင်စုကြီး ပြိုကွဲမှာကြောက်လို့ဆိုပြီး တချိန်လုံးအော်နေသလောက် ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံဥပဒေကို ပထမဆုံး ဆွဲဖြဲလိုက်ပါတော့တယ်။
ဒါပေမဲ့ မီလိုဆီဗစ်ဆိုတဲ့လူကပ်က ကိုဆိုဗိုရဲ့ ပြည်ထောင်စုအဆင့်မဲ ပေးခွင့်ကိုတော့ ဆက်လက်အသိအမှတ်ပြုပါသတဲ့။ တကယ့် သောက်ချဉ်ပါ။ ကိုဆိုဗိုဟာ ဆားဗီးယားအောက် တိုက်ရိုက်ရောက်သွားပြီဆိုမှတော့ ကိုဆိုဗိုရဲ့ မဲဟာလည်း ဆာဘ်တွေအလိုကျပဲ ဖြစ်သွားရောပေါ့ဗျာ။ ဒီလိုနဲ့ ပြည်ထောင်စုအဆင့် ၈ မဲရှိရာမှာ ဆာဘ်တွေဟာ

ဆားဘီးယား republic တစ်မဲ
vojvodina တစ်မဲ
မွန်တီနီဂရိုး တစ်မဲ
kosovo တစ်မဲ
စုစုပေါင်း ၄ မဲ အခိုင်ဖြစ်သွားပါတော့တယ်။
ယူဂိုဆလားဗီးယားပြည်ထောင်စုအတွင်း ဥပဒေနဲ့အညီ ဆာဘ်သခင် များကို အလုပ်အကျွေးပြုရတော့မှာကို မြင်သွားတဲ့ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားက ခွဲထွက်ဖို့ ဒဲ့လုပ်ပါတော့တယ်။ သိပ်မကြာခင်မှာပဲ ဘော့စ်နီးယား ကလည်း ခွဲထွက်ရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒီမှာတင် ယူဂိုဆလားဗီးယား ပြည်တွင်းစစ် စပါတော့တယ်။

ပြည်တွင်းစစ်မဟုတ်ဘူး
အဲ့ဒါဂျင်နိုဆိုဒ်

ဒီအထိ မီလိုဆီဗစ်ကို ဘာမှပြောစရာမရှိပါဘူး။ နိုင်ငံရေးသမား တစ်ယောက် နိုင်ငံရေးကို ကလိမ်ကကျစ်နဲ့လုပ်တယ်။ ဒီလောက်ပါပဲ။ ဘာမှထူးပြီး အပြစ်တင်စရာလည်းမရှိလှပါဘူး။
ဒါပေမဲ့ . . .

ပြည်တွင်းစစ်အစပိုင်းမှာ မီလိုဆီဗစ်၊ ယူဂိုဆလာဘ်ထောက်လှမ်းရေး နဲ့ တပ်မတော်တို့ဟာ အရေးကြီးလျှို့ဝှက်အစည်းအဝေးတစ်ရပ် လုပ်ကြပါတယ်။ အစည်းအဝေးမှာ plan A ကို လုပ်မလား plan B ကို လုပ်မလား တိုင်ပင်ကြပါတယ်။ plan A က မူလ ယူဂိုဆလားဘီးယားပြည်ထောင်စုကို မပြိုကွဲရအောင် ထိန်းထားဖို့ပါ။ plan B ကတော့ မူလယူဂိုဆလားဘီးယား ပြိုကွဲရင်နေပစေ။
ဆာဘ်တွေအတွက် နယ်မြေကျယ်ကျယ်နဲ့ Greater Serbia နိုင်ငံ ပေါ်ထွက် လာဖို့ပဲ… စစ်တိုက်ဖို့ပါ။ plan A က မလွယ်ပါဘူး။
ဆလိုဗေးနီးယားရဲ့လွတ်လပ်ရေးကို နိုင်ငံတကာက တန်းပြီးအသိအမှတ်ပြုလိုက်ကြပါတယ်။ မဟာကွန်မြူနစ် ဆိုဗီယက်ပြည်ထောင်စုတောင် ကွဲသွား မှတော့ ယူဂိုဆလားဗီးယားလည်း ကွဲပြီပေါ့။ ဒီတော့ plan B ဖြစ်တဲ့ Greater Serbia ကိုပဲ ရွေးချယ်ကြပါတယ်။ Plan B အတွက် ဆာဘ်လူမျိုးတွေနေထိုင်ခြင်းမရှိတဲ့ ဆလိုဗေးနီးယားနဲ့ မက်ဆီဒိုးနီးယားကို အသာတကြည် လက်လွှတ်လိုက်ပါတယ်။ ဆာဘ်လူမျိုးတွေ နေထိုင်တဲ့ ခရိုအေးရှားနဲ့ ဘော့စ်နီးယားကို စစ်မျက်နှာဖွင့်ပါတယ်။
အဲဒီ နှစ်နိုင်ငံမှာ ဆာဘ်တွေဟာ မိမိနေထိုင်ရာနယ်မြေတွေကိုသိမ်း ပိုက်ပြီး ဆားဘီးယား republic နဲ့ ပေါင်းစည်းကြောင်း referendum လုပ်ဖို့ပါ။ ခက်တာက ဆာဘ်တွေ၊ ခရိုအက်တွေ၊ ဘော့စ်နီးယန်းတွေနေထိုင်တဲ့ နယ်မြေက အပြတ်အသားစည်းခြားထားတာမျိုးမဟုတ်ဘဲ ရွေထွေးယှက်တင်ဖြစ်နေတာပါ။ ဒါများလွယ်လွယ်လေး…။
အဲဒီ ခရိုအတ်တွေနဲ့ ဘော့စ်နီးယန်းတွေကို အဲဒီနယ်မြေတွေကနေ မောင်းထုတ်ပြီး ဆာဘ်နယ်မြေတွေအဖြစ် တဆက်စပ်တည်းလုပ်ပစ်လိုက်ရုံပေါ့။ ဒါဟာ လူမျိုးရေးသန့်စင်မှု ( ဝါ ) ethnic cleansing ပါပဲ။ မီလိုဆီဗစ်ဟာ ethnic
cleansing ကို ရွှံရှာဖွယ်ရာအဖြစ် မသတ်မှတ်ဘဲ ဆာဘ်လူမျိုးတွေရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင် ရတဲ့ မြင့်မြတ်သောကုသိုလ်ကောင်းမှုအဖြစ် လက်သိပ်ထိုးဝါဒဖြန့်ပါ သတဲ့။ ဒီလိုမြင့်မြတ်သောတာဝန်ကိုစွန့်လွှတ်စွန့်စားစွာ ထမ်းဆောင်တဲ့ ဆာဘ်တပ်မတော်သားတွေဟာ လည်း “ရဲသော်မသေ? သေသော်ငရဲမလား” မို့ မုဒိန်းကျင့်၊ လူသတ်၊ မီးရှို့တာတွေကို စိတ်လုံလုံနဲ့လုပ်ဖို့ သွေးထိုးပါတယ်။
ကဲ… ဘာပြောစရာရှိသေးလဲ။


ဂျင်နိုဆိုဒ်လေဗျာ။ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကြီးရဲ့ နောက်ဆုံးအဆင့်တွေကို မြင်ရတော့တာပေါ့။ မီလိုဆီဗစ်ဟာလည်း နိုင်ငံရေးသမားမဟုတ်တော့ဘူး။ ဂျင်နိုဆိုဒ်ရာဇဝတ်ကောင်ဗျ။

——————————-

Kosovo ကိစ္စကို အဓိက ထားရေးဖို့ရှိပေမယ့် ခရိုအေးရှားနဲ့ ဘော့စ်နီး ယားကိစ္စကိုလည်း အကြမ်းဖျင်း လောက်ထိတွေ့ရပါမယ်။ ၁၉၉၀ ပြည့်ကနေ သန္ဓေစတည်လာတဲ့ ဒီသုံးပွင့်ဆိုင်ကိစ္စကို ပြည်တွင်း စစ်အဖြစ် ပုံဖော်ရေးသားကြသူတွေများပါတယ်။ သာမန်လူတွေမပြောနဲ့ အမေရိကန်အစိုးရကိုယ်တိုင် ပြည်တွင်းစစ်တခုအဖြစ်ယူဆခဲ့လို့ အကိုင်အတွယ်လွဲချော်ခဲ့ရ တာတွေအများကြီးပါ။
တကယ်တော့ ပြည်တွင်းစစ်မကပါဘူး။ ပြည်တွင်းစစ်ကို အကာအကွယ်ယူလျက် ကျူးလွန်ခဲ့တဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှု အစုအထွေးကြီးပါ။ ဆာဘ်တွေဘက်က အများစုပုံဖော်ကြတာက “စစ်တိုက်ရင်း သုံးဖက်လုံးက လွန်ခဲ့ကျွံခဲ့ကြ တာတွေမှာ ဆာဘ်တွေကိုပဲ အပြစ်ဖို့တယ်” ဆိုတာမျိုးပါ။
သုံးဖက်စလုံးက လွန်ခဲ့ကျွံခဲ့တာတွေရှိပေမယ့် အမှန်တကယ် intention ရှိရှိနဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့ စီစဉ်ခဲ့သူတွေကတော့ မီလိုဆီဗစ်ဦးဆောင်တဲ့ ဆာဘ်အစိုးရနဲ့ လက်နက်ကိုင်တွေပါပဲ။ စစ်ပွဲစကတည်းက ပြည်ထောင်စုတပ်မတော်နဲ့ ထောက်လှမ်းရေးကို ချုပ်ကိုင်ထားတဲ့ဆာဘ်တွေက နယ်မြေတွေကို မြန်မြန်ဆန်ဆန်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။ ဘောစ်နီးယားရဲ့ သုံးပုံနှစ်ပုံနဲ့ ခရိုအေးရှားရဲ့ တဝက်လောက်ဟာ ဆာဘ်တွေလက်ထဲရောက်သွားပါတယ်။ ဒီအထိကတော့ ဆာဘ်တွေဘက်က စစ်ရာဇဝတ်မှုတွေကျူးလွန်တာ တွေရှိပေမယ့် ပြည်တွင်းစစ်လို့ပဲ အကြမ်းဖျင်းဆိုကြပါစို့။ ဒီနောက်ပိုင်း အသိမ်းပိုက်ခံနယ်မြေတွေမှာ ဆာဘ်တွေထုတ်ဆင့်ခဲ့တဲ့ဥပဒေတွေ၊ အမိန့်တွေနဲ့ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေအပေါ် ပြု ကျင့်မှုတွေက ဂျင်နိုဆိုဒ်ရာဇဝတ်မှုတွေပါ။
ဒီစစ်ပွဲကြီးအတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အကြမ်းဖျင်း အမျိုးအစား နှစ်မျိုးခွဲလို့ရပါတယ်။ “စစ်ရာဇဝတ်မှုနဲ့ ဂျင်နိုဆိုဒ်ရာဇဝတ်မှု” ဆာဘ်တွေပြောလေ့ရှိတဲ့ သုံးဘက်လုံးက လွန်ခဲ့ကျွံခဲ့တာတွေဆိုတာ က စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ရင် မှန်နိုင်ပေမယ့် ဂျင်နိုဆိုဒ်ရာဇဝတ်မှုကတော့ ဆာဘ်တွေဘက်ကပဲ ကျူးလွန်ခဲ့တာပါ။
စစ်ပွဲအဆုံးသတ်ခါနီး ခရိုအတ်တွေရဲ့တန်ပြန်ထိုးစစ်မှာ ဆာဘ်အရပ် သားတွေကို မောင်းထုတ်တာတွေရှိပေမယ့်လည်း အချိန်မှီထိန်းသိမ်းနိုင်ခဲ့ပြီး ကျူးလွန်ခဲ့သူ ခရိုအတ်ဗိုလ်ချုပ်တွေကိုလည်း ICC မှာစီရင်ချက်ချမှတ်ခဲ့ပါတယ်။
နောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာချင်း တူဦးတောင်မှ ဆာဘ်တွေ ကျူးလွန်တဲ့ ပမာဏက ပိုများပါတယ်။
ဥပမာ – ဆာရာယေဗိုကို ဆာဘ်လက်နက်ကိုင်တွေက အမြောက်နဲ့ ပစ်တဲ့ကိစ္စ၊ စစ်ပွဲနဲ့ ဘာမှမဆိုင်တဲ့ အရပ်သားရပ်ကွက်တွေကို ပစ်ပါများတော့ မြို့ထဲမှာ ခိုကပ်နေထိုင်တဲ့ ဆာဘ်လူမျိုးတွေကပါ မခံမရပ်နိုင်ဖြစ်လာပြီး ဘော့စ်နီးယားတပ်တွေနဲ့ ပူးပေါင်းသွားတဲ့အထိပါ။ အဲဒီဆာဘ်တွေဆိုရင် ဘော့စ်နီးယားတပ်မတော်အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထိရာထူးရတဲ့သူတောင် ဖြစ်လာခဲ့ပါတယ်။
မီလိုဆီဗစ်ဦးဆောင်တဲ့ဆာဘ်တွေရဲ့ ဒီရာဇဝတ်မှုတွေဟာ သွေးဆူတုန်းမတော်တဆ လုပ်မိတာမဟုတ်ဘဲ စနစ်တကျ ငွေကုန်ကြေးကျ အချိန်ယူအစီအစဉ်ဆွဲပြီး လုပ်ခဲ့တာတွေပါ။ နာဇီတွေထက်ဆိုးတဲ့အဖြစ်တွေပါ လုပ်ခဲ့ ပါတယ်။
နာဇီတွေက ဂျာမန်စစ်သားတွေနဲ့ ဂျူးအမျိုးသမီးတွေ လိင်ဆက်ဆံတာ ကိုတားမြစ်ပါတယ်။ ဒါကြောင့် နာဇီတွေရဲ့ သေမင်းတမန်စခန်းတွေမှာ ဂျူးအမျိုး သမီးတွေကို မုဒိန်းကျင့်တာတွေက ကျယ်ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။ ဆာဘ်တွေကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ မုဒိန်းကျင့်ဖို့ကို သီးသန့်စခန်းတွေဖွင့်ပြီး ဘောစ်နီးယန်းနဲ့ ခရိုအတ် အမျိုးသမီးတွေကို မုဒိန်းကျင့်ပါတယ်။ မွေးလာတဲ့ခလေးတွေကို ဆားဗီးယန်း လူမျိုးဇာတ်သွင်းပစ်ဖို့ အတင်းအဓမ္မသိမ်းယူသွားပါတယ်။
ဆာဘ်တွေရဲ့ ခံယူချက်ကအဆန်းပါ။ ဘောစ်နီးယန်းတွေဆိုတာက အစ္စလာမ်ဘာသာကိုးကွယ်လို့သာ သီးခြားဖြစ်နေတာ တကယ်တော့ ဆာဘ်သွေးပါသူတွေပဲ။ ခရိုအတ်တွေကလည်း ကတ်သလစ်ဖြစ်လို့သာ တကယ်တော့ဆာဘ်သွေးပါသူတွေပဲ။ ဒီတော့ ဘော့စ်နီးယန်းနဲ့ ခရိုအတ်အမတွေကိုမူရင်းဆာဘ်သွေးနဲ့ သားပြန်ဖောက်ပေးပြီး ဆာဘ်သွေးလွှမ်းမိုးရေးကို အကောင်အထည်ဖော်တယ်။ ဘော့စ်နီးယန်းနဲ့ ခရိုအတ်အထီးတွေကိုတော့ သတ်ပစ် ပါသတဲ့။
နောက်ပြီး မုဒိန်းမှုကို ဒီလိုလက်နက်သဖွယ် အသုံးချလိုက်တဲ့အတွက် သားကောင်ဖြစ်ရသူတွေဟာ တသက်တာ ရှက်ရွံ့နိမ့်ကျသွားပြီး မုဒိန်းနယ်မြေ တွေကို ပြန်လှည့်မကြည့်ချင်လောက်အောင်ကို ရွှံရှာသွားလေ့ရှိတဲ့အတွက် ဆာဘ်တွေလိုချင်တဲ့ ethnic cleansed လုပ်ပြီးသားနယ်မြေဟာ ပိုမိုခိုင်မာသွားလေ့ ရှိသတဲ့။ ဒါဟာ ဆာဘ်လူမျိုးကြီးဝါဒီတွေရဲ့ လုပ်ရပ်တွေထဲက တစိတ်တဒေသ ပါပဲ။
ကျန်တဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အကျဉ်းစခန်းတွေမှာ နှိပ်စက်ညှဉ်းပမ်းတာတွေကလည်း ပက်ပက်စက်စက်ပါ။ မီလိုဆီဗစ် အဖို့ စိတ်အားတက်ကြွဖွယ်ရာ အဖြစ်တစ်ခုကတော့ ရဝမ်ဒါဂျင်နိုဆိုဒ်ပါ။
ရက်ပိုင်းအတွင်း လူသိန်းချီအသက်ပျောက်ခဲ့ရတဲ့ ရဝမ်ဒါဂျင်နိုဆိုဒ်ကို နိုင်ငံတကာရဲ့တုန့်ပြန်ပုံက အင်မတန်မှ ရှက်စရာကောင်းလောက်အောင် တာဝန်မဲ့ လွန်းပါတယ်။ ဒုက္ခရောက်နေသူတွေကို ကယ်တင်မယ့်အစား UN ကဆိုရင်

သူ့တပ်ဖွဲ့တွေ သေကုန်မှာမို့ တပ်တွေကိုပြန်ရုပ်သိမ်းလိုက်ပါသတဲ့။ဒါတွေကိုမြင်လိုက်ရတဲ့ မီလိုဆီဗစ်က ဘောစ်နီးယားက သူ့လုပ်ရပ် တွေကို ဘယ်သူမှမတားမြစ်နိုင်ဘူးလို့ ယူဆသွားပြီးလောကငရဲကို အရှိန်မြှင့်ပါ တော့တယ်။
ဘောစ်နီးယားကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံတကာရဲ့တုန့်ပြန်မှုကို “အသုဘရှုပွဲတစ်ခု တက်ရောက်ခြင်း” လို့တောင် တင်စားရသည်အထိ US နဲ့ UN ဟာ အစဦးပိုင်းမှာပေါ့လျော့ခဲ့ကြပါတယ်။ဒါပေမဲ့လည်း ဂျင်နိုဆိုဒ်တားဆီးရေးလှုပ်ရှားသူတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ဒီသုံးပွင့်ဆိုင်စစ်ပွဲကြီးကို Dayton သဘောတူညီချက်နဲ့ ရပ်တန့်နိုင်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် Dayton စာချုပ်အရ ဆာဘ်တွေဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားကနေ ခွဲထွက်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေတော့ရပါတယ်။ အဲဒီဒေသတွေကိုလည်း ဆားဗီးယားနဲ့ ပေါင်းစည်းခွင့် မရှိပါဘူး။ ethnic cleansed လုပ်ထားတဲ့ နယ်မြေတွေကိုလည်း မူလလူမျိုး တွေလက်ထဲ ပြန်အပ်ရပါတယ်။
ဒီသဘောတူညီချက်တွေ မြေပြင်မှာခိုင်မာစေဖို့ ဘော့စ်နီးယားနိုင်ငံ ထဲကို US ဦးဆောင်တဲ့ NATO တပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ US တိုက်လေယာဉ် ၂၀၀ ကျော်ဟာဆိုရင် မီလိုဆီဗစ်နဲ့ ဆွေးနွေးပွဲစချိန်မှာ ပြေးလမ်း ကြောင်းပေါ် အသင့်နေရာယူထားပြီး လေယာဉ်မှူးတွေက stand by စောင့်နေပါတယ်။ မီလိုဆီဗစ်ခေါင်းခါတာနဲ့ တပြိုင်နက် လေပေါ်ပျံတက်ပြီး ဗုံးကြဲဖို့ပါ။ ဒီတော့ မီလိုဆီဗစ်လည်း Dayton ကို သဘောတူလက်မှတ်ရေးထိုးလိုက်ရပြီး သူ့ရဲ့ Greater Serbia အိပ်မက်ကို နောက်ပို့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘော့စ်နီးယား နဲ့ ခရိုအေးရှားက ဈာပနပွဲတွေဟာ ၁၉၉၅ မှာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Kosovo ရဲ့ ငရဲခန်းတွေကတော့ ခုမှ ဂီယာကြီးစထိုးတဲ့အချိန် ရောက်လာပါတော့တယ်။

ဂျင်နိုဆိုဒ် သံသရာ ထပ်ခါထပ်ခါ

၁၉၈၇ မှာ Kosovo ကိစ္စကို အမြတ်ထုတ်ပြီး မီလိုဆီဗစ်ဟာ အာဏာရလာခဲ့တယ်။ ၁၉၈၉ ဟာ Kosovo ရဲ့ ငရဲခန်း ပထမထပ်ပါပဲ။မီလိုဆီဗစ်ဟာ ဆားဘီးယားဘာသာစကားကို Kosovoရဲ့တရားဝင်ရုံးသုံးဘာသာစကားအဖြစ်ပြဌာန်းလိုက်ပါတယ်။
Kosovoလူဦးရေရဲ့ ၈၀%ကျော်ရှိတဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို ဒဲ့စိန်ခေါ် လိုက်တာပါပဲ။ ဆာဘ်တွေအတွက်ကတော့ မီလိုဆီဗစ်ဟာ အမျိုးသားသူရဲကောင်းကြီး ဖြစ်သထက်ဖြစ်တော့တာပေါ့။ကိုဆိုဗားအလ်ဘေးနီးယန်းတွေကတော့ ငြိမ်ခံမနေပါဘူး။
၁၉၈၉ ဖေဖော်ဝါရီလမှာပဲ အလ်ဘေးနီးယန်းသတ္တုမိုင်းလုပ်သား တစ်ထောင်ဟာ အစာငတ်ခံ ဆန္ဒပြကြတော့တာပါပဲ။ သူတို့အလုပ်လုပ်နေတဲ့ သတ္တုမိုင်းတွင်းတွေမှာပဲ လုပ်ငန်းတွေကိုရပ်စဲလိုက်ပြီး သပိတ်စခန်းဖွင့်လိုက်ပါတယ်။ မီလိုဆီဗစ် လိုချင်တဲ့အကွက်ပါပဲ။ Kosovo ဒေသကို အရေးပေါ်အခြေအနေ ကြေငြာလျက် ဆာဘ်လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ချလာတော့တာပါပဲ။
ဆာဘ်လက်နက်ကိုင်တွေဟာ အလ်ဘေးနီးယန်း ဆန္ဒပြပွဲ သပိတ်ပွဲတွေကို ရက်ရက်စက်စက် ဖြိုခွဲရုံမက ဖွဲ့စည်းပုံအခြေခံဥပဒေအရတရားဝင်တည်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့ကိုပါ ဖြိုခွဲပါတယ်။ စုစုပေါင်း အင်အား
လေးသောင်းလောက်ရှိတဲ့ ဆာဘ်လက်နက်ကိုင်တွေဟာ kosovo ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သိမ်းပိုက်လိုက်ပါတော့တယ်။
လက်နက်အားကိုးနဲ့ kosovo ဒေသကိုအုပ်စီးပြီးတဲ့အခါမှာတော့ မီလိုဆီဗစ်ဟာ ဥပဒေကြောင်းအရ အသာစီးယူဖို့ဆက်လုပ်ပါတယ်။ ဒါကတော့ အရှေ့မှာရေးခဲ့တဲ့ ဆားဘီးယား republic ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး
Kosovo ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖျက်သိမ်းလိုက်ခြင်းပါပဲ။
ဒီအထိ မီလိုဆီဗစ်လုပ်ရပ်တွေကို ဘာပြောစရာရှိလဲဆိုရင် ညစ်ပတ်ပြီးလက်နက်အားကိုးနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာကလွဲလို့ ထူးပြီးပြောစရာ မရှိလှပါဘူး။ ဒါပေမဲ့ . . . နယ်မြေတစ်ခုကို လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဝင်သိမ်းလိုက်တယ်။ ပြီးတော့အဲဒီနယ်မြေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တယ်။ ဟုတ်ပြီ။ ဒါ နိုင်ငံရေးပဲ။ မျှတတာ မမျှတတာက တစ်ကဏ္ဍ။
တဖက်ကလည်း မခံနိုင်လို့ပြန်ချတယ်။ ဟုတ်ပြီ ဒါစစ်ပွဲ။ မကောင်းတဲ့အရာပေမယ့် နိုင်ငံတကာရာဇဝတ်မှုမမြောက်ဘူးရယ်။ ဒါပေမဲ့ မီလိုဆီဗစ်လုပ် တာတွေကတော့ ဒီထက်ပိုပါတယ်။
Kosovo ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းရုံမကပါဘူး။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို အလုပ်ထုတ်ပစ်ပါတယ်။ ဆရာဝန်၊ တရားသူကြီး၊ စာရေး၊ သန့်ရှင်းရေးအလုပ်သမားထိ အလ်ဘေးနီးယန်းဆိုရင် အလုပ်ထုတ်ပဲ။ (လူ တစ်သိန်းနီးပါး အလုပ်ထုတ်ခံရပါတယ်။) ပိုဆိုးတာက ကိုဆိုဗားအလ်ဘေးနီးယန်းကျောင်းသားတွေကို ကျောင်းထုတ်ပစ်တာပါ။ ဘာအကြောင်းပြချက်မှမရှိ အလ်ဘေးနီးယန်းဆိုရင် ကျောင်း ထွက်ပဲ။ တချို့ဒေသတွေမှာ ကျောင်းတွေပိတ်ပစ်လိုက်တာ ရာချီသတဲ့။
မောင်နီကို အလုပ်ထုတ်တယ်။ မောင်ဖြူကိုကျောင်းထုတ်တယ်။ ဒါပေမဲ့မောင်နီမို့လို မောင်ဖြူမို့လို့ လုပ်တာမဟုတ်ဘူး။ ဘာလူမျိုးဖြစ်လို့ ဘာ,ဘာသာဝင်ဖြစ်လို့လုပ်တာဆိုတာက လူတစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကို ဖျက်ဆီး တာမဟုတ်ပါဘူး။ ဒါဟာ ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ပါဘူး။ လူမျိုးရေးကိစ္စလည်း မကပါဘူး။ ဒါဟာ လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ ကိစ္စပါ။
ဒီကိစ္စဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ polarization stage ကို အကောင်အထည်ဖော်တာပါ။

နှိုင်းယှဉ်သုံးသပ်ခြင်း

မေယုနယ်ခြားခရိုင်ကို ဖျက်သိမ်းပြီးနောက်မှာ ရိုဟင်ဂျာတွေကို ကျောင်းတက်ခွင့်မပေးတာ၊ တစ်ရွာကနေတစ်ရွာ သွားခွင့်မပေးတာ၊ အစိုးရ အလုပ်အကိုင် တွေကနေ ဖယ်ရှားပစ်တာ စတာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ပြီးရင် ကျောင်းတက်ခွင့်၊ ဘွဲ့ယူခွင့်၊ အလုပ်အတွက်လျှောက်လွှာ၊ ရှေ့နေလိုင်စင်၊ ဆရာဝန်မှတ်ပုံတင် စသဖြင့် နေရာအစုံမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစီစစ်ရေးကိစ္စမှာ ပြည်တွင်းကမွစ်ဆလင်မ်တွေကို ခွဲခြားဆက်ဆံနေ တာဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုရဲ့ polarization stage ကို စနစ်တကျ ရေရှည် plan နဲ့ အကောင်အထည်ဖော်နေတာဖြစ်ကြောင်းပါဗျား…။
ကျွန်တော်တို့နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေနဲ့ ကွာတာက သူတို့ကလွှတ်တော်အစိုးရ၊ ရွေးကောက်ပွဲ စတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အကျွမ်းတဝင် ရှိတယ်။ ဒီတော့ တန်ပြန်လုပ်တတ်ကိုင်တတ်တယ်။ ဒါ့ကြောင့် ၁၉၈၇ မှာ စတင်
နှိပ်ကွပ်ခံရပေမယ့် ၁၉၉၉ မှာ လွတ်မြောက်သွားခဲ့တယ်။ နိုင်ငံရေးလုပ်ကိုင်ခွင့်မရရုံမက နေ့စဉ်စားဝတ်နေရေးကစလို့ ကန့်သတ်ခံခဲ့ရတဲ့ ကျုပ်တို့တွေကတော့ ၁၉၇၀ လောက်ကနေ ကျောကော့ပြီးခံလာလိုက်တာ ဂျင်နိုဆိုဒ်စက်ဝိုင်း သုံးပတ်လောက် လည်ပတ်ပြီးသွားရောပေါ့။

အောင်ပွဲကိုသိဒ္ဓိတင်တဲ့ မီလိုဆီဗစ်

ကိုဆိုဗားအလ်ဘေးနီးယန်းတွေကို နှိပ်ကွပ်ပွဲ အရှိန်ရတဲ့အချိန်မှာ မီလိုဆီဗစ်ဟာ သူ့ရဲ့နိုင်ငံရေးအောင်ပွဲတွေကို သိဒ္ဓိတင်ပါတယ်။ July လ ၂၈ ရက် ၁၉၈၉ ခုနှစ် ကိုဆိုဗိုဒေသရဲ့ ဘလက်ဘဒ်ကွင်းပြင်မှာ ဆာဘီးယားနိုင်ငံရဲ့ဒေသ အသီးသီးက စုရုံးရောက်ရှိလာတဲ့ ဆာဘ်လူမျိုး တစ်သန်းကျော်ရှေ့မှာ သမ္မတကြီးမီလိုဆီဗစ်ဟာ အင်မတန်မှသမိုင်းဆိုးဝင်မယ့် မိန့်ခွန်းတစ်ရပ်ကို မြွက်ကြားပါ တော့တယ်။
မိန့်ခွန်းရဲ့အနှစ်ချုပ်ကတော့ လွန်ခဲ့တဲ့ နှစ် ၆၀၀ကျော်က ကိစ္စကို သင်ခန်းစာယူဖို့နဲ့ လက်ရှိရင်ဆိုင်နေရတဲ့အဖြစ်နဲ့ နှစ် ၆၀၀ ကျော်က စစ်ပွဲနဲ့ တူညီနေကြောင်း၊ ဆာဘ်တွေအနေနဲ့ သတ္တိရှိဖို့၊ ပြတ်သားဖို့ဆိုပြီး သွေးထိုးသွားတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကဖြစ်ခဲ့တဲ့စစ်ပွဲတစ်ရပ်ကနေ ပေါက်ဖွားလာ တဲ့ အာဃာတတွေကို အမြင့်ဆုံးဆွဲတင်ခဲ့တဲ့ မိန့်ခွန်းအပြီးမှာ မီလိုဆီဗစ်ဟာ ဆာဘ်လူမျိုးတွေအဖို့တော့ ပြိုင်ဘက်မရှိတဲ့ အမျိုးသားသူရဲကောင်းကြီးအဖြစ် အခိုင်အမာပေါ်ထွက်လာခဲ့ပါတော့တယ်။ (မအလ က ဗိုလ်သင်တန်းဆင်းပွဲမှာ ရိုဟင်ဂျာကိစ္စကို လွန်ခဲ့တဲ့ နှစ် ၆၀ကျော်က ၁၉၄၂ Crisis နဲ့ နှိုင်းယှဉ်ပြီးပြောသွားတာမျိုးကတော့ ဂျင်နိုဆိုဒ် ရာဇဝတ်ကောင်တွေရဲ့ နောက်ခံစိတ်နေစိတ်ထား တူညီမှုပါပဲ။) မီလိုဆီဗစ်ဟာ ဒီလောက်နဲ့တင် ဘယ်ရပ်မလဲ။ ပြည်တွင်းပြည်ပက မီဒီယာတွေနဲ့ အင်တာဗျူးတွေ ဖြေဆိုပါသေးတယ်။
“Kosovo ဆိုတာ ကျုပ်တို့ဆာဘ်တွေပဲပိုင်တာ။ ဒီဒေသဟာ ကျုပ်တို့ ဘာသာရေးရဲ့ ဘူမိနက်သန်။ ကျုပ်တို့ရဲ့ ဘုရားကျောင်းတွေ၊ ကျုပ်တို့ ဘိုးဘွား တွေခေါင်းချခဲ့တဲ့ သချိုင်္င်းမြေတွေက Kosovo မှာ လက်ညှိုးထိုးမလွဲပဲ။ Kosovo
မှာ ကျုပ်တို့ အရှုံးမပေးဘူး။ အလျော့မပေးဘူး” ဒါဟာ မီလိုဆီဗစ်ရဲ့ လက်သုံး စကားတွေပါ။
စကားနောက်တရားပါ ဆက်လုပ်တာတွေကတော့ အလ်ဘေးနီးယန်း တွေရဲ့ သမိုင်းဝင် အဆောက်အဦတွေ၊ အထိမ်းအမှတ်တွေနဲ့ သင်္ချိုင်းတွေကို ဖျက်ဆီးပစ်တာပါ။ နှစ်ပေါင်းများစွာဖြစ်တည်လာတဲ့ လူမျိုးတစ်မျိုးရဲ့ သမိုင်းအမွေအနှစ်တွေကို ဖျောက်ဖျက်ပစ်တာဟာ ဂျင်နိုဆိုဒ်ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်းပြဆိုတာကို ကမ္ဘာကြီးကတောင် သတိမထားမိသေးတဲ့ အချိန်ကာလပေါ့ဗျာ။
မြန်မာပြည်တွင်းမှာလည်း စော်ဘွားတွေရဲ့ဟော်နန်းတွေကို မြန်မာစစ်ဘက်က ဖျက်ဆီးပစ်တာ၊ မွစ်ဆလင်တွေရဲ့ နှစ်ရာချီတဲ့ ဗလီဝတ်ကျောင်းတွေ သင်္ချိုင်းတွေနဲ့ ကချင်တွေရဲ့ ချာ့ခ်ျကျောင်းတွေကို ဖျက်ဆီးပစ်တာတွေဟာ ဘာ ရည်ရွယ်ချက်နဲ့လဲ ဆန်းစစ်စရာပါပဲ။
မီလိုဆီဗစ်အဖို့ Kosovo ကို စစ်အင်အားသုံးပြီးသိမ်းပိုက်လို့လဲ ပြီးပြီ။ လူတစ်ဦးချင်းစီရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စတွေကိုလည်း ဖျက်ဆီးလိုက်ပြီ။ လူသေတွေနေတဲ့ သင်္ချိုင်းပါမချန် ဖျက်ဆီးပြီးပြီ။ ဘာထပ်လုပ် ဖို့ကျန်သေးသလဲ။ ဂျင်နိုဆိုဒ်ရဲ့ အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ extermination = အစုလိုက်အပြုံလိုက်သုတ်သင်ခြင်း အဆင့်ကို ဆက်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။
ဒါပေမဲ့ မီလိုဆီဗစ်ခေါင်းဆောင်တဲ့ ဆာဘ်အုပ်စုဟာ ဘော့စ်နီးယားနဲ့ ခရိုအေးရှားဘက်ကို မျှားဦးလှည့်သွားတဲ့အတွက် ၁၉၉၁ ကနေ ၁၉၉၅ အထိ Kosovo ဒေသမှာ extermination အဆင့်ကိုရောက်မလာဘဲ smouldering genocide ပုံစံနဲ့ ၅ နှစ်တာမျှ တငွေ့ငွေ့ လောင်ကျွမ်းနေပါတော့တယ်။

——————————–

မြန်မာပြည်မှာတော့ smouldering genocide နဲ့ တငွေ့ငွေ့လောင် ကျွမ်းနေတာ နှစ် ၅၀ လောက်ရှိပြီဗျ။ ရခိုင်မြောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေဟာ extermination ကို ယခုအကြိမ်အပါအဝင်ဆိုရင် လေးကြိမ်မြောက်ခံလိုက်ရပြီဗျ။ ကရင်တွေက extermination ကို နဝတ၊ နအဖ ထိုးစစ်အတွင်းမှာ တကြိမ်ခံလိုက်ရတယ်ဗျ။ ကျန်တဲ့လူမျိုးတွေလည်း အချက်အလက်တွေ လာဖြည့်ပေးလို့ရပါတယ်။

စင်ပြိုင်အစိုးရ

ဆာဘ်တွေအနေနဲ့ Kosovo ဒေသကို သိမ်းပိုက်ထားတယ်ဆိုသော် လည်း စတုရန်းမိုင် ၄၀၀၀ ကျော်တဲ့နယ်မြေနဲ့ လူဦးရေတသန်းခွဲရှိတဲ့ အလ်ဘေး နီးယန်းတွေကို အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး။ ဆာဘ်တွေထိန်းချုပ်ထားနိုင်တာကတော့ မြို့ကြီးတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ။ ကျန်တဲ့ ကျေးလက်နဲ့ တောင်ကုန်းထူထပ်တဲ့ ဒေသတွေဟာ ဆာဘ်စစ်ကြောင်းတွေ တခါတရံရောက်လာတာကလွဲလို့ အလ်ဘေးနီးယန်း တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်။
ကိုဆိုဗားအလ်ဘေးနီးယန်းတွေက ဆာဘ်တွေရဲ့ အုပ်ချုပ်ရေးကိုအသိအမှတ်မပြုပါဘူး။ အခွန်လည်းမဆောင်ဘူး၊ တရားတဘောင်ဖြစ်လာရင်လည်း ကိုယ်ပိုင်တရားရေးစနစ်နဲ့ပဲ စီရင်ပါတယ်။
ဒီလိုမျိုး ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး၊ အခွန်အကောက် ကိစ္စအထိကို စနစ်တကျစီမံခန့်ခွဲနိုင်တာက ကိုဆိုဗားအလ်ဘေးနီးယန်းတွေ ကိုယ်တိုင်တည်ထောင်ထားတဲ့ စင်ပြိုင်အစိုးရရဲ့ စွမ်းဆောင်ရည်ကြောင့်ပါ။ စင်ပြိုင် အစိုးရကို အဓိကဦးဆောင်တဲ့အဖွဲ့ကတော့ Democratic League of Kosovo ပါ။ အတိုကောက် LDK လို့ ခေါ်ပါတယ်။ ( ရှေ့မှာ ပြောခဲ့တဲ့ LPK က သပ်သပ်တစ်ဖွဲ့ပါ။)
ဒီလိုမျိုး de facto government = စင်ပြိုင်တရားမဝင်အစိုးရအနေနဲ့ ရပ်တည်နိုင်မှုမျိုးကို KNU ရရှိခဲ့ဖူးပြီး KIO အနေနဲ့ကတော့ လက်ရှိအခြေအနေ အထိ ရရှိဆဲဖြစ်ပါတယ်။ KIO နဲ့ KNU ရဲ့ အားသာချက်က သောင်းချီတဲ့လက်နက် ကိုင်တပ်ဖွဲ့ရှိပါတယ်။ LDK မှာလက်နက်ကိုင်တပ်ဖွဲ့တောင် မရှိပါဘူး။ KLA တပ်ဖွဲ့ဟာ နောက်ပိုင်းမှ သီးခြားထွက်ပေါ်လာတာပါ။
LDKဟာ ၁၉၉၀ နှစ်ဆုံးပိုင်းမှာ Kosovo ဒေသရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြေငြာခဲ့ကာ ၁၉၉၁ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပါတယ်။ ဆလိုဘေးနီးယား၊ ခရိုအေးရှားနဲ့ ဘော့စ်နီးယားတို့ရဲ့ လွတ်လပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်တာကို မြင်ရတဲ့အခါ LDK အနေနဲ့ အလွန် အားကျခဲ့ပါတယ်။ အလွန်တရာလည်းမျှော်လင့်ခဲ့ပါတယ်။ နိုင်ငံတကာထောက်ခံမှုရဖို့လည်း အပြင်းအထန် လှုပ်ရှားပါတယ်။ မီဒီယာတိုက်ပွဲ အစွမ်းကုန်နွှဲလျက် ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လွတ်လပ်ရေးအတွက် ဆန္ဒပြင်းပြပုံတွေ၊ ပြည်သူ့ထောက်ခံ ဆန္ဒမဲပေးပွဲတွေကို ကမ္ဘာသိအောင် အားထုတ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် အသံထုတ်ပြောပေးပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ လွတ်လပ်ရေးဆန္ဒပြင်းပြမှုကိုလည်း နားလည်ပေးပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုကိုတော့ လုံးဝမပေးပါဘူး။ အဆိုးဆုံးကတော့ ဘောစ်နီးယားပြည်တွင်းစစ်ကို အဆုံးသတ်တဲ့ Dayton စာချုပ်ချုပ်ဆိုတဲ့အချိန်ပါ။
LDK ကတော့ Dayton စာချုပ်မှာ ဘော့စ်နီယားနဲ့ ခရိုအေးရှားတို့အပြင် Kosovo ကိစ္စကိုပါ ထည့်သွင်းဖြေရှင်းပေးလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့် ထားခဲ့ပါတယ်။ ၁၉၈၇ ကတည်းက Kosovo က စလိုက်တဲ့ကိစ္စကြီးကို ဖြေရှင်း ရာမှာ Kosovo ကိုတော့ ဘေးချန်မထားလောက်ဘူးရယ်လို့ ထင်တလုံးနဲ့ ရှိနေ မိတဲ့ LDK ပါ။
နိုင်ငံတကာဘက်က အမြင်ကကျတော့ ဘော့စ်နီးယားနဲ့ ခရိုအေးရှားဟာ ဆားဗီးယား Republic ရဲ့ အပြင်ဘက်မှာတည်ရှိတဲ့ Federal Border Lineတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတွေဖြစ်တာမို့ လွတ်လပ်ရေးကို အသိအမှတ် ပြုတာဖြစ်ပြီး ဆားဗီးယားနိုင်ငံအတွင်းမှာပဲရှိတဲ့ Kosovo ကတော့ ဆားဗီးယားရဲ့ ပြည်တွင်းရေးကိစ္စအဖြစ်သာ အသိအမှတ်ပြုပါသတဲ့။
နောက်ပြီး ဥရောပကောင်စီဟာ ဘော်လ်ကန်ကိစ္စမှာ ခြေကုန်လက်ပမ်း ကျနေပြီဖြစ်တာမို့ Kosovo မှာနောက်တစ်ပွဲ ဆက်မကချင်ကြတော့ပါဘူး။ ဒါကြောင့် Dayton စာချုပ်မှာ Kosovo ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်တောင် မပေးခဲ့ပါဘူး။ LDK စင်ပြိုင် အစိုးရဟာ အလွန်ပဲအထိနာသွားပါတယ်။ ဂျာမနီကဆိုရင် Dayton စာချုပ်လဲပြီးရော ဘော်လ်ကန်ကိစ္စတွေ ပြီးပြီ။
ဒါ့ကြောင့် ဂျာမနီမှာခိုလှုံနေတဲ့ အလ်ဘေးနီးယန်းတွေကို ပြန်လည်လက်ခံဖို့ မီလိုဆီဗစ်နဲ့ စကားစပြောနေပါပြီ။
LDK ဘာဆက်လုပ်မလဲ…။
LDK အနေနဲ့ သူ့ရဲ့ စွမ်းရည်ကို ဂီယာကုန်တင်ခဲ့ပြီးပါပြီ။ ဒီထက်ထပ်မလုပ်တတ်တော့ပါ။ ဂီယာကျမသွားရုံ ဆက်ထိန်းထားတာပဲ လုပ်တတ်ပါတော့တယ်။ ဒါပေမဲ့ LDK ရဲ့ ဂီယာလောက်နဲ့တော့ တော်လှန်ရေးဟာ ရှေ့ဆက် မတိုးတော့ပါဘူး။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေအဖို့ နောက်ထပ်တော်လှန်ရေး နည်းနာတစ်ရပ် ရှာဖွေဖို့ အချိန်ကျလာခဲ့ပြီလား…?

Kosovo Liberation Army
ပေါ်ထွက်လာခြင်း

၁၉၉၅ Dayton စာချုပ်အပြီးမှာ မီလိုဆီဗစ်ဟာ ဘော့စ်နီယားနဲ့ ခရိုအေးရှားမှာစိုက်ထားတဲ့ အင်အားတွေကိုပြန်ထုတ်ပြီး Kosovo မှာ အသုံးချဖို့ပြင်ဆင်ပါတယ်။ တငွေ့ငွေ့လောင်ကျွမ်းတဲ့အဆင့်ကနေ အပြီးသတ်သုတ်သင် ရေးအဆင့်ဟာ ရောက်လို့လာပါပြီ။
မြို့ကြီးပြကြီးတွေမှာ ဆာဘ်လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုက ပိုမိုတင်းကြပ်လာသလို ကျေးလက်ဒေသဘက်မှာ စစ်ကြောင်းထိုးတဲ့အရေအတွက် တွေမြင့်တက်လာပါတယ်။ အလ်ဘေးနီးယန်း သေဆုံးမှုနဲ့ ထွက်ပြေးဒုက္ခသည်တွလည်း ပိုများလာပါတယ်။ ၁၉၉၇ ခုနှစ် အောက်တိုဘာလမှာ အလ်ဘေးနီးယန်းကျောင်းသား တွေဟာ ပေါက်ကွဲဆန္ဒပြကြပါတယ်။ ထုံးစံအတိုင်း ဆာဘ်အာဏာပိုင်တွေကို ဆန့်ကျင်ခြင်းနဲ့အတူ ဒီတခါထူးဆန်းစွာ LDK ကိုပါ ရှုံ့ချပါတယ်။ အလုပ်မဖြစ်တဲ့ LDK အဖြစ် သရော်ကြပါတယ်။
ဒီနောက်မှာတော့ လူငယ်ကျောင်းသားတွေဟာ ကိုယ်ယောင်ဖျောက် သွားကြပြီး ဆာဘ်လက်နက်ကိုင်တွေကို တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ စနစ် တကျ တိုက်ခိုက်မှုမျိုးမဟုတ်ပါဘူး။ ဒီဇယ်ပုလင်းကို အဝတ်ပတ်မီးရှို့ပြီး ဆာဘ်ရဲစခန်းတွေထဲကိုပစ်သွင်းတာ၊ အရက်မူးပြီးငိုက်နေတဲ့ ဆာဘ်ရဲကို ဓါးနဲ့ထိုးပြေးတာ စသဖြင့် ဟိုတပြောက် ဒီတပြောက် တကိုယ်တော်ချင်းစီလုပ်ကြတာများပါတယ်။
LDK လူကြီးပိုင်းကတော့ ဒီလိုလုပ်တာဟာ ဆာဘ်တွေရဲ့ဒေါသကို ပိုဆွပေးသလိုပဲဖြစ်လိမ့်မယ်။ မလုပ်ကြနဲ့လို့ တားမြစ်ပါတယ်။ လူငယ်တွေဘက် ကလဲ “ခင်ဗျားတို့လမ်းကြောင်းကြီးအလုပ်မဖြစ်လို့ ကျုပ်တို့ကတော့ချပြီ။ လာမတားနဲ့” ပြန်ပက်ပါတယ်။ ဒီလူငယ်တွေကို LDK က တားမြစ်ပေမယ့် LPK ကတော့ အားပေးပါသတဲ့။ အထူးသဖြင့် မြို့ပြမှာ ဒီလိုဗရမ်းဗတာ လျှောက်လုပ်နေမယ့်အစား နယ်မြေကျယ်ပြန့်ပြီး တောင်တန်းထူထပ်တဲ့ ကျေးလက်မှာ စနစ်တကျအုပ်စု ဖွဲ့တိုက်ခိုက်ဖို့ အကြံပေးပါတယ်။
ကျေးလက်ဒေသတွေမှာတော့ ဆာဘ်လက်နက်ကိုင်တွေကို တန်ပြန် တိုက်ခိုက်မှုတွေပြုလုပ်နေတာ ၁၉၉၄ ခုနှစ်လောက်ကတည်းကပါ။ ၁၉၉၄ ခုနှစ် မေလမှာ ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ “Drenas မြို့မှာ ဆာဘ်ရဲအရာရှိတယောက်ကို တိုက်ခိုက်တာဟာ ငါတို့လက်ချက်ပဲလို့ ကြေငြာထားပါတယ်” ကြေငြာချက်ရဲ့ အောက်ခြေမှာ ရေးသားထားတာကတော့… “Kosovo Liberation Army” တဲ့ဗျာ။
KLA ဟာ စတင်ဖွဲ့စည်းကာစက လူအင်အား ၂၀ ကျော်သာရှိခဲ့ပြီး စစ်သင်တန်းလည်း ကောင်းကောင်းကန်းကန်း မတက်ဖူးကြပါဘူး။ ၁၉၉၇ ရောက်လို့ မြို့ပြလူငယ်တွေ လာပူးပေါင်းတာတောင် အင်အား ၂၀၀ ကျော်ပဲ ရှိပါသေးတယ်။ LPK ဟာ KLA ရဲ့ နိုင်ငံတကာပြောရေးဆိုခွင့်အဖြစ်ခေါင်းခံ တာဝန်ထမ်းဆောင်ပေးပါတယ်။ “ခေါင်းခံ”လို့ပြောတာ အလကားမဟုတ်ပါဘူး။ KLA ကို ဆာဘ်အာဏာပိုင်တွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သလို နိုင်ငံတကာကလည်း အဲ့ဒီအတိုင်းပဲလက်ခံနေတဲ့ အခြေအနေမို့ပါ။


LPK အဖွဲ့ဟာ လူငယ်တွေရဲ့ မခံချင်စိတ်နဲ့ ရုတ်ချည်းပေါ်လာတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို နိုင်ငံတကာမှာ ခေါင်းခံပေးရုံတင်မက ဂျီနီဗာ ကွန်းဗန်းရှင်းနဲ့အညီ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ လမ်းညွှန်ပေးပါတယ်။ KLA အနေနဲ့ ဘယ်လိုပစ်မှတ်တွေကို တိုက်ခိုက်ရမယ်၊ ဘယ်လိုပစ်မှတ်တွေကို မတိုက်ခိုက်ရဘူးဆိုတာကိုလည်း သင်ပေးပါတယ်။ KLA ရဲ့ ကြေငြာချက်မှာတော့ ဆာဘ်တပ်မတော်၊ ဆာဘ်ပြည်သူ့စစ်၊ ဆာဘ်ရဲတပ်ဖွဲ့၊ ဆာဘ်စစ်ဘက်အဆောက်အဦနဲ့ ဆက်သွယ်ရေးဆိုင်ရာတွေ၊ သက်သေ အခိုင်အမာရှိတဲ့ သစ္စာဖောက်တွေကို တိုက်ခိုက်သုတ်သင်သွားမယ်လို့ ဖော်ပြသွားပါတယ်။ KLA ဟာ နိုင်ငံရေးဦးဆောင်မှုတခုကနေ ပေါက်ဖွားလာတာမဟုတ်ဘဲ မခံချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ် ထလုပ်လိုက်တဲ့ လူငယ်တချို့ဆီကနေ ပေါက်ဖွားလာတာပါ။ သာမန် အလ်ဘေးနီးယန်းတွေအဖို့လည်း KLA က ဆာဘ်တွေကို မစို့မပို့တိုက်ခိုက်လိုက်၊ ကြေငြာချက်တစ်စောင်ထုတ်လိုက်၊ ဆာဘ်တွေက ဒေါသ
တကြီးလက်စားချေတာခံလိုက်ရနဲ့မို့ KLA ကို နားလည်ဖို့ခက်နေပါတယ်။ အများစုထင်ကြတာက KLA ဆိုတာ ဆာဘ်တွေက ငါတို့ကိုအနိုင်ကျင့်ဖို့ အကွက် ဖန်ပေးနေတဲ့ ဆာဘ်တွေရဲ့ လက်ပါးစေတွေပဲ။
ပိုဆိုးတာက LDK စင်ပြိုင်အစိုးရအဖွဲ့ဝင်တချို့ကပါ အဲဒီလို ပြောကြ တာပါ။ တကယ်တော့ LDK ဟာ LPK လို လက်နက်ကိုင်လမ်းကြောင်းကို ခေါင်းခံ မပေးပေမယ့် KLA ရဲ့အမှန်တကယ်တည်ရှိမှုကို သူတို့သိကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ အကြမ်းဖက်နည်းလမ်းသုံးသူတွေအဖြစ် တံဆိပ်ကပ်ခံရမှာကြောက်လို့ KLA ကို လူထုအမြင်ဝါးအောင်လုပ်ပြကြတာပါ။
KLA ရဲ့အနေအထားကလည်း ကြေငြာချက်ထုတ်တာကလွဲလို့ ပြည်သူ လူထုနဲ့ အထိအတွေ့မရှိခြင်းကလည်း ဒီလိုထင်စရာပါပဲ။ သာမန် အလ်ဘေးနီးယန်းတွေအဖို့ကတော့ လက်နက်ကိုင်ပြီးပြန်ချတယ်ဆိုတာကို ဟိုတပြောက်ဒီတပြောက်လုပ်ပြီး ကြေငြာချက်ထုတ်ရုံမဟုတ်ဘဲ မျက်ဝါးထင်ထင် မြင်ရဖို့ လိုအပ်နေပါတယ်။

အာဇာနည်သူရဲကောင်း
Adem Jashari

KLA အပေါ် လူထုအထင်လွဲနေတာကို ချေဖျက်ပစ်မယ့် အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ Adam Jashari = KLA ရဲ့ စစ်ဦးစီးချုပ်လို့ ပြောရမည့်သူ။ သူ့ကို ဆာဘ်တွေက အသေရရ အရှင်ရရ လိုချင်နေတာပါ။ ၁၉၉၈ ခုနှစ် မတ်လမှာ Prekaz ရွာကို ဆာဘ်တပ်ဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်ပါတယ်။ ဆာဘ်တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ Prekaz ရွာမှာ အခြေပြုနေတဲ့ Adem Jashari ရဲ့ တပ်ဖွဲ့ကို ချေမှုန်းဖို့ပါ။
တကယ်တော့ Adem Jashari ဟာ တပ်ဖွဲ့ဝင်တွေနဲ့ အခြေပြုနေတာ မဟုတ်ဘဲ မိသားစုနဲ့အတူရှိနေတာပါ။ လုံခြုံရေးတပ်တချို့တော့ သူနဲ့ အတူရှိပါတယ်။ သံချပ်ကာကားတွေအပါအဝင် လက်နက်ကြီးငယ်အစုံအလင်နဲ့ ဆာဘ် စစ်ကြောင်းဟာ Prekaz ရွာကို ဦးတည်ချီတက်လာနေကြောင်း Adem Jashari ကို သူ့လက်အောက်က သတင်းပို့ပါတယ်။ KLA ရဲ့ political adviser တွေက ခုခံတိုက်ခိုက်ဖို့ အသင့်မဖြစ်သေးတာကြောင့် ရှောင်ထွက်ဖို့ အကြံပေးကြပါတယ်။
Adem Jashari ပြန်ပြောတာက “လုံးဝရှောင်ထွက်လို့မဖြစ်ဘူး။ ရှောင်ထွက်လိုက်ရင် တော်လှန်ရေးလမ်းကြောင်းအတွက် ဆိုးကျိုးသက်ရောက် မှုတွေ ကြီးမားသွားလိမ့်မယ်” KLA အပေါ် လူထုအထင်အမြင်လွဲတာ ပိုဆိုးသွားနိုင်တာကို သူတွက်ဆမိလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူက ခံတိုက်ဖို့ ပြင်ပါတယ်။ ဆာ့ဘ်စစ်ကြောင်းဟာ Jashariနေတဲ့နေရာကို ချည်းကပ်တော့ သဲသဲမဲမဲပစ်ခတ်မှုနဲ့ ကြုံတွေ့ရပြီး နောက်ပြန်ဆုတ်သွားပါတယ်။ ပြီးတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ် ပါတယ်။ လက်နက်ကြီးနဲ့ အားရအောင်ပစ်ပြီးမှ ဆာဘ်တပ်ဖွဲ့တွေဟာ Jashari မိသားစုနေတဲ့ အိမ်ကို ရှင်းပါတယ်။ မသေမရှင်ဖြစ်နေသူတွေကျန်နေသေးပေမယ့် ဆာဘ်တွေက နေရာမှာတင် အပြတ်ရှင်းလိုက်ပါတယ်။
Adem Jashari အပါအဝင် မိသားစု ၄၅ ယောက်ကျော် ကျဆုံးသွားပါတယ်။ ဆာဘ်တပ်ဖွဲ့အနေနဲ့ စစ်ရေးရည်မှန်းချက် ၁၀၀ % အောင်မြင် တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးအရ ၁၀၀% ရှုံးနိမ့်သွားပါတယ်။ Jashari မိသားစုရဲ့ သတင်းဟာ Kosovo ဒေသတစ်ခုလုံးကို ပျံ့နှံ့သွားပြီး KLA ကိုထောက်ခံကြောင်း ဆန္ဒပြပွဲတွေ မြို့တော် Prishtina မှာ ဝုန်းဒိုင်းနဲ့ ပေါ်ပေါက်လာပါတယ်။ ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ ကိုဆိုဗားအလ်ဘေးနီးယန်းတွေဟာ လမ်းပေါ်တက်လာကြပြီး ဆာဘ်တွေကို ဒီလိုပြန်ချတဲ့အတွက် KLA တပ်မှူးကြီးကို ဂုဏ်ယူကြောင်း အော်ဟစ်ကြွေးကြော်ကြပါတယ်။
ဆာဘ်တွေအနေနဲ့ ဒီဆန္ဒပြပွဲကို ထုံးစံအတိုင်းပြင်းပြင်းထန်ထန် ဖြိုခွဲပစ်လိုက်ပေမဲ့ KLA ကတော့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရင်ထဲမှာ ခိုင်ခိုင်မာမာ နေရာယူသွားခဲ့ပါပြီ။ လူငယ်တွေဟာ KLA နဲ့ ဆက်သွယ်ဖို့ ကြိုးစားလာကြပါတယ်။ Kosovo ဒေသအတွင်းက လူငယ်တွေတင်မကပဲ US ကနေ KLA ထဲဝင်လာကြသူတွေတောင် ၄၀၀ လောက်ရှိလို့ သူတို့ကို သီးသန့် Battalion တစ်ခုဖွဲ့ပေး ခဲ့ရပါသတဲ့။ US လိုနိုင်ငံမှာ အေးအေးသက်သာဘဝကျောင်းနိုင်ရက်နဲ့ အမိမြေ အတွက်လာရောက်ပေးဆပ်တဲ့ အလ်ဘေးနီးယန်းတွေရဲ့ စိတ်ထားကတော့ ချီးကျူးစရာပါ။
အုပ်စုလိုက်ဝင်ချလာတဲ့ အင်အားစုတွေကို နေရာပေးဖို့ KLA အတွက်ရေကန်အသင့်ကြာအသင့်လို ဖြစ်ထားတာကလည်းရှိနေပါသေးတယ်။ ၁၉၉၇ ခုနှစ်မှာ Kosovo နဲ့အိမ်နီးချင်း အလ်ဘေးနီးယားနိုင်ငံမှာ ကွန်မြူနစ်အာဏာရှင် စနစ်ပြုတ်ကျသွားပြီး မတည်မငြိမ်မှုတွေဖြစ်နေပါတယ်။ လစာ မှန်မှန်မရတော့တဲ့ Albanian စစ်တပ်က သူတို့ရဲ့လက်နက် တိုက်က လက်နက်တွေကို လျှော့ဈေးနဲ့ ထုတ်ရောင်းနေကြတာပါ။ KLA အတွက် တော့ ရွှေထုပ်ကြီးကောက်ရသလိုပါပဲ။
ဒါ့အပြင် Albanian တပ်က အရာရှိတချို့ဟာ KLA ကိုစနစ်တကျ သင်တန်းပေးပါတယ်။ Albania နိုင်ငံထဲမှာကို ခေါ်ပြီးသင်တန်းပေးတာပါ။ အဲဒီ သင်တန်းက ဆင်းလာသူတွေ KLA ထဲပြန်ရောက်ချိန်နဲ့ KLA ထဲကို လူတွေ အများအပြားရောက်လာချိန် တိုက်ဆိုင်သွားပါတယ်။ လက်နက်လူသူ စစ်ပညာစုံလင်တဲ့ KLA ဟာ ရုတ်ခြည်း အင်အား တစ်သောင်းကျော်အထိ အမြဲတမ်းစုဖွဲ့တိုက်ခိုက်နိုင်တဲ့ တပ်ဖွဲ့ဖြစ်သွားပြီး စစ် ဒေသ ၇ ခုခွဲကိုင်ရတဲ့အထိ ကျယ်ပြန့်သွားပါတယ်။

——————————

တကယ်တော့ Kosovo နဲ့ ပတ်သတ်လို့ နိုင်ငံတကာအဆင့် ထိုးဖောက်လှုပ်ရှားမှုတွေဟာ အတော်ကြီးကို ခရီးရောက်တယ်လို့ ပြောရမှာပါ။ ၁၉၉၂-၉၃ကတည်းက လူ့အခွင့်အရေး အစီရင်ခံစာတွေမှာ နိုင်ငံတကာဥပဒေ သက်ရောက် မှုရှိတဲ့ term တွေနဲ့ ဆာဘ်တွေကို ထုနေပါပြီ။
၁၉၉၂ ခုနှစ်ကတည်းက US သမ္မတ စီနီယာဘုရှ်ကိုယ်တိုင် ဥရောပ ကောင်စီရဲ့ အစီရင်ခံစာကိုထောက်ပြီး Kosovo မှာ မီလိုဆီဗစ်လုပ်ခဲ့တာတွေကို သတိပေးစာ တိုက်ရိုက်ရေးတဲ့အနေအထားထိ ထိုးဖောက်နိုင်ခဲ့တာပါ။ နှစ်စဉ် UN General Assembly မှာ Kosovo နဲ့ပတ်သတ်လို့ ဆာဘ်တွေကိုဖိအားပေးတဲ့ resolution တွေ ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၉၈-၉၉ မှာဆိုရင် Security Council ကပါ Resolution ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေဟာ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုမရှိတာနဲ့ နောက်နည်းလမ်းတစ်ခုကို ရှာပါတယ်။ LDK အဖွဲ့အနေနဲ့ KLA ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းကို ပိတ်ဆို့ ပေမယ့်လည်း တော်လှန်ရေးရေချိန်အီလာတာနဲ့အမျှ KLA ကတော့ ရှေ့တိုးထွက်လာခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ natural course တစ်ခုလို့တောင် ပြောရမလိုပါပဲ။ ဆာဘ်တွေကို ခံတိုက်တဲ့ Jashari မိသားစုဟာ အဘွားကြီးကစလို့ ကလေးပေါက်စထိ လက်စတုံးအသတ်ခံရတာကို မြင်ရပါလျက် ကြောက်ရွံစိတ်မပေါ်ဘဲ KLA ကိုထောက်ခံသူတွေအဖြစ် ရပ်တည်ပြရဲတဲ့ အလ်ဘေးနီးယန်း လူထုကိုလဲ ချီးကျူးရမှာပါ။
နောက်တစ်ခုက ချီးကျူးစရာက အဝေးရောက်အလ်ဘေးနီးယန်းတွေရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ကောင်းမွန်မှုပါ။ ၁၉၉၃ ခုနှစ်ကတည်းက ဆွဇ်ဘဏ်တခုမှာဖွင့်ထားတဲ့ Homeland Calling ဆိုတဲ့ account နဲ့ Kosovo မှာပိတ်မိနေတဲ့ ကိုယ့်လူမျိုးတွေအတွက် ထောက်ပံ့ကြေး စတင်စုဆောင်းခဲ့ကြတာပါ။ လက်နက်ကိုင်ဖို့ လိုအပ်လာချိန် မှာလည်း အမေရိကန်လို နိုင်ငံကနေတောင် ပြန်လာခဲ့ပြီး အမှုထမ်းကြပါတယ်။ ကိုဆိုဗားအလ်ဘေးနီးယန်းတွေရဲ့ တဘို့တည်းမကြည့်တဲ့ စိတ်ဓါတ် ကိုတော့ အင်မတန်မှ လေးစားမိကြောင်းပါဗျား….။

ကိုဆိုဗို

KLA အနေနဲ့ အင်အားကောင်းလာသလို ဆာဘ်တွေရဲ့ဖိနှိပ်မှုကလည်း တိုးသည်ထက်တိုးလာပါတယ်။ ၁၉၉၈ အောက်တိုဘာမှာထုတ်တဲ့ UNHCR ရဲ့ အစီရင်ခံစာအရ ၁၉၉၈ ခုနှစ်အတွင်း အောက်တိုဘာအထိ ကိုဆိုဗားအလ်ဘေးနီးယန်း ၁၅၀၀ ကျော် သတ်ဖြတ်ခံရပြီး လူ ၃ သိန်းထပ်မံ ထွက်ပြေးရပါတယ်။ ဒါဟာ Kosovo ဒေသမှာ အချက်အလက်ရှာဖွေရေးအတွက် OSCE အဖွဲ့ဝင်ဖို့ ဖိအားဖြစ်လာစေပါတယ်။
OSCE မကလို့ ဘာဝင်ဝင် ဆာဘ်တွေကတော့ လူသတ်တာကို မရပ်ပါဘူး။ ဘော့စ်နီးယားမှာလည်း သူတို့ဒီလိုပဲသတ်ခဲ့တာပဲ။ ဘာမှ အရေးယူခြင်းမခံရဘူးလေ။ ဒီတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဆာဘ်တွေက ဖုတ်လေသိ ငပိရှိသည်ဟုပင်မထင် လက်ရဲ ဇက်ရဲ သတ်ပွဲတွေ ဆက်လုပ်ပါတယ်။ နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ဖိအားဆိုတာ ဆာဘ်တွေအဖို့ ထည့်တွက် စရာမလိုတဲ့ လေအိုးတွေသာ ဖြစ်နေပါတယ်။

လမ်းဖွင့်ပေးတာလား / ဂွင်ထဲဆွဲသွင်းတာလား
၁၉၉၈ ဖေဖော်ဝါရီ မှာ US အထူးသံအဖွဲ့ဟာ မီလိုဆီဗစ်နဲ့ တွေ့ဆုံပြီး Kosovo ကိစ္စကို ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲမှာ US ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးအနက်စိုးရိမ်ကြောင်း ပြောပါတယ်။ သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆားဘီးယားရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကိုတော့ US အနေနဲ့ လေးစားမှာဖြစ်ကြောင်းနဲ့ KLA လို “အကြမ်းဖက်အဖွဲ့” ရဲ့ လုပ်ရပ်တွေကိုလည်း လက်မခံနိုင်ကြောင်း ထည့်သွင်း ဆွေးနွေးသွားပါတယ်။ မီလိုဆီဗစ်အဖို့ကတော့ ဒါဟာ US အစိုးရရဲ့ မီးစိမ်းပြမှုလို့ ယူဆပြီး Kosovo မှာ ကြီးမားတဲ့ထိုးစစ်တွေလုပ်ဖို့ ဆာဘ်လက်နက်ကိုင်တွေကို အမိန့်ပေးလိုက်ပါတယ်။

အဆုံးသတ်တိုက်ပွဲ
ဆာဘ်တွေအနေနဲ့ သူတို့လိုချင်တောင့်တတဲ့အရာကို ရရှိခဲ့ပါပြီ။ US အစိုးရကိုယ်တိုင်က အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ KLA နဲ့ အဲဒီ အကြမ်းဖက်သမားတွေကိုထောက်ခံတဲ့ အလ်ဘေးနီးယန်းတွေကို အပြီးသတ် သုတ်သင်ခွင့်ရခဲ့ပါပြီ။ ဆာဘ်တွေအနေနဲ့ ထိုးစစ်ကြီး ၅ ခု ဆင်နွှဲပါတယ်။ ထိုးစစ်အစပိုင်းမှာ နယ်မြေကျွမ်းကျင်တဲ့ KLA တွေက နေရာအနှံ့ ပြောက်ကျားနည်းနဲ့ ဖြန့်ခွဲတိုက်ခိုက် တဲ့အတွက် ဆာဘ်တွေအနေနဲ့ အတော်အထိနာပါတယ်။
ဒါပေမဲ့ ဆာဘ်တွေက သာမန် အရပ်သားကိုပါ သတ်ဖြတ်ပြီး ရွာတွေကိုပါ မီးရှို့တဲ့အခါ အလ်ဘေးနီးယန်းတွေဘက်က ပိုပြီးအထိနာကုန်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ကွာခြားနေပါပြီ။ OSCE အဖွဲ့ဟာ ဆာဘ်တွေလုပ်သမျှကို မှတ်တမ်းတင်နေရုံမက ကမ္ဘာ့ထိပ်သီးမီဒီယာတွေဟာလည်း မလွတ်တမ်းသတင်း ယူပြီး ကမ္ဘာကိုတင်ဆက်နေပါပြီ။ ဆာဘ်တွေရဲ့ မျိုးဖြုတ်စစ်ဆင်ရေးကိုရပ်တန့်ဖို့ ဖိအားဟာ ကြောက်ခမန်းလိလိပါ။
၁၉၉၈ UNHCR အစီရင်ခံစာထွက်တော့ US အစိုးရက မီလိုဆီဗစ်ကို သတိပေးပါတယ်။ သာမန် သံခင်းတမန်ခင်း သတိပေးစကားမဟုတ်ဘဲ ကမ္ဘာသိ ရာဇသံပေးတာပါ။ စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဖို့ပါ။ မီလိုဆီဗစ်အနေနဲ့ ခဏရပ်ပေးလိုက်ပါတယ်။ အမြဲတမ်းတပ်တချို့ ကိုလည်း တပ်ပြန်ဆုတ်စေပါတယ်။ ဒါပေမဲ့ ခဲယမ်းဖြည့်တင်းခြင်းနဲ့ ဖွဲ့စည်းပုံပြန် ဖြည့်တာတွေလုပ်သလို ဆာဘ်ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်ပွဲတွေကလည်း ဆက်ရှိနေတုန်းပါ။ NATO အဖွဲ့ကလည်း ဆားဗီးယားနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်ပြပါတယ်။ ဒါပေမဲ့ မီလိုဆီဗစ်ဟာ ထိုးစစ်တွေကို ပြန်လည်စတင်ပါတယ်။
ပြင်းထန်တဲ့ သံခင်းတမန်ခင်းဖိအားကို မီလိုဆီဗစ်ဟာ ထုံနေပါပြီ။ မြေပြင်က ဆာဘ်တပ်တွေကလည်း “တစ်နေ့တစ်ရွာမီးသာရှို့ထား NATO ဆိုတာအဝေးကြီးမှာဟေ့” လို့လှောင်ပြောင်ပြီး လက်တွေ့လည်း တကယ်မီးရှို့ လူသတ် ပွဲတွေ ဆက်လုပ်ကြပါတယ်။ သူတို့ပြောမယ်ဆိုလည်း ပြောစရာကောင်းလောက်အောင် ၁၉၉၉ ခုနှစ် ရောက်သည်အထိ နိုင်ငံတကာရဲ့ တိုက်ရိုက်စွက်ဖက်မှုက ရောက်မလာပါဘူး။ ၁၉၉၉ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဆာဘ်တွေဟာ Recak မှာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပွဲတစ်ရပ် လုပ်လိုက်ပြန်ပါတယ်။
အနီးကပ်တေ့ပစ်ခံရတဲ့ အလောင်းတွေ၊ လည်လှီးအသတ်ခံရတဲ့ သူတွေကိုမြင်ပြီး OSCE အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အော့နှလုံးနာသွားပါတယ်။
ဆာဘ်တွေကတော့ ဒီသတ်ဖြတ်မှုဟာ KLA တွေက လုပ်တာဖြစ်ပြီး နိုင်ငံတကာမှာ ရုပ်ရှင်ရိုက်ဖို့ ဂွင်ဖန်ထားတာလို့ ဗြောင်ငြင်းပါသတဲ့။ သုံးထားတဲ့ ကျည်တွေ၊ ကျည်ဖောက်ဝင်တဲ့ပုံစံတွေ ဆာဘ်တပ်တွေရဲ့ ကြေးနန်းတွေအရ တရားခံတွေဟာ ဆာဘ်တွေဆိုတာငြင်းမရအောင်ကို ခိုင်မာပါတယ်။ ထိုးစစ်စတာကနေ ဒီအချိန်အထိ အလ်ဘေးနီးယန်း ၁၂၀၀၀ အသတ်ခံ လိုက်ရပါပြီ။ ထွက်ပြေးသူအရေအတွက် ၉ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဟာ ကြီးမားတဲ့ refugee crisis ကို ရင်ဆိုင်ရပါတယ်။ နိုင်ငံ တကာအနေနဲ့ တခုခုလုပ်ကို လုပ်ရတော့မှာပါ။


ဆာဘ်တွေရဲ့ထိုးစစ် ၁ နှစ်မြောက်ချိန် ၁၉၉၉ ဖေဖော်ဝါရီလ ပဲရစ်မြို့မှာ R2P ဝင်ဖို့ လူသိရှင်ကြားအစည်းအဝေး စထိုင်ပါတယ်။ ကန့်ကွက်တာတွေ၊ အချိန်ဆွဲတာတွေ ညှိတာတွေရှိပေမယ့် တလအကြာ ၁၉၉၉ မတ်လ မှာ NATO က ဗုံးစကြဲပါတော့တယ်။ ၇၈ ရက်တိုင်တိုင် ဗုံးကြဲအပြီးမှာတော့ Kosovo ဟာ ဂျင်နိုဆိုဒ် ငရဲဒဏ်ကနေ လွတ်မြောက်သွားပါတော့တယ်။ ၁၉၉၉ မေလမှာ မီလိုဆီဗစ်ကို ICTY မှာတရားဝင်စွဲချက်တင်လိုက်ပါတယ်။
[မနက်ဖြန်ကျရင် ၁၉၉၈ နှစ်ဦးပိုင်းကနေ ၂၀၀၁ ခုနှစ် မီလိုဆီဗစ်ကို ဖမ်းဆီးခုံရုံးတင်သည်အထိ နိုင်ငံတကာက ဘယ်လိုဝင်ရောက်ကိုင်တွယ်သလဲ ဆိုတာကို ရေးပါ့မယ်။]

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁ )

၁၉၉၈ ဖေဖော်ဝါရီလဟာ ကိုဆိုဗိုအတွက်တော့ အပြောင်းအလဲတချို့ စတင်တဲ့လလို့ သတ်မှတ်နိုင်ပါတယ်။ ဆာဘ်ပုလိပ်တွေရဲ့ လက်ချက်နဲ့ အလ်ဘေးနီးယန်းရွာသား ၂၄ ယောက် အသတ်ခံလိုက်ရတဲ့ ပုံရိပ်တွေဟာ နိုင်ငံတကာကို ပြန့်နှံ့သွားပြီးနောက်ပိုင်းမှာ တုန့်ပြန်မှုတချို့ရှိလာပါတယ်။
ပထမတုန့်ပြန်မှုက ကိုဆိုဗိုမြို့တော် Pristhina ကို US အထူးကိုယ်စားလှယ်အဖွဲ့ ရောက်လာခြင်းပါ။ US အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ထင်ရှားတဲ့လုပ်ရပ် ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်ကြောင်းနဲ့ KLA လိုအကြမ်းဖက်အဖွဲ့ကိုလည်း လက်မခံကြောင်းသတင်းစကားပါ။ ဒါဟာ မီလိုဆီဗစ် အဖို့ သတင်းကောင်းဖြစ်စေပြီး ထိုးစစ်တွေဆင်နွှဲဖို့ မီးစိမ်းပြသလိုဖြစ်ခဲ့ပါတယ်။
US အထူးကိုယ်စားလှယ် ကိုဆိုဗိုကို ရောက်နေတာနဲ့ အချိန်သိပ်မကွာလှပဲ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်ကို ရောက်နေသူကတော့ ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး Robin Cook ပါ။ သူကတော့ ၁၉၉၈ မတ်လ ၄ ရက်နေ့မှာ မီလိုဆီဗစ်ကို ဘော့စ်နီးယားမှာလို အချိုးမျိုးတွေ လက်မခံနိုင်ဘူးလို့ သတိပေးစကားပြောတာပါ။ မီလိုဆီဗစ်နဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ဒီစကားကိုပဲ ထပ်ပြောပါတယ်။ မီလိုဆီဗစ်အဖို့ US အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ မီးစိမ်းပြမှုနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သတိပေးစကားကြားမှာ သံခင်းတမန်ခင်း အဖြေတစ်ခုကိုမျှခြေရအောင် ဆွဲယူရမယ့်အစား လူသတ်ပွဲတွေဆက်လုပ်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။
မီလိုဆီဗစ်ရဲ့ ဘီလူးမျက်နှာဖုံးကို ဆွဲချွတ်ပြလိုက်သူကတော့ Adem Jashari ပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပူပူနွေးနွေးသတင်းစာရှင်းလင်းပွဲလုပ်စဉ် မှာပဲ Jashari တိုက်ခိုက်မှု ဖြစ်သွားတာပါ။ Adem Jashari အနေနဲ့ ရှောင်ထွက် လို့ရပါရက်နဲ့ မိသားစုအယောက် ၄၀ ကျော်လုံး အသက်အသေခံပြီး တိုက်သွား တာပါ။ စစ်ရေးအရ ရှုံးမယ်မှန်းသိသော်လည်း နိုင်ငံတကာအာရုံစိုက်မှုရဖို့နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေအတွက် စံနမူနာယူဖွယ် အာဇာနည်လိုအပ်နေ မှုကိုဖြည့်ဆည်းဖို့ မိသားစုတစ်စုလုံးရဲ့ အသက်ကို ပူဇော်လိုက်တဲ့သဘောပါ။
Jashari မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုဟာ အလဟဿ မဖြစ်ခဲ့ပါ ဘူး။ ဒီသတ်ဖြတ်ခံရမှုအပြီးမှာ US အပါအဝင် အင်အားကြီးနိုင်ငံတွေက ဆားဘီး ယားအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ပြန်လည်ချမှတ်ဖို့ ဖြစ်လာစေပါတယ်။
Jashari မိသားစု သတ်ဖြတ်ခံရအပြီး ၁၉၉၈ မတ် ၉ ရက်နေ့မှာ US၊ ဗြိတိန်၊ ပြင်သစ်နဲ့ ရုရှားပါဝင်တဲ့ အင်အားကြီးနိုင်ငံ ၆ နိုင်ငံဟာ Contact Group အဖြစ် တံခါးပိတ်လျှို့ဝှက်ဆွေးနွေးပွဲကျင်းပပါတယ်။
Contact Group ဆိုတာ ဘော့စ်နီးယားကိစ္စကတည်းက ရုရှား နဲ့ အနောက်နိုင်ငံတွေ ထိပ်တိုက်ပြဿနာဖြစ်လာရင် မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းဖို့ဖွဲ့ထားတဲ့ Group ပါ။ ဒီ group မှာ ရုရှားဟာ ကျန်တဲ့နိုင်ငံတွေနဲ့ အမြဲ တမ်းနီးပါး ဆန့်ကျင်ဘက်မှာရှိတတ်ပါတယ်။ အခုလည်း ဆားဘီးယားကို စီးပွား ရေးပိတ်ဆို့ဒဏ်ခတ်မှု ပြန်လည်ချမှတ်ရေးကိစ္စကို ရုရှားက ကန့်ကွက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ဆားဘီးယားကို ထောင့်ကပ်သွားအောင် လုပ်လို့မဖြစ်ဘူး။ အခြေအနေတွေပိုဆိုးသွားလိမ့်မယ်”လို့ ခြိမ်းခြောက်စကား ဆိုတဲ့အခါ US နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောလ်ဘရိုက်က “ဆာဘ်တွေဟာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်သူတွေ” လို့ထပ်ခါထပ်ခါ ပြန်လည်တုန့် ပြန်ပါတယ်။
အန်တီကြီး အောလ်ဘရိုက်ဟာ ဘော့စ်နီးယားကိစ္စကတည်းက ဆာဘ်တွေကို ဗုံးကြဲချင်သူကြီးပါ။ ဒါ့ကြောင့် အခု ကိုဆိုဗိုကိစ္စကို ကိုင်တွယ် ဖို့ဖြစ်လာချိန်မှ အန်တီကြီးက US နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာကတော့ ဆာဘ်တွေအတွက် ကံဆိုးမိုးမှောင်ကျမှုပေါ့ဗျာ။ Contact Group ဆွေးနွေးပွဲအပြီးမှာတော့ ကြေငြာချက် ထွက်လာပါတယ်။ “ဆားဘီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မယ်၊ ဒါကိုပြန်လည် ရုပ်သိမ်းစေချင်ရင် မီလိုဆီဗစ်ဟာ ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပြန်လည်အသိအမှတ်ပြုရမယ်” လို့ကြေငြာချက်မှာ ပါလာပါတယ်။ ရုရှားဟာ နှပ်ပစ်ခံလိုက်ရတဲ့သဘောပါ။

မိလိုဆီဗစ်ရဲ့တုန့်ပြန်မှု


Contact Group ရဲ့ ဒီကြေငြာချက်ကို မီလိုဆီဗစ်ရဲ့ တုန့်ပြန်မှုကတော့ ဆားဘီယားနိုင်ငံတလွှားမှာ ပြည်သူ့သဘောထားခံယူချက်ထုတ်ဖော်ပွဲ ကျင်းပတာပါပဲ။ ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း ဆန္ဒမဲပေးပွဲကျင်းပပြီး ၉၅ % သော ဆာဘ်တွေဟာ ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း ဆန္ဒမဲပေးကြပါတယ်။ မီလိုဆီဗစ်ကတော့ ဆာဘ်တွေဟာ သွေးစည်းညီညွတ်စွာနဲ့ အန်တု ရင်ဆိုင်မယ်ဆိုတဲ့ message ပေးချင်တာပါ။ ဝင်ရောက်စွက်ဖက်မယ့်နိုင်ငံတွေကို နောက်ဆုတ်သွားစေချင်တာပါ။ လက်တွေ့မှာတော့ ဒီလို ဆာဘ်တစ်မျိုးသားလုံးဟာ မှားယွင်းတဲ့ဘက်မှာ စည်းလုံးညီညွတ်ပြနေတာကိုက ဂျင်နိုဆိုဒ်ရဲ့ လက္ခဏာလို့ ကမ္ဘာကြီးကယူဆသွားပြီး ကမ္ဘာ့အင်အားစုတွေအနေနဲ့ အဖိနှိပ်ခံအလ်ဘေးနီးယန်းတွေ ဘက်က ပြတ်ပြတ်သားသားရပ်တည်ပေးဖို့လိုတယ်လို့ အခိုင်အမာယူဆသွားကြပါတယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၂ )

အခိုင်အမာရပ်တည်
အလ်ဘေးနီးယန်းတွေဘက်က အခိုင်အမာရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ US အစိုးရဟာ KLA ဆိုတာဘာလဲသိဖို့ ဆက်သွယ်လာပါတယ်။ ရစ်ချက်ဟိုးလ်ဘရုခ် ဦးဆောင်တဲ့ US ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဆိုဗို ဒေသက KLA ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဟိုးလ်ဘရုခ်ရဲ့ ကားတန်းဟာ လမ်းပေါ်မှာချထားတဲ့ အတားအဆီးတွေ ကို သတိနဲ့ဖယ်ရှားပြီး ခရီးနှင်ဖို့လုပ်နေတုန်း AK – ၄၇ သေနတ်ကိုင်ထားတဲ့ အလ်ဘေးနီးယန်းလူငယ်လေးတွေ ဗြုန်းခနဲရောက်လာပါတယ်။ ကားတန်းမှာ ပါတဲ့ အမေရိကန်ပြည်ထောင်စုအလံကို တွေ့တော့မှ သဘောပေါက်ပြီး KLA ဌာနချုပ်ကို ခေါ်သွားပါတယ်။
ချိုင့်တွေ အတားအဆီးတွေ မိုင်းကွင်းတွေနဲ့ ကင်းပုန်းတွေကို ဖြတ်သန်း ရင်း ဟိုးလ်ဘရုခ်ဟာ KLA ဌာနချုပ်လုပ်ထားတဲ့ အိမ်ကိုရောက်လာပါတော့တယ်။ KLA ခေါင်းဆောင်တွေနဲ့ ဟိုးလ်ဘရုခ်တို့ တွေ့ဆုံဆွေးနွေးပွဲကို အစအဆုံး ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။ အဲဒီဗီဒီယိုမှာတော့ ဟိုးလ်ဘရုခ်ဟာ KLA တပ်မှူးတွေနဲ့အတူ ကြမ်းခင်းပေါ်မှာ ထိုင်ချလိုက်ပြီး ပခုံးချင်းယှဉ်ထိုင်လို့ ရင်းရင်းနှီးနှီးစကားပြောပါတော့တယ်။
ရင်းနှီးတဲ့ဘော်ဒါတွေမို့ ထိုင်ခုံတောင်မလိုတဲ့သဘောပေါ့ဗျာ။ ဟိုးလ်ဘရုခ်ဘေး မှာလည်း AK – ၄၇ တလက်ထောင်ထားသေးသဗျ။ KLA တပ်မှူးနဲ့ ဟိုးလ်ဘရုခ်တို့ ပခုံးချင်းယှဉ်ထိုင်နေတဲ့ဓါတ်ပုံဟာ လျင်လျင်မြန်မြန်ပဲ ကမ္ဘာတလွှားကို ပျံ့နှံ့သွားပါတော့တယ်။
ဆာဘ်အာဏာပိုင်တွေဟာ ရေရေလည်လည်ကို ဒေါကန်ကြတော့တာပေါ့။ အမေရိကန် အစိုးရကိုယ်တိုင်က အကြမ်းဖက်အဖွဲ့လို့ တရားဝင်ကြေငြာထားခံရတဲ့ KLA တွေဟာ အမေရိကန်နိုင်ငံခြားရေးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့က ထိပ်တန်းအရာရှိကြီးနဲ့ ပခုံးချင်းယှဉ်လို့ ရင်းရင်းနှီးနှီးတွေ့ဆုံနေ ကြပါလား။ ဘေးမှာလည်း AK-၄၇ ချေမှုန်းရေးရိုင်ဖယ်တွေကို သက်တောင့် သက်သာ ချထားလိုက်သေး။ ဆာဘ်တွေ shock ရသွားပါတယ်။
ဆာဘ်တွေတင်မကဘဲ US ရဲ့ မဟာမိတ်တွေပါ မျက်လုံးပြူးကုန်ပါတယ်။
ပြင်သစ်သမ္မတရှီးရက်ကဆို US သမ္မတကလင်တန်ဆီဖုန်းဆက်ပြီးတော့ “ဒီလိုကြီးချည်းကပ်တာ မကြမ်းလွန်းဘူးလား” လို့မေးပါသတဲ့။ ကလင်တန်ရဲ့ မီးစိမ်းပြမှုနဲ့ ဟိုးလ်ဘရုခ်က နောက်ထပ်တဆင့် ထပ်တက်ပါတယ်။ KLA တပ်မှူးတွေနဲ့တွေ့ပြီး တစ်ပတ်အကြာမှာ ဟိုးလ်ဘရုခ်ဟာဆွဇ်ဇာလန်မှာရှိတဲ့ KLA (နိုင်ငံရေး) ကိုယ်စားလှယ်နဲ့ ထပ်တွေ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဟိုးလ်ဘရုခ်က KLA ရဲ့ နိုင်ငံရေးသဘောထား၊ ဖွဲ့စည်းပုံနဲ့ ဘဏ္ဍာရေးကိစ္စတွေကို မေးမြန်းပါတယ်။ KLA ကိုယ်စားလှယ်က KLA ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း၊ လူမျိုးစုံ၊ ဘာသာစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ အာမခံကြောင်း ကတိပေးပါတယ်။
ဒီနောက်ပိုင်းမှာတော့ KLA ဟာ သူတို့တပ်ဖွဲ့ကို US နဲ့နီးစပ်အောင်လို့ အချင်းချင်းခေါ်နေကျ comrade=ရဲဘော်လို့ ဆိုတဲ့အသုံးအနှုန်းကိုတောင် သိပ် မသုံးတော့ဘူး။ အချင်းချင်းအလေးပြုတဲ့အခါ လက်သီးဆုပ်ပြီး အလေးနီပြုတာမျိုး မလုပ်တော့ဘဲ US စတိုင် လက်ဝါးဖြန့်ပုံစံနဲ့ နားထင်နားလက်တင်ပြီး အလေးပြု တဲ့စတိုင် ပြောင်းပစ်တယ်။ သူတို့နောက်မှာ US က ခိုင်ခိုင်မာမာ ရပ်တည်နေပြီလေ။

တိုက်ပွဲနဲ့ လက်စားချေမှု
KLA အနေနဲ့ လက်နက်ခဲယမ်း၊ လူသူလက်နက်လည်း တောင့်တင်း လာပြီ၊ US လို နိုင်ငံကြီးရဲ့ ထောက်ခံမှုလည်း ရပြီဆိုတဲ့နောက်မှာ တိုက်ပွဲတွေကို အရှိန်မြှင့်ပါတယ်။ ၁၉၉၈ နှစ်ဦးမှာ KLA ဟာ ဆာဘ်စစ်တပ်နဲ့ ရဲတပ်သား ၆၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး မြို့ နှစ်မြို့ကိုလည်း ပြန်သိမ်းခဲ့ပါတယ်။
ဆာဘ်တွေဘက်က အင်နဲ့အားနဲ့ ပြန်လည်တုန့်ပြန်ရုံမက သာမန် အလ်ဘေးနီးယန်းအရပ်သားတွေကိုပါ သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ပါတော့တယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၃ )

တပ်မတော်ဟာ စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်တာပါ
ဒီလိုရွာလုံးကျွတ် သတ်ဖြတ်မီးရှို့တာတွေကို တားဆီးဖို့ US အထူးကိုယ်စားလှယ်အဖွဲ့ဟာ မီလိုဆီဗစ်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ အထူး ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် Chris Hill က “အင်အားအလွန်အကျွံသုံးတာ
ရှိတယ်။ ဒါတွေကိုရပ်တန့်ရမယ်” လို့ပြောတော့ မီလိုဆီဗစ်က အကြမ်းဖက်သမား တွေကို ချေမှုန်းတာသာဖြစ်တယ်လို့ ပြန်ဖြေပါတယ်။ ဒါပေမဲ့ ဒီတခေါက် US ကိုယ်စားလှယ်အဖွဲ့ဟာ ကိုဆိုဗိုဒေသကို ပြဲပြဲစင်အောင်သွားပြီးမှ မီလိုဆီဗစ်ကို ဝင်တွေ့တာဖြစ်တဲ့အတွက် အဖြစ်အပျက်တွေကို အသေးစိတ်သိနေရုံသာမက မှတ်တမ်းတင်တာတချို့ပါ လုပ်ထားပြီးသားပါ။
Chris က ဆာဘ်ယူနီဖောင်းဝတ်ထားသူတွေက နေအိမ်တွေကို ဓါတ်ဆီ ပတ်မီးရှို့နေတဲ့ အကြောင်းပြောရင်း တပါတည်းရိုက်ကူးလာတဲ့ ဗီဒီယိုကိုပါ ဖွင့်ပြ လိုက်ချိန်မှာတော့ မီလိုဆီဗစ်ဟာ မတ်တပ်ထရပ်ပြီး “ငါတို့တပ်မတော်ဟာ
စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်တာကွ” လို့ ထအော်ပါသတဲ့။ မီလိုဆီဗစ်ဟာ ညှိနှိုင်းမရတဲ့သူအဖြစ် US ကိုယ်စားလှယ်အဖွဲ့က သုံးသပ်သွားပါတယ်။

ကြေကွဲစရာတွေ ထပ်ဖြစ်မလာစေရ
ဒီနောက်မှာတော့ US သမ္မတကလင်တန်က ပြင်သစ်သမ္မတ ရှီးရက်ဆီ ဖုန်းဆက်ပြီး “ဘော့စ်နီးယားမှာလို ကြေကွဲစရာတွေထပ်ဖြစ်မလာဖို့ ခပ်သွက်သွက်ဝင်ကိုင်ဖို့လိုပြီဖြစ်ကြောင်း ပြောပါတယ်။ ရှီးရက်က “အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုကို ဘလိုင်းကြီးဝင် တွယ်လို့မရဘူးလေ။ UN လုံခြုံရေးကောင်စီက ခွင့်ပြုချက်မျိုးလိုတယ်” လို့ ပြန်ဖြေပါတယ်။
UN လုံခြုံရေးကောင်စီမှာ ရုရှားဟာ ကန့်လန့်တိုက်မှာမို့ လုံခြုံရေးကောင်စီကို ရှောင်ကွင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေဖို့အတွက် US နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအော်လ်ဘရိုက်က အားထုတ်ပါတယ်။ ဆာဘ်တွေကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က တိတိပပ မကိုင်တွယ်နိုင်ချိန်ကို အခွင့်ကောင်းယူပြီး လူသတ်မီးရှို့ စစ်ဆင်ရေးတွေကို အရှိန်တင်ပါတော့တယ်။
၁၉၉၈ နွေဦးကစလိုက်တဲ့ဆာဘ်တွေရဲ့ ရှင်းလင်းရေးစစ်ဆင် ရေး တွေကြောင့် အလ်ဘေးနီးယန်း ၃ သိန်းထွက်ပြေးခဲ့ရပြီး ၁၅၀၀ ကျော် အသတ်ဖြတ်ခံလိုက်ရပါတယ်။ UNHCR ရဲ့ အစီရင်ခံစာမှာ ဒီအကြောင်းတွေပါလာတော့ ရုရှား ဟာ လူဆိုးအဖြစ်မခံတော့ဘဲ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ရပ်တည်ချက်ကိုတဆင့်လျှော့ပေးပါတယ်။ သူလျှော့မပေးရင်လည်း အောလ်ဘရိုက်တို့က တကယ်ဗြင်းမယ့် ပုံစံတွေပြလာတာကိုး။
ဒါကြောင့် ၁၉၉၈ စက်တင်ဘာ ၂၃ မှာ UN resolution ထွက်လာပါတယ်။ “ဒုက္ခသည်တွေကို နေရပ်ပြန်စေရမယ်။ အပစ်အခတ်ရပ်ဆဲပေးရမယ်” ဒါပေမဲ့ ဒီ resolution ကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ တွန်းအားဖိအား ပါမလာပါဘူး။ ဒါဟာ ရုရှားရဲ့ လက်ချက်ပဲလေ။ ဆာဘ်တွေ ကတော့ အင်အားမပါတဲ့ အဲဒီ resolution ကို စာရင်းထဲတောင် မထည့်ပါဘူးဗျာ။ စုံစမ်းစစ်ဆေးရေးအတွက်ဝင်လာတဲ့ OSCE အဖွဲ့ကိုတောင် ဖုတ်လေသည်ငပိ ရှိတယ်လို့မမှတ်ဘဲ ဆက်သောင်းကျန်းပါတယ်။
ဒီ resolution အတွက် အင်အားထည့်ပေးဖို့ NATO အဖွဲ့ဟာ ထူးခြား တဲ့လုပ်ဆောင်ချက်တစ်ခုကို လုပ်လိုက်ပါတယ်။ NATO ကာကွယ်ရေးဝန်ကြီးတွေဟာ UN resolution ထွက်ပြီး နောက်ရက်မှာပဲ အစည်းအဝေးတစ်ခု စတင်ကျင်းပပါတယ်။ ဆားဘီးယားကို စစ်ရေးအရ ခြိမ်းခြောက်ဖိအားပေးတဲ့ ကြေငြာချက်ထုတ်ဖို့ခေါ်တဲ့ အစည်းအဝေးပါ။ အစပိုင်း မှာ ဘုံသဘောတူညီချက်ထွက်လာဖို့ မဖြစ်နိုင်တဲ့အထိ အငြင်းပွားကြပါတယ်။
ဒါပေမဲ့ NATO အထွေထွေအတွင်းရေးမှူးချုပ်က ဆာဘ်တွေရဲ့ NATO အဖွဲ့အပေါ်စော်ကားမှုကို တခုတ်တရ မိန့်ခွန်းထည့်ပြောပြီးလမ်းကြောင်းထိန်းပါတယ်။
“ဆာဘ်တွေဟာ တစ်ရက်တစ်ရွာမီးသာရှို့ထား၊ NATO ဆိုတာအဝေးကြီးမှာဟေ့လို့” လှောင်ပြောင်တဲ့အထိ NATO အဖွဲ့ဟာသိက္ခာကျ ဆင်းနေရကြောင်း၊ ဒါဟာ ကိုဆိုဗိုကိစ္စသပ်သပ်မဟုတ်တော့ကြောင်း၊ ဒါကြောင့် အဆုံး အဖြတ်တစ်ခုခုထွက်လာသည်အထိ ဆွေးနွေးကြဖို့ NATO ထွေ/ချုပ်က ပန်ကြားပါတယ်။ ဒီမှာတင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အဆိုတစ်ရပ်တင်သွင်းပါတယ်။ “NATO အနေနဲ့ သီးခြားကြေငြာချက်မထုတ်တော့ဘူးဗျ၊ မနေ့ကထုတ်တဲ့ UN resolution ကိုပဲထောက်ခံကြောင်း ထုတ်မယ်။ အဲဒီ resolution အတိုင်း ဆာဘ်တပ်တွေမဆုတ်ခွာရင်တော့ NATO က ဗုံးဝင်ကြဲရလိမ့်မယ်။”လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အဆိုတင်တော့ အားလုံးသဘောတူညီချက်ရသွားပါတယ်။ အဆံမပါ အသံပဲပါတဲ့ UN resolution ကို NATO က အင်အား ဖြည့်ပေးလိုက်တဲ့သဘောပါ။
မီလိုဆီဗစ် ဘယ်လို တုန့်ပြန်မလဲ…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၄ )

ဒီကောင်တွေ ငပျော့တွေပါကွာ
NATO အဖွဲ့ရဲ့ သတိပေးချက် ရောက်လာတော့ မီလိုဆီဗစ်ဟာ သူ့စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးထိုင်ပါတယ်။ စစ်ဦးစီးချုပ်ကတော့ လက်ရှိဆားဘီးယားတပ်မတော်အနေနဲ့ NATO အဖွဲ့ကို ခုခံဖို့အင်အားမရှိကြောင်း ပရော်ဖက်ရှင်နယ်စစ်သားပီပီ တွက်ပြပါတယ်။ မီလိုဆီဗစ်ကတော့ ခေါင်းခါပါတယ်။ မီလိုဆီဗစ်အနေနဲ့ ဒီပွဲမှာ လွယ်လွယ်ကူကူ အရှုံးပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားရင် သူ့ရဲ့နိုင်ငံရေး သေသွားမှာပါ။ ဒါကြောင့် အတိုင်းအတာတခုထိ လူရှေ့သူရှေ့ ရာဇအိနြေ္ဒထိန်းပြဖို့ ကြိုးပမ်းပါတယ်။ ဆာဘ်တပ်မတော် စစ်ဦးစီးချုပ် Peresic က စစ်သားစစ်သားချင်း ခြေမြင်တဲ့သဘောနဲ့ သုံးသပ်ပြတာက “NATO အခုလုပ်နေတာက နိုင်ငံရေးတော်ကီပစ်နေတာမဟုတ်ဘူး၊ ဗုံးကြဲအမိန့်ထွက်လာဖို့က အဆင့်အများကြီး မရှုပ်ဘူးနော်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမြဲတမ်းတပ်တချို့ကို ကိုဆိုဗိုကနေ ရုပ်သိမ်းပြလိုက်မယ်။ ကျွန်တော်တို့ရဲ့စစ်ဆင်ရေးတွေကို တခြားနည်းလမ်းတွေ တပ်ဖွဲ့တွေနဲ့ ဆက်အကောင်အထည်ဖော်လို့ရတယ်” လို့ တင်ပြပါသတဲ့။
မီလိုဆီဗစ်ကတော့ “ဗုံးကြဲလည်း ခဏပေါ့ကွာ။ ငါတို့သာတောင့်ခံ ပြလိုက်ရင် NATO နောက်ဆုတ်သွားမှာပါ” လို့ ခန့်မှန်းသတဲ့။ NATO စစ်ဌာနချူပ်ကို ရောက်လာတဲ့ ရစ်ချက်ဟိုးလ်ဘရုခ်ကတော့ NATO လေတပ်ကို Activation Order ထုတ်ဆင့်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။ Activation Order ဆိုတာ ဗုံးကြဲလို့ အမိန့်ပေးလိုက်တာနဲ့ လေယာဉ်မှူးက လေယာဉ်ပေါ်ပြေးတက်ပြီး ချက်ချင်းပျံတက်နိုင်အောင် အသင့်ပြင်ထားဖို့ပါ။
ဒီအတွက် B-52 ဗုံးကြဲလေယာဉ်မှာ ဗုံးတွေတပ်ဆင်၊ F-15 ဂျက် ဖိုက်တာတွေမှာ ဒုံးတွေတပ်ဆင်ပြီး ပြေးလမ်းပေါ်တင်ထားလိုက်ပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာလည်း Adriatic ပင်လယ်ပြင်ဘက်ကို ဦးတည်ခုတ်မောင်းလာခဲ့ပါတယ်။ မီလိုဆီဗစ်ဆီကို အမိန့်တစ်ခု ထပ်ရောက်လာပါတယ်။ ၉၆ နာရီအတွင်း ကိုဆိုဗိုဒေသက အမြဲတမ်းဆာဘ်တပ်ဖွဲ့တွေထွက်ခွာ၊ မထွက်ခွာရင် ဗုံးကြဲမယ်။ ဒီမှာတင် မီလိုဆီဗစ်ဟာ ဈေးဆစ်မရမှန်းသိပြီး ကိုဆိုဗိုမှာပို့ထားတဲ့တင့်ကားလက်နက်ကြီးအပါအဝင် အမြဲတမ်းတပ်တွေကို ဆုတ်ခွာခိုင်းလိုက်ပါ တော့တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကတော့ ကိုဆိုဗိုဒေသရဲ့ မြို့ပြ တွေကို ဆက်လက်ထိန်းချုပ်ထားဆဲပါပဲ။ [တပ်မနှစ်ခုဖြစ်တဲ့ ဒူးနှစ်လုံးနဲ့ကုန်းကုန်း ဆုတ်ခွာသွားပုံနဲ့ ယှဉ်ကြည့်ပါ။ ဒီကကောင်တွေဟာ ဆာဘ်ထက်ပျော့ညံ့ပါတယ်။ အဲ ! ကလိမ်ကကျစ် အရာမှာတော့ အတူတူလောက်ပဲဗျ။ နယ်ခြားစောင့်ရဲ၊ ပြည်သူ့စစ်တွေနဲ့ လူသတ်ပွဲဆက်ကျင်းပတာလည်း ပုံစံတူနေပြန်ရောဗျ။]

ရှေ့တက်လာတဲ့ KLA


ဆာဘ်တပ်ဖွဲ့တွေဆုတ်ခွာသွားချိန်မှာတော့ KLA တပ်တွေဟာ ရှေ့တက်နေရာယူလာကြပါတယ်။ ဆာဘ်တွေဘက်က ဒီကိစ္စကို အထွန့်တက်ပါတယ်။ NATO က ကျွန်တော်တို့ဆာဘ်တွေကိုကျ အပစ်အခတ်ရပ်စဲပြီး တပ်ဆုတ်ခိုင်းတယ်။ KLA ကိုကျ ဘာဖိအားမှမပေးဘူးလို့ အထွန့်တက်တာပါ။ ဒါကို ဟိုးလ်ဘရုခ်က ဘယ်လိုတုန့်ပြန်လဲဆိုတော့ “ကျုပ်တို့က KLA ကို ဘာလုပ်ပါလို့ ဘယ်တော့မှအမိန့်မပေးဘူး။ ကျုပ်တို့ဘာလုပ်ပေးထားတယ် ဆိုတာကို သတင်းပေးရုံပဲလုပ်တယ်” လို့ ပြောချလိုက်တာပါ။
ဆိုလိုချင်တာက “မင်းတို့ဆာဘ်တွေဆုတ်ခွာရအောင် ငါတို့က ဖိအား ပေးတယ်။ ပြီးတော့ KLA ကိုလက်တို့လိုက်တယ်”လို့ ဒဲ့ kick တဲ့ သဘောပါ။ ဒါဟာ သမားရိုးကျစစ်ပွဲလို ဘက်မလိုက်ဘဲ ဒိုင်လူကြီးနေရာနေလို့မရပါဘူး။ အဖိ နှိပ်ခံတွေဘက်က ရပ်တည်ပြတယ်။ ဘက်လိုက်ပြတယ်လို့ US က message ပေးချင်တာပါ။ [ဟိုအဖွဲ့က ဟိန္ဒူတွေကို သတ်သွားပါတယ်။ တိုင်းရင်းသားတွေကို သတ်သွားတာ။ အဲဒါကို အခုထိအကြမ်းဖက်လို့ အမေရိကန်က အသိအမှတ် မပြုသေးဘူး ဘာညာအော်ရင်းနဲ့ ကိုယ်တိုင် မုဒိန်းတပ်မတော်ကြီးအဖြစ် သတ်မှတ်ခံလိုက်ရတာနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ပေါ့ဗျာ။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၅ )

နောက်ဆုံးတံခါးချပ်ဆွဲဖွင့်ခြင်း
ဆာဘ်တွေဟာ အထင်ကရမြို့ကြီးတွေမှာပဲ တပ်စွဲထားနိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ကျေးလက်နဲ့ မြို့ငယ်တွေရယ်၊ အဲဒီမြို့ငယ်လေး တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေဟာ KLA ရဲ့ လက်ထဲကို ရောက်သွားပါတယ်။ KLA တပ်မှူး Seliimi ပြောပြတာကတော့ အဲဒီအချိန်မှာ ကျုပ်တို့ဟာ ထောက်ပို့လမ်းကြောင်းတွေ ပြန်တည်ဆောက်တယ်။ ခဲယမ်းတွေစုပုံတယ်။
တပ်သားသစ်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတာနဲ့ KLA ဟာ သူတို့ရဲ့စစ်ဆင်ရေး တွေကို ထပ်ဆင့်အရှိန်မြှင့်ပါတယ်။ KLA တပ်မှူး Mustafa ပြောပြတာက “ဟား! ဆာဘ်တွေဟာ မြို့ကြီးတွေမှာ ခြေချုပ်မိသွားပြီးတော့ ကျုပ်တို့က လှည့်ပတ်စစ်ဆင်လို့ရတဲ့ အနေအထားဖြစ်သွားတာဗျို့”တဲ့။
KLA ဟာ ခြုံခိုတိုက်ပွဲနဲ့ စနိုက်ပါတွေကို အုပ်စုလိုက်သုံးပြီးစစ်ဆင်တဲ့ ပုံစံနဲ့ ဆာဘ်တွေကိုတိုက်ပါတယ်။ အရင်းနဲနဲသုံးပြီး အမြတ်များများရတဲ့ တိုက်ပွဲ မျိုးတွေပေါ့။ ဆာဘ်တွေဘက်က မခံမရပ်နိုင်ဖြစ်လာပြီး လက်တုန့်ပြန်တာတချို့ရှိလာပြန်ပါတယ်။ အဲဒီထဲကမှ တစ်ခုဟာ R2P ဝင်ဖို့ နောက်ဆုံးတံခါးချပ်ကို ဆွဲဖွင့်လိုက် ပါတော့တယ်။

———————————

၁၉၉၉ ဇန်နဝါရီလ KLA က ဆာဘ်ရဲ ၃ ယောက်ကို တိုက်ခိုက် သတ်ဖြတ်လိုက်တဲ့နောက်မှာတော့ ဆာဘ်အထူးရဲတပ်ဖွဲ့တွေဟာ Reccak ရွာကို စီးနင်းတိုက်ခိုက်ပြီး အရပ်သား ၄၅ ယောက်ကို သတ်ဖြတ်ပစ်လိုက်ပါတယ်။
OSCE အဖွဲ့ရဲ့ခေါင်းဆောင်ဟာ တောင်ကုန်းလေးပေါ်မှာ ပြန့်ကျဲနေတဲ့အလောင်းတွေဆီကို ရောက်တဲ့အခါမှာတော့ ခေါင်းမရှိတော့တဲ့ အလောင်းတွေ၊ လည်းပင်းပြတ်လုနီးပါးအလှီးခံထားရတဲ့ အလောင်းတွေ၊ အနီးကပ်တေ့ အပစ်ခံရတဲ့ အလောင်းတွေက ဆီးကြိုနေပါတယ်။ဆာဘ်တွေဘက်က ဒါဟာ KLA က ရုပ်ရှင်ရိုက်ဖို့ ကမ္ဘာကြီးကို လှည့်စားဖို့လုပ်ထားတဲ့ အရာတွေပါလို့ တန်ပြန်စွပ်စွဲပေမယ့်လည်း ကြားဖြတ်ကြေးနန်းဖမ်းယူရရှိမှုတွေနဲ့ မှုခင်းဆေးပညာအရစစ်ဆေးမှုတွေက တရားခံတွေ ဟာ ဆာဘ်တွေပဲလို့ တည့်တည့်ကြီး ညွှန်ပြနေပါတော့တယ်။
OSCE အဖွဲ့ဟာ လူအင်အား နှစ်ထောင်လောက်နဲ့ ကိုဆိုဗိုဒေသထဲကို စောင့်ကြည့်လာတာ ၁၉၉၈ အောက်တိုဘာကတည်းကပါ။ ဆာဘ်တွေရဲ့ ရက်စက်မှုနဲ့ ဗြောင်လိမ်မှုတွေကို မြင်ရပေါင်းများလှပါပြီ။ ဒီတပွဲမှာတော့ OSCE
အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က အော့နှလုံးနာသွားပါတယ်။ Reccak အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ Crimes very much against humanity လို့ သုံးနှုန်းပြောဆိုသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ US အနေနဲ့ ကြားဝင်စွက်ဖက်ဖို့ ရှာဖွေနေတဲ့ အကြောင်းပြချက်အတွက် Hard evidence ဖြစ်သွားပါတယ်။ US နိုင်ငံခြား ရေးဝန်ကြီး အောလ်ဘရိုက်က စစ်အင်အားသုံးစွဲဖို့ အချိန်ရောက်ပြီလို့ ဒဲ့ထွက် ပြောလာပါတယ်။ အန်တီကြီး အောလ်ဘရိုက် အောင်မြင်ပါ့မလား…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၆ )

ရာဇသံပို့ဖို့
“မစ္စအောလ်ဘရိုက်ဟာ တကယ်ထက်တဲ့အမျိုးသမီးပါ။ အဲ ! တယ်လည်းမလွယ်တဲ့ အမျိုးသမီးပဲဗျို့”လို့ ထုတ်ပြောလာသူကတော့ ပြင်သစ်သမ္မတ ရှီးရခ်ပါ။ သူပြောမယ်ဆိုလည်း ပြောစရာပါ။ US က Reccak ဖြစ်စဉ်အပြီး ဗုံးကြဲဖို့ပြောတော့ ပြင်သစ်သမ္မတက ရုရှားပါဝင်တဲ့ Contact Group ကနေတဆင့် တိုင်ပင်ကြည့်ဦးမယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ အဲဒီမှာတင် အန်တီကြီး အောလ်ဘရိုက်က Contact Group အစည်းအဝေးကို မစောင့်တော့ဘဲ မော်စကို ကို ရောက်ချသွားပါတယ်။ မော်စကိုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက US နိုင်ငံခြားရေးဝန်ကြီးကို ပြဇာတ်ရုံမှာ ဧည့်ခံပါတယ်။ ပြဇာတ်ပွဲ အရှိန်မြင့်စမှာ US နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှစ်ပါးဟာ ဘေးချင်းယှဉ်ထိုင်လျက်ရှိနေကြတာပါ။ အလုပ်ကိစ္စဘာညာ ဘာမှ မပြောကြပါဘူး။ ဒီအချိန်မှာပဲ ဗြုန်းခနဲ စကားစပြောတဲ့သူက US နိုင်ငံခြား ရေးဝန်ကြီးအောလ်ဘရိုက်ပါ။ အန်တီကြီးက စကားကို တိုးတိုးလေးပြောတာပါ။ ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ကျောထဲစိမ့်ခနဲ့ကို ဖြစ်သွားပါတယ်။
အန်တီကြီးပြောတဲ့စကားက “အမေရိကန်ပြည်ထောင်စုနဲ့ရော NATO တပ်ဖွဲ့အနေနဲ့ပါ ဆာဘ်တွေကိုဗုံးကြဲဖို့ ရာဇသံပေးတော့မှာဖြစ်ကြောင်း” ပါတဲ့ဗျာ။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြဇာတ်ခန်းမဆောင်အတွင်းမှာပဲ မျက်စိ မျက်နှာပျက် ဖြစ်နေပါတော့တယ်။ အမေရိကန်တွေဟာ သူတို့လုပ်ချင်ရင် အဲသလိုဇွတ်တရွတ်လုပ်တတ်ပါတယ်။ အန်တီကြီး အောလ်ဘရိုက်ဟာ မော်စကိုမှာပြောခဲ့ဆိုခဲ့တာတွေကိုပြင်သစ်နဲ့ ဗြိတိန်ကို အကြောင်းကြားလိုက်တဲ့အခါမှာတော့ ပြင်သစ်နဲ့ ဗြိတိန်ဟာ Contact Group အကြောင်းကိုစကားထဲတောင် ထည့်မပြောကြတော့ပါဘူး။ ဒါပေမဲ့ ချက်ချင်းကြီးရာဇသံပို့မယ့်အစား ဆာဘ်နဲ့အလ်ဘေးနီးယန်းတွေကို အကြေအလည်ဆွေးနွေးခိုင်းပြီး မရတော့မှဘဲ ရာဇသံပို့ဖို့ ပြန်ပြောကြပါတယ်။
US ကလည်း ဒါကို လက်ခံလိုက်ပါတယ်။ ဒီမှာတင် ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ မိုင် ၂၀ လောက်အကွာက ယန်ဘူးယေးရဲတိုက်ဥယာဉ်ကြီးမှာ ရက်သတ္တပတ် သုံးပတ်နီးပါးကြာတဲ့ တံခါးပိတ် အိမ်တွင်းပိတ် ဆွေးနွေးပွဲတွေ ကျင်းပရပါတော့တယ်။

ယန်ဘူယေး ဆွေးနွေးပွဲ
ကိုဆိုဗားအလ်ဘေးနီးယန်းတွေဘက်က KLA အဖွဲ့ဝင်အများစုနဲ့ LDK က ကိုယ်စားလှယ်တချို့ တက်ရောက်ပါတယ်။ ဆာဘ်တွေဘက်က မီလိုဆီဗစ် ရဲ့ ညာလက်ရုံးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပါတယ်။ မီလို ဆီဗစ်ကိုယ်တိုင်မပါတဲ့အတွက် ဒါဟာ အနုတ်လက္ခဏာဆောင်တယ်လို့ US က ယူဆပါတယ်။ ဆာဘ်နဲ့ အလ်ဘေးနီးယန်းတွေဟာ မျက်နှာချင်းဆိုင်လို့မရတာကြောင့်US က ဆာဘ်တွေအတွက် ဆွေးနွေးဖို့မူဘောင်နဲ့ အချက်အလက်တွေကို ပေးအပ်ပြီး ဆာဘ်ကိုယ်စားလှယ်ချည့်ပဲ အိမ်တစ်အိမ်ထဲမှာ စုထည့်ပေးထားလိုက်ပါတယ်။
အချင်းချင်း အကြေအလည်ဆွေးနွေး၊ ပြီးရင် US ကို ပြန်ပြောပြ ဆိုတာမျိုးပါ။ အလ်ဘေးနီယန်းတွေအတွက်လည်း အဲဒီအတိုင်းစီစဉ်ထားလိုက်ပါတယ်။
ကဲ…! ပြောကြ…..ဆိုကြ….ညှိကြပေတော့….။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၇ )

ဆာဘ်တွေဘက်
ဆာဘ်တွေအတွက် US ချပေးထားတဲ့ မူဘောင်က
– ကိုဆိုဗိုဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ပေးဖို့
– အဲလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပြန်လည်တည်ဆောက်ပေးရာ မှာ NATO အဖွဲ့က အနီးကပ်ကြီးကြပ်ပေးမယ်။
ဒီအချက်တွေကို မီလိုဆီဗစ်ဆီအကြောင်းကြားတော့ မီလိုဆီဗစ်က ဒါဟာ ဆားဘီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ လက်မခံနိုင်ဘူးလို့အကြောင်းပြန်ပါသတဲ့။
ဆားဘီးယားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က US သံတမန်ကို ပြန်လည်ပြောဆိုရာမှာ ဝေ့လည်ကြောင်ပတ်လုပ်ဖို့ အားထုတ်ပါတယ်။ ဆာဘ်ကိုယ်စားလှယ်က “NATO တပ်တွေအနေနဲ့ ဆားဘီယားနိုင်ငံထဲမှာ လမ်းအသုံးပြုခ၊ လေဆိပ်အသုံးပြုခ စသဖြင့် ငှားရမ်းခတွေပေးပြီး တပ်စွဲမယ်ဆိုရင် ခွင့်ပြု မယ်လို့” ပြောပါသတဲ့။ ဒါမျိုးဟာ တခြားမိတ်ဖက်နိုင်ငံတွေမှာလည်း NATO က လုပ်နေကျပုံစံပါ။ ဒါပေမဲ့ ဆားဘီယားဟာ မိတ်ဖက်နိုင်ငံမဟုတ်ပါဘူး။ US ကိုယ်စားလှယ် ကတော့ “ဒီမှာကိုယ့်လူ! ကျုပ်တို့အခုဆွေးနွေးနေတာ ခင်ဗျားတို့နိုင်ငံကိုဗုံးကြဲရမလား၊ မကြဲရဘူးလား ဆွေးနွေးနေတာနော်” လို့ မျက်နှာထိမျက်နှာထားနဲ့ပြန်ပြောလိုက်ပါတယ်။ ဆာဘ်တွေနဲ့ ဆွေနွေးပွဲဟာ ရှေ့ဆက်တိုးမရလောက်အောင် ဂျပ်ပိတ်သွားပါတော့တယ်။

အလ်ဘေးနီးယန်းဘက်
ဒီဘက်ပိုင်းကလည်း အဆင်မချောလှပါဘူး။
အဓိက,ကတော့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေက ဆားဘီးယားကနေခွဲထွက်ပြီး သီးခြားလွတ်လပ်သော ကိုဆိုဗိုနိုင်ငံအဖြစ် ရပ်တည်လိုတာဖြစ်ပြီး အမေရိကန်ကတော့ ကိုဆိုဗိုဒေသကို ဆားဘီးယားနိုင်ငံထဲမှာပဲ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရဒေသအဖြစ် ဆက်ရှိစေချင်တာပါ။ အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့က လွတ်လပ်ရေးဆိုတဲ့ စကားလုံးကိုထည့်ဖို့လုပ်တော့ US က ခေါင်းခါပါတယ်။ ဒါဆို လွတ်လပ်ရေးဆိုတာတော့တိုက်ရိုက်မထည့်ဘူး။ လူထုဆန္ဒခံယူပွဲ = referendum လုပ်မယ်လို့ ပြောတော့လည်း US က လက်မခံပါဘူး။ အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့က KLA အဖွဲ့ကို “လွတ်လပ်ရေးလည်းမပါဘူး၊ referendum လည်းမပါဘူး။ ဒါပေမဲ့ လက်မှတ်ထိုးလိုက်ရတော့မလား” လို့ အကြောင်းကြားတော့ KLA အဖွဲ့က “မင်းတို့အဲဒီလိုသာ ဘာအာမခံမှမပါဘဲ လက်မှတ်ထိုးလာခဲ့ရင်တော့ မင်းတို့လေယာဉ်ကို ငါတို့ကိုယ်တိုင် ပစ်ချမယ်” လို့ အကြောင်းပြန်ပါသတဲ့။
အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ US နဲ့ KLA ကြားမှာ ကြားညပ်နေပါတော့တယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကလည်း ထောက်ရသေးတယ်။ ဒါပေမဲ့ လွတ်လပ်ရေးမှလွတ်လပ်ရေးလို့ ခေါင်းမာပြန်ရင်လည်း US က ကူညီတော့မှာမဟုတ်ဘူး။ ရှေ့မှာ အဲဒီလို ခေါင်းမာ ပြလို့ ကာဒ်တွေရဲ့ ဂျင်နိုဆ်ုဒ်ကိစ္စကို ကမ္ဘာကလျစ်လျူရှုပစ်ခဲ့ပြီး ကာဒ်တွေဟာ ဒုက္ခတောထဲမျောနေတာလည်း အထင်အရှား။
အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့ဟာ ဒီလိုအတွေးအမြင်တွေနဲ့ အိမ်တစ်လုံးထဲမှာ တံခါးပိတ်ပြီးဆွေးနွေးလိုက် ငြင်းလိုက်နဲ့ နှစ်ပတ်ကျော်ကျော် ကြာလာခဲ့ပါတယ်။ ဒီမှာတင် ဒီဆွေးနွေးပွဲကို မြန်မြန်ဖြတ်ဖို့ အန်တီကြီး အောလ်ဘရိုက်က တိုက်ရိုက်ဝင်လာပါတော့တယ်။

———————————–

Hashim Thaci

“ သားရယ်! အန်တီတို့က ဗုံးကြဲချင်တာ၊ အကြောင်းပြချက်က ဆာဘ်တွေဘက်က ငြင်းဆန်လို့ဆိုတဲ့အနေအထားကို လိုချင်တာ။ ဆာဘ်တွေဘက် ကလည်း ငြင်းဆန်အာခံတဲ့ပုံစံဝင်သွားပြီ။ အဲဒါကို သားတို့ဘက်က မပြေလည် သေးလို့ဆိုတဲ့ပုံစံ မဖြစ်စေချင်ဘူး” လို့ အန်တီကြီးအောလ်ဘရိုက်က အလ်ဘေး နီးယန်းကိုယ်စားလှယ်ခေါင်းဆောင်ကို ပြောလိုက်ပါတယ်။
အလ်ဘေးနီးယန်း ကိုယ်စားလှယ်ခေါင်းဆောင်ဟာ သားလို့ခေါ်ရသည် အထိ ငယ်ငယ်ရွယ်ရွယ်လေးပါ။ အသက်မှ ၃၀ စွန်းစွန်းပဲရှိပါသေးတယ်။ သူ့ကို ခေါင်းဆောင်အဖြစ် သေချာတင်လွှတ်လိုက်ရတဲ့ ရည်ရွယ်ချက် ကိုက သူဟာ အဘိုးကြီးတွေလိုခေါင်းမမာဘဲ နိုင်ငံတကာရေးရာကိုလည်း နှံ့စပ်တဲ့သူမို့ပါ။ တစ်မျိုးသားလုံးရဲ့ ကံကြမ္မာဟာ အသက် ၃၀ စွန်းစွန်း လူငယ်လေးတစ်ယောက်ရဲ့ လက်ထဲမှာပါ။
မစ္စအောလ်ဘရိုက်နဲ့ တွေ့ပြီးတဲ့အခါမှာတော့ အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ ဆက်ဆွေးနွေးကြပါတယ်။ အခြေခံမူဘောင်မှာ လွတ်လပ်
ရေးဆိုတာလဲ ဖြုတ်ပေးလိုက်တယ်။ referendum ဆိုတာလည်း ဖြုတ်ပေး လိုက်တယ်။ ဒါပေမဲ့ အလ်ဘေးနီးယန်း ကိုယ်စားလှယ်အဖွဲ့ဟာ referendum အတွက် လမ်းစထည့်ဖြစ်အောင်ထည့်ဖို့ ကြိုးစားပါတယ်။
အဲဒါကတော့ “ဒေသံခံပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားပါ့မယ်” ဆိုတဲ့စာကြောင်းပါ။ ဒီစာကြောင်းကို အလ်ဘေးနီးယန်းဘာသာ စကားနဲ့ ရေးထားတဲ့မူဘောင်မှာထည့်တာကို ဘေးက US အကြံပေးက မသိ သေးပါဘူး။ translator စက်နဲ့ဘာသာပြန်တော့မှမြင်သွားပြီး ဟေ့… အဲဒါ မထည့်နဲ့လို့ အော်ပါတော့တယ်။
“Thaci ငါတို့မူရင်းတင်တဲ့အတိုင်း လက်မှတ်ထိုးလိုက်တော့။ ဘာမှ ထပ်မဖြည့်နဲ့တော့။ အခုချက်ချင်း လက်မှတ်ထိုးကွာလို့” US အကြံပေးက တောက်လျှောက်ဖိအားပေးနေပါတယ်။ Thaci ဆိုတာ အလ်ဘေးနီးယန်း ကိုယ်စားလှယ်ခေါင်းဆောင် လူငယ်လေးလေဗျာ။ သူက လက်မှတ်ထိုးပြီး စာကြောင်းထပ်ထည့်ဖို့လုပ်ချိန်မှာ US အကြံပေးက စာရွက်တွေကိုဆွဲယူသွားပြီး “ရတယ်! ဒါဆိုရတယ်” ဆိုပြီးထွက်သွားပါတော့တယ်။
ဒါ့ကြောင့် စာရွက်စာတမ်းတွေမှာ အလ်ဘေးနီးယန်းလို ရေးထားတာ မှာ “ဒေသခံပြည်သူလူထုရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားမယ်”ဆိုတဲ့ စာကြောင်းပါပြီး အင်္ဂလိပ်လိုရေးထားတာမှာ ပါမလာပါဘူး။ US အကြံပေးက မစ္စအောလ်ဘရိုက်ကို ဒီကွဲပြားမှုအကြောင်းပြောပြပေမယ့် အန်တီကြီးကတော့ ဘာမှပြန်ပြောမနေ ပါဘူး။ ကျန်တဲ့ မဟာမိတ်တွေကိုလည်း ဒီကွဲပြားမှုအကြောင်း ဘာမှရှင်းပြမနေ တော့ပါဘူး။
US နိုင်ငံခြားရေးအကြံပေးအရာရှိတွေဟာ ခပ်တည်တည်နဲ့ သတင်း ထောက်တွေကြားထဲဆင်းချသွားပြီး “အလ်ဘေးနီးယန်းကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်တော်တို့ချမှတ်ပေးတဲ့ မူဘောင်အားလုံးကို သဘောတူလက်မှတ်ထိုးပြီးပြီ မို့ လက်မခံတဲ့ဆာဘ်တွေဆီကိုဗုံးကြဲဖို့ ရာဇသံပို့တော့မယ်လို့” ပြောချလိုက်ပါတော့တယ်။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၈ )

ပြောမရဆိုမရမို့ တီးပြီ
၁၉၉၉ မတ်လ ၈ ရက်မှာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက မီလိုဆီဗစ်နဲ့တွေ့ဆုံပြီး ဆားဘီးယားအနေနဲ့ အမေရိကန်နဲ့စစ်ဖြစ်လို့ ဘာမှကောင်းလာစရာ မရှိကြောင်း၊ ဂျာမနီဆိုရင် အမေရိကန်နဲ့ နှစ်ကြိမ်တိုင်တိုင်စစ်ဖြစ်ခဲ့ပြီး ၂ ကြိမ်လုံး အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုပါတယ်။ မီလိုဆီဗစ်ကတော့ ခေါင်းခါလိုက်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ ရစ်ချက်ဟိုးလ်ဘရုခ်က ရာဇသံလာပေးပါတော့တယ်။
ဟိုးလ်ဘရုခ်က “ငါတို့အမေရိကန်လေယာဉ်တွေက ပစ်လွှတ်လိုက် မယ့် smart bomb တွေဟာ ဟောဒီမင်းရှေ့က စားပွဲခုံကိုတောင် ကွက်တိလာမှန် သည်အထိ တိကျတယ်နော်” လို့ မီလိုဆီဗစ်ရဲ့ သမ္မတဧည့်ခံဆောင်က စားပွဲကို ပုတ်ပြီး ဒဲ့ပြောတာပါ။ မီလိုဆီဗစ်က ခေါင်းခါလိုက်ပါတယ်။

Legal Basis


မတ်လ ၂၄ ရက်နေ့မှာတော့ NATO လေယာဉ်ပျံ အစင်း ၄၀၀ ဟာ ဝေဟင်ထဲကို ပျံတက်သွားခဲ့ပြီး ဆားဘီးယားနိုင်ငံ ကိုဆိုဗိုဒေသက ဆာဘ် လေကြောင်းကာကွယ်ရေးစခန်းနဲ့ ရေဒါတွေကို ပစ်ခတ်ပါတော့တယ်။ ဗုံးမကြဲခင် မတ်လ ၂၃ ရက်နေ့ညက US သမ္မတ ကလင်တန်ဟာ အလုပ်တွေ ရှုပ်နေပါတယ်။ စစ်ဆင်ရေးအတွက် အလုပ်ရှုပ်နေတာတော့ မဟုတ်ပါဘူး။ အဲဒါ စစ်ဗိုလ်ချုပ်တွေရဲ့ အလုပ်ပါ။
ကလင်တန် အလုပ်ရှုပ်နေရတာက အချုပ်အချာအာဏာပိုင်သော ဆားဘီးယားနိုင်ငံကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာ ဘာ့ကြောင့်လဲဆိုတဲ့ legal basis = ဥပဒေကျောထောက်နောက်ခံကို ရှာနေရလို့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြု ချက်မယူဘဲ ဒီလိုစွက်ဖက်ရတဲ့ နောက်ခံကတော့ Genocide ကြောင့်ပါဆိုတဲ့ Legal basis ကို သက်သေပြဖို့ သမ္မတကလင်တန်ဟာ ဥပဒေပညာရှင်တွေကို ရှေ့ထုတ်လာရပါတယ်။
သမ္မတကလင်တန် အနေနဲ့ ဒီလို legal basis ရှာရတာ အကြောင်းရှိပါတယ်။ ဗုံးကြဲစစ်ဆင်ရေးစပြီးလို့ ၂ နာရီကြာမှ US ဟာ ရုရှားသမ္မတယဲ့လ်ဆင်ဆီကို အကြောင်းကြားလိုက်ပါတယ်။ ယဲ့လ်ဆင်ဟာ သူ နှပ်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရတော့ ရေရေလည်လည် ဒေါခီးပြီး ဒါဟာ ကျူးကျော်မှုပဲ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို ကျူးကျော်တာမို့ ကလင်တန်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပဲလို့ ခွအော်ပါတယ်။
ယဲ့လ်ဆင်နဲ့ ဖုန်းပြောနေတဲ့ ပြင်သစ်သမ္မတ ရှီးရခ်ဆိုရင် နားမခံသာ လွန်းလို့ ဖုန်းခွက်ကို နားကနေ ခွာပြောရပါသတဲ့။ ဗုံးကြဲစစ်ဆင်ရေး ကာလအတွင်းမှာ US စစ်ဥပဒေချုပ်က ဆားဘီးယားဟာ အချုပ်အချာအာဏာပိုင်တဲ့ နိုင်ငံဖြစ်သော်လည်း ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို ကျူးလွန်တာကြောင့် ဝင်ရောက်တားဆီးရမယ်ဆိုတဲ့ Responsibility အရ ဗုံးဝင်ကြဲတာဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိုယ့်အတွေးနဲ့ကိုယ်
ဗုံးကြဲစစ်ဆင်ရေး စတင်စဉ်မှာ မီလိုဆီဗစ် အတွေးက “ဗုံးကြဲတာ ၂၄ နာရီထက်ပိုမကြာနိုင်ဘူး။ ငါတို့ဘက်ကသာ တောင့်ခံပြရင် NATO ဟာ နောက် ဆုတ်သွားမှာလို့” တွက်ပါတယ်။ လက်တွေ့မှာတော့ ဗုံးကြဲတာက တစ်ရက်နဲ့လည်းရပ်မသွား နှစ်ရက်နဲ့လည်းရပ်မသွားဘဲ သုံးရက်မြောက်မှာတော့ ကိုဆိုဗိုက ဆာဘ်လေကြောင်းကာကွယ်ရေးစနစ်တွေအကုန်လုံးကို NATO က စိစိညက်ညက်ခြေပြီးသားဖြစ်သွားပါတယ်။
ဒါဟာ NATO စစ်ဆင်ရေးရဲ့ ပထမ အဆင့်ပါ။ NATO တပ်မှူးတွေဘက်ကလည်း ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးယဉ်ကြပါတယ် “ဘော့စ်နီးယားမှာတောင် ဗုံးကြဲတာ သုံးပတ်ပဲကြာတာ၊ ကိုဆိုဗို မှာတော့ လွန်ရောကျွံရောကြာလှ တစ်ပတ်ပေါ့” ဒါ့ကြောင့် လေယာဉ်ပိုင်းလော့တွေဟာ “ငါဗုံးကြဲမှာ မင်းမကြဲသေးနဲ့ဦး ဒီတစ်လှည့်ကျွန်တော် ပျံတက်ပါရစေ” စသဖြင့် လုနေကြပါတယ်။ လူစုံတက်စုံ ဗုံးကြဲခွင့်မရလိုက်ရဘဲ စစ်ဆင်ရေးပြီးသွားမှာကို စိုးရိမ်နေကြတာပါ။
NATO ဗုံးကြဲစစ်ဆင်ရေးမှာ မူဝါဒချမှတ်ထားတာတစ်ခုက ကိုယ့်ဘက် က အထိအခိုက် အကျအဆုံးမရှိစေရဆိုတဲ့ အချက်ပါပဲ။ ဒီအတွက် NATO လေယာဉ်တွေဟာ ဆာဘ်လေယာဉ်ပစ်လက်နက်တွေ လက်လှမ်းမမှီတဲ့ ပေ ၁၅၀၀၀ အထက်ကနေ ပျံသန်းဗုံးကြဲရပါတယ်။ စစ်ဆင်ရေးစီမံချက်ကို ရေးဆွဲရာမှာလည်း ပထမ ၃ ရက်အတွင်း ဆာဘ် လေကြောင်းကာကွယ်ရေးစနစ်တွေကို ပြားပြားဝပ်အောင် ဖျက်ဆီးပစ်ရ မယ်။ အဲဒါပြီးရင် နောက် သုံးရက်အတွင်း ဆာဘ်အခြေစိုက်စခန်းတွေ၊ ခဲယမ်း သိုလှောင်ရုံတွေ လက်နက်ကြီးနေရာတွေကို ဖျက်ဆီးပစ်ရမယ်။
အဲဒါတွေပြီးမှ လှုပ်ရှားစုဖွဲ့နေတဲ့ ဆာဘ်တပ်တွေကို တိုက်ခိုက်ရမယ်။ လိုအပ်ရင် KLA ကို လေကြောင်းပစ်ကူပေးရမယ် စသဖြင့် ရေးဆွဲထားတာပါ။
ဒါကို ဆာဘ်တွေဘယ်လို အန်တုမလဲ…?

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၉ )

မထူးဇာတ်ခင်း
မီလိုဆီဗစ်ဟာ ဆားဘီးယားအနေနဲ့ NATO ကို ယှဉ်နိုင်စရာမရှိ ဘူးဆိုတာကို ကောင်းကောင်းကြီးသိပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အလွယ်တကူ အလျှော့ပေးလိုက်ရင် သူမြှောက်ပေးထားတဲ့ လူထုကိုယ်တိုင်က သူ့ကို ကြိုးကွင်း စွပ်ပြီးသတ်ပစ်မှာမို့ မရဲပဲနဲ့ ကျွဲပြဲစီးပြရပါတော့တယ်။
မီလိုဆီဗစ် စဉ်းစားပုံက NATO ဟာ နိုင်ငံ ၂၀ နီးပါးရှိတဲ့ အဖွဲ့အစည်းဆုံးဖြတ်ချက်ချရာမှာ ငြင်းကြခုန်ကြနဲ့ လေးကန်လေ့ရှိတယ်။ ဆာဘ်တွေဘက် ကသာ တောင့်ခံထားပြီး NATO ဘက်ကို အထိအခိုက်တချို့ရှိလာစေရုံနဲ့ NATO နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အက်ကွဲလာမှာပဲ။ ဒါက နိုင်ငံရေး အရစဉ်းစားတာ။စစ်ရေးအရ စဉ်းစားရရင် ဆားဘီယားတပ်မတော်ဟာ အရန်အင်အား အပါအဝင် အင်အား ၁ သန်းကျော်ရှိတယ်။ (၁ သန်းနော်) လေကြောင်းရန် ကာကွယ်ရေးအရလည်း အတိုင်းအတာတစ်ခုထိ အင်အားတောင့်တင်းမှုရှိတယ်။ ရာသီဥတု ကန့်သတ်ချက်ရယ် camouflage = ဖုံးကွယ်ပုံဖျက်ပြီးမျက်ကွယ်ရ အောင်လုပ်ထားရင် NATO ရဲ့ဗုံးကြဲမှုတွေကို မထိရောက်အောင် လုပ်နိုင်တယ်။
ဗုံးကြဲစစ်ဆင်ရေး ရက်ရှည်လာတာနဲ့အမျှ စစ်စရိတ်ထောင်းလာပြီး NATO အဖွဲ့အတွင်းမှာ စကားများစရာတွေ ဖြစ်လာမယ်။ နောက်တနည်းကတော့ မထူးဇာတ်ခင်းတာ။
အလ်ဘေးနီးယန်းတွေကို ဂျင်နိုဆိုဒ်လုပ်လို့ ဗုံးကြဲတာဆိုရင် ဗုံးကြဲနေစဉ်အတွင်းမှာကို သတ်ဖြတ်၊ မီးရှို့၊ မောင်းထုတ်တာတွေ ပိုလုပ်ပြပြီး ဗုံးကြဲတာ မထိရောက်ကြောင်း သက်သေပြတာ။ မီလိုဆီဗစ်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်တာကြောင့် နိုင်ငံရေး အကျိုးအမြတ်ပေါ်မှာ တွက်ချက်ပြီး ဗုံးကြဲစစ်ဆင်ရေးကို တုန့်ပြန်တာပါ။

Fighters against Genocide
မီလိုဆီဗစ် ထည့်သွင်းတွက်ချက်မထားမိတဲ့ လူတချို့ကတော့ “ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တိုက်ကိုတိုက်ဖျက်ပစ်ရမယ်။ အဲသလို တိုက်ဖျက်ရာမှာ ပေးဆပ် ထိခိုက်မှုတွေ ဖြစ်လာရင်လည်း ဖြစ်ပစေလို့ ခံယူချက်ထားရှိတဲ့” Fighters against Genocide တွေပါ။ ဥပမာအားဖြင့် NATO ဗုံးကြဲစစ်ဆင်ရေးကို ဦးဆောင်နေတဲ့ အမေရိကန် ဗိုလ်ချုပ် ဝက်စ်လေကလခ်ဟာဆိုရင် မီလိုဆီဗစ်ကို ဂျင်နိုဆိုဒ် ရာဇဝတ်ကောင် အဖြစ် အစောကြီးကတည်းက ရှင်းရှင်းလင်းလင်းမြင်ထားသူပါ။
တခြားနိုင်ငံရေးသမားတွေက မီလိုဆီဗစ်ကို သံခင်းတမန်ခင်းကျွမ်းကျင် တဲ့ ညှိနှိုင်းလို့ရတဲ့ သူတစ်ယောက်အဖြစ် မြင်နေစဉ်မှာတောင် ဗိုလ်ချုပ်ကလခ်က ဒီကောင်ဟာ သားသတ်သမားလိုစိတ်မျိုးရှိတဲ့ကောင်လို့ ရှုမြင်ခဲ့ပါတယ်။ မီလိုဆီဗစ်က အလ်ဘေးနီးယန်းတွေကို ပိုမိုသတ်ဖြတ်ပြပြီး ဗုံးကြဲတာကို ထိုးနှက်လာတဲ့အခါ မှာတော့ ဗိုလ်ချုပ်ကလခ်ဟာ စစ်ဆင်ရေးကို နောက်ဆုတ်ပေးဖို့ထက် အရှိန်မြှင့် ဖို့ အားထုတ်ပါတော့တယ်။
ဗုံးကြဲလေယာဉ် အရေအတွက်ကို အစင်း ၄၀၀ သုံးစွဲနေရာကနေ အစင်း ၁၀၀၀ ထိ တိုးမြှင့်သုံးစွဲပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်ပါတယ်။ အလ်ဘေးနီးယန်း တွေအကြား ကိုယ်ယောင်ဖျောက်ပြီး လူသတ်ပွဲဆင်နွှဲနေတဲ့ ဆာဘ်စစ်ကြောင်း တွေကို ရုတ်ချည်းတုန့်ပြန်နိုင်အောင်လို့ အနီးကပ်တေ့ပစ်နိုင်တဲ့ helicopter gunship တွေကိုပါ သုံးစွဲပါတယ်။
ဒါ့အပြင် ပစ်မှတ်တွေကို ကိုဆိုဗိုဒေသအတွင်းသာ ကန့်သတ်ချက် မထားတော့ဘဲ ဆားဘီးယား ပြည်မကြီးထဲကိုပါ ဝင်ရောက်ဗုံးကြဲပါတယ်။ ဆားဘီးယားတပ်မတော်အတွက် လေကြောင်းရန် ကာကွယ်ရေးရေဒါတွေကို နေရာပေးထားတဲ့ မွန်တီနီဂရိုးနိုင်ငံကိုလည်း ဗုံးဝင်ကြဲပစ်ပါတယ်။ ဒါပေမဲ့ NATO ရဲ့ ဗုံးကြဲစစ်ဆင်ရေးဟာ အစဉ်သဖြင့် အဆင်ချောနေတာ တော့မဟုတ်ပါဘူး။ NATO လေယာဉ်တွေဟာ အလ်ဘေးနီးယန်းဒုက္ခသည် ကားတန်းတစ်ခုကို ဆာဘ်စစ်ကြောင်းမှတ်ပြီး ဗုံးမှားကြဲမိသွားပါတယ်။ အလ်ဘေးနီးယန်းဒုက္ခသည် ၇၀ လောက်သေသွားပါတယ်။ မီလိုဆီဗစ်ကတော့ အကွက်ဝင် တုန်းတွယ်ပါတော့တယ်။ မီဒီယာသမားတွေကို တောက်လျှောက်ပိတ်ပင်ထားတဲ့ မီလိုဆီဗစ်ဟာ ချက်ချင်းပဲ မီဒီယာသမားတွေကို ဝင်ခွင့်ပြုပြီး NATO လက်ချက်နဲ့ လူတွေသေဆုံးနေရကြောင်း၊ ထွက်ပြေးနေရကြောင်း ဝါဒဖြန့်ပါတယ်။ ဥရောပတိုက်က ပြင်သစ်နဲ့ ဂျာမနီလိုနိုင်ငံတွေမှာပါ NATO ဗုံးကြဲတာကို ကန့်ကွက် ဆန္ဒပြတဲ့အုပ်စုတွေ ပေါ်လာပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကလခ်ကတော့ စစ်ဆင်ရေးကို အရှိန်ဆက်မြှင့်တာပါပဲ။ ဆားဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်က နိုင်ငံခြားသံရုံးတွေထွက်ခွာဖို့ ကြေငြာခဲ့ပြီး မထွက်ခွာဘဲ ပေကပ်နေတဲ့ တရုတ်သံရုံးဟာလည်း ဗုံးအကြဲခံလိုက်ရပါတယ်။ ပြီးမှ မြေပုံအဟောင်းကိုကြည့်ပြီး ပစ်မိလို့မှားသွားကြောင်း တောင်းပန်ပါတယ်။ တရုတ်သံရုံးကို ဗုံးမှားကြဲမိပြီး နောက်ရက်ကျတော့ ဗိုလ်ချုပ်ကလခ်ရဲ့ ရုံးခန်းကို စာတွေတထောကြီးရောက်လာပါတယ်။
စာတွေရဲ့ အနှစ်ချုပ်ကတော့…
သို့
ဗိုလ်ချုပ် ကလခ်
ကျွန်တော် အိမ်ပြောင်းသွားပါပြီ။ ကျွန်တော်ရဲ့
အိမ်လိပ်စာအသစ်ကတော့ . . . . . . . .
စသဖြင့် ပြောင်ပြီးရေးထားတာပါ။
ဒါပေမဲ့ တရုတ်သံရုံးဟာ ဆားဘီးယားတပ်မတော်အတွက် ကြေးနန်း signal တွေကို တဆင့်ခံပေးပို့နေကြောင်းသိရှိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကလခ်ကတော့ မြေပုံမှားလိုက်ရတာကိုပဲ ကျေနပ်နေလေမလား။

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁၀ )

မထိရောက်သောကာကွယ်မှု
NATO ရဲ့ smart bomb တွေဟာ အပူကိုအာရုံခံပြီး ပစ်မှတ်ကို ရှာဖွေတာမို့ ဆာဘ်တွေက စစ်ဘက်ပစ်မှတ်တွေရဲ့ အနီးအနားမှာ အပူပေးထား တဲ့ဘွိုင်လာအိုးတွေကို နေရာချထားပြီး လမ်းလွှဲပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ပစ်မှတ်အတုတွေကို နေရာချထားပြီး လမ်းလွှဲတာလည်း လုပ်ပါတယ်။
NATO ဘက်က စစ်ဆင်ရေးအတွင်း ဗုံးအလုံးရေ ၁၅၀၀၀ ပစ်ခတ်ခဲ့ပြီး အဲဒီထဲကမှ ၁၅ လုံးဟာပဲ အဲလိုလမ်းလွှဲပစ်မှတ်တွေကို မှားပြီး ထိမှန်ခဲ့တာပါ။ ဆားဘီယားတပ်မတော်ရဲ့ ပုံဖျက်လမ်းလွှဲလေကြောင်းရန်ကာကွယ်ရေးနည်းဗျူဟာ မီလိုဆီဗစ်မျှော်လင့်ထားသလို စစ်ဆင်ရေးလမ်းကြောင်းတစ်ခုလုံး ကို လမ်းလွှဲစေဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မြို့တော် ဘဲလ်ဂရိတ်မှာရှိတဲ့ ဆာဘ် တပ်မတော်စစ်ရုံးချုပ်နဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေဟာ ပထမအချီ ဗုံးကြဲစဉ်မှာပဲ ပြားပြားဝပ်သွားပါတယ်။
ဗိုလ်ချုပ်ကလခ်ကတော့ ဆားဘီးယားနိုင်ငံရဲ့ အဝေးပြေးလမ်းမတွေ၊ လေဆိပ်တွေ၊ ကူးတို့ဆိပ်တွေ၊ တံတားတွေ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ စသဖြင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦတွေကိုပါ တိုးမြှင့်တိုက်ခိုက်ဖို့ ခွင့်ပြုချက်တင်ပါတယ်။ NATO နိုင်ငံတွေဘက်က အဲသလောက်ထိတော့ ခွင့်မပြုပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကလခ်ကတော့ ဆားဘီယားနိုင်ငံရဲ့ အထင်ကရ တံတားတချို့ကို ဗုံးကြဲပစ်ပါတယ်။ ဒင်းညူးဗ်မြစ်ကိုဖြတ်ထိုးထားတဲ့ တံတားကွန်ရက်ဟာ ဆားဘီးယား နိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာထဲက တစ်ခုပါ။ ဗိုလ်ချုပ်ကလခ်ကတော့ သေချာကို ပစ်ချိုးခိုင်းလိုက်ပါတယ်။
နောက်ရက်တွေမှာ သာမန်ဆာဘ်ပြည်သူတွေကိုယ်တိုင်က တံတား တွေပေါ်မှာ အုပ်စုလိုက် မတ်တပ်ရပ်နေပြပြီး ဗုံးကြဲတာကို ကာကွယ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအရ ဝင်ရောက်စွက်ဖက်ရတဲ့ NATO အနေနဲ့ သာမန်ပြည်သူတွေကို မထိခိုက်အောင် ရှောင်ကျဉ်ရတာမို့ တံတားတွေကို ပစ်ချိုး တဲ့အလုပ်ကို ရပ်လိုက်ရပါတယ်။

လူသားချင်းစာနာထောက်ထားသောဗုံး


ဂျင်နိုဆိုဒ်ရာဇဝတ်ကောင် မီလိုဆီဗစ်ကို ထောက်ခံပြတဲ့ သာမန်ဆာဘ် ပြည်သူတွေအတွက် NATO က ပေးလိုက်တဲ့ လက်ဆောင်ပါ။ ပြည်သူတွေကို ဒဲပစ်လို့မရပါဘူး။ ဒီလူသားချင်း စာနာထောက်ထားသော ဗုံးကလည်း ဒဲ့ပစ်တဲ့ဗုံးမဟုတ်ပါဘူး။ ကြဲချလိုက်ရင် မိုးသီးတွေလို အများကြီးပြန့်ကြဲကျသွားတဲ့ ဖိုက်ဘာ မျှင်ဗုံးတွေပါ။ ဒီဗုံးတွေကို ဆားဘီယားနိုင်ငံရဲ့ မဟာဓါတ်အားလိုင်းတွေရှိရာ နေရာအနှံ့အပြားမှာ ကြဲချလိုက်ပါတယ်။
ဆားဘီးယားတစ်နိုင်ငံလုံးဟာ လျှပ်စစ်မီးပြတ်တောက်သွားပြီး အမှောင်ထဲအအေးထဲမှာ ငုပ်တုပ်ထိုင်ရတဲ့ဘဝ ရောက်သွားပါတယ်။ တကယ်တော့ လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ဒီလောက်ဗုံးအများကြီးမလိုပါဘူး။ လျှပ်စစ်ဓါတ်အား ထုတ်တဲ့ ပင်မစက်ရုံတွေကို ပစ်ခွင်းလိုက်ရင် ရပါတယ်။ ဒါပေမဲ့ အဲလိုလုပ်ရင် ဆားဘီးယားပြည်သူတွေကို ဒဏ်ခတ်တာ ပြင်းထန်သွားမှာမို့ စစ်ပွဲပြီးရင် လျှပ်စစ်မီးပြန်သုံးနိုင်အောင် ဖိုက်ဘာမျှင်တွေထွက်တဲ့ ဗုံးကိုပဲ လူသားချင်းစာနာစွာ ကြဲချပစ်တာပါ။ ဘာပဲဖြစ်ဖြစ် ဆာဘ်တွေဟာ မနက်ခင်းကော်ဖီဖျော်သောက်ဖို့ ရေနွေးမရှိတော့တာကနေ ဆေးရုံခွဲစိတ်ခန်းတွေမှာ မီးမလာလို့ အောက်ဆီဂျင်စက်တွေ ရပ်သွားတာအထိ ထိခိုက်မှုက ကြီးလွန်းလှပါတယ်။

လူသန်းချီတဲ့ ဆာဘ်တပ်မတော် ပြိုကွဲခြင်း
Krusevac မြို့ဆိုတာ ဆားဘီးယားနိုင်ငံတောင်ပိုင်းက ကိုဆိုဗိုနဲ့ ကပ်လျက်ဆာဘ်အမာခံမြို့ပါ။ ဒီမြို့က ဆာဘ်တွေဟာ Kosovo က အလ်ဘေးနီးယန်းတွေကိုနှိပ်ကွပ်ရမယ်ဆို တက်ကြွလွန်းသူတွေပါ။ မီလိုဆီဗစ်ရဲ့ အောင်မြေလို့တောင် ပြောရမယ့်မြို့ပါ။ နိုင်ငံတကာက ဖိအားပေးလို့ kosovo မှာတပ်စွဲထားတဲ့ ဆာဘ်အမြဲ တမ်းစစ်တပ်ဟာ နယ်မြေတချို့ကနေ ဆုတ်ခွာပေးရတဲ့အချိန်မှာ Krusevac မြို့သားတွေဟာ ပြည်သူ့စစ်အမည်ခံပြီး အဲဒီနယ်မြေတွေမှာ ဆက်လက်တပ်စွဲ နေခဲ့ပြီး မီလိုဆီဗစ်ရဲ့ ဂျင်နိုဆိုဒ်ကို ဆက်လက်အကောင်အထည်ဖော်ပေးခဲ့ကြသူတွေပါ။ KLA ချုံခိုတိုက်လို့ ထိခိုက်ဒဏ်ရာရလာတဲ့ ဆာဘ်တွေဟာ ရှေ့တန်းကပြန်လာပြီး မြို့ကိုဝင်တဲ့အခါမှာ သူရဲကောင်းကြီးတွေသဖွယ် ပန်းကုံးအစွပ်ခံ နေကျမြို့ပါ။ အခုတော့ အဲဒီ Krusevac မြို့သားတွေကိုယ်တိုင်က မီလိုဆီဗစ်ကို ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ကုန်ပါတယ်။ မကန့်ကွက် ခံနိုင်ရိုးလား။ NATO က စဦးပိုင်း ဗုံးကြဲတဲ့မနက်မှာပဲ Krusevac မြို့ကရှေ့တန်းထွက်နေတဲ့ လူ ၄၀ ကျော်ရဲ့အလောင်းက ချက်ချင်းရောက်လာပါတယ်။
အရင်တုန်းက KLA ချုံခိုထိလို့ ဆာဘ်စစ်သားသေတယ်ဆိုတာ တစ်ရက်မှာ ၄ယောက်ထက်ဘယ်တုန်းကမှ မပိုခဲ့ဖူးဘူး။ ဆာဘ်လက်ချက်နဲ့ အလ်ဘေးနီးယန်း သေနှုန်းကတစ်ရက်တစ်ရက်ရာချီတယ်။ ကိုယ့်ဘက်က အသာစီးရပြီး လူနည်းစုတွေကို စိတ်ကြိုက်သတ်ဖြတ် ခွင့်ရနေတုန်းကတော့ Krusevacက ကျန်ရစ်သူ ဆာဘ်လူမျိုးဇနီးသည်တွေ မိခင်တွေဟာ သူတို့ယောက်ျားတွေ သားတွေအတွက် ဂုဏ်ယူလို့မဆုံးပေါ့။ မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ ပါရမီရှင်မကြီးတွေပေါ့။ NATO လည်း ဗုံးကြဲ၊ ဆာဘ်တွေလည်း တစ်မနက်တည်းနဲ့ အယောက် ၄၀ ဖြုတ်ခနဲသေလည်းသွားရော “ငါတို့သားတွေ၊ ခင်ပွန်းတွေကို သေတွင်းမပို့ပါနဲ့ စစ်ပွဲကိုရပ်ပေးပါ” လို့ ဖြဲကားအော်ကြပါလေရော။ ဒါဟာ မီလိုဆီဗစ်ရဲ့ အမာခံမြို့က ဖြစ်စဉ်ပါ။
လူသန်းချီတဲ့ ဆာဘ်တပ်မတော်ဟာ ပြိုကွဲပါတော့တယ်။ မာဂုဏ် ရှိပါတယ်ဆိုတဲ့ ဆာဘ်တပ်မတော်၊ အင်အားတောင့်တင်းပါတယ်ဆိုတဲ့ ဆာဘ်တပ်မတော်က တပ်သားတွေဟာ အုပ်စုလိုက်အုပ်စုလိုက် တပ်ပြေးကြပါတော့ တယ်။ တပ်ပြေးတွေကိုထိန်းမယ့် တပ်ထိန်းတွေကိုယ်တိုင်က အရင်ဦးဆုံးပြေးနှင့် နေပြီမို့ ဆာဘ်တပ်ပြေးတွေဟာ များသထက်များလာပါတယ်။

ဆာဘ်စစ်သားတွေ စစ်ပြေးတဲ့ပုံစံက တစ်ယောက်ချင်းထွက်ပြေးတာ မျိုးမဟုတ်ပါဘူး။ တပ်ခွဲလိုက်၊ တပ်ရင်းလိုက်၊ တပ်ရင်းပိုင်ထရပ်ကားတန်းကြီးနဲ့ ပြည်မထဲကို ပြန်ဝင်ပြေးတာပါ။ စိတ်ဓါတ်မာကျောတဲ့ ဆာဘ်အရာရှိတချို့က ထရပ်ကားတန်းရှေ့မှာ မတ်တပ်ရပ်ပိတ်ဆို့ပြီး တားဆီးသော်လည်း အကြပ် တပ်သားတွေက အဲဒီအရာရှိတွေကိုပါ ကားနဲ့ပစ်တိုက်ပြီး ဆက်မောင်းပြေးတာပါ။ ကိုဆိုဗိုက အသုတ်လိုက်အသုတ်လိုက် ထွက်ပြေးလာတဲ့ ဆာဘ်တပ်ပြေးတွေဟာ ဆားဘီးယားပြည်မကြီးထဲထိအောင်ရောက်လာပြီး အကြောက်တရားကို ပြန့်နှံ့စေပါတယ်။ မူလကတည်းက ဗုံးကြဲခံထိပြီး အမှောင်ထဲ အအေးထဲငုပ်တုပ်ထိုင်နေရတဲ့ ဆာဘ်ပြည်သူတွေ၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကြောင့်ငတ်ပြတ်နေတဲ့ ဆာဘ်ပြည်သူတွေဟာ တပ်ပြေးတွေနဲ့ ပေါင်းမိပြီး အခြေအနေတွေ ပိုဆိုးကုန်မှာကို စိုးရိမ်လာသူတွေကတော့ ဆားဘီးယားတပ်မတော်က ဗိုလ်ချုပ် တွေကိုယ်တိုင်ပါ။ ဒီအတိုင်းသာ လွှတ်ထားလိုက်လို့ကတော့ ဆားဘီးယားတပ်မတော် တစ်ရပ်လုံးဟာ အဖတ်ဆည်မရအောင် အလုံးစုံပြိုကွဲသွားတော့မယ်ဆိုတာ မြင်လာတဲ့ ဆာဘ်ဗိုလ်ချုပ်တွေဟာ မီလိုဆီဗစ် အတွက် စစ်တိုက်မပေးနိုင်ကြောင်း ပြောလာပါတော့တယ်။ မီလိုဆီဗစ်ဟာ အရှုံးပေးလိုက်ရပါတော့တယ်။ NATO က ၇၈ ရက်တိုင်တိုင် ဗုံးကြဲအပြီးမှာတော့ ကိုဆိုဗိုဒေသက ဆာဘ်လက်နက်ကိုင်တွေအားလုံးဟာ ခြွင်းချက်မရှိထွက်ခွာခဲ့ရပြီး NATO တပ်တွေဝင်လာပါတော့တယ်။

 

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ ( ၁၁ )

တစခန်းထတဲ့ ရုရှား
NATO ဗုံကြဲစစ်ဆင်ရေးဟာ ၁၉၉၉ မတ်လ ကနေ ဇွန်လအထိ ၁၀ ပတ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ဗုံးကြဲစစ်ဆင်ရေးစတင်ပြီး ၃ ပတ်အကြာမှာ NATO ခြေလျင်တပ်တွေကိုပါစေလွှတ်ဖို့ ဗိုလ်ချုပ်ကလခ်က စတင်ဆော်သြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲကလည်း ခြေလျင်တပ်တွေဝင်ဖို့ အားတက်သရော ထောက်ခံပါတယ်။ ဒါပေမဲ့ သမ္မတကလင်တန်က ခြေလျင်တပ်ဝင်ဖို့ကိစ္စကို သိပ်လက်မခံ သေးပါဘူး။ ဒါပေမဲ့ စစ်ပွဲရဲ့ အဆုံးသတ်ပိုင်းမှာတော့ ခြေလျင်တပ်တွေ ဝင်ကို ဝင်လာရပါတယ်။
ဒီအချိန်မှာမှ ရုရှားတပ်တွေဟာ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး ကိုဆိုဗိုမြို့တော် Prishtina လေဆိပ်မှာတပ်စွဲထားလိုက်ပါတယ်။ ဗိုလ်ချုပ်ကလခ်ကတော့ ရုရှားတပ်ကို ထောက်ပို့လာလုပ်မယ့် လေယာဉ်တွေ ဆင်းသက်လို့ မရအောင် ပြေးလမ်းမှာ ထရပ်ကားတွေတန်းစီရပ်ထားပြီးပိတ်ပစ်ဖို့ အကြံပေး ပေမဲ့ တခြားဗိုလ်ချုပ်တွေက လက်မခံပါဘူး။ ဒါဆို ရုရှားတွေကို ဒီအတိုင်းလွှတ်ထားရမလား…?
ဘယ်ဟုတ်မလဲဗျာ…! ရုရှားကနေ ကိုဆိုဗိုကိုပျံသန်းလာမယ့် ရုရှားထောက်ပို့လေယာဉ်တွေကို လေပိုင်နက်အသုံးပြုဖြတ်သန်းခွင့်မပေးဖို့ ကြားထဲမှာရှိတဲ့ နိုင်ငံတွေက လုပ်ထားလိုက်ပါတယ်။ ရုရှားတပ်တွေ တပ်စွဲထားတဲ့နေရာအနီးအနားက တောင်ကုန်းမှာ NATO မဟာမိတ်တပ်တွေက လက်နက်ကြီးတွေချထားပြီး ရေဒါနဲ့ ပစ်မှတ်ညွှန်း တင်ထားလိုက်ပါတယ်။
ရုရှားတပ်တွေ လှုပ်ရှားသမျှကိုလည်း ရေဒါနဲ့ တောက်လျှောက်စောင့်ကြည့်နေလိုက်ပါတယ်။ ဒါ့ကြောင့် ရုရှားတပ်တွေဟာ ကိုယ့်သဘောနဲ့ကိုယ် ဘာမှ လုပ်မရတော့ဘဲ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။

ချောက်ထဲဆွဲအချခံရတဲ့ ဆာဘ်ပြည်သူတွေ
၁၉၉၅ ဒေတန်စာချုပ်ချုပ်ဆိုရာမှာ မီလိုဆီဗစ်ဟာ အတိုင်းအတာတစ်ခုထိ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ဆားဘီးယားနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ် ခတ်မှုတွေကို အနောက်နိုင်ငံတွေက ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။
ဒါကြောင့် မီလိုဆီဗစ်ဟာ ဘော့စ်နီးယားမှာ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကျူးလွန်ခဲ့ပေမယ့်လည်း နိုင်ငံတကာမျက်နှာစာမှာတော့ အောင်မြင်တဲ့နိုင်ငံရေးသမားအဖြစ်ရပ်တည်နေနိုင်ပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းနိုင်ငံရေးမျက်နှာစာမှာတော့ မီလိုဆီဗစ်ဟာ အရှုံးနဲ့စတင်ရင်ဆိုင်ရပါတယ်။
ဘော့စ်နီးယားမှာ အနောက်နိုင်ငံတွေကို အရှုံးပေးခဲ့ရတာရယ်၊ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ကျပ်တည်းမှုတွေဟာ ဆာဘ်ပြည်သူတွေရဲ့ အမြင်မှာ မီလိုဆီဗစ်ကို ထင်သလောက်လည်းစွမ်းဆောင်ရည်မရှိတဲ့သူအဖြစ် မြင်လာစေပါတယ်။ ဒေတန်စာချုပ်ချုပ်ဆိုအပြီး ဆားဘီးယားနိုင်ငံတွင်းမှာကျင်းပတဲ့ ၁၉၉၇ မြူနီစီပယ်ရွေးကောက်ပွဲမှာ မီလိုဆီဗစ်ဟာ ခွက်ခွက်လန်အောင်ရှုံးပါတယ်။ မီလိုဆီဗစ်က ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲ မဲခိုးဖို့ကြံစည်တော့ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မှာ လူသိန်းချီတဲ့ ဆာဘ်တွေကိုယ်တိုင်က မီလိုဆီဗစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
မီလိုဆီဗစ်အနေနဲ့ လူထုရဲ့အာရုံကိုလွှဲဖို့ တငွေ့ငွေ့လောင်ကျွမ်းပြီး ဂျင်နိုဆိုဒ်လုပ်ထားတဲ့ ကိုဆိုဗိုမှာ အပြီးအပြတ်သုတ်သင်တဲ့ ဂျင်နိုဆိုဒ်အဆင့်ကို တိုးမြှင့်ပြီး သူ့ကိုယ်သူ အမျိုးသားရေးသူရဲကောင်းကြီးသဖွယ် ပြန်လည်တည် ဆောက်ယူပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း လူထုဆန္ဒခံယူပွဲတွေလုပ်ပြီး လူထုထောက်ခံမှုရအောင် ပြန်လုပ်ယူသွားတာမျိုးရှေ့မှာ ရေးထားပါတယ်။ ဆာဘ်ပြည်သူတစ်ရပ်လုံးနီးပါးဟာ ကိုဆိုဗိုဂျင်နိုဆိုဒ်နဲ့ဆက် စပ်ပြီး မီလိုဆီဗစ်ဆွဲခေါ်သွားတဲ့ ချောက်ကမ်းပါးထဲကို တဟုန်ထိုးပြုတ်ကျခဲ့ရပြီး အရှုံးကြီး ရှုံးခဲ့ရပါတယ်။
– ပြန်လည်ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု
– ဗုံးကြဲခံရလို့ပျက်စီးသွားတဲ့ အခြေခံအဆောက်အဦတွေ
– စစ်ပွဲရှုံးနိမ့်ပြီး ကိုဆိုဗိုဒေသကို လက်လွှတ်လိုက်ရခြင်း
စတဲ့ ပြင်းပြနာကြဉ်ဖွယ်ရာများဟာ ဆာဘ်တွေရဲ့ရင်ထဲမှာ တမြည့်မြည့်
နဲ့ လောင်ကျွမ်းနေပါတယ်။ ဒီခံစားရမှုတွေဟာ မီလိုဆီဗစ်ရဲ့ အဆင်အခြင်မဲ့မှုနဲ့ အာဏာရူးမှု ကြောင့်လို့ မြင်ယောင်လာတဲ့ဆာဘ်တွေဟာ သူတို့ကိုယ်တိုင် စိတ်ရောကိုယ်ပါ ထောက်ခံခဲ့တဲ့ မီလိုဆီဗစ်ကို သူတို့ကိုယ်တိုင် ရွေးကောက်ပွဲမှာပြန်ဖြုတ်ချလိုက်ပါတယ်။

မီလိုဆီဗစ်ရဲ့ ကံကြမ္မာ

ကိုဆိုဗိုစစ်ပွဲအပြီး ၂၀၀၀ ပြည့်နှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ မီလို ဆီဗစ် ရှုံးနိမ့်သွားပါတယ်။ မီလိုဆီဗစ်ကတော့ ၁၉၉၇ ရွေးကောက်ပွဲတုန်းကလို မဲခိုးဖို့ ထပ်ကြံစည်တော့ ဆားဘီးယားတပ်မတော်ကိုယ်တိုင်က “ခင်ဗျားကြောင့် တိုင်းပြည်ထက်ခြမ်းကွဲပြီး ပြည်တွင်းစစ်တစ်ခုထပ်အဖြစ်မခံနိုင်တော့ဘူး” လို့ အပြတ်ပြောပြီး kick ထုတ်လိုက်ပါတယ်။ မီလိုဆီဗစ်ဟာ သမ္မတဖြစ်တုန်းက ခိုးထားဝှက်ထားတဲ့ ဥစ္စာပစ္စည်း တွေကိုပိုက်ပြီး နောက်ဆုတ်သွားပါတယ်။ နောက်တစ်နှစ်အကြာ ၂၀၀၁ ခုနှစ် မှာတော့ အသစ်ဖွဲ့စည်းထားတဲ့ ဆားဘီယားအစိုးရကိုယ်တိုင်က မီလိုဆီဗစ်ကိုဖမ်းဆီးပြီး အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ စစ်ကြောရေး လုပ်ပါတယ်။ ဒီနောက်မှာတော့ ဆားဘီးယားအစိုးရကိုယ်တိုင်က မီလိုဆီဗစ်ကို ရဟတ်ယာဉ်ပေါ်ဖမ်းချုပ်တင်ပြီး ICTY=ယူဂိုဆလားဘီးယားအတွက်ဖွဲ့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပေးလိုက်ပါတယ်။ မီလိုဆီဗစ်ဘက်တော်သားတွေက ဆားဘီးယားအခြေခံဥပဒေမှာပါတဲ့ နိုင်ငံခြားတရားရုံးသို့ မလွှဲပြောင်းရဆိုတဲ့အချက်ကို ဖောက်ဖျက်ကြောင်းပြော တော့ ဆာဘ်ပြည်ထဲရေးဝန်ကြီးက ICTY ဟာ နိုင်ငံခြားအဖွဲ့အစည်းမဟုတ် ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ကြောင်း ပြန်ဖြေပါသတဲ့။
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မီလိုဆီဗစ်ကိုဖမ်းမပေးရင် ဆားဘီယားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့မပေးဘဲ တင်းထားလိုက်မယ်လို့ ကြပ်ထားပြီးသားပါ။

ခုံရုံးရောက် မီလိုဆီဗစ်

တရားခွင်မှာ မီလိုဆီဗစ်ဟာ “ခုံရုံးဟာ တရားမဝင်ဘူး၊ ဆားဘီးယားကို လုပ်ကြံဖို့ဖွဲ့ထားတဲ့ ခုံရုံး” စသဖြင့် အော်ဟစ်တတ်ပါတယ်။ ဒီအချိန်မှာ တရားသူကြီးက မီလိုဆီဗစ်ကို အချုပ်ခန်းထဲ ပြန်ခေါ်သွား ခိုင်းလိုက်ပါတယ်။ နောက်တစ်ခါထပ်အော်ရင် မိသားစုနဲ့ဖုန်းပြောချိန်ကို လျှော့ချ ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အာဏာဇောင်းငမ်းထတဲ့ မီလိုဆီဗစ်ဟာ ဖုန်းပြောခွင့်လေးကိုပါ ကန့်သတ်ခံလိုက်ရတဲ့အပေါ်မှာ ရေရေလည်လည်ကို ခံစားရပါတယ်။ သူဟာ စိတ်ဓါတ်တွေ ကျဆင်းလာပြီး သူသောက်နေရတဲ့ သွေးတိုးကျဆေးကိုပါမသောက်ဘဲ နေလာလိုက်တာ ၂၀၀၆ ခုနှစ်မှာ သွေးပေါင်အတက်လွန်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားပါတယ်။ စီရင်ချက်မချခင် သေဆုံးသွားတာပါ။
(နက်ဖြန်နိဂုံးရေးပါ့မယ်။)

ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများ – နိဂုံး

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုတွေဖြစ်တော့ ကျွန်တော် အရမ်းကို စိုးရိမ်ခဲ့မိပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတဲ့ လူမျိုးစုတစ်စုဟာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ရရာလက်နက်စွဲကိုင်ပြီး ပုန်ကန်ကြလေပြီလား….? ဒါဆိုရင်တော့ ဂျင်နိုဆိုဒ် ရာဇဝတ်ကောင်တွေဘက်က ချထားတဲ့အကွက်ထဲများ ဝင်ကုန်ပြီလား…? ဒီလို ပုန်ကန်မှုကို အကြမ်းဖက်လို့တံဆိပ်ကပ်ပြီး အဖိနှိပ်ခံလူမျိုးစုတစ်စုလုံးကို အပြီးသတ် သုတ်သင်ဖို့ လမ်းပွင့်သွားလေမလား…?ကျွန်တော် ပူပန်ခဲ့ပါတယ်။
အခြေအနေကလည်း တကယ့်ကို တဖက်စောင်းနင်းပုံစံ ပေါက်နေ ပါတယ်။ အလ်ကိုင်းဒါးရဲ့အတိတ်ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်ဆဲဖြစ်သလို IS လို့အမည်ခံတဲ့အဖွဲ့ရဲ့ လုပ်ရပ်ဆိုးတွေဟာလည်း ကျော်မကောင်းကြားမကောင်း ချိန်ပါ။ မည်သည့်ခံယူချက်ရှိသည်ဖြစ်စေ မည်သို့ပင် ကျိုးကြောင်းခိုင်လုံသည် ဖြစ်စေ မွစ်ဆလင်မ်လက်နက်ကိုင်ဆိုရင် အကြမ်းဖက်ဆိုတဲ့တံဆိပ်က အရင် ကပ်လိုက်ပြီးသားပါ။ မြန်မာအစိုးရဘက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ နိုဘဲလ်ဆုရှင်ကိုတိုင်းပြည်ခေါင်းဆောင်အရာမှာထားလျက် နိုင်ငံတကာ သံခင်းတမန်ခင်းထိုး ဖောက်နိုင်မှုကို အားသစ်လောင်းထားတဲ့အချိန်ပါ။
“သွားပီ! တို့တော့သွားပီ။ အလုံးစုံချေမှုန်းခံရတော့မှာပဲ” လို့ တွေးပူမိတဲ့ကျွန်တော်ဟာ ဒီလိုအဖြစ်အပျက်မျိုး နိုင်ငံတကာမှာဖြစ်ခဲ့ဘူးလားလို့ ရှာကြည့်ပါတယ်။ သိပ်ခက်ခက်ခဲခဲတော့မရှာခဲ့ရပါဘူး။ ကျွန်တော် 3rd Year လောက်ကစပြီး ကျောင်းစာကိုသိပ်အာရုံမထားမိဘဲ စစ်ရေး၊ နိုင်ငံရေးစာအုပ်နဲ့ documentary တွေကိုပဲကြည့်နေမိတဲ့အကျိုးပါ။ ဆေးဝါးဗေဒ၊ ရောဂါဗေဒ လက်ချာချိန်တွေမှာ စာသင်ခန်းထောင့်ကပ်ပြီး စစ်စာအုပ်တွေဖတ် documentary
တွေကြည့်ဖြစ်နေတာပါ။
ကိုဆိုဗိုကိစ္စဟာ အဲဒီအချိန်ကတည်းက ကျွန်တော့်အတွက် မစိမ်းတော့ပါဘူး။ “ဒေသခံဘုန်းကြီးကျောင်းတွေကိုအခြေခံပြီး ပြည်သူ့စစ်ဖွဲ့တဲ့ ဆာဘ်တွေ အကြောင်း၊ ဆားဘီးယားအမြဲတမ်းတပ်မတော်ရဲ့ ရက်စက်တဲ့စစ်ဆင်ရေးတွေ၊ အလ်ဘေးနီးယန်းနဲ့ ဆာဘ်တွေကြားက ရန်ငြိုးတွေအကြောင်း” ကျွန်တော် သိထားပြီးပါပြီ။ မခံမရပ်နိုင်လွန်းလို့ ရရာလက်နက်စွဲကိုင်ပြီးပုန်ကန်တဲ့ အလ်ဘေးနီးယန်းကျောင်းသားတွေအကြောင်း၊ အဲဒီကတဆင့်KLA ဖြစ်ပေါ်လာပုံတွေကိုလည်း ရုပ်သံကြည့်ထားပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်ဟာ အရေးကြီးတဲ့ POINT တစ်ခု ပျောက်နေပါတယ်။
ကျွန်တော်ဖတ်နေတာ၊ ရုပ်သံကြည့်နေတာတွေက ပြည်တွင်းစစ်တစ်ခု အနေနဲ့ လေ့လာထားမိတာ။ လက်တွေ့မှာ ကိုဆိုဗိုကိစ္စ ပွဲပြတ်သွားတာ သာမန် ပြည်တွင်းစစ်တစ်ခုအဖြစ် ပွဲပြတ်သွားတာ မဟုတ်ပါဘူး။ နိုင်ငံတကာရဲ့ဝင်
ရောက်စွက်ဖက်မှုနဲ့ ပွဲပြတ်သွားတာပါ။
ဒါကို internationalization of internal affair လို့တရားဝင်သုံးနှုန်း ခေါ်ဝေါ်ပါတယ်။ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာဇာတ်သွင်းပစ်တာ။ မြင်အောင်ပြောရရင် ရပ်ကွက်ထဲမှာ အနိုင်ကျင့်လွန်းတဲ့သူကို ကြိတ်ပြီး မခုခံဘဲ ရဲစခန်းသွားတိုင်ပစ်တဲ့ပုံစံမျိုးပါ။ ဘာလို့ ကိုဆိုဗိုမှာ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်သလဲ…?
ရေနံလည်းမထွက်၊ ကိုဆိုဗားအလ်ဘေးနီးယန်းတွေကလည်း မွစ်ဆလင်မ်တွေ၊ ထူးထူးခြားခြား မဟာဗျူဟာအချက်အချာကျတဲ့ နေရာလည်းမဟုတ်ဘဲ ဘာလို့ဝင်ပါသလဲ…? အဖြေက Genocide ပါ။ ဒါပေမဲ့ အဲဒီအဖြေကို ကျွန်တော့်ဖာသာ ရှာဖွေတွေ့ရှိတာမဟုတ်ပါဘူး။ ကျွန်တော်မှမဟုတ်ဘူး။ အဲ့ဒီအဖြေကို ဗမာတစ်ပြည်လုံးမှာမှ ရှာဖွေဖော်ထုတ် နိုင်တဲ့သူက နှစ်ယောက်ထက်မပိုပါဘူး။
အဲဒီ နှစ်ယောက်ထဲကမှ တစ်ယောက်ကပဲ သာမန်လူထုကိုနေ့စဉ် မျက်စိဖွင့်ပေးနေခဲ့တာပါ။ သူကတော့ ကိုဌေးလွင်ဦး ပါ။
၂၀၁၇ တိုက်ခိုက်မှုမတိုင်စဉ်ကတည်းက ကိုဌေးလွင်ဦးက ဂျင်နိုဆိုဒ် ဆိုတဲ့သံကွင်းနဲ့ ရန်သူတွေရဲ့ လည်မျိုကိုစွပ်ပစ်လိုက်ပြီလို့ ကြွေးကြော်နေခဲ့တာပါ။ ကျွန်တော်ဖတ်ထား၊ သိထားတဲ့ ကိုဆိုဗိုအကြောင်းတွေကို ဂျင်နိုဆိုဒ်ဆိုတဲ့
ရှုထောင့်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ၂၀၁၇ တိုက်ခိုက်မှုတွေနဲ့ ပတ်သတ်လို့ စိတ်ပျက်စိုးရိမ်တာကို နောက်ပို့ပြီး လွတ်လမ်းရှိပါသေးလားလို့ မြင်လာပါတယ်။
လမ်းကတော့ရှိပြီ။ ဒါပေမဲ့ ငါတို့အဲဒီလိုလမ်းမျိုးဖောက်နိုင်ပါ့မလား…? အဲဒီ စိုးရိမ်စိတ်ကတော့ဆက်ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုကိစ္စဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ဂျင်နိုဆိုဒ်ရာဇဝတ်မှုကို တားဆီးရမယ်ဆိုတဲ့ RESPONSIBILITY အရ အပြည့် အဝ ဝင်ရောက်ကိုင်တွယ်တဲ့ဖြစ်စဉ်ပါ။ ဒီလိုဖြစ်စဉ်မျိုးဟာ ကမ္ဘာပေါ်မှာ သိပ်ဖြစ် လေ့မရှိပါဘူး။ လူသားသမိုင်းတလျှောက်ပြန်ကြည့်ရင်တောင် ဒီလိုဖြစ်စဉ်ဟာ လက်ငါးချောင်းမပြည့်ပါဘူး။
သိပ်ကို ရှားပါး၊ သိပ်ကို ကျဉ်းကြပ်တဲ့လမ်းကြောင်းပါ။ ဒါပေမဲ့ အဲဒီ လမ်းကြောင်းကပဲ ကျွန်တော်တို့ရဲ့လွတ်လမ်းဖြစ်နေတာပါ။ အရိုးများသလေး ချေးခါးသလေးရွေးခွင့်ကျွန်တော်တို့မှာ မရှိပါဘူး။
ဒီတော့ ကိုဆိုဗိုဖြစ်စဉ်ကို ကျွန်တော်ရေးဖြစ်အောင်ရေးခဲ့ပါတယ်။ ၂၀၁၈နှစ်စပိုင်းမှာ ရေးခဲ့တာပါ။ ဖတ်တဲ့သူ သိပ်မရှိခဲ့ပါဘူး။ ထူးထူးခြားခြား copy ယူပြီးဆက်တိုက်တင်ပေးသူတယောက်ရှိပါတယ်။ ဦးညီ ပါ။
ကျွန်တော့်အနေနဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့သတ္တိကို လေးစား ပါတယ်။ ဒီလို status တွေကိုတင်ခြင်းဟာ အနည်းဆုံးတော့ မိတ်ပျက်ပါတယ်။ အထူးသဖြင့် ဗမာတွေဟာ ဒါမျိုး status တင်သူကို ရှောင်ဖယ်သွားလေ့ရှိပါတယ်။
[တခါတရံမှ profile အမှန်နဲ့ ဂျင်နိုဆိုဒ်အကြောင်း ကောက်တင်တတ်တဲ့ ကျွန်တော့်မှာတောင် လက်တစ်ဆုပ်စာမိတ်ဆွေထဲက ထွက်သွားသူတွေ အများကြီးပါ။]

အောင်ပွဲရဲ့လက္ခဏာ
၂၀၁၇ crisis မှာ တဖက်စောင်းနင်းဖြစ်နေတဲ့ အနေအထားလို ကျွန်တော်မြင်ထားရာကနေ ကျွန်တော်တို့ဖက်က အောင်ပွဲရလာပြီဆိုတဲ့ လက္ခဏာအချို့ကို ကျွန်တော်မြင်လိုက်ရပါတယ်။အဲဒါကတော့ နိုဘဲလ်ဆုရှင်ရဲ့ အစိုးရကိုယ်တိုင်က ဒီ crisis ကိုပြည် တွင်းရေးသပ်သပ်အဖြစ် ဖြေရှင်းလို့မရဘူးလို့ ဝန်ခံလိုက်တဲ့အချိန်ပါ။ internationalization လမ်းကြောင်းပေါ်ကို ရောက်သွားပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက်လမ်းကြောင်းမှန်ပေါ် စတက်သွားပြီဆိုတဲ့ လက္ခဏာပါ။ နောက်ပိုင်း မှာတော့ ကိုဌေးလွင်ဦး ကတိပေးတဲ့အတိုင်း ICC တံခါးချပ်ထပ်ပွင့်ပါတယ်။ အောင်ပွဲရမယ့်လမ်းကြောင်းပေါ်မှာ ရှေ့ဆက်တိုးတာပါ။ “ဟ…! ကိုယ့်လူမျိုးတွေဒီလောက်သေနေတာ ဘယ်နှယ့်အောင်ပွဲ ပြောလဲ” လို့အများစုက ထင်ကြပါလိမ့်မယ်။ အဲလိုအထင်တွေကို ချေဖျက်ပြီး ရဲရဲဝံ့ဝံ့တွေးတောလုပ်ကိုင်လာရဲစေဖို့ ကိုဆိုဗိုအကြောင်းတွေကို ကျွန်တော်ရေးတာပါ။

ကိုယ့်လက်ကိုပေးပြီး ရန်သူ့အသက်ကိုခြွေ


နိုင်ငံရေးမှာ ဘယ်ဖြစ်စဉ်မှ တထပ်တည်းတော့ မတူနိုင်ပါဘူး။ ဒါပေမဲ့ နောက်ခံဖရိမ်တူရင် လေ့လာရပါတယ်။ အတုယူရပါတယ်။ လိုအပ်ရင်ပုံတူပါကူးချရပါတယ်။ကျွန်တော်နဲ့ ကိုဆိုဗားအလ်ဘေးနီးယန်းတွေမှာလည်း အားနည်းချက် အားသာချက် ကိုယ်စီရှိပါတယ်။ ဥပမာ-ဥရောပတိုက်မှာတည်ရှိခြင်းဟာ သူတို့ရဲ့အားသာချက်ပါ။ ဒါပေမဲ့ KLA ကတော့အကြမ်းဖက် တံဆိပ်ကပ်ခံရပါတယ်။ အမေရိကန်ကိုယ်တိုင် က ကပ်တာပါ။ ကျွန်တော်တို့ကိုတော့ ကမ္ဘာ့အင်အားကြီး ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံကမှ အကြမ်းဖက်လို့တံဆိပ်မကပ်ပါဘူး။ မခံမရပ်နိုင်လို့ ထချတယ်လို့ ပဲ သတ်မှတ်ထားတာပါ။ Rights to protect = မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိ တယ်လို့ ကမ္ဘာကြီးက လက်ခံပေးထားတာပါ။
ကိုဆိုဗိုဖြစ်စဉ်တွေကို ပြန်ဖတ်ကြည့်ပါ။ တော်လှန်ရေးဆိုတာ မှဲ့တစ် ပေါက်မှ မစွန်းတဲ့ဖြစ်စဉ်မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို အသက်ပေး ရပါတယ်။ Reccek ရက်ခတ်ရွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခံရမှုကို ကျွန်တော်
ဘယ်လိုနာမည်ပေးထားသလဲဆိုတော့ “နောက်ဆုံးတံခါးဆွဲဖွင့်ခြင်း” လို့နာမည် ပေးထားပါတယ်။ ဒီတံခါးရဲ့သော့ကတော့ အလ်ဘေးနီးယန်းအယောက် ၄၀ ကျော်ရဲ့အသက်တွေပါ။ တကယ်ပဲ ရက်ခတ်ရွာဖြစ်စဉ်နောက်ပိုင်းမှာ ဗုံးဝင်ကြဲဖို့ဖြစ်သွားတာပါ။ မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ သေချာကို ဂွင်ထဲဆွဲသွင်းပြီး တွယ်တဲ့ပုံစံပါ။ သားစားကျူးတဲ့ဘီလူးကို သားကောင်ပြပြီး ထောင်ဖမ်းပစ်တဲ့ပုံစံပါ။
ဒါဟာ ကိုယ့်ရဲ့လက်ကိုပေးပြီး ရန်သူ့အသက်ကို ခြွေပစ်တဲ့ဗျူဟာပါ။ လူတစ်ယောက်ချင်းတိုက်ခိုက်တဲ့ ဓါးပွဲမှာတော့ လက်ပြတ်သွားသူဟာ လက်ပြန်မပေါက်တော့ပါဘူး။ ဒါပေမဲ့ လူမျိုးတစ်မျိုးအနေနဲ့ကတော့ လက်ပြန်ပေါက်ပါတယ်။ နောက်မျိုးဆက်ကိုသေချာပြန်ပျိုးထောင်ရင် လက်ပြန်ထွက်လာပါတယ်။
ဂျင်နိုဆိုဒ်ကျူးလွန်တဲ့လူမျိုးကတော့ ထာဝရအသတ်ခံလိုက်ရပါတယ်။ လူရာမဝင်တော့ပါဘူး။ အမြဲတမ်းသိမ်ငယ်ပြီးနေထိုင်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဗလီတွေပိတ်ခံရသော်လည်း၊ ဒုက္ခသည်စခန်းမှာ ဆင်းရဲနေရ
သော်လည်း၊ မှတ်ပုံတင်၊ ပါ့စ်ပို့စ်အခက်အခဲတွေရှိသော်လည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကျွန်တော်တို့ဟာ အောင်ပွဲရမယ့် လမ်းကြောင်းပေါ်မှာရောက်နေပါပြီ။ပေးဆပ်ရမှုတွေရှိသော်လည်း အချိန်တန်ရင် ရင်းစားပြန်ရမှာပါ။
ကျွန်တော်တို့ကို မတရားလုပ်နေတဲ့ ရန်သူတွေကတော့ ထာဝရသေး သိမ်မှုနဲ့ ဆုံးရှုံးသွားတော့မှာပါ။ ၂၀၁၈ နှစ်စပိုင်းမှာရေးခဲ့တဲ့ ကိုဆိုဗိုအကြောင်းတွေကို အစအဆုံး ပြန်တင်ပြီး ကိုဆိုဗိုက နိုင်ငံတကာတုန့်ပြန်မှုများကိုလည်းထပ်ဖြည့်ရေးလိုက်ပါတယ်။ ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေကိုဖတ်ပြီးရင် ဒီထက်မက ဆက်လက်တိုးချဲ့ဖတ်ရှုစေချင်ပါတယ်။ pdf ဖိုင်တွေ download ဆွဲပြီးဖတ်မကုန်အောင် ရှိပါတယ်။
မျက်စိပိတ်နားပိတ်မနေကြဘဲ တိုးချဲ့လေ့လာရင်း “အားယူ၍သတ္တိမွေးလော့” လို့ပဲပြောချင်ပါတယ်။

ပြီးပါပြီ။
ကျော်လှဦး ရေးသည်။
 
 

လူထုကို သတ်နေသူများ

ဤဆောင်းပါးသည်  FEB 26, 2013 က mmsy တွင်  ဦးဌေးလွင်ဦး ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။

  • လူတွေကို သေနတ်နဲ့ပစ်သတ်၊ ဓါးနဲ့ခုတ်သတ်၊ လှံနဲ့ထိုးသတ်၊ လည်ပင်းညှစ်သတ်- မှ သတ်တယ်လို့ မပြောနိုင် ပါ။ လူသားတွေရဲ့ အစားအသောက်ထဲမှာ ရောဂါဘယဖြစ်စေမယ့် ဓါတ်တွေကို ထည့်သွင်းကျွေးမွေးခြင်း၊ စား သောက်စေခြင်းဖြင့် တစ်ဖြေးဖြေး သေသွားစေမယ့်နဲ့ နည်းနဲ့ သတ်ခြင်းဟာလည်း လူသတ်ခြင်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ ဈေးဆိုင်ဖွင့်ရင်- လယ်ယာထုတ်ကုန်နဲ့ ကျမ္မာရေှးဌာနက နှစ်စဉ်လာရောက် စစ်ဆေး ပါတယ်။ အဲ့ဒီဌာန စစ်ဆေးလို့ စစ်ချက် မအောင်ရင် ဆိုင်ကို ပိတ်ရပါ တယ်။ ဒီမှာ အဆင့် သုံးဆင့်ရှိနေတယ်-၊ ရောင်းကုန်အားလုံးကို စစ်ဆေးလို့ ရောင်းကုန်တစ်ခုခုက စစ်ဆေး ရေး မအောင်ရင် ပထမအကြိမ် Ticket ရပါတယ်။ အဲ့ဒီ ပစ္စည်းကို ဆက်မရောင်းရတော့တဲ့ အပြင် ဒဏ်ငွေ ဒေါ်လာ ၆၀၀ ပေးရပါတယ်။ ဒဏ်ငွေ ဆောင်ပြီးရင် ပြန်လာစစ်ဆေးတယ်- အဲ့ဒီ ပစ္စည်းကိုတွေ့ရင်၊ သို့မဟုတ် နောက်ထပ် စစ်ချက်မအောင်တဲ့ ပစ္စည်းတစ်ခုခုကို ထပ်တွေ့ရင် နောက်ထပ် Ticket ရပြန်ပါတယ်။ ဒုတိယ အကြိမ် ဒေါ်လာ ၆၀၀ ပေးရတဲ့ အပြင် နောက်ဆုံး သတိပေးခြင်းကို ခံရပါတယ်။ တတိယ အကြိမ် ဆက်ဖြစ်ခဲ့ရင် ကျမ္မာရေးဌာနက ဆိုင်ရောင်း ခွင့် လိုင်စင်ကို သိမ်းလိုက်ပါတော့တယ်။
ဒါတင်မက- ဆိုင်အတွင်း ရေ၀င်ရေထွက်၊ ကြွက်၊ ပိုးဟပ်- အားလုံးကို စစ်ပါသေးတယ်။ တစ်ခုခု ညိရင် ဆိုင် ပိတ်ရတဲ့ အဖြစ်ပါ။ Ticket မထိရင်တော့ တစ်နှစ်တစ်ကြိမ်သာ လာစစ်ပြီး၊ Ticket ထိရင်တော့ အလျှဉ်းသင့် သလို (သူတို့ စိတ်ချတဲ့အထိ) လာစစ်ပါတော့တယ်။
ကျွန်တော်လည်း ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပါတယ်။ ဆိုင်ဆိုင်းဘုတ်မှာ Halal လို့ ရေးထားပါတယ်။ ဆိုင် စဖွင့်တဲ့ နှစ်- ပထမဆုံး စစ်ဆေးရေး လာတော့၊ ကျွန်တော်လည်း အတွေ့အကြုံ မရှိခဲ့ပါ။ မရှိမဲ့ရှိမဲ့ ငွေလေးနဲ့ ဆိုင်လေး ဖွင့်ရတော့ ငါ့ဆိုင် အပိတ်ခံရရင် ဆိုတဲ့ စိုးရိမ်မှုလေး ရှိနေခဲ့ပါတယ်။ နယူး ယောက်ပြည်နယ် အထက်ပိုင်း စစ်ဆေးရေး တာဝန်ခံ Cherry Card ဆိုတဲ့ အမျိုးသမီးက- မင်းဆိုင်က တစ်ကယ်ပဲ Halal ဆိုင် လားလို့ မေးပါတယ်။ ကျွန်တော်က “ဟုတ်ကဲ့”လို့ ပြောတော့-၊ ဒါဆို ကြက်သား၊ အမဲသား ဖေါက်သည်ယူတဲ့ လိပ်စာကို ပေးပါလို့တောင်းပါတယ်။ ကျွန်တော်လည်း ကြက်သား၊ အမဲသားထည့်တဲ့ ပါကင်အိပ်က လိပ်စာကို ပဲ ပေးလိုက်ပါတယ်။ သူက အိုကေ- ငါတို့က Halal နဲ့ Kocha (Kocha ဆိုတာ ဂျူးလူမျိုးများ စားသုံးတံဆိပ်ပါ) ကို စိတ်ချတယ်-၊ အဲ့ဒီ ဖေါက်သည်ဆိုင်တွေကပဲ ယူရောင်းပါ။ အခြားနေရာတွေက ယူမရောင်းပါနဲ့လို့ ပြောပြီး၊ နောက်ထပ်ကုန်ခြောက်တန်းကို စစ်ဆေးပါတယ်။- ဆိုင်က ပစ္စည်းစုံတော့ ကုန်ခြောက်တန်းရဲ့ စားသောက်ကုန် စဉ်ပေါ်က ဆားငံသီး ဘူးလေးတွေကို သူ့မျက်လုံး ရောက်သွားပါတယ်။
ဆားငံသီးဘူးကို သူအသေချာကြည့်ပြီး-၊ ဒီဆားငံသီးမှာ အရောင်ဆိုးဆေးပါတယ်-လို့ စကားစပါတော့တယ်။ ပြီးတော့ ကုန်ထုပ်ရာဌာနကို ကြည့်ပြန်တယ်- Product of China ဖြစ်နေပါတယ်။ ဒီအခါ သူက ဒီပစ္စည်း ဘယ်က ယူသလဲလို့ မေးပါတယ်။ ကျွန်တော်လည်း ဖေါက်သည်ယူတဲ့ ကုပ္မဏီတွေဆီက Invoice ကို ပေး လိုက်ပါတယ်။ ဒီပစ္စည်းကို သိမ်းလိုက်ပါ၊ မရောင်းပါနဲ့- လို့ တားမြစ်ခြင်းကို ခံရပါတယ်။ နောက်ထပ်ပစ္စည်း တစ် ခု ကို မျက်လုံးရောက်သွားပြန်တယ်- ကျွန်တော်ကတော့ ရင်တွေပူနေပါပြီ။ အဲ့ဒီ ပစ္စည်းလည်း color ပါတဲ့ ပစ္စည်းတစ်ခုပါ။ ကလေးစားစရာ ဂျယ်လီ (ပီပို့)ထုတ်တွေ ဖြစ်ပါတယ်။ သူ အသေချာကြည့်ပြီး Product of Malaysia လို့ တွေ့ရပြန်တယ်။ သူ ပစ္စည်းကို ပြန်ချလိုက်ပြီး-၊ ဒါတော့ ငါတို့ နည်းနည်း စိတ်ချတယ်လို့ ပြောပါ တယ်။
ကျွန်တော်လည်း မနေနိုင်တော့ပါ။ သူ့ကို ရင်းနှီးအောင် မျက်နှာပြပြီး- နည်းနည်းမေးခွင့်ပြုပါ- ခွင့်တောင်းက မေးလိုက်မိပါတယ်။ ဒီမလေးရှား ပစ္စည်းလည်း အရောင်ပါတာပဲလေ- ဆိုတော့၊ သူက ပြုံးပြီး၊ ငါတို့က ဓါတုစစ် ပြီးသားပါ။ ငါ ဒီအလုပ်ကို လုပ်တာ နှစ် ၂၀ ရှိနေပြီ-၊ လူတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် သေစာကို ၀ယ်စားရတာ ကိုပဲ ငါတို့က တားမြစ်တာပါတဲ့။
သူ့စကားကို ကျွန်တော် အကုန် သဘောမပေါက်နိုင်လို့ -နည်းနည်းရှင်းပြပါ ဆက်မေးမိတော့၊ လူတွေရဲ့ နေ့စဉ် စားသုံးကုန်ထဲမှာ လူတွေကို သေစေမယ့် ပစ္စည်းတွေပါတယ်။ ကျွန်မတို့ ကျမ္မာရေးဌာနက အဲ့ဒီ ပစ္စည်းတွေကို Terrorist (အကြမ်းဖက်)ထက် ကြောက်ပါတယ်၊ အကြမ်းဖက်က လူကို တစ်ခါတည်း သတ်ပစ်တာပဲ ရှိတယ်၊ သေမယ့်သူကို ဒုက္ခမပေးခဲ့ဘူး၊ သေမယ့်သူက သေရခြင်းကို ပိုက်ဆံပေးမ၀ယ်ရဘူး။ စားသောက်ကုန်နဲ့ လူ့ အသုံးအဆောင်တွေမှာ ရောဂါဖြစ်စေမယ့် ဓါတ်တွေပါနေရင်- အဲ့ဒါကမှ လူတွေကို ဒုက္ခပေးတာ အစစ်ဖြစ် တယ်။ စားသုံးသူဟာ သူ့ပိုက်ဆံနဲ့သူ အဆိပ်ကိုဝယ်စားနေရတာ ဖြစ်တယ်။- ဒါကို လူထုက သိဘို့လိုသလို၊ ဈေးရောင်းသူများကလည်း သိဘို့ လိုပါတယ်-လို့ ရှင်းပြပါတော့တယ်။
ကျွန်တော်က ဒါဆို ကျွန်တော် ဆိုင်ဖွင့်တာ အခုမှ အသစ်ပါ၊ ဘယ်ပစ္စည်းမျိုးကို ရောင်းသင့်ပါသလဲ- ဆက်မေး တော့-၊ သူက Kocha, Halal နဲ့ အော်ဂင်းနစ် (သဘာဝအတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး မထည့်ဘဲ စိုက်ပျိုးတဲ့ သီးနှံ)တို့က နံပါတ် တစ် ဖြစ်ပြီး- ပို့ကုန်ပစ္စည်းများမှာတော့ တရုတ်ပစ္စည်းကို ကြည့်ပြီးမှ ရောင်းစေ ချင်တယ်လို့ ပြောသွားပါတယ်။
ဒါနဲ့ မြန်မာနိုင်ငံဘက်ကို ကျွန်တော့ ခေါင်း ရောက်သွားမိတယ်။ ငြုတ်သီးမှုန့်အတု၊ နနွင်းမှုန့်အတု၊ စားသုံးဆီ အတု (တရုတ်နိုင်ငံက စားသောက်ဆိုင်ကြီးများမှာ သုံးပြီး ဆီအဟောင်းများကို အရောင်ပြန်ချွတ်ထားတဲ့ ဆီများ)-၊ လူတွေရဲ့ စားသုံးကုန်ပစ္စည်းများ အများစုက ပေါချောင်ကောင်း အတုများနဲ့သာ ကြီးစိုးနေတော့တယ်။ ဒီကြားတဲ့ Halal ပါလို့ အာမခံချက် ပြုထားတဲ့ ၇၈၆ ဆိုတဲ့ ဆိုင်းဘုတ်တပ် ကုန်ဆိုင်များကလည်း ဈေးမ၀ယ်ဘို့ လှုံ့ဆော်သူတွေကများလာပြန်တော့–၊ သြော်-၊ မြန်မာနိုင်ငံက မြန်မာနိုင်ငံသားများကို မသေသေအောင် အနု နည်းနဲ့ သတ်နေကြပါလားလို့ စိတ်မကောင်း ဖြစ်မိပါတော့တယ်။
လူထုအပေါ်မှာ သြဇာရှိပါတယ်လို့ လူထုရဲ့ ယုံကြည်နေသူများကိုယ်တိုင်က လူထုကို သေတွင်းထဲ ပို့နေပါ ပကောလား-၊ ရည်ရွယ်ချက်နဲ့ သေကြောင်းကြံနေသလား-၊ ကိုယ်ကိုယ်တိုင်က ပညာမဲ့လွန်းလို့ လူတွေကို သေ ခိုင်းနေသလား ဆိုတာတော့ လူထုအပေါင်း ဆင်ခြင်စေလိုပါတယ်။
ဌေးလွင်ဦး