ရဲမွန်
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို တပ်မတော်က တားဆီး ကန့်သတ်လျက်ရှိနေသည့်အတွက် ကုလလုံခြုံရေးကောင်စီအနေဖြင့် ယင်းကိစ္စများအတွက်ပါ စုံစမ်း စစ်ဆေးသင့်သည်ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Fortify Rights က တိုက်တွန်းလိုက်သည်။
တိုင်းရင်းသားစစ်တပ်ကို အနိုင်ယူရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်အနေဖြင့် တိုင်းရင်းသားများအတွက် အကူအညီ အထောက်အပံ့များ ကင်းမဲ့စေအောင် တပ်မတော်ဘက်က လုပ်ဆောင်နေခြင်းသည် တရားဥပဒေနှင့်မညီသော မဟာဗျူဟာတစ်ရပ်ဖြစ်သည်ဟု အဖွဲ့၏ အမှုဆောင်အရာရှိချုပ် မက်သယူးစမစ်က ပြောကြားသည်။
ကချင်ပြည်နယ်အတွင် စစ်ဘေးရှောင်ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ကို မီးမောင်းထိုးပြထားသည့် “အရာရာကို သူတို့ ပိတ်ဆို့ထားတယ်”အမည်ရှိ အစီရင်ခံစာနှင့်အတူ ကြေညာချက်တစ်စောင်ကို ၎င်းတို့က ယနေ့ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကို တရားစွဲဆိုအပြစ်ပေးနိုင်ရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)သို့ အရေးတကြီး လွှဲပြောင်းသင့်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
“ရှေးရိုးဆန်တဲ့အစိုးရနဲ့ တပ်မတော်တို့ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်ပြီး ကချင်အရပ်သား ပြည်သူများရဲ့ အထောက်အပံ့တွေ လက်လှမ်းမီရရှိနိုင်ရေးကို ငြင်းဆန် ပယ်ချနေခဲ့တယ်”ဟု မက်သယူးစမစ်က ပြောသည်။
ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား ၂ဝ၁၁ ခုနှစ်မှစတင်ကာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လအထိ တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)၏ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းမှ ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် တပ်မတော်က တားဆီးကန့်သတ်မှု ပြုလုပ်နေသည်ဆိုသည်မှာ မှန်ကန်ပြီး အချို့နေရာများတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ယာယီတဲများ ဆောက်လုပ်ပေးရန်အတွက်ပင် ကန့်သတ်မှုများရှိနေသည်ဟု ဆိုသည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား “စစ်ဘေးရှောင်” ဟူသော အသုံးအနှုန်း သုံးစွဲခြင်းကိုပင် တပ်မတော်ဘက်က ပိတ်ပင်ထားသည့်အပြင် စစ်ဘေးရှောင်စခန်းများ ရှိနေခြင်းကိုလည်း အသိအမှတ်ပြုခြင်းမရှိဟု ကေဘီစီက ပြောကြားသည်။
”တနိုင်းမှာဆိုရင် ဘုရားကျောင်းထဲမှာပဲ ယာယီတဲ ဆောက်ခွင့်ပေးတယ်။ အပြင်မှာ သီးသန့်ထားဖို့ကို ဆောက်ခွင့်မပေးဘူး။ ဆန်ပို့ရင်တော့ တစ်လကို ဘယ်နှစ်ပြည်ဆိုပြီးပဲပို့ရတယ်။ ဒါတောင်ထောက်ခံစာနဲ့မှ သယ်ခွင့်ပေးတာ။ ကျွန်တော်တို့အနေနဲ့ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ရှိပါတယ်”ဟု ဆရာ ခလမ်ဆမ်ဆွန်က ပြောသည်။
ကေအိုင်အေ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင်လည်း စစ်ဘေးရှောင်ပြည်သူများ ခိုလှူံလျက်ရှိပြီး နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်မရှိသည့်အပြင် ပြည်တွင်း အဖွဲ့အစည်းများလည်း အကန့်အသတ်များဖြင့် သွားလာနေရသည်။
ကချင်အမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ ဥက္ကဋ္ဌ ကိုလွမ်းဇောင်းက လိုင်ဇာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများတွင်  အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိနေပြီး ကူညီထောက်ပံ့မှုများ ရောက်ရှိမှုမှာ အလွန်ပင်နည်းပါးလျက်ရှိသည်ဟု ပြောသည်။
”လုံခြုံရေးကောင်စီက တပ်မတော်ကို စုံစမ်းဖော်ထုတ်သင့်တယ်ဆိုတဲ့ Fortify Rights ရဲ့ တိုက်တွန်းချက်ကို အပြည့်အဝ ထောက်ခံပါတယ်။ အရပ်သားတွေ လူမသိသူမသိ သတ်ပစ်တာတွေလည်း ရှိတယ်။ လိုင်ဇာမှာဆိုရင်လည်း အသက်ရှင်ရုံလောက်အတွက်ပဲ အကူအညီ ရနေကြရပါတယ်”ဟု ၎င်းက ဆိုသည်။
Fortify Rights ၏အဆိုအရ တရုတ်နိုင်ငံနယ်စပ်အနီးထိ ရွှေ့ပြောင်းနေထိုင်ရသည့် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ရေးပြုလုပ်မည့် ကုလအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား လုပ်ငန်းဆောင်ရွက်ခွင့်မပြုဘဲ တားမြစ်ပိတ်ပင်ရန် တရုတ်နိုင်ငံအစိုးရက မြန်မာအာဏာပိုင်များနှင့်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုပါ သီးသန့်တိုက်တွန်းထားသည်ဟု သိရသည်။
Source by : https://frontiermyanmar.net/mm/news/11312#.W4feNFsxgaB.facebook